ယွမ်မျဲ့ရှန်း
Vol. 64 Ch. 835
သွေးစွမ်းအင်များသည် ထိုကြယ်တာရာနယ်မြေ နှစ်ခုကို ဗဟိုပြုလျက် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်ရှိ ကြယ်တာရာနယ်မြေများကိုပင် သွေးရောင်လွှမ်းသွားစေသည်။
မရေမတွက်နိုင်သော အလောင်းများမှာ တစ်ခုနှင့်တစ်ခု စုပုံထက်နေပြီး၊ ပြင်းထန်သော နာကျည်းမှုအငွေ့အသက်များက ရုပ်လုံးပေါ်လာသည်အထိ သိပ်သည်းစွာဖြင့် ရှိနေသည်။
အမှောင်ထု မူလရင်းမြစ်ကမ္ဘာသည် ဤအခွင့်အရေးကို အသုံးချ၍ ကျူးကျော်လာမည်ကို စိုးရိမ်သဖြင့် အင်အားစုအသီးသီးမှ အမတဧကရာဇ်မင်းများ ပူးပေါင်းလက်တွဲခဲ့ကြသည်။
စကြဝဠာအနှံ့ ပျံ့နှံ့နေသော နာကျည်းမှုအငွေ့အသက်များကို ဖိနှိပ်ရန်အတွက် အစွမ်းထက်ဆုံး အမတ ဧကရာဇ်မင်း ခြောက်ပါးဖြင့် “ ထာဝရ အစီအရင်” ကို ဖန်တီးခဲ့ကြသည်။
သို့သော်ငြားလည်း ကျန်ရှိနေသော တိုက်ပွဲ၏ အရှိန်အဝါမှာလည်း ကြောက်မက်ဖွယ်ကောင်းနေဆဲပင် ဖြစ်သည်။
ထိုကြယ်တာရာနယ်မြေသည် သက်ရှိများ မဝင်ရောက်နိုင်သော “တားမြစ်နယ်မြေ” တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ နောင်နှစ်သန်းပေါင်းများစွာအထိ ပျက်စီးသွားသော အမတလမ်းစဉ် နိယာမတရား များမှာ ပြန်လည် ကောင်းမွန်လာမည်မဟုတ်သကဲ့သို့ မည်သည့်သက်ရှိမျှလည်း မွေးဖွားလာမည် မဟုတ်ချေ။
အမတဘုရင် အောက်အဆင့်ရှိ ကျင့်ကြံသူများအနေဖြင့် ထိုနေရာသို့ ဝင်ရောက်မိပါက၊ အနည်းဆုံး သတိလစ်သွားမည်ဖြစ်ပြီး အကယ်၍ အဆိုးဆုံးအခြေအနေတွင် နာကျည်းမှုများက ကိုယ်ထဲသို့ စီးဝင်ကာ အဆုံးမရှိသော အမှောင်ထုချောက်နက်ထဲသို့ ကျရောက်သွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော အင်အားစုများသည် ကွေးယွမ်အမတဂိုဏ်း၏ အင်အားကို နောက်တစ်ဖန် ထိတ်လန့်ခဲ့ရပြန်သည်။
ကွေးယွမ်အမတဂိုဏ်းသည် ဤတစ်ကြိမ်တွင် အမတဧကရာဇ်မင်း ငါးပါးကို လှုပ်ရှားစေခဲ့ပြီး ၊ သူတို့ တစ်ဦးချင်းစီတိုင်းသည် အလွန်အမင်း အစွမ်းထက်ကြသည်။
သတင်းများအရ ၊ ထိုအမတဧကရာဇ်မင်း ငါးပါးမှာ ကွေးယွမ်အမတဂိုဏ်းတွင် အစွမ်းအစ အနည်းငယ်မျှသာ ရှိသော ပုဂ္ဂိုလ်ဖြစ်သည်ဟု ကြားလိုက်ရသဖြင့် ၊ ယင်းက အခြားသော အင်အားစုများကို ပို၍ ထိတ်လန့်သွားစေခဲ့သည်။
ထို့အပြင် စူးချန်ကဲကြောင့် ကွေးယွမ်အမတဂိုဏ်း၊ တားမြစ်စူးမိသားစုနှင့် သံသရာအမတစက်ဝန်တို့ကြား ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ထားလေရာ ၊ ထိုကဲ့သို့ အစွမ်းထက်သော မဟာမိတ်အဖွဲ့ကို မည်သည့်အင်အားစုမျှ ယှဉ်နိုင်မည် မဟုတ်ချေ။
"ဟူး..... စူးချန်ကဲရဲ့ အရည်အချင်းနဲ့ အစွမ်းသတ္တိက အတော်လေး ကြီးမားတယ်လို့ ကြားတယ်..... နတ်ဘုရားလက်နက် အမတမျှော်စင် ခရီးစဉ်မှာတင် သူ့ရဲ့ စွမ်းဆောင်ရည်က အံ့မခန်းပဲ....."
"ပါရမီရှင်များစွာကို အပြတ်အသတ် အနိုင်ယူခဲ့သလို၊ ထျန်းယွမ်နတ်ဘုရားမင်းဆက်ရဲ့ ယွမ်ချန်ဟုန်ကိုလည်း သတ်ပစ်ခဲ့တယ်..... နောက်ဆုံး ဓားလမ်းစဉ်မှာ ထျန်းဟိုင်ဓားဂိုဏ်း ရဲ့ ကောင်းကင်ဓားအမွေခံ ကိုတောင် အနိုင်ပိုင်းလိုက်တယ်ဆိုပဲ....."
"ဒါတင်မကဘူး၊ အခုဖြစ်သွားတဲ့ အမတစစ်ပွဲ ကိစ္စကလည်း စူးချန်ကဲနဲ့ ပတ်သက်နေတာပဲ”
ဤကဲ့သို့သော ပြောဆိုသံများသည် အမတနယ်မြေတစ်ခွင် ပျံ့နှံ့သွားခဲ့ရာ ၊ မာနကြီးလှသော မျိုးဆက်သစ် ပါရမီရှင်များကို နှုတ်ဆိတ်သွားစေခဲ့သည်။
ယခင်က စူးချန်ကဲ၏ ခွန်အားသည် အနည်းငယ် ချဲ့ကားထားသည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။
သို့သော် ယခုကြည့်ရသည်မှာ သူတို့ အကုန်လုံး မှားယွင်းစွာဖြင့် ယူဆခဲ့ဟန်ရသည်။
စူးချန်ကဲသည် မြင့်မားသော ပါရမီရှိရုံသာမက ၊ ခွန်အားအရာတွင်လည်း အလွန်ကို ကြောက်ဖို့ကောင်းသည်။ သူ့ကို အမတနယ်မြေ၏ ဒဏ္ဍာရီလာ ပါရမီရှင်တစ်ဦးဟုပင် သတ်မှတ်ရနိုင်သည်။
သူတို့နှင့် စူးချန်ကဲကြားတွင် ကွာဟချက် ကြီးမားလှသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် ယနေ့ခေတ်သည် ဒေဝလောက တစ်ခုလုံး အသစ်ပြန်လည် စတင်ရာခေတ်သို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် အန္တရာယ်နှင့် အခွင့်အရေးများမှာ ဒွန်တွဲလျက် ရှိသော်လည်း သို့သော် အခွင့်အရေးများက ပို၍ များပြားသည်။
ရှေးဟောင်းလျှို့ဝှက်နယ်မြေများမှ ထူးကဲသော အမွေအနှစ်များကိုသာ ရရှိနိုင်မည်ဆိုပါက ၊ သူတို့လည်း တစ်ရှိန်ထိုး တိုးတက်လာနိုင်ပြီး စူးချန်ကဲကိုပင် ကျော်တက်နိုင်မည့် အခွင့်အရေး ရှိနေသေးသည်။
ထို့ကြောင့် ဤအမတစစ်ပွဲ ပြီးဆုံးပြီးနောက်တွင် အမတနယ်မြေရှိ မျိုးဆက်သစ်ပါရမီရှင်များသည် အားဆေးတစ်ခွက် သောက်လိုက်ရသကဲ့သို့ ပို၍ ကြိုးစားလာကြပြီး ၊ အမတနယ်မြေတစ်ခွင်သို့ လှည့်လည်ကာ အတွေ့အကြုံများစွာ ရှာဖွေလေတော့သည်။
သူတို့သည် ဤအကောင်းဆုံးသော ခေတ်ကာလတွင် စူးချန်ကဲ၏ နောက်လိုက် အဆင့်ဖြင့် ကျေနပ်နိုင်မည်မဟုတ်ပေ။
………
အမှန်အားဖြင့် ဤမျှ ကြီးကျယ်ခမ်းနားသော အမတစစ်ပွဲကြီးကို စောင့်ကြည့်နေသည်မှာ အမတနယ်မြေနှင့် ကောင်းကင်လမ်းစဉ်တို့သာမက ၊ လျို့ဝှက်စွာ ပုန်းကွယ်နေသော အမှောင်ထု မူလရင်းမြစ်ကမ္ဘာသည်လည်း အနီးကပ် စောင့်ကြည့်နေခဲ့သည်။
အမှောင်ထု အမတခန်းမဆောင် ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်နေသော ရှစ်ထျန်းတိ့ သည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ အဆုံးမဲ့ အမှောင်ထုများဖြင့် လှိုင်းထနေသော သူ၏ မည်းနက်သော မျက်ဝန်းတစ်စုံတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဟားး..... ကြည့်ရတာ အခွင့်အရေးက သူ့အလိုလို ရောက်လာပြန်ပြီပဲ”
နတ်ဘုရားလက်နက် အမတမျှော်စင် ခရီးစဉ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ရှစ်ထျန်းတိ့သည် အမတနယ်မြေထဲသို့ ပြန်လည်ဝင်ရောက်ရန် နည်းလမ်းများကို ရှာဖွေနေခဲ့သော်လည်း အခွင့်အရေး မရခဲ့ချေ။
ယခု ဤအမတစစ်ပွဲတွင် လူပေါင်းများစွာ သေဆုံးခဲ့ရပြီး အနုတ်လက္ခဏာသဘောဆောင်သော စွမ်းအင်များ သိပ်သည်းထူထပ်စွာ ရှိနေသည်မှာ သူ့အတွက် အခွင့်ကောင်းတစ်ခုပင် မဟုတ်လော။
"ဒါပေမဲ့.... ဒီကိစ္စကို အလောတကြီး လုပ်လို့မဖြစ်ဘူး......"
လက်ရှိတွင် အမတနယ်မြေ၏ အခြေအနေမှာ အလွန်ရှုပ်ထွေးနေပြီး ၊ ယခင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် စူးရွှမ်သည် သူ့ကို စောင့်ကြည့်နေမည်မှာ သေချာသည်။
တစ်ဖက်လူ၏ စရိုက်အရ ၊ သူ နောက်တစ်ကြိမ် ဝင်ရောက်လာမည်ကို စောင့်ကြည့်ရန် အမတနယ်မြေအတွင်း ကင်းထောက်များစွာ ချထားမည်မှာ အသေအချာပင်။
ယခုအချိန်တွင် အမတနယ်မြေထဲသို့ ဝင်ရောက်ခြင်းသည် သေတွင်းထဲ ဆင်းခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။
"ငါတို့ အမှောင်ထု မူလရင်းမြစ်ကမ္ဘာမှာ အစွမ်းထက်တဲ့သူတွေ ဒီလောက် အများကြီးရှိတာကို၊ အမြဲတမ်း ငါပဲ အမတနယ်မြေထဲ ခိုးဝင်ရပြီးတော့ အရိုက်ခံရတာလည်း ငါချည်းပဲ!"
ရှစ်ထျန်းတိ့ တစ်ယောက် မကျေမနပ် ဖြစ်နေလေ၏။
"အခုလို အခွင့်ကောင်းရှိနေတာ အဲဒီကောင်တွေ အမတနယ်မြေထဲ ဝင်ဖို့ ငြင်းဆန်ဦးမလားဆိုတာ ငါ စောင့်ကြည့်ဦးမယ်”
ထို့နောက် ရှစ်ထျန်းတိ့သည် သူ၏ လက်ညှိုးကို ဟင်းလင်းပြင်သို့ အသာယာ တို့ထိလိုက်သည်နှင့် ၊ သူ၏ လက်ချောင်းထိပ်မှ နတ်အတွေး ရောင်ခြည်မျှင် ရှစ်ခု ထွက်ပေါ်လာကာ အမှောင်ထု မူလရင်းမြစ်ကမ္ဘာ၏ မတူညီသော နေရာရှစ်ခုသို့ ဦးတည်ကာ ပျံသန်းသွားသည်။
သူ၏ အမှောင်ထု မူလရင်းမြစ်ကမ္ဘာတွင်လည်း အမှောင်ထု တားမြစ်အင်အားစု ကိုးခုရှိရာ၊ ၎င်းတို့မှာ အမတနယ်မြေ၏ အင်အားစုကြီး ကိုးခုနှင့် အညီအမျှပင် ဖြစ်သည်။
ကျန်ရှိနေသော အမှောင်ထု အရှင်သခင်များ ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေစဉ်အတောအတွင်း ၊ ရှစ်ထျန်းတိ့၏ ရင်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်လာခဲ့သည် ။
"အမတနယ်မြေရဲ့ သာလွန်အင်အားစု (၁၈)ခု က တားမြစ်အင်အားစု ကိုးခုလောက် အားမကောင်းဘူး ဆိုပေမဲ့.....ဒါပေမဲ့ သူတို့ရဲ့ အခြေခံအုတ်မြစ်ကလည်း သေးသေးမွှားမွှားတော့ မဟုတ်ဘူး၊ အနည်းဆုံးတော့ အမတဧကရာဇ် အထက်က ရှေးဟောင်းပုဂ္ဂိုလ် တစ်ပါး၊ နှစ်ပါးလောက်တော့ ရှိမှာပဲ....."
"သူတို့ကိုယ်တိုင် အမတစစ်ပွဲမှာ တိုက်ရိုက် ပါဝင်နိုင်ခြင်း မရှိရင်တောင်မှ အနည်းဆုံးတော့ လှုပ်ရှားမှုသေးသေးတော့ ရှိရမယ်လေ.... ဒါပေမဲ့ အစကနေ အဆုံးအထိ ဘာလှုပ်ရှားမှုမှ မရှိရတာလဲ”
"ဒါမှမဟုတ် တိုက်ပွဲစစချင်းမှာတင် အသတ်ခံလိုက်ရတာများလား”
……….
တစ်ချိန်တည်းမှာပင်။
အမတနယ်မြေ၏ အထက် လောက၊ လျှို့ဝှက်ကမ္ဘာတစ်ခု၏ အနက်ရှိုင်းဆုံးနေရာတွင်။
ဝုန်း! !
မိုးမြေတစ်ခွင်လုံးကို တုန်လှုပ်သွားစေသော ပေါက်ကွဲသံသည် အရပ်မျက်နှာအနှံ့ ဟိန်းထွက်သွားသည်။
ဖရိုဖရဲဖြစ်ကာ တွန့်လိမ်ကွေးကောက်နေသော ဟင်းလင်းပြင်အတွင်း၌ မရေမတွက်နိုင်သော မဟာလမ်းစဉ် အက်ကွဲကြောင်းများသည် ပင့်ကူအိမ်သဖွယ် လျင်မြန်စွာ ပြန့်ကျဲသွားသော်လည်း ၊ အချိန်နှင့် အာကာသဆိုင်ရာ နိယာမများကြောင့် မြန်မြန်ဆန်ဆန်ပင် ပြန်လည် ဖုံးအုပ်ခံလိုက်ရသည်။
ထို့နောက် ပေါက်ကွဲမှု ဗဟိုချက်မှ ‘ဘုန်းခနဲ့’ဟူသော အသံနှင့်အတူ ပုံရိပ်တစ်ခုသည် နောက်သို့ လွင့်ထွက်လာပြီး ကောင်းကင်ယံ၌ သွေးများကို ဖြန်းပတ်ခဲ့လေသည်။
အဆုံးတွင် အဆိုပါပုံရိပ်သည် လွှင့်ပတ်ခံလိုက်ရသော အဝတ်စုတ်ထုပ် တစ်ထုပ်ကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျကာ အာကာသ ဟင်းလင်းပြင်ကိုပင် ပြိုကျသွားစေသည်။
ထိုပုံရိပ်သည် အနက်ရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၊ သူ၏ အရှိန်အဝါသည် ချောက်နက်တစ်ခုသဖွယ် နက်ရှိုင်းကာ ကြောက်မက်ဖွယ်ကောင်းလှသည်။
ယခုအခါတွင်မူ ဒဏ်ရာအပြင်းအထန် ရရှိထားကာ လက်နှစ်ဖက်စလုံး ပြတ်တောက်နေသည်။ ကြွယ်ဝသော တာအိုစည်းချက်များ ပါဝင်နေသည့် သွေးများသည် ပြတ်တောက်နေသော လက်မောင်းများမှ မြေပြင်ပေါ်သို့ စီးကျနေပြီး ပြင်းထန်သော စွမ်းအားများကို ထုတ်လွှတ်နေသည်။
ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း ၊ ထိုအမျိုးသား၏ မျက်လုံးများမှာ နီမြန်းနေပြီး သတ်ဖြတ်လိုစိတ်များက ကောင်းကင်အထိ လွှမ်းမိုးနေသည် ။
"ယွမ်မျဲ့ရှန်း! ငါ မင်းနဲ့ သေတဲ့အထိ တိုက်မယ်!!!"