မိသားစုဝင်တိုင်းကို အံ့အားသင့်သွားစေသည်
Vol. 64 Ch. 841
အခန်း(၈၄၁) - မိသားစုဝင်တိုင်းကို အံ့အားသင့်သွားစေသည် Part(1)
လိုအပ်သော ပစ္စည်းအချို့ကို စုဆောင်းပြီးနောက်တွင်။
စူးချန်ကဲသည် ကောင်းကင်ရတနာ ဖန်ဆင်းခြင်းအတတ်၌ မှတ်တမ်းတင်ထားသော သက်ဆိုင်ရာ အစီအစဉ်နှင့် အရေအတွက်အတိုင်း အထဲသို့ ထည့်သွင်းလိုက်သည်။
ထို့နောက် စူးချန်ကဲသည် သူ့လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်သည်။
ဟင်းလင်းပြင်တွင် လှိုင်းတချက်ထသွားပြီးနောက် ၊
ကောင်းကင်လမ်းစဉ် အာဏာစက်ဓား၊ ဓားသေတ္တာ ကိုးလက်၊ ကောင်းကင်နှင့်မြေကြီး စစ်တုရင်ကွက်တို့သည် ဟင်းလင်းပြင်ထဲမှ ပျံထွက်လာကာ စူးချန်ကဲ၏ ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။
လက်နက်ပစ္စည်းများသည် စိတ်ဝိညာဉ်များ ရှိတတ်ကြသည်။ ဤလက်နက် သုံးခုစလုံးသည် စူးချန်ကဲနှင့်အတူ ခရီးလမ်းတစ်လျှောက် လိုက်ပါလာသော အဖော်များဖြစ်ပေရာ ၊
သူတို့ကို ဆင့်ခေါ်လိုက်သည့် အခိုက်အတန့်မှာပင် ၊ စူးချန်ကဲ၏ မျက်နှာသာပေးခြင်းကို ရယူရန်အတွက် ချစ်ခင်စွာဖြင့် အပြိုင် ပွတ်သပ်နေကြသည်။
“မင်းတို့က ဒီခရီးလမ်းတစ်လျှောက် ငါနဲ့အတူ အဖော်ပြုလာတာ …. နောင်လာမယ့် လမ်းခရီးက ရှည်သေးတယ်၊ ငါ အားကောင်းလာသလို မင်းတို့လည်း အားကောင်းလာဖို့ လိုတယ်”
“နောက်ပိုင်းမှာ မင်းတို့ကို ကိုယ်ခန္ဓာသစ် ရအောင် ငါ ကူညီပေးမယ်”
ထိုစကားများကို ကြားလိုက်ရသော လက်နက်ပစ္စည်း သုံးခုသည် လူသားဆန်သော ဝမ်းမြောက်မှုကို ပြသကာ စူးချန်ကဲ၏ အနားတွင် တစ်ပတ်ပြီးတစ်ပတ် လှည့်ပတ်နေကြသည်။
၎င်းတို့၏ အဆင့်အတန်းသည် မနိမ့်ကျသော်လည်း သို့သော် အမတနယ်မြေ၏ ထိပ်တန်း လက်နက်များနှင့် ယှဉ်ပါက ၊ ကွာခြားမှု ရှိနေသေး၏။
၎င်းတို့သည်လည်း မိမိတို့၏ သခင် စူးချန်ကဲနှင့်အတူ အရပ်ရှစ်မျက်နှာတစ်ခွင်ကို စစ်ချီကာ မဟာလမ်းစဉ်၏ အထွတ်အထိပ်အထိ လိုက်ပါလိုကြသည်။
ယခုတွင် ပြောင်းလဲနိုင်သည့် အခွင့်အလမ်း ရှိလာသည့်အတွက် အလွန် ပျော်ရွှင်နေကြသည်။
အားလုံး ပြီးစီးသွားပြီးနောက်တွင်။
စူးချန်ကဲသည် အသက်ပြင်းပြင်း ရှုသွင်းကာ၊ သူ့ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအင်များကို စတင် လှုံ့ဆော်လိုက်သည်။
လက်သင်္ကေတ တစ်ခုကို ဖော်ဆောင်လိုက်ပြီး တစ်ပြိုင်နက် မန္တာန်ကို ရွတ်ဆိုလိုက်သည်။
“ကောင်းကင်ဘုံ၏ ဝိညာဉ်၊ ငါ၏ စိတ်အာရုံ၊ လမ်းစဉ်ကို မီးအဖြစ် ပြောင်း၍၊ ဖန်ဆင်းထုဆစ်ကာ၊ ဝိညာဉ်ဖြစ်စေအံ့”
ဝုန်း ——
မျက်စိတမှိတ်အတွင်းမှာပင် မဟာလမ်းစဉ်၏ အသံများ ပဲ့တင်ထပ်ကာ ပျံ့လွင့်လာသည်။
မရေမတွက်နိုင်သော နိယာမတရားများသည် မြစ်တစ်စင်းအဖြစ် စုရုံးရောက်ရှိလာပြီး ၊ နက်နဲကာ လျှို့ဝှက်ဆန်းကြယ်သော အမိန့်တော်များအဖြစ် အဆက်မပြတ် ပေါင်းဆုံနေကြသည်။
မဟာလမ်းစဉ်၏ ရွှေချည်မျှင်များသည် ကြေးဝါမီးဖိုထဲသို့ အဆက်မပြတ် ပေါင်းစည်းဝင်ရောက်သွားကြသည်။
ကောင်းကင်မီးလျှံ နတ်ဘုရားစည်းတံဆိပ်သည် အထဲတွင် စုဝေးလာသည်နှင့် အမျှ ၊
မဟာလမ်းစဉ် မီးလျှံများမှာ တဟုန်းဟုန်း တောက်လောက်လာသည်။
စူးချန်ကဲ၏ ထိန်းချုပ်မှုအောက်တွင် ၊ ပျော်ရွှင်စွာဖြင့် ခုန်ပေါက်လောင်ကျွမ်းနေသော မဟာလမ်းစဉ်မီးတောက်သည် နှလုံးခုန်သံကဲ့သို့ စည်းချက်ကျသော အသံများကို ထုတ်လွှတ်နေလေ၏။
……..
မဟာလမ်းစဉ်၏ စည်းချက်ကျသော လှုပ်ရှားမှုတိုင်းသည် နတ်ဘုရားများ၏ စစ်မြေပြင်မှ ထွက်ပေါ်လာသော စစ်ဗုံတီးခတ်သံကဲ့သို့ပင်။
ထွက်ပေါ်လာသော နိယာမဆိုငိရာ တာအိုစည်းချက်များက ထျန်းရှင်ခန်းမ၏ တည်နေရာ တစ်ခုလုံးကို တုန်ခါသွားစေသည်။
ပို၍ပင် အံ့အားသင့်စရာကောင်းသည်မှာ ဤနေရာကို ဗဟိုပြုလျက် ၊
စတုရန်းမိုင် ရာနှင့်ချီအကွာအဝေးရှိ မိုးနှင့်မြေကြားရှိ အမတစွမ်းအင်များသည် ဆွဲငင်ခံလိုက်ရသကဲ့သို့ ဤနေရာသို့ အဆက်မပြတ် စုဝေးလာကြပြီး ၊ ကောင်းကင်ဘုံ၏ မျက်လုံးကြီးတစ်ခုသဖွယ် ထျန်းရှင်ခန်းမ၏ အထက်တွင် ဖြစ်တည်နေသည်။
“ဒါက……”
ဤမျှ ကြီးကျယ်ခမ်းနားသော ဖြစ်စဉ်သည် အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ပြီး၊ တားမြစ်စူးမိသားစုမှ လူတိုင်း ထိုအရာကို ခေါင်းမော့ကြည့်ရှုရင်း ထိတ်လန့်တုန်လှုပ်နေကြသည်။
ဤမတိုင်မီက ၊ စူးချန်ကဲသည် ထျန်းရှင်ခန်းမကို အသုံးပြုကာ လက်နက်များကို သွန်းလုပ်မည့် သတင်းသည် တောမီးသဖွယ် ပျံ့နှံ့သွားခဲ့သည်။
တားမြစ်စူးမိသားစုမှ လူများသည် ထိုကိစ္စနှင့် ပတ်သတ်၍ သံသယများ ရှိခဲ့ကြသည်။
သူတို့ တားမြစ်စူးမိသားစုတွင် လက်နက်ပစ္စည်း သွန်းလုပ်ရာ၌ အကြီးတန်း များစွာ ရှိပြီး၊ အမတနယ်မြေတစ်ခွင် ကျော်ကြားသော လက်နက်ပစ္စည်းသွန်းလုပ်ရေး ဆရာကြီးများပင် မနည်းမနော ရှိသည်။
စူးချန်ကဲသည် တားမြစ်စူးမိသားစု၏ သခင်ငယ် အဖြစ် သူ၏ အဆင့်အတန်းသည် မည်မျှ ကြီးကျယ်ခမ်းနားလေသနည်း။
စကားတစ်ခွန်းမျှဖြင့်၊ တားမြစ်စူးမိသားစုရှိ လက်နက်ပစ္စည်း သွန်းလုပ်ရေး ဆရာကြီးများ အားလုံးက အားသွန်ခွန်စိုက် ကူညီကြမည် ဖြစ်သည်။
သို့သော် သူတို့၏ သခင်ငယ်သည် အဘယ့်ကြောင့် ကိုယ်တိုင်ကိုယ်ကျ လက်နက်ပစ္စည်းသွန်းလုပ်လိုသနည်း။
ထို့အပြင်၊ လက်နက်ပစ္စည်းသွန်းလုပ်ခြင်း မဟာလမ်းစဉ်သည် လမ်းစဉ်သုံးထောင်အနက် အလွန်နက်နဲပြီး လျို့ဝှက်ဆန်းကြယ်သည်။
လက်နက်ပစ္စည်းသွန်းလုပ်လိုပါက၊ ဦးစွာအနေဖြင့် မဟာလမ်းစဉ် မီးတောက်ကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ရမည်။ ထိုမီးတောက်ဖြင့် မပျက်စီးမယိုယွင်းနိုင်သော အမတသံသတ္တုနှင့် နတ်ဘုရားကျောက်များကို အရည်ကျိုနိုင်ရမည်။
ထို့အပြင် အမတသံသတ္တုနှင့် နတ်ဘုရားကျောက်မျိုးစုံကိုလည်း သိရှိထားရမည်။ ၎င်းတို့ကြားက အပြန်အလှန် သက်ရောက်မှုနှင့် အကျိုးသက်ရောက်မှုများကိုလည်း နားလည်ထားရမည်။
လက်နက်ပစ္စည်း သွန်းလုပ်ခြင်း မဟာလမ်းစဉ်ကို စတင်ရန်အတွက် လက်နက်ပြုလုပ်ခြင်းအတတ်ပညာကို ဂရုတစိုက် လေ့လာသင်ယူရန် လိုအပ်သည်။
လက်နက်ပစ္စည်းသွန်းလုပ်ခြင်း မဟာလမ်းစဉ်ကို ကျွမ်းကျင်စွာ တတ်မြောက်ထားသော အကြီးတန်းများ၏ စိတ်နှလုံးသားထဲတွင် မလွှဲမသွေ တုန်လှုပ်နေကြပြီး ၊ထျန်းရှင်ခန်းမ၏ ဦးတည်ရာဘက်ကို ကြည့်ရင်း မယုံကြည်နိုင်ဖြစ်လို့နေသည်။
ပညာရှင်တစ်ယောက် အနေဖြင့် ၊ လက်နက်ပစ္စည်းသွန်းလုပ်ခြင်းနှင့် ပတ်သတ်၍ သဘာဝအတိုင်း အာရုံခံစားလွယ်ကြသည်။
“ အမ်….. ငါ အာရုံခံမိတာ မမှားဘူးဆိုရင် ထျန်းရှင်ခန်းမပေါ်မှာ မျှောလွင့်နေတဲ့ နိယာမဆိုင်ရာ သင်္ကေတအက္ခရာတွေက… လက်နက်ပစ္စည်းသွန်းလုပ်ရေး အမိန့်တော်နဲ့ တူသလားလို့”
“ရဲရဲသာ တွေးလိုက် ၊ ‘အကယ်၍’ ဆိုတဲ့ စကားလုံးကို ဖယ်လိုက်ရင် ဒါက လက်နက်ပုံသွင်းတဲ့ အမိန့်တော်ပဲ!”
အဆိုပါ လက်နက်ပစ္စည်းသွန်းလုပ်ရေး အမိန့်တော်သည် လက်နက်ပစ္စည်းသွန်းလုပ်ခြင်း မဟာလမ်းစဉ်၏ နိယာမကို သရုပ်ပြသခြင်း ဖြစ်သည်။
ထိပ်တန်း လက်နက်ပညာရှင်တစ်ဦးသည် မဟာလမ်းစဉ်ကို မီးအဖြစ်၊ နိယာမတရားကို မီးဖိုအဖြစ် သုံးကာ လက်နက်များကို ဖန်တီးရာတွင်၊ လောကတွင် လက်နက်ပစ္စည်းသွန်းလုပ်ရေး အမိန့်တော် တစ်ခု ပေါ်ထွက်လာမည် ဖြစ်သည်။
သို့သော်…..
ဤကဲ့သို့ အနေအထားမျိုး ရောက်ရှိရန်၊ ထိုသူသည် လက်နက်ပစ္စည်းသွန်းလုပ်ခြင်း မဟာလမ်းစဉ်တွင် အလွန်မြင့်မားသော ကျွမ်းကျင်မှုကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။
ထို့အပြင်၊ ဤအတွက် အရည်အသွေး အလွန်မြင့်မားသော မဟာလမ်းစဉ် နိယာမတရားများ လိုအပ်သည်။ အနည်းဆုံး ကောင်းကင်အမတ နယ်ပယ်သို့ တတ်လှမ်းရန် လိုအပ်ပြီး ၊ ပိုမိုမြင့်မားသော အမတလမ်းစဉ် နိယာမတရားများကို စုစည်းနိုင်မှသာ လက်နက်ပစ္စည်းသွန်းလုပ်ရေး အမိန့်တော်ကို ဖိတ်ခေါ်နိုင်မည် ဖြစ်သည်။
သို့သော် မိမိတို့၏ သခင်ငယ်သည် ဤလက်နက်ပစ္စည်း သွန်းလုပ်နည်းကို မည်သို့ တတ်မြောက်လာခဲ့သနည်း။
သူတို့ မှတ်မိသလောက် ၊ အမတနယ်မြေနှင့် အောက်ကမ္ဘာရှိ လက်နက်ပစ္စည်း သွန်းလုပ်ခြင်း မဟာလမ်းစဉ်သည် ကွဲပြားခြားနားသည်။
ထို့အပြင် သူသည်ဘလက်နက်ပစ္စည်းသွန်းလုပ်ခြင်း မဟာလမ်းစဉ်တွင် ဤမျှ မြင့်မားသော အောင်မြင်မှုကို ရရှိထားသည်။
ထို့အပြင် တဖက်လူသည် စစ်မှန်အမတနယ်ပယ်တွင်သာ ရှိသေး၏။ သူသည် မည်သို့သော နည်းလမ်းဖြင့် လက်နက်ပစ္စည်းသွန်းလုပ်ရေး အမိန့်တော်ကို ဖွဲ့စည်းနိုင်ခဲ့သနည်း။
တားမြစ်စူးမိသားစုမှ လက်နက်ပစ္စည်းသွန်းလုပ်ရေး အကြီးတန်းများ၏ ခေါင်းထဲတွင် မေးခွန်းများ အဆက်မပြတ် ဝင်ရောက်လာသည်။
ဤမြင်ကွင်းသည် သူတို့ကို လုံးဝ ဆွံ့အသွားစေခဲ့သည်။
အခန်း(၈၄၁) - မိသားစုဝင်တိုင်းကို အံ့အားသင့်သွားစေသည် Part(2)
လက်နက်ပညာရှင် အကြီးအကဲများ မယုံနိုင်လောက်အောင် ရှုပ်ထွေးနေကြစဉ် ၊
လက်နက်ပစ္စည်းသွန်းလုပ်ခြင်း မဟာလမ်းစဉ်တွင် အမတဧကရာဇ်နယ်ပယ်အဆင့်သို့ ရောက်ရှိထားသော တားမြစ်စူးမိသားစုမှ ဘိုးဘေးအချို့သည်လည်း ဤလှုပ်ရှားမှုကြောင့် ဆွဲဆောင်ခံရကာ မိမိတို့၏ နတ်အသိစိတ်များကို ဖြန့်ကျက်ကာ ဤနေရာသို့ စူးစမ်းလေ့လာရန် ရောက်ရှိလာကြသည်။
“အမ် “
“ချန်ကဲ ဒီကောင်လေး ဘယ်တုန်းက လက်နက်ပစ္စည်းသွန်းလုပ်ခြင်း မဟာလမ်းစဉ်ကို လေ့လာသင်ယူခဲတာတုန်း … လက်နက်သွန်းလုပ်ခြင်း အမိန့်တော်ကိုပါ ဖွဲ့စည်းနိုင်သေးတယ်”
“ဒါ့အပြင်…. ဒီအမိန့်တော်ကနေ ဖြန့်ကျတ်ထားတဲ့ အရှိန်အဝါက…. ငါတို့ သင်ယူခဲ့ရတဲ့ ရှေးဟောင်း လက်နက်ပစ္စည်းသွန်းလုပ်ခြင်းနည်းနဲ့ မတူသလိုပဲ…ဒါက ပိုပြီး ရှေးကျနေသလိုပဲ”
လက်နက်ပညာရှင် ဘိုးဘေးများမှာ အံ့အားသင့်စွာဖြင့် ချီးကျူးနေကြသည်။
သို့သော် သူတို့သည် စူးချန်ကဲကို နှောင့်ယှက်ခြင်း မပြုကြပေ။
စူးချန်ကဲသည် မည်သည့် လက်နက်ပစ္စည်းသွန်းလုပ်ခြင်း မဟာလမ်းစဉ်မျိုးကို သင်ယူခဲ့သည်ကိုသာ စူးစမ်းလိုကြသည်။
………
လက်နက်ပစ္စည်းသွန်းလုပ်ခြင်းတွင် အာရုံစူးစိုက်နေသော စူးချန်ကဲသည် ပြင်ပလောက၌ ဖြစ်ပျက်နေသော အကြောင်းအရာများကို မသိသလို ၊ ဤအတွက် အချိန်လည်း မပေးနိုင်ချေ။
အကောင်းဆုံးသော လက်နက်ပစ္စည်းများကို သွန်းလုပ်လိုပါက ၊ သူသည် မိမိကိုယ်ကို မေ့လျော့သည့် အထိ ဤလုပ်ငန်းစဉ်ကိုသာ အာရုံစူးစိုက်ထားရမည် ဖြစ်သည်။
သို့မဟုတ်ပါက အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်ပေါ်လာသည်နှင့် ၊ အရာအားလုံးသည် တစ်ချက်တည်းဖြင့် ပျက်စီးသွားပေလိမ့်မည်။
………
ခဏအတွင်းမှာပင် ရက်ပေါင်းများစွာ အချိန်ကုန်လွန်သွားခဲ့သည်။
ဤနေ့တွင်၊ မီးဖိုမီးကို တည်ငြိမ်အောင် လုပ်ဆောင်နေသော စူးချန်ကဲသည် ရုတ်တရက် မျက်လုံးပွင့်လာသည်။
“အချိန် ကျပြီ”
“သွားတော့”
စူးချန်ကဲသည် သူ့လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်ပြန်သည်။
မရေတွက်နိုင်သော အမတသံသတ္တုနှင့် နတ်ဘုရားကျောက်များသည် မဟာလမ်းစဉ် မီးဖိုထဲသို့ အလိုအလျောက် ပျံသန်း ဝင်ရောက်သွားကြသည်။
ထို့နောက် စူးချန်ကဲသည် လက်ညှိုးကို ကလောင်တံပြု၍ ထူးကဲသော ဖန်ဆင်းခြင်း အမတစွမ်းအင်များကို စုစည်းလိုက်ပြီး လေဟာပြင်ပေါ်တွင် နိယာမများကို စတင် ရေးဆွဲလိုက်သည်။
ဝုန်း!
ချက်ချင်းပင် ၊ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းထုဆစ်သည့်အလား ခန့်ညားထည်ဝါသော နိယာမပုံရိပ်များမှာ ဟင်းလင်းပြင်တွင် ထပ်ဆင့် ပေါ်ထွက်လာကြသည်။
ကောင်းကင်ရတနာ ဖန်ဆင်းခြင်း နတ်ဘုရားအမိန့် ။
ဤသည်မှာ ကောင်းကင်ရတနာ ဖန်ဆင်းခြင်းအတတ်တွင် အဓိကကျသော အမိန့်တစ်ခု ဖြစ်သည်။
သွန်းလုပ်သူ၏ မူလရင်းမြစ် စွမ်းအားကို အခြေခံ၍ သွန်းလုပ်မည့် အရာဝတ္ထုအား နတ်ဂုဏ်သတ္တိကို ပေးအပ်ခြင်းဖြင့် နောက်ဆုံးတွင် လက်နက်နှင့် လမ်းစဉ်ကို တစ်သားတည်း ဖြစ်စေခြင်း ဖြစ်သည်။
သို့သော် စူးချန်ကဲ၏ လက်ရှိ ကျင့်ကြံမှုမှာ အားနည်းလွန်းသောကြောင့် ဖြစ်နိုင်သည်။
သူသည် ဤကောင်းကင်ရတနာ ဖန်ဆင်းခြင်း နတ်ဘုရားအမိန့်ကို လေးပုံတစ်ပုံမျှသာ တည်ဆောက်ပြီးချိန်တွင် သူ့ ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအင်များကို ကုန်ခမ်းသွားသည့်အထိ သုံးစွဲမိသွားသည်။
သူသည် ကိုယ်ထည်အမျိုးအစား ခုနစ်မျိုးကို ပိုင်ဆိုင်ထားပြီး၊ သူ့ခန္ဓာကိုယ်အတွင်းရှိ အမတရင်းမြစ်သည် အခြားသော အဆင့်တူ ကျင့်ကြံသူများထက် အဆမတန် များပြားသည်ကို သင် သိထားရမည်။
သို့သော် ဤအမိန့်တော်တစ်ခုကို ဖန်တီးရာတွင် သူ၏ စွမ်းအင်အားလုံး ပြတ်လပ်သွားခဲ့ပြီ ဖြစ်သည်။
စူးချန်ကဲမှာ ထိတ်လန့်သွားသော်လည်း ၊ သူသည် အဖိုးတန် ဆေးဝါးများကို အမြန် သောက်သုံးကာ ကုန်ခမ်းသွားသော စွမ်းအင်များကို ချက်ချင်း ပြန်လည်ဖြည့်တင်းလိုက်သည်။
“ကောင်းကင်ရတနာ ဖန်ဆင်းခြင်း၊ နတ်ဂုဏ်သတ္တိကို သွင်းယူ၍ စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ခြင်း “
“သွား ! ”
ဝုန်း ဝုန်း !
ကောင်းကင်ရတနာ ဖန်ဆင်းခြင်း နတ်ဘုရားအမိန့်သည် မဟာလမ်းစဉ် မီးဖိုထဲသို့ ကျရောက်သွားသည်နှင့်အမျှ ၊ မဟာလမ်းစဉ် မီးဖိုကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။
အတွင်းရှိ ဖရိုဖရဲ အလင်းတန်း (၃) ခုသည် ဘဝသစ်တစ်ခုကို ပြုစုပျိုးထောင်နေသကဲ့သို့ တဆက်ဆက် တုန်ခါနေကြသည်။
နောက်အခိုက်အတန့်တွင် ၊ မီးဖိုထဲမှ ထိတ်လန့်ဖွယ်ကောင်းသော နတ်အလင်းတန်း (၃) ခု ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းသည် ခန်းမအတွင်းရှိ ပရိဘောဂအားလုံးကို ကြေမွသွားစေခဲ့သည်။
နံရံထက်ရှိ အစီရင်များပင် အဆိုပါ ကြောက်ခမန်းလိလိ စွမ်းအားကြောင့် အချိန်မရွေး ပြိုကျတော့မည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်နေသည်။
“ ဒါက ….”
စူးချန်ကဲကို ပို၍ အံ့အားသင့်စေခဲ့သည့် အချက်မှာ ကာကွယ်ရေး အစီအရင်များကို ထည့်သွင်းကာ အမတနယ်မြေ၏ အမာကြောဆုံး သံရိုင်းသတ္တုများဖြင့် သွန်းလုပ်ထားသော မီးဖိုကြီးသည် အတွင်းမှ ထွက်ပေါ်လာသော အရှိန်အဝါကို မတောင့်ခံနိုင်ဘဲ အချိန်မရွေး ပေါက်ကွဲတော့မည့်အလား ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ဖြစ်ပေါ်လာခြင်းပင်။
သို့သော် ၊ ထိုပြင်းထန်သော အရှိန်အဝါကို ခံစားမိလိုက်သည်နှင့် စူးချန်ကဲသည် သူ၏ လုပ်ဆောင်မှုမှာ မရှုံးနိမ့်ကြောင်း သိလိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် ကောင်းကောင်း လုပ်နိုင်ခဲ့ပြီး ၊ လက်နက်ပုံသွင်းခြင်းမှာ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဤရလဒ်မှာ စူးချန်ကဲ မျှော်လင့်ထားသည်ထက် လုံးဝ ကျော်လွန်သွားခဲ့သည်။
သူသည် မိမိကိုယ်တိုင် ထည့်သွင်းလိုက်သော စွမ်းအားများသည် လွန်ကဲသွားသလားဟုပင် သံသယဝင်မိသည်။
ကောင်းကင်ရတနာ ဖန်ဆင်းခြင်း နတ်ဘုရားအမိန့်ကို ရေးထွင်းစဉ်က ၊ သူ၏ မသိစိတ်မှ ကိုယ်ထည်များ၏ စွမ်းအားများကိုပင် ထည့်သွင်းသုံးစွဲခဲ့သည်။
သူသည် သူတော်စင်ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင်ဖွဲ့စည်းပုံလေးမျိုး၏ စွမ်းအားများကို အမိန့်တော်ထဲသို့ ထည့်သွင်းခဲ့ရုံသာမက ၊ အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော် နှင့် အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား တို့၏ စွမ်းအားကိုပါ ပေါင်းစပ် ထည့်သွင်းမိခဲ့သည်။
ဤထူးခြားသော ကိုယ်ထည်ခြောက်မျိုး၏ စွမ်းအားများသည် သူထင်ထားသည်ထက် ဟန်ချက်ညီညီ ပေါင်းစပ်သွားခဲ့ရာ ၊ ရလဒ်မှာ သူ ခန့်မှန်းထားသည်ထက် များစွာ သာလွန်သွားခဲ့သည်။
“ပထမဆုံးအကြိမ် လက်နက်သွန်းလုပ်တာက ဒီလောက်အထိ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားမိဘူး…”
စူးချန်ကဲ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
အမှန်အားဖြင့် သူသည် ကောင်းကင်ရတနာ ဖန်ဆင်းခြင်းအတတ်ကို သိမြင်ပြီးသည်နှင့် ၊ ချက်ချင်း လက်နက်များကို သွန်းလုပ်ခဲ့ရာ အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်သွားမည်ကို စိုးရိမ်ခဲ့မိသည်။
သို့သော် ယခုကြည့်ရသည်မှာ စိတ်ရောကိုယ်ပါ နှစ်မြုပ်လုပ်ဆောင်ခဲ့သည့်အတွက် ရလဒ်သည် အလွန် ကောင်းမွန်ခဲ့သည်။
“နောက်ဆုံးအဆင့်… စိတ်အာရုံကို ပုံဖော်ဖို့ပဲ ကျန်တော့တယ်”
စူးချန်ကဲသည် အသက်ကို ဝဝရှူသွင်းကာ စိတ်ကို တည်ငြိမ်စေလိုက်သည်။
ထို့နောက် ကျန်ရှိသော အဖိုးတန် မဟာလမ်းစဉ် ပစ္စည်းများကို မီးဖိုကြီးထဲသို့ စနစ်တကျ ထပ်မံ ထည့်သွင်းလိုက်သည်။
ကောင်းကင်လမ်းစဉ် အာဏာစက်ဓား အပါအဝင် လက်နက် (၃) မျိုးစလုံး၏ ပြင်းထန်သော အရှိန်အဝါကြောင့် မီးဖိုကြီး ပေါက်ကွဲမသွားစေရန် စူးချန်ကဲသည် နောက်ဆုံး သွန်းလုပ်ခြင်းအဆင့်တွင် ပို၍ အာရုံစူးစိုက်လိုက်သည်။