မိုးတိမ်တွေရဲ့ အထက်က နတ်ဘုရားတွေက လူသားလောကက သက်ရှိတွေကို ဂရုစိုက်ပါ့မလား
Vol. 64 Ch. 832
"ဟမ် ! ငါတို့ အမတနယ်မြေကို သစ္စာဖောက်ဖို့ ရွေးချယ်ခဲ့ကတည်းက ဒီနေ့လို ရလဒ်မျိုး ဖြစ်လာမယ်ဆိုတာ မင်း သိသင့်တယ်!"
"မင်းရဲ့ အနာဂတ်ခန္ဓာနဲ့ အတိတ်ခန္ဓာတွေကို တစ်ပြိုင်နက်တည်း ခေါ်ယူလိုက်ရင်တောင်မှ အချည်းနှီးပဲ ဖြစ်မှာပဲ “
ဖော့ကျွင်းဘိုးဘေး ၏ လေသံသည် အေးစက်လွန်းသည်။ တစ်ချိန်တည်းမှာပင် ၊ သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြီးကျယ်ခမ်းနားသော အမတစွမ်းအားများကို ထုတ်ဖော်လိုက်သည်။
အနာဂတ်ခန္ဓာ သူ့မှာလည်း မရှိတာကြလို့ !
ဝုန်း!
ဖိနှိပ်စွမ်းအားများသည် နယ်မြေအရပ်ရပ်သို့ ပျံ့နှံ့သွားပြီး အချိန်မြစ် တစ်ခုလုံးကို အရူးအမူး ပွက်ပွက်ဆူသွားစေသည်။
ထိုအချိန်မြစ်အတွင်းမှ မတူညီသော အချိန်နှင့် အာကာသနယ်မြေများမှ လာသည့် အချိန်ဥမင်လိုဏ်ခေါင်းများစွာ ပေါ်ထွက်လာပြီး မြစ်မကြီးသဖွယ် ပေါင်းစည်းသွားကြသည်။
ထိုနေရာရှိ လွင့်ပျံနေသော အချိန်နှင့် အာကာသ အပိုင်းအစများသည် မရေမတွက်နိုင်သော ခေတ်ကာလများ၏ အမှတ်အသားများအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
ထိုစဉ် ထူးခြားသော နတ်အလင်းတန်းတစ်ခု လျှပ်တပြတ် ဝင်းလက်သွားသည်နှင့်အမျှ ၊
ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုသည် အချိန်မြစ်အတွင်းသို့ ဆင်းသက်လာပုံရသည်။ ဤသည်မှာ ဖော့ကျွင်းဘိုးဘေး၏ အနာဂတ်ခန္ဓာမှ လာသော စွမ်းအားပင် ဖြစ်သည်။
၎င်း၏ ပုံသဏ္ဍာန် မထွက်ပေါ်လာသေးမီမှာပင်၊ ၎င်းမှ ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် ထျန်းယန် အမတဧကရာဇ်မင်းထက် များစွာ သာလွန်နေပြီဖြစ်သည်။
ထျန်းယန် အမတဧကရာဇ်မင်းအနေဖြင့် တုံ့ပြန်ရန် အချိန်မရမီမှာပင် ၊ ကောင်းကင်ဘုံ၏ မျက်လုံးကဲ့သို့သော မျက်လုံးတစ်လုံးသည် အချိန်နှင့် အာကာသ မြစ်ထဲတွင် ရုတ်တရက် ပွင့်လာခဲ့သည်။
ဝုန်း!
အကြည့်တစ်ချက်မျှဖြင့်ပင် ထျန်းယန် အမတဧကရာဇ်မင်း မှ ဖန်တီးထားသော အတိတ်ခန္ဓာ နှင့် အနာဂတ်ခန္ဓာတို့သည် တစစီ ကြေမွကာ ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားခဲ့သည် ။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....."
ပြင်းထန်လှသော တန်ပြန်သက်ရောက်မှုကြောင့် ထျန်းယန် အမတဧကရာဇ်မင်း၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်ကျလာသည်။ သူ၏ အသက်ရှူသံမှာ အားနည်းနေဟန် ရပြီး ၊ သူသည် တုန်ရီနေသော အသံဖြင့် ဆိုလိုက်သည်။
"မင်းရဲ့ နောင်တစ်ချိန် အောင်မြင်မှုက ဒီလောက်တောင်လား….”
ယခုလက်ရှိတွင် သူနှင့် ဖော့ကျွင်းဘိုးဘေးကြား၌ ကွာဟချက်ရှိသော်လည်း ထိုမျှလောက် မကြီးမားပေ။
သို့သော် ဖော့ကျွင်းဘိုးဘေး၏ အနာဂတ်ခန္ဓာ ရောက်ရှိလာချိန်တွင် ၊ ၎င်းသည် အကြည့်တစ်ချက်တည်းဖြင့် သူ၏ ခန္ဓာများကို ချေမှုန်းပစ်နိုင်ခဲ့သည်။
ဖော့ကျွင်းဘိုးဘေးသည် အနာဂတ်တွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားမည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်မှာ ဖော့ကျွင်းဘိုးဘေးသည် ကွေးယွမ်အမတဂိုဏ်း၏ သာမန် ဘိုးဘေးတစ်ဦးမျှသာ ဖြစ်ပေသည်။
…….
ထျန်းယန်အမတဧကရာဇ်မင်း၏ အနာဂတ်ခန္ဓာနှင့် အတိတ်ခန္ဓာများ ပြိုကွဲပျက်စီးသွားသည်နှင့်အမျှ ၊
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အင်အားကို ထိန်းညှိပေးထားသည့် အမတရင်းမြစ် စွမ်းအားသည် လျင်မြန်စွာ ခန်းခြောက်လာခဲ့သည်။
တောက်!
ရွှေရောင် သွေးစက်များသည် ပါးစပ်ထဲမှ ထိန်းမနိုင်သိမ်းမရ စီးကျလာသည်။
သူ၏ ထျန်းချန်လမ်းစဉ်ဂိုဏ်း သည် လုံးဝ ဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်ကြောင်း သူ သိလိုက်သည်။ ၎င်းသည် ခေတ်ကာလ၏ ဖုန်မှုန့်များအဖြစ်သာ ကျန်ရစ်တော့မည်ဖြစ်ပြီး ၊ အမတနယ်မြေတစ်ခုလုံး၏ ရွံရှာစက်ဆုပ်ခြင်းကို ခံရသော ရာဇဝတ်ကောင်နှင့် လက်အောက်ခံခွေးများအဖြစ် သမိုင်းတွင်ပေတော့မည်။
ဝမ်းနည်းကြေကွဲမှုနှင့်အတူ သူ၏ ရင်ထဲတွင် မကျေချမ်းမှုများက ပို၍ ပြင်းထန်နေသည်။
ထိပ်တန်း အမတဧကရာဇ်မင်း တစ်ဦးအနေဖြင့် သူသည် ကမ္ဘာ့ကပ်ဘေးစစ်ပွဲကို ဖြတ်ကျော်ခဲ့ပြီး၊ နှစ်ကာလများစွာအတွင်း အန္တရာယ်ပေါင်းစုံကို ရင်ဆိုင်ကာ ထျန်းချန်လမ်းစဉ်ဂိုဏ်းကို ဆုတ်ယုတ်မှုမှ တောက်ပသည့် အဆင့်အထိ၊ နောက်ဆုံး အမတနယ်မြေ၏ ထိပ်တန်းအင်အားစု ဖြစ်လာသည်အထိ တည်ဆောက်ခဲ့သူ ဖြစ်သည်။
သို့သော် ယခုအခါ ဤကိစ္စကြောင့် အရာအားလုံးမှာ အချည်းနှီး ဖြစ်သွားခဲ့ရပြီး၊ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သော ဂိုဏ်းအမွေအနှစ်သည် ယခုအချိန်တွင် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရချေပြီ။
"ထျန်းယန်... မင်း နောက်ဆုံးအကြိမ် ပြောချင်တာရှိသေးလား”
ဖော့ကျွင်းဘိုးဘေး က တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။
"ဟားး.... ဖော့ကျွင်း.... မင်းလည်း အခုငါ့ကို ကြည့်ပြီး အရမ်း ရယ်ချင်စရာကောင်းတယ်လို့ ထင်နေမှာပဲ ဟုတ်တယ်မလား”
ထျန်းယန်အမတဧကရာဇ်မင်းက မိမိကိုယ်ကိုယ် လှောင်ပြောင်သည့်အပြုံးဖြင့် ဆိုလိုက်သည်။
"စဉ်းစားကြည့်စမ်း.... ငါဟာလည်း အမှောင်ထုစစ်ပွဲကာလတုန်းက သက်ရှိသားတိုင်းအတွက် အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့ဖူးသူပဲ.... မျှော်လင့်ချက် ရောင်ခြည်လေး တစ်မျှင်အတွက်နဲ့ပေါ့....."
"ဒါပေမဲ့.... ဘယ်အချိန်ကစခဲ့လဲ မသိဘူး.... ဖြောင့်မတ်တဲ့ စိတ်ဓာတ်တွေနဲ့ ပြည့်နှက်နေရမယ့် ငါ့နှလုံးသားဟာ လုံးဝ ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ရတယ်..... နောက်ဆုံးတော့ ငါ့ရဲ့ ယုံကြည်ချက်တွေကို ငါကိုယ်တိုင်ပဲ သစ္စာဖောက်ခဲ့မိတယ်.... ငါကာကွယ်ခဲ့တဲ့ အမတနယ်မြေကိုလည်း ငါကိုယ်တိုင် သစ္စာဖောက်ခဲ့မိတယ်....."
"ဘာလဲ… အခုမှ နောင်တရနေတာလား”
ဖော့ကျွင်းဘိုးဘေးက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"နောင်တ.....?"
"မဟုတ်ဘူး....."
ထျန်းယန်အမတဧကရာဇ်မင်းသည် ဒဏ်ရာများ ရရှိထားသော ခန္ဓာကိုယ်ကို အားတင်းထားရင်း ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်မိတယ်.... ငါထျန်းယန်ဟာ အမတနယ်မြေအပေါ်မှာ ….သက်ရှိသားတိုင်းရဲ့ အပေါ်မှာ အမှားလုပ်ခဲ့တာ မှန်ပေမဲ့.... ငါ့ရဲ့ ဂိုဏ်းသားတွေ၊ ငါ့ရဲ့ ညီအစ်ကိုတွေ အပေါ်မှာတော့ လိပ်ပြာလုံတယ်”
"နောက်တစ်ကြိမ် ပြန်ရွေးချယ်ခွင့်ရခဲ့မယ်ဆိုတောင်.... ထျန်းချန်လမ်းစဉ်ဂိုဏ်းကို ဒီလမ်းကြောင်းအတိုင်း ဦးဆောင်သွားဖို့ ရွေးချယ်ဦးမှာပဲ!”
ထိုသို့ပြောရင်း ၊ သူ၏ လေသံသည် ပိုပို၍ ရူးသွပ်လာသည်။
"ငါတို့က ငါတို့ဂိုဏ်းရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းနိုင်ဖို့ပဲ ကြိုးစားခဲ့တာ … အဲ့တာ အပြစ်လား”
"အမတနယ်မြေကို ကာကွယ်ခဲ့တယ်.... သက်ရှိသားတိုင်းကို ကာကွယ်ခဲ့တယ်.... ဒါပေမဲ့ နောက်ဆုံးမှာ ငါအမြတ်နိုးဆုံး ထျန်းချန်လမ်းစဉ်ဂိုဏ်းကို ဆုံးရှုံးလိုက်ရမယ်ဆိုရင်.... အဲဒါက ဘာအဓိပ္ပာယ်ရှိဦးမှာလဲ”
ဝုန်း! !
ကြီးကျယ်ခမ်းနားသော အမတစွမ်းအင် မုန်တိုင်းတစ်ခုသည် ထျန်းယန်အမတဧကရာဇ်မင်း၏ ခန္ဓာကိုယ်ထဲမှ ထပ်မံ ပေါက်ကွဲထွက်လာသည်။
ဤမြင်ကွင်းကို ကြည့်နေသော ဖော့ကျွင်းဘိုးဘေးသည် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် နောက်ဆုံးတိုက်ပွဲ ဆင်နွှဲရန် ဟန်ပြင်နေခြင်း မဟုတ်ဘဲ မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ပြင်ဆင်နေခြင်းကြောင့်သာ ဖြစ်သည်။
သူ၏ မူလစိတ်ဝိညာဉ် နှင့် သွေးအနှစ်သာရ အားလုံးတို့သည် ဤအခိုက်အတန့်တွင် အပြီးတိုင် လောင်မြိုက်သွားခဲ့ပြီ ဖြစ်သည်။
အမတနယ်မြေ၏ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးအဖြစ် အမတဧကရာဇ်မင်းတိုင်းတွင် ကိုယ်ပိုင်မာန်မာန ရှိတတ်ကြသည်။
ယခု သေခြင်းတရားသည် မလွဲမသွေ ဖြစ်လာတော့မည် ဖြစ်သောကြောင့် ၊ ထျန်းယန်အမတဧကရာဇ်မင်းအနေဖြင့် သူ၏ စစ်မှန်သော ကိုယ်ခန္ဓာကို အချိန်မြစ်၏ ထောင့်တစ်နေရာတွင် ဝှက်ထားလျှင်ပင် အသုံးဝင်တော့မည် မဟုတ်ချေ။
ဤတစ်ကြိမ်တွင် အင်အားစုကြီး နှစ်ခုသည် အမတနယ်မြေတစ်ခုလုံးကို ဒေါသထွက်စေခဲ့ရာ ၊ မရေမတွက်နိုင်သော အမတဧကရာဇ်မင်းများသည် အချိန်မြစ်ထဲသို့ ဆင်းသက်လာကာ သူတို့၏ စစ်မှန်သော ခန္ဓာကိုယ်ကို ရှာဖွေခဲ့ကြသည်။ ၎င်းကို သူတို့အားလုံး ရှာတွေ့သွားမည်မှာ အချိန်တစ်ခုသာ လိုအပ်တော့သည်။
"မင်းတို့ ကွေးယွမ်အမတဂိုဏ်းက အမြဲတမ်း မိုးတိမ်တွေရဲ့ အထက်မှာ ရှိနေခဲ့တာ..... ငါတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းကျတော့ မိုးတိမ်တွေအောက်က သာမန် လူသားတစ်ယောက်သာသာပဲ..."
ကွဲအက်သံများနှင့်အတူ ၊ ထျန်းယန်အမတဧကရာဇ်မင်း၏ ခန္ဓာကိုယ်သည် အမတအလင်းများနှင့်အတူ အက်ကွဲစပြုလာသည်။
သို့သော် သူ၏ နှုတ်ခမ်းထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေခဲ့သည် ။
"မိုးတိမ်တွေရဲ့ အထက်က နတ်ဘုရားတွေက.... လူသားလောကရဲ့ ဒုက္ခတွေကို ဘယ်သိပါ့မလဲ....”
"အမှောင်ထုက တစ်ကျော့ပြန် နိုးထလာဦးမယ်..... အဆုံးမဲ့ကပ်ဘေးကလည်း ထပ်ပြီး ရောက်လာဦးမှာပဲ..... အမတနယ်မြေရဲ့ အထက်လောကမှာ ရှိတဲ့ အန္တရာယ်ရှိတဲ့ တည်ရှိမှုတွေတောင် လူ့လောကမှာ ထွက်ပေါ်လာလိမ့်ဦးမယ်....."
"ငါ တကယ်ပဲ မျှော်လင့်မိတယ်.... တစ်ကျော့ပြန် ရောက်လာမယ့် ကပ်ဘေးတွေရှေ့မှာ မင်းတို့ ကွေးယွမ်အမတဂိုဏ်းကရော..... အမြင့်ကနေ အောက်ကို ပြုတ်ကျဦးမလား”
မူလသွေးအနှစ်သာရဖြင့် လောင်မြိုက်နေသော ထာဝရမီးတောက်များသည် ထျန်းယန်အမတဧကရာဇ်မင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝ ဖုံးလွှမ်းသွားသည်။
သူသည် ကောင်းကင်ကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည် ။
"ဟားဟားဟား..... မိုးတိမ်ထက်က နတ်ဘုရားတွေအနေနဲ့ လူသားလောကရဲ့ ဒုက္ခကို သိချင်ရင်တော့.... ဒါဆို မိုးတိမ်ထက်ကနေ အောက်ကို ပြုတ်ကျလာဖို့ပဲ ရှိတယ်!"
ရူးသွပ်သော အော်ဟစ်ရယ်မောသံကို ချန်ထားခဲ့ပြီးနောက်….
ထျန်းယန်အမတဧကရာဇ်မင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အပြီးတိုင် အက်ကွဲသွားပြီး၊ စိတ်ဝိညာဉ်နှင့်အတူ အငွေ့ပျံ ပျောက်ကွယ်သွားခဲ့လေသည်။
အချိန်မြစ်၏ တစ်နေရာတွင် ဝှက်ထားသော သူ၏ စစ်မှန်သော ခန္ဓာကိုယ်မှာလည်း အသက်ဓာတ် ကင်းမဲ့သွားကာ သမိုင်း၏ ရေစီးကြောင်းထဲမှ ပျောက်ကွယ်သွားခဲ့လေတော့သည်။
"ဟာသပဲ"
ကောင်းကင်ယံ၌ လွင့်ပျံနေသော အမတအလင်း အပိုင်းအစများကို ကြည့်ရင်း ၊ ဖော့ကျွင်းဘိုးဘေးသည် လှောင်ပြုံးတစ်ချက် ပြုံးလိုက်ကာ ထို့နောက် သူ၏ ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်သည်။
ဝုန်း!
အချိန်မြစ်အတွင်း နိယာမလှိုင်းလုံးကြီးများ ရုတ်တရက် ထကြွလာကာ ၊ ၎င်းတို့သည် ထျန်းယန်အမတဧကရာဇ်မင်း၏ ကျန်ရှိနေသော အငွေ့အသက်များကိုပါ လုံးဝ ဆေးကြော သန့်စင်ပစ်ခဲ့လေသည်။