← Chapters

အခန်း (၆၁၄)

Vol. 51 Ch. 614

အခန်း (၆၁၄)

Vol. 51 Ch. 614

အခန်း 614

“ဟုတ်ကဲ့”

ထိုအခါ လက်အောက်ငယ်သားသည် လမ်းကြားငယ်လေးထဲသို့ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ထိုစဉ် စွင်းမိသားစုပန်းပဲရုံ၏ အပြင်ဘက်သို့ လူတစ်စုရောက်ရှိလာသည်။ ထိုသူများသည် မီးတုတ်များကိုင်ဆောင်ထားကြရာ လမ်းတစ်ခုလုံး အနီရင့်ရောင်တောက်ပနေတော့သည်။

ထိုအချိန်၌ ချင်းယင်တို့သည် အိမ်တော်ထဲတွင် ရှာဖွေနေကြသည်။ ၁၅မိနစ်ကျော်ကြာမြင့်သွားပြီဖြစ်ရာ ချင်းယင်တို့သည် ထွက်သွားသင့်ပြီဖြစ်၏။ သို့သော် ချန်ကျိုစစ်ပြောသည့် လျှို့ဝှက်စာကို ရှာမတွေ့သေးပေ။

အခု ဘယ်လိုလုပ်ရမလဲ။ ချန်ကျိုစစ်က ငါတို့ကို လှည့်စားလိုက်ပြီလား။

ချင်းယင်တွေးနေစဉ် ချင်းပေါင်မှ အပြေးရောက်လာပြီး ပြောသည်။

“အစ်ကိုကြီး မကောင်းတော့ဘူး။ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က စစ်သည်တွေ ရောက်လာပြီ”

ထိုအခါ ချင်းယင်လှည့်ကြည့်လိုက်သည်။ ကောင်းကင်တစ်ဝက်ထိတိုင် လျှံတက်နေသည့် မီးတုတ်အလင်းရောင်များကို မြင်လိုက်ရ၏။ ချင်းယင် မျက်နှာအမူအရာပြောင်းလဲသွားကာ ပြောလိုက်သည်။

“သူတို့ရောက်လာတာမြန်သားပဲ။ ညီ၂ဘယ်မှာလဲ။ ဆုတ်ကြမယ်”

ချင်းပေါင်မှ ခေါ်သည်။

“အစ်ကို၂ အစ်ကို၂…”

“အစ်ကိုကြီး ဒီကိုလာကြည့်၊ ဒီမှာ ယန္တရားတစ်ခုရှိတယ်”

ထိုစဉ် ချင်းဟူသည် ယန္တရားတစ်ခုကို ရှာတွေ့ခဲ့သဖြင့် စိတ်လှုပ်ရှားတက်ကြွနေခဲ့သည်။

ကြည့်ပါလား။ သန့်စင်ခန်းဘေးမှာ ရှာဖို့အတွေးကို ငါပဲ တွေးမိတာ။

ချင်းယင် လှည့်ကြည့်လာချိန်တွင် ချင်းဟူသည် ယန္တရားကို ဖွင့်လိုက်ပြီဖြစ်သည်။ သန့်စင်ခန်းဘေးတွင် လျှို့ဝှက်အခန်းတစ်ခု ထွက်ပေါ်လာသည်။

လျှို့ဝှက်စာသည် ထိုအခန်းထဲတွင် ရှိနေလောက်မည်ဟု ချင်းယင် တွေးမိလိုက်သည်။ သို့သော် လက်ရှိတွင် သူတို့သည် ထိုလျှို့ဝှက်အခန်းထဲ ဝင်မကြည့်နိုင်သေးပေ။

အခုနေ အဲဒီအခန်းထဲ ဝင်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် အိုးတစ်လုံးထဲ ထည့်ပိတ်လိုက်သလို ဖြစ်သွားမယ် မဟုတ်လား။

အရှေ့ဘက်တံခါးရှိ ချိတ်ပိတ်စာရွက်ကို ဆွဲဖြဲကာ တံခါးဖွင့်နေသည့်အသံကို ချင်းယင်တို့လည်း ကြား‌နေရလေပြီ။ ထို့နောက် တံခါးကိုချည်နှောင်ထားသည့် သံကြိုးသံများ…

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်စစ်သည်များ ရောက်လာလေပြီ။

မဖြစ်ဘူး။ ငါတို့ကို တွေ့သွားလို့မဖြစ်ဘူး။

“အဲဒီအခန်းကိုပိတ်လိုက် ပိတ်လိုက်”

ချင်းယင်သည် ချီမုကောတို့မှ လျှို့ဝှက်အခန်းကို ရှာမတွေ့စေရန် မျှော်လင့်ချက်ဖြင့် ချင်းဟူအား လျှို့ဝှက်အခန်းတံခါးကို ပြန်ပိတ်ရန် အလျင်စလို ပြောလိုက်သည်။ လျှို့ဝှက်အခန်းကို ရှာမတွေ့ပါက လျှို့ဝှက်စာကိုလည်း ရှာမတွေ့လောက်တော့ပေ။

ချင်းဟူသည် စိတ်ရှုပ်ထွေးသွား၏။

ပိတ်လိုက်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ငါ အခုမှ ရှာတွေ့တာကို။

ချင်ပေါင်သည် တုံ့ပြန်မှုလျင်မြန်စွာဖြင့် သွား၍ ယန္တရားကို ပြန်ပိတ်လိုက်သည်။ ထို့နောက် ချင်းဟူကို ဆွဲခေါ်က နံရံထက်သို့ ပျံသွားခဲ့သည်။ ချင်းယင်လည်း နောက်မှလိုက်သွား၏။

ထိုစဉ် စွင်းမိသားစုပန်းပဲရုံ၏ တံခါးမကြီး ပွင့်သွားပြီး စစ်သည်များ ဝင်ရောက်လာသည်။

ချီမုကောလည်း ဝင်ရောက်လာပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုရာ မည်သူမျှ ရှိမနေပေ။ သို့သော် မြေပြင်ရှိ မခြောက်သေးသည့် ရေကွက်ကို သတိထားမိလိုက်သည်။ ဤသည်မှာ မကြာသေးမီက တစ်ယောက်ယောက်လာသွားသည့် သက်သေပင်။ သို့မဟုတ်ပါက ဤသို့ရေကွက်မျိုး ရှိနေမည် မဟုတ်ပေ။

ချီမုကော လက်ဝှေ့ယမ်းလိုက်သည်။

“ရှာကြ”

ထိုအခါ စစ်သည်များသည် ချက်ချင်း စတင်ရှာဖွေကြသည်။ ချင်းယင်နှင့်အခြားသူများသည်တော့ တစ်စုံတစ်ရာ ရှာတွေ့၊မတွေ့ အဖြေကိုသိရသည်အထိ စောင့်နေခဲ့သည်။

စစ်သည်၂၀သည် သူတို့သုံးဦးတည်း ရှာဖွေခြင်းထက် ပိုမို၍ ရှာတွေ့နိုင်ခြေ မြင့်မားပေသည်။ ပစ္စည်းရှာဖွေခြင်းသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့် ဖြစ်ခြင်း၊မဖြစ်ခြင်းနှင့် မသက်ဆိုင်ပေ။ အချို့သော အသေးစိတ်အချက်များသည် သာမန်လူများ၏ မျက်လုံးတွင် ပို၍ပင် ထင်ရှားသေး၏။

သို့ဖြင့် ၁၅မိနစ်မပြည့်သေးသည့် အချိန်လေးအတွင်း၌ အစောင့်တစ်ယောက်မှ အော်ဟစ်လာသည်။

“တပ်မှူး ဒီမှာ လျှို့ဝှက်လမ်းရှိနေတယ်”

ထိုစစ်သည်သည် သန့်စင်ခန်းအောက်ရှိ လျှို့ဝှက်အခန်းသို့ ဆက်သွယ်ထားသည့် လျှို့ဝှက်လမ်းကို ဖွင့်လိုက်ခြင်းဖြစ်ကြောင်း ချီမုကော မြင်လိုက်ရသည်။ ထိုအချိန်၌ အမှောင်ထဲတွင် ပုန်းနေသည့် ချင်းယင်၊ ချင်းပေါင်နှင့် ချင်းဟူတို့သည် မျက်မှောင်ကြုတ်လိုက်ကြသည်။

ချီမုကောသည် ဘာမျှမပြောဘဲ လျှို့ဝှက်လမ်းထဲသို့ လျှောက်သွားသည်။

လျှို့ဝှက်လမ်းကို ဖြတ်သန်းပြီးသောအခါ စစ်လက်နက်ပစ္စည်းပမာဏတစ်ခုအထိ သိုလှောင်ထားရန် လုံလောက်သည့် အခန်းတစ်ခန်းကို မြင်လိုက်ရသည်။

‌ဆိုတော့ အရင်တစ်ခေါက် ရှာဖွေတုန်းက သူတို့က စစ်လက်နက်ပစ္စည်းတွေကို ဒီအခန်းထဲ ထည့်ဖွက်ပြီး အပြင်ကနေ ယန္တရားနဲ့ ပိတ်ထားလို့ ရတာပေါ့။

ချီမုကော မျက်မှောင်ကြုတ်လိုက်သည်။

သူတို့က ဘာလို့ အဲဒီတုန်းက စစ်လက်နက်ပစ္စည်းတွေကို ကြိုတင်ဖွက်ထားပြီးသား ဖြစ်နေရတာလဲ။ တစ်ယောက်ယောက်က သတိပေးခဲ့တာကြောင့်လား။

တစ်ယောက်ယောက်က သတိပေးခဲ့သည်ဟူသည့် အတွေးတွင် ချီမုကောသည် ထိုနေ့က နန်ပါးထျန်း၏အပြုအမူကို သတိရမိသွားခဲ့သည်။ အထူးသဖြင့် ဇနီးသည် မီးဖွားသည်ဟူသည့် အကြောင်းပြချက်ဖြင့် ထွက်ပြေးသွားသည့် ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ယောက်မှာ ပို၍ မသင်္ကာဖွယ်ဖြစ်သည်။ ထိုအဖွဲ့သားကို အခုထိ ရှာမတွေ့သေးပေ။

အကယ်၍ အဲဒီအစောင့်က သတိသွားပေးခဲ့တာဆိုရင် စွင်းထျဲချွေ့မှာ စစ်လက်နက်ပစ္စည်းတွေကို ရွှေ့ပြောင်းကွယ်ဝှက်ဖို့ အချိန်အများကြီးရတာပဲ။

ထိုသို့အတွေးဖြင့် ချီမုကော၏အကြည့်များ နက်ရှိုင်းသွား၏။

‌အရှေ့မြို့ဂိတ်တံခါးရဲ့ဖြစ်ရပ်နဲ့ ပေါင်းလိုက်ရင် နန်ပါးထျန်းက တကယ် မသင်္ကာစရာပဲ။

ချီမုကောသည် လျှို့ဝှက်အခန်းကို ရှာဖွေကြည့်ခဲ့ပြီး ဘာမျှရှာမတွေ့ခဲ့ပေ။

အချို့သော အသုံးမဝင်သည့် ခြင်းများ၊ အဖုံးများနှင့်…

“တပ်မှူး”

ထိုစဉ် စစ်သည်တစ်ဦးသည် အရေးကြီးစာရွက်စာတမ်းများကို မီးရှို့ရန်အသုံးပြုသည့် ကြေးဇလုံတစ်လုံးကို လက်ညှိုးညွှန်ပြလာသည်။ ယခု ထိုကြေးဇလုံထဲတွင် စက္ကူပြာများဖြင့် ပြည့်နေခဲ့သည်။

ချီမုကော မျက်မှောင်ကြုတ်လိုက်ပြီး ဓားအိမ်ဖြင့် ပြာများကို မွှေနှောက်ကြည့်ရာ နောက်ဆုံးတွင် တစ်ပိုင်းတစ်စ မီးလောင်နေသည့် စာရွက်အပိုင်းအစများကို ရှာ‌တွေ့ခဲ့သည်။

ချီမုကော ငုံ့ကိုင်း၍ ထိုစာရွက်အပိုင်းအစများကို သေချာကြည့်လိုက်သည်။

အပိုင်းအစတစ်ခုသည် [သံသတ္တုကို ချိတ်ပိတ်…]

နောက်တစ်ပိုင်း [အမြန်ထွက်ခွာပါ]

နောက်တစ်ပိုင်း [ထာဝရမငြိမ်းသတ်တဲ့ အနန္တမီးလျံ၊ စုန့်မင်းဆက်ကို ပြန်သိမ်းမယ်…]

ချီမုကောသည် ကိုယ်ကို ငုံ့ကိုင်းလျက် ထိုစာရွက်အပိုင်းအစသုံးခုကို မျက်မှောင်ကြုတ်ကြည့်နေသည်။ ထိုအပိုင်းအစများတွင် အရေးပါသည့်အချက်အလက်များ မပါဝင်သော်ငြား အချို့ကိုဖြင့် ခန့်မှန်းနိုင်ပါသည်။

ဥပမာ ပထမအပိုင်းအစရှိ သံသတ္တုကို ချိတ်ပိတ်ဟူသည့် စာသည် သခင်ကြီးယဲ့လုမှ သတ္တုတွင်းများကို ချိတ်ပိတ်သည့်အကြောင်းဖြစ်သည်။

အဲဒါက သူတို့လက်နက်ထုတ်လုပ်တာကို သက်ရောက်မှုရှိလို့လား။

ဒုတိယအပိုင်းအစက အမြန်ထွက်ခွာပါဆိုတာက သူတို့ အဖမ်းခံရတော့မယ်ဆိုတာကို ကြိုသိနေခဲ့တာလား။

တတိယအပိုင်းအစက ပိုလို့တောင် စိတ်ဝင်စားဖို့ ကောင်းသေးတယ်။ “ထာဝရမငြိမ်းသတ်တဲ့ အန္တမီးလျံ၊ စုန့်မင်းဆက်ကို ပြန်သိမ်းမယ်”ဟူသည် မိန်ဂိုဏ်း၏ဆောင်ပုဒ်ဖြစ်သည်။

မိန်ဂိုဏ်းသည် စုန့်မင်းဆက်ကို ပြန်သိမ်းယူဖို့အတွက် အမြဲကြိုးပမ်းနေခဲ့ပြီး သူတို့၏ဂိုဏ်း၏ ဆက်ခံသူသည် စုန့်ဧကရာဇ်၏ တော်ဝင်မျိုးဆက်ဖြစ်သည်၊ ကပ်ဘေးကျရောက်လာမည်ကို ကာကွယ်ရန်အတွက် မျိုးရိုးနာမည်‌ပြောင်းလဲလိုက်ခြင်းဖြစ်သည်ဟုလည်း ပြောဆိုကြသည်။

ကြည့်ရသည်မှာ ဤစာများသည် မိန်ဂိုဏ်းအတွက် ရည်ရွယ်သည့်စာများ ဖြစ်ပုံရ၏။ သူပုန်များသည် စာဖတ်ပြီးသည်နှင့် စာများကို မီးရှို့ခဲ့ခြင်းဖြစ်ပေမည်။

သို့သော် ဤစာအပိုင်းအစများမှတစ်ဆင့် ကိစ္စအချို့ကို အတည်ပြုနိုင်ပါသည်။ အထူးသဖြင့် ဤလက်ရေးဖြစ်သည်။

ချီမုကော မျက်မှောင်ကြုတ်လိုက်သည်။ ဤလက်ရေးသည် နန်ပါးထျန်း၏လက်ရေးနှင့် အလွန်တူညီသည်။ ချင်းယင်တို့ညီအစ်ကိုသုံးဦး လာရောက်ရှာဖွေခဲ့သည့် အချက်ကိုပါ ပေါင်းလိုက်ပါက…

တကယ်ပဲ မိန်ဂိုဏ်းနဲ့ပူးပေါင်းနေတဲ့သူက နန်ပါးထျန်းလား။

All Chapters