အခန်း (၆၁၂)
Vol. 51 Ch. 612
အခန်း ၆၁၂
“စိတ်မလုံမလဲဖြစ်နေတာကြောင့် မဟုတ်ရင် စာကို လာခိုးမလား”
“အဲဒါကြောင့် ချန်ကျိုစစ်က ကျွန်တော်တို့ အရူးတစ်ပိုင်းဖြစ်တာကို လိုချင်တာ။ အခု အဓိကအချက်က ဒီကိစ္စကို စီရင်စုအုပ်ချုပ်ရေးမှူးဆီ မတိုင်ကြားရသေးဘူးဆိုတာပဲ။ ကျွန်တော်တို့ဘက်က စလှုပ်ရှားတာနဲ့ ချန်ကျိုစစ်က စီရင်စုအုပ်ချုပ်ရေးမှူးကို ချက်ချင်းတိုင်ကြားလိုက်လိမ့်မယ်”
ထိုအခါ နန်ပါးထျန်းနှင့် ချင်းယင်တို့ မျက်မှောင်ကြုတ်သွားကြ၏။
“ချန်ကျိုစစ်က တကယ်ကောက်ကျစ်စဉ်းလဲပြီး အောက်တန်းကျတာပဲ”
ထန်ဇီယွဲ့မှ ပြောသည်။
“အဲဒါကြောင့် အခု ရွေးချယ်မှုက ကျွန်တော်တို့လက်ထဲမှာပဲ။ စာကို သွားရှာပြီး လောင်းကြေးထပ်မလား ဒါမှမဟုတ် ကံကြမ္မာကိုပဲ ပုံအပ်ပြီး အဲဒီစာကို စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က ရှာတွေ့သွားတာကို စောင့်မလား”
ထိုအခါ ချင်းယင်မှ ပြောသည်။
“ခန်းမအရှင်သခင်ထန် ဒီလောင်းကြေးက အရမ်းအန္တရာယ်မများလွန်းဘူးလား။ ကျွန်တော်တို့ဘက်က စာကို မရှာနိုင်ခဲ့လို့ စာကို စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က ရှာတွေ့သွားရင် ကျွန်တော်တို့မှာ ရှင်းပြစရာစကားမရှိ ဖြစ်သွားလိမ့်မယ် မဟုတ်လား”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“အဲဒါကြောင့် လောင်းကြေးထပ်ရမှာပဲ။ ကျွန်တော်တို့ဌာနချုပ်ကနေ ထွက်ခွာမယ့်အချိန်နဲ့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ဆီ သတင်းရောက်မယ့်အချိန်ကို တွက်ချက်ကြည့်လိုက်တော့ ကျွန်တော်တို့မှာ အများဆုံး အချိန်နာရီဝက်ရတယ်။ စာကို အဲဒီအချိန်နာရီဝက်အတွင်း ရှာနိုင်မယ်ဆိုရင် အားလုံးအဆင်ပြေသွားလိမ့်မယ်”
ထိုအခါ နန်ပါးထျန်းသည် မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်ရင်း ပြောသည်။
“အချိန်နာရီဝက်”
နန်ပါးထျန်း သေချာတွေးတောနေခဲ့သည်။ အချိန်က တကယ့်ကို အရမ်းတိုတောင်းလွန်းတယ်။ ဒါပေမဲ့ လောင်းကြေးထပ်ကြည့်လိုက်သင့်လား။
သူတို့သာ မြန်မြန်လုပ်ဆောင်နိုင်လျှင် နာရီဝက်အချိန်သည် လုံလောက်လိမ့်မည်ဟု နန်ပါးထျန်း တွေးထင်သည်။ သို့ဖြင့် နန်ပါးထျန်းသည် ထန်ဇီယွဲ့ကိုကြည့်၍ ပြောလိုက်သည်။
“ခန်းမအရှင်သခင်ထန် ငါတို့ အဲဒီနာရီဝက်အတွင်း စာကို ရှာမယ်ဆိုရင်ရော ဘယ်လိုလဲ။ နာရီဝက်ပြည့်တာနဲ့ ထွက်ပြေးကြမယ်။ ငါတို့ ကံကောင်းပြီး ရှာတွေ့တာလည်း ဖြစ်နိုင်တာပဲ”
“ရှာမတွေ့ခဲ့ရင်လည်း လူမမိခင် ထွက်ပြေးလို့ရတယ်။ အဲဒီလိုဆို အဆင်ပြေမယ်ထင်သလား”
ထိုအခါ ထန်ဇီယွဲ့မှ ပြောသည်။
“ခေါင်းဆောင်ပြောတာက တကယ့်ကို လုပ်ဆောင်လို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီထောင်ချောက်ကို ချန်ကျိုစစ် စီစဉ်ထားတာပါ။ အလွယ်တကူ ဖောက်ထွက်လို့ရမှာ မဟုတ်ပါဘူး။ သူ့မှာ အရန်အစီအစဉ်ရှိနေမှာ စိုးမိပါတယ်”
နန်ပါးထျန်းမှ ပြောသည်။
“ပြတ်သားလျင်မြန်တဲ့လုပ်ဆောင်မှုဆိုရင်ရော”
ထန်ဇီယွဲ့မှ အတည်ပြုသည်။
“အဲဒီလိုဆို အလုပ်ဖြစ်နိုင်ပါတယ်။ ဒါဆို ကျွန်တော်တို့ လောင်းကြေးထပ်ကြည့်ကြတာပေါ့”
“လောင်းကြေးထပ်မယ်”
နန်ပါးထျန်းမှ ပြောရာ ထန်ဇီယွဲ့မှ ခေါင်းညိတ်သည်။
“ကောင်းပြီ။ လောင်းကြေးထပ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ လုပ်လိုက်ကြတာပေါ့။ ဒါပေမဲ့ ခေါင်းဆောင် ကျွန်တော်တို့ ဒီကိစ္စကို လျှို့ဝှက်လုပ်ဆောင်သင့်ပါတယ်။ စာကို ရှာဖွေဖို့အတွက်လည်း ကျွမ်းကျင်သူတွေကိုပဲ သုံးသင့်ပါတယ်”
ထိုအခါ နန်ပါးထျန်းမှ ထန်ဇီယွဲ့ကိုကြည့်၍ ပြောသည်။
“ငါကိုယ်တိုင်သွားမယ်”
“မဖြစ်ပါဘူး။ ခေါင်းဆောင်သွားလို့ မဖြစ်ပါဘူး။ အကယ်လို့များ ခေါင်းဆောင်ကို ဖမ်းမိသွားခဲ့ရင် ဘယ်လိုမှ ဖြေရှင်းလို့မရနိုင်တော့ပါဘူး။ ကျွန်တော့်အထင်တော့ ခန်းမအရှင်သခင်ချင်းတို့ညီနောင်သုံးယောက်ကို စေလွှတ်တာက ပိုသင့်တော်မယ်ထင်ပါတယ်။ သူတို့အားလုံးက စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တွေဖြစ်တာကြောင့် နံရံတွေပေါ် လမ်းလျှောက်နိုင်ပြီး လူတွေကို ရှောင်ရှားနိုင်စွမ်းလည်း မြင့်မားပါတာကြောင့် ပြဿနာဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်”
ထိုအခါ နန်ပါးထျန်းမှ ချင်းယင်ကို ကြည့်လိုက်ပြီး ပြောသည်။
“ချင်းယင် မင်းသဘောတူလား”
“ခေါင်းဆောင် စိတ်ချထားပါ။ ကျွန်တော်တို့ညီအစ်ကိုသုံးယောက် ဒီကိစ္စကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းပြီး စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ဘက်က မလှုပ်ရှားခင်မှာ စာကို တွေ့အောင်ရှာလာခဲ့ပါ့မယ်။ ချန်ကျိုစစ်ရဲ့ အကြံအစည်ကို ဖျက်ဆီးပစ်ပါ့မယ်”
နန်ပါးထျန်းမှ ပြောသည်။
“ကောင်းတယ်။ ဒီကိစ္စအောင်မြင်ရင် ငါမင်းတို့ကို ဆုလာဘ်ကောင်းကောင်းချီးမြှင့်မယ်”
“ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်”
ချင်းယင်မှ ချက်ချင်း အရိုအသေပြုသည်။ ထို့နောက် နန်ပါးထျန်းသည် ထန်ဇီယွဲ့ဘက်သို့ လှည့်ပြောလာ၏။
“ခန်းမအရှင်သခင်ထန် တခြားမှာကြားချင်တာရှိသေးလား”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“မရှိတော့ပါဘူး။ ဒီကိစ္စကို ခန်းမအရှင်သခင်ချင်းကို အပ်နှံလိုက်ပါပြီ”
ချင်းယင်မှ ပြောသည်။
“စိတ်ချပါ”
ထို့နောက် ချင်းယင်မှ ပြောသည်။
“ငါ အခုသွားပြီး ချန်ကျိုစစ် ဘာမှမတုံ့ပြန်နိုင်ခင် ကိစ္စတွေကို ဖြေရှင်းလိုက်မယ်”
ထိုစကားအဆုံး၌ ထန်ဇီယွဲ့သည် တစ်စုံတစ်ရာပြောချင်သော်ငြား တွန့်ဆုတ်နေခဲ့ကာ နောက်ဆုံးတွင်တော့ ဘာမျှမပြောဖြစ်ခဲ့ချေ။ သို့ဖြင့် ချင်းယင်သည် သူ၏ညီနောင် ကျား၊ ကျားသစ်တို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။
သူတို့ထွက်သွားပြီးနောက်
နန်ပါးထျန်းမှ မေးသည်။
“မင်း ခုနက ဘာပြောမလို့လဲ”
ထန်ဇီယွဲ့မှ ပြောသည်။
“ကျွန်တော့်မှာ မေးခွန်းတစ်ခုရှိလို့ပါ။ ချန်ကျိုစစ်က ခေါင်းဆောင်နဲ့ မိန်ဂိုဏ်းနဲ့ ပူးပေါင်းတဲ့ လျှို့ဝှက်စာကို ဘယ်လိုအတုဖန်တီးခဲ့လဲ ဆိုတာကိုပါ။ သာမန်လူတစ်ယောက်က ခေါင်းဆောင်ရဲ့လက်ရေးကို တုပရေးမယ်ဆိုရင် အလွယ်လေး ပေါ်သွားမှာလေ။ ချန်ကျိုစစ်က အဲဒါကို သိမထားတာ ဖြစ်နိုင်ပါ့မလား”
နန်ပါးထျန်းလည်း တွေဝေသွားကာ ထန်ဇီယွဲ့ကို ပြောသည်။
“ဘာအဓိပ္ပာယ်လဲ။ အတုလုပ်တာ မဟုတ်ရင် တခြားဘယ်လိုလုပ်နိုင်ဦးမှာလဲ။ ငါ ဘယ်တုန်းကမှ မိန်ဂိုဏ်းနဲ့ ပူးပေါင်းတဲ့စာကို မရေးခဲ့ဖူးဘူးလေ”
ထန်ဇီယွဲ့မှ ပြောသည်။
“ကိစ္စတွေက အဲဒီလောက် မရိုးရှင်းမှာ စိုးရတယ်”
…
ချင်းယင်တို့သုံးဦး ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်မှ ထွက်ခွာသွားသည်ကို မြင်သောအခါ ဌာနချုပ်အပြင်တွင် စောင့်ကြည့်နေသည့် ကင်းထောက်တစ်ဦးမှ ပြောသည်။
“အမြန် ဦးစီးမှူးဟူကို သွားအကြောင်းကြားချည်၊ အခုလှုပ်ရှားနိုင်ပြီလို့”
ထိုအခါ ကင်းထောက်တစ်ဦးသည် နေရာမှ ထွက်ခွာပျောက်ကွယ်သွားခဲ့သည်။
ထိုစဉ် ချန်ရှောင်ဟူသည် မုလန်လူမျိုးတစ်ဦးနှင့် သေရည်သောက်နေသည်။ ထိုမုလန်လူမျိုးမှာ ချီမုကော၏လက်အောက်ရှိ ဒုတပ်မှုးဖြစ်သည်။ ထိုလူသည် သောက်စားပျော်ပါးခြင်းနှင့် လောင်းကစားကို အလွန်မွေ့လျော်သူဖြစ်ရာ အရင်တစ်ခေါက်က လောင်းကစားဝိုင်းတွင် အကြွေးများ တောင်လိုပုံနေ၏။ ထိုမြင်ကွင်းကို ရှောင်ဟူမှ တိုက်တိုက်ဆိုင်ဆိုင် မြင်သွားခဲ့ပြီး ထိုသူအစား အကြွေးရှင်းပေးခဲ့သည်။
ထိုလုပ်ရပ်မှာ ယခုတွင် အသုံးဝင်လာလေပြီ။
ရှောင်ဟူနှင့် ဒုတပ်မှူးတို့ သေရည်သောက်နေစဉ် ကြက်ကင်ပန်းကန်ကို ကိုင်ဆောင်ထားသည့် စားပွဲထိုးတစ်ဦးရောက်လာပြီး ရှောင်ဟူကို ခေါင်းညိတ်ပြသည်။
ရှောင်ဟူသည် အချက်ပြမှုကို အမိအရ ဖမ်းမိလိုက်ပြီးနောက် ဒုတပ်မှူးကို ပြောသည်။
“အေ့… တော်လောက်ပြီ။ ကျွန်တော်တို့ ဒီနေ့သောက်တာ များနေပြီ။ ဆိုတော့ ကျွန်တော်တို့ တစ်ပွဲ၊နှစ်ပွဲလောက် ကံသွားစမ်းကြမလား”
ဒုတပ်မှူးမှ ပြောသည်။
“ငါဒီနေ့ ပိုက်ဆံယူမလာခဲ့ဘူးကွ”
“အစ်ကိုကြီးရဲ့ပိုက်ဆံကို မသုံးရပါဘူးဗျာ။ ကျွန်တော့်တာဝန်ထားပါ”
ရှောင်ဟူမှ ရင်ဘတ်ကိုပုတ်လျက် ပြောသည်။ ထိုအခါ ဒုတပ်မှူးသည် ပြုံးလိုက်၏။
“ဟားဟား ဒါဆိုလည်း ကောင်းပြီ။ မင်းက တကယ့်ကို မိတ်ဆွေကောင်း ညီနောင်ကောင်းပဲ။ ငါတို့ထပ်မသောက်တော့ဘူး”
ရှောင်ဟူသည် ထရပ်လိုက်ပြီးနောက် စားပွဲထက်တွင် ငွေချောင်းတစ်ချောင်းထားခဲ့သည်။
“ပြန်မအမ်းနဲ့တော့”
ရှောင်ဟူသည် အလွန်တရာ ရက်ရောလက်ဖွာတတ်ဟန်ဆောင်လျက် ဒုတပ်မှူးနှင့်အတူ ထွက်ခွာသွားခဲ့သည်။ ထို့နောက် စားပွဲထိုးတစ်ဦးရောက်လာပြီး စားပွဲပေါ်ရှိ ငွေချောင်းကိုကြည့်၍ ပြောသည်။
“ဦးစီးမှူးဟူက တကယ် စိတ်နှစ်ပြီး သရုပ်ဆောင်နေတာပဲ။ သူ ဒီလောက်ရက်ရောတာကို တစ်ခါမှ မမြင်ဖူးဘူး”
စားပွဲထိုးသည် ရယ်မောနေ၏။ ထိုအချိန်တွင် ရှောင်ဟူသည် ဒုတပ်မှူးနှင့်အတူ အရှေ့မြို့သို့ ဦးတည်သွားနေပြီဖြစ်သည်။ ဒုတပ်မှူးသည် စိတ်ရှုပ်ထွေးလျက် ပြောလာသည်။
“ငါတို့ ဘာလို့ အရှေ့မြို့ကိုသွားနေတာလဲ။ လောင်းကစားရုံတွေက အနောက်မြို့မှာလေ”
“အစ်ကိုကြီး မသိလို့ပါ။ အရှေ့မြို့မှာ လောင်းကစားရုံအသစ်ဖွင့်နေတယ်ဗျ။ ကစားနည်းတွေကလည်း ဆန်းသစ်တယ်။ ကျွန်တော်တို့ သွားကြည့်ရအောင်လေ”