နတ်ဆိုးနဂါး
Vol. 10 Ch. 964
'ချိ' ၏ ပြောင်းလဲမှုများသည် သူမ၏ မွေးရာပါ မိစ္ဆာခန္ဓာကို အဆက်မပြတ် ပြီးပြည့်စုံလာစေသည်။
သူမအတွက် စစ်မှန်သည့် ထာဝရမပျက်စီးနိုင်သော ခန္ဓာကို ရရှိခဲ့ပြီး ကြီးစွာသောအောင်မြင်မှုကြီးတစ်ခု ဖြစ်လေသည်။ လောကတစ်ခုလုံး ပျက်စီးသွားလျှင်တောင်မှ သူမကိုတစ်စက်ကလေးပင် နာကျင်စေမည် မဟုတ်ပေ။
ထိုသို့သော စွမ်းအားကြီးမားသည့်ခန္ဓာကိုယ်သာလျှင် နတ်ဆိုးဘုရင်မကို သေခြင်းတရားမှ အလုံးစုံကင်းလွတ်စေမည် ဖြစ်သည်။
မိစ္ဆာကျင့်စဉ်၏ ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များက နတ်ဆိုးနယ်မြေတစ်ခုလုံးကို လွှမ်းခြုံနေလေသည်။
ထိုဖြစ်ရပ်ကိုမြင်တွေ့ရသည့် ကျင့်ကြံသူများအားလုံး အံ့သြတုန်လှုပ်ကုန်ကြရသည်။
အထူးသဖြင့်… ချန်ကျင်းချင်ကို တိတ်တဆိတ်စောင့်ရှောက်နေသည့် ဟယ်ရှန်းမှာ မိစ္ဆာကျင့်စဉ်၏ အငွေ့အသက်များကို ခံစားလိုက်ရသည့်အခါ များစွာ တုန်လှုပ်သွားလေသည်။ နတ်ဆိုးတိုင်းပြည်နှင့်နီးကပ်လာလေ သူမ၏ မူလဝိညာဉ်ခန္ဓာမှာလည်း ပိုမိုတုန်လှုပ်လာလေ ဖြစ်သည်။
သို့သော်… ချန်ကျင်းချင်ကတော့ တစ်နေ့တခြား ပိုမိုတည်ငြိမ်လာလေသည်။ ဟယ်ရှန်းမှာ သူမ၏ ဆရာတူအစ်ကိုကို လေးစားသည်ထက်လေးစားလာမိတော့သည်။
ချန်ကျင်းချင်တွင် နက်ရှိုင်းသည့်တန်ခိုးစွမ်းအားများ မရှိပေ။
သို့သော်… သူ၏ စိတ်ဝိညာဉ်က မယုံကြည်နိုင်စရာကောင်းလောက်အောင် နက်ရှိုင်းလွန်းသည်။ ထိုအချက်ဖြင့်ပင် သူမထက်များစွာသာလွန်နေသည်ဟု ဟယ်ရှန်း တွေးတောမိသည်။
နတ်ဆိုးနယ်မြေနှင့် လူ့လောကနယ်စပ်သို့ ချန်ကျင်းချင်ရောက်ရှိလာသည့်အခါ သူက သူဖန်ဆင်းထားသည့် နတ်စစ်သည်များကို ဆင့်ခေါ်လိုက်ပြီး နတ်ဆိုးနယ်မြေအတွင်းမှ ထွက်လာသည့် နတ်ဆိုးများကို တိုက်ခိုက်ရန် အသင့်အနေအထား ပြုလုပ်ထားခဲ့သည်။
နတ်ဆိုးနယ်မြေမှ ထွက်လာသည့် နတ်ဆိုးများကို ချန်ကျင်းချင်က အရင်ဆုံး သတ်ဖြတ်ခြင်းမပြုဘဲ သန့်စင်ပေးရန် ကြိုးစားကြည့်သေးသည်။
သို့သော်… ထိုနတ်ဆိုးများက အနက်ရှိုင်းဆုံး မိစ္ဆာစွမ်းအားများနှင့်ပြည့်နက်နေကြပြီး သူတို့ကို သန့်စင်ရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။
ထို့ကြောင့် ချန်ကျင်းချင် မပေါ့ဆရဲတော့ဘဲ သန့်စင်ပေးရန် နည်းလမ်းရှာမည့်အစား သတ်ဖြတ်ပစ်ရတော့သည်။
လူတစ်ဝက် နတ်ဆိုးတစ်ဝက်များပင်လျှင် အချိန်ကြာလာသည်နှင့်အမျှ လူသားပြန်မဖြစ်တော့ဘဲ နတ်ဆိုးလုံးလုံး ဖြစ်သွားကြလေရာ မူလကတည်းက နတ်ဆိုးဖြစ်နေကြသူများကတော့ ပြောစရာ မလိုတော့ပေ။
သို့သော်… နတ်ဆိုးနယ်မြေထဲမှထွက်လာသည့် နတ်ဆိုးများမှာ သိပ်ပြီး စွမ်းအားကြီးမားခြင်း မရှိကြပေ။
ချန်ကျင်းချင်သည် ကျိုးထျန်းရွှမ်နွီပေးသည့် ကျမ်းစာထဲမှ ကျင့်စဉ်များကို အသုံးပြုပြီး နတ်ဆိုးများကို နှိမ်နင်းလေရာ နတ်ဆိုးနယ်မြေနှင့်လူ့လောက နယ်စပ်တွင် အခြေအနေ တည်ငြိမ်စပြုလာလေသည်။
ထို့ကြောင့်… ချန်ကျင်းချင် နတ်ဆိုးနယ်မြေနယ်စပ်မှ ပြန်ရန် ပြင်ဆင်ရမည့်အချိန် နီးကပ်လာခဲ့လေသည်။
နတ်ဆိုးနယ်မြေအတွင်းမှ နတ်ဆိုးများ ထပ်မံထွက်ပေါ်လာခြင်း မရှိလျှင် လူအများ ဒုက္ခရောက်မည်ကို ကြောက်စရာမလိုတော့ပေ။
သို့သော်… ထိုအချိန်မှာပင် နတ်ဆိုးနယ်မြေအတွင်းမှ ကြီးမားနက်ရှိုင်းသည့် စွမ်းအားထုကြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုတန်ခိုးစွမ်းအားထုထည်ကြီးက ပြင်းထန်မြင့်မားလွန်းလှလေရာ နတ်ဆိုးနယ်မြေမှ နတ်ဆိုးများ အများအပြား လူ့လောကဘက်သို့ ထွက်လာကြလေတော့သည်။
ချန်ကျင်းချင်မှာ ထိုပြဿနာကို အပြင်းအထန် ဖြေရှင်းရလေတော့၏။
ချန်ကျင်းချင် နတ်ဆိုးများကို နှိမ်နင်းရင်း နတ်ဆိုးနယ်မြေနှင့် တဖြည်းဖြည်း နီးကပ်လာသည်။ နတ်ဆိုးနယ်မြေနှင့်နီးကပ်လာလေ ထိုကြီးမားသည့် တန်ခိုးစွမ်းအားကြီးက လေးလံစွာဖြင့် သူ့ဝိညာဉ်ကို ဖိနှိပ်ထားလေဖြစ်သည်။
ချန်ကျင်းချင်၏ကျောထက်တွင် လေးလံလွန်းလှသည့် ကျောက်တောင်ကြီးတစ်ခု သယ်ပိုးထားရသည့်အလား ခံစားနေရသည်။ သူက နတ်ဘုရားကျင့်စဉ်များကိုကျင့်ကြံထားသူတစ်ယောက်ဖြစ်သည့်တိုင် ထိုသို့ခံစားနေရသည်က သူ့အတွက်မလွယ်ကူလှပေ။
ထိုတန်ခိုးစွမ်းအားဖိအားကြီးသည် နတ်ဆိုးနယ်မြေမှ ဘုရင်မနှင့် တစ်စုံတစ်ရာ ပတ်သက်မည်ကို ချန်ကျင်းချင် ရိပ်မိထားသည်။
နတ်ဆိုးဘုရင်မသည် နတ်ဆိုးနယ်မြေမှ ပြင်ပသို့ တစ်ခါမှထွက်ပေါ်လာခြင်းမရှိသည့်အတွက် ချန်ကျင်းချင် ကံကောင်းသည်ဟု ဆိုနိုင်သည်။ မဟုတ်ပါက ချန်ကျင်းချင် သူမနှင့် ရင်ဆိုင်ရလျှင် အကြီးအကျယ် ဒုက္ခရောက်ပေလိမ့်မည်။
ချန်ကျင်းချင် တဖြည်းဖြည်းဖြင့် နတ်ဆိုးနယ်မြေဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။
သူက ကျိုးထျန်းရွှမ်နွီပေးထားသည့်ကျမ်းစာထဲမှ တံဆိပ်တော်တစ်ခု၏ သင်္ကေကကိုပြုလုပ်ပြီး သတိထားကာ နတ်ဆိုးနယ်မြေဝင်ပေါက်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
နတ်ဆိုးနယ်မြေ၏ ဝင်ပေါက်နှင့်ထွက်ပေါက်မှာ အတူတူပင် ဖြစ်လေသည်။
ထိုနေရာက နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီးတစ်ခုဖြစ်ပြီး အနက်ရောင်တိမ်တိုက်များဖြင့် ဖုံးလွှမ်းထားသည်။ တစ်ခါတစ်ရံ ချောက်နက်ကြီးထဲမှ သားရဲဟိန်းသံကြီးများ ထွက်ပေါ်လာလေ့ရှိလေ၏။
ချောက်ကမ်းပါးကြီးအဝသို့ ချန်ကျင်းချင်ရောက်ရှိလာချိန်မှာပင်… မျက်လုံးများကို မှိတ်ကာ ကျင့်ကြံနေသည့် နတ်ဆိုးဘုရင်မ 'ချိ' ၏ မျက်လုံးများ ဖြည်းဖြည်းချင်းပွင့်လာလေသည်။
သူမ၏ပါးစပ်မှ လေချွန်သံတစ်ချက်ထွက်ပေါ်လာပြီး သိပ်မကြာမီ ဦးခေါင်းထက်တွင် ဦးချိုများပါရှိသည့် နတ်ဆိုးစစ်သည်တော်တစ်ယောက် အပြင်ဘက်မှ ဝင်ရောက်လာလေသည်။
ထိုနတ်ဆိုးက နတ်ဆိုးဘုရင်မကို ကြောက်ရွံ့လွန်းစွာဖြင့် ခြေတော်ရင်းတွင် ပြားပြားဝပ် ဦးညွှတ်လျှက် ရှိလေသည်။
"ကြီးမြတ်တဲ့မင်းကြီး ၊ ဘာများ ခိုင်းစရာရှိလို့လဲ…"
ထိုနတ်ဆိုးစစ်သည်တော်မှာ နတ်ဆိုးနဂါးတစ်ကောင်ဖြစ်သည်။
တစ်ချိန်တုန်းက သူက ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းမှ နတ်ဆိုးစစ်သူကြီး တစ်ယောက်ဖြစ်၏။ ယခုတော့ သူက နတ်ဆိုးဘုရင်မအတွက် တာဝန်ထမ်းဆောင်ပေးသည့် နတ်ဆိုးနဂါးတစ်ကောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
နှစ်ပေါင်း (၅၀)အတွင်း နဂါးတန်ခိုးစွမ်းအားကို ကျင့်ကြံနိုင်ခဲ့ပြီး ယခင်ကထက်ပိုပြီး စွမ်းအားကြီးမားလာခဲ့သည်။ နတ်ဆိုးနယ်မြေတွင် သူက ထိပ်တန်းအဆင့် ခေါင်းဆောင်တစ်ယောက်ဖြစ်လေသည်။
သို့သော်… နတ်ဆိုးနဂါး မည်မျှတန်ခိုးစွမ်းအားမြင့်မားပါစေ နတ်ဆိုးဘုရင်မ 'ချိ' ၏ ခြေဖျားကိုပင် မမီနိုုင်ပေ။ သူပိုင်ဆိုင်ထားသည့် နဂါးဂုဏ်သိက္ခာသည် နတ်ဆိုးဘုရင်မရှေ့တွင် အလကားပင် ဖြစ်လေသည်။
"အပြင်မှာလူသားတစ်ယောက် ရောက်နေတယ် ၊ မင်း သူ့ကို ခေါ်လာခဲ့…"
နတ်ဆိုးဘုရင်မက အေးစက်သည့်လေသံဖြင့် ပြောလိုက်သည်။
နတ်ဆိုးနဂါးက…
"အမိန့်အတိုင်းပါ…"
သူက အမိန့်ကိုနာခံပြီး ထွက်ခွာသွားလေသည်။
'ချိ' ၏ နက်ရှိုင်းသည့်အကြည့်က နတ်ဆိုးနယ်မြေကိုထိုးဖောက်ထွက်သွားပြီး ချန်ကျင်းချင်ရှိရာသို့ ရောက်ရှိလာသည်။
သူမက ချန်ကျင်းချင်၏နောက်ကြောင်းကိုသိရန် စိတ်အာရုံစူးစိုက်ကြည့်လိုက်သော်လည်း မြူခိုးများကိုသာမြင်ရပြီး သိမြင်နိုင်ခြင်း မရှိခဲ့ပေ။
ကြည့်ရသည်မှာ ထိုသူ၏ အတိတ်နှင့်အနာဂတ်ကို အခြားသူတစ်ယောက်က ဖုံးကွယ်ထားဟန်ရှိသည်။ သူမ၏ စွမ်းရည်ဖြင့်ပင် ထိုမြူခိုးများကို ထိုးဖောက်ကြည့်မြင်နိုင်စွမ်းမရှိပေ။
***
ချန်ကျင်းချင်သည် ကျမ်းစာထဲတွင်ပါသည့် တံဆိပ်တော်သင်္ကေတကို အသင့်ပြုလုုပ်ထားသည်။
ထိုအချိန်မှာပင်… မည်သည့်နတ်ဆိုးများတွင်မှ တွေ့မြင်ရခြင်းမရှိသည့် ကြောက်မက်ဖွယ်ရာ နတ်ဆိုးစွမ်းအားတစ်ခု ထွက်ပေါ်လာလေသည်။
ထိုနတ်ဆိုးစွမ်းအားများ ရုတ်တရက် သိပ်သည်းသွားပြီး ဦးခေါင်းထက်တွင် ဦးချိုများပါရှိသည့် နတ်ဆိုးတစ်ယောက်၏ ပုံသဏ္ဍန်ထွက်ပေါ်လာသည်။
ထိုသူက အနက်ရောင်သိုင်းကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဝတ်ရုံက လေထဲတွင် လွင့်ပျံနေလေသည်။ ထိုသူ၏ မျက်ဝန်းများက ကြောက်မက်ဖွယ်ရာကောင်းအောင် တောက်ပလျှက်ရှိ၏။
ရုတ်တရက်… ထိုသူ၏ တန်ခိုးစွမ်းအားအရှိန်အဟုန်ဖြင့် ချန်ကျင်းချင်၏နောက်မှ ကျောက်ဆောင်ကြီးတစ်ခု ပေါက်ကွဲထွက်သွားပြီး တစ်စစီကျိုးပျက်သွားလေသည်။
ထို့နောက်… ကျောက်ဆောင်ကြီးနောက်ကွယ်မှ မိန်းကလေးတစ်ယောက်ထွက်ပေါ်လာလေ၏။
သူမ၏ အဝတ်အစားများက လေထဲတွင် ပျံ့လွင့်နေပြီး အလွန်ချောမောလှပသူတစ်ယောက်ဖြစ်သည်။ သူမသည်ကား ဟယ်ရှန်းနတ်သမီးပင် ဖြစ်လေ၏။
ရောက်လာသည့် နတ်ဆိုးက ရောက်ရောက်ချင်း သူမကို ပစ်မှတ်ထားလိမ့်မည်ဟု ဟယ်ရှန်းက ထင်မထားမိပေ။
ချန်ကျင်းချင် နောက်သို့ လှည့်မကြည့်သော်လည်း သူ၏စိတ်အာရုံထဲတွင် ဟယ်ရှန်း၏ ပုံရိပ်ပေါ်လာလေသည်။ ထို့ကြောင့် မည်သူဖြစ်သည်ကို သိရှိလိုက်သည်။
တကယ်တော့ သူ့နောက်သို့ တစ်စုံတစ်ယောက်လိုက်ပါလာသည်ကို ချန်ကျင်းချင် သတိပြုမိနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သို့သော်… ဟယ်ရှန်းနတ်သမီးဖြစ်လိမ့်မည်ဟုတော့ ထင်မထားမိပေ။
ဟယ်ရှန်းက ချက်ချင်းပင် ချန်ကျင်းချင်အနားသို့ရောက်လာပြီး…
"မင်းသား… ဒီနတ်ဆိုးက အတော်လေးတန်ခိုးစွမ်းအားကြီးမားတယ် ၊ ကျွန်မတို့ ရင်ဆိုင်ဖို့မသင့်ဘူး ၊ ထွက်သွားပြီး တခြားနည်းလမ်းရှာတာ ကောင်းလိမ့်မယ်…"
ဟယ်ရှန်းက အခြားသူများ၏ တန်ခိုးစွမ်းအားအတိမ်အနက်ကို အကြမ်းဖျင်းခန့်မှန်းနိုင်သည့်ကျင့်စဉ်ကို ကျင့်ကြံထားသည့်အတွက် သူမရှေ့မှ နတ်ဆိုးနဂါးမှ မည်မျှ တန်ခိုးစွမ်းအားမြင့်မားသည်ကို ချက်ချင်း သိရှိလိုက်သည်။
ထို့ပြင် ထိုနတ်ဆိုးက သူ့ကိုရန်ရှာရန် ရောက်လာခြင်း မဟုတ်သည်ကိုလည်း သိလိုက်လေသည်။
ထိုကဲ့သို့ စွမ်းအားကြီးမားသည့် နတ်ဆိုးမျိုးနွယ်က နတ်ဆိုးနယ်မြေမှ ထိပ်တန်းအဆင့်နတ်ဆိုးတစ်ယောက် ဖြစ်နိုင်လေသည်။
"ကောင်လေး… နတ်ဆိုးဘုရင်မက မင်းကိုခေါ်ခဲ့ဖို့ အမိန့်ပေးလိုက်တယ်…"
နတ်ဆိုးနဂါး၏အသံက အက်ရှရှဖြင့် မာထန်လွန်းလှသည်။
စောစောက နတ်ဆိုးဘုရင်မရှေ့တွင် ပြားပြားဝပ် ဒူးထောက်ဝပ်တွားနေသူမှာ ယခုတော့ အလွန်မောက်မာလျှက် ရှိလေသည်။
ထို့နောက်… ချန်ကျင်းချင်၏ ခန္ဓာကိုယ်ထက်သို့ ကြီးမားသည့် ဖိအားကြီးတစ်ခု ကျရောက်လာလေသည်။
ချန်ကျင်းချင်၏ အမူအရာက တည်ငြိမ်နေသော်လည်း သူ့နဖူးထက်တွင် ချွေးစေးများ ပျံလျှက် ရှိသည်။
ယခင်က နတ်ဆိုးနယ်မြေနယ်စပ်တွင် ရင်ဆိုင်ခဲ့ဖူးသည့် နတ်ဆိုးများနှင့်ယှဉ်လျှင် ဤချိုနှင့်နတ်ဆိုးက အလွန်မှ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
ဟယ်ရှန်းက …
"ကျွန်မ တိုက်ခိုက်ထားမယ်… မင်းသား အမြန်သွားတော့…"
နတ်ဆိုးက ချန်ကျင်းချင်ကို ခေါ်ဆောင်သွားမည်ကို ဟယ်ရှန်း လုံး၀ အဖြစ်မခံနိုင်ပေ။
နတ်ဆိုးနဂါးက မထီမဲ့မြင်တစ်ချက်ပြုံးလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ထိုအခါ လေထုတစ်ခုလုံးက လှုပ်ခတ်တုန်ခါသွားလေသည်။
ဟယ်ရှန်းရော ချန်ကျင်းချင်ပါ "အခြေအနေမကောင်း" ဟု တွေးလိုက်မိကြသည်။
နတ်ဆိုး၏ တန်ခိုးစွမ်းအားက အလွန်မြင့်မားပြီး ထိုနတ်ဆိုး၏ ဝတ်ရုံစကိုပင်ထိအောင် သူတို့ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
ဟယ်ရှန်းချက်ချင်းပင် ချန်ကျင်းချင်ကို ဆွဲခေါ်လိုက်ပြီး ထူးဆန်းသည့် ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်သည်။
ထိုအချိန်မှာပင်… လေထုထဲတွင် အနက်ရောင်အလင်းတန်းတစ်ချက် လင်းလက်လာပြီး သူတို့နှစ်ယောက် ရှိနေသည့် မြေပြင်သည် အောက်ခြေမရှိသည့် ချောက်နက်ကြီးတစ်ခုအလား အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။
ချန်ကျင်းချင်နှင့်ဟယ်ရှန်းသာ အနည်းငယ်နောက်ကျသွားလျှင် ထိုအက်ကွဲကြောင်းကြီးအတွင်းသို့ သေချာပေါက် ကျရောက်သွားပေလိမ့်မည်။
နတ်ဆိုးနဂါးက သူတို့ရှေ့မှ ပျောက်ကွယ်သွားပြီး ဟယ်ရှန်းကတော့ ထူးဆန်းသည့် ခြေလှမ်းဖြင့် ဆက်လက်လှမ်းသွားနေလေ၏။
သူမအသုံးပြုလိုက်သည့်ခြေလှမ်းပညာက ထူးဆန်းပြီး ခြေထောက်အောင်တွင် လေနှင့်မိုးကြိုးများထွက်ပေါ်လာပြီး လေထုတစ်ခုလုံးကို လှည့်ပတ်လျှက် ရှိလေသည်။
လေနှင့်မိုးကြိုးများကြားတွင် နတ်ဆိုးနဂါး၏ အသံက လေထဲတွင် လွင့်မျောလာလေသည်။
"ကောင်မလေး… မင်းအသုံးပြုနေတာ ယွီခြေလှမ်းပညာပဲ ၊ မင်းရဲ့ဆရာက ယွီဧကရာဇ်နဲ့ တစ်ခုခု ပတ်သက်နေသလား…"
ဟယ်ရှန်းမှာ လွတ်မြောက်ရန် အပြင်းအထန်ကြိုးစားနေရသည့်အတွက် စကားပြန်ပြောရန် အချိန်မရပေ။
ချန်ကျင်းချင်ကတော့ ဂါထာတစ်ပုဒ်ကို တီးတိုးရွတ်ဖတ်နေသည်။
ထို့နောက်… နတ်ဆိုးနဂါး၏ အသံပျောက်ကွယ်သွားပြီး လေထဲတွင် အဖြူရောင်အခိုးအငွေ့များဖြင့် ပြည့်နက်သွားလေသည်။
နတ်ဆိုးနဂါးက ရုတ်တရက် အဖြူရောင်အခိုးအငွေ့များကြားတွင်ထွက်ပေါ်လာပြီး သူ များအံ့အားသင့်သွားလေသည်။
သူ့ထံသို့ ကြီးမားသည့်တောင်မြင့်ကြီးတစ်လုံး ဝင်ရောက်လာသောကြောင့် ဖြစ်၏။ နဂါးကြီးက တောင်ကြီးကို ချက်ချင်းပင် ရစ်ပတ်ထားလိုက်ပြီး တောင်ထိပ်မှ နဂါးခေါင်းကြီးက အောက်သို့ ငုံ့ကြည့်လိုက်သည်။
နတ်ဆိုးနဂါး၏ မျက်ဆံကြီးများမှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် တောက်ပနေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လျှက် ရှိသည်။
မလောက်လေးမလောက်စား ကောင်လေးနှင့် ကောင်မလေးက သူ့ကို ခုခံတိုက်ခိုက်နေသည့်အတွက် အလွန်အမင်းဒေါသထွက်နေပြီး သင်ခန်းစာပေးချင်နေမိသည်။
ထို့နောက် နဂါးကြီး၏ခန္ဓာကိုယ်ကြီး ရုတ်တရက် ကြီးထွားလာပြီး သူဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်စုံက တစ်စစီ ပေါက်ကွဲထွက်သွားကာ ဝတ်စုံအပိုင်းအစများက ကောင်းကင်တစ်ခုလုံးသို့ ပျံ့ကျဲသွားလေသည်။
ကြီးမားသည့်နဂါးကြီးက တောင်ပူဆာတစ်လုံးပမာ ကောင်းကင်ထက်မှ လိမ့်ဆင်းလာလေသည်။ ထိုနဂါးကြီးထံမှ ကြောက်မက်ဖွယ်ရာအငွေ့အသက်များထွက်ပေါ်လာပြီး အဖြူရောင်အခိုးအငွေ့များအားလုံးကို တစ်ချက်ထဲဖြင့် ဖယ်ရှားပျောက်ကွယ်စေလိုက်သည်။
တစ်ချိန်တည်းမှာပင် နဂါးကြီးထံမှ ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားများထွက်ပေါ်လာပြီး လေထုတစ်ခုလုံး ပြိုကျပျက်စီးသွားလေတော့သည်။
***