ရှေးဦးဧကရာဇ်နယ်မြေနှင့် ကနဦး အမတ ဧကရာဇ်မင်း(၁၃)ပါး
Vol. 64 Ch. 838
အတန်ကြာပြီးနောက်တွင်မှ ထိုရက်ရောလွန်းလှသော လက်ဆောင်ပေးပွဲကြီးမှာ ပြီးဆုံးသွားလေတော့သည်။
ယောင်ကွမ်အမတဂိုဏ်း၏ နတ်ဘုရားမဖြစ်သူ လော့ရန်ယွီမှာလည်း အဖိုးတန်အမတပစ္စည်းများဖြင့် တည်ဆောက်ထားသော ရတနာတောင်ပုံကြီးအောက်တွင် မြုပ်နေပြီး ခေါင်းလေးသာ ပြူးထွက်နေလေ၏။
ထိုနေရာတွင် ဆန်းကြယ်သော မှော်မန္တာန်အဆောင်များ ၊ အမတလက်နက်များနှင့် ရတနာပစ္စည်းများမှာ မရေမတွက်နိုင်အောင်ပင် ရှိနေပြီး ၊ အမတမြူခိုးများက ပင်မခန်းမဆောင်တစ်ခုလုံးကို ဖုံးလွှမ်းထားလေသည်။
အမတဆေးဖက်ဝင် အပင်များနှင့် နတ်ဘုရားမြက်ပင်များက လော့ရန်ယွီ၏ ဘေးတွင် အထပ်လိုက် ပုံနေပြီး ၊ ၎င်းတို့၏ ရနံ့ကို တစ်ချက် ရှူရှိုက်မိရုံမျှဖြင့် လူတစ်ယောက်ကို ကောင်းကင်ဘုံသို့ ပျံတတ်သွားစေသည့်အလား ထင်မှတ်ရသည်။
သူမသည် ယောင်ကွမ်အမတဂိုဏ်း၏ နတ်ဘုရားမတစ်ပါး ဖြစ်သည်နှင့် အလျောက် ၊ ရှားပါးသော ကျင့်ကြံအရင်းအမြစ်များစွာကို မြင်တွေ့ဖူးသည်။
သို့သော်လည်း ၊ ယခုမြင်ကွေ့နေရသည့် အရာများကြောင့် အံ့အားသင့်ကာ မှင်သက်နေမိသည်။
ဤဆေးပင်များထဲမှ တော်တော်များများသည် သူမ တစ်ခါမျှပင် မမြင်ဖူးသော အရာများ ဖြစ်ကြသည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် တားမြစ်စူးမိသားစု၏ အခြေခံအုတ်မြစ်မှာ သူမ၏ ယောင်ကွမ်အမတဂိုဏ်းထက် များစွာ သာလွန်သည်မှာ သိသာထင်ရှားပေသည်။
“ ရန်ယွီ… ဒါတွေက လူကြီးတွေက စေတနာနဲ့ ပေးတာပဲ…မင်း သိမ်းထားလိုက်ပါ”
စူးချန်ကဲက ပြောလိုက်သည်။
“ ကျင့်ကြံအရင်းအမြစ်တွေ များများစားစား ရှိထားတာက… ဒေဝလောက ပြန်လည်စတင်ရာခေတ်ကြီးမှာ မင်းရဲ့ ကျင့်ကြံမှုကို ပိုပြီး မြန်မြန် တိုးတက်လာစေလိမ့်မယ်”
“ဟားး… ချန်ကဲ ပြောတာ မှန်တယ်၊ ငါတို့ စူးမိသားစုရဲ့ ဘဏ္ဍာတိုက်တွေထဲမှာ အရင်းအမြစ်တွေက မရေမတွက်နိုင်အောင် ရှိတယ်၊ ဒါတွေက ငါတို့အတွက်တော့ နွားနို့ထဲက ရေတစ်စက်လောက်ပဲ ရှိတယ်”
“သခင်ကတော်နဲ့ သခင်လေးက ဒီအမတနယ်မြေမှာ လွတ်လပ်ပျော်ရွှင်စွာ လျှောက်လှမ်းချင်ရင် ခွန်အားတွေ တိုးလာမှဖြစ်မယ်လေ”
“ မှန်တယ် မဟာလမ်းစဉ်ကို လျှောက်လှမ်းရာမှာ အချစ်ဇာတ်လမ်းက မရှိမဖြစ် လိုအပ်တယ်”
“ဥပမာ ငါပေးထားတဲ့ စုံတွဲလေ့ကျင့်ရေးလက်စွဲစာအုပ်တွေကို ယူကြည့်လိုက် …နည်းလမ်းတွေ ရာပေါင်းများစွာ ပါဝင်တယ်… ငါ့အမြင်အရတော့ ငယ်ရွယ်သေးတဲ့ သခင်ကတော်နဲ့ သခင်လေးအတွက် ပြီးပြည့်စုံမှာပါ “
“ဟားဟား! ဉာဏ်ကြီးရှင်တွေက အတူတူပဲ တွေးခေါ် တတ်ကြတယ်! မင်းရဲ့ စုံတွဲလေ့ကျင့်ရေး နည်းစနစ်တွေကို ငါ့ရဲ့ ကျားအားဖြည့်ဆေးနဲ့ ပေါင်းစပ်လိုက်ရင် ဒါဟာ ကောင်းကင်ဘုံကနေ ဖန်တီးပေးထားတဲ့ လိုက်ဖက်မှုကြီးပဲ မဟုတ်လား”
“ အဟွတ် အဟွတ်”
စူးချန်ကဲသည် ရေနွေးကြမ်းသောက်နေရင်း ဘိုးဘေးအချို့၏ ပြောစကားများကြောင့် သီးသွားကာ ဆွံ့အစွာဖြင့် ကြည့်လိုက်မိသည်။
နေ့ခင်းကြောင်တောင် ဗြောင်ကျကျ ပြောဆိုနေကြသော ဤစကားများသည် ဘိုးဘေးဖြစ်သူများအနေဖြင့် ပြောသင့်သော စကားများပင်လော။
ရတနာများကို သိမ်းဆည်းပြီးသော လော့ရန်ယွီမှာလည်း ထိုစကားများကြောင့် ရှက်သွေးဖြာသွားသော်လည်း ၊ သူမသည် စူးချန်ကဲကို ခိုးကြည့်လိုက်သည်။
အမှန်အတိုင်းဆိုရလျှင်ဖြင့် သူမအနေဖြင့်လည်း ထိုသို့သော အတွေ့အကြုံသစ်ကို စမ်းသပ်ကြည့်ချင်စိတ် အနည်းငယ် ရှိနေမိသည်မှာ အမှန်ပင်။
“ဒါနဲ့… ကျွန်တော့်အစ်မရော ဘယ်သွားလဲ.. တံခါးပိတ်ကျင့်ကြံနေတာလား”
ပတ်ဝန်းကျင်ရှိ လေထုသည် ပို၍ နေရခက်လာမည်ကို စိုးမိသဖြင့် စူးချန်ကဲသည် ခေါင်းစဉ်ပြောင်းလိုက်သည်။
“အင်း… သခင်မလေးက လွန်ခဲ့တဲ့ ရက်ပိုင်းက မိုးမြေရဲ့ မဟာလမ်းစဉ်ကို နားလည်သွားလို့ မိသားစုရဲ့ မြင့်မြတ်တဲ့ နေရာမှာ ကျင့်ကြံအားထုတ်နေတယ်”
“ အမတဧကရာဇ်ရဲ့ မူလအနှစ်သာရကို အောင်မြင်စွာ နားလည်ပြီးတာနဲ့ ရှေးဦးဧကရာဇ်နယ်မြေကို သွားပြီး အမတဧကရာဇ်အဖြစ် သက်သေပြရတော့မယ်”
“ရှေးဦးဧကရာဇ်နယ်မြေ?”
“ မဟုတ်မှလွဲရော အမတနယ်မြေက အမတ ဧကရာဇ်မင်းတွေအားလုံး ရှေးဦးဧကရာဇ် နယ်မြေကို သွားရောက်ပြီး ဧကရာဇ်ဖြစ်လာဖို့ လိုတာလား “
စူးချန်ကဲ၏ စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်လာခဲ့သည်။ ဤရှေးဦးဧကရာဇ်နယ်မြေသည် တိုက်မြေ သုံးထောင်၏ ဧကရာဇ်လျှောက်လှမ်းနှင့် ဆင်တူနေသည်။
“ အဲ့လိုလည်း မဟုတ်ဘူး”
စူးမိသားစု၏ အရှင်သခင်ဖြစ်သူ ရွှမ်ယွမ် အမတဧကရာဇ်မင်းက ရှင်းပြလိုက်သည်။
“အမတဧကရာဇ်ဖြစ်ဖို့ နည်းလမ်းပေါင်းများစွာ ရှိတယ် ၊ ကိုယ့်ရဲ့ သိမြင်မှုနဲ့ တံခါးပိတ်ကျင့်ကြံ အားထုတ်နိုင်သလို မဟာလမ်းစဉ်အသစ်ကို ရှာဖွေပြီးတော့လည်း အောင်မြင်နိုင်တယ်… ရှေးဦးဧကရာဇ်နယ်မြေကို သွားတာကလည်း နည်းလမ်းတွေထဲက တစ်ခုပဲ”
“ပြီးတော့ ရှေးဦးဧကရာဇ်နယ်မြေက အလွန်ကျယ်ပြန့်ပြီး ပုံမှန်နေရာ မဟုတ်ဘူး… အကယ်၍ အမတနယ်မြေကို စက္ကူဖြူတစ်ရွက်လို့ တင်စားရင် အဲဒီနေရာဟာ စက္ကူပေါ်က ဟာကွက်တစ်ခုလိုပဲ”
“ ရှေးဦးဧကရာဇ်နယ်မြေဟာ အမတနယ်မြေထဲမှာ မတည်ရှိသင့်တဲ့ ထူးခြားတဲ့ ကမ္ဘာတစ်ခုလို့ နားလည်ထားလို့ ရတယ်”
“အမတနယ်မြေမှာ မတည်ရှိတဲ့ ကမ္ဘာတစ်ခု…?”
လော့ရန်ယွီသည် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိသည်။သူမသည် ဤကိစ္စနှင့် ပတ်သတ်၍ အတော်လေး သိချင်နေမိသည်။ ဤမျှလျို့ဝှက်သော အရာတစ်ခုကို သူမ၏ဂိုဏ်းခေါင်းဆောင်ထံမှ တစ်ခါမှ မကြားဖူးပေ။
“ဟုတ်တယ်… ရှေးဦးဧကရာဇ်နယ်မြေ တည်ရှိခဲ့တဲ့ အချိန်က အရမ်းကို ရှေးကျလွန်းတယ်၊ ထိပ်တန်း စွမ်းအားရှင်တွေရဲ့ ခန့်မှန်းချက်အရဆိုရင် ကမ္ဘာဦးအစ ဖန်ဆင်းခြင်းထက်တောင် စောနိုင်တယ်.. အဲဒီနေရာရဲ့ သက်တမ်းဟာ ရှေးဦးလျို့ဝှက်နယ်မြေ တော်တော်များများထက်တောင် ပိုရှေးကျနေတာပဲ”
ရှေးဦးလျို့ဝှက်နယ်မြေ ဆိုသည်မှာ ကမ္ဘာဦးအစတွင် တည်ရှိခဲ့သော လျို့ဝှက်သော နေရာများကို ဆိုလိုခြင်းဖြစ်သည်။
ထိုနေရာများသည် လူတို့ဖန်တီးထားသော နေရာများမဟုတ်ဘဲ မိုးမြေ မဟာလမ်းစဉ်၏ စွမ်းအားကို စုစည်းကာ နေနှင့်လ၏ အနှစ်သာရကို စုပ်ယူခြင်းဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“မင်းရဲ့ အစ်မ စူးယွင်ယွဲ့က ဘာလို့ အဲဒီနေရာကို သွားရသလဲဆိုရင်တော့ ရှေးဦးဧကရာဇ်နယ်မြေရဲ့ တခြားအကြောင်းရင်းတစ်ခုနဲ့လည်း ဆက်စပ်နေတယ်”
ရွှမ်ယွမ် အမတဧကရာဇ်မင်းက ဆက်ပြောသည်။
“ အမတ နယ်မြေရဲ့ ဒဏ္ဍာရီထဲက ကနဦး အမတဧကရာဇ် ဆယ့်သုံးပါးထဲက ငါးပါးဟာ ရှေးဦးဧကရာဇ်နယ်မြေမှာ အိပ်ပျော်နေကြတယ်”
“ ကနဦးအမတဧကရာဇ် (၁၃) ပါး…?”
စူးချန်ကဲမှာ ဇဝေဇဝါဖြစ်သွားသည်။
အမတနယ်မြေ၏ ရှေးဟောင်းမှတ်တမ်းများတွင် ထိုအကြောင်းနှင့် ပတ်သတ်၍ သူ တစ်ခါမျှ မတွေ့ဖူးပေ။
“ကမ္ဘာဦးအစဟာ အမတနယ်မြေရဲ့ အစောဆုံးခေတ်ဖြစ်လို့ မှတ်တမ်းတင်ဖို့ ခက်ခဲတယ်”
ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် စူးချန်ကဲ၏ သံသယကို မြင်နေပုံရကာ သူသည် အပြုံးမပျက် ဆက်လက်ရှင်းပြလိုက်သည်။
“ ကမ္ဘာဦးအစရဲ့ မှတ်တမ်းတွေက ဘယ်လိုလုပ်ရှိနိုင်တော့မှာလဲ”
သူသည် တားမြစ် စူးမိသားစုအတွင်း၌ ရှိနေသောကြောင့် ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် ဤနေရာတွင် ဖြစ်ပျက်နေသည့် အရာများကို မည်သူမျှ စောင့်ကြည့်မည်ကို မကြောက်ရွံ့သောကြောင့် အဖြစ်အပျက်များကို ပြန်လည် ပြောပြပေးခဲ့သည်---
ဒဏ္ဍာရီအရ ထိုကနဦးအမတဧကရာဇ် (၁၃) ပါးသည် အမတနယ်မြေတွင် ပထမဆုံး ပေါ်ထွက်လာသော အနှိုင်းမဲ့ အမတဧကရာဇ်မင်းများ ဖြစ်ကြသည်။
သူတို့သည် လောကကြီးထဲသို့ အချိန်ခဏတာ ပေါ်ထွက်ခဲ့ပြီး ၊ သမိုင်းတွင် အရိပ်အယောင်မျှပင် မကျန်ရစ်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့ကြသည်။ သူတို့အားလုံး မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မည်သူမျှ မသိကြပေ။
သို့သော် အမတနယ်မြေသည် အလွန် ကျယ်ပြောပြီး ၊ ရှေးဟောင်းအင်အားစုများမှာလည်း မရေမတွက်နိုင်အောင် များပြားလွန်းသည်။
သို့ဖြစ်၍ ၊ တားမြစ် စူးမိသားစုကဲ့သို့သော အင်အားစုကြီးများအနေဖြင့် ထိုအကြောင်းရင်းကို သဘာဝကျကျ သိရှိထားကြသည်။
စူးမိသားစု၏ မှတ်တမ်းများအရ ၊ ထိုအမတဧကရာဇ် (၁၃) ပါးသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရပြီး ခေတ်တစ်ခုတည်းတွင်ပင် အတူတကွ ပျောက်ကွယ်သွားခဲ့ကြခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် လူတို့၏ အဆက်မပြတ် ရှာဖွေမှုများကြောင့် အလွန် ရှေးကျသော ရှေးဦးလျို့ဝှက်နယ်မြေ တစ်ခုတွင် ၎င်းတို့အနက် (၁၃) ဦးအနက် (၅)ဦးကို ပြန်လည်တွေ့ရှိခဲ့သည်။
သို့သော်လည်း သူတို့အားလုံးသည် ရှင်းမပြနိုင်သော ပြင်းထန်သော ဒဏ်ရာများကို ရရှိထားကြပြီ ၊ ဤရှေးဦးလျှို့ဝှက်နယ်မြေထဲတွင် သေဆုံးသွားခဲ့ကြသည်။
ထိုကနဦး အမတဧကရာဇ်မင်း(၅) ပါး ကျဆုံးသွားခဲ့သော်လည်း ၊ သို့သော် သူတို့ဘဝတစ်လျှောက်လုံး စုဆောင်းခဲ့သော ရှေးဦးဧကရာဇ် ဆန္ဒသည် ကြာမြင့်စွာ တည်ရှိနေခဲ့သည်။
နောက်ပိုင်းတွင် ရှေးဦးလျို့ဝှက်နယ်မြေအပေါ်် သက်ရောက်မှုရှိလာကာ အဆုံးတွင်အသစ်စက်စက် ဧကရာဇ်လမ်းစဉ် နိယာမတစ်ခုဖြစ်သည့် ‘ ရှေးဦးဧကရာဇ် ဆန္ဒ’ကို မွေးဖွားပေးခဲ့သည်။
ဤဧကရာဇ်ဆန္ဒသည် မိုးမြေ၏ မဟာလမ်းစဉ်မှ ဖြစ်တည်လာခြင်း ဖြစ်ပြီး ဒေဝလောကရှိ မရေမတွင်နိုင်သော နယ်မြေများနှင့် မူလအစတူညီသည်။ ၎င်းကို ဤကမ္ဘာပေါ် ရှိ အစင်ကြယ်ဆုံးသော ဧကရာဇ်လမ်းစဉ် ဆိုင်ရာ နိယာမများဟု ခေါ်ဆိုပါက ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။
အမတဧကရာဇ် နယ်ပယ်သို့ တက်လှမ်းတော့မည့် စွမ်းအားရှင်များသည် ဤနေရာသို့ လာရောက်ကာ မိမိ၏ ကိုယ်ပိုင်အရည်အချင်းမှ တစ်ဆင့် ရှေးဦးဧကရာဇ်ဆန္ဒကို နားလည်နိုင်ခဲ့မည်ဆိုပါက ၊ နောင်တစ်ချိန်တွင် ထိုကနဦးအမတဧကရာဇ်များနှင့် နှိုင်းယှဉ်နိုင်သော အောင်မြင်မှုများကို ရရှိလာနိုင်သည်။
ဤသည်မှာပင် ရှေးဦးဧကရာဇ်နယ်မြေ၏ မူလအစနှင့် ဒဏ္ဍာရီပင်တည်း။