လျှပ်စီးနတ်မိမယ်
Vol. 10 Ch. 959
"ယန်ရွှီးက မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံခဲ့တယ် ၊ ပြီးတော့ မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်ရဲ့ အခြေခံဖြစ်တဲ့ ပကတိဖန်ဆင်းခြင်းပညာကိုပါ တတ်မြောက်ခဲ့ပြီး သူ့ရဲ့ မိစ္ဆာဉာဏ်စဉ်တွေကို အခြားသူတွေရဲ့ နှလုံးသားထဲမှာလိုက်ပြီးထည့်ပေးတယ် ၊ သူထည့်ထားတဲ့ မိစ္ဆာဉာဏ်စဉ်တွေဟာ အဲဒီလူတွေရဲ့ နှလုံးသားထဲမှာ အမြစ်တွယ်ပြီး သူတို့တွေရဲ့ ပင်ကိုယ်စိတ်ကို ဖုံးကွယ်သွားစေတယ် ၊ ပြီးတော့ သူတို့တွေဟာ ယန်ရွှီးရဲ့ ကိုယ်ပွားတွေ ဖြစ်လာကြတယ်…"
"စိတ်မကောင်းစရာကတော့ ချင်းရွှမ်နတ်တံခါးရဲ့ အရည်အချင်းရှိတဲ့ တပည့်အတော်များများဟာ ယန်ရွှီးရဲ့ မိစ္ဆာဉာဏ်စဉ်တွေ သူတို့နှလုံးသားထဲထည့်သွင်းတာ ခံလိုက်ရပြီး ပင်ကိုယ်စိတ် ပျောက်ကုန်ကြတယ်… ၊ နောက်တော့ ယန်ရွှီးရဲ့ အကြံအစည်တွေကို သိသွားကြတဲ့အခါ ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို ကျင့်ကြံနေတဲ့ ပိယွင်နတ်သမီးနဲ့ ချင်းရွှမ်နတ်တံခါးရဲ့ ဂိုဏ်းချုပ်ဖြစ်လာမယ့် ဆရာသခင်ကျန်းရော့ရွှီးတို့ ပူးပေါင်းပြီး ယန်ရွှီးကို တိုက်ခိုက်ခဲ့ကြတယ်…"
"ဆရာသခင်ကျန်းရော့ရွှီးရဲ့ အရည်အချင်းက ယန်ရွှီးထက် အများကြီးနိမ့်ကျတယ် ၊ ဒါပေမဲ့ သူကစိတ်ထားခိုင်ကြည်ပြီး ဉာဏ်ပညာနဲ့ ပြည့်စုံတယ် ၊ ဒါကြောင့် တိုက်ပွဲမှာ ဆရာသခင်ကျန်းရော့ရွှီးတို့ဘက်က အနိုင်ရခဲ့တယ် ၊ ဒါပေမဲ့ တိုက်ပွဲလည်းပြီးရော ချင်းရွှမ်နတ်တံခါးဟာလည်း စုတ်ပြတ်သတ်သွားလိုက်တာ အခွံပဲ ကျန်ခဲ့တော့တယ် ၊ အရင်လို စွမ်းအားမကြီးမားနိုင်တော့ဘူး…"
"ဒီလိုနဲ့ နောက်ထပ် နှစ်ပေါင်း (၁၀၀)လောက်ကြာတဲ့အခါမှာ ချင်းရွှမ်နတ်တံခါးမှာ လောကပထမ နတ်ဘုရားတစ်ပါး ထွက်ပေါ်လာခဲ့ပြီး ချင်းရွှမ်နတ်တံခါးကို ပြန်လည်တည်ထောင်ခဲ့တယ်…"
ဟယ်ရှန်းကတော့ ထျန်းယန်စန်းကျွင်းဘိုးဘိုးက အဘယ့်ကြောင့် ချင်းရွှမ်နတ်တံခါး၏ ကြမ္မာဆိုးကို မတားဆီးခဲ့သည်ဆိုသည့်အချက်နှင့် ထို လောကပထမ နတ်ဘုရားမှာ မည်သူဖြစ်ကြောင်းကို စဉ်းစားနေမိသည်။
သို့သော်… ရွှမ်နွီနတ်သမီးက စကားဆက်ပြောလိုက်သည့်အတွက် ဟယ်ရှန်း သိပ်ပြီးအချိန်မစောင့်လိုက်ရပေ။
"အဲဒီ လောကပထမ နတ်ဘုရားက ဆန်းလျန်ပါပဲ ၊ ပြီးတော့ ငါ့ရဲ့ ဦးလေးလည်း ဖြစ်တယ်…"
ဆန်းလျန်ဆိုသည့် အမည်ကိုကြားသည့်အခါ ဟယ်ရှန်းမှာ များစွာ အံ့သြထိတ်လန့်သွားလေသည်။
ထို့ပြင်… ဆန်းလျန်သည် ကျိုးထျန်းရွှမ်နွီ၏ ဦးလေးဖြစ်နေလိမ့်မည်ဟု သူမ လုံး၀ ထင်မထားခဲ့ပေ။
ထိုသို့ဆိုလျှင် ကျိုးထျန်းရွှမ်နွီသည် နှစ်ပေါင်းနှစ်သောင်းကျော်ကြာအောင် အသက်ရှင်နေထိုင်ခဲ့သည့် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်နေခဲ့သည် မဟုတ်ပါလား။
ကျိုးထျန်းရွှမ်နွီက အေးဆေးပျော့ပြောင်းသည့် လေသံဖြင့်…
"ဒီလောက်ဆို မင်းကို ငါ ဘာလို့ ဂရုစိုက်လဲဆိုတဲ့အကြောင်းကို သိပြီ မဟုတ်လား…"
ဟယ်ရှန်း အတန်ကြာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ယခု ကျိုးထျန်းရွှမ်နွီ၏ စကားအရဆိုလျှင် သူမ၏ ဆရာ ဆန်းလျန်သည် သူမထင်ထားသည်ထက် အစွမ်းထက်ပြီး အရည်အချင်းမြင့်မားသူတစ်ယောက်ဖြစ်နေသည်ကို သိရှိလိုက်ရသည်။
သူမသည် ချက်ချင်းပင် ကျေးတောသူတစ်ယောက်ဘဝမှ မင်းသမီးတစ်ယောက်ဖြစ်သွားသည့်အလား ခံစားလိုက်ရသည်။
ဟယ်ရှန်းက…
"ဆရာက ချင်းရွှမ်ကတပည့်တစ်ယောက်ပဲ ၊ ဒါပေမဲ့ ကျွန်မကို ဒီအကြောင်းတွေ တစ်ခါမှလည်း ပြောမပြဖူးဘူး…"
ကျိုးထျန်းရွှမ်နွီက တည်ကြည်သည့်မျက်နှာထားဖြင့်…
"ဦးလေးက မင်းကို ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ ကိစ္စမရှိပါဘူး ၊ နတ်ဘုရားတွေက မင်းဘယ်သူဆိုတာ သိထားကြပါတယ် ၊ ဒါကြောင့် ဘုရင်မကြီးတောင် သူ့နန်းတော်ကိုခေါ်ပြီး မင်းနဲ့ တာအိုတရားဆွေးနွေးခဲ့တာပေါ့…"
ကျိုးထျန်းရွှမ်နွီစကားကြောင့် ဟယ်ရှန်းစိတ်ထဲမှ သံသယ ရှင်းလင်းသွားသည်။
ဘုရင်မကြီးက တာအိုတရားဆွေးနွေးရန် သူမကို ဘုရင့်နန်းတော်သို့ ဖိတ်ခေါ်ရသည့်အကြောင်းရင်းမှာ သူမ၏ ကျော်ကြားမှုကြောင့်မဟုတ်ပေ။ သူမ၏ဆရာက ဆန်းလျန်ဖြစ်နေသောကြောင့်သာ ဖြစ်လေသည်။
ထို့ပြင်… ယခုနှစ်များအတွင်း အခြားသောနတ်ဘုရားများကလည်း သူမကို ခင်မင်ရင်းနှီးလိုကြသည်။ ဤသည်မှာ သူမက ဆန်းလျန်၏ တပည့်ဖြစ်နေသောကြောင့်သာ ဖြစ်ရပေမည်။
ထိုသို့တွေးမိညသည့်အခါ သူမကိုယ်သူမ စိတ်ပျက်သွားမိသော်လည်း ဆန်းလျန်၏ တပည့်ဖြစ်ရသည့်အတွက် ဂုဏ်ယူလိုက်မိသည်။
ကျိုးထျန်းရွှမ်နွီက…
"သိပ်အများကြီးစဉ်းစားမနေနဲ့ ၊ ဘုရင်မကြီးလိုပုဂ္ဂိုလ်မျိုးက မင်းရဲ့ဇာစ်မြစ်ကိုသိတာ အဆန်းမဟုတ်ပေမယ့် တော်ရုံနတ်ဘုရားတွေကတော့ မင်းရဲ့အကြောင်းကို မသိနိုင်ပါဘူး ၊ ပြီးတော့ တော်ရုံနတ်ဘုရားတွေက ဦးလေးအကြောင်းကိုကြားတာနဲ့ ကြောက်ရွံ့နေကြတာလေ ၊ ဒါကြောင့် မင်းကို မိတ်ဆွေလာဖွဲ့ကြတဲ့ နတ်ဘုရားအများစုက ဦးလေးကြောင့်ရယ်တော့ မဟုတ်တန်ရာပါဘူး ၊ သူတို့စိတ်ရင်းက နည်းနည်းတော့ ရိုးသားကြပါတယ်…"
ဟယ်ရှန်းက အံ့သြမှင်တက်သွားသည်။
သူမအတွေးများကို ကျိုးထျန်းရွှမ်နွီထံမှ မည်သည့်အခါမှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
ဟယ်ရှန်းက…
"မင်းသားချန်ကျင်းချင်ကလည်း ချင်းရွှမ်နတ်တံခါးနဲ့ ပတ်သက်နေတဲ့သူပဲလား…"
ရွှမ်နွီနတ်သမီးက တိုးတိတ်သည့်လေသံဖြင့်…
"ငါ့ဦးလေးဆန်းလျန်ရဲ့ဘဝမှာ တပည့် (၃)ယောက်ပဲ ရှိခဲ့တယ် ၊ ပထမဆုံးတပည့်က ချန်ကျင်းချင်ပဲ ၊ နောက်တစ်ယောက်ကတော့ လေ့ကျင်းလို့ခေါ်တယ် ၊ သူ့ကို လျှပ်စီးနတ်မိမယ်လို့ လူသိများတယ် ၊ မိုးကြိုးနဲ့လျှပ်စီးကို ပိုင်ဆိုးတဲ့ နတ်ဘုရားတစ်ပါးပဲ ၊ ငါတောင် သူနဲ့ မတိုက်ခိုက်ရဲဘူး ၊ နောက်ဆုံးတပည့်ကတော့ မင်းပဲ ၊ ဦးလေးက မင်းကို ဘာကြည့်ပြီးသဘောကျလဲတော့ မပြောတတ်ဘူး…"
ဟယ်ရှန်းက စိတ်ထဲမှတွေးလိုက်သည်။
"လက်စသတ်တော့ လျှပ်စီးနတ်မိမယ်က ငါ့ရဲ့ ဆရာတူအစ်မကိုး…"
ယခုနှစ်များအတွင်းတွင် လျှပ်စီးနတ်မိမယ်၏ အမည်ကို သူမ မကြာခဏ ကြားခဲ့ရဖူးသည်။
ယနေ့ လောကကြီးသည်လည်း အသက်ဓာတ်စွမ်းအားများ တဖြည်းဖြည်းလျော့နည်းလာပြီဖြစ်သည်။
ကျင့်ကြံသူများကလည်း တစ်နေ့တခြား များပြားလာလေရာ မိုးမြေစွမ်းအားများ ဆုတ်ယုတ်ခြင်းကို တားဆီးနိုင်ရန်အတွက် လူသားကျင့်ကြံသူအတော်များများ မိုးကြိုးပစ်အစစ်ဆေးခံရလေ့ရှိသည်။
ကျင့်ကြံသူများ နတ်ဘုရားတစ်ပါးအဖြစ် အဆင့်မတက်ခင်အချိန်တွင် မိုးကြိုး (၉)ကြိမ် ပစ်ခတ်ခံရပြီးမှ အဆင့်တက်ရလေ့ရှိသည်။ အစစ်ဆေးခံရခြင်းကို အောင်မြင်သွားကြသည့် ကျင့်ကြံသူများသည် မိုးကြိုးပစ်ခံပြီးသည့်အချိန်တွင် သူတို့၏ အမြင်အာရုံတွင် လျှပ်စီးနတ်မိမယ်၏ ပုံရိပ်ကို တွေ့မြင်ရလေ့ရှိ၏။
ဤသည်ကိုကြည့်ခြင်းအားဖြင့် လျှပ်စီးနတ်မိမယ်သည် ကျင့်ကြံသူများအားလုံး၏ ခေါင်းပေါ်တွင် ဓားမိုးထားသကဲ့သို့ ရှိလေသည်။
သူမ၏တာဝန်က ကျင့်ကြံသူများ နည်းပါးသွားစေပြီး မိုးနှင့်မြေမှ အသက်ဓာတ်စွမ်းအားများပျက်သုဉ်းခြင်းကို ကာကွယ်ရန် ဖြစ်သည်။
သူမ၏ ုလုပ်ရပ်က ကျင့်ကြံသူများအပေါ်တွင် အလွန်ပင် ရက်စက်ရာကျလေသည်။ သို့သော်… မိုးနှင့်မြေကိုတော့ ရေရှည်တည်တံ့စေမည် ဖြစ်သည်။
ယခုတော့ ထိုမျှကြောက်မက်ဖွယ်ကောင်းလှသည့် လျှပ်စီးနတ်မိမယ်က မမျှော်လင့်စွာပင် သူမ၏ ဆရာတူအစ်မ ဖြစ်နေခဲ့သည်။
ကိစ္စတစ်ခုကို တွေးတောမိသည့်အခါ ဟယ်ရှန်း၏စိတ်များ ရှုတ်ထွေးသွားသည်။
အနာဂတ်တွင် သူက ကျင့်စဉ်လမ်းအဆင့်တက်သည့်အခါ မိုးကြိုးပစ်အစစ်ဆေးခံရခြင်းကို ရင်ဆိုင်ရဦးမည်လား မသေချာပေ။ ထိုအခြေအနေမျိုးတွင် ဆရာတစ်ယောက်တည်း၏လက်အောက်တွင် ပညာသင်ခဲ့သည့်မျက်နှာကိုထောက်ကာ ဆရာတူအစ်မက သူမကို သက်ညှာပါမည်လား မသိနိုင်ပေ။
ဟယ်ရှန်း စိတ်ပျက်လက်ပျက်ပင်ခံစားလာရတော့သည်။
ထိုအချိန်မှာပင် ရွှမ်နွီနတ်သမီး၏ အသံက ဟယ်ရှန်း၏နှလုံးသားထဲသို့ စီးဆင်းဝင်ရောက်လာပြန်သည်။
"ငါ မကျေနပ်တာက မင်းက ဒီဘက်ခေတ်မှာ မွေးဖွားလာတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာပဲ ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က ကျင့်ကြံသူတွေနဲ့ မင်းက မတူဘူး ၊ တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကဆိုရင် နတ်ဘုရားတစ်ပါးဖြစ်လာဖို့ဆိုတာ လုံး၀ မလွယ်ကူဘူး ၊ အခက်အခဲတွေ အန္တရယ်တွေနဲ့ ပြည့်နက်နေတယ် ၊ နတ်ဘုရားတစ်ပါးဖြစ်လာပြန်တော့လည်း ဒီဘက်ခေတ်ကလူတွေလို လူ့လောကမှာ ရောနှောနေထိုင်လို့ မရပြန်ဘူး ၊ လောကကို ကျော်လွန်သွားကြရပြန်တယ်…"
"ဒါပေမဲ့ ငါ မင်းကို အပြစ်မတင်ပါဘူး ၊ တကယ်တော့ ကျင့်ကြံသူတွေဆိုတာ ဒီလိုပဲ အနည်းနဲ့အများတော့ ရုန်းကန်နေကြရတဲ့သူတွေချည်းပါပဲ ၊ သူတို့ရဲ့ကံကြမ္မာအကောင်းအဆိုးကိုတော့ အချိန်က ဆုံးဖြတ်ပေးသွားလိမ့်မယ် ၊ ဒီနေ့ခေတ်နတ်ဘုရားတွေဟာလည်း အရင်တုန်းက နတ်ဘုရားတွေထက် မနိမ့်ကျသလို အရင်တုန်းက နတ်ဘုရားတွေကလည်း ဒီဘက်ခေတ် နတ်ဘုရားတွေထက် သာတာ မရှိပါဘူးလေ… ၊ အခု ချန်ကျင်းချင်ကို ကာကွယ်ပေးဖို့ မင်းကိုတောင်းဆိုတာကလည်း တကယ်တော့ စမ်းသပ်မှုတစ်ခုပါပဲ…"
ထိုစကားကိုကြားပြီးနောက် ဟယ်ရှန်းက…
"ကျွန်မ နတ်သမီးရဲ့ မျှော်လင့်ချက်တွေကို လုံး၀ မပျက်စီးစေရပါဘူး…"
ရွှမ်နွီနတ်သမီးက အေးဆေးစွာ ပြုံးလိုက်ရင်း…
"မင်းက ဆန်းလျန်ရဲ့ တပည့်ဆိုတာ အမြဲတမ်း အမှတ်ရနေပါ ၊ ဆန်းလျန်ရဲ့တပည့်ဖြစ်ရခြင်းက အခြားသူတွေ သုံးဘဝလောက်ကျင့်ကြံမှ ရနိုင်မယ့် ကံကောင်းမှုမျိုးကို မင်းရရှိထားတာပဲ ၊ မင်း အကောင်းဆုံးလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်…"
ဟယ်ရှန်းစိတ်ထဲမှ တွေးလိုက်မိသည်။
"ဆရာတူအစ်မ လျှပ်စီးနတ်မိမယ်နဲ့ ရွှမ်နွီနတ်သမီးတို့က သိပ်ပြီး အရည်အချင်းရှိကြတယ် ၊ ငါကတော့ တစ်ဘဝလုံး ကျင့်ကြံရင်တောင် သူတို့ရဲ့တစ်ဝက်ကို မှီနိုင်ပါ့မလား မသိဘူး…"
သို့သော်… ကျိုးထျန်းရွှမ်နွီကတော့ သူမ၏အတွေးများကို အမြဲတမ်း သိမြင်နေဟန် ရှိသည်။
သူမက အေးဆေးသည့်လေသံဖြင့်…
"မင်း အခုသွားလို့ရပြီ ၊ ငါနဲ့ လေ့ကျင်းလည်း အခုလိုအောင်မြင်မှုမျိုးရဖို့ တစ်ရက်တည်းကျင့်ကြံခဲ့ရတဲ့သူတွေ မဟုတ်ပါဘူး ၊ မင်းက ငါ့ဦးလေးရဲ့ တပည့်ဖြစ်လာမှတော့ မင်းကို တတ်နိုင်သမျှ ကူညီပေးမယ် ၊ ပြီးတော့ အောင်မြင်ဖို့ အခွင့်အရေးရလာတဲ့တစ်နေ့ကျရင် မင်း အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားရမယ်…"
ဟယ်ရှန်းစိတ်ထဲမှ တွေးလိုက်သည်။
"ငါ့မှာ ဒီလိုကံတရားမျိုး ရှိနိုင်ပါ့မလား…"
သူမ၏အတွေးများ ရှေ့မဆက်နိုင်ခင်မှာပင် ရွှမ်နွီနတ်သမီးသည် အခိုးအငွေ့များအလား သူမရှေ့မှ ပျောက်ကွယ်သွားလေတော့သည်။
ဟယ်ရှန်းအသိပြန်ဝင်လာသည့်အချိန်တွင်… ကောင်းကင်ထက်တွင် လမင်းက ထိန်ထိန်သာနေပြီး မြစ်ရေက အရှေ့ဆီသို့ တသွင်သွင် စီးဆင်းနေလေသည်။ လရောင်က မြစ်ရေထက်တွင် လင်းလက်တောက်ပစွာ ဖြာကျလျှက် ရှိတော့သည်။
လောကကြီးက သဘာဝအတိုင်း လည်ပတ်နေသော်လည်း ဟယ်ရှန်းကတော့ စိတ်မသက်မသာ ခံစားနေရလေသည်။ သို့သော်… သူမ ရင်ထဲတွင်တော့ ဆရာဖြစ်သူဆန်းလျန်ကို အလွန်ကျေးဇူးတင်နေမိသည်။
ဆရာဆန်းလျန်က အလွန်မှ တန်ခိုးစွမ်းအား မြင့်မားလွန်းသည်။ သို့သော်… သူမကိုတစ်ခါမှ ယုံယုံကြည်ကြည်ဖြင့် တာဝန်ပေးအပ်ခဲ့ခြင်း မရှိပေ။ ဤသည်မှာ သူမ၏ လိုအပ်ချက်ရှိနေသောကြောင့် ဖြစ်နိုင်သည်။
ယန်ရွှီးနှင့် ထျန်းယန်စန်းကျွင်းဘိုးဘိုးတို့ကဲ့သို့ ပုဂ္ဂိုလ်များက ချင်းရွှမ်နတ်တံခါးမှ အလွန်ထူးခြားသူများ ဖြစ်ကြသည်။ သူမသာ သေသေချာချာ မကြိုးစားလျှင် အတိတ်တစ်ချိန်က ဒဏ္ဍာရီလာ နတ်ဘုရားများကို မည်သို့မှ မီနိုင်မည် မဟုတ်ပေ။
ဟယ်ရှန်းလည်း သေးငယ်သည့်ရည်မှန်းချက်လေးတစ်ခုကို ချမှတ်လိုက်လေသည်။ သူမလည်း တစ်ချိန်ချိန်တွင် ကျင့်စဉ်တစ်ခုကို တီထွင်နိုင်ပြီး ချင်းရွှမ်နတ်တံခါး၏ ကျင့်စဉ် (၁၀၈)ခုကို လေ့လာနိုင်ရမည်ဟူ၍ ဖြစ်၏။
ယခုနှစ်များအတွင်း လျော့တိလျော့ရဲဖြစ်နေခဲ့သော သူမ၏ စိတ်ဓာတ်သည် တစ်ညအတွင်း ပျောက်ကွယ်သွားလေသည်။
ယခုတော့ သူမအတွက်အရေးအကြီးဆုံးအလုပ်မှာ ဆရာတူအစ်ကိုချန်ကျင်းချင်ကို လျှို့ဝှက်ပြီး စောင့်ရှောက်ပေးရန် ဖြစ်သည်။
ဆရာတူအစ်ကိုချန်ကျင်းချင်က မည်သို့သော လူသားဖြစ်သည်ကို ရွှမ်နွီနတ်သမီးကို သူမ မေးလိုက်သင့်သော်လည်း မမေးလိုက်မိပေ။
ထို့နောက် သူမ ဘုရင့်နေပြည်တော်သို့ ပြန်လည်ထွက်ခွာလာခဲ့ပြီး ချန်ကျင်းချင်ကို ပြန်လည်ရှာဖွေခဲ့သည်။
ချန်ကျင်းချင်သည် သူ၏အခန်းထဲတွင် တင်ပျဉ်ခွေပြီး အေးအေးတည်ငြိမ်စွာ ထိုင်နေလေသည်။
ဟယ်ရှန်းသည် ချန်ကျင်းချင်ကိုကြည့်ပြီး လူသားတစ်ယောက်ဟု မထင်မြင်မိပေ။ သူ့ကိုကြည့်ရသည်မှာ ကြယ်စင်များ၏ သခင်တစ်ပါးနှင့်ဆင်တူလွန်းလေသည်။
ချန်ကျင်းချင်၏ ခန္ဓာကိုယ်မှ သွေးကြောဆုံချက်များအားလုံး ပွင့်နေပြီး စကြာဝဠာထဲမှ ကြယ်စင်စွမ်းအားများကို စုပ်ယူနေလေသည်။ ကြယ်စင်များက သူ့ကို ဝန်းရံနေသည့်အလား ထင်မှတ်ရသည်။
ကြယ်စင်စွမ်းအားများက ကျယ်ပြန့်သည် ၊ သန့်စင်သည် ၊ ရှေးကျသည်။
ချန်ကျင်းချင်ကိုကြည့်ပြီး ဟယ်ရှန်း၏ နှလုံးသားထဲတွင် လေးစားမှုများ တဖွားဖွားဖြစ်ပေါ်လာလေတော့သည်။
***