သူတို့ ပုန်ကန်ပြီ ၂
Vol. 82 Ch. 816
နှစ်ပေါင်းများစွာ အပြန်အလှန်ရင်ဆိုင်ခဲ့ရပြီးနောက်၊ အဓိက ရန်သူတော်ကြီးနှစ်ဦးသည် တစ်ဦးကိုတစ်ဦး အလွန်ကောင်းမွန်စွာနားလည်သဘောပေါက်နေကြပြီ ဖြစ်သည်။
"နဂါးသခင်ထံ အစီရင်ခံပါတယ်။ သတင်းစကား ပို့ဆောင်ပြီးပါပြီ..." ခရုသင်းထဲမှ နတ်ဆိုးစစ်သည်တော်တစ်ဦး၏ အလောတကြီး အသံထွက်ပေါ်လာသော်လည်း၊ စကားမဆုံးမီမှာပင် အသားဝါးစားလိုက်သော အသံတစ်သံထွက်ပေါ်လာသည်။
ကျွတ်...ကျွတ်
"ခွေးကောင် ငါက အနောက်ပိုင်းနဂါးနန်းတော်ရဲ့ တပ်မှူးတစ်ယောက်ကွ ငါ့ကိုအခုချက်ချင်း လွှတ်ပေးစမ်း အား..."
"လွှတ်ပါ... တောင်းပန်ပါတယ်။ လွှတ်ပေးပါ နဂါးသခင်" နတ်ဆိုးစစ်သည်တော်၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာအော်ဟစ်အကူအညီတောင်းသံများ တဖြည်းဖြည်းတိတ်ဆိတ်သွားချိန်တွင်၊ခရုသင်း၏ အခြားတစ်ဖက်မှ ရူးသွပ်ရိုင်းစိုင်းသော ရယ်မောသံများမှလွဲ၍ ဘာမျှကျန်ရစ်မနေခဲ့တော့ပေ။
ချီကျောက်ယီ သည် သူ၏ ရင်ဘတ်အနည်းငယ် နိမ့်ချည်မြင့်ချည်ဖြစ်နေသည်မှလွဲ၍ တည်ငြိမ်စွာပင် ရှိနေခဲ့၏။ စူးရှသော ရယ်မောသံများကို ဖြတ်တောက်ရန် သူက ခရုသင်းကို အောက်ချလိုက်သည်။
ဤနတ်ဆိုးများသည် သူ၏ဖခင်မှ အနောက်ပိုင်းဟုန်မှ နှင်ထုတ်ခဲ့သူများ ဖြစ်ကြရာ၊ သူတို့က အနောက်ပိုင်းဟုန်၏ နဂါးနန်းတော် နတ်ဆိုးစစ်သည်တော်များအပေါ် အငြိုးအတေး ထားရှိခြင်းမှာ သဘာဝပင်။ အနည်းငယ် အရှက်ရစရာ ကောင်းသော်လည်း၊ ယခုအချိန်သည် စာရင်းရှင်းရမည့် အချိန်မဟုတ်ပေ။
ဤ မဟာနတ်ဆိုးကြီးများ၏ လက်ထဲသို့ စားသောက်ဖွယ်စာရင်း(မီနူး)ကို ထိုးပေးနိုင်သရွေ့၊ သူတို့မည်သည့်နေရာတွင် စားသောက်ရမည်ကို သိသွားစေရန်သာ အဓိကဖြစ်သည်။
သူက တောင်ပိုင်းဟုန် သားတော်ခုနစ်ပါး၏ မျက်စိနှင့် နားများကို လုံးဝ ဖယ်ရှားပစ်ပြီးသည်နှင့်၊ တောင်ပိုင်းဟုန်၏ ကုန်းပေါ်နှင့် ရေထဲရှိ သတင်းအချက်အလက်အားလုံးကို ထိန်းချုပ်နိုင်လိမ့်မည်။
ကောင်းကင်ဘုံနယ်ပယ် မဟာနတ်ဆိုးကြီးများဖြစ်ကြသဖြင့်၊ နောက်ပိုင်းတွင် သူတို့သည် ဤနေရာတွင် အမြဲတမ်းသတိထားစောင့်ကြပ်နေရန် လိုအပ်တော့မည် မဟုတ်ပေ။
ဤမဟာနတ်ဆိုးကြီးများကိုတော့ မည်သို့ နှိမ်နင်းရမည်ကို စဉ်းစားရန်နောက်ပိုင်းတွင် အချိန်ရလာပေလိမ့်မည်။
သေချာပေါက်ပင် ချွင်းချက်များလည်း ရှိလေသည်။ ချီကျောက်ယီသည် သူ၏လက်ကို ညင်သာစွာဝှေ့ယမ်းလိုက်ရာ၊ နတ်ဆိုးစစ်သည်တော် နှစ်ဦးက နဂါးစစ်ရထားလုံး၏ ထူထဲသော ကုလားကာများကို မတင်ပေးလိုက်ပြီး၊ အပြင်ဘက်ရှိ ပိန်လှီသောပုံရိပ်တစ်ခုကို ဖော်ပြလိုက်၏။
ရောက်ရှိလာသူ၏ အသားအရေမှာ ဖြူရော်နေပြီး၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နှင်းခဲများဖုံးလွှမ်းနေသည်။ သူ၏ မျက်နှာမှာ နုပျိုနေပုံရသော်လည်း၊ မုတ်ဆိတ်မွေးများမှာ ဒူးခေါင်းအထိ တွဲကျနေ၏။
သူ၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်ကာ ပုပ်သိုးလုနီးပါးဖြစ်နေပြီး၊ နက်ရှိုင်းကာအေးစက်သော ဂူတစ်ခုထဲမှဆွဲထုတ်ခံလာရသူနှင့် တူနေသည်။
"အေးစိမ့်တောင် ဘိုးဘေး ... ကျောက်ယီ က ဂါရဝပြုပါတယ်။" ချီကျောက်ယီ က မတ်တပ်ရပ်လိုက်ပြီး၊လက်နှစ်ဖက်ဆုပ်ကာ ထိုလူကို ဦးစွာပထမ အရိုအသေပေးလိုက်သည်။
"မင်းအဖေက မင်းရဲ့ ညီအစ်ကိုတွေကို ဦးဆောင်ပြီး ငါ့ရဲ့ တိတ်ဆိတ်တဲ့ကျင့်ကြံခြင်းကို နှောင့်ယှက်ခဲ့တယ်။ ငါ့ရဲ့ အေးစိမ့်ကို ဖျက်ဆီးပြီး ငါ့ကို ဒီအထိထွက်ပြေးလာအောင်ဖိအားပေးခဲ့တယ်။ အခုတော့ မင်းက လူကောင်းဝင်လုပ်နေတယ်ပေါ့။ တကယ့်ကို ရယ်စရာကောင်းလိုက်တာ" ဟု အေးစိမ့်တောင် ဘိုးဘေးက နဂါးစစ်ရထားလုံးထဲသို့ ဝင်ရောက်လာရင်း ပြောလိုက်၏။
သူ၏ အကြည့်သည် ရထားလုံး၏အနက်ရှိုင်းဆုံး အပိုင်းရှိ ခန့်ညားထည်ဝါသော ပုံရိပ်ပေါ်သို့ ဖြတ်ပြေးသွားသည်။ တောင်ပိုင်းနဂါးဘုရင်ရှိနေသဖြင့် သူသည် လွန်လွန်ကျူးကျူး မပြုမူရဲပေ။
"ဒါက..." ချီကျောက်ယီ က တစ်ခဏမျှ တွေဝေသွားပြီးနောက် ပြုံးလျက်ပြောလိုက်သည်။ "ဘိုးဘေးက အထင်လွဲနေပါပြီ။ ဖြစ်ရပ်က ရုတ်တရက် ဖြစ်သွားတာပါ။ တကယ်တော့ အဲဒါက ခင်ဗျားကောင်းကျိုးအတွက်ပါ။ ခင်ဗျားက အစုလိုက်အပြုံလိုက်သတ်ဖြတ်ပွဲတုန်းက ဗိုက်ဝသွားကတည်းက တံခါးပိတ်ကျင့်ကြံနေခဲ့တာဆိုတော့၊အခု အနောက်ပိုင်းဟုန်မှာ အဓိက နတ်ဆိုးမျိုးနွယ်စုတွေအားလုံးကို အထူးသဖြင့် ကျင့်ကြံခြင်းအဆင့်မြင့်တဲ့သူတွေကို ကျွန်ပြုနေတဲ့ နတ်ဆိုးတစ်သောင်းခန်းမ တစ်ခု ရှိနေတယ်ဆိုတာကို မသိလိုက်ဘူးလေ"
"သေချာတာပေါ့... အနောက်ပိုင်းနဂါးနန်းတော်ကလည်း သူ့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို စဉ်းစားထားတာပါ။ အကယ်၍ အေးစိမ့်တောင် ဘိုးဘေးလိုအစွမ်းထက်တဲ့သူသာ နတ်ဆိုးတစ်သောင်းခန်းမရဲ့ခြုံခိုတိုက်ခိုက်တာကို ခံရပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားမယ်ဆိုရင်၊ အနောက်ပိုင်းနဂါးနန်းတော်အတွက် အကြီးအကျယ် နစ်နာသွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့လည်း ဘိုးဘေးရဲ့စွမ်းအားကို ကြောက်ရွံ့ကြတယ်လေ"
"အချိန်က အရမ်းတိုတောင်းနေတော့ ရှင်းပြဖို့ အခွင့်အရေး မရလိုက်ဘူး။ ဒါကြောင့် ဒီလို လှည့်ကွက်ကို သုံးလိုက်ရတာပါ။ ကျွန်တော့်အဖေက ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဖေးမကူညီနိုင်ဖို့ ဒီတောင်ပိုင်းဟုန်မှာ သင့်ကို လာတွေ့ခိုင်းလိုက်တာပါ"
အနောက်ပိုင်းနဂါးနန်းတော်၏ အကြီးဆုံးသားထံမှ ရှင်းပြချက်စကားအနည်းငယ်အပြီးတွင်၊ အေးစိမ့်တောင် ဘိုးဘေး၏ မျက်နှာမှာ နောက်ဆုံး၌ အနည်းငယ်ပြေလျော့သွားလေ၏။ အပြင်လောကနှင့် အနည်းငယ် အဆက်အသွယ်ပြတ်တောက်နေသော်လည်း၊သူ၏ လက်ပါးစေအဖြစ် ခိုင်းစေရန် နောက်လိုက်အနည်းငယ် ရှိနေသေးသည်။
နတ်ဆိုးတစ်သောင်းခန်းမသည် အနောက်ပိုင်းဟုန်ရှိ နတ်ဆိုးအင်အားစုများကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ကြောင်း သူလည်းကြားသိခဲ့ရ၏။
"မင်းရဲ့ နှစ်သိမ့်တဲ့စကားတွေ ရပ်လိုက်တော့။ ငါ တော်တော်များများကြားဖူးတယ်။" အေးစိမ့်တောင် ဘိုးဘေးက ခေါင်းယမ်းလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ "ငါ့လို ဘိုးဘေးအိုကြီးကို နဂါးနန်းတော်အတွက် ရှေ့တန်းကနေပြီး အနီးက ကျင့်ကြံသူသုံးယောက်ကိုတိုက်ခိုက်ခိုင်းလို့ ရမယ်လို့ တွေးနေရင်တော့၊ မင်း ငါ့ကို အရမ်းအထင်သေးရာကျသွားပြီ"
လွန်ခဲ့သောနှစ်များစွာက၊ ပြင်ပအကြောင်းအရာများကို ထည့်မတွက်လျှင်ပင်၊ ထိုသုံးဦးသည် မြောက်ပိုင်းဟုန်ရှိအင်အားစုများစွာနှင့် တန်းတူရပ်တည်နိုင်ခဲ့ကြသည်။
အထူးသဖြင့် ယဲ့ကျိုး ပင်။ ယနေ့ထက်တိုင် အေးစိမ့်တောင် ဘိုးဘေးသည် သူ၏ ထက်ရှမှုကို အလွန်အမင်းကြောက်ရွံ့နေဆဲဖြစ်သည်။
တောင်ပိုင်းနဂါးဘုရင် ကိုယ်တိုင်ပါဝင်လာပြီး သူ့ကိုပါထည့်တွက်လျှင် လေးယောက်နှင့် သုံးယောက် ဖြစ်သွားသော်လည်း၊ တစ်ဖက်က ကိုယ်ပိုင်နယ်မြေတစ်ခုကိုအထောက်အပံ့အဖြစ် ရယူထားသည့် တိုက်ပွဲတစ်ခုတွင်အနိုင်ရရန် အခွင့်အလမ်းမှာ မများလှပေ။
အကယ်၍ သူတို့ကကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ပြီးနောက် သီသီလေးအနိုင်ရခဲ့လျှင်ပင်၊ ပြင်ပမှ နတ်ဆိုးကျင့်ကြံသူတစ်ဦးအနေဖြင့် နဂါးနန်းတော်၏ အောက်တွင် မည်သို့သော အခွင့်အရေးမျိုးကို ရရှိနိုင်မည်နည်း။
အကယ်၍ သူသာ ထိုကဲ့သို့သော သဘောတူညီချက်မျိုးထဲ ဝင်ရောက်ခဲ့မည်ဆိုပါက ယနေ့တိုင် အသက်ရှင်ကျန်ရစ်နိုင်မည် မဟုတ်ပေ။
"ကျွတ်..ဘိုးဘေးက အရမ်းစိုးရိမ်လွန်းနေပါပြီ" ချီကျောက်ယီက သူ၏လက်ကို ဝှေ့ယမ်းကာ လေးနက်စွာ ပြောလိုက်၏။
"ကျွန်တော် ဒီနေ့ ခင်ဗျားကိုဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက လောလောဆယ်အနောက်ပိုင်းဟုန်ကနေ ခပ်ဝေးဝေးမှာနေဖို့နဲ့၊ အန္တရာယ်ကင်းဖို့အတွက် သားတော်ခုနစ်ပါးက သင့်ရဲ့တည်ရှိမှုကို မသိရှိအောင် အကြံပေးရုံတင်မကပါဘူး။တောင်းပန်စကား ဆိုချင်လို့ပါ"
ထိုသို့ပြောပြီးနောက်၊ သူက အခြားနတ်ဆိုးများကို ပေးထားသောမြေပုံများထက် များစွာသေးငယ်သည့် မြေပုံတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းတွင် နန်ယန်ဂိုဏ်း၏ လက်အောက်ခံများရှိရာ နေရာများကိုသာ မှတ်သားထားလေ၏။
"ဒါက တောင်ပိုင်းဟုန်က သင့်အတွက် အထူးပြင်ဆင်ထားတဲ့ စားသောက်ပွဲကြီးပါ"
"ကောင်းကင်ဘုံနယ်ပယ် ကျင့်ကြံသူ သုံးယောက်ကို ကျွန်တော်တို့ကစောင့်ကြပ်ပေးထားမှာဆိုတော့၊ ဟန်တောင် ဘိုးဘေးအနေနဲ့ လိုအပ်သမျှကို ယူပြီး စိတ်ကြိုက် ခံစားနိုင်ပါတယ်"
"..."
၎င်းကို ကြားလိုက်ရသောအခါ၊ အေးစိမ့်တောင် ဘိုးဘေးသည် တစ်ခဏမျှတွေဝေသွား၏။
အချုပ်အချယ်မရှိ စားသောက်ခွင့်ရခြင်းဆိုသည်မှာ နောက်ဆုံးအစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ အတွင်း၌သာ သူကြုံတွေ့ခဲ့ဖူးသော အရာဖြစ်ပြီး၊ ၎င်းကပင် သူ၏ လက်ရှိစွမ်းအားကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲမှာ အရှေ့ပိုင်းနဂါးနန်းတော် နှင့် တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးတို့က မသေမျိုးတစ်ပါးကို စော်ကားမိခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ယာယီ အားနည်းသွားချိန်တွင်၊ အခြားအင်အားစုများသည် ထိုမသေမျိုး၏ မျက်နှာသာပေးမှုကို ရယူလိုသောကြောင့်ဖြစ်စေ၊ လောဘကြောင့်ဖြစ်စေ၊ တစ်ချိန်က ဤအင်အားကြီးမားသော ကျောထောက်နောက်ခံနှစ်ဦး၏ အကာအကွယ်ကို ရယူခဲ့ကြသည့် လက်အောက်ခံများကို စတင် သတ်ဖြတ်ကြလေ၏။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများမှာ အရှိန်အဟုန်ရလာပြီး နောက်ဆုံးတွင် ဟုန်လေးခုစလုံးကို ထိခိုက်စေသည့် ထိန်းမနိုင်သိမ်းမရသော စစ်ပွဲကြီးတစ်ခုအဖြစ် အဆုံးသတ်သွားခဲ့သည်။
ထိုသို့သော အခြေအနေမျိုးတွင်..
သူသည် အခြားကျင့်ကြံသူများ သို့မဟုတ် နတ်ဆိုးများနှင့် ရင်ဆိုင်ရာတွင် အသက်ရှင်ကျန်ရစ်ရေးအတွက်သတိထားပြီးတိုက်ပွဲဝင်ရန် လိုအပ်နေဆဲပင်။
သို့သော် ယနေ့ခေတ်တွင်မူ၊ တောင်ပိုင်းနဂါးနန်းတော် နှင့် ချီမိသားစု၏ အကြီးဆုံးသားတို့က ဇာတ်ခုံတည်ပေးကာ သူ့ကို လွတ်လပ်စွာလုပ်ကိုင်ခွင့် ပေးထားလေရာ၊ ဤနေရာတွင် ထောင်ချောက်တစ်ခုခုမရှိဘူးဆိုလျှင် သူယုံမည်မဟုတ်ပေ။
သို့သော် သူက ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး၊ အနောက်ပိုင်းနဂါးဘုရင်၏ လက်ချက်ဖြင့် ဒဏ်ရာရရှိထားခဲ့သဖြင့်၊ သူသည် အမှန်တကယ် ပြန်လည်ကုသရန် လိုအပ်နေလေ၏။
မည်သို့ပင်ဆိုစေကာမူ၊သူ မည်မျှပင် စားသုံးခဲ့စေကာမူ၊ ဤနဂါးမျိုးနွယ်စုဝင်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်မည် မဟုတ်ပေ။ အခြေအနေ မဟန်တော့လျှင် သူ ကတိဖျက်ကာ သူ၏ အကျိုးအမြတ်များကို ကိုယ်ပိုင်အဖြစ် သိမ်းဆည်းရန်အတွက် မြောက်ပိုင်းဟုန်သို့ တိုက်ရိုက် ထွက်ပြေးသွားမည်သာ ဖြစ်သည်။
"ဒါဆိုလည်း ငါက ငြင်းဆန်နေရင်ရိုင်းရာကျသွားမှာပေါ့" ဟု အေးစိမ့်တောင် ဘိုးဘေးက မြေပုံကို ယူကာ အနည်းငယ်ခေါင်းညိတ်ပြရင်းပြောလိုက်ပြီး၊ နဂါးရထားလုံးထဲမှ ထွက်ခွာရန် လှည့်ထွက်သွားလေသည်။