← Chapters

စိတ်အာရုံ

Vol. 10 Ch. 963

စိတ်အာရုံ

Vol. 10 Ch. 963

ထိုက်ဟောက်၏စိတ်က တည်ငြိမ်နေပြီး စိတ်အာရုံထဲတွင် ငယ်ရွယ်သည့် တာအိုဆရာတစ်ယောက် ပေါ်လာလေသည်။

ထိုတာအိုဆရာလူငယ်သည် လေပြေလေးအလားဖြစ်ပြီး သူ့ထံတွင် ကိလေသာမြူမှုံတစ်စက်ပင် ကပ်ငြိခြင်းကို မတွေ့ရပေ။

ထိုတာအိုဆရာလူငယ်က…

"တာအိုတရားအရဆိုရင် ဘယ်အရာမှ မမြဲပါဘူး ၊ ယင်နဲ့ယန်တောင်မှ  မတည်မြဲပါဘူး…"

ထိုက်ဟောက်၏ စိတ်ထဲတွင် ပေါ်လာသည့် တာအိုဆရာမှာ ဆန်းလျန် ဖြစ်လေသည်။

ဆန်းလျန်က ထိုက်ဟောက်ထံသို့ ဧည့်သည်အနေဖြင့်ရောက်လာခြင်း မဟုတ်ပေ။ ဆန်းလျန်က ထိုက်ဟောက်၏ စိတ်အာရုံထဲတွင် ရောက်ရှိနေပြီး အချိန်ကာလက နီးကပ်သည်လား ၊ ဝေကွာသည်လား မကွဲပြားပေ။ သို့သော်… ဆန်းလျန်ထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများကတော့ လေးလံလွန်းပြီး ထိုက်ဟောက်မှာ အသက်ရှူရပ်မတတ်ပင် ခံစားလိုက်ရသည်။

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"တာအိုရောင်းရင်းက တကယ့်ကို အံ့သြစရာပဲ ၊ တစ်ချက်ကြည့်လိုက်တာနဲ့ ကျုပ်ရဲ့ဓားကို ချက်ချင်းသိသွားတယ်…"

ထိုက်ဟောက်က သူ့ရင်ထဲမှ တုန်လှုပ်မှုကို အနည်းငယ် ငြိမ်သက်အောင် ကြိုးစားလိုက်ပြီး…

"ဒီဘက်ခေတ်မှာ တာအိုရောင်းရင်းအတွက် ဘာပြဌာန်းချက်မှ မရှိပါဘူး ၊ တာအိုဝါဒဆိုတာ လုံး၀ သဘာဝကျတဲ့ ဝါဒတစ်ခုပါ ၊ ဒါပေမဲ တာအိုဝါဒရဲ့ အနှစ်သာရကို သိရှိသူတွေကတော့ နည်းနည်းပဲရှိတယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး… ၊ တာအိုရောင်းရင်းက ယန် နဲ့ ယန်ကို အပြည့်အ၀ ထိန်းချုပ်နိုင်တယ်ဆိုတာ ကျုပ် အခု သိလိုက်ရပါပြီ…"

ဆန်းလျန်က…

"တကယ်က ဒီနေ့တိုက်ပွဲသာ မတိုက်ခိုက်ခဲ့ဘူးဆိုရင် ကျုပ်လည်း ဒီလိုအောင်မြင်မှုမျိုး ရမယ်မထင်ဘူး ၊ ပုံရိပ်ယောင်တွေကြားထဲမှာပဲ ပိတ်မိနေမှာ…"

ဆန်းလျန်က မိုးကောင်းကင်လမ်းစဉ်ကို အသလွတ်လာရောက်တိုက်ခိုက်သည့်အတွက် ဆန်းလျန်၏ ထိုက်ကျိကိုယ်ခွဲ ဓမ္မခန္ဓာပျက်စီးသွားသော်လည်း ယင်နှင့်ယန် ကိုတော့ အခြေခံကျစွာ ပြောင်းလဲမှုမရှိအောင် ထိန်းချုပ်နိုင်စွမ်းကို ရရှိခဲ့လေသည်။

ထို့ကြောင့် ဆန်းလျန်အနေဖြင့် တာအိုတရားကို ချဉ်းကပ်နိုင်ခြင်းအဆင့် ပိုမိုမြင့်မားသွားခဲ့သည်။

အရာရာတိုင်းတွင် အပေါင်းလက္ခဏာနှင့် အနှုတ်လက္ခဏာဟူ၍ ရှိသည်။ အပေါင်းလက္ခဏာအစွန်းရောက်သွားလျှင် အနှုတ်လက္ခဏာဖြစ်သွားမည်ဖြစ်ပြီး အနှုတ်လက္ခဏာအစွန်းရောက်သွားလျှင်လည်း အပေါင်းလက္ခဏာ ဖြစ်သွားပေမည်။

ဤသဘောသဘာဝက ဒြပ်စင် (၅)မျိုး၏ သဘောသဘာဝနှင့်ဆင်တူသည်ဟု ဆိုနိုင်သည်။ ဒြပ်စင်စွမ်းအား (၅)မျိုး အချင်းချင်း ထိန်းချုပ်ပြီး အသစ်သောဒြပ်စင်တစ်ခု ဖြစ်တည်စေသည့်အခါ ဓာတ်သဘောအရ ယင် နှင့် ယန်ကို ထုတ်လွှတ်ပေးလေသည်။ ထိုအခါ အဖိုဓာတ်ဖြစ်သည့် ယန်စွမ်းအားက အပေါင်းဓာတ်ဖြစ်ပြီး အမဓာတ်ဖြစ်သည့် ယင်စွမ်းအားက အနှုတ်ဓာတ်ဖြစ်ပေါ်လာသည်။

သို့သော်… ဆန်းလျန် ယနေ့ ယင်နှင့်ယန်ကို ထိန်းချုပ်သွားနိုင်ခြင်းက တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။

ဤသည်က ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို ကျင့်ကြံခဲ့သည့်အချိန်ကတည်းက သူ၏ ကျင့်စဉ်လမ်းအတွက် အခြေခံအုတ်မြစ်ချပေးခဲ့သည့် အရာများဖြစ်သည်။

ထို့ကြောင့် သူက ဒြပ်စင် (၅)မျိုး၏ ပြောင်းလဲမှုနှင့် ယင် နှင့် ယန် ပတ်သက်ဆက်နွယ်မှုကို နားလည်သဘောပေါက်ခြင်း ဖြစ်၏။ ထိုတာအိုတရားအပေါ် ဆန်းလျန်၏ နားလည်မှုက ခုံရွှမ်းထက်ပင် သာလွန်လေသည်။

ထို့ပြင်… ခုံရွှမ်းနှင့် နှစ်ပေါင်း (၅၀)ကြာအောင် တာအိုတရားဆွေးနွေးခဲ့ခြင်းကလည်း ဆန်းလျန်အတွက် အကျိုးအမြတ် များစွာ ရရှိခဲ့သည်။

ကံတရားကြောင့်လည်း ဆိုနိုင်သလို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ခြင်း၏ အသီးအပွင့်ကို ခံစားရသည်ဟုလည်း ဆိုနိုင်သည်။

ထိုက်ဟောက်က ဆန်းလျန်၏ အတိတ်အကြောင်းများကို အဘယ်မှာ သိနိုင်ပါမည်နည်း။ သူက ဆန်းလျန်၏ တန်ခိုးစွမ်းအားကိုသာ တွေ့မြင်ပြီး အံ့သြမှင်တက်နေမိခြင်းဖြစ်သည်။

ထို့ပြင်… ထိုက်ဟောက်၏ သိမြင်နိုင်စွမ်းဖြင့်ဆိုလျှင် သက်သေပြရန်ခက်ခဲသည့် ထူးခြားသည့်အရာတစ်ခုကိုလည်း သူ တွေ့ရှိခဲ့လေသည်။

ဆန်းလျန်သည် လက်ရှိတွင် ဟွင့်ယွမ်ဝူကျီအဆင့်ဖြစ်သည့်တိုင် ဆန်းလျန်ထံတွင် ဟွင့်ယွမ်ဝူကျီအဆင့်ထက် လေးနက်ပြင်းထန်သည့် တန်ခိုးစွမ်းအားတစ်ခုကို ခံစားမိခြင်း ဖြစ်သည်။ ထိုတန်ခိုးစွမ်းအားက အကန့်အသတ်မရှိသလို အဆုံးလည်း မရှိပေ။

အမှန်တော့ ဆန်းလျန်ကိုယ်တိုင်လည်း သူ့ကိုယ်သူ အနည်းငယ် အံ့အားသင့်ခဲ့ရသည်။

သူက ဟွင့်ယွမ်ဝူကျီအဆင့်ရှိသည့် ထိုက်ကျိကိုယ်ခွဲကို အသုံးပြုပြီး မိုးကောင်းကင်လမ်းစဉ်ကို တိုက်ခိုက်ခဲ့ပြီးသည့်နောက် သူ၏ ပင်မ မူလဝိညာဉ်ခန္ဓာမှာ ဝိညာဉ်စွမ်းများ အနည်းငယ် မြင့်တက်လာခဲ့သည်။

ထိုအချက်က အလွန်နူးညံ့သိမ်မွေ့လွန်းလှပြီး အဘယ်ကြောင့်ထိုသို့ဖြစ်ရသည်ဆိုသည့် လမ်းကြောင်းကိုပင် ရှာဖွေရန် ခက်ခဲသည်။ ထိုသို့သော တိုးတက်မှုက အလွန်တန်ဖိုးရှိလွန်းလှသည်။

တစ်ချိန်တည်းမှာပင်… ဆန်းလျန်က ယိချီစန်းချင်တန်ခိုးစွမ်းအားနှင့် သုံးခန္ဓာဖြတ်တောက်ပညာကို ချက်ချင်းနားလည် အသုံးပြုနိုင်စွမ်း ရှိသွားလေ၏။

တာအိုဆရာသခင်ကြီး (၃)ပါးလုံးက လောကတွင် တရားအလင်းရရန် တူညီသည့်လမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြသူများ ဖြစ်သည်။ အဆုံးသတ်တွင်တော့ လောက၏ ပညာဉာဏ်က တစ်ခုတည်းပင် ဖြစ်သည်။

ထိုက်ဟောက် ဆန်းလျန်ကို စကားပြောလိုသော်လည်း သူ စကား မပြောနိုင်ခင်မှာပင် ဆန်းလျန်က လက်ချောင်းနှစ်ချောင်းဖြင့် ထိုးညွှန်လိုက်လေရာ ဓားဝိညာဉ်ထွက်ပေါ်လာပြီး ထိုက်ဟောက်ကို ထိုးချိန်ထားလိုက်သည်။

ထိုဓားဝိညာဉ်က ထိုက်ဟောက်၏ စိတ်အာရုံတစ်ခုလုံးကိုပင် ပျက်စီးသွားစေနိုင်သည်။

ထိုအချိန် အခြားဘက်ကမ်းမှ သင်္ဘောကြီးတစ်နေရာတွင် သုံးမြှောင့်ဆေးအိုးတစ်လုံးမှ အလင်းရောင်များ တောက်ပလာလေသည်။

ထိုသုံးမြှောင့်ဆေးအိုးက သင်္ဘောပေါ်မှ ထိုက်ဟောက်၏နတ်ဘုရားခန္ဓာကို ချက်ချင်းပင် စုပ်ယူလိုက်ပြီး တစ်ချိန်တည်းမှာပင် ဝိညာဉ်စွမ်းအားများ အဆုံးမရှိသည့် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာကာ ဆန်းလျန်၏ ဓားဝိညာဉ်ကို ယှဉ်ပြိုင်တိုက်ခိုက်လိုက်သည်။

ဓားဝိညာဉ်၏အလင်းရောင်က လင်းလက်တောက်ပနေပြီး အဆုံးမရှိသည့် အသက်ဓာတ်စွမ်းအားများနှင့် ပြည့်ဝလျှက် ရှိသည်။

ဆန်းလျန်က…

"လက်စသတ်တော့ စကြာဝဠာသုံးမြှောင့်ဆေးအိုးက တာအိုရောင်းရင်းဆီမှာ ရှိနေတာကိုး…"

ဆန်းလျန်၏ စကားကိုကြားသည်နှင့် ထိုက်ဟောက် စိတ်ဆင်းရဲသွားပြီး သူ့ရင်ထဲတွင် ကြောက်ရွံ့မှုများ ကြီးထွားလာသည်။

ဆန်းလျန်၏ ဓားဝိညာဉ်အလင်းတန်းများက အကန့်အသတ်မဲ့နေပြီး ဓားတစ်ချောင်း ထင်ရှားဖြစ်တည်လာသည်။ ထိုက်ဟောက်၏ စိတ်အာရုံတစ်ခုလုံး ဓားရိပ်များနှင့် ပြည့်နက်လျှက် ရှိလေ၏။

ဓားချင်းရိုက်ခတ်မိသံက တေးဂီတသံအလား အခြားဘက်ကမ်းမှ သင်္ဘောကြီးပေါ်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သင်္ဘောကြီးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တုန်လှုပ်နေလေသည်။

သင်္ဘောပေါ်တွင်ရောက်နေကြသည့် နတ်ဘုရားများ ၊ နတ်မိစ္ဆာများမှာ သင်္ဘောကြီးပျက်စီးသွားတော့မည်ဟုပင် ထင်မှတ်မိကြသည်။

နောက်ဆုံးတော့ စကြာဝဠာသုံးမြှောင့်ဆေးအိုး၏ စုပ်ယူခြင်းကို ခံလိုက်ရသည့် ထိုက်ဟောက် ဆေးအိုးထဲမှ ပြန်ထွက်လာလေသည်။

ထိုက်ဟောက်က စကြာဝဠာသုံးမြှောင့်ဆေးအိုးကို စိုက်ကြည့်နေစဉ်မှာပင် ဆေးအိုးထက်တွင်ဓားချက်တစ်ချက် ပေါ်လာလေ၏။ ထိုဓားချက်က သူ့ကို အကြီးအကျယ် စိတ်ဓာတ်ကျသွားစေသည်။

စကြာဝဠာသုံးမြှောင့်ဆေးအိုး၏ မူလပိုင်ရှင်မှာ နွီဝါးနတ်သမီးဖြစ်သည်။ နောက်ပိုင်းမှ ထိုက်စန့်လောင်ကျွင်းထံသို့ ရောက်ရှိလာခြင်း ဖြစ်၏။

ထိုက်ဟောက်က စကြာဝဠာသုံးမြှောင့်ဆေးအိုးကို အခြားဘက်ကမ်းမှ သင်္ဘောကြီး၏ အဓိကမဏ္ဍိုင်အဖြစ် အသုံးပြုထားခြင်း ဖြစ်သည်။

စကြာဝဠာသုံးမြှောင့်ဆေးအိုးက ထိပ်တန်းအဆင့် မှောင်ဝင်ပစ္စည်းဖြစ်သည့် ထိုက်ချိယင်ယန်ပန်းချီကားကိုမမီသည့်တိုင် အလွန်ရှားပါးသည့် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်လေသည်။

ဆန်းလျန်ထျန်းကျွင်း၏ ဓားဝိညာဉ်က အလွန်ထက်မြက်ပြီး အစွန်းရောက်လေရာ မမျှော်လင့်စွာပင် စကြာဝဠာသုံးမြှောင့်ဆေးအိုးတွင် ဓားရာတစ်ချက် ထင်ကျန်သွားပြီ ဖြစ်သည်။

ထိုအချိန် သူ့အနားသို့ ရှောင်းဟောင်ရောက်လာလေသည်။

သူက စကြာဝဠာသုံးမြှောင့်ဆေးအိုးထက်မှ ဓားချက်ကိုတစ်ချက်ကြည့်လိုက်ပြီး…

"သူက စကြာဝဠာသုံးမြှောင့်ဆေးအိုးကိုတောင် ပျက်စီးသွားအောင်လုပ်နိုင်တယ်… ဟုတ်လား…"

ထိုက်ဟောက် မည်သည့်စကားမှ မပြောတော့ဘဲ မချိပြုံးတစ်ချက်သာ ပြုံးလိုက်မိတော့၏။

…………………

ဆန်းလျန် ထိုက်ဟောက်၏ စိတ်အာရုံထဲမှ ထွက်ခွာသွားလေသည်။

သူ့ကိုကြည့်ရသည်မှာ အားနည်းနေဟန်ရှိပြီး ဘာမှမကျနတော့သလိုပင် ဖြစ်နေသည်။ ယခု သူ၏ ဝိညာဉ်စွမ်းအားများသည် လောကနတ်ဘုရားတစ်ပါးအဆင့်သာ ရှိတော့သည်။

မိုးကောင်းကင်လမ်းစဉ်နှင့် စကြာဝဠာသုံးမြှောင့်ဆေးအိုးကို တိုက်ခိုက်ပြီးနောက် ထိုသို့ဖြစ်သွားခြင်း ဖြစ်လေ၏။

ဆန်းလျန်က မိုးကောင်းကင်လမ်းစဉ် တစ်ခုလုံးကိ ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။

စကြာဝဠာအဆုံးမသတ်သေးခင်ကာလတွင် မိုးကောင်းကင်လမ်းစဉ်သည် သူ၏စွမ်းအားအပြည့်ကို သုံးနိုင်တော့မည် မဟုတ်ပေ။

ထို့ပြင်… မိုးကောင်းကင်လမ်းစဉ်က အချိန်ရေစီးကြောင်းထဲတွင် သူ၏တန်ခိုးစွမ်းအားများကို ခွဲခြားထားသေးသည်။ တာအိုဆရာသခင်ကြီး (၈)ပါး၏ ပုံရိပ်ယောင်အဖြစ် မိုးကောင်းကင်လမ်းစဉ်၏ဖြစ်တည်မှုက ပြောင်းလဲထားပြီး လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းကျော်က ဆန်းလျန်သည် အချိန်ရေစီးကြောင်းတစ်လျှောက် ထိုတာအိုဆရာသခင်ကြီးများ၏ ပုံရိပ်ယောင်များနှင့် တိုက်ခိုက်နေခဲ့ရဖူးလေသည်။

ထို့ပြင် အချိန်ရေစီးကြောင်းတစ်လျှောက်တွင် အခြားတည်ရှိမှုတစ်ခု ရှိနေသေးသည်ကိုလည်း ဆန်းလျန် အာရုံခံစားမိသည်။ ကျွမ်ကျိုး အိပ်မက်ထဲတွင် လိပ်ပြာလေးဖြစ်သွားသည့် "အရုဏ်ဦးအိပ်မက်ရွာ" ကဲ့သို့ ခံစားချက် ဆန်းလျန်၏ စိတ်ထဲတွင် မွေးဖွားဖြစ်တည်လာခြင်း ဖြစ်သည်။

အမှန်နှင့်အမှား ၊ အမှားနှင့်အမှန် အရာအားလုံးကို ဆန်းလျန် ရှင်းလင်းကြည်လင်စွာ နားလည်လျှက် ရှိလေသည်။

***

နတ်ဆိုးနယ်မြေ …

ဆန်းလျန်စိုက်ထူထားခဲ့သည့် အထိမ်းအမှတ်ကျောက်စာတိုင်၏ အနောက်ဘက်တွင် နတ်ဆိုးနန်းတော်ကြီးတစ်ခု ရှိနေလေသည်။

လေအေးများက တိုက်ခတ်နေပြီး နတ်ဆိုးနယ်မြေတွင် နေထိုင်ကြသည့်သတ္တဝါများသည် ထိုသို့ ရက်စက်ကြမ်းတမ်းသည့် ရာသီဥတုနှင့်အသားကျနေကြပြီဖြစ်သည်။

ထိုအချိန်မှာပင်…  နတ်ဆိုးနန်းတော်ထဲတွင်ရှိနေသည့် နတ်ဆိုးများမှာ နန်းတော်တစ်ခုလုံး တုန်လှုပ်သွားသည်ကို ခံစားလိုက်ကြရသည်။

နတ်ဆိုးနန်းတော်၏ အတွင်းဘက် နက်ရှိုင်းသည့်နေရာတွင် အနက်ရောင်မိစ္ဆာတိမ်တိုက်များ စုဝေးနေပြီး လှည့်ပတ်နေကြသည်။

မိစ္ဆာတိမ်တိုက်များကို ကြည့်လိုက်မိသည့် မည်သည့်သတ္တဝါမဆို ချက်ချင်းပင် မူးဝေလာပြီး အော့အန်ကုန်ကြလေသည်။ ထို့နောက်… တန်ခိုးစွမ်းအားပြင်းထန်မှုကို မခံစားနိုင်ကြဘဲ ဒွာရ (၇)ပေါက်မှ သွေးများ ယိုစီးလာကြလေ၏။

မိစ္ဆာတိမ်တိုက်များ၏အနီးတွင်ရှိနေသည့် နတ်ဆိုးအစောင့်စစ်သည်များဆိုလျှင် ယခင်ကရှိခဲ့ဖူးသည့် ခမ်းနားဝင့်ထည်မှုများ မရှိကြတော့ဘဲ ချက်ချင်းပင် ခြောက်သွေ့ပုပ်ဆွေးသွားကြတော့သည်။

မိစ္ဆာတိမ်တိုက်များ၏အတွင်းဘက် အနက်ရှိုင်းဆုံးနေရာတွင် မိန်းကလေးတစ်ယောက် တင်ပျဉ်ခွေထိုင်နေလေသည်။ သူမ၏အသားအရေက ဖန်သားကဲ့သို့ ကြည်လင်နေပြီး ခြစ်ရာစင်းရာတစ်ခုမှ မရှိဘဲ နှင်းပွင့်အလား ဖြူစင်လွန်းလှသည်။

သူမ၏ ခန္ဓာကိုယ်တွင်းမှ အရိုးများကို တွေ့မြင်နေရပြီး ထိုအရိုးများက ကျောက်စိမ်းရတနာအလား ဖြူစင်လွန်းလှ၏။

သူမက နတ်ဆိုးနယ်မြေ၏ ဘုရင်မ 'ချိ' ဖြစ်လေ၏။ သူမသည် မိစ္ဆာလမ်းစဉ်ကိုလိုက်ရန် မွေးဖွားလာသူဖြစ်ပြီး အတိတ်နှင့်ပစ္စုပ္ပန်ကို ဖြတ်တောက်သည့် ကျင့်စဉ်ကိုကျင့်ကြံရန် အထုံပါရမီပါသူ ဖြစ်သည်။

နှစ်ပေါင်း (၅၀)အတွင်း လောကတွင် အင်အားအကြီးမားဆုံး ၊ အထင်ရှားဆုံး မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့သူဖြစ်ပြီး  အတိတ်တစ်ချိန်က သွေးနီရောင်ပင်လယ်မှ အသူရာမျိုးနွယ်များထက်ပင် သူမက သာလွန်လေသည်။

'ချိ' က သူမ၏ မျက်လုံးများကို မှေးမှိတ်ထားသည်။ သူမ၏ မျက်နှာအမူအရာက အေးစက်နေပြီး မျက်နှာထက်တွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။

သူမ၏ပုံစံက လုံးလုံးလျားလျား မိစ္ဆာဆန်လှသည်တော့ မဟုတ်ပေ။ သူမ၏ လှပချောမွေ့သည့်ခန္ဓာကိုယ်တွင် မထင်ရှားသည့် နတ်ဘုရားစွမ်းအားများလည်း စီးဆင်းနေလေသည်။ သူမကို ကြည့်မိသူတိုင်း မော်မဖူးရဲလောက်အောင် ကြောက်ရွံ့မိကြမည် ဖြစ်သည်။

သူမ၏စိတ်အာရုံက ကောင်းကင်ဘုံကိုးထပ်အထက်သို့ လွင့်ပျံသွားပြီး သတ္တဝါများအားလုံးကို ငုံ့ကြည့်နေလေသည်။

အနက်ရောင်မိစ္ဆာတိမ်တိုက်များက ပိုပြီး မြန်မြန်ဆန်ဆန် လှည့်ပတ်နေပြီး 'ချိ' ၏ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်ပေါ်လာသည်။

အလင်းရောင်များက လှိုင်းများထနေပြီး နတ်ဆိုးနန်းတော်အပြင်ဘက်ထိ ပျံ့နှံ့ထွက်ပေါ်လာလေသည်။

အနက်ရောင်မိစ္ဆာတိမ်တိုက်များ၏ အရိပ်အငွေ့များသည် နတ်ဆိုးနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းထားလေ၏။

နတ်ဆိုးနယ်မြေမှ သတ္တဝါများသည် တိမ်တိုက်များထဲမှ လင်းလက်တောက်ပမှုကိုခံစားခဲ့ကြရပြီး နတ်ဆိုးဘုရင်မ၏ ကြီးမြတ်မှုကို သူတို့နှလုံးသားထဲမှ အလေးအမြတ်ပြုချီးမွမ်းခဲ့ကြသည်။

နတ်ဆိုးများ၏ ချီးမွမ်းခြင်းမှ များစွာသော ယုံကြည်မှုတန်ခိုးစွမ်းအားများထွက်ပေါ်လာပြီး မိစ္ဆာတိမ်တိုက်များနှင့် ပေါင်းစပ်သွားသည်။

'ချိ' ၏ မြင့်မြတ်သည့် မိစ္ဆာခန္ဓာသည် ထိုယုံကြည်မှုတန်ခိုးစွမ်းအားများကိုစုပ်ယူလိုက်ပြီး ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာလေသည်။

ပြောင်းလဲမှုက ကြီးမားသည့်တန်ခိုးစွမ်းအားများကို ဖြစ်တည်စေပြီး 'ချိ' ၏ အရိုးများ တုန်လှုပ်လာကြသည်။

အရိုးများထဲမှ မရေမတွက်နိုင်အောင် သေးငယ်သည့် မော်လီကျူးအမှုံလေးများသည် ပြင်ပလောကမှ အသက်ဓာတ်စွမ်းအားများကို အငမ်းမရ စုပ်ယူနေပြီး အသစ်ပြန်လည်ဖြစ်တည်လာကြသည်။ 'ချိ' ၏ အရိုးများသည် အသစ်သောအရိုးများအဖြစ် ပြောင်းလလြာကြလေသည်။

အရိုးများပြောင်းလဲသွားသည်နှင့် သွေးသားများကလည်း စတင်ပြောင်းလဲလာတော့သည်။ သွေးများသည် အနီရောင်မှ အပြာနုရောင်သို့ ပြောင်းလဲသွား၏။ ကြည်လင်သည့်မိုးကောင်းကင်အလားပင် ထင်မှတ်ရလေသည်။

အပြာနုရောင်သွေးများ 'ချိ' ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေပြီး  ထူးဆန်းစွာပင် အဆုံးမရှိ လှည့်ပတ်လျှက် ရှိသည်။ သေးငယ်သည့် မော်လီကျူးအမှုံလေးများ၏ သက်ရောက်မှုကြောင့် အရိုးနှင့် အသွေးအသားများ အဆက်မပြတ် အသစ်ပြန်လည်ဖြစ်တည်လာလေတော့သည်။

***

All Chapters