← Chapters

အခန်း (၆၁၃)

Vol. 51 Ch. 613

အခန်း (၆၁၃)

Vol. 51 Ch. 613

အခန်း ၆၁၃

ထိုအခါ ဒုတပ်မှူး၏မျက်လုံးများ တောက်ပသွားကာ ရယ်မောလာသည်။

“ဟားဟား ကောင်းပြီ၊ သွားစမ်းကြည့်ကြတာပေါ့”

ရှောင်ဟူနှင့် ဒုတပ်မှူးတို့သည် လက်ချင်းချိတ်လျှောက်လျက် အရှေ့မြို့သို့ ရောက်လာခဲ့ကြသည်။ သူတို့သည် စွင်းမိသားစုပန်းပဲရုံကို ဖြတ်သွားကြ၏။

စွင်းမိသားစုပန်းပဲရုံကို ချိတ်ပိတ်ထားသည်။ ဤသည်မှာ သူပုန်များ၏ ဌာနတစ်ခုဖြစ်ခဲ့ရာ အပြင်လူများကို စိတ်တိုင်းကျ ဝင်ထွက်ခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။

ရှောင်ဟူ အချိန်ကိုကြည့်လိုက်သည်။

အချိန်ရောက်လုပြီပဲ။

ထို့နောက်တွင် ခပ်ဝေးဝေးမှ ခေါင်မိုးများထက် ဖြတ်သန်းလာနေသည့် ပုံရိပ်သုံးခုကို မြင်တွေ့လိုက်ရသည်။ ရှေ့မှဦးဆောင်နေသူသည် အတောင်ပံကြီးများ ဖြန့်ကျက်ထားသည့် လင်းယုန်တစ်ကောင်ကဲ့သို့ ပုံသဏ္ဍာန်ရှိသည်။ ထိုသူမှာ ချင်းယင်ဖြစ်၏။

ထိုမြင်ကွင်းကို မြင်သောအခါ ရှောင်ဟူ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားခဲ့သည်။

မျှော်လင့်ထားတဲ့အတိုင်း ရောက်လာပြီပဲ။

ထို့နောက် ရှောင်ဟူမှ လက်မြှောက်လိုက်ပြီး ပြောသည်။

“အာ နည်းနည်းတောင် ပင်ပန်းလာပြီ။ ဟေး အစ်ကိုကြီး ဟိုမှာဘာကြီးလဲ”

ရှောင်ဟူသည် ထိုခေါင်းမိုးပေါ်က လူသုံးဦးထံ အာရုံဆွဲဆောင်ရန်အတွက် တမင်ပြောလိုက်သည်။ ဒုတပ်မှူးသည်လည်း သေချာမော့ကြည့်လိုက်ပြီးနောက် ပြောသည်။

“အင်းး ကြည့်ရတာ လူသုံးယောက်ထင်တယ်။ ဟေး ဦးဆောင်လာတဲ့တစ်ယောက်က ငါးဖမ်းကုန်သည်အဖွဲ့က ချင်းယင်နဲ့ မတူဘူးလား”

“ဟုတ်လား”

ရှောင်ဟူသည် ရှုပ်ထွေးနေဟန်ဖြင့် ထပ်ပြောသည်။

“ဟေး အစ်ကိုကြီးပြောတာမှန်တယ်။ တကယ်တူတယ်ဗျ။ သူ့နောက်က နှစ်ယောက်ကလည်း ချင်းဟူ၊ ချင်းပေါင်တို့နဲ့ တူတယ်။ အဲဒီညီအစ်ကိုသုံးယောက်က ညကြီးအချိန်မတော်မှာ ခေါင်မိုးပေါ် တက်သွားပြီး ဘာလုပ်နေကြတာလဲ။ ပန်းသွားခူးဖို့တော့ မဟုတ်လောက်ပါဘူးနော်”

“ဟမ်”

ဒုတပ်မှူးသည် စိတ်ဝင်စားသွားကာ နှုတ်ခမ်းသပ်လျက် ပြောသည်။

“ဖြစ်နိုင်တယ်”

သို့သော် ရှောင်ဟူမှ ပြောသည်။

“ကျစ် ကျွန်တော်က ဒီတိုင်း ခန့်မှန်းကြည့်တာပါ။ ခန်းမအရှင်သခင်ချင်းရဲ့ အဆင့်အတန်းနဲ့ ဘယ်လိုအမျိုးသမီးမျိုးကို မရနိုင်ဘဲ ရှိပါ့မလဲ။ ဘယ်လိုလုပ်ပြီး ပန်းသွားခူးဖို့ လိုနေမှာလဲ”

ဒုတပ်မှူးမှ ရှောင်ဟူကို ပြောသည်။

“မင်းနားမလည်ပါဘူး။ အိမ်က ပန်းက ခူးဆွတ်ရတဲ့ပန်းနဲ့ ယှဉ်လို့မရဘူးကွ။ သူ့ကိုယ်သူ ပစ်ပေးလာတဲ့အမျိုးသမီးက နည်းနည်း ခုခံငြင်းဆန်တတ်တဲ့အမျိုးသမီးလောက် စိတ်လှုပ်ရှားဖို့မကောင်းဘူးရယ်။ ကောင်လေး မင်းက အရမ်းငယ်သေးတော့ အတွေ့အကြုံကလည်း အတော်နုသေးတာပဲ”

ထိုအခါ ရှောင်ဟူသည် စိတ်ထဲမှ ကျိန်ဆဲလိုက်ရင်း မျက်နှာသည်တော့ အတင်းဖျစ်ညှစ်ပြုံးလိုက်ရသည်။

‘ဒီခွေးကောင် မင်းကတော့ အရမ်းတွေသိတတ်နေတာပဲ။ ကြည့်ရတာ မင်းလည်း စက်ဆုပ်ဖို့ကောင်းတဲ့လုပ်ရပ်တွေ လုပ်ခဲ့တာ မနည်းလောက်ဘူးထင်တယ်’

သူတို့နှစ်ဦးသည် ချင်းယင်တို့သုံးဦး သွားမည့်နေရာကို စောင့်ကြည့်နေခဲ့ကြသည်။

“ဟေး သူတို့က ဘာလို့ စွင်းမိသားစုပန်းပဲရုံကို သွားနေကြတာလဲ”

ရှောင်ဟူသည် အလွန်စိတ်ရှုပ်ထွေးနေဟန်ဖြင့် ပြောသည်။

“အဲဒီမှာက ဘာအမျိုးသမီးမှ မရှိဘူးမဟုတ်လား။ ပြီးတော့ အဲဒီနေရာက မိန်ဂိုဏ်းရဲ့ဌာနလေ။ သူတို့က အဲဒီကိုဘာသွားလုပ်တာလဲ။ သူတို့လည်း မိန်ဂိုဏ်းသားတွေပဲလား”

“ဟမ်”

ဒုတပ်မှူး၏မျက်လုံးများ အရောင်တောက်သွား၏။

မူမမှန်ဘူး။

ရှောင်ဟူမှ ပြောသည်။

“ကဲပါ၊ ကျွန်တော်တို့ ကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်ကြရအောင်ပါ။ လာ အစ်ကိုကြီး ကျွန်တော် အစ်ကိုကြီး ပျော်ဖို့ကောင်းတာတွေ ခံစားခိုင်းမယ်”

ဒုတပ်မှူးသည် လက်မြှောက်ကာ ရှောင်ဟူကို ရပ်တန့်စေသည်။ ထို့နောက် ပြောသည်။

“နေဦး၊ တစ်ခုခုမှားနေပြီ။ ညီနောင်လေး ကြည့်ရတာ ငါတို့ ဒီနေ့တော့ အပျော်မရှာနိုင်တော့ဘူးထင်တယ်။ နောက်နေ့မှ ငါမင်းကို ပြန်ဧည့်ခံပါ့မယ်။ ငါ အခုတော့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို ပြန်သွားရမယ်”

ထိုအခါ ရှောင်ဟူမှ ပြောသည်။

“အစ်ကိုကြီး ဘာလို့ ရုတ်တရက်ကြီး ထွက်သွားဖို့လုပ်ရတာလဲဗျ”

ရှောင်ဟူသည် မြင်းဘေးသို့ လျှောက်သွားလိုက်သည်။ ရှောင်ဟူ၏နောက်တွင် မြင်းတစ်ကောင်နှင့်အတူ မြင်းထိန်းလူငယ်တစ်ဦး တစ်ချိန်လုံး လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ထိုစဉ် ဒုတပ်မှူးသည် ရှောင်ဟူ၏မြင်းကို ဆွဲယူလိုက်ရင်း ပြောသည်။

“ညီနောင် မင်းရဲ့မြင်းကို ငါ့ကိုခဏငှားပေးပါ”

“ရပါတယ်၊ လွတ်လွတ်လပ်လပ်သုံးပါ”

ရှောင်ဟူမှ သဘောတူလိုက်ရာ ဒုတပ်မှူးသည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ မြင်းကို ဒုန်းဆိုင်းနှင်သွားတော့သည်။

ရှောင်ဟူသည် နှာခေါင်းကိုပွတ်သပ်ရင်း အနီးအနားရှိ ပေါက်စီဆိုင်သို့ ဝင်သွားလိုက်သည်။

“ပေါက်စီနှစ်ခြင်းပေးပါ”

ရှောင်ဟူသည် ခုနက သေရည်များသာ သောက်ခဲ့ရပြီး ဟင်းပွဲများကို အနည်းငယ်မျှသာ စားခဲ့ရ၏။

ရှောင်ဟူသည် ပေါက်စီဆိုင်တွင် ထိုင်လျက် ယခုတွင် နန်ပါးထျန်း ဒုက္ခခံရမည့်အလှည့်ရောက်ပြီဟု တွေးရင်း ပေါက်စီများကို တစ်လုံးပြီးတစ်လုံး အားရပါးရ စားနေခဲ့သည်။

…

ထိုစဉ် စွင်းမိသားစုပန်းပဲရုံ၌

ရှပ်

ချင်းယင်တို့ညီအစ်ကိုသုံးဦးသည် လူသူကင်းမဲ့နေသည့် ပန်းပဲရုံခြံဝင်းထဲ ဆင်းလိုက်ကြသည်။ ချင်းယင်မှ ချက်ချင်း တီးတိုးပြောလာ၏။

“အသံတိုးထားမယ်။ တခြားသူတွေ သတိမထားမိစေနဲ့။ ရှာကြ မြန်မြန်ရှာကြ။ ငါတို့မှာ အချိန်၁၅မိနစ်ပဲ ရှိတော့မယ်”

ထိုအခါ ချင်းဟူနှင့် ချင်းပေါင်တို့သည် တစ်ညီတညွတ်တည်း ခေါင်းညိတ်ကာ စတင်ရှာဖွေကြသည်။

ချွင်

ရုတ်တရက် ချွင်ဟူသည့် အသံတစ်ခုထွက်ပေါ်လာရာ ချင်းယင်မှာ အလွန်အမင်း ထိတ်လန့်သွား၏။ ထိုအခါ ချင်းဟူမှ ရှက်ရွံ့ဟန်သော အမူအရာဖြင့် ချင်းယင်ကို ကြည့်လာသည်။ ချင်းဟူသည် ကြေးရေဇလုံတစ်ခုကို မတော်တဆ နင်းမိသွားပြီး ရေများ ဖိတ်ကျသွားခြင်းဖြစ်သည်။

ချင်းယင် ချင်းဟူကို စိုက်ကြည့်လိုက်ပြီး ပြောသည်။

“သတိထားလေ”

ချင်းဟူသည် မျက်နှာရှုံ့မဲ့လျက် ပြန်ပြောသည်။

“အာ ဟုတ်ကဲ့”

ခဏမျှစောင့်ကြည့်ပြီး ဘာမျှအထူးအထွေဖြစ်မလာသောအခါ ချင်းယင်တို့သုံးဦးသည် ဆက်လက်ရှာဖွေသည်။ ပတ်ဝန်းကျင်မှာ မှောင်မဲနေပြီး အလင်းမရှိသောကြောင့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်များဖြစ်သည့်တိုင် ရှာဖွေရခြင်းမှာ ခက်ခဲလှသည်။

သူတို့သုံးဦးသည် နေရာအနှံ့ရှာဖွေခဲ့ကြသည်။

တစ်ဖက်၌ ဒုတပ်မှူးသည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ မြင်းကို အပြေးနှင်သွားခဲ့ပြီး ရောက်သောအခါ မြင်းပေါ်မှ ဆင်းလိုက်သည်။ အစောင့်များသည် ရောက်လာသူမှာ ဒုတပ်မှူးဖြစ်ကြောင်း မြင်သောအခါ အမြန်ပြောကြသည်။

“ဒုတပ်မှူး ဘာလို့ ဒီလောက်အစောကြီး ပြန်လာတာပါလဲ။ ပျော်ဖို့မကောင်းလို့လား”

ဒုတပ်မှူးမှ ပြောသည်။

“အဲဒီကိစ္စကိုထားလိုက်ဦး။ ငါ့ကို တပ်မှူးချီမုကောဆီ ခေါ်သွားပေးစမ်းပါ”

ထို့နောက် ဒုတပ်မှူးသည် ချီမုကောနှင့် တွေ့ဆုံကာ အခြေအနေကို ရှင်းပြခဲ့သည်။ ချီမုကော မျက်မှောင်ကြုတ်လိုက်ပြီး ဒုတပ်မှူးကို ကြည့်၍ ပြောသည်။

“မင်း အမြင်မှားတာတော့ မဟုတ်ပါဘူးနော်။ သေရည်သောက်ထားပြီး ပေါက်ကရပြောနေတာမျိုး မဖြစ်စေနဲ့ဦး”

“တပ်မှူး စိတ်ချပါ။ ကျွန်တော် ပေါက်ကရပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာပါ”

ထိုအခါ ချီမုကောသည် အစောင့်များကို မေးလိုက်သည်။

“သခင်ကြီး အိပ်ရာဝင်သွားပြီလား”

အစောင့်တစ်ယောက်မှ ပြန်ဖြေသည်။

“သခင်ကြီးက ခုနကပဲ အစေခံမိန်းကလေးနှစ်ယောက်ကို ဆင့်ခေါ်ခဲ့ပါတယ်…”

ချီမုကော နားလည်လိုက်သည်။ သခင်ကြီးသည် လောကစည်းစိမ်ကို ပျော်မွေ့နေခြင်းပင်။ ထို့နောက် ပြောသည်။

“သခင်ကြီးယဲ့လု အားသွားတဲ့အခါ ငါ စွင်းမိသားစုပန်းပဲရုံကို သွားစစ်ဆေးတယ်လို့ ပြောလိုက်ပါ။ ငါပြန်လာရင် အခြေအနေ အသေးစိတ်ကို ပြန်တင်ပြပါမယ်လို့”

ထို့နောက် ချီမုကော အမိန့်ပေးလိုက်သည်။

“ငါနဲ့အတူ စစ်သည်နှစ်ဆယ်လိုက်ခဲ့”

“ဟုတ်ကဲ့”

ထိုသို့အမိန့်ပေးခဲ့ပြီး တပ်မှူးချီမုကောနှင့်တပ်ဖွဲ့သည် အရှေ့မြို့ရှိ စွင်းမိသားစုပန်းပဲရုံသို့ ချီတက်ကြသည်။ ဒုတပ်မှူးသည် ရှေ့ဆုံးမှ ဦးဆောင်သွား၏။ အကယ်၍ တစ်စုံတစ်ရာကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါက ဤသည်မှာ သူ့အတွက် ဆုလာဘ်ခံစားရရှိနိုင်သည့်ကိစ္စရပ်ဖြစ်သည်။ ကြည့်ရသည်မှာ ညီနောင်ဟူသည် သူ၏ကံကောင်းမှုကြယ်လေး ဖြစ်ပုံရပေသည်။

ချီမုကော၊ ဒုတပ်မှူးဦးဆောင်သည့် တပ်ဖွဲ့သည် စွင်းမိသားစုပန်းပဲရုံသို့သွားသည့်လမ်းတွင် ရောက်နေပြီဖြစ်သည်။ ထိုစဉ် ရှောင်ဟူသည် သူ၏ဟင်းပွဲထဲသို့ ရှာလကာရည်တစ်ဇွန်း ခပ်ထည့်လိုက်ရင်း ပေါက်စီကို မြိန်ရှက်စွာ စားသောက်နေသည်။ ပါးစပ်ထဲမှ ပေါက်စီများကို မျိုချလိုက်ရင်း ရှောင်ဟူသည် သူ၏လက်အောက်ငယ်သားကို ပြောလိုက်သည်။

“ပြန်သွားပြီး ခန်းမအရှင်သခင်ကို ငါးစာဟပ်ပြီလို့ သတင်းပို့လိုက်။ ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်”

All Chapters