← Chapters

အခန်း (၆၁၈)

Vol. 51 Ch. 618

အခန်း (၆၁၈)

Vol. 51 Ch. 618

အခန်း 618

ယဲ့လုဖုန်း နားမလည်နိုင်စွာ မျက်မှောင်ကြုတ်လိုက်သည်။ ဤကျိန်ဆိုမှုသည် အမှန်တကယ်ပင် အတော်လေး လေးနက်၏။ ဟန့်လူမျိုးများသည် မျိုးဆက်နှင့်ပတ်သက်ပြီး အလွန်အလေးထားကြောင်း သူသိသည်။

နန်ပါးထျန်းက တကယ်ပဲ မှားယွင်းစွပ်စွဲခံရတာများလား။

ယဲ့လုဖုန်းမှာ ဝေခွဲမရဖြစ်နေ၏။

ထိုအခါ ဘေးရှိ ချီမုကောသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး နန်ပါးထျန်းကို ကြည့်၍ ပြောသည်။

“သခင်ကြီး၊ ခေါင်းဆောင်နန်ပြောစကားတစ်ခုတည်းကိုပဲ နားထောင်လို့ မဖြစ်ပါဘူး။ သက်သေကိုသာ ဦးစားပေးစဉ်းစားသင့်ပါတယ်”

ယဲ့လုဖုန်းမှ ပြန်ပြောသည်။

“ကောင်းပြီ၊ ငါလူရှာခိုင်းထားတာ အကုန်ရှာလာခဲ့ပြီလား”

“ရှာခဲ့ပါပြီ”

“အကုန်လုံးကို ဆင့်ခေါ်လိုက်”

“ဟုတ်ကဲ့”

ချီမုကောသည် ကွန်ဖြူးရှပ်လေ့လာလိုက်စားသူဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူတစ်ဦးနှင့်အတူ လူတစ်စုကို ခေါ်လာခဲ့သည်။ ထန်ဇီယွဲ့မှ ထိုသက်လတ်ပိုင်းအရွယ်လူကို နှုတ်ဆက်လိုက်သည်။

“အကြံပေးချန်”

အကြံပေးချန်သည် ခေါင်းညိတ်တုံ့ပြန်ပြီးနောက် ယဲ့လုဖုန်းကို ‌အရိုအ‌ေသပြုနှုတ်ဆက်သည်။

“သခင့်ငယ်သားချန်ရွှမ်း သခင်ကြီးကို ဂါရဝပြုပါတယ်”

ယဲ့လုဖုန်းမှ ပြောသည်။

“အင်း ခဏ”

ထို့နောက် နန်ပါးထျန်းဘက်သို့လှည့်၍ ဆက်ပြောသည်။

“ခေါင်းဆောင်နန်ကို ဒီလူတွေနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီလူတွေအားလုံးက မျန့်ရွှေက လက်ရေးခွဲခြားပညာရပ်ကျွမ်းကျင်သူတွေပါ။ အထူးသဖြင့် အကြံပေးချန်ပေါ့။ ဟွမ်ကျိုးပြည်နယ်မှာ လက်ရေးနဲ့သက်ဆိုင်တဲ့ အမှုအခင်းရှိခဲ့ရင် အကြံပေးချန်ကိုပဲ ခေါ်‌ကြတာ။ ဒီလက်ရေးက ခေါင်းဆောင်နန်ရဲ့လက်ရေး ဟုတ်၊မဟုတ်ကို သူတို့တွေကို စစ်ဆေးခိုင်းလိုက်ရင် အမှန်တရားကို သိနိုင်ပြီ။ အဲဒါကြောင့် ငါ နောက်တစ်ကြိမ်ထပ်မေးမယ်”

“ခေါင်းဆောင်နန် ဒီစာကို မင်း ရေးခဲ့သလား”

ထိုအခါ နန်ပါးထျန်းမှ ပြန်ပြောသည်။

“သခင်ကြီး စိတ်ရှိသလို စစ်ဆေးနိုင်ပါတယ်။ ကျွန်တော် စွင်းထျဲချွေ့ဆီကို ဘာစာမှ မရေးခဲ့ဖူးပါဘူး။ ဒီလက်ရေးက ကျွန်တော့်လက်ရေး လုံးဝ မဖြစ်နိုင်ပါဘူး။ တစ်ယောက်ယောက်က ကျွန်တော့်ကို ချောက်ချစွပ်စွဲဖို့ကြိုးစားနေတာ သေချာပါတယ်”

ယဲ့လုဖုန်း ခပ်ဖျော့ဖျော့ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ မင်းဘက်က အခိုင်အမာပြောနေမှတော့ စစ်ဆေးကြတာပေါ့”

ထို့နောက် ယဲ့လုဖုန်းသည် လက်ဝှေ့ရမ်းလိုက်ပြီး ပြောသည်။

“အကြံပေးချန် ကြွပါ”

ချန်ရွှမ်းသည် ဦးညွှတ်လိုက်ပြီးနောက် ယဲ့လုဖုန်းကို မေးသည်။

“သခင်ကြီးမှာ နှိုင်းယှဉ်ကြည့်ဖို့အတွက် ခေါင်းဆောင်နန်ရေးသားထားတဲ့ စာတစ်ခုခုများ ရှိပါသလား”

ယဲ့လုဖုန်းမှ ပြန်ပြောသည်။

“ရှိတာပေါ့။ ဒါတွေက နန်ပါးထျန်း ငါ့ဆီ ရေးခဲ့တဲ့စာတွေပဲ။ အကြံပေးချန် စစ်ဆေးကြည့်လိုက်ပါ”

ထိုအခါ ချန်ရွှမ်းသည် စာနှစ်စောင်၏လက်ရေးကို စတင်စစ်ဆေးသည်။ ချန်ရွှမ်း စစ်ဆေးနေစဉ်တွင် ရံဖန်ရံခါ မျက်မှောင်ကြုတ်သွားတတ်၏။

ထိုစဉ် ထန်ဇီယွဲ့သည် နန်ပါးထျန်းအနားသို့ ကပ်သွားလိုက်ပြီး ပြောသည်။

“ခေါင်းဆောင် ကျွန်တော် ဘာလို့ နိမိတ်မကောင်းတဲ့ခံစားချက်ကြီး ရနေတာလဲ”

နန်ပါးထျန်းသည် ထန်ဇီယွဲ့အား စိတ်ရှုပ်ထွေးစွာ ပြန်ကြည့်လာပြီး ပြောသည်။

“အင်းးး ဘာက ပြဿနာရှိနေတာလဲ။ ငါ ဘယ်တုန်းကမှ စွင်းထျဲချွေ့နဲ့ အဆက်အဆံမလုပ်ခဲ့တာ သေချာတယ်။ ဒါ ချန်ကျိုစစ် လုပ်ကြံဖန်တီးထားတာပဲဖြစ်လိမ့်မယ်”

ထန်ဇီယွဲ့မှ ပြောသည်။

“ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အတိအကျပြောရရင် ဒါက အရမ်းစဉ်းလဲတဲ့ချန်ကျိုစစ်ရဲ့ အကြံအစည်ပါ။ ကျွန်တော်တို့ သေချာသတိထားဖို့ လိုပါတယ်။ ကျွန်တော်တို့ သူ့ထောင်ချောက်ထဲက မလွတ်မြောက်နိုင်မှာကို စိုးရိမ်မိပါတယ်”

နန်ပါးထျန်း အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

“အတုအယောင်က အစစ်အမှန်ဖြစ်မလာနိုင်ဘူး။ ချန်ကျိုစစ်က စာအတုကို စာအစစ်ဖြစ်အောင် လုပ်နိုင်ပါ့မလား”

ထန်ဇီယွဲ့မှ ပြန်ပြောသည်။

“ကျွန်တော်တို့ အရမ်းသတိတကြီးထားမှ ဖြစ်ပါမယ်။ ချန်ကျိုစစ်က ဒီလောက်ကောက်ကျစ်တာ သူအနိုင်ရဖို့ သေချာမတွက်ချက်ထားဘဲနဲ့တော့ လှုပ်ရှားမှာ မဟုတ်ဘူး”

နန်ပါးထျန်းသည် ခပ်‌သာသာခေါင်းညိတ်လိုက်ပြီး ထန်ဇီယွဲ့ကို ပြောသည်။

“အင်း ငါသတိထားပါ့မယ်။ ဒါပေမဲ့ အတုအယောင်က အစစ်အမှန်ဖြစ်မလာနိုင်ဘူး။ မကောင်းမှုက တရားမျှတမှုကို ဘယ်တော့မှ အနိုင်မရနိုင်ဘူး။ ချန်ကျိုစစ်လည်း ငါတို့ကို အနိုင်မယူနိုင်ဘူး”

ထန်ဇီယွဲ့ ဖျော့တော့စွာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ခေါင်းဆောင် အခိုင်အမာ ယုံကြည်မှုရှိနေတာ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိကြီးကြီးထားရပါမယ်”.

သူတို့နှစ်ဦး တီးတိုးပြောဆိုနေစဉ် အကြံပေးချန်မှ ယဲ့လုဖုန်းကို မော့ကြည့်လာကာ ပြောသည်။

“သခင်ကြီးယဲ့လု ကျေးဇူးပြုပြီး ခေါင်းဆောင်နန်ကို စာထပ်ရေးခိုင်းပေးလို့ ရနိုင်မလား”

ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။

“ခေါင်းဆောင်နန် ကျေးဇူးပြုပြီး စာနှစ်လုံးလောက် ရေးပေးပါဦး”

နန်ပါးထျန်း မျက်မှောင်ကြုတ်လိုက်ကာ အနီးသို့လျှောက်သွားလိုက်သည်။ ထို့နောက် အကြံပေးချန် ကမ်းပေးလာသည့် စုတ်တံကိုယူကာ မေးလိုက်သည်။

“ဘာရေးရမလဲ”

အကြံပေးချန်မှ ပြောသည်။

“ကျေးဇူးပြုပြီး ‘ထာဝရမငြိမ်းသတ်တဲ့ အနန္တမီးလျံ’ကို ရေးပေးပါ”

နန်ပါးထျန်း ထပ်မံ မျက်မှောင်ကြုတ်လိုက်ကာ စာရွက်ကို ‌ဖြစ်ကတတ်ဆန်း ‌ဆွဲဖြန့်လိုက်ပြီး လက်ရေးဆက်ဖြစ်အောင် ကြိုးစား‌ရေးလိုက်သည်။

ထိုအခါ ချီမုကောသည် မျက်မှောင်ကြုတ်သွားလျက် ပြောလာသည်။

“ခေါင်းဆောင်နန် သေချာရေးပါ”

နန်ပါးထျန်း ဘာမှပြန်မပြောပေ။ သို့သော် အကြံပေးချန်မှ ပြောသည်။

“မဟုတ်တာ၊ ရပါတယ်”

အကြံပေးချန်သည် ‌နန်ပါး‌ထျန်းကို အသာအယာ ခေါင်းညိတ်ပြပြီးနောက် လုပ်ဖော်ကိုင်ဖက်များဘက်သို့ လှည့်၍ စတင်နှိုင်းယှဉ်စစ်ဆေးကြတော့သည်။

ယဲ့လုဖုန်းသည် ရလဒ်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ မကြာမီ အကြံပေးချန်သည် ယဲ့လုဖုန်းအနီးသို့ လျှောက်လာပြီး အရိုအသေပြုလျက် ပြောသည်။

“သခင်ကြီးယဲ့လု”

ယဲ့လုဖုန်းမှ မေးသည်။

“အဖြေရပြီလား”

အကြံပေးချန်မှ ပြန်ဖြေသည်။

“နောက်ဆုံးရလဒ်ထွက်လာပါပြီ။ ကျွန်တော်တို့ စုပေါင်းစစ်ဆေးပြီးနောက်မှာ ဒီစာရွက်အပိုင်းအစတွေပေါ်က လက်ရေးက ခေါင်းဆောင်နန်ကိုယ်တိုင်ရေးထားတဲ့ ခေါင်းဆောင်နန်ရဲ့လက်ရေးဖြစ်တယ်လို့ တစ်ညီတညွတ်တည်း ကောက်ချက်ချလိုက်ပါတယ်။ လုံးဝ မမှားနိုင်ပါဘူး”

“အဓိပ္ပာယ်မရှိတာ”

အကြံပေးချန်၏စကားအဆုံး၌ နန်ပါးထျန်းသည် ရုတ်ချည်း ဒေါ‌သပေါက်ကွဲကာ အော်ဟစ်တော့သည်။

“ကျုပ်မရေးခဲ့ဘူး”

“ခေါင်းဆောင်နန်”

ယဲ့လုဖုန်း၏အသံနှင့်အတူ ဓားဆွဲထုတ်သံကိုပါ ကြားလိုက်ရသည်။ နန်ပါးထျန်းသည် ချောင်ပိတ်ခံထားရ၏။

ယဲ့လုဖုန်းမှ ပြောသည်။

“ခန်းမအရှင်သခင်ထန်က လက်ရေးခွဲခြားပညာရပ်မှာ ကျွမ်းကျွင်တယ်လို့ ကြားဖူးတယ်။ ခန်းမအရှင်သခင်ထန် တစ်ခါလောက် စစ်ဆေးကြည့်ပါလား”

ထိုစကားတွင် ထန်ဇီယွဲ့ အရိုအသေပြုတုံ့ပြန်လိုက်သည်။ သို့သော် မျက်နှာအမူအရာမှာ ပျက်ယွင်းနေခဲ့၏။ သူ တစ်ခုခုကို နားလည်လိုက်သလိုပင်။

ထို့နောက် ထန်ဇီယွဲ့သည် အနီးသို့လျှောက်သွားလိုက်သည်။ ထိုအခါ အကြံပေးချန်သည် စိတ်ညစ်ညူးစွာဖြင့် ပြောလာ၏။

“ခန်းမအရှင်သခင်ထန် ကျုပ်က ဒီတိုင်း အသက်မွေးဝမ်းကျောင်းဖို့ ကြိုးစားနေရုံပါပဲ။ ဒီလိုအာဏာရှိပုဂ္ဂိုလ်တွေရဲ့ ပဋိပက္ခကြားထဲ ဝင်မပါချင်ပါဘူး”

ထန်ဇီယွဲ့မှ ပြောသည်။

“ကျုပ်သိပါတယ် သိပါတယ်။ အကြံပေးချန် စိတ်မလောပါနဲ့။ ကျုပ် တစ်ချက်လောက် ကြည့်ကြည့်ပါရစေ”

ထိုအခါ အကြံပေးချန်သည် ထန်ဇီယွဲ့အား နန်ပါးထျန်းမှ ယဲ့လုဖုန်းထံ ရေးခဲ့သည့် စာ‌တစ်စောင်၊ စာရွက်အပိုင်းအစများနှင့် ခုနက နန်ပါးထျန်းရေးခဲ့သည့် စာတို့ကို ကမ်းပေးသည်။

ထိုစာသုံးခုကို အတူနေရာချပြီးနောက် အကြံပေးချန်မှ ပြောသည်။

“ကြည့်ပါ၊ ဒီစာမှာ မီးဆိုတဲ့ စာလုံးပါတယ်။ ဒါက စာရွက်အပိုင်းအစထဲက မီးဆိုတဲ့စာလုံး၊ ဒါကတော့ ခေါင်းဆောင်နန် ခုနက ရေးခဲ့တဲ့ ‘မီး’စာလုံးပါ။ စာလုံးရဲ့ဖွဲ့စည်းပုံ၊ ဆွဲချက်အစဉ်နဲ့ ပုံစံတွေကို ကြည့်လိုက်ပါ။ အထူးသဖြင့် ဒီထူးခြားတဲ့ အစက်က…”

အကြံပေးချန်သည် လက်ရေးခွဲခြားပညာရပ်၏ ရှုထောင့်အားလုံးမှ ရှင်းပြပြောဆိုသည်။ အကြံပေးချန်နောက်တွင် ရပ်နေသည့် ပညာရှင်များသည်လည်း ‌ခေါင်းအသာအယာညိတ်လျက် ထိုစာရွက်အပိုင်းအစများထဲရှိ လက်ရေးမှာ နန်ပါးထျန်း၏ လက်ရေးဖြစ်ကြောင်း ထောက်ခံနေကြသည်။

ထန်ဇီယွဲ့လည်း သိသိသာသာ အံ့ဩတုန်လှုပ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ နန်ပါးထျန်း၏လက်ရေး မှန်ကန်နေသောကြောင့် ဖြစ်၏။ ထန်ဇီယွဲ့သည် နန်ပါးထျန်း၏လက်ရေးနှင့် အရင်းနှီးဆုံးသူဖြစ်သည်။

ဒီရင်းနှီးကျွမ်းဝင်နေတဲ့ခံစားချက်၊ ဒီစာလုံးအထားအသို၊ လုံးဝ မမှားနိုင်ဘူး— ဒါက ဘယ်သူမှ အတုလုပ်မရနိုင်တဲ့ ခေါင်းဆောင်ရဲ့လက်ရေးအမှန်ပဲ။။

ဒါပေမဲ့ ခေါင်းဆောင်က… မိန်ဂိုဏ်းနဲ့ ပူးပေါင်းနေလို့လား။

သူ မယုံပါချေ။ ခေါင်းဆောင်သည် မိန်ဂိုဏ်းသားများမှာ အသက်နှင့်လောင်းကြေးထပ်ရုံမှအပ အခြားဘာမှမသိနားမလည်သည့် ငတုံးကောင်များဟု မကြာခဏ ပြောတတ်‌သည်။

အခုခေတ်ကြီးမှာ ဘယ်သူက အသက်နဲ့လောင်းကြေးထပ်တော့လို့လဲ။ ငွေကြေးဥစ္စာရှာဖွေပြီး အဆင့်အတန်းတည်ဆောက်ဖို့ကသာ အဓိကပဲ။

မုလန်လူ‌မျိုးတွေ အင်အားအာဏာကြီးမားပြီး လွှမ်းမိုးနိုင်စွမ်းရှိလည်း အဲဒါက ခေါင်းဆောင်ရဲ့ မျန့်ရွှေမှာ အုပ်စိုးနိုင်စွမ်းကို မထိခိုက်ဘူးလေ။ ခေါင်းဆောင်က မိန်ဂိုဏ်းနဲ့ လျှို့ဝှက်ပူးပေါင်းနေရအောင် ရူးသွားလို့လား။

All Chapters