← Chapters

ပန်ရှန်းဂိုဏ်း လာရောက်ကူညီခြင်း

Vol. 82 Ch. 813

ပန်ရှန်းဂိုဏ်း လာရောက်ကူညီခြင်း

Vol. 82 Ch. 813

အဘွားအိုသည် တောင်ဝှေးကိုကိုင်ဆောင်လျက် ကောင်းကင်ယံသို့ တိတ်ဆိတ်စွာမော့ကြည့်နေလေသည်။

ရုတ်တရက်ဆိုသလို၊ သူမ၏ မျက်နှာပြင်မှာ အနည်းငယ်တင်းမာသွားပြီး၊ လက်ထဲရှိ တောင်ဝှေးကို မိုးကုပ်စက်ဝိုင်းဆီသို့ပြင်းထန်စွာ ပစ်ပေါက်လိုက်၏။

မူလက သာမန်ဆန်ကာရိုးရှင်းသော ထိုတောင်ဝှေးသည် သူမ၏ လက်ထဲမှထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက်၊လေထဲတွင် ကြီးထွားလာကာ ကောင်းကင်ကြီးကို ထောက်မထားနိုင်သော သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေတော့သည်။

ထိုသစ်ပင်ကြီးသည် သက်ဝင်လှုပ်ရှားနေပြီး၊ ပန်းပေါင်းရာချီပွင့်လန်းနေကာ၊ ဖိနှိပ်လွှမ်းမိုးနိုင်သောစွမ်းအားများကို သယ်ဆောင်လျက်တိမ်ပင်လယ်ကြီးကို မွှေနှောက်ကာ နေရာတစ်ခုဆီသို့ အပြင်းအထန် ရိုက်ချလိုက်လေသည်။

တစ်ချိန်တည်းမှာပင်၊ အမွေးအမျှင်များထူထပ်နေသော ဧရာမလက်ကြီးတစ်ခုသည် တိမ်ပင်လယ်ထဲမှရုတ်တရက်ထိုးထွက်လာပြီး အောက်ဘက်ရှိ ကျင့်ကြံသူများကို ဖမ်းဆုပ်ရန်ကြိုးစားလာလေသည်။

၎င်း၏ လက်ချောင်းများကိုဖြန့်ကားလိုက်သောအခါ၊ မိုးမြေကြားတွင် ဖြန့်ကျက်ထားသော ပိုက်ကွန်ကြီးတစ်ခုပမာဖြစ်သွားပြီး၊ အောက်ဘက်ရှိ သက်ရှိများအတွက် မည်သည့်ထွက်ပေါက်မျှ ချန်လှပ်မထားခဲ့ချေ။

ကံကောင်းထောက်မစွာဖြင့်၊ ပန်းများပွင့်လန်းနေသောသစ်ပင်ကြီးသည် ထိုလက်မောင်းပေါ်သို့ ရိုက်ချလိုက်သဖြင့်၊ ၎င်း၏ အရေပြားများ ကွဲအက်ကာ အသားများပေါက်ထွက်သွားပြီး၊ တိမ်တိုက်များကြားမှ ပြင်းထန်စူးရှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။

"ဂါး.." ခက်ထန်ကြမ်းကြုတ်သော မျောက်ဝံကြီး၏ မျက်နှာတစ်ခု မိုးကုပ်စက်ဝိုင်းမှထွက်ပေါ်လာသောအခါ၊အောက်ဘက်ရှိ များပြားလှသော ကျင့်ကြံသူများ၏ အသက်ရှူသံများရုတ်တရက် ရပ်တန့်သွားကြပြီး၊ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြ၏။

"အထဲဝင်ကြ အစီအရင်ကို ပိတ်လိုက်" ပေါင်ဟွားနတ်သမီးသည် လူအုပ်ကြီးကြားမှဖြတ်ပြေးသွားရင်း၊ ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်လေသည်။

သူမ၏ စကားသံ ပဲ့တင်ထပ်သွားသည်နှင့် တစ်ပြိုင်နက်၊ တိမ်ပင်လယ်ကြီးသည် တစ်ဖန် ပြန်လည် လှိုင်းထန်လာပြန်သည်။ တောင့်တင်းခိုင်မာသော အဖြူရောင်အတောင်ပံကြီးတစ်ခုသည် သစ်ပင်ကြီးကိုပြင်းထန်စွာ ရိုက်ခတ်လိုက်ရာ၊ ကြမ်းတမ်းလှသော လေပြင်းမုန်တိုင်းကြီးတစ်ခုကို အောက်ဘက်သို့ တိုက်ခတ်လာစေခဲ့သည်။

ထိုလေပြင်း၏ ဂယက်ရိုက်ခတ်မှုမျှဖြင့်ပင် အောက်ဘက်ရှိ ကျင့်ကြံသူများကိုမြေမှုန့်အဖြစ်သို့ ပြောင်းလဲသွားစေလေ၏။

ပန်းများပွင့်လန်းနေသော သစ်ပင်ကြီးမှာ နောက်သို့ လွင့်ထွက်သွားပြီး၊ပန်းပွင့်ဖတ်များ ဖရိုဖရဲလွင့်စင်သွားကာ တောင်ဝှေးပုံစံသို့ပြန်လည်ပြောင်းလဲသွားလေသည်။ ထို့နောက် အဘွားအို၏ လက်ဝါးထဲသို့ ပြင်းထန်သောအဟုန်ဖြင့် ပြန်လည်ကျရောက်လာသဖြင့်၊ သူမအား နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွားစေခဲ့သည်။

ရတနာပန်းပွင့် ဂိုဏ်းချုပ်သည် မိမိကိုယ်ကို အတင်းအကျပ်ထိန်းချုပ်လိုက်ပြီး၊ သူမ၏ အကြည့်များကို အောက်ဘက်သို့လျင်မြန်စွာရွှေ့ကာ၊ မိုးမြေ၏ စွမ်းအင်များ စုစည်းမှုကြောင့်ဖြစ်ပေါ်လာသော အရှိန်အဟုန်ပြင်းသောလေများကို ဟန့်တားရန် ကြိုးစားလိုက်သော်လည်း၊အနည်းငယ် နောက်ကျသွားခဲ့ပြီဖြစ်၏။

ထိုစဉ်မှာပင်၊ ဧရာမတောင်ကြီး ကျဆင်းလာသကဲ့သို့၊ ဖြိုခွဲ၍မရနိုင်သော အတားအဆီးတစ်ခုသည် သူတို့၏ အရှေ့တွင် ခိုင်မာစွာရပ်တည်လာလေသည်။

လေပြင်းသည် တောင်ကုန်းငယ်ကိုဖြတ်သန်းတိုက်ခတ်သွားသော်လည်း၊ ထိုတောင်ကုန်းငယ်မှာ မတုန်မလှုပ် ရပ်တည်နေခဲ့သည်။

စွမ်းအင်လေပြင်းများပြန်လည် ငြိမ်သက်သွားသောအခါ၊ ထိတ်လန့်နေသော လူအုပ်ကြီးသည် အသေအချာကြည့်လိုက်ရာ၊ မည်သည့် တောင်ကုန်းငယ်ကိုမျှ မတွေ့ရဘဲ လျှော်ကြမ်းဖြင့်ရက်ထားသော အဝတ်ကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦး ရပ်နေသည်ကိုသာ တွေ့လိုက်ရလေ၏။

ထိုအဘိုးအိုသည် အထက်သို့ လှောင်ပြောင်သည့်ဟန်ဖြင့် စူးရဲစွာကြည့်လိုက်ပြီး "မင်းတို့ ရန်ဘက်နှစ်ကောင်က အတူတူပူးပေါင်းလာနိုင်လိမ့်မယ်လို့ ထင်မထားဘူး။ မျောက်အိုကြီး... သူက မင်းအမေရဲ့ ဦးခေါင်းခွံကို ခွဲပစ်ခဲ့တာကို မင်းမေ့သွားပြီလား" ဟု ဆိုလိုက်လေသည်။

သူ၏ စကားမဆုံးမီမှာပင်၊ နောက်ထပ် တောင့်တင်းခိုင်မာသော အဘိုးအိုတစ်ဦး သူ၏ဘေးတွင် ပေါ်လာခဲ့၏။ သူတို့နှစ်ဦးသည် ရှေ့ဆင့်နောက်ဆင့် ရပ်လိုက်ကြရာ၊ သူတို့၏ တည်ရှိမှုသည် တောင်ကုန်းငယ်လေးတစ်ခုမှ သွယ်တန်းကာပေါင်းစည်းနေသော တောင်တန်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ပိုမို၍ ခိုင်မာမယိမ်းယိုင်နိုင်အောင် ဖြစ်သွားလေသည်။

"တာအိုမိတ်ဆွေရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။" ရတနာပန်းပွင့် ဂိုဏ်းချုပ်သည် သူမ၏ တပည့်ဖြစ်သူလည်း ထိုလူအုပ်ထဲတွင်ပါဝင်နေကြောင်း သိထားသဖြင့်၊ သက်ပြင်းတစ်ချက် ချလိုက်နိုင်လေသည်။

"ရပါတယ်။" အဘိုးအိုသည် လွတ်လပ်ပေါ့ပါးသော အမူအရာဖြင့် အနည်းငယ်အရိုအသေပေးလိုက်ပြီး "ပန်ရှန်းဂိုဏ်းက နန်ယန်ဂိုဏ်းချုပ်ရှန်းရဲ့ အမိန့်အရ တောင်ပိုင်းဟုန်ကို ကူညီဖို့ ရောက်လာတာပါ" ဟု ဆိုလေသည်။

ဂိုဏ်းချုပ်ရှန်း၏ အမည်ကို ကြားလိုက်ရသောအခါ၊ ရတနာပန်းပွင့် ဂိုဏ်းချုပ်သည် အနည်းငယ် အံ့အားသင့်သွားပြီး၊ လူအုပ်ထဲမှ ပေါင်ဟွားနတ်သမီးသည်လည်း အရှေ့ရှိအဘိုးအိုဆီသို့ မသိစိတ်မှ အလိုအလျောက်လှမ်းကြည့်လိုက်မိလေသည်။

ဩော်... အဲ့ဒီ လူငယ်ဂိုဏ်းချုပ်လေးက သူတို့ရဲ့ ရတနာပန်းပွင့်ဂိုဏ်းကို မှတ်မိနေသေးတာပဲကိုး။

ထို့ပြင် ဤမျှအစွမ်းထက်လှသော ပုဂ္ဂိုလ်ကြီးပင်လျှင် ယခုအခါ အခြားတစ်ဦး၏ အမိန့်ကို နာခံနေရပြီ ဖြစ်ရာ... ဂိုဏ်းချုပ်ရှန်းသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက နန်ယန်ဂိုဏ်းချုပ်နှင့် ပို၍ပို၍ တူလာနေချေပြီ။

"ဟက်" ပန်ရှန်း ဂိုဏ်းချုပ်သည် သူ၏ လက်ကို ရုပ်သိမ်းလိုက်ပြီး၊သူ၏ မျက်နှာအမူအရာမှာ ခံစားချက်ကင်းမဲ့သော အနေအထားသို့ပြန်လည်ရောက်ရှိသွားကာ မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်၏။

"မင်းက အဲဒီမှာ ဘာလို့ပုန်းနေတာလဲ မင်းရဲ့ စွမ်းရည်တွေကို ငါ မသိဘူးလို့ ထင်နေတာလား၊ အခု ချက်ချင်း ထွက်သွားစမ်း"

ဤနတ်ဆိုးနှစ်ကောင်နှင့် ရင်ဆိုင်ရသည်ထက်၊ ဤဂိုဏ်းမှကျင့်ကြံသူများကို ဘေးကင်းရာသို့ ဆုတ်ခွာနိုင်ရန်ကူညီပေးခြင်းက ပို၍ အရေးကြီးပေသည်။

"တကယ်ကို ရယ်စရာကောင်းတာပဲ။ အနောက်ပိုင်းဟုန်က ကျင့်ကြံသူတွေက ဒီ တောင်ပိုင်းက လူရိုင်းတွေ သူတို့ရဲ့ ရတနာနယ်မြေကို ကာကွယ်ဖို့ လာကူညီကြတယ်တဲ့လား။ အဘိုးကြီးဟွမ်... မင်း တကယ်ပဲ စားစရာတွေ စားပိုးနင့်အောင်စားထားလို့များလား"

မျောက်အိုကြီးသည် သူ၏ လက်မောင်းကို ဖြည်းညင်းစွာပြန်ရုတ်သိမ်းလိုက်ရင်း ခနဲ့တဲ့တဲ့ဖြင့် ဆက်ပြောသည်။ "ပြီးတော့ နန်ယန် ဂိုဏ်းချုပ်ရဲ့ အမိန့်အောက်မှာတဲ့လား၊ မင်းက လွန်ခဲ့တဲ့နှစ်သိန်းလောက်ကတည်းက အပြင်မထွက်ခဲ့ဘူးလား မင်းရဲ့သတင်းတွေက တော်တော်လေးခေတ်နောက်ကျနေပြီပဲ။"

တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးဆိုသည်မှာ အတိတ်က သားတော်ခုနစ်ပါးဖြစ်ပြီး၊ ပန်ရှန်းဂိုဏ်း မှီခိုအားထားနိုင်သော ထောက်တိုင်များဖြစ်နေဆဲဟု ထင်မှတ်နေသေးသည်လော။

"ကိစ္စမရှိပါဘူး၊ တောင်ပိုင်းက လူရိုင်းတွေဆီမှာ အရသာရှိတာတွေပေါများပါတယ်။ ဒီတစ်ကောင်က ဆူဖြိုးပြီးအရသာရှိပေမဲ့၊ နောက်တစ်ခါ ငါ လာစားရင်လည်း အတူတူပါပဲ။ မင်းတို့ ဒီမှာပဲ ဆက်စောင့်နေလိုက်ပါ၊ ငါ့ စားပွဲပေါ်မှာ ဟင်းပွဲကြီး နှစ်ပွဲ ထပ်တိုးတာပေါ့" မျောက်အိုကြီးသည် အခြေအနေကို ဆက်လက်ထိန်းသိမ်းထားရန်မဖြစ်နိုင်တော့ကြောင်းသိသဖြင့် ရက်စက်ယုတ်မာစွာ လှောင်ပြောင်ရယ်မောလိုက်ပြီး၊ ဆက်လက် မနေတော့ဘဲ သူ၏ မျက်နှာတစ်ခုလုံးတိမ်ပင်လယ်ထဲသို့ ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေတော့သည်။

"..."

ပန်ရှန်း ဂိုဏ်းချုပ်သည် တိတ်ဆိတ်စွာရပ်နေခဲ့ပြီး ပြန်လည် ချေပပြောဆိုချင်ခဲ့သော်လည်း၊ အနောက်ပိုင်းဟုန်မှ အင်အားစုတစ်ခုအနေဖြင့် မကြာသေးမီရက်များအတွင်း ဖြစ်ပျက်ခဲ့သည်များကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူဖြစ်ရာ၊ မျောက်အိုကြီး ပြောသွားသည်များမှာ အမှန်ပင်ဖြစ်ကြောင်း ကောင်းစွာသိနေခဲ့၏။

ထို့ကြောင့်သာ မဟုတ်လျှင်၊ သူသည် သူ၏ ဂိုဏ်းခွဲမှ ဂိုဏ်းချုပ်များကို အနောက်ပိုင်းဟုန်မှ အရေးတကြီး ခေါ်ဆောင်လာမည် မဟုတ်ချေ။

နဂါးနန်းတော်၏ ပြတ်သားသော နှင်ထုတ်မှုများကြောင့်၊ အနောက်ပိုင်းဟုန်သည် ထူးခြားစွာပင် မဟာနတ်ဆိုးကြီးများ ကင်းစင်သည့် နေရာတစ်ခု ဖြစ်လာခဲ့၏။ ၎င်းမှာ သူတို့အတွက် သတင်းကောင်း ဖြစ်သော်လည်း၊ တောင်ပိုင်းဟုန်အတွက်မူကား... တွေးကြည့်ရုံမျှဖြင့်ပင် အလွန်အမင်း ကျောချမ်းဖွယ် ကောင်းလှပေသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင်၊ ပန်ရှန်းဂိုဏ်း ရောက်လာသည်ဖြစ်စေ၊ မရောက်လာသည်ဖြစ်စေ၊ အခြေအနေအရပ်ရပ်ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။

သူတို့သည် သူတို့ စွမ်းဆောင်နိုင်သမျှကိုသာ လုပ်ဆောင်နိုင်ပေလိမ့်မည်။

"တာအိုမိတ်ဆွေ... ဒီ လူစုကို လက်ခံပြီးတဲ့နောက်၊ လောလောဆယ်ဂိုဏ်းကို ပိတ်ထားပြီး အခြေအနေကို စောင့်ကြည့်ရအောင်" ပန်ရှန်း ဂိုဏ်းချုပ်သည် လက်ရှိအခြေအနေကိုကြည့်ခြင်းအားဖြင့်၊ ရတနာပန်းပွင့်ဂိုဏ်းချုပ်သည် ကြင်နာတတ်သူ တစ်ဦးဖြစ်ကြောင်း သိသော်လည်း၊ တကယ်တမ်းတွင် အချိန်သိပ်မကျန်တော့ချေ။

"နားလည်ပါပြီ" အဘွားအိုသည် သက်ပြင်းချလိုက်ရင်း၊ သူမ၏ တပည့်ဖြစ်သူဆီသို့ အကြည့်တစ်ချက်လှမ်းလိုက်၏။

ပေါင်ဟွားနတ်သမီးသည် သူမ၏ နှုတ်ခမ်းကို စေ့ထားလိုက်ပြီး၊ မသက်မသာအမူအရာများ ဖြစ်နေကြသောပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို အကဲခတ်ကြည့်လိုက်၏။ ထို့နောက် မျက်လုံးကိုမှိတ်ကာကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်ပြီး"သူတို့ ဂိုဏ်းထဲရောက်သွားတာနဲ့ အစီအရင်ကို ပိတ်ဖို့ ပြင်ထားပါ" ဟု အမိန့်ပေးလိုက်လေသည်။

သေခါနီးလူများကို ကယ်တင်ကာဒဏ်ရာရသူများကိုကုသပေးလိုသော စိတ်နှလုံးရှိသော်ငြားလည်း၊ ထိုသို့ပြုလုပ်နိုင်ရန် သင့်လျော်သောစွမ်းအား မရှိခဲ့ချေ။

လက်ရှိ ရတနာပန်းပွင့်ဂိုဏ်းမှာ မိမိကိုယ်ကိုပင် ကာကွယ်နိုင်ရန် ခဲယဉ်းနေခဲ့လေပြီမဟုတ်လော။

လူအုပ်ကြီးသည် တစ်ဖန် ပြန်လည် လှုပ်ရှားလာကြပြန်သည်။

သို့သော် ယခင်ကကဲ့သို့ စနစ်တကျရှိမနေတော့ဘဲ၊ များစွာသောကျင့်ကြံသူများသည် ခြေတစ်လှမ်း နောက်ကျသွားပြီး ရတနာနယ်မြေထဲသို့ မဝင်ရောက်နိုင်မည်ကို စိုးရိမ်သဖြင့် အရှေ့သို့ရူးသွပ်စွာ တိုးဝှေ့နေကြ၏။

ထို့ပြင် လက်အောက်ခံအင်အားစုများမှ ကျင့်ကြံသူ အများအပြားမှာလည်း နေရာအနှံ့အပြားတွင် ရှိနေကြသေးပြီး၊ ရတနာပန်းပွင့်ဂိုဏ်း၏ လမ်းညွှန်မှုကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြဆဲပင်။

ထိုစဉ်မှာပင်၊ တိုးဝှေ့နေသော လူအုပ်ကြီးမှာ ရုတ်တရက် ရပ်တန့်သွားကြလေသည်။

လွန်စွာစူးရှလှသော မျောက်အော်သံကြီးတစ်ခုက ကြည်လင်နေသော ကောင်းကင်မှမိုးကြိုးပစ်ချလိုက်သကဲ့သို့ လေထုထဲသို့ဖောက်ထွက်လာပြီး၊ ပတ်ဝန်းကျင်တစ်ခုလုံးကို အလွန်အမင်းတိတ်ဆိတ်သွားစေခဲ့၏။

ချက်ချင်းဆိုသလိုပင်၊ မိုးပြာကောင်းကင်ကြီးတစ်ခုလုံး ပုံပျက်ရှုံ့တွသွားပြီး၊ နေနှင့်လတို့မှာ အရောင်အဆင်းကင်းမဲ့သွားကာ၊ တိမ်ပင်လယ်ကြီးမှာလည်းဆူပွက်လှိုင်းထန်လာလေတော့သည်။

All Chapters