အခန်း (၆၁၇)
Vol. 51 Ch. 617
အခန်း 617
စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၌
ယဲ့လုဖုန်းသည် ခန်းမထိပ်ရှိ ထိုင်ခုံတွင် ထိုင်လျက် တည်ငြိမ်အေးဆေးဟန်သော အမူအရာဖြင့် လက်ဖက်ရည်သောက်သုံးနေသည်။ ချီမုကောသည် ဘေးတွင် ရပ်နေသည်။ ထိုစဉ် နန်ပါးထျန်းရောက်ပြီး တံခါးရှေ့တွင် စောင့်ဆိုင်းကြောင်း အိမ်တော်ထိန်းမှ အကြောင်းကြားလာသည်။
ထိုအခါ ယဲ့လုဖုန်းသည် အိမ်တော်ထိန်းကို ကြည့်လာပြီး ပြောသည်။
“အထဲဝင်ခိုင်းလိုက်”
“ဟုတ်ကဲ့”
အိမ်တော်ထိန်းမှ ပြန်ပြောသည်။ ယဲ့လုဖုန်းသည် ချီမုကောကို လှည့်ကြည့်ကာ တိတ်တဆိတ်ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ ချီမုကောသည် ဘာမှမပြောဘဲ ဘေးဘက်သို့ သွားရပ်လိုက်သည်။
ထို့နောက် နန်ပါးထျန်းနှင့် ထန်ဇီယွဲ့ ဝင်ရောက်လာသည်။
အထဲရောက်သည်နှင့် နန်ပါးထျန်းသည် ကြမ်းပြင်ထက် ဒူးထောက်ချလိုက်ပြီး ချက်ချင်းလျှောက်တင်တော့သည်။
“သခင်ကြီးယဲ့လု အား ကျွန်တော် မတရားစွပ်စွဲခံရတာပါ။ သခင်ကြီး ကျွန်တော့်အတွက် တရားမျှတမှုရယူပေးရပါမယ်။ တရားမျှတမှုကို ရယူပေးပါ”
နန်ပါးထျန်းသည် ကြွက်စုတ်တစ်ကောင်အလား တစ်အီအီငိုကြွေးမည်တမ်းနေလေရာ နေရာရှိလူအားလုံးကို လုံးဝ အံ့ဩသွားစေခဲ့သည်။
ချီမုကောသည် နန်ပါးထျန်းမှ အကြမ်းဖက်သည့်နည်းလမ်းဖြင့် တုံ့ပြန်လာမည်ဟု တွေး၍ အသင့်ပြင်ထားခဲ့ရာ သူ၏လက်သည် ဓားရိုးထက် အသင့်တင်ထားပြီး ဖြစ်သည်။ သို့သော် ယခုတွင်တော့ နေရာတွင်သာ ကြောင်အစွာဖြင့် ရပ်လျက် ဘယ်တစ်ပြန်ညာတစ်ပြန်ကြည့်ကာ တိုက်သင့်၊မတိုက်သင့် စဉ်းစားနေရလေသည်။
သူ၏မျက်နှာမှာ စိတ်ရှုပ်ထွေးမှုများ အတိုင်းသား ထင်ဟပ်နေတော့၏။
ပို၍ အံ့ဩသွားသူမှာ ထန်ဇီယွဲ့ဖြစ်သည်။ ထန်ဇီယွဲ့သည် ပါးစပ်အဟောင်းသား ဖြစ်နေ၏။
ဒါက အထက်စီးဆန်ပြီး အံ့ချီးဖွယ်ကောင်းလောက်အောင် ဂုဏ်သိက္ခာကြီးမားတဲ့ မျန့်ရွှေကို အုပ်စိုးနိုင်စွမ်းရှိတဲ့ သူသိထားတဲ့ ခေါင်းဆောင်နန်မှ ဟုတ်ရဲ့လား။
ယဲ့လုလည်း တွေဝေသွား၏။ နန်ပါးထျန်းမှ ဤမျှမြန်မြန် ဒူးထောက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ယဲ့လုဖုန်းသည် နန်ပါးထျန်းကို ခဏမျှ စိုက်ကြည့်နေပြီးနောက် မေးသည်။
“ခေါင်းဆောင်နန် ဒါက ဘာအဓိပ္ပာယ်လဲ”
နန်ပါးထျန်းမှ ပြောသည်။
“သခင်ကြီးယဲ့လု ကျွန်တော့်ကို ဖုံးကွယ်မနေပါနဲ့တော့။ ကျွန်တော် အကုန်လုံး သိထားပြီးပါပြီ။ ကျွန်တော် စွပ်စွဲခံရတာပါ။ ကျွန်တော် ဘယ်တုန်းကမှ မိန်ဂိုဏ်းနဲ့ လျှို့ဝှက်ကြံစည်ခြင်း မရှိခဲ့သလို စွင်းထျဲချွေ့နဲ့လည်း မပူးပေါင်းခဲ့ဖူးပါဘူး။ ကျွန်တော်က အမြဲတမ်း သခင်ကြီးရဲ့ သစ္စာအရှိဆုံးငယ်သားပါ။ ကျွန်တော် တော်ဝင်နန်းတော်ကို ဆန့်ကျင်တဲ့ ဘယ်လုပ်ရပ်မျိုးကိုမှ မလုပ်ရဲပါဘူး”
နန်ပါးထျန်းသည် သနားချင့်ဖွယ်ကောင်းလောက်အောင် အော်ဟစ်မြည်တမ်းလေသည်။ ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။
“အို ကြည့်ရတာ ခေါင်းဆောင်နန်က စွင်းမိသားစုပန်းပဲရုံမှာ ရှာတွေ့တဲ့ လျှို့ဝှက်စာအကြောင်းကို သိထားပြီးပုံပဲ”
“သခင်ကြီး ကျွန်တော် မလုပ်ခဲ့ဖူးပါဘူး။ လုံးဝ မဟုတ်ရပါဘူး။ ကျွန်တော်… ကျွန်တော် စွင်းထျဲချွေ့ကို အဲဒီလိုစာမျိုး ဘယ်တုန်းကမှ မရေးခဲ့ဖူးပါဘူး။ ကျွန်တော်က ရူးနေလို့လား။ တကယ်လို့ ကျွန်တော်က မိန်ဂိုဏ်းနဲ့ တကယ်ပူးပေါင်းနေတာဆိုရင် ကျွန်တော်က အခုလိုမျိုး စာသက်သေကျန်နေစေမှာပါလား။ နောက်တစ်လှမ်းဆုတ်စဉ်းစားရင်တောင် ဒီလိုသက်သေဖြစ်နိုင်တဲ့ စာမျိုးကို ကျွန်တော် ဖတ်ပြီးတာနဲ့ မီးရှို့ဖျက်ဆီးပစ်ခဲ့လောက်မှာပါ။ သခင်ကြီး ရှာတွေ့တဲ့အထိ ဖြစ်လာနိုင်ပါ့မလား သခင်ကြီး”
နန်ပါးထျန်းသည် သူ၏အခြေအနေကို သနားချင့်ဖွယ်ကောင်းလောက်အောင် လျှောက်တင်သည်။
ထိုအခါ ယဲ့လုဖုန်းသည် နန်ပါးထျန်းကိုကြည့်၍ ပြောသည်။
“အို ခေါင်းဆောင်နန်က အဲဒီလျှို့ဝှက်စာက မီးမရှို့ရသေးတဲ့စာလို့ ထင်နေတာလား”
“မီးရှို့ခံထားရတဲ့စာလား”
ယခုတွင် နန်ပါးထျန်းသည် လုံးဝ လမ်းပျောက်သွားတော့သည်။ ယဲ့လုဖုန်းသည် အနီးအနားမှ လင်ဗန်းတစ်ဗန်းကို ယူလာပေးနေသည့် ချီမုကောကို ကြည့်လိုက်သည်။ လင်ဗန်းထဲတွင် မီးရှို့ခံထားရသည့် စာရွက်အပိုင်းအစသုံးခု ရှိနေသည်။ ထိုလင်ဗန်းကို နန်ပါးထျန်း၏ရှေ့သို့ ယူလာပေး၏။
နန်ပါးထျန်း ငုံ့ကြည့်လိုက်ပြီး ပြောသည်။
“ဒါတွေက ဘာတွေလဲ”
ချီမုကောမှ ပြန်ပြောသည်။
“မင်း စွင်းထျဲချွေ့ဆီ ရေးထားတဲ့ လျှို့ဝှက်စာတွေလေ”
“ကျွန်တော် ဒါက… ဒါလေးနဲ့ ဘာကိုသက်သေပြနိုင်မှာမလို့လဲ”
နန်ပါးထျန်းမှ မီးလောင်ထားသည့် စာရွက်အပိုင်းအစများကို လက်ညှိုးထိုးလျက် ပြောသည်။ ထန်ဇီယွဲ့သည်တော့ မျက်နှာမှုန်မှိုင်းလျက် ဘေးမှ ရပ်ကြည့်နေသည်။
ငါ ချန်ကျိုစစ်ရဲ့ ကြံရည်ဖန်ရည်ကို လျှော့တွက်မိသွားတာပဲ။ မီးရှို့ခံထားရတဲ့ စာရွက်အပိုင်းအစတွေကို ဖန်တီးတာမျိုး ဒီလိုစက်ဆုပ်ဖို့ကောင်းတဲ့ နည်းဗျူဟာကိုတောင် အသုံးပြုတယ်။ ဒီမီးရှို့ခံထားရတဲ့ စာရွက်အပိုင်းအစတွေက အကောင်းပကတိစာတစ်စောင်ထက် သေချာပေါက် လူကို ပိုပြီး သံသယဝင်စေနိုင်တယ်။ အထူးသဖြင့် စာရွက်တွေကို မီးဖိုလို နေရာမျိုးမှာ ရှာတွေ့ခဲ့ရင်ပေါ့။
ထိုသို့အတွေးဖြင့် ထန်ဇီယွဲ့သည် ချီမုကောကို ကြည့်၍ မေးလိုက်သည်။
“တပ်မှူး ဒီစာရွက်အပိုင်းအစတွေကို ဘယ်မှာရှာတွေ့ခဲ့တာပါလဲ”
“စွင်းထျဲချွေ့ပန်းပဲရုံက လျှို့ဝှက်အခန်းထဲက ကြေးမီးဖိုခွက်ထဲမှာ.. အဲဒီက ပြာတွေကြားထဲက ရှာတွေ့ခဲ့တာ”
ထန်ဇီယွဲ့ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
ချန်ကျိုစစ်က တကယ် အသေးစိတ်စီစဉ်ထားတာပဲ။ အရေးကြီးတဲ့အချက်အားလုံးကို ပစ်မှတ်ထား စီစဉ်ထားတယ်။ ရန်သူရဲ့မီးလင်းဖိုထဲကနေ ထွက်လာတဲ့ စာရွက်အပိုင်းအစသက်သေထက် လူကို ယုံကြည်စေနိုင်တဲ့သက်သေ ရှိပါဦးမလား။
ထန်ဇီယွဲ့ ထိုစာရွက်အပိုင်းများကို ဖတ်ကြည့်လိုက်သည်။
[သံသတ္တုကို ချိတ်ပိတ်] [မြန်မြန်ထွက်ခွာပါ] [ထာဝရမငြိမ်းသတ်တဲ့ အနန္တမီးလျံ၊ စုန့်မင်းဆက်ကို ပြန်သိမ်းယူမယ်…]
ထန်ဇီယွဲ့၏ မျက်နှာအမူအရာပြောင်းလဲသွား၏။ အဓိကစကားလုံး ရွေးချယ်မှုသည် အလွန်အရေးကြီးပေသည်။ လူတစ်ယောက်၏ အတွေးစိတ်ကူးကို များစွာလျှောက်တွေးမိစေရန် လုံလောက်၏။
ပြီးတော့ ဒီလက်ရေးက…
ထန်ဇီယွဲ့၏မျက်ခုံးများမှာ ပို၍ပင် တွန့်ချိုးသွားတော့သည်။ ဤလက်ရေးသည် ခေါင်းဆောင်ကိုယ်တိုင် ရေးထားသည့်အလားပင်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
ထိုစဉ် ချီမုကောသည် အားလုံး၏ရှေ့မှောက်၌ စာရွက်အပိုင်းများကို လှုပ်ခါပြကာ နန်ပါးထျန်းရှေ့တွင် ပြန်ထားလိုက်သည်။
“ခေါင်းဆောင်နန် ခင်ဗျား ဒါကိုရှင်းပြမပေးချင်ဘူးလား”
နန်ပါးထျန်းမှ မေးသည်။
“ဘာကိုရှင်းပြရမှာလဲ”
ယဲ့လုဖုန်းမှ ရယ်မောလျက် ပြောသည်။
“ကဲပါ ခေါင်းဆောင်နန်၊ မင်း ငါ့ကို ရှင်းပြစမ်းပါ။ ‘သံသတ္တုကို ချိတ်ပိတ်’ဆိုတာ ဘာအဓိပ္ပာယ်လဲ။ မင်း စွင်းထျဲချွေ့ကို သတင်းပို့ဖို့ကြိုးစားခဲ့တာမလား”
“ဟမ်”
နန်ပါးထျန်းမှာ ဘာပြောရမှန်းမသိ ဖြစ်နေ၏။ ယဲ့လုဖုန်းမှ ဆက်ပြောသည်။
“မြန်မြန်ထွက်ခွာပါတဲ့လား။ မင်း ဒါက တစ်ခုခုကို အချက်ပြနေတာများလား”
“ပြီးတော့ ဒီဟာ”
“ဘာတဲ့၊ ထာဝရမငြိမ်းတဲ့ အနန္တမီးလျံ၊ စုန့်မင်းဆက်ကို ပြန်သိမ်းမယ်တဲ့လား”
ယဲ့လုဖုန်းသည် နန်ပါးထျန်းအား လှောင်ရယ်ဟန်သော အမူအရာဖြင့် ကြည့်နေခဲ့သည်။
“ခေါင်းဆောင်နန်မှာ ဒီလိုရည်မှန်းချက်ကြီးတွေ ရှိနေမယ်လို့ ဘယ်သူကများ ထင်ထားမှာတဲ့လဲ။ စုန့်မင်းဆက်ရဲ့ဂုဏ်သရေကို ပြန်ဆောင်ကြဉ်းပြီး ဟန့်လူမျိုးတွေရဲ့မြေကို ပြန်သိမ်းမယ်၊ ပြီးတော့ မင်းတို့က ငါတို့ကိုဘယ်လိုခေါ်တာပါလိမ့်”
ယခုတွင် နန်ပါးထျန်း၏မျက်နှာမှာ အတော်လေး ကြည့်ရဆိုးနေပေပြီ။ ယဲ့လုဖုန်းမှ ပြောသည်။
“အိုး ဟုတ်သား၊ လူရိုင်းတွေလို့ ခေါ်ကြတာပဲ။ လူရိုင်းတွေကို မောင်းထုတ်ပြီး တရုတ်ပြည်ကြီးကို ပြန်ထူထောင်မယ် ဟုတ်တယ်မလား”
“ခေါင်းဆောင်နန်ရဲ့ ဒီလိုကြီးမြတ်တဲ့မျိုးချစ်စိတ်က လူကို ဉာဏ်အလင်းပွင့်စေပါတယ်။ ဒီလိုတိုင်းပြည်ချစ်စိတ်မျိုးက တကယ့်ကို တုနှိုင်းမဲ့စိတ်ဓာတ်ပါပဲ”
“အာ သခင်ကြီးယဲ့လု ဘာတွေပြောနေတာပါလဲ။ ဘာကို အနန္တမီးလျံလဲ၊ ဘာကို နယ်မြေပြန်သိမ်းယူမယ်လဲ။ ကျွန်တော်က သခင်ကြီးရဲ့ကာကွယ်မှုအောက်မှာ မျန့်ရွှေစီရင်စုမှာ ငြိမ်းချမ်းတဲ့ဘဝလေးရရှိနိုင်ဖို့၊ တော်သင့်ရုံဘဝမျိုးနဲ့ ရှင်သန်နိုင်ဖို့ မျှော်လင့်နေရသူပါ။ မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး အဲဒီလို သစ္စာဖောက်ပုန်ကန်မှုကြီးကို ကြံစည်ဖို့မပြောနဲ့ သခင်ကြီးကို အရိုအသေမဲ့တဲ့လုပ်ရပ်မျိုး လုပ်ဆောင်ဖို့ကိုတောင် မတွေးဝံ့သူပါ”
“အို ဟုတ်လား”
ယဲ့လုဖုန်းသည် နန်ပါးထျန်းကို ကလူကျီစယ်ပြု၏။ နန်ပါးထျန်းမှ ပြောသည်။
“ဟုတ်ပါတယ် သခင်ကြီး။ ကျွန်တော် အဲဒီလိုကောက်ကျစ်ယုတ်မာတဲ့ လုပ်ရပ်မျိုးကို လုံးဝ မလုပ်ရဲပါဘူး။ ကျေးဇူးပြုပြီး သခင်ကြီးယဲ့လု အမှန်တရားကို မြင်အောင်ကြည့်ပေးဖို့ တောင်းဆိုပါတယ်”
ထိုအခါ ယဲ့လုဖုန်းသည် နန်ပါးထျန်းကို ပြုံးပြလာသည်။
“ဟား အရမ်းကောင်းတယ်။ နန်ပါးထျန်း ကိစ္စတွေက ဒီလိုဖြစ်လာမှတော့ အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ဖွင့်ထုတ်လိုက်ကြတာပေါ့။ မင်း အဲဒီစာကို ရေးခဲ့သလား မရေးခဲ့ဘူးလား”
“ကျွန်တော် ဘာလျှို့ဝှက်စာမှ လုံးဝ မရေးခဲ့ပါဘူး။ ကောင်းကင်ဘုံကို တိုင်တည်ကျိန်ဆိုပါတယ်။ အကယ်၍ ကျွန်တော် အဲဒီလျှို့ဝှက်စာကို ရေးခဲ့သည်ရှိသော် တစ်သက်တာလုံး သားသမီးမရနိုင်ဘဲ အမွေဆက်ခံမယ့်သူမရှိတဲ့အဖြစ်မျိုး ခံစားရပါစေ”
ဟမ်..
ထိုစကားတွင် ထန်ဇီယွဲ့၏ မျက်လုံးများ အနည်းငယ်မှေးကျုံ့သွားခဲ့သည်။ ခေါင်းဆောင်၏ ကျိန်ဆိုတိုင်တည်မှုသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် ရိုးသားမှု ရှိမနေခဲ့ပေ။