← Chapters

ရတနာပန်းပွင့်ဂိုဏ်းသို့ နောက်‌တစ်ခေါက်

Vol. 82 Ch. 812

ရတနာပန်းပွင့်ဂိုဏ်းသို့ နောက်‌တစ်ခေါက်

Vol. 82 Ch. 812

"နတ်ဆိုးတွေ နတ်ဆိုးတွေ အများကြီးပဲ" တောင်ပိုင်းဟုန် သားတော်ခုနစ်ဂိုဏ်း၏ ရှေ့တန်းကင်းစခန်းတစ်ခုဖြစ်သည့် ရတနာပန်းပွင့်ဂိုဏ်းမှာ နှစ်ပေါင်းများစွာအတွင်းဘေးဒုက္ခအမျိုးမျိုးကို ကြုံတွေ့ခဲ့ဖူးသည်။

သို့သော် ယခုအချိန်မှာတော့ မိမိတို့ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့်အတူ တာအိုပေါင်းစည်းခြင်းအဆင့်အကြီးအကဲ သုံးဦး၏ မေးမြန်းမှုကို ရင်ဆိုင်နေရသော ရတနာပန်းပွင့်ဂိုဏ်း၏ မဟာအကြီးအကဲမှာ ကြောက်ရွံ့တုန်ရင်နေဆဲဖြစ်ပြီး မျက်လုံးများမှာလည်း ခြောက်ခြားကာထိတ်လန့်တုန်လှုပ်နေပုံရ၏။

မြေမထားသင့်သည်မှာ ရတနာပန်းပွင့်ဂိုဏ်း၏ လက်ရှိအခြေအနေမှာ ထိခိုက်ပျက်စီးမှုမရှိသေးဘဲ အစီအရင်များမှာလည်း နဂိုအတိုင်းရှိနေခြင်းကြောင့် ၎င်းတို့သည် ထိုနတ်ဆိုးအုပ်ကြီးနှင့် တိုက်ရိုက်ရင်ဆိုင်ခဲ့ရခြင်းမျိုး မဟုတ်ပေ။

ဘေးမှနေ၍ ကြည့်နေရုံမျှ၊ ၎င်းတို့၏ ဂိုဏ်းအတွင်းမှနေ၍ ချောင်းကြည့်နေရုံမျှဖြင့်ပင် ကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူတစ်ဦးကို ဤမျှအထိ ဖရိုဖရဲဖြစ်သွားစေရန် မည်သို့သော ထိတ်လန့်ဖွယ်မြင်ကွင်းမျိုး ဖြစ်ပေါ်ခဲ့သနည်း။

ဂိုဏ်းချုပ်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများမှာ အနည်းငယ် တင်းမာသွားခဲ့၏။ အခြေအနေမှာ သူတို့ စိတ်ကူးထားသည်ထက် များစွာ ပိုမိုဆိုးရွားနေပုံရသည်။

"လေးစားရပါသော အကြီးအကဲတို့ ခွင့်လွှတ်ပေးကြပါ၊ အဲဒီအရေအတွက်က ဘယ်လောက်တောင် များသလဲဆိုတာ ကျွန်တော် တကယ်ပဲမပြောနိုင်တော့ဘူး... နတ်ဆိုးတိမ်တိုက်တွေက ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့ပြီး သူတို့ ဖြတ်သန်းသွားရုံနဲ့တင် ကျွန်တော်တို့ဂိုဏ်းရဲ့ အစီအရင်ကြီးက ပြင်းပြင်းထန်ထန်တုန်ခါသွားခဲ့ရတယ်။ ဒါဟာ အင်အားစုတစ်ခုတည်းရဲ့ အင်အားမဟုတ်ဘူး၊ အနောက်ပိုင်း နဂါးနန်းတော်တောင်မှ ဒီလောက်အင်အားမျိုးကို စုစည်းနိုင်မှာ မဟုတ်ဘူး" ရတနာပန်းပွင့်ဂိုဏ်း မဟာအကြီးအကဲသည် သူ၏စိတ်ကို အတင်းအကျပ်တည်ငြိမ်အောင် ကြိုးစားရင်း ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် ပြောလိုက်၏။

"ဒီလောက်များပြားတဲ့ နတ်ဆိုးတွေ ထွက်ပေါ်လာပြီဆိုတော့ တောင်ပိုင်းဟုန်ဟာ မကြာခင်မှာ ကမောက်ကမတွေ ဖြစ်တော့မှာပဲ။"

သူ၏ တစ်သက်တာတွင် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော အင်အားရှိသည့် နတ်ဆိုးကြီးများကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

ထို့အပြင် ဤနတ်ဆိုးအုပ်စုကြီးသည် ထူးဆန်းစွာဖြင့် စုဝေးရောက်ရှိလာခြင်း ဖြစ်သည်။

"..." တန်းရှန့်ကျွင်း သည် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဘာမှမပြောဘဲ မျက်လုံးထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များရှိနေ၏။

ရတနာပန်းပွင့်ဂိုဏ်းချုပ်ကို လိုက်လံပို့ဆောင်ပေးစဉ်တစ်လျှောက်လုံး ခရီးမှာ အေးဆေးတည်ငြိမ်ခဲ့ပြီး ရတနာပန်းပွင့်ဂိုဏ်း အကြီးအကဲပြောသော နတ်ဆိုးများကို မတွေ့ခဲ့ရပေ။

ထိုသူက အဓိပ္ပာယ်မရှိသောစကားများ ပြောနေသည်ဟု သူ ဆိုလိုခြင်း မဟုတ်ပေ။

တန်းရှန့်ကျွင်းသည် ပိုမိုနက်ရှိုင်းစွာ စဉ်းစားနေခြင်း ဖြစ်သည်။

အနောက်ပိုင်းဟုန်မှ နတ်ဆိုးများ ရုတ်တရက် တောင်ဘက်သို့ အလုံးအရင်းနှင့် ရွှေ့ပြောင်းလာခြင်းမှာ အနောက်ပိုင်းနဂါးနန်းတော်၏ စီစဉ်မှုကြောင့်ဖြစ်ကြောင်း သေချာသော်လည်း၊ လွတ်လပ်မှုကို မြတ်နိုးသော ထိုနတ်ဆိုးများသည် နဂါးနန်းတော်၏ အမိန့်ကို နာခံပြီး တောင်ပိုင်းဟုန် ဂိုဏ်းခုနစ်ဂိုဏ်းကို တိုက်ခိုက်ရန် ရှေ့တန်းကနေ အမြောက်စာအဖြစ် အသုံးတော်ခံကြလိမ့်မည်ဟု သူ မယုံကြည်ပေ။

၎င်းတို့မှာ အတင်းအကျပ်စေခိုင်းခံရခြင်းမျိုး ဖြစ်နိုင်ခြေ ပိုများသည်။

သို့သော် ယခုအချိန်တွင် တစ်စုံတစ်ယောက်က သူတို့ကိုသတင်းစကားများ ပေးပို့နေသည်မှာ ထင်ရှားလှ၏။ သို့မဟုတ်ပါက တောင်ပိုင်းဟုန်သည် သူတို့ လမ်းခရီးတွင် မြင်တွေ့ခဲ့ရသည့်အတိုင်း အေးဆေးတည်ငြိမ်နေမည်မဟုတ်ဘဲ ကမ္ဘာပျက်နေလောက်ပြီ ဖြစ်သည်။

ဂိုဏ်းချုပ်များမှာ တုံးအသောသူများ မဟုတ်ကြပေ။

ခဏအတွင်းမှာပင် သူတို့သည် ထိတ်လန့်ဖွယ်ကောင်းသော အစအနတစ်ခုကို ရရှိခဲ့ကြသည်။

ယုတ်မာကောက်ကျစ်လှသော တောင်ပိုင်း နဂါးနန်းတော်သည် တောင်ပိုင်းဟုန်ကို ခုတ်ထစ်ခံရမည့် အသားတစ်တုံးကဲ့သို့ သဘောထားကာ တောင်ဘက်သို့ရွှေ့ပြောင်းလာသော ထိုနတ်ဆိုးများကို စတေးခံအဖြစ်ပေးအပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ထိုသို့ ပြုလုပ်မှသာ ထိုနတ်ဆိုးများ၏ သဘာဝကို ခေတ္တထိန်းချုပ်ထားနိုင်မည်။

တကယ်လို့ ထိုနတ်ဆိုးကြီးများကသာ သတ်ဖြတ်ချင်စိတ်နိုးကြားလာမည်ဆိုလျှင် ကျင့်ကြံသူများကိုသာ သတ်ဖြတ်ကြမည် မဟုတ်ဘဲ ရေနေမျိုးနွယ်စုများလည်း လွတ်မြောက်နိုင်မည် မဟုတ်ချေ။

"အဲဒီ အရူးအိုကြီး၊ သူကတော့ ငါတို့ရဲ့ အသက်တွေနဲ့ လောင်းကစားနေတာပဲ" တန်းရှန့်ကျွင်းသည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။ တောင်ပိုင်းဟုန် သားတော်ခုနစ်ဂိုဏ်းနှင့် တောင်ပိုင်း နဂါးနန်းတော်တို့၏ အငြင်းပွားမှု ပြီးဆုံးသွားသည့်တိုင်အောင် ဤကျယ်ပြောလှသောကုန်းမြေနှင့် ရေပြင်များသည် အချိန်အတော်ကြာအောင် ငြိမ်းချမ်းမှု ရရှိလိမ့်မည်မဟုတ်ဘဲ ဝမ်းနည်းပူဆွေးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများသာ ပြည့်နှက်နေလိမ့်မည်ဖြစ်ကြောင်း သူ စိတ်ကူးကြည့်နိုင်ပေသည်။

မည်သို့ တုံ့ပြန်ရမည်နည်းနှင့် ပတ်သက်၍မူ...

သူတို့သည် နတ်ဆိုးအရေအတွက်ကိုပင် မသိရှိကြသဖြင့် မည်သို့ရင်ဆိုင်ဖြေရှင်းရမည်ဆိုသော နည်းဗျူဟာလည်း မရှိပေ။ ဤသည်မှာ အင်အားစုတစ်ခုတည်းက ဖြေရှင်းနိုင်သော ဘေးဒုက္ခမျိုး မဟုတ်တော့ချေ။

ပုံမှန်အခြေအနေမျိုးသာဆိုလျှင် အနောက်ပိုင်းဟုန်မှ နတ်ဆိုးများကျူးကျော်လာပါက ခုခံနိုင်ရန်အတွက် ဂိုဏ်းခုနစ်ဂိုဏ်းနှင့် နဂါးနန်းတော်တို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်။

သို့သော် ယခုမူ တောင်ပိုင်း နဂါးနန်းတော် ကိုယ်တိုင်က တောင်ပိုင်းဟုန်ကို သစ္စာဖောက်ကာ ရောင်းစားခဲ့သူ ဖြစ်နေ၏။

ဆိုလိုသည်မှာ တောင်ပိုင်းဟုန် သားတော်ခုနစ်ဂိုဏ်းသည် တောင်ပိုင်းနဂါးနန်းတော်ကိုသာမက အနောက်ပိုင်းဟုန်၏ နတ်ဆိုးမျိုးနွယ် တစ်ခုလုံးကိုပါ တွန်းလှန်ရမည်ဖြစ်ပြီး အနောက်ပိုင်း နဂါးနန်းတော်၏ ချောင်းမြောင်းတိုက်ခိုက်မှုများကိုလည်း သတိထားနေရမည်။

လက်ရှိ သားတော်ခုနစ်ပါး အနေအထားကို ထားလိုက်ပါ၊ စီနီယာအစ်ကိုကြီး ချင်း ရှိနေစဉ်ကပင် အောင်မြင်ရန် ခဲယဉ်းပေလိမ့်မည်။

လက်အောက်ခံ အင်အားစုများနှင့် မဟာမိတ်ဂိုဏ်းများကို ကာကွယ်ပေးရန်လော။ အကယ်၍ ထိုနတ်ဆိုးများက နဂါးနန်းတော်၏ အမိန့်ကို အမှန်တကယ် နာခံနေမည်ဆိုလျှင် သားတော်ခုနစ်ပါး အနေနှင့် ကိုယ့်ကိုယ်ကိုယ်အရင်ပူပန်နေရမည်ဖြစ်သည်။

"ငါတို့... ရွှမ်ချင်းကို တစ်ခါပြန်ပြီး အကူအညီ တောင်းရမယ်ထင်တယ်။ အရှေ့ပိုင်း နဂါးနန်းတော်ရဲ့ သဘောထားကိုလည်း စုံစမ်းရမယ်။" တုနှိုင်းမဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်က ခါးသီးစွာပြုံးလိုက်၏။

ဤကဲ့သို့သော အကျပ်အတည်းမျိုးတွင် အသုံးအဝင်ဆုံးသော ပုဂ္ဂိုလ်မှာ နန်ယန်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်းဖြစ်သူ၊ အရှေ့ပိုင်း နဂါးနန်းတော်၏ သမက်တော်ပင်။

"လေးစားရပါသော အကြီးအကဲတို့။" ရွှမ်ချင်း၏ အမည်ကို ကြားလိုက်ရသောအခါ ရတနာပန်းပွင့်ဂိုဏ်းချုပ်သည် ခါးသီးမှုကိုမြိုသိပ်ရင်း အသက်ပြင်းပြင်းရှူလိုက်ကာ "ကျေးဇူးပြုပြီး အမြန်ပြန်ကြပါတော့" ဟု ဆိုလိုက်သည်။

သူမတို့ဂိုဏ်းအပြင်၊ တောင်ပိုင်းဟုန် သားတော်ခုနစ်ဂိုဏ်း၏ ကွပ်ကဲမှုအောက်တွင် ထောင်ပေါင်းများစွာသော လက်အောက်ခံအင်အားစုများနှင့် သန်းနှင့်ချီသော ကျင့်ကြံသူများ ရှိနေသေး၏။

ထို့အပြင် ၎င်းတို့၏အောက်တွင် မှီခိုနေထိုင်ကြသောသာမန်လူသားများ၏ အရေအတွက်မှာလည်း ရေတွက်၍မရနိုင်အောင် များပြားလှပေသည်။

"ဒီနေ့ကစပြီး ရတနာပန်းပွင့်ဂိုဏ်းရဲ့ အစီအရင်ကြီးကို ခေတ္တပိတ်ထားလိုက်ကြစို့။ ဂိုဏ်းချုပ်အနေနဲ့ အနီးနားမှာရှိတဲ့ သက်ရှိအားလုံးကို ဂိုဏ်းအတွင်းမှာ လာရောက်ခိုလှုံနိုင်ဖို့ ကြိုးစားပေးပါ။" တန်းရှန့်ကျွင်းက ခေါင်းညိတ်ပြလိုက်သည်။

"နားလည်ပါပြီ အကြီးအကဲ၊ စိတ်ချလက်ချ ပြန်ကြပါ။" ရတနာပန်းပွင့်ဂိုဏ်းချုပ်သည် စကားအများကြီးမပြောတော့ဘဲ ဧည့်သည် သုံးဦးကို ကိုယ်တိုင် လိုက်လံပို့ဆောင်ပေးခဲ့သည်။

"ဆရာ..." ပေါင်ဟွားနတ်သမီး သည် အဘွားအိုကို တွဲထားပေးရင်းတည်ငြိမ်အောင် ကြိုးစားနေသော်လည်း သူမ၏ လက်ချောင်းလေးများမှာ အနည်းငယ် တုန်ယင်နေဆဲပင်။

"သွားပြီးတော့ စီစဉ်စရာရှိတာတွေ သွားစီရင်လိုက်တော့။" ရတနာပန်းပွင့်ဂိုဏ်းချုပ်သည် သူမ၏ တပည့်မလေးကို ဂရုဏာသက်စွာ ကြည့်လိုက်၏။ သူမသည် ဂိုဏ်း၏ ဆက်ခံသူဖြစ်သော်လည်း ထို တာအိုကလေးငယ်များနှင့် နှိုင်းယှဉ်လျှင် အတွေ့အကြုံရော ကျင့်ကြံခြင်းပါ ကလေးငယ်တစ်ဦးကဲ့သို့သာ ရှိပါသေးသည်။

ယခုမူ သူမ၏ ဆရာပင်လျှင် ထိတ်လန့်နေရသော အကျပ်အတည်းမျိုးကို သူမ ရင်ဆိုင်နေရပြီဖြစ်သည်။

"တပည့် နားလည်ပါပြီ။" ပေါင်ဟွားနတ်သမီးသည် လေးနက်စွာခေါင်းညိတ်ပြလိုက်ပြီး သူမ၏ တာအိုချပ်ပြားကို ထုတ်ယူကာတည်ငြိမ်ပြီး စနစ်ကျသောအသံဖြင့် အနီးနားရှိ အပြစ်မဲ့သောသတ္တဝါများကို လက်ခံရန် ဂိုဏ်း၏ အကြီးအကဲများနှင့် စီမံခန့်ခွဲသူများကို စတင် စုစည်းစေလိုက်တော့သည်။

လက်ခံသည့် နည်းလမ်းဖြစ်စေ၊ ဂိုဏ်းအတွင်း ဝင်ရောက်ပြီးနောက် စီစဉ်မှုများဖြစ်စေ ရတနာပန်းပွင့်ဂိုဏ်းချုပ် အနေဖြင့် မည်သည့်အပြစ်မျှ ရှာမရအောင် သူမ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

ဤအရာကတော့ အမှန်တကယ်ကို ရယ်စရာကောင်းလှ၏။

သူမသည် တစ်စုံတစ်ယောက်ကို ရှာဖွေရန်အတွက်သာ ရတနာပန်းပွင့်ဂိုဏ်း၏ အရေးကိစ္စများကို လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သော်လည်း ထိုသူသည် သူမကို စကားတစ်ခွန်းမျှပင် မပြောသေးချေ။

သို့သော်လည်း သူမသည် တဖြည်းဖြည်းနှင့် အရည်အချင်းရှိသော ဆက်ခံသူတစ်ဦး ဖြစ်လာခဲ့လေပြီ။ အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။

ရတနာပန်းပွင့်ဂိုဏ်း ကျင့်ကြံသူများ၏ လမ်းညွှန်မှုအောက်တွင် လက်အောက်ခံအင်အားစုများသည် တစ်သုတ်ပြီးတစ်သုတ်ဂိုဏ်းအတွင်းသို့ စတင် ဝင်ရောက်လာကြလေတော့သည်။

All Chapters