မိုးကောင်းကင်၏ဆန္ဒ (ဒုတိယပိုင်း)
Vol. 10 Ch. 961
ခရမ်းရောင်ကောင်းကင်ဘုံနန်းတော်တွင် မည်သည့်ပရိဘောဂပစ္စည်း ၊ အဆောင်အယောင် တစ်ခုမှ မရှိပေ။
အဘယ်ကြောင့်ဆိုသော်… မိုးကောင်းကင်၏ဆန္ဒသည် သက်ရှိသတ္တဝါတစ်ယောက် မဟုတ်ပေ။ ဖြစ်တည်မှုတစ်ခုသာ ဖြစ်လေရာ အရာဝတ္ထုများကို တပ်မက်စွဲလန်းခြင်းလည်း မရှိပေ။
ထိုအရာများက သူ့အတွက် အဓိပ္ပါယ်မရှိပေ။
ဤခရမ်းရောင်ကောင်းကင်ဘုံနန်းတော်သည်ပင်လျှင် ဆန်းလျန်၏ အတွေးများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မဟုတ်ပါက ဤနေရာတွင် မည်သည့်တည်ရှိမှုမှ ရှိမည် မဟုတ်ပေ။
ဆန်းလျန်၏အရှေ့တွင် တာအိုဆရာတစ်ယောက် ပေါ်လာလေသည်။
ထိုသူက ဟုန်ကျွင်းဖြစ်ကြောင်း ဆန်းလျန် သိလိုက်သည်။ သို့သော်… ထိုအရာက မိုးကောင်းကင်လမ်းစဉ်လည်း ဖြစ်သလို မိုးကောင်းကင်၏ဆန္ဒလည်း ဖြစ်သည်။ ထိုအရာများကြားတွင် ခြားနားချက်မရှီပေ။
ဆန်းလျန်က "ချန်ကျင်းချင်ကို ဧကရာဇ်တစ်ပါးဖြစ်အောင် လုပ်ပေးမည်" ဟု ပြောလိုက်သည့်စကားက သတိပေးစကားတစ်ခု ဖြစ်လေသည်။
သို့သော်… သူ့ရှေ့မှ တာအိုဆရာက ဒေါသချောင်းချောင်းထွက်သွားခြင်းမျိုး မရှိပေ။ ရွှမ်တုတောက်ကျွင်း ၊ တိကျန်ဗောဓိသကျတို့သာဆိုလျှင် ဒေါသချောင်းချောင်းထွက်သွားကြပေလိမ့်မည်။
ထိုသူ၏မျက်ဝန်းများထဲတွင် လောက၏ အမှန်တရားနှင့် မှားယွင်းမှုများက အတူတူပင်ဖြစ်နေပြီး အရာအားလုံးက ဗလာနတ္ထိဖြစ်နေလေသည်။ ထိုတာအိုဆရာတွင် "ငါ" ဆိုသည့် အတ္တပင် မရှိပေ။
လောကရှိ ကျင့်ကြံသူအများစုသည် အကြင်နာတရားကင်းမဲ့မှုကို သိရှိနားလည်ကြသည်။
သို့သော်… မိုးကောင်းကင်လမ်းစဉ်၏ အကြင်နာတရားကင်းမဲ့မှုကို ထိုတာအိုဆရာထံတွင် ရှင်းလင်းစွာ တွေ့မြင်ရသည်။
ထိုတာအိုဆရာက ဆန်းလျန်ကို စကားပြန်မပြာဘဲ လက်ညှိုးတစ်ချက်သာ ညွှန်ပြလိုက်လေသည်။
သူက ဆန်းလျန်ဖြင့် အကျိုးသင့်အကြောင်းသင့် စကားပြောနေစရာ မလိုပေ။
ဆန်းလျန်က ချန်ကျင်းချင်ကို ဧကရာဇ်တစ်ပါး ဖြစ်စေချင်သည်။ ဤသည်မှာ ဆန်းလျန်က မိုးကောင်းကင်၏ဆန္ဒကို ဆန့်ကျင်လိုခြင်းဖြစ်သည်။ မိုးကောင်းကင်၏ဆန္ဒကို ဆန့်ကျင်ခြင်းဆိုလျှင်တော့ ထိုပြဿနာကို ဖြေရှင်းရပေလိမ့်မည်။
အကယ်၍ မဖြေရှင်းနိုင်ပါက ပေးဆပ်ရမည့်တန်ဖိုးက ကြီးမားလွန်းသည်။ ဆန်းလျန်၏လုပ်ရပ်က စကြာဝဠာ၏ ဟန်ချက်ညီမှုကို ဖျက်စီးပစ်ပေလိမ့်မည်။ မိုးကောင်းကင်လမ်းစဉ်၏ လုပ်ဆောင်ချက်များရပ်တန့်သွားပြီး အစီအစဉ်တကျ ဖြစ်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ဆန်းလျန်က မိုးကောင်းကင်လမ်းစဉ်ကို တိုက်ရိုက်လာရောက်တွေ့ဆုံခြင်း ဖြစ်၏။
ဤတာအိုဆရာ၏ အတားအဆီးကို ကျော်လွှားနိုင်လျှင် ချန်ကျင်းချင်သည် လူ့လောက၏ ဘုရင်တစ်ပါးဖြစ်လာပြီး သူလုပ်ရမည့်အလုပ်များအတွက် အတားအဆီးများ သိပ်ရှိမည် မဟုတ်တော့ပေ။
အဓိကအချက်မှာ ယခုတိုက်ပွဲတွင် ဆန်းလျန် အနိုင်ရရန် လိုလေသည်။
ဆန်းလျန်၏ရှေ့မှ တာအိုဆရာက လက်ညှိုးညွှန်ပြသည်ကို ပြန်ရုတ်သိမ်းလိုက်သည်နှင့် ဆန်းလျန်သည် ခရမ်းရောင်ကောင်းကင်ဘုံနန်းတော်ထဲတွင် ရှိမနေတော့ပေ။ အဆုံးမရှိကျယ်ပြန့်သည့် သမုဒ္ဒရာကြီးအလယ်သို့ ဆန်းလျန် ရောက်ရှိသွားလေသည်။
ထိုသမုဒ္ဒရာကြီးက လောက၏ ဒုက္ခပင်လယ်ကို ကိုယ်စားပြုသည့် သမုဒ္ဒရာကြီး ဖြစ်လေသည်။
တာအိုဆရာယွိတင်နှင့် ယန်ကျန်းတို့ကို တိုက်ခိုက်ခဲ့စဉ်ကလည်း ဆန်းလျန် ထိုသို့သော လှည့်စားမှုမျိုးကို အသုံးပြုခဲ့ဖူးသည်။
သို့သော်… ယခု တာအိုဆရာက ထိုလှည့်စားမှုကို အသုံးပြုလိုက်ပြန်ပြီဖြစ်သည်။ သို့သော်… တာအိုဆရာ၏လှည့်စားမှုက ဆန်းလျန်ထက်ပိုပြီး ဆွဲဆောင်မှုရှိလေ၏။
ဤသို့ဖြစ်ရသည်မှာ တာအိုဆရာက ဆန်းလျန်ထက်ပိုပြီး တန်ခိုးစွမ်းအားမြင့်မားသောကြောင့် မဟုတ်ပေ။ လူ့လောကတွင်ခံစားကြရသည့် ဒုက္ခပင်လယ်သည် မိုးကောင်းကင်လမ်းစဉ်အတိုင်းသာ ဖြစ်သောကြောင့် ဖြစ်လေသည်။ ဒုက္ခပင်လယ်က သက်ရှိသတ္တဝါများနှင့်သာသက်ဆိုင်ပြီး မိုးကော်းကင်လမ်းစဉ်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည် မဟုတ်ပါလား။
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"ဒီလှည့်ကွက်လောက်နဲ့ ကျုပ်ကို အရူးလုပ်လို့ရမယ် မထင်နဲ့…"
ထို့နောက် ဆန်းလျန်ကလည်း လက်ညှိုးတစ်ချက်ညွှန်ပြလိုက်ရာ သမုဒ္ဒရာကြီးထက်တွင် ရွှေရောင်တံတားကြီးတစ်စင်း ထွက်ပေါ်လာလေသည်။
ဆန်းလျန်က ချက်ချင်းပင် ရွှေရောင်တံတားကြီးထက်သို့တက်သွားပြီး ဒုက္ခပင်လယ်ကို ဖြတ်ကျော်လိုက်သည်။
ဆန်းလျန်က တံတားထက်တွင် စိတ်အေးလက်အေးပင် လမ်းလျှောက်သွားပြီး တံတားဆုံးသည့်အခါ တာအိုဆရာ၏ ရှေ့သို့ ပြန်လည်ရောက်ရှိသွားလေသည်။
ဆန်းလျန် လည်ပြန်လှည့်ကြည့်လိုက်သည့်အခါ သူ့နောက်ဘက်တွင် ဒုက္ခပင်လယ်ကြီး လုံး၀ မရှိတော့ပေ။ မရှိမှုတရားကိုသာ တွေ့ရှိရလေသည်။
ဤသည်မှာ ဆန်းလျန်၏ ထိုက်ကျိကိုယ်ခွဲတန်ခိုးစွမ်းအား ဖြစ်လေသည်။ ထိုက်ချိယင်ယန်ပန်းချီကားကို တုပကာ ရွှေရောင်တံတားကြီးကို ဖန်ဆင်းလိုက်ခြင်း ဖြစ်၏။ ထို့နောက် ဒုက္ခပင်လယ်ကို အေးဆေးစွာပင် ဖြတ်ကျော်ခဲ့သည်။
ထိုသို့ ရွှေရောင်တံတားကြီးကို ဖန်ဆင်းနိုင်ရန် ရွှမ်တုတောက်ကျွင်းပင်လျှင် ထိုက်ချိယင်ယန်ပန်းချီကားကို အသုံးပြုရလေသည်။ သို့သော်… ရွှမ်တုတောက်ကျွင်းဖန်ဆင်းသည့် တံတားကြီးသည် ဆန်းလျန် ဖန်ဆင်းလိုက်သည့်တံတားကြီးထက် သာလွန်သည့်အရာ တစ်ချက်မှ မရှိပေ။
ဆန်းလျန်က အဘယ့်ကြောင့် ထိုသို့ဖန်ဆင်းမှုကို ပြုလုပ်နိုင်ရပါသနည်း။ ဆန်းလျန်က ရှန်းထျန်းဝူထိုက်မှ ထိုက်ကျိမူလဝိညာဉ်ခန္ဓာကို အောင်မြင်အောင် ကျင့်ကြံသွားနိုင်သောကြောင့် ဖြစ်သည်။
အခြားအရာများနှင့် မိမိကိုယ်တိုင်ကြားရှိ ကွဲပြားမှုကို နားလည်သွားလျှင် သိပ်အများကြီးသွားနေစရာ မလိုတော့ပေ။
ဒုက္ခပင်လယ်ကို ဖြတ်ကျော်လိုက်ပြီးသည်နှင့် ဆန်းလျန်၏ စိတ်ထဲတွင် ဝမ်းမြောက်ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ သူ၏ ထိုက်ကျိကိုယ်ခွဲသည်လည်း အတော်လေး ခရီးရောက်နေပြီ ဖြစ်သည်။
ယနေ့တိုက်ပွဲက ထိုက်ကျိကိုယ်ခွဲ အောင်မြင်မှုရရှိရန်အတွက် အခွင့်အရေးတစ်ခု ဖြစ်ပေလိမ့်မည်။
ဆန်းလျန်က ထိုက်ကျိကိုယ်ခွဲကို ကျင့်ကြံအောင်မြင်ပြီး ရွှေရောင်တံတားကြီးကို ဖန်ဆင်းနိုင်သည်ကိုသာ သိရှိသွားပါက ရွှမ်တုတောက်ကျွင်း သေလောက်အောင်မနာလိုဖြစ်ကာ စွေ့စွေ့ခုန်သွားနိုင်သည်။
ရွှမ်တုတောက်ကျွင်းက ထိုက်ချိယန်ယန်ပန်းချီကားကို သူ၏ခန္ဓာကိုယ်နှင့်ပေါင်းစပ်ပြီး ထိုက်ကျိလမ်းစဉ်ကို လျှောက်လှမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် ဟွင့်ယွမ်ဝူကျီအဆင့်ကို အဆင့်တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်၏။
ဆန်းလျန်ကတော့ ထိုက်ချိယင်ယန်ပန်းချီကားကိုပင် အသုံးပြုစရာမလိုဘဲ ထိုက်ကျိကိုယ်ခွဲကို ကျင့်ကြံအောင်မြင်ပြီး ဟွင့်ယွမ်ဝူကျီအဆင့် မူလဝိညာဉ်ခန္ဓာတစ်ခု ထပ်မံရရှိနေပြီ ဖြစ်လေသည်။
ရှန်းထျန်းဝူထိုက် မူလဝိညာဉ်ခန္ဓာ (၅)ခု ၊ ကိုယ်ခွဲ (၅)ခု ကို ကျင့်ကြံရာတွင် ထိုက်ကျိကိုယ်ခွဲက ပထမဆုံးအောင်မြင်မှုရသွားသည့် ကိုယ်ခွဲတစ်ခု ဖြစ်လေ၏။
ရွှေရောင်တံတားကြီးကို ဖြတ်ကျော်လာသည့် ဆန်းလျန်ကို တွေ့လိုက်ရသည့်အခါ တာအိုဆရာက ကြောက်ရွံ့သွားခြင်း မရှိပေ။
သူ၏ဦးခေါင်းထက်တွင် အစိမ်းရောင်တိမ်တိုက်တစ်ခု ဖြစ်တည်လာပြီး တိမ်တိုက်အတွင်းမှ ခေါင်းလောင်းတစ်ခု ကျဆင်းလာလေသည်။ ထိုခေါင်းလောင်းဆီမှ သာယာသည့်ခေါင်းလောင်းသံများ ထွက်ပေါ်လျှက် ရှိသည်။
ခေါင်းလောင်းသံများက မရပ်မနားထွက်ပေါ်နေပြီး ရွှေရောင်တံတားကြီးမှာ ခေါင်းလောင်းသံများကြောင့် တုန်ခါလာလေသည်။ နောက်ဆုံးကျယ်လောင်သည့်အသံကြီးဖြင့် တံတားကြီးပြိုကျပျက်စီးသွားလေတော့သည်။
တံတားကြီးပြိုကျပျက်စီးသွားသည်နှင့် ခေါင်းလောင်းကြီးသည်လည်း လေထဲသို့ လွင့်ပြယ်ပျောက်ကွယ်သွားလေတော့ သည်။
ထိုခေါင်းလောင်းကြီးမှာ မိုးကောင်းကင်တံခါး၏ ဓမ္မအဓိပ္ပါယ်ကို အတုယူထားခြင်း ဖြစ်သည်။ မိုးကောင်းကင်လမ်းစဉ်သည် နေရာတိုင်းတွင်တည်ရှိပြီး မည်သည့်အရာကိုမဆို သဘာဝကျစွာ ပုံဖော်နိုင်လေသည်။
ဤသည်မှာ ဆန်းလျန်က ထိုက်ချိယင်ယန်ပန်းချီကားကို အတုယူပြီး ရွှေရောင်တံတားကြီးကို ဖန်ဆင်းလိုက်ခြင်းနှင့် သဘောသဘာဝချင်းဆင်တူသည်။
ရွှေရောင်တံတားကြီးကို ဆန်းလျန်က သူ၏လက်ချောင်းတစ်ချောင်းကို အသုံးပြုပြီး ဖန်ဆင်းထားလေရာ ယခု တံတားကြီးပျက်စီးသွားသည့်အခါ သူ၏လက်ချောင်းလည်း ကျိုးသွားရသည်။ ပြန်ကောင်းရန်အတွက် အနည်းငယ် အချိန်ယူရမည် ဖြစ်သည်။
သို့သော်… ဆန်းလျန်က အရေးမစိုက်သည့်ဟန်ဖြင့် ပြုံးလိုက်သည်။
ထို့နောက် ဆန်းလျန်၏ ပါးစပ်အတွင်းမှ အဖြူရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး လေထုတစ်ခုလုံးသို့ လှည့်ပတ်ပျံ့နှံ့သွားလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အဖြူရောင်များဖြင့် ဖုံးလွှမ်းသွားလေတော့၏။
လေထဲတွင် လေချွန်သံတစ်ချက်ထွက်ပေါ်လာပြီး ဓားဝိညာဉ်တစ်ခုကို ထွက်ပေါ်လာသည်။ သို့သော်… ဓားဝိညာဉ်၏ အရိပ်ကို တွေ့မြင်ရခြင်း မရှိပေ။
ထိုဓားဝိညာဉ်မှာ ကျွယ်ရှန်းနတ်ဓားဖြစ်လေသည်။
ကျွယ်ရှန်းနတ်ဓားဟုခေါ်သည့် နတ်ဘုရားသုတ်သင်ဓားသည် အဆင်မပြတ်ပြောင်းလဲတတ်သည့် သဘောသဘာ၀ ရှိသည်။
ကျင့်စူးက ထိုဓားကို ကျင့်ကြံအောင်မြင်ခဲ့သော်လည်း တကယ်တမ်းတွင် ဆန်းလျန်၏ဓားသိုင်းက ပိုမိုအဆင့်မြင့်လေ၏။
ထို့ပြင် ဆန်းလျန်က ထိုက်ချိတန်ခိုးစွမ်းအားကို အသုံးပြုနေပြီး ရှုထောင့် (၂)ခုမှ ဓားဝိညာဉ်(၄)ခုကို ထုတ်လွှတ်ထားသည်။
ခရမ်းရောင်ကောင်းကင်ဘုံနန်းတော်အပြင်ဘက်မှ တာအိုသူငယ်လေးသည်ပင် ဓားဝိညာဉ်၏ဒဏ်ကို မခံနိုင်ဘဲ သွေးများအန်ချလိုက်သည်။
တာအိုဆရာ (၂)ယောက် ဓားသိုင်းတိုက်ခိုက်နေသည့်အသံများထွက်ပေါ်လာပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များက ပျံ့နှံ့လာလေရာ တာအိုသူငယ်လေးမှာ ရေကန်ထဲမှငါးကို ကုန်းပေါ်တင်လိုက်သည့်အလား မရှုနိုင်မကယ်နိုင် ဖြစ်နေရတော့သည်။
"နတ်ဘုရားများတိုက်ခိုက်ကြသည့်အခါ လူသားများ ကြားထဲမှ အသလွတ်ခံကြရသည်" ဆိုသည့် စကားပုံအတိုင်းပင် ဖြစ်လေသည်။
တာအိုသူငယ်လေးက နတ်ဘုရားတစ်ပါးဖြစ်သော်လည်း ယခုတိုက်ခိုက်နေကြသူ (၂)ယောက်၏ တန်ခိုးစွမ်းအားနှင့်ယှဉ်လျှင် သူက လူသားတစ်ယောက်ပမာ ဖြစ်လေသည်။
တာအိုသူငယ်လေးမှာ သေလုမျောပါးခံစားနေရလေသည်။
ဤနေရာတွင် သူနေထိုင်ခဲ့သည်မှာ နှစ်ပေါင်း သန်းနှင့်ချီပြီးကြာခဲ့ပြီဖြစ်ပြီး လောကီအညစ်အကြေးများဖြင့် စွန်းထင်းခံခဲ့ရခြင်း လုံး၀ မရှိခဲ့ပေ။ သို့သော်… ယခုတော့ သူ ဒုက္ခရောက်နေပြီ ဖြစ်သည်။
တာအိုသူငယ်လေးက လွတ်မြောက်နိုင်ခြင်း မရှိတော့ဟု ထင်မှတ်လိုက်သည်နှင့် အကြင်နာတရားကင်းမဲ့သည့်စိတ်ထားဖြင့် နန်းတော်အတွင်းသို့ ဇွတ်အတင်း အသေခံကာ ဝင်ရောက်သွားသည်။
သူက မိုးကောင်းကင်လမ်းစဉ်ကြောင့် တရားအလင်းရခဲ့သူ ဖြစ်သည်။ သို့သော်… မိုးကောင်းကင်လမ်းစဉ်က သူ့ကို အသိအမှတ်ပြုခြင်းမရှိခဲ့ပေ။
ထိုအချိန်မှာပင်… သူ့ရှေ့တွင် အဖြူရောင်နှင့်အနက်ရောင် အခိုးအငွေ့ (၂)ခု ထွက်ပေါ်လာပြီး ရုတ်တရက် သူ့ကို ဆွဲခေါ်သွားလေသည်။
တာအိုသူငယ်လေး သတိပြန်ရလာသည့်အခါ လှပသည့်တောတောင်နှင့် မြစ်ရေများအလယ်တွင် ရောက်နေသည်ကို တွေ့ရှိလိုက်ရသည်။ ရှုမျှော်ခင်းများက လှပပြီး အဆုံးမရှိပေ။
အတန်ကြာစဉ်းစားပြီးနောက် သူ လူ့လောကသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရှိလိုက်သည်။
လူ့လောကတွင် နေထိုင်ရန်မှာ ခဲယဉ်းလှသည်။ သို့သော်… သူ ခဏတော့အသက်ရှင်သန်နိုင်ရန် ကြိုးစားနေထိုင်ရပေမည်။ သူ့ကိုကယ်တင်လိုက်သူမှာ ဆန်းလျန်ဖြစ်ကြောင်း တာအိုသူငယ်လေး ရိပ်မိလိုက်သည်။
ဆန်းလျန်က တာအိုသူငယ်လေးကို အဝေးသို့ ပို့ပြီးသည့်နောက် မိုးကောင်းကင်လမ်းစဉ်ဖြင့် ဆက်လက်တိုက်ပွဲဝင်နေလေသည်။
တိုက်ပွဲက သိပ်ပြီး လွယ်ကူခဲ့ခြင်း မရှိပေ။ ထို့ပြင် သူရင်ဆိုင်နေရသည်က တာ့လော်အဆင့် တည်ရှိမှုတစ်ခုဖြစ်သည့်အတွက် သူ့ကိုအတော်လေး ဒုက္ခပေးနိုင်သည်။
သူစိတ်ပျံ့လွင့်သွားသည့် အချိန်တစ်ခဏတွင် တာအိုဆရာက သူ့ကို ဓားဝိညာဉ်တစ်ခုဖြင့် ထိုးခုတ်တိုက်ခိုက်လိုက်သည်။
ထိုဓားဝိညာဉ်က ကြာပွတ်တစ်ချောင်းအလားဖြစ်ပြီး ခြိမ်းခြောက်မှုများ ၊ ဒေါသတရားများဖြင့် ပြည့်နက်လျှက်ရှိသည်။ ထိုဓားဝိညာဉ်က ဆန်းလျန်ရှိရာသို့ အရှိန်အဟုန်ဖြင့် လွင့်မျောရောက်ရှိလာသည်။
ဆန်းလျန် မပေါ့ဆရဲဘဲ သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။
ဆန်းလျန် အသုံးပြုလိုက်သည့်ပညာက ယွီခြေလှမ်းပညာ ဖြစ်လေသည်။ လေနှင့်မိုးကြိုးစား ဆန်းလျန်ကို သယ်ဆောင်သွားပြီး ကြယ်ပွတ်တစ်ချောင်းအလား ထက်ရှသည့် ဓားဝိညာဉ်ကို ခုခံကာကွယ်လိုက်သည်။
သို့သော်… တာအိုဆရာကလည်း သူ့အနားသို့ အရိပ်တစ်ခုပမာရောက်ရှိလာပြီး မြူမှုံများကို ထုတ်လွှတ်လိုက်လေရာ ဆန်းလျန်မှာ မြူမှုံ့များထဲတွင် အဝေးသို့ လွင့်စွင်ထွက်သွားရသည်။
ဆန်းလျန် မြူမှုံ့များကို အင်္ကျီလက်ဖြင့် ကမန်းကတန်း ကာကွယ်လိုက်ရ၏။ ထို့နောက် မြူမှုံ့များသည် ထောင်ပေါင်းများစွာသော လိပ်ပြာများပမာခွဲဖြာထွက်ပေါ်သွားကြပြီး ဒီရေလှိုင်းကဲ့သို့ မြင့်မားသည့် တန်ခိုးစွမ်းအားများက မရှိမှုသို့ ပြောင်းလဲသွားတော့သည်။
ဆန်းလျန်က ထိုအခွင့်အရေးကို အသုံးချကာ စည်းတံဆိပ်တစ်ခုပုံသဏ္ဍန်ပြုလုပ်ပြီး တိုက်ခိုက်လိုက်သည်။
ဆန်းလျန်၏ လှုပ်ရှားမှုက နှေးကွေးသော်လည်း သူတို့ (၂)ယောက်၏ တိုက်ခိုက်မှုကြားတွင်ပြင်းထန်သည့် စွမ်းအားကြီးများ ပေါ်ထွက်လာလေသည်။ လေထုတစ်ခုလုံးတုန်ခါသွားပြီး ဗလာနယ်က ပြိုလဲကျသွားသည်။
ဆန်းလျန်၏ ခန္ဓာကိုယ်မှကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားကြီးတစ်ခု ထွက်ပေါ်လာပြီး သူ၏မျက်ဝန်းများက အံ့သြစရာကောင်းလောက်အောင် တောက်ပနေသည်။
ပြိုကျပျက်စီးသွားသည့် ဗလာနယ်ထဲမှ မရေမတွက်နိုင်အောင်များပြားသည့် ကြယ်စင်များထွက်ပေါ်လာပြီး မိုးများရွာသွန်းသည့်အလား တာအိုဆရာရှိရာသို့ ဝင်ရောက်သွားလေတော့သည်။
ဤသည်မှာ ပျံသန်းကြယ်စင် ပညာဖြစ်လေသည်။ ဆန်းလျန် ထိုပညာကို အသုံးပြုလိုက်သည်မှာ ကွမ်းချန်ကျီထက်ပင် သာလွန်သေးသည်။
ထို့ပြင်… ထိုကြယ်စင်များက ပုံမှန်မဟုတ်ဘဲ ထူးခြားဆန်းကျယ်သည့်စွမ်းအားများပါဝင်နေပြီး တစ်ခုနှင့်တစ်ခု ဆွဲငင်နေလေသည်။ မည်မျှ တန်ခိုးစွမ်းအားမြင့်မားသည်ကို ခန့်မှန်း၍ပင် မရနိုင်ပေ။
တာအိုဆရာက ကြယ်စင်များပျံသန်းလာသည်ကို တွေ့မြင်သည့်အခါ ရှောင်တိမ်းခြင်းမရှိဘဲ အင်္ကျီလက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်သည်။ ထူးဆန်းသည့် ကြယ်စင်များအားလုံး တာအိုဆရာ၏ အင်္ကျီလက်အတွင်းသို့ ဝင်ရောက်သွားလေတော့သည်။
အင်္ကျီလက်ထဲတွင် စကြာဝဠာတစ်ခု တည်ရှိနေပြီး လွတ်လပ်ပြီး အေးဆေးငြိမ်သက်လျှက်ရှိသည်။ ထိုတာအိုဆရာ၏ ပညာကို ကျန့်ယွမ်ကျီနတ်မင်းကြီးပင်လျှင် ကျိန်းသေဦးညွှတ်မိပေလိမ့်မည်။
"ကောင်းပြီလေ…"
ဆန်းလျန်က အော်ဟစ်လိုက်၏။
သို့သော်… တာအိုဆရာကတော့ ဆန်းလျန်၏ အော်ဟစ်သံကိုအရေးပင် မလုပ်ပေ။
သို့သော်… သူအသုံးပြုလိုက်သည့်တန်ခိုးစွမ်းအားချေဖျက်ခံလိုက်ရသည့်အတွက် ဆန်းလျန်က တစ်ချက်လေးပင် တုန်လှုပ်သွားခြင်း မရှိပေ။
ဆန်းလျန်က သူ၏ကြယ်စင်များကို အင်္ကျီလက်ထဲ ထည့်သွင်းယူဆောင်ထားသည့် တာအိုဆရာကြည့်ပြီး တစ်ချက်ရယ်မောလိုက်သည်။
ထိုအချိန်… အဝေးတစ်နေရာတွင် သွားလာနေကြသည့် နတ်ဘုရားများမှာ ရုတ်တရက် ကြယ်စင်အစုအဝေးကြီးလင်းလက်သွားသည်ကို တွေ့မြင်လိုက်ရပြီး ချက်ချင်းပြန်လည်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည့်အခါ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
သူတို့၏ တာအိုနှလုံးသားများ တုန်လှုပ်သွားကြပြီး ဘာလုပ်ရမှန်းပင် မသိကြတော့ပေ။
တိုက်ပွဲ၏ ရိုက်ခတ်မှုအရှိန်အဟုန်က သူတို့ကို ထိခိုက်မိလျှင် သူတို့ချက်ချင်းပင် တစ်စစီဖြစ်သွားကြမည် မဟုတ်ပါလား။
***