← Chapters

မိုးကောင်းကင်၏ဆန္ဒ (ပထမပိုင်း)

Vol. 10 Ch. 960

မိုးကောင်းကင်၏ဆန္ဒ (ပထမပိုင်း)

Vol. 10 Ch. 960

"ဘယ်သူလဲ…"

ချန်ကျင်းချင် ကျင့်ကြံနေရာမှ နိုးထလာသည်။

ချန်ကျင်းချင်ကို လျှို့ဝှက်ပြီးစောင့်ရှောက်ပေးရမည်ဟု ကျိုးထျန်းရွှမ်နွီပြောခဲ့သည်ကို ဟယ်ရှန်း သတိရလိုက်မိသည်။

ထို့ကြောင့် သူက ချန်ကျင်းချင်ကို လူလုံးထွက်ပြပြီး မတွေ့ဆုံခဲ့ပေ။

ချန်ကျင်းချင်က ဝိညာဉ်စွမ်းအားကောင်းမွန်သူတစ်ယောက် ဖြစ်လေသည်။

ထို့ကြောင့် ပတ်ဝန်းကျင်တွင် တစ်စုံတစ်ယောက်ရှိနေလျှင် သိမြင်ခံစားလွယ်သည်။ သို့သော်… ယခု သူ့အနားသို့ရောက်နေသူသည် သူ့အပေါ် မကောင်းကြံမည့်လက္ခဏာမရှိသည်ကို သူခန့်မှန်းမိလိုက်သည်။

ခဏအကြာတွင်တော့ တိတ်တဆိတ်ရောက်လာသူက ထွက်ခွာသွားဟန် ရှိလေသည်။

သူက ထိုအကြောင်းကြောင့် စိတ်အနှောက်အယှက် မဖြစ်မိပေ။ ယနေ့ည အဖြစ်အပျက်များကိုသာ သူစဉ်းစားနေမိသည်။

သူငယ်ရွယ်စဉ်အချိန်က တာအိုဆရာလူငယ်တစ်ယောက်ကို အိပ်မက်မြင်မက်ခဲ့ဖူးသည်။

ထိုအချိန်ကတည်းက ထိုတာအိုဆရာ၏ ရုပ်ရည်သွင်ပြင်ကို သူ လုံး၀ မေ့လျော့ခြင်းမရှိဘဲ တစ်ဘဝလုံး စွဲမှတ်သွားခဲ့သည်။

သူ့စိတ်ထဲတွင် နေ့တိုင်း ထိုတာအိုဆရာကို မြင်ယောင်ပုံဖော်ကြည့်လေ့ရှိသည်။ ထိုသို့ပြုလုပ်လိုက်သည်နှင့် စွမ်းအားများ ပြည့်ဝလာပြီး ဝိညာဉ်စွမ်းအားများလည်း အဆုံးမရှိ ချက်ချင်းလက်ငင်း တိုးတက်လာတတ်သည်။

သူက မနက်ဖန် ဘုရင့်နေပြည်တော်မှ ထွက်ခွာရတော့မည်ကို တွေးမိရင်း ဟယ်ရှန်းလာရောက်ပေးအပ်ခဲ့သည့် ကျမ်းစာအကြောင်းကို စဉ်းစားလိုက်မိသည်။

ထိုကျမ်းစာအကြောင့် သူစိတ်လှုပ်ရှားနေခဲ့ပြီး တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ။

ထို့ကြောင့် သူက အိပ်မက်ထဲမှ တာအိုဆရာ၏ ပုံရိပ်ကို ပုံဖော်နေမိခြင်း ဖြစ်သည်။ မမျှော်လင့်ဘဲ အခြေအနေများက ပုံမှန်မဟုတ်ဘဲ ပြောင်းလဲသွားခဲ့လေသည်။

တာအိုဆရာ၏ ရုပ်သွင်ထင်ရှားပေါ်လာပြီး စိတ်ကူးထဲမှ ပုံရိပ်သည် တဖြည်းဖြည်း "မရှိမှုတရား" အဖြစ်သို့ ပြောင်းလဲသွားပြီး စကြာဝဠာတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။

သူ၏နားလည်နိုင်စွမ်းများက ရုတ်တရက် မယုံကြည်နိုင်လောက်အောင် မြင့်မားလာသည်။

သူ၏စိတ်အာရုံထဲမှ တာအိုဆရာကို ပိုမိုထင်ရှားစွာ မြင်ယောင်လာမိသည်။ ထိုတာအိုဆရာက စကြာဝဠာအလယ်ဗဟိုတွင်ရပ်တန့်နေပြီး ကောင်းကင်တစ်ခွင်လုံးမှ ကြယ်စင်များက သူ့ကို ဝန်းရံနေကြလေသည်။

ထို့နောက် သူကျင့်ကြံခြင်းမှ နိုးထလာသည့်အခါ တစ်စုံတစ်ယောက်က သူ့ကို ခိုးကြောင်ခိုးဝှက်နှင့် လာရောက်ကြည့်ရှုသည်ကို သိလိုက်ရသည်။

သူ၏ခန္ဓာကိုယ်က ပြောမပြနိုင်လောက်အောင် တန်ခိုးစွမ်းအားများနှင့် ပြည့်ဝနေလေသည်။ ချန်ကျင်းချင်မှာ အံ့အားလည်းသင့်မိသလို ထိုသို့ဖြစ်လာမည်ဟု မျှော်လင့်လည်း မထားမိပေ။

ချန်ကျင်းချင်စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားလေသည်။

ထို့နောက် သူက ဟယ်ရှန်းပေးသည့် ကျမ်းစာကို ကောက်ယူလိုက်ပြီး ကျင့်စဉ်တစ်ခုကို ဖတ်လိုက်သည်။ ခဏမျှ ကျင့်စဉ်ကို အသံထွက်ပြီးဖတ်လိုက်ပြီးသည့်အခါ ချက်ချင်းပင် မျက်စိတစ်မှိတ်အတွင်း သူ့ရှေ့တွင် နတ်စစ်သည်တပ်ဖွဲ့ကြီး ထွက်ပေါ်လာလေသည်။

နတ်စစ်သည်များ၏ မျက်ဝန်းများက မှောင်မှှိုင်းပြီး အသက်ကင်းမဲ့နေသည်။

သို့သော်… ချန်ကျင်းချင်၏နှလုံးသား တစ်ချက်လှုပ်ရှားသွားသည်။

ထို့ပြင် ထိုနတ်ဘုရားသည် သူ၏ ခြေလက်များကဲ့သို့ သူနှင့်ဆက်စပ်နေသည့်အလားခံစားလိုက်ရသည်။ ထိုနတ်ဘုရားများ ထွက်ပေါ်လာသည့်အတွက် ချန်ကျင်းချင်၏ တန်ခိုးစွမ်းအားများ အသုံးပြုလိုက်ရခြင်းလည်း မရှိပေ။

ဤသည်မှာ ကျမ်းစာထဲမှ ပဲစေ့များကို စစ်သည်တော်များအဖြစ် ပြောင်းလဲခြင်း တန်ခိုးစွမ်းအားပင် ဖြစ်လေသည်။

သို့သော်.. သူက ဤကျင့်စဉ်ကို ဖတ်လိုက်ရုံသာရှိသေးသည် ပဲစေ့များ သို့မဟုတ် တခြား ကြားခံပစ္စည်းများကိုပင် အသုံးမပြုရသေးဘဲ ထိုတန်ခိုးစွမ်းအားကို ဖော်ထုတ်နိုင်ခဲ့သည်။

ရုတ်တရက် နတ်စစ်သည်များ ထွက်ပေါ်လာသော်လည်း ထိုတန်ခိုးစွမ်းအားအသေးစိတ်ကိုတော့ ချန်ကျင်းချင်သိရှိခြင်း မရှိသေးပေ။ ထို့အတူ ဤနတ်စစ်သည်များ မည်မျှ တန်ခိုးစွမ်းအားကြီးမားသည်ကိုလည်း သူ မသိပေ။

သို့သော်… သူ နားလည်သည်မှာ ထူးဆန်းသည့်တန်ခိုးစွမ်းအားက သူ့ခန္ဓာိကိုယ်ထဲတွင် ရှိနေသရွေ့ သူ့အနေဖြင့် ပင်ပန်းနွမ်းနယ်ခြင်း လုံးဝမရှိဘဲ အချိန်မရွေး နတ်စစ်သည်များကို ဖန်ဆင်းနိုင်နေခြင်း ဖြစ်သည်။

သူ့တွင် နတ်စစ်သည်စစ်တပ်ကြီးကို ဖန်ဆင်းနိုင်စွမ်း ရှိနေလေသည်။

ထို့ကြောင့် ဘုရင်မကြီးက နတ်ဆိုးနယ်မြေကိုတိုက်ခိုက်ရန်အတွက် သူ့ကို လူအင်အား မပေးသည်ကို စိတ်ပူစရာ အကြောင်းမရှိတော့ပေ။

ထိုသို့စဉ်းစားလိုက်မိသည့်အခါ ချန်ကျင်းချင်း အနည်းငယ် ပျော်ရွှင်သွားလေသည်။ ပြဿနာတစ်ဝက်ခန့် ဖြေရှင်းပြီးသွားနိုင်ပြ မဟုတ်ပါလား။

***

ဆန်းလျန်က ဆရာသခင်ကျန်းရော့ရွှီးကို တာအိုကျင့်စဉ် သင်ကြားပေးရန်အတွက် အထူးပြုလုပ်ထားသည့် ဓမ္မနယ်မြေတစ်ခုကို ဖန်ဆင်းလိုက်ပြီး သူ၏မြေးငယ်လေးကိုပါ ထိုနေရာအတွင်းသို့ ဝင်ရောက်စေလိုက်သည်။

ထိုဓမ္မနယ်မြေအတွင်းတွင် အချိန် နှစ်ပေါင်း (၁၀၀)ကြာသော်လည်း ပြင်ပလောကတွင်တော့ (၁)ရက်သာ ကြာမည်ဖြစ်လေသည်။

ထို့နောက်… ထိုဓမ္မနယ်မြေထဲတွင် ဆန်းလျန်က ဆရာသခင်ကျန်းရော့ရွှီးကို ကျင့်စဉ်သင်ပြပေးရန်အတွက် သူ၏ ဉာဏ်စဉ်တစ်ခုကို ထားရစ်ခဲ့ပြီး ထွက်ခွာလာခဲ့လေတော့သည်။

လူ့လောကတွင် နှစ်ပေါင်း (၅၀)ဆိုသည်မှာ နတ်ဘုရားများအတွက်တော့ တစ်ရေးအိပ်စာမျှပင် ရှိလေသည်။ သို့သော်… များစွာသောအကြောင်းအရာများ ဖြစ်ပျက်ပြောင်းလဲသွားရန်လည်း လုံလောက်သည့် အချိန်ဖြစ်လေ၏။

ဆန်းလျန်၏ စိတ်အာရုံထဲတွင် သံသရာလည်ခြင်းလမ်းစဉ် (၆)ခု ပျက်စီးသွားပြီဖြစ်ကြောင်း အာရုံခံစားလိုက်မိသည်။

သံသရာလည်ခြင်းလမ်းစဉ် (၆)ခုသည် စကြာဝဠာစတင်ဖြစ်တည်ကတည်းက တည်ရှိခဲ့သည့် လမ်းစဉ်များဖြစ်သည်။ တစ်ချိန်တုန်းက … ချင်တိဧကရာဇ်က သူ့ကိုယ်သူ စတေးခံခဲ့ပြီး ထိုလမ်းစဉ်များကို ပြီးပြည့်စုံစေခဲ့သည်။

ထို့ကြောင့်လည်း ချင်တိဧကရာဇ်သည် ကြီးမားသည့် အကျိုးကျေးဇူးများစွာရခဲ့ပြီး သံသရာလည်ခြင်းလမ်းစဉ် (၆)ခုနှင့်  ချင်တိဧကရာဇ်၏ ပတ်သက်ဆက်နွယ်မှုက ရှုတ်ထွေးပြီး စကားလုံးဖြင့် ပြောပြရန်ပင် မဖြစ်နိုင်ပေ။

ဝိညာဉ်မြစ်ထဲမှ မြစ်ရေများကို ခမ်းခြောက်အောင်ပြုလုပ်ရန် ရဲ့လျိုယွင်နှင့် တိကျန်ဗောဓိသကျ ပြုလုပ်ခဲ့သည့် အလောင်းအစားသည် အဓိပ္ပါယ်မဲ့ မဟုတ်ခဲ့ပေ။

ဝိညာဉ်မြစ်ရေ ခြောက်သွေ့ပျက်စီးသွားခြင်းသည် သံသရာလည်ခြင်းလမ်းစဉ် (၆)ခုကိုလည်း ပျက်စီးသွားစေလေသည်။  ယခုလည်း သံသရာလည်ခြင်းလမ်းစဉ် (၆)ခု ပျက်စီးသွားရခြင်းမှာ ထိုအကြောင်းကြောင့်ပင် ဖြစ်လေ၏။

ဆန်းလျန် ၊ ရွှမ်တုတောက်ကျွင်းနှင့် တိကျန်ဗောဓိသကျတို့သည် ယနေ့ခေတ်တွင် အထူးခြားအဆန်းကျယ်ဆုံးသော နတ်ဘုရားများ ဖြစ်ကြလေသည်။

သို့သော်…  အရာဝတ္ထုများ ၊ သက်ရှိများအားလုံး မရှိမှုသို့ ပြောင်းလဲသွားလျှင် သူတို့၏ တည်ရှိမှုသည်လည်း မည်သို့ ဖြစ်မည်နည်း။

အတိတ်ကာလတွင် လူပြန်ဝင်စားခြင်းလမ်းစဉ် (၆)ခု မွေးဖွားလာခဲ့သည့်အတွက် ကံတရားလည်း မွေးဖွာလာခဲ့သည်။ ယခု လူပြန်ဝင်စားခြင်းလမ်းစဉ် (၆)ခု ပျက်စီးသွားခြင်းကလည်း မိုးကောင်းကင်၏ဆန္ဒသာ ဖြစ်ပေလိမ့်မည်။

သို့သော်… ယခင်အချိန် တိကျန်ဗောဓိသကျ အသူရာချောက်သို့ ပြန်ရောက်လာစဉ်က အရှေ့ဘက်ဖန်သားကောင်းကင်ဘုံ ၊ အားလော်ဟယ်၏ ကောင်းကင်တိုင်းပြည်နှင့် အနောက်ဘက်ရှိ သုခဘုံတို့က လူပြန်ဝင်စားခြင်း လမ်းစဉ် (၆)ခုကို ယာယီထိန်းသိမ်းကာ တာဝန်ယူထားကြလေသည်။

နောက်ထပ် ခေတ်သစ်တစ်ခုပေါ်ထွန်းခဲ့မည်ဆိုလျှင် ထိုနေရာ (၃)ခုက မျိုးစေ့အလား လူပြန်ဝင်စားခြင်းလမ်းစဉ် (၆)ခုကို အသစ်ပြန်လည်မွေးဖွားစေမည်ဖြစ်သည်။

ဆန်းလျန်သည် လူပြန်ဝင်စားခြင်းလမ်းစဉ် (၆)ခုမှ သေခြင်းနှင့်ရှင်ခြင်း၏ အပြန်အလှန်အကျိုးသက်ရောက်မှုကို ခံစားခဲ့ရသည်။ ထိုလမ်းစဉ်များက လောက၏ မမြဲသောတရားကို ဖော်ပြနေလေသည်။

ထို့ပြင်…. ဆန်းလျန်တွင် အရေးတကြီးလုပ်စရာများ ရှိနေလေသည်။

စကြာဝဠာတစ်ခုလုံး အဆုံးသတ်သွားလျှင်လည်း ဆန်းလျန်ကတော့ အသက်ရှင်သန်နိုင်မည့်သူ ဖြစ်သည်။ သို့သော်… သူ နောင်တမရစေရန်အတွက် စကြာဝဠာအဆုံးမသတ်ခင် လုပ်စရာကိစ္စများ ရှိနေသေးသည်။

အမှန်တော့ စကြာဝဠာသာ ပျက်သုဉ်းသွားလျှင် အရာအားလုံး ပျက်စီးသွားမည်ဖြစ်ပြီး အတိတ်ဆိုသည့်အကြောင်းအရာများလည်း ကျန်ရှိတော့မည် မဟုတ်ပေ။

"အရာအားလုံးက အိပ်မက်ပမာ" ဆိုသည့် ဗုဒ္ဓဟောကြားခဲ့သည့် စကားမှာ အမှန်ပင် ဖြစ်သည်။

စကြာဝဠာကြီးဆုံးခန်းမတိုင်မီတွင် ဆန်းလျန် သူ၏ ကံကြမ္မာကို ပြောင်းလဲရမည်ဖြစ်ပြီး သူ၏ ဂိုဏ်းတူအစ်မများ ၊ ဂိုဏ်းတူအစ်ကိုများကို ပြန်လည်မွေးဖွားပေးရမည်ဖြစ်သည်။

အမှန်တော့ သူအောင်မြင်ခဲ့လျှင်တောင်မှ သိပ်တော့အဓိပ္ပါယ်မရှိလှပေ။ လောကတွင် တာအိုဆရာသခင်ကြီးများမှလွဲပြီး ထာဝရအသက်ရှင်နေထိုင်နိုင်သူ မည်သူရှိပါမည်နည်း။

သို့သော်… သူကတော့ ထိုအလုပ်ကို ပြုလုပ်ရမည်ပဲ ဖြစ်သည်။ သူအသက်ရှင်နေသရွေ့ သူဖြစ်ချင်သည့်ဆန္ဒကို အကောင်အထည်ဖော်ရမည်ပဲ ဖြစ်သည်။

သို့သော်… သူ ယခု အလွန်အမင်း စိတ်ပူနေခဲ့လေသည်။

သူ့အနေဖြင့် ချန်ကျင်းချင်ကိုလည်း ဧကရာဇ်တစ်ပါးဖြစ်လာစေရန် ကူညီပေးရဦးမည်။ ထိုကိစ္စက အနည်းငယ် ပြဿနာရှိလေသည်။

ယနေ့ည ချန်ကျင်းချင် ကျင့်ကြံနေစဉ် ဖြစ်ပွားသွားသည့် ထူးခြားသည့်ပြောင်းလဲမှုများက ဆန်းလျန် တိတ်တဆိတ် ကူညီပေးလိုက်ခြင်း ဖြစ်လေသည်။ သို့သော်… မလုံလောက်သေးပေ။

ဆန်းလျန် လောလောဆယ် လူတစ်ယောက်ကို သွားတွေ့ရပေမည်။ အမှန်တော့ ထိုသူက လူတစ်ယောက်မဟုတ်ပေ။ "တည်ရှိမှုတစ်ခု" သာ ဖြစ်လေသည်။

ထို တည်ရှိမှုကို စကားလုံးဖြင့် ဖော်ပြရမည်ဆိုလျှင် "မိုးကောင်းကင်သခင်" ဟု ဆိုနိုင်လေသည်။

မိုးကောင်းကင်လမ်းစဉ်က အကြင်နာတရားကင်းမဲ့သည်။ မိုးကောင်းကင်လမ်းစဉ်က အတ္တကင်းမဲ့သည်။ သို့သော်… မိုးကောင်းကင်လမ်းစဉ်က စစ်မှန်သည့် လမ်းစဉ် ဖြစ်လေသည်။

မိုးကောင်းကင်၏ဆန္ဒသည် မိုးကောင်းကင်လမ်းစဉ်မှ ဆင်းသက်လာခြင်းဖြစ်လေသည်။

မိုးကောင်းကင်၏ ဆန္ဒ မည်သည့်နေရာတွင် ရှိနေသနည်းဟု မေးလာလျှင် ဆန်းလျန်ကတော့ နေရာတိုင်းတွင်ရှိသည်ဟု ပြောဆိုမည် ဖြစ်သည်။

ထိုသို့ဆိုသည့်အတွက် ဆန်းလျန်အနေဖြင့် မိုးကောင်းကင်၏ဆန္ဒကို အချိန်မရွေး သိရှိရှိနိုင်သည်ဟု မဆိုလိုပေ။ သူ ယခုသွားရောက်တွေ့ဆုံမည့်သူသည် "မိုးကောင်းကင်သခင်" ဖြစ်၏။

"မိုးကောင်းကင်သခင်" သည် မိုးကောင်းကင်လမ်းစဉ်၏ ဗဟိုမဏ္ဍိုင်ဖြစ်သလို မိုးကောင်းကင်၏ဆန္ဒလည်း ဖြစ်လေသည်။

ဆန်းလျန် ထိုနေရာသို့ ရောက်ရှိလာခဲ့လေသည်။

ဗလာနယ်တစ်ခုလုံးက အလွန်နူးညံ့သိမ်မွေ့နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိမ်ခိုးများ လွင့်မျောလျှက်ရှိသည်။

ရှေးခေတ်အချိန်အခါကတည်းက မည်သူမှ ဤနေရာသို့ ရောက်မလာခဲ့ကြပေ။ ဆန်းလျန်က ပထမဆုံး ရောက်ရှိလာသူ ဖြစ်လေသည်။

တိမ်ခိုးများကြားမှ ခေါင်မိုးထောင့်စွန်းတစ်ခု ထွက်ပေါ်နေသည်ကို တွေ့မြင်ရပြီး အနားသို့တိုးကပ်သွားမည်ဆိုလျှင် အဆောက်အဦကြီးတစ်ခုကို တွေ့မြင်ရမည် ဖြစ်သည်။ ထိုအဆောက်အဦကြီးက တာအိုနန်းတော်ကြီးတစ်ခု ဖြစ်လေ၏။

တာအိုနန်းတော်ကြီးရှေ့တွင် "ခရမ်းရောင်ကောင်းကင်ဘုံ" ဟု စာတမ်းရေးထိုးထားလေသည်။

ရုတ်တရက် တံခါးပွင့်သွားပြီး နန်းတော်အတွင်းမှ တာအိုသူငယ်လေးတစ်ယောက် ထွက်ပေါ်လာသည်။

တာအိုသူငယ်လေးက…

"ထျန်းကျွင်း… အထဲဝင်လာခဲ့ပါ…"

ဟု ဖိတ်ခေါ်လိုက်သည်။

ထို တာအိုသူငယ်လေးက မိုးကောင်းကင်သခင်ဟုခေါ်ဆိုသည့် မိုးကောင်းကင်လမ်းစဉ် မဟုတ်ပေ။ သူက ထက်ရှသည့်ကျောက်တုံးတစ်တုံးသာ ဖြစ်လေသည်။ မိုးကောင်းကင်လမ်းစဉ်ကြောင့် တရားအလင်းရပြီး ဤနေရာတွင်နေထိုင်သည်မှာနှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။

သူက မည်သည့်အခါမှ လောကအလယ် ထွက်ပေါ်လာခြင်းမရှိသော်လည်း တာ့လော်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

ထိုသူငယ်လေး တာ့လော်အဆင့်ရောက်ရှိနေသည်ကို ဆန်းလျန်က မအံ့သြခဲ့ပေ။ သူက မိုးကောင်းကင်လမ်းစဉ်နှင့် နီးစပ်သူ ဖြစ်သည် မဟုတ်ပါလား။

ခရမ်းရောင်ကောင်းကင်ဘုံနန်းတော်သည် တာအိုဆရာဟုန်ကျွင်း နေထိုင်ရာနေရာဖြစ်သည်ဟု ဒဏ္ဍာရီများက ဆိုကြသည်။ ထိုသို့ဆိုလျှင် ထိုဟုန်ကျွင်းသည်ပင် မိုးကောင်းကင်လမ်းစဉ် ဖြစ်လေ၏။

သို့သော် ဆန်းလျန်က ခရမ်းရောင်ကောင်းကင်ဘုံနန်းတော်သို့ ရောက်ရှိလာခြင်းမှာ ဒဏ္ဍာရီများမှန်ကန်ကြောင်း သက်သေပြရန် ရောက်လာခြင်း မဟုတ်ပေ။

သူ့နှလုံးသားက အရာအားလုံးကို သိမြင်နေပြီ ဖြစ်သည့်အတွက် ဤနေရာတွင်ရှိနေသည့် ခရမ်းရောင်ကောင်းကင်ဘုံနန်းတော်ကို ဆန်းလျန် တွေ့မြင်သွားခဲ့ခြင်း ဖြစ်သည်။

တာအိုသူငယ်လေးက ဆန်းလျန်ကို အထင်ကြီးလေးစားသည့်အကြည့်ဖြင့် ကြည့်နေလေသည်။ သူက လောကီရေးရာများဖြင့် နီးစပ်ပတ်သက်ပြီး အတွေ့အကြုံရှိသူတစ်ယောက် မဟုတ်ပေ။ သူ၏ တာအိုစိတ်ထားက သန့်စင်လွန်းသည်။

ထို့ကြောင့်… သူက ဆန်းလျန်ထျန်းကျွင်း၏ ထူးခြားမှုကို ပိုမိုသိမြင်ခံစားနိုင်လေသည်။

ရှေးခေတ်အချိန်အခါကတည်းက မိုးကောင်းကင်၏ဆန္ဒက ခန့်မှန်းရခက်လှသည်။ ယခုတော့ ဆန်းလျန်ထျန်းကျွင်းက မိုးကောင်းကင်၏ဆန္ဒကို စမ်းသပ်ရန် ရောက်လာခဲ့ပြီ ဖြစ်သည်။

ဆန်းလျန်ရောက်လာရသည့်ရည်ရွယ်ချက်ကိုသိရှိလိုက်သည့်အခါ တာအိုသူငယ်လေးသည် ဆန်းလျန်ကို ပိုမို အထင်ကြီးလေးစားသွားမိသည်။

ဆန်းလျန်သည် သံသရာကို မကျော်လွန်သေးသည့်တိုင် မိုးကောင်းကင်၏ဆန္ဒကို ပြောင်းပြန်လှန်ပစ်နိုင်ပါမည်လား။

ဆန်းလျန်က တာအိုသူငယ်လေးကို တစ်ချက်ပြုံးပြလိုက်ပြီး နန်းတော်ထဲသို့ ခြေတစ်လှမ်းလှမ်းကာ ဝင်ရောက်လိုက်သည်။

နန်းတော်အတွင်းနှင့်အပြင်က အတော်လေး ကွာခြားမှုရှိသည်။

နန်းတော်ထဲတွင် မည်သည့် တရားဓမ္မ ၊ ဥပဒေသတ်မှတ်ချက် ၊ တန်ခိုးစွမ်းအား ၊ ကျင့်စဉ် တစ်ခုမှ မရှိပေ။ ထို့ကြောင့် မည်သည့်တန်ခိုးစွမ်းအားမှ ဤနေရာတွင် အသုံးပြုနိုင်မည် မဟုတ်ပေ။

ဆန်းလျန်က တည်ငြိမ်အေးဆေးသည့်လေသံဖြင့်…

"ကျုပ် ချန်ကျင်းချင်ကို ဧကရာဇ်တစ်ပါးဖြစ်အောင် လုပ်ပေးမယ် ၊ အဲဒီအကြောင်း ဒီမှာလာပြောတာ…"

***

All Chapters