← Chapters

ဗလာနယ်ဖျက်ဓား

Vol. 10 Ch. 962

ဗလာနယ်ဖျက်ဓား

Vol. 10 Ch. 962

ဆန်းလျန်၏ ထိုက်ကျိကိုယ်ခွဲနှင့် လူသားအသွင်ယူထားသည့် မိုးကောင်းကင်လမ်းစဉ်တို့ တိုက်ခိုက်ကြသည့်ပွဲတွင် တိုက်ပွဲက ပြင်းထန်လှပြီး အဆုံးသတ်မည့် အရိပ်အယောင်လည်း မရှိပေ။

ပတ်ဝန်းကျင်မှ နတ်ဘုရားများမှာ တိုက်ပွဲကို ကြည့်ချင်သော်လည်း တိုက်ပွဲမှဖြစ်ပေါ်လာသည့် ပရမ်းပတာအခြေအနေများထဲတွင် အသလွတ်ခံလိုက်ကြရမည်ကိုလည်း စိတ်ပူလျှက် ရှိကြသည်။

အကန့်အသတ်မရှိသည့် စွမ်းအားကြီးက ရိုက်ချလိုက်လျှင် နှစ်ပေါင်းများစွာ ကျင့်ကြံထားခဲ့သမျှ အလကား ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် အဝေးဆီမှ နတ်ဘုရားများ ၊ နတ်မိစ္ဆာများအားလုံး အခိုးအငွေ့အသွင်ပြောင်းကာ လွတ်ရာသို့ ပြေးကြလေတော့သည်။

စကြာဝဠာထဲတွင် ကြင်စင်များ မငြိမ်မသက်ဖြစ်နေပြီး နတ်ဘုရားများနှင့် နတ်မိစ္ဆာများ အလျှင်အမြန်ထွက်ပြေးသွားကြသည့်တိုင် ကြီးမားသည့် တန်ခိုးစွမ်းအားလှိုင်းလုံးကြီးများ၏ ရိုက်ခတ်မှုကို ခံစားလိုက်မိကြလေသည်။

သူတို့ကျင့်ကြံထားသည့် နတ်ဘုရားခန္ဓာများ ၊ ဓမ္မခန္ဓာများပင်လျှင် တုန်လှုပ်သွားကြရသည်။

အချို့နတ်ဘုရားများမှာ အလျှင်အမြန် ထွက်ပြေးနိုင်ခြင်းမရှိဘဲ နတ်ဘုရားခန္ဓာများ ပျက်စီးတော့မတတ် ခံစားလိုက်ကြရသည်။

ထိုအချိန်မှာပင် ကြီးမားသည့် သင်္ဘောကြီးတစ်စင်းသည် မငြိမ်မသက်ဖြစ်နေသည့် ကြယ်စင်ကောင်းကင်များအတွင်းမှ ရွက်လွှင့်ထွက်ပေါ်လာလေသည်။

သင်္ဘောကြီး၏ ကိုယ်ထည်ပတ်ပတ်လည်တွင် ကြည်လင်သည့်အလင်းရောင်အလွှာပါးတစ်ခုက ဖုံးအုပ်ထားပြီး တိုက်ပွဲ၏ တန်ခိုးစွမ်းအားလှိုင်းလုံးများက သင်္ဘောကြီးအပေါ်တွင် သက်ရောက်မှု မရှိပေ။

ထိုအချိန် သင်္ဘောကြီးအတွင်းမှ ရှည်လျားသည့် ကြိုးတစ်ချောင်းထွက်ပေါ်လာပြီး ဒုက္ခရောက်နေသည့် နတ်ဘုရားများ ၊ နတ်မိစ္ဆာများကို ကယ်တင်လိုက်လေသည်။

နတ်ဘုရားများ ၊ နတ်မိစ္ဆာများသည် ချပေးသည့်ကြိုးမှတစ်ဆင့် ကြီးမားသည့် သင်္ဘောကြီးအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။

သင်္ဘောအတွင်းပိုင်းက အလွန်မှ ကျယ်ပြန့်ပြီး ရှုတ်ထွေးသည့်အတားအဆီးများဖြင့် ပြည့်နက်နေသည်။ အလွန်မှ ခမ်းနားသည့် သင်္ဘောကြီးကို နတ်ဘုရားများ၊ နတ်မိစ္ဆာများ စူးစမ်းကြည့်ရှုနေကြလေသည်။

သင်္ဘောကြီးက ခမ်းနားပြီး တန်ခိုးစွမ်းအားမြင့်မားဟန် ရှိသည်။ ထို့ကြောင့် သူတို့အားလုံး မလေးမစား မလုပ်ရဲဘဲ ငြိမ်သက်တိတ်ဆိတ်နေကြလေသည်။

ထိုအချိန်မှာပင်… သင်္ဘောပေါ်သို့ တက်လာကြသည့် နတ်ဘုရားများ ၊ နတ်မိစ္ဆာများ၏နားထဲတွင် ယောကျ်ားတစ်ယောက်၏ အသံကို ကြားလိုက်ကြရသည်။ ထိုအသံမှာ သူတို့နှင့် (၉)ကမ္ဘာခြားနေသည့်အလား ထင်မှတ်ရလေသည်။

"အားလုံးပဲ စိတ်မပူကြပါနဲ့ ၊ ဒါက ကျုပ်ရဲ့ အခြားဘက်ကမ်းက မှော်ဝင်သင်္ဘောကြီးပါ ၊ အခု ပြင်ပလောကက အတော်လေး မတည်မငြိမ်ဖြစ်နေတော့ အသက်အန္တရယ်လည်း အချိန်မရွေး ကျရောက်နိုင်တယ် ၊ ကျင့်ကြံသူတွေ အေးအေးဆေးဆေး မနေရတာ ကျုပ် စိတ်တောင်မကောင်းဖြစ်မိတယ် ၊ ဒါကြောင့်လည်း အားလုံးကို ကျုပ်ရဲ့ သင်္ဘောပေါ် ဖိတ်ခေါ်လိုက်တာပါ ၊ ဆန်းလျန်ထျန်းကျွင်းနဲ့ မိုးကောင်းကင်သခင်ရဲ့ တိုက်ပွဲပြီးမှပဲ သင်္ဘောပေါ်က ပြန်ကြပေါ့ဗျာ…"

စကားပြောလိုက်သူက နတ်ဘုရားလား ၊ နတ်မိစ္ဆာလား ၊ သူတော်စင်တစ်ပါးလား မည်သူမှ မသိရှိနိုင်ပေ။

သို့သော် သူ၏စကားပြောဟန်က အလွန်ထင်ရှားပြီးဌာန်ကရိုင်းလည်းကျသည်။ ထို့ပြင် ခမ်းနားမှုရှိပြီး ကျိုးကြောင်းဆီလျော်ခြင်းလည်း ရှိလေသည်။

ထိုသူ၏ စကားသံကိုကြားပြီးသည့်နောက် သင်္ဘောထက်သို့ တက်လာကြသည့် နတ်ဘုရားများနှင့် နတ်မိစ္ဆာများ စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်မိကြသည်။

ထိုအချိန်မှာပင်… သင်္ဘောကြီ၏တစ်နေရာတွင် ဧကရာဇ် (၂)ပါး၏ ပုံရိပ် ထွက်ပေါ်လာလေသည်။ တစ်ပါးက သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး နောက်တစ်ပါးကတော့ ငယ်ရွယ်သူတစ်ယောက်ဖြစ်လေ၏။

ထိုဧကရာဇ် (၂)ပါးမှာ ထိုက်ဟောက်နှင့် ရှောင်းဟောင်ပင် ဖြစ်လေသည်။ သူတို့က ရှေးဟောင်းနတ်ဘုရားများဖြစ်ပြီး တန်ခိုးစွမ်းအားအရာတွင်လည်း ထူးခြားသူများဖြစ်ကြသည်။

သက်လတ်ပိုင်းအရွယ်ဧကရာဇ်က ထိုက်ဟောက်ဖြစ်ပြီး သင်္ဘောပေါ်တက်လာသည့် နတ်ဘုရားအုပ်စုကို စကားပြောလိုက်သည့် ပုဂ္ဂိုလ်ဖြစ်သည်။

ရှောင်းဟောင်က…

"နောင်တော်က သိပ်သဘောကောင်းနေတယ် ၊ သူတို့ကို ဘာလို့ ကယ်တင်လိုက်ရတာလဲ ၊ နောင်တော်ကယ်တင်နေလည်း တစ်ချိန်ကျ သေရမယ့်ဟာတွေပဲလေ ၊ သူတို့အတွက် စိတ်ပူနေစရာ မလိုပါဘူး…"

ကျင့်စဉ်လမ်းကို စတင်သည့်အချိန်ကို ယှဉ်ကြည့်လိုက်လျှင် ရှောင်းဟောင်က ထိုက်ဟောက်ထက် များစွာ နောက်ကျလေသည်။ သို့သော် … သူတို့ (၂)ယောက်က ရင်းနှီးသူများဖြစ်ကြပြီး ညီရင်းအစ်ကိုပမာ ဖြစ်ကြသည်။ ထို့ကြောင့် ရှောင်းဟောင်က ထိုက်ဟောက်ကို နောင်တော်ဟု ခေါ်ခြင်း ဖြစ်၏။

ထို့ပြင်… ထိုက်ဟောက်က ရှေးခေတ်အချိန်အခါတွင် မွေးဖွားခဲ့သူဖြစ်ပြီး မူလနတ်ဘုရားခန္ဓာကို ပိုင်ဆိုင်သူဖြစ်သည်။ သူက စကြာဝဠာစတင်ဖြစ်တည်ကတည်းက တည်ရှိခဲ့သည့် ဧကရာဇ်တစ်ပါးဖြစ်လေ၏။

ချင်တိဧကရာဇ်သည်ပင်လျှင် ထိုက်ဟောက်၏သြဇာကို ကျော်လွန်နိုင်ခြင်း မရှိပေ။

ရှောင်းဟောင်က အငယ်ဖြစ်ပြီး ထိုသို့သောစကားပြောလိုက်သည့်အတွက် ထိုက်ဟောက်က ဒေါသထွက်သွားခြင်း မရှိပေ။

ထိုက်ဟောက်က…

"မကယ်ရင် သေကုန်မှာပေါ့ ၊ အရင်တုန်းက ကျုပ်သာမကယ်ခဲ့ရင် မင်းလည်း ခုချိန် သေနေလောက်ပြီ…"

ရှောင်းဟောင် စိတ်ထဲမှ ပြောလိုက်သည်။

"ကျုပ်က ဒီအဆင့်နိမ့်ကောင်တွေထက်တော့ သာပါတယ်ဗျာ ၊ နောင်တော်က ဒီလောက်မြင့်မြတ်ပြီး သက်ရှိတွေအားလုံးရဲ့ အထက်မှာရှိတာတောင် ဒီ သုံးလောကနဲ့ လူပြန်ဝင်စားခြင်းသံသရာမှာ လည်ကြမယ့် နတ်သေးနတ်မွှားတွေကို မျက်စိထဲ ထားနေသေးတယ်…"

နတ်သေးနတ်မွှားများဖြင့် နှိုင်းပြီးအပြောခံလိုက်ရသည့်အတွက် ရှောင်းဟောင် မကျေမနပ်ဖြစ်နေမိသည်။

ရှောင်းဟောင်၏ အတွေးများကို မသိသည့် ထိုက်ဟောက်ကတော့ တစ်ချက်ပြုံးလိုက်ရင်း စကားဆက်ပြောလေသည်။

"ကျုပ် လောကအလယ် လျှောက်သွားတော့ သတ္တဝါတွေထဲမှာ အနိမ့်အမြင့်ဆိုတာ မရှိဘူးလို့ သိလိုက်ရတယ် ၊ အဲဒီလိုသဘောထားလိုက်တော့ တစ်ယောက်ကိုတစ်ယောက် ကျေကျေနပ်နပ်ဆက်ဆံနိုင်ကြပြီး မိတ်ဆွေဖွဲ့နိုင်ကြတယ် ၊ ကျင့်ကြံခြင်းအဆင့်တွေကို ထည့်တွက်မနေကြတော့ဘူး ၊ ဆန်းလျန်ထျန်းကျွင်းလည်း အဲဒီအတိုင်းပဲလေ ၊ ဆန်းလျန်ကိုဆိုရင် အရင်တုန်းက မင်း ပုရွက်ဆိတ်လောက် သဘောထားခဲ့တာ မဟုတ်ဘူးလား…"

ရှောင်းဟောင်က နှာခေါက်းတစ်ချက်ရှုံ့လိုက်ရင်း…

"သူက ချင်တိဧကရာဇ်ရဲ့ ကံကြမ္မာကို ခိုးယူသွားခဲ့တာလေ ၊ မဟုတ်ရင် ဒီနေ့လိုအောင်မြင်မှုမျိုး ဘယ်ရလိမ့်မလဲ ၊ မဟုတ်ရင် ခုချိန် အတော်လေး ကံဆိုးနေလောက်ပြီ…"

ထိုက်ဟောက်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"မင်း လွန်ခဲ့တဲ့ရက်နည်းနည်းလောက်ကပဲ ချင်တိဧကရာဇ် လူပြန်ဝင်စားတဲ့သူနဲ့ တွေ့ခဲ့တယ်မဟုတ်လား ၊ ဆန်းလျန်က သူ့ကြံကြမ္မာကိုခိုးယူသွားလို့ အောင်မြင်မှုတွေရသွားတာလို့ အဲဒီလူကတောင် မတွေးဘူးလေ…"

ရှောင်းဟောင်က…

"နောင်တော်… ဘယ်လိုဖြစ်လို့ ဆန်းလျန်ဘက်က လိုက်ပြောပေးနေရတာလဲ…"

ထိုက်ဟောက်က တအံ့တသြဖြင့်…

"အလို… ကျုပ်က ဘယ်သူ့ဘက်ကမှ လိုက်ပြောပေးနေတာ မဟုတ်ရပါဘူးကွာ ၊ ဒါပေမဲ့ ဆန်းလျန်နဲ့ ရင်ဆိုင်ရရင်တော့ အနှေးနဲ့အမြန် ဒုက္ခလှလှတွေ့မှာပဲ…"

"နောင်တော်ရယ် ကျုပ်ရယ် ၊ ပြီးတော့ ဒီ အခြားဘက်ကမ်းက သင်္ဘောကြီးရယ်နဲ့ဆိုရင် ရွှမ်တုတောက်ကျွင်းတောင် ကျုပ်တို့ကို အနိုင်မယူနိုင်ဘူး ၊ ဆန်းလျန်နဲ့ မတိုက်ခိုက်ခင်ကတည်းက ကြိုပြီးကြောက်နေမှတော့ နောင်တော်က ဘယ်ဟုတ်တော့မှာလဲ ၊ ထားလိုက်တော့ အဲဒီအကြောင်းတွေ မပြောတော့ဘူး…"

ရှောင်းဟောင် မကျေမနပ်ဖြစ်နေမိလေသည်။

ထိုက်ဟောက်က…

"အခု ကမ္ဘာပျက်ကပ်ကြီးကလည်း နီးလာပြီ ၊ ဆန်းလျန်ကလည်း အတိတ်ကို ဖြတ်တောက်ထားတယ် ၊ ဒီတော့ အနာဂတ်မှာ ဘာဖြစ်လာမလဲ သိမြင်နိုင်ဖို့ သိပ်ခက်ခဲနေပြီ ၊ ကျုပ်နဲ့ သူမနဲ့ ဇာတ်လမ်းမပြတ်သေးဘူးလို့လည်း မင်း ထင်မနေနဲ့ဦး ၊ ဒီတော့ မင်း စိတ်အေးလက်အေးနေလို့ရတယ် ၊ ကဲ… သင်္ဘောကို မင်းတလဲ မောင်းလိုက်ဦး ၊ ကျုပ် လုပ်စရာလေးတစ်ခုရှိလို့…"

ရှောင်းဟောင်က ထိုက်ဟောက်နှင့် အငြင်းအခုံလုပ်မနေတော့ပေ။

သူ၏ခန္ဓာကိုယ်မှ နက်ရှိုင်းသည့်တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး အခြားဘက်ကမ်းမှ သင်္ဘောကြီးကို ဆက်လက်မောင်းနှင်လိုက်လေတော့သည်။

အခြားဘက်ကမ်းမှ သင်္ဘောကြီးက အဆုံးမရှိ စွမ်းအားမြင့်မားသည့်တိုင် အသက်ဓာတ်စွမ်းအားများကို အလွန်စုပ်ယူ စားသုံးလေသည်။ ထို့ကြောင့် သူနှင့် ထိုက်ဟောက်က သင်္ဘောကြီး၏ အသက်ဓာတ်စွမ်းအားစားသုံးမှုများကို တစ်ယောက်တလဲ ထိန်းချုပ်မောင်းနှင်ကြရသည်။

ထို့နောက် ထိုက်ဟောက်က စုချင်အမျိုးအစား ဗျပ်စောင်းတစ်လက်ကို ထုတ်ယူလိုက်သည်။  ထိုစုချင်အမျိုးအစားဗျပ်စောင်းတွင် ကြိုးပေါင်း (၅၀)ပါရှိလေသည်။

ထိုက်ဟောက်၏ ဖြူစင်လွန်းသည့်လက်သွယ်သွယ်တို့သည် စောင်းကြိုးများထက် ပြေးလွှားဆော့ကစားသွားပြီး လှပရှည်လျားသည့်သံစဉ်တစ်ခု ထွက်ပေါ်လာသည်။

သူတီးခတ်သည့် ဗျပ်စောင်းသံစဉ်ကို စကြာဝဠာတစ်ခွင်လုံးက ကြားနိုင်မည် ဖြစ်သည်။

ထိုက်ဟောက်တီးခတ်နေသည့်သံစဉ်က မည်သည့်သံစဉ်မှန်းမသိပေ။ သို့သော်… အေးချမ်းခြင်းကိုခံစားရစေပြီး မမြင်ရသည့် နူးညံ့သည့်စွမ်းအားတစ်ခုလည်း ပါဝင်လေသည်။

ထိုနူးညံ့သည့်စွမ်းအားက မငြိမ်မသက်ဖြစ်နေသည့် ကြယ်စင်များကို တဖြည်းဖြည်းဝန်းရံလိုက်ပြီး ဗလာနယ်ကို ငြိမ်သက်သွားစေသည်။ ထို့ကြောင့် စကြာဝဠာအတွင်း အန္တရယ်ဖြစ်နိုင်မှုများကို လျော့ကျသွားစေလေသည်။

တစ်ချိန်တည်းမှာပင် ဆန်းလျန်၏ ပျံသန်းကြယ်စင်တန်ခိုးစွမ်းအားများ ဖြတ်တောက်ခံလိုက်ရပြီး လူသားအသွင်ယူထားသည့် မိုးကောင်းကင်လမ်းစဉ်ကို ကြယ်စင်စွမ်းအားများဖြင့်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။

သာယာသည့် ဗျပ်စောင်းသံကို ဆန်းလျန် ကြားလိုက်ရလေသည်။

ဗျပ်စောင်းသံတွင် တိုက်ခိုက်လိုသည့်တန်ခိုးစွမ်းအားများ မပါရှိဘဲ ငြိမ်းချမ်းမှုဖြင့် ပြည့်နေလေသည်။ သို့သော်… ဆန်းလျန်၏ တိုက်ခိုက်မှုကိုတော့ အတော်လေး အနှောက်အယှက်ဖြစ်စေသည်။

ငြိမ်းချမ်းမှုများဖြင့် ပြည့်နက်နေသည့် အေးဆေးသည့် ဗျပ်စောင်းသံက ဆန်းလျန်ထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များကို လျော့နည်းသွားစေလေသည်။ သို့သော်… ထိုဗျပ်စောင်းသံက လူသားအသွင်ယူထားသည့် မိုးကောင်းကင်လမ်းစဉ်ကိုတော့ များစွာ အကျိုးရှိစေလေသည်။

ဆန်းလျန် စိတ်အာရုံတစ်ချက် ညွှတ်လိုက်သည်နှင့် ထိုဗျပ်စောင်းသံ မည်သည့်နေရာက ထွက်ပေါ်လာသည်ကို ချက်ချင်းသိလိုက်သည်။

သို့သော်… ယခုအချိန်တွင် ထိုက်ဟောက်ကို သွားပြီး ပြဿနာရှာ၍ မဖြစ်သေးပေ။

ထိုက်ဟောက်၏ မူလရည်ရွယ်ချက်ကိုက စကြာဝဠာကြီးတစ်ခုလုံး ငြိမ်းချမ်းအောင် ထိန်းသိမ်းရမည့် ရည်ရွယ်ချက် ဖြစ်လေရာ သူလုပ်သည့်အလုပ်ကို မှားယွင်းသည်ဟု မဆိုသာပေ။

ဆန်းလျန်၏ မျက်ဝန်းများ ရုတ်တရက်တောက်ပသွားသည်။

အေးချမ်းသည့် ဗျပ်စောင်းသံမှ နူးညံ့သည့်စွမ်းအားက အဝေးတစ်နေရာမှ တာအိုဆရာဆီသို့ ကျရောက်သွားလေသည်။

ထိုတာအိုဆရာတွင် အတွေးအာရုံများ မရှိပေ။

တာအိုဆရာက အင်္ကျီလက်ကို ဝှေ့ရမ်းလိုက်သည်။

ထိုအခါ တာအိုဆရာ၏အင်္ကျီလက်ထဲတွင် ချုပ်နှောင်ထားသည့် ကြယ်စင်များသည် သိပ်သည်းသည့်နတ်ဘုရားအလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ဆန်းလျန်၏ ခန္ဓာကိုယ်မှ ထွက်လာသည့်  ယင်နှင့်ယန် တန်ခိုးစွမ်းအားများကို ကြီးမားသည့်စွမ်းအားကြီးဖြင့် ရိုက်ချလိုက်လေတော့သည်။

ဆန်းလျန်မှာ ကြီးမားသည့် စွမ်းအားကြီးတစ်ခုဖြင့် ရိုက်ချခံလိုက်ရပြီး သူ့ပတ်ဝန်းကျင်မှ အရာရယတိုင်း ပြိုကျပျက်စီး သွားလေတော့သည်။

တစ်ချိန်တည်းမှာပင်… ထွက်ပေါ်နေသည့် ဗျပ်စောင်းသံသည်လည်း ရပ်တန့်သွားလေ၏။

အခြားဘက်ကမ်းမှ သင်္ဘောကြီးထက်တွင် ဗျပ်စောင်းတီးခတ်နေသည့် ထိုက်ဟောက်မှာတော့ ဗျပ်စောင်းထက်တွင် လက်များကိုတင်ရင်း မျက်နှာထက်တွင် သံသယများဖြင့် ပြည့်နက်လျှက် ရှိတော့သည်။

သူ ဆန်းလျန်၏ တည်ရှိမှုကို မခံစားရတော့ပေ။

ဆန်းလျန်ကဲ့သို့ ကြီးကျယ်မြင့်မြတ်သည့် နတ်ဘုရားတစ်ပါးက လူသားအသွင်ယူထားသည့် မိုးကောင်းကင်လမ်းစဉ်ကြောင့် ပျက်သုဉ်းရှုံးနိမ့်သွားရသည်မှာ ဖြစ်နိုင်ပါမည်လား။ မည်သို့မှ လက်မခံနိုင်သည့် ကိစ္စတစ်ခုပင် ဖြစ်လေသည်။

ရုတ်တရက် ထိုက်ဟောက်၏ စိတ်ထဲတွင် ဓားခြိမ်းသံတစ်ချက်ကို ကြားလိုက်ရသည်။ ထိုဓားခြိမ်းသံကြောင့် သူ၏ တာအိုနှလုံးသားတစ်ခုလုံး တုန်လှုပ်သွားရသည်။

ထိုဓားခြိမ်းသံက သူ့ကို တိုက်ခိုက်လာခြင်း မဟုတ်သည့်တိုင် သူ့စိတ်ကို တင်းတင်းကျပ်ကျပ် အခက်တွေ့အောင် ခံစားရစေသည်။

သူက စိတ်အာရုံညွှတ်လိုက်သည့်အခါ…  ဖော်ပြနိုင်စွမ်းမရှိသည့် နေရာတစ်ခုကို တွေ့ရှိလိုက်ရလေသည်။

ထိုနေရာတွင် အဖြူရောင်နှင့်အနက်ရောင်ဓားဝိညာဉ် (၂)ခု လင်းလက်နေပြီး ထိုဓားဝိညာဉ်များက လူသားအသွင်ယူထားသည့် မိုးကောင်းကင်လမ်းစဉ်၏ ခန္ဓာကိုယ်ကို တိတိကျကျ ဖြတ်တောက်ပစ်လိုက်လေတော့သည်။

တာအိုဆရာ၏ ခန္ဓာကိုယ် တုန်လှုပ်လျှက် ရှိပြီး မိုးကောင်းကင်လမ်းစဉ် မငြိမ်မသက်ဖြစ်နေလေသည်။

မိုးကောင်းကင်လမ်းစဉ်ဆိုသည်က ဘက်လိုက်မှုမရှိ ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာတရားကင်းမဲ့သူ ဖြစ်သည်။ ယခု မိုးကောင်းကင်လမ်းစဉ်က လူသားအသွင်ယူကာ ဆန်းလျန်နှင့် တိုက်ခိုက်လျှက်ရှိသည်။

ဆန်းလျန်၏ ထိုးထွင်းသိမြင်နိုင်စွမ်းဖြင့်ပင် မိုးကောင်းကင်လမ်းစဉ်၏ အပြစ်အနာအဆာနှင့် ဟာကွက်ကို  ရှာဖွေနိုင်ခြင်း မရှိခဲ့ပေ။

ဓားဖြင့် ပိုင်းဖြတ်ခံလိုက်ရပြီးသည်နှင့် တာအိုဆရာသည် မိုးကောင်းကင်လမ်းစဉ်အသွင် ပြောင်းလဲသွားပြီး အားနည်းချက်မရှိ ပြည့်စုံလွန်းလှလေသည်။

"ဒီဓားက မိုးကောင်းကင်ကိုတောင် ဖျက်စီးပစ်နိုင်တဲ့ ဓားဖြစ်တယ် ၊ ခင်ဗျား ဘယ်လိုထင်လဲ…"

ဆန်းလျန်၏အသံ ရုတ်တရက် ထွက်ပေါ်လာလေတော့သည်။

***

All Chapters