အခန်း (၆၀၉)
Vol. 51 Ch. 609
အခန်း 609
ချန်ကျဲ့မှ ပြောသည်။
“အို အဲဒီလောက်ကြီး ရည်ရွယ်ချက်ရှိရှိပုံစံမျိုး မလုပ်နဲ့လေ”
စစ်ရှီးမှ ပြန်ပြောသည်။
“အင်းး အဲဒါ ကျုဇစ်ဆိုတဲ့တစ်ယောက်က သည်းမခံနိုင်တော့ဘဲ ချွေ့ကျူကို အရင်ချဉ်းကပ်ခဲ့တာကြောင့်ပါ။ အဲဒါကို ချွေ့ကျူက သခင်မကို ပြောပြခဲ့ပြီးတော့ ကျွန်တော်လည်း နန်ပါးထျန်းဆီ သတင်းပြန်ရောက်စေဖို့အတွက် ချွေ့ကျူကို ကျုဇစ်ကို သတင်းစကားပြန်ပြောပေးဖို့ တောင်းဆိုခဲ့လိုက်ပါတယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ကောင်းတယ်။ အရမ်းကောင်းတယ်”
စစ်ရှီးမှ ပြောသည်။
“ခန်းမအရှင်သခင် နန်ပါးထျန်းက ယုံကြည်ပါ့မလား။ အဲဒီထန်ဇီယွဲ့က ဉာဏ်များတယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကို သူ ထိုးဖောက်မြင်သွားလောက်မလား”
ချန်ကျဲ့မှ ရယ်မောလိုက်ပြီး ပြောသည်။
“သူ ထိုးဖောက်မြင်နိုင်ခဲ့ရင်လည်း ကိစ္စမရှိဘူး။ ငါစီစဉ်ထားတဲ့ နည်းဗျူဟာတွေက ပြည့်စုံပြီးသားပဲ။ သူသိနေခဲ့ရင်တောင် ရင်ဆိုင်ရမှာပဲ။ အင်း သူ့ရဲ့ကံကောင်းမှုနဲ့ သတ္တိအပေါ်လည်း မူတည်ပါလိမ့်မယ်။ ပုံမှန်အားဖြင့်တော့ လူတွေက ချောင်ပိတ်ခံရတဲ့အခါ လောင်းကြေးထပ်တတ်ကြတယ်။ သူလည်း လောင်းကြေးထပ်လာလိမ့်မယ်လို့ ငါလောင်းထားတာပဲ”
ထိုအခါ စစ်ရှီးမှ ပြောသည်။
“သူက လောင်းကြေးမထပ်ရဲခဲ့ရင်ရော”
ချန်ကျဲ့၏အပြုံးမှာ ပို၍တောက်ပလာသည်။
“အဲဒီလိုဆိုလည်း ကိစ္စမရှိဘူး။ အကြံအစည်လုပ်တယ်ဆိုတာ ငါးဖမ်းသလိုပဲ။ ကိုယ်က ငါးထက် ပိုတဲ့ စိတ်ရှည်မှုရှိမယ်ဆိုရင် ငါးက ငါးစာလာဟပ်မှာပဲ။ ငါးက ပိုစိတ်ရှည်ခဲ့ရင်တော့ ဖမ်းမမိနိုင်ဘူးပေါ့။ စိတ်ဝင်စားဖို့မကောင်းဘူးလား”
စစ်ရှီးသည် ထိုစကားများကို လေးစားနှစ်ခြိုက်သွားလျက် မှတ်ချက်ပြုသည်။
“ခန်းမအရှင်သခင်က ဉာဏ်ပညာကြီးမားပါတယ်”
ချန်ကျဲ့မှ ပြောသည်။
“ဉာဏ်ပညာကြီးမားတယ်တဲ့လား။ ငါက သူတို့ထက် ရှေ့ကို နည်းနည်းပိုပြီး တွေးခေါ်ရုံလေးပါ။ အခုနောက်တော့ နန်ပါးထျန်း ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
စစ်ရှီးမှ ပြောသည်။
“ခန်းမအရှင်သခင် ဒါဆို ကျွန်တော် ချွေ့ကျူဘက်မှာ အခြေအနေဘယ်လိုရှိလဲ သွားကြည့်လိုက်ပါဦးမယ်”
ချန်ကျဲ့မှ ပြောသည်။
“သွားပါ”
…
ထိုစဉ် ကျားဖြူခန်းမအိမ်တော် ကြာကန်၌
ချွေ့ကျူသည် ကြာကန်ဘေးတွင် ရပ်နေသည်။ သူမ၏ အမူအရာများသည် ပုံမှန်အတိုင်းဖြစ်သည့်တိုင် သူမ၏နှလုံးသည်တော့ ပြင်းပြင်းထန်ထန် ခုန်လှုပ်နေသည်။ ဤသည်မှာ သူမအနေဖြင့် သူလျှိုတစ်ယောက်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆက်ဆံခြင်း မဟုတ်ပါလော။
“အစ်မချွေ့ကျူ”
ကျုဇစ်သည် အရည်အချင်းရှိသည့် သူလျှိုတစ်ယောက်ဖြစ်သည်။ ယခုတွင် ကျုဇစ်သည် တံမြက်စည်းတစ်ချောင်းကို ကိုင်လျက် ရောက်လာကာ ချွေ့ကျူအား တောက်ပစွာပြုံးရယ်လျက် လက်ဝှေ့ယမ်းပြနေသည်။
သူ၏ အပြုံးကို မြင်တွေ့ရရုံဖြင့် ဤလူမှာ သူလျှိုဟူသည့်စာလုံးနှင့် မည်သို့မျှ မအပ်စပ်ဟု တွေးထင်မိနိုင်ပေသည်။
ချွေ့ကျူမှ ပြောလိုက်သည်။
“အသံတိုးစမ်းပါ”
“အစ်မချွေ့ကျူ ကျွန်တော့်ကိုရှာတာ ဘာကိစ္စရှိလို့လဲဗျ”
ချွေ့ကျူသည် သူမ၏အိတ်ကပ်ထဲမှ ငွေလေးစကို ထုတ်ယူပေးလိုက်ပြီး ပြောသည်။
“ရော့ ဒါကိုယူလိုက်။ မျက်နှာချေဖိုးပြန်ပေးတာ”
ထိုအခါ ကျုဇစ်သည် ချွေ့ကျူကမ်းပေးလာသည့် ငွေလေးစကို တွေဝေငေးမှိုင်လျက် ကြည့်နေခဲ့သည်။
“အစ်မ ဒါဘာလုပ်တာလဲ။ အဲဒီမျက်နှာချေက အစ်မကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာပါဆို”
ချွေ့ကျူမှ ပြန်ပြောသည်။
“အဓိပ္ပာယ်မရှိတဲ့စကားတွေ တော်လိုက်တော့။ ဘာကို ငါ့ကိုကျေးဇူးတင်လို့ ပေးတာလဲ။ နင့်လစာက ငွေ၈စပဲ ရတာ အကုန်သုံးမပစ်လိုက်နဲ့လေ။ နောက်ကျ လက်ထပ်ဖို့အတွက်လည်း ငွေစုဆောင်းထားရဦးမှာ။ ဒီကျားဖြူခန်းမအိမ်တော်က ကြာကြာနေဖို့ သင့်လျော်တဲ့နေရာ မဟုတ်ဘူး။ အခွင့်အရေးရတာနဲ့ မြန်မြန်ထွက်သွားဖို့သာ ပြင်ဆင်တော့”
“အာ အစ်မချွေ့ကျူ ဒီစကားက ဘာကိုဆိုလိုတာလဲဗျ”
ချွေ့ကျူမှ ပြောသည်။
“နင်မသိဘူးလား။ ငါတို့ခန်းမအရှင်သခင်က ကုန်သည်အဖွဲ့ခေါင်းဆောင်ကို အပြစ်ပြုမိထားတယ်။ အနှေးနဲ့အမြန် ခေါင်းဆောင်နဲ့ ရင်ဆိုင်ရမှာပဲ။ အဲဒီအခါကျ ငါတို့လည်း အတူထိခိုက်ရမယ် မဟုတ်လား”
“ရှူး အစ်မ အဲဒီလိုစကားကို ထုတ်ပြောလို့ မသင့်ဘူးလေ”
“ထုတ်ပြောလို့မသင့်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ။ နင်က အတွင်းခြံဝင်းထဲမှာ တာဝန်ထမ်းဆောင်ရတာ မဟုတ်လို့ သိမှာမဟုတ်ဘူး။ ကြည့်ရတာ ခန်းမအရှင်သခင်က ခေါင်းဆောင်ကို ရင်ဆိုင်ဖို့အတွက် အစီအစဉ်ကြီးကြီးမားမား ချနေတဲ့ပုံပဲ”
“ဟမ် ဘာအစီအစဉ်လဲ”
ကျုဇစ်၏မျက်နှာ လင်းလက်သွား၏။ ထို့နောက် ချွေ့ကျူမှ ပြောသည်။
“ခေါင်းဆောင်ကို ဖျက်ဆီးပစ်ဖို့ အစီအစဉ်လေ”
“အဲဒါက ဘာလဲ အစ်မ၊ ကျွန်တော့်ကို မြန်မြန်ပြောပြပါ”
“နင်က ဘာလို့ ဒီအကြောင်းကို သိချင်နေရတာလဲ”
ချွေ့ကျူ ကျုဇစ်ကို စိုက်ကြည့်လိုက်သည်။ ကျုဇစ်သည်လည်း ရယ်မောလိုက်၏။
“ဒီတိုင်း စပ်စုချင်ရုံပါ စပ်စုချင်ရုံပါ ဟားဟား”
“အရမ်းစပ်စုတတ်တာ မကောင်းဘူးနော်။ ဒီအကြောင်းသာ ပျံ့နှံ့သွားရင် ခန်းမအရှင်သခင် ပြဿနာတက်လိမ့်မယ်။ ပြီးတော့ ငါတို့ ဒီကိစ္စမှာ ပါဝင်ပတ်သက်မိလို့ မဖြစ်ဘူး”
“အစ်မ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ”
“ဒါက… ထားပါတော့၊ ပြောပြလို့ မသင့်ဘူး”
“ဪ”
ကျုဇစ်သည် ချွေ့ကျူထံမှ သတင်းနှိုက်ရန် ရည်ရွယ်ချက်ဖြင့် ပြန်တုံ့ပြန်သည်။ ထိုစဉ် ချွေ့ကျူမှ ရုတ်တရက် ခြေဆောင့်လိုက်ပြီး ပြောသည်။
“ကောင်းပြီ ကောင်းပြီ၊ ငါပြောပြမယ်။ ဒါပေမဲ့ နင် ဘယ်သူ့ကိုမှ ပြန်မပြောရဘူးနော်။ မဟုတ်ရင် ငါတို့ အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
“ကျွန်တော်က ဘယ်လိုလူမျိုးလဲဆိုတာ အစ်မလည်း သိရဲ့သားနဲ့”
ကျုဇစ်သည် ရင်ဘတ်ကို ပုတ်ပြရင်း ပြောသည်။ ချွေ့ကျူမှ ပြန်ပြောသည်။
“ကျွန်တော် သိပြီးရင် ဒီနေရာမှာပဲ မြှုပ်နှံခဲ့လိုက်မယ်။ သေချာပေါက် မပေါက်ကြားစေရဘူး”
ချွေ့ကျူ စိတ်ထဲမှ တွေးလိုက်သည်။
နင်က သူလျှိုဆိုတာကိုသာ သိထားလို့မဟုတ်ရင် ငါတကယ် နင့်ကို ယုံမိတော့မှာပဲ။
ဒီကျုဇစ်က သူလျှိုပါလို့ ဘယ်သူက ထင်မှာတဲ့လဲ။
နှမြောစရာပဲ။
ချွေ့ကျူသည် ခဏမျှ အတွေးပျံ့သွား၏။ ထို့နောက် ပြောသည်။
“ကောင်းပြီ ငါပြောပြမယ်။ နင်လျှို့ဝှက်ထားရမယ်နော်”
“အစ်မချွေ့ကျူ စိတ်မပူပါနဲ့။ ကျွန်တော် သေချာပေါက် လျှို့ဝှက်ထားမှာပါ။ တတိယလူ မသိစေရပါဘူး”
ကျုဇစ်သည် သူမ စိတ်ချစေရန် အကြိမ်ပေါင်းများစွာ အာမခံပြောဆိုသည်။
ချွေ့ကျူမှ ပြောသည်။
“ကောင်းပြီ ငါမင်းကိုပြောမယ်။ ငါဒီနေ့ ခန်းမအရှင်သခင်နဲ့ လူကြီးမင်းဟူတို့ စကားပြောနေတာကို ကြားခဲ့တယ်”
“အို သူတို့ဘာပြောနေကြလို့လဲ”
ကျုဇစ်၏မျက်လုံးများ တောက်ပသွား၏။
ချန်ကျိုစစ်နဲ့ ချန်ရှောင်ဟူတို့ ပြောနေကြတာကို အရေးကြီးတဲ့အချက်အလက်ဖြစ်မှာပဲ။ အဲဒီတော့ ဒီချွေ့ကျူလည်း အံ့အားသင့်သွားမှာပဲ။
“သူတို့ ဒီနေ့ စာကြည့်ခန်းထဲမှာ စကားပြောနေကြတာကို ငါက လက်ဖက်ရည်ယူသွားပေးရင်းနဲ့ ကြားခဲ့တာ။ သူတို့ဘာလုပ်ထားလဲ ခန့်မှန်းကြည့်စမ်း။ သူတို့ မိန်ဂိုဏ်းနဲ့ ပူးပေါင်းထားကြတာတဲ့လေ”
“အိုး….”
“မိန်ဂိုဏ်း”
ကျုဇစ် အံ့အားသင့်၍ မျက်လုံးပြူးသွား၏။
ဒါက တကယ် သတင်းကြီးပဲ။
ချွေ့ကျူမှ ဆက်ပြောသည်။
“ဟုတ်တယ်။ မိန်ဂိုဏ်းနဲ့ပတ်သက်ပြီးတော့ သူတို့ ဒီနေ့ ဂိုဏ်းက လူတစ်ယောက်နဲ့ ပူးပေါင်းကြံစည်နေကြတာ။ အဲဒီလူက ဘယ်သူပါလိမ့်… ဟိုလေ… ပန်းပဲရုံက…”
“စွင်းထျဲချွေ့လား”
ကျုဇစ်မှ နာမည်တစ်ခုကို တိုက်ရိုက်ထုတ်ပြောလိုက်ရာ ချွေ့ကျူမှ အတည်ပြုသည်။
“ဟုတ်တယ် ဟုတ်တယ် စွင်းထျဲချွေ့။ သူတို့နှစ်ယောက် ပူးပေါင်းကြံစည်ပြီးတော့ ကုန်သည်အဖွဲ့ခေါင်းဆောင်ကို သခင်ကြီးယဲ့လုဖုန်းရဲ့ ပြစ်တင်ပြောဆိုခံရအောင် လုပ်နိုင်ခဲ့တယ်တဲ့”
“အို”
ကျုဇစ်သည် အံ့အားသင့်လျက် မျက်လုံးအဝိုင်းသား ဖြစ်နေသည်။ ဤမျှကြာမြင့်စွာ သူလျှိုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ဆုံးတွင်တော့ အရေးကြီးသတင်းအချက်အလက်ကို ရယူနိုင်ခဲ့လေပြီ။
ထိုသို့အတွေးဖြင့် ကျုဇစ်သည် ချွေ့ကျူကို ပြောသည်။
“အစ်မချွေ့ကျူ ပြီးတော့ရော”
ချွေ့ကျူမှ ပြောသည်။
“အဓိကအချက် သူတို့ပြောတာ အဲဒီအဖြစ်အပျက်က အမြည်းပဲရှိသေးတယ်တဲ့။ အပြင်းထန်ဆုံးအပိုင်းက စွင်းထျဲချွေ့ရဲ့ ပန်းပဲရုံက လျှို့ဝှက်ခန်းထဲမှာ လျှို့ဝှက်စာတစ်စောင် သိမ်းထားတာရှိတယ်တဲ့။ အဲဒီစာထဲမှာ ခေါင်းဆောင်နန်နဲ့ စွင်းထျဲချွေ့တို့ ပူးပေါင်းနေတယ်လို့ ထင်မြင်စေနိုင်မယ့် အချက်အလက်တွေ ပါဝင်တယ်တဲ့။ အဲဒီစာ စီရင်စုအုပ်ချုပ်ရေးမှူးလက်ထဲရောက်သွားတာနဲ့ ခေါင်းဆောင်နန် မြစ်ဝါမြစ်ထဲ ခုန်ချလိုက်ရင်တောင်မှ သူ့ရဲ့နာမည်ကို မရှင်းလင်းနိုင်တော့ဘူးတဲ့”
“အာ….”
ကျုဇစ်မှာ မျက်လုံးကျွတ်ထွက်လုမတတ် အံ့အားသင့်နေ၏။
ဒီသတင်းက ကြီးမားလွန်းနေတယ်။ ခေါင်းဆောင်ကို ဖျက်ဆီးဖို့ အကြံအစည်တဲ့— ဒါကြီးက ငါကြားသိနိုင်တဲ့ သတင်းရော ဟုတ်ရဲ့လား။