နတ်ဘုရားကုန်းမြေ ဘိုးဘေးချန်း၊ မိသားစုသို့ ပြန်ရောက်လာခြင်း
Vol. 64 Ch. 837
အချိန်အနည်းငယ် ကြာပြီးနောက်၊
မျဲ့ရှိန် ရှေးဘိုးဘေးနှင့် မျဲ့ရှန်း ရှေးဘိုးဘေးတို့သည် အပြန်အလှန် ဆွေးနွေးပြီးနောက် ကောက်ချက်တစ်ခုကို ချမှတ်ခဲ့ကြသည်။
ဖုန်းယွင်လှံခန်းမနှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်းတို့သည် အမတနယ်မြေ ကောင်းကင်လမ်းစဉ်၏ လက်အောက်ခံခွေးများ ဖြစ်ကြသော်လည်း၊
သို့သော် ထိုအဖိုးကြီးများ၏ ခွန်အားသည် ကောင်းကင်လမ်းစဉ်ထက် သာလွန်သည်။
အမတဧကရာဇ် အဆင့်ကို ကျော်လွန်သွားသော ဖြစ်တည်မှုများသည် အမတနယ်မြေ၏ စည်းမျဉ်းများကို ကျော်လွန်သွားကြပြီ ဖြစ်ရာ ၊ ကောင်းကင်လမ်းစဉ်၏ လွှမ်းမိုးမှုကို မခံရတော့ချေ။
ထိုအတိုင်းသာ ဆိုလျှင်ဖြင့် ၊ အဖြေသည် တစ်ခုတည်းသာ ရှိတော့သည်။
ဤအမည်မသိ တည်ရှိမှုသည်လည်း မူလရင်းမြစ်ကမ္ဘာတွင် ရှိနေသူ ဖြစ်ပြီး ၊ ၎င်း၏ ခွန်အားသည် ထျန်းချန် မူလသခင်ထက် များစွာ သာလွန်သော တည်ရှိမှုတစ်ခု ဖြစ်ရမည်။
သို့သော် ထိုသူသည် မည်သူနည်း။
အမတစိုးစံရာခေတ်က မူလရင်းမြစ်ကမ္ဘာသို့ တတ်လှမ်းသွားခဲ့ကြသော ခေတ်ဟောင်း စွမ်းအားရှင် ပုဂ္ဂိုလ်များပင်လော။
“ဟူး….. ဒီကိစ္စက ပိုပိုပြီး ရှုပ်ထွေးလာပြီပဲ”
မျဲ့ရှန်း ရှေးဘိုးဘေးက တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။
“ငါတို့ ဒီကိစ္စကို တုံထျန်းအဝေးဘိုးဘေးဆီ အစီရင်ခံပြီး သူ့ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ရအောင် “
“အင်း၊ ဒီအတိုင်းပဲ လုပ်ရမှာပဲ”
ထိုစဉ် ၊ မျဲ့ရှိန် ရှေးဘိုးဘေးက အကြောင်းအရာကို ပြောင်းလိုက်သည်။
“ဒါနဲ့ ဖုန်းယွင်လှံခန်းမက အဲဒီအဖိုးကြီး နှစ်ယောက်ကို သတ်တုန်းက ငါ့ကို ကူညီပေးခဲ့တဲ့သူ ရှိတယ်”
“ကူညီပေးတယ် ဟုတ်လား “
“တားမြစ်စူးမိသားစုက လူတွေလား?”
မျဲ့ရှန်း ရှေးဘိုးဘေးက မေးလိုက်သည်။
သူတို့ ရရှိထားသော သတင်းအချက်အလက်များအရ ၊ ဤဒေသနှင့် အနီးဆုံးတွင် ရှိနေသည်မှာ တားမြစ်စူးမိသားစုမှ စွမ်းအားရှင် ပုဂ္ဂိုလ်များသာ ဖြစ်သည်။
“မဟုတ်ဘူး၊ ထျန်းရှီဘုရင်မပဲ”
ထိုစကားများ ထွက်လာသည်နှင့် ၊ မျဲ့ရှန်း ရှေးဘိုးဘေး၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။
ထျန်းရှီဘုရင်မသည် မူလရင်းမြစ်ကမ္ဘာသို့ တတ်လှမ်းသွားသည်မှာ လအနည်းငယ်သာ ရှိသေးသော်လည်း၊ သူမ၏ နာမည်ကို ကြားလိုက်ရသူတိုင်း ချက်ချင်း မှတ်မိသွားပေလိမ့်မည်။
အကြောင်းမှာ ထျန်းရှီဘုရင်မသည် ဤလအနည်းငယ်အတွင်းမှာပင် မူလ နယ်ပယ်အဆင့်သို့ တိုက်ရိုက် တက်လှမ်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။
ဤနှုန်းအတိုင်း ဆက်သွားမည်ဆိုပါက ၊ သူမသည် သိပ်မကြာမီမှာပင် မျဲ့ရှန်း ရှေးဘိုးဘေး နှင့် မျဲ့ရှိန် ရှေးဘိုးဘေးတို့ကိုပင် ကျော်တက်သွားနိုင်ချေ ရှိသည်။
သို့သော် သေချာ စဉ်းစားကြည့်မည်ဆိုပါက၊ သူမသည် ထျန်းချီနတ်ဘုရားနိုင်ငံ၏ ဒုတိယမြောက် ဘုရင်မ တစ်ပါးပင် မဟုတ်လော။
တတ်လှမ်းခြင်းမပြုမီက ၊ သူမသည် ဒေဝလောကတစ်ခွင်ရှိ သူမ၏ ကိုယ်ပွားများကို အမှတ်ရကာ ပြန်လည် သိမ်းဆည်းခဲ့သည်။ ဤအတွက်ကြောင့် အဆင့်တိုးတတ်သွားခြင်း မဟုတ်ဘဲ သူမ၏ မူလစွမ်းအားများကို ပြန်လည် ရရှိလာခြင်းသာ ဖြစ်သည်။
“ထျန်းရှီဘုရင်မက ငါ့ကို ပစ္စည်းတစ်ခု ပေးခဲ့သေးတယ်”
မျဲ့ရှိန် ရှေးဘိုးဘေးသည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး မဟာလမ်းစဉ် အာကာသထဲမှ အထူးပုံစံထွင်းထားသော နတ်ဘုရားကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။
မျဲ့ရှန်း ရှေးဘိုးဘေးက ထိုပစ္စည်းကို လက်ခံယူလိုက်သည်။
အဆိုပါ နတ်ဘုရားကျောက်တုံးသည် အနီရင့်ရောင် ရှိပြီး မှိန်ဖျော့ဖျော့ အလင်းများကို ထုတ်လွှတ်နေသည်။ ကျောက်တုံးတစ်တုံး ဖြစ်သော်လည်း ငှက်မွှေးလိုပေါ့ပါးကာ အလေးချိန်မရှိသကဲ့သို့ပင်။
အထူးခြားဆုံးမှာ ထ်ိုကျောက်တုံးပေါ်တွင် ထူးခြားသော နည်းစနစ်ဖြင့် ထွင်းထုထားသည့် မဟာလမ်းစဉ် အက္ခရာစာလုံးများပင်။
“ဒါက…… ထျန်းယွမ် ရှေးဟောင်းအက္ခရာလား”
မျဲ့ရှန်း ရှေးဘိုးဘေးက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
ထျန်းယွမ် ရှေးဟောင်းအက္ခရာ ဆိုသည်မှာ မူလမဟာလမ်းစဉ်၏ ရှေးဟောင်းအက္ခရာများထက် အလွန်ရှေးကျသော အက္ခရာစာလုံးများဖြစ်သည်။
ဤကဲ့သို့ အက္ခရာစာလုံးများသည် မူလရင်းမြစ်ကမ္ဘာတွင်သာ တည်ရှိသည်။ ဤအက္ခရာစာလုံးများ၏ အဓိပ္ပာယ်ကို နားလည်ရန်အတွက် မိမိ၏ ကိုယ်ပိုင်နိယာမများနှင့် တာအိုစည်းချက်များကို အားကိုးရမည် ဖြစ်သည်။
အမတဧကရာဇ်အဆင့်ထက် တည်ရှိမှုများသာလျှင် ဤအရာကို အောင်မြင်နိုင်သည်။
လက်ထဲက ကျောက်တုံးသည် မပျက်စီးဘဲ ကျန်ရှိနေသော်လည်း သို့သော် နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် အက္ခရာစာလုံးများမှာ ဝေဝါးနေပြီး အချို့ စကားလုံးများကိုသာ မြင်နိုင်သည်။
“နတ်ဘုရားကုန်းမြေ…..”
“အုပ်ချုပ်ခြင်း…..”
“ဘိုးဘေး….. ချန်း….?”
စကားလုံး အချို့ကို ရေရွတ်ပြီးနောက်တွင် ၊ မျဲ့ရှန်း ရှေးဘိုးဘေးမှာ ဇဇဝေဇဝါဖြစ်သွားပြီး ၎င်း၏ နောက်ကွယ်က အဓိပ္ပာယ်ကို နားမလည်နိုင်ခဲ့ပေ။
သူသည် ဤမူလရင်းမြစ်ကမ္ဘာတွင် နှစ်ပေါင်းများစွာ စူးစမ်းရှာဖွေခဲ့သော်လည်း ၊ သို့သော် ဤကမ္ဘာလောကရှိ လျှို့ဝှက်ချက်များနှင့် နက်နဲသော အရာများစွာထဲမှ အလွန်သေးငယ်သော အစိတ်အပိုင်းမျှကိုသာ သိရှိခဲ့သည်။
သူ အတွေးများနေစဉ်မှာပင် ၊ မျဲ့ရှိန် ရှေးဘိုးဘေးကနေ ဆက်ပြောလာခဲ့သည်။
“ထျန်းရှီဘုရင်မ မထွက်သွားခင်မှာ စကားတစ်ခွန်း ချန်ထားခဲ့သေးတယ်”
“သူမက ဒီကျောက်တုံးကို လျှို့ဝှက်ဆန်းကြယ်တဲ့ ရှေးဟောင်းအပျက်အစီးတွေရှိတဲ့ တိုင်းပြည်တစ်နေရာကနေ ရှာတွေ့ခဲ့တယ်ဆိုပဲ”
“ သူမရဲ့ အာရုံအရ ၊ ဒီနတ်ဘုရားကျောက်တုံးက အမည်မသိ တည်ရှိမှုနဲ့ ပတ်သက်နိုင်တယ်လို့ ပြောသွားတယ်”
“အကယ်၍ ငါတို့ က အဲဒီအမည်မသိ တည်ရှိမှုကို စုံစမ်းချင်ရင် ဒီကျောက်တုံးကနေ စတင်နိုင်တယ်တဲ့ “
“ဒီလူအိုကြီးတွေကို သတ်သွားတဲ့သူက ဒီကျောက်တုံးနဲ့ ပတ်သက်နေတာလား”
မျဲ့ရှန်း ရှေးဘိုးဘေး၏ ရင်ထဲတွင် တစ်ကျော့ပြန် လှိုင်းထသွားပြန်သည်။
အကယ်၍ တခြားတစ်ယောက်မှ ဤကဲ့သို့ ခန့်မှန်းချက် ထုတ်ခဲ့မည်ဆိုပါက ၊ မျဲ့ရှန်း ရှေးဘိုးဘေးသည် မထီမဲ့မြင်ပြုမိလိမ့်မည်။
သို့သော် ထျန်းရှီဘုရင်မမှာ မတူပေ။
သူမ၏ စိတ်အာရုံ ကျင့်စဉ်နှင့် စိတ်ဝိညာဉ်၏ သန့်စင်မှုမှာ သူတို့ကဲ့သို့ လူအိုကြီးများထဲတွင်ပင် ထိပ်တန်းအဖြစ် ရပ်တည်နိုင်သည်။
သူမအနေဖြင့် ဤကဲ့သို့သော အာရုံ ရရှိခြင်းမှာ အကြောင်းမဲ့ မဖြစ်နိုင်ပေ။
ခေတ္တမျှ စဉ်းစားပြီးနောက် ၊ သူတို့နှစ်ဦးသည် ထိုနေရာတွင် ဆက်မနေတော့ဘဲ နတ်အလင်း သက်တံများအဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်ကို ထိုးဖောက်လျက် အခြားနယ်မြေတစ်ခုသို့ ထွက်ခွာသွားခဲ့ကြသည်။
သူတို့၏ အငွေ့အသက်များ လုံးဝ ပျောက်ကွယ်သွားပြီးနောက် ၊
ထျန်းချန် မူလသခင် ပျောက်ကွယ်သွားခဲ့သော နေရာတွင် ဟင်းလင်းပြင်သည် ဖြည်းညှင်းစွာ ရွဲ့စောင်းလာကာ ပင့်ကူအိမ်သဖွယ် အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။
ဝီ!
ထူးဆန်းသော အနီရင့်ရောင် ရောင်ဝါများသည် စဉ်ဆက်မပြတ် စုစည်းသွားပြီး မှုန်ဝါးဝါးအသွင်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ အစစ်နှင့် အတုကြားတွင် ရှိနေသကဲ့သို့ အတော်လေး ထူးဆန်းပေသည်။
“ဘိုးဘေးနတ်ဘုရား သတ်မှတ်ထားတဲ့ ကံကြမ္မာလမ်းကြောင်းကို ပြောင်းလဲချင်နေတာလား”
“ဒါဟာ ရူးသွပ်တဲ့ အိပ်မက်တစ်ခုပဲ”
………..
ထာဝရအမတ စစ်ပွဲကြီးမှာ အပြီးတိုင် အဆုံးသတ်သွားခဲ့ချေပြီ။
သို့သော် ဒေဝလောက ပြန်လည်စတင်ရာ ခေတ်ကာလမှာ ဆက်လက် ရှိနေဆဲဖြစ်ပြီး ၊ မျိုးဆက်သစ်ပါရမီရှင်များသည် အမတနယ်မြေ၌ လှည့်လည်သွားလာနေဆဲပင် ဖြစ်သည်။
စူးချန်ကဲသည် လော့ရန်ယွီ ကို ခေါ်ဆောင်ကာ တားမြစ်စူးမိသားစုသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ယနေ့ တားမြစ်စူးမိသားစုတွင် စူးချန်ကဲ ပထမဆုံး အိမ်ပြန်လာစဉ်ကထက်ပင် ပို၍ စည်ကားနေသည်။
တားမြစ်စူးမိသားစု၏ အဓိကနေရာဖြစ်သော ဟွမ်ကျီအမတမြို့တော်တွင် လူများဖြင့် ပြည့်နှက်နေသည်။
လူငယ်မျိုးဆက်များသည် အပြင်တွင် ကျင့်ကြံနေကြသော်လည်း၊ မိသားစုရှိ အကြီးအကဲများနှင့် တာဝန်ခံများအတွက် ဤသည်မှာ စိတ်ဝင်စားစရာ အကောင်းဆုံး သတင်းတစ်ပုဒ်ပင် ဖြစ်သည်။
ခမ်းနားထည်ဝါလှသော ခန်းမဆောင်ကြီး၏ အပြင်ဘက်တွင် လူကြိတ်ကြိတ်တိုး စည်ကားနေသည်။
သူတို့အားလုံးသည် ပင်မခန်းမဆောင်ထဲသို့ စူးစမ်းကြည့်ရှုရင်း တအံ့တဩ ပြောဆိုနေကြသည်။
“ယိုး~ ချန်ကဲသခင်လေးက အပြင်ထွက်ပြီး ကျင့်ကြံတာ မကြာသေးဘူး၊ ဒီလောက် လှပတဲ့ အမျိုးသမီးတစ်ယောက်ကို ခေါ်လာနိုင်တယ်… တကယ်ကို ချန်ကဲသခင်လေးပဲ!”
“မင်းကတော့ အပေါ်ယံပဲ ကြည့်တတ်တာကိုး… ဒီသခင်မလေးက ရုပ်ရည်တင် လှတာ မဟုတ်ဘူး၊ သူမရဲ့ အရည်အချင်းနဲ့ ခွန်အားဟာလည်း ငါတို့ တားမြစ်စူးမိသားစုရဲ့ ထိပ်တန်း ပါရမီရှင်တွေနဲ့တောင် ယှဉ်နိုင်တယ် “
“အကယ်၍ ချန်ကဲသခင်လေးနဲ့ ဒီသခင်မလေးသာ ပေါင်းဖက်ကြမယ်ဆိုရင် ငါတို့ တားမြစ်စူးမိသားစုမှာ အနှိုင်းမဲ့ မျိုးဆက်သစ်လေး တစ်ယောက် ထပ်တိုးလာတော့မှာပဲ “
……….
ခန်းမပြင်ပမှ ပြောဆိုသံများထက် ခန်းမအတွင်းရှိ မြင်ကွင်းမှာ ပို၍ပင် စည်ကားနေလေ၏။
“ရန်ယွီ… မင်းက ငါတို့ မိသားစုကို ပထမဆုံး လာဖူးတာဆိုတော့ ဦးလေးတို့မှာ မင်းကိုပေးဖို့ ပစ္စည်းကောင်းတွေ သိပ်မရှိဘူး .. ဒါက အမတ ဖီးနစ်နတ်ဘုရားမြက်ပဲ… မင်း ဒါကို လက်ခံရမယ် “
“ဟာကွာ ! မင်းကလည်း ချန်ကဲသခင်လေး လာတုန်းကလည်း ဒီမြက်တွေပေးတယ်…အခု သခင်မလေး လာတော့လည်း မင်းက ဒီမြက်တွေပဲ ပေးနေပြန်ပြီ … မင်းမှာ ဒီမြက်ကလွဲလို့ ပေးစရာ မရှိတော့ဘူးလား”
ထိုသို့ပြောရင်းဖြင့် ၊ တားမြစ်စူးမိသားစုမှ ဘိုးဘေးတစ်ဦးသည် ငါးရောင်ခြည် အလင်းတန်းများ ဖြာထွက်နေသော ရတနာပုလဲတစ်လုံးကို ထုတ်ယူလိုက်သည် ။
“ရန်ယွီ၊ ဒါက ကိုးကွေ့အာဟာရဖြည့်တင်း အလှပုလဲပဲ .. သွေးကြောတွေနဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်တယ် ၊ ကာကွယ်ရေး အဆောင်အဖြစ်လည်း သုံးနိုင်တယ် အသားအရေကိုလည်း ပိုပြီး လှပစေတယ် မင်း ဒါကို ကောင်းကောင်းသိမ်းထားနော််”
“ဒါကတော့ ကောင်းကင်နှင်းနတ်ဘုရားပိုးချည်နဲ့ ပြုလုပ်ထားတဲ့ ဖီးနစ်ဝတ်ရုံပဲ… အဲ့အပေါ်မှာ ကာကွယ်ရေး အမတအစီအရင် ပေါင်း (၄၉) ခုကို ထည့်သွင်းထားတယ်….ဒီနေ့ ရန်ယွီကို လက်ဆောင်ပေးလိုက်မယ်!”
“……..”
တားမြစ်စူးမိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များသည် အလွန်ပင် ရက်ရောလှပြီး၊ တစ်ဖက်လူ လက်ခံနိုင်ခြင်း ရှိမရှိကိုပင် ဂရုမစိုက်ဘဲ ပစ္စည်းများကို သူမ၏ လက်ထဲသို့ အတင်းထိုးထည့်နေကြသည်။
ခဏအကြာတွင် ၊ တောင်လိုပုံနေသော ရတနာပစ္စည်းများက လော့ရန်ယွီ၏ လူတစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားလေ၏။
“ချန်ကဲ…..”
ဘေးတွင် ထိုင်နေသော စူးချန်ကဲသည် လက်ဖက်ရည်ကို အေးအေးလူလူ မော့သောက်နေကာ လော့ရန်ယွီ၏ “အကူအညီတောင်း” သည့် အကြည့်များကို လျစ်လျူရှုထားသည်။
ဤကဲ့သို့သော နွေးထွေးမှုမျိုးကို သူလည်း ယခင်က ကြုံတွေ့ခဲ့ဖူးသည်။
ဤအတွက် မတတ်နိုင်ပေ။ မိမိ မိသားစုမှ ဘိုးဘေးများသည် အတော်လေး ချမ်းသာလွန်းသည်။
ထိုကိစ္စနှင့် ပတ်သတ်၍ ၊ စူးချန်ကဲသည်ပင် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချမိလေသည်။