တံတိုင်း (၃)ခု ၊ သတ္တဝါ (၄)ကောင် ၊ လမ်းကြောင်း(၂၈)ဖြာ
Vol. 10 Ch. 966
လူစောယိက ဆန်းလျန်ပြောသည့်စကားများကို နားထောင်ပြီးသည်နှင့် ရှေ့နောက် ကျိုးကြောင်းညီညွတ်စွာ စဉ်းစားလိုက်သည်။
ပြီးမှ…
"ဒီလိုဖြစ်လာမှတော့ စကားတွေပြောနေလို့ အသုံးမဝင်တော့ဘူး ၊ ချင်းရွှမ်နတ်တံခါးရဲ့ ဂိုဏ်းချုပ်တစ်ယောက်က ဘယ်လိုဖြစ်လို့ တခြားသူတစ်ယောက်ဝင်ပူးလို့ရတဲ့ အခွံဖြစ်သွားရတာလဲ ၊ အဲဒီလူက သုံးလောကနဲ့ လူပြန်ဝင်စားခြင်းဘုံ (၆)ဘုံကို အစိုးရတဲ့ ပထမမိုးနတ်မင်းဖြစ်ဦးတော့ မင်းက အရာအားလုံးကို သိမြင်နိုင်တဲ့ ဆန်းလျန်ပဲလေ ၊ မင်းဆီက ဘာတွေများဖုံးကွယ်ထားလို့ ရနိုင်မှာလဲ ၊ ပြီးတော့ ကျင်းချင်လူပြန်မဝင်စားခင်နဲ့ ဝင်စားပြီးတဲ့အချိန်ထိ ကျုပ်တို့တွေ တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်ခဲ့ကြတာပဲ ၊ အခုအတိုင်းဆို ကျင်းချင်ကို ကျုပ်တို့ ဘယ်လိုပြန်ခေါ်ကြမလဲ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကျုပ်ပြောချင်တာလည်း အဲဒါပဲလေ ၊ ကျုပ် သူတို့အကုန်လုံးကို တစ်ယောက်ချင်း လိုက်ရှာရမယ် ၊ ပြီးတော့ ကျုပ်ရဲ့ 'ယိ' လမ်းစဉ်ဖြစ်တဲ့ ထိုက်ယိကိုလည်း ပြီးပြည့်စုံအောင် လုပ်ရဦးမယ်…"
လူစောယိက ဆန်းလျန်ကို အဓပ္ပါယ်ပါပါ တစ်ချက်လှမ်းကြည့်လိုက်ပြီး…
"တကယ်တော့ ကျင်းချင်ကိစ္စကို မင်း သိရဲ့သားနဲ့ တမင်ဖုံးကွယ်ထားတယ်လို့ ကျုပ်က ထင်နေတာ ၊ ကြည့်ရတာ မင်းက ဒီလိုဖြစ်လာဖို့ ဟိုးအရင်ကတည်းက ကြိုတင်စီစဉ်ခဲ့တာများလားလို့လေ…"
"ကျုပ် ဒီလိုလုပ်လိမ့်လို့ မင်း တကယ်ထင်နေတာလား ၊ ကျုပ်က ကျုပ်ရဲ့တပည့်ကို နယ်ရုပ်တစ်ရုပ်လိုအသုံးချပြီး ကစားပါ့မလားကွာ…"
ဆန်းလျန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
လူစောယိ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီး…
"မင်း တကယ်ပဲ ဒီလိုလုပ်တာမဟုတ်ဘူးဆိုရင်တော့ ကျုပ်တို့ တရားမျှတမှု ရှာကြတာပေါ့…"
ဆန်းလျန်က…
"တကယ်တော့ ကျုပ်ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ ၊ ကျုပ်က မင်းရဲ့ ဂိုဏ်းတူအစ်ကိုပါပဲ…"
စကားပြောပြီးသည်နှင့် ဆန်းလျန်က လက်တစ်ဖက်ဝှေ့ရမ်းလိုက်လေသည်။
ထိုအခါ တောက်ပသည့် တိမ်တိုက်တစ်ခုက သူတို့ (၂)ယောက်ကို ရစ်ပတ်လိုက်ပြီး များစွာသော တောတောင်ရေမြေများကို မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းသွားလေတော့သည်။
လင်းလက်သည့် တိမ်တိုက်မှာ ဆန်းလျန်၏ ထိုက်ယိကိုယ်ခွဲမှ တန်ခိုးစွမ်းအားတိမ်တိုက်ဖြစ်လေသည်။ အတိတ် ၊ အနာဂတ် ၊ သုံးလောကတစ်ခွင် မည်သည့်နေရာဒေသမဆို အလွယ်တကူ သွားရောက်ကြည့်ရှုနိုင်သည်။
သူတို့ တစ်နေရာပြီးတစ်နေရာ ချန်ကျင်းချင်ကို လိုက်လံရှာဖွေနေကြလေသည်။
ဆန်းလျန်၏ ထိုက်ယိကိုယ်ခွဲသည် ခန့်မှန်းတွက်ချက် သိမြင်နိုင်မှု စွမ်းအား အလွန်ကောင်းသည်။
မိုးကောင်းကင်လမ်းစဉ်ကိုပင် သူလုပ်ဆောင်နေသည့်အလုပ်များကို အချိန်တစ်ခဏမျှ ဖုံးကွယ်ထားနိုင်စွမ်း ရှိသည်။
သို့သော်… ဆန်းလျန်က သူလုပ်သမျှ မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်း မရှိပေ။ သူက အရာအားလုံးကို ပေါ်တင်ပင် လုပ်ဆောင်လေသည်။ ဤသည်မှာပင် သူ၏ သဘောထားခံယူချက်လည်း ဖြစ်၏။
ပထမမိုးနတ်မင်းကဲ့သို့ သူ့ကို အကြီးအကျယ် ပြဿနာရှာနိုင်သည့်ပုဂ္ဂိုလ်မျိုးနှင့် အခြား သူ့ကို ဒုက္ခပေးသူများအတွက် မိုးနှင့်မြေတွင် နေရာမရှိစေရပေ။ သူသည် ကမ္ဘာပျက်ကိန်းကာလတွင် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး နတ်ဘုရားတစ်ပါး ဖြစ်လေသည်။
သို့သော်… ယခုကဲ့သို့ အဆင့်အတန်း အခြေအနေကို ရရှိရန်အတွက် သေခြင်းရှင်ခြင်းကြားတွင် မည်မျှရုန်းကန်လှုပ်ရှားခဲ့ရသည်ကို မည်သူမှ ဆန်းလျန်လောက် နားလည်ကြမည် မဟုတ်ပေ။
စွမ်းအားကြီးမားသည့် နတ်ဘုရားများ ၊ နတ်မိစ္ဆာများမှာ သူတို့၏ လျှို့ဝှက်နေရာများကို ဆန်းလျန် လာရောက်ကြည့်ရှုသွားသည်ကို သိရှိလိုက်ကြသည်။ ဆန်းလျန်က ပေါ်တင်ပင် လာရောက်ခြင်း ဖြစ်သည့်အတွက် ဆန်းလျန်၏ အငွေ့အသက်ကို သူတို့အားလုံး သိရှိခံစားမိကြလေသည်။
သို့သော်… သူတို့၏ လျှို့ဝှက်ကောင်းကင်ဘုံများ ၊ လျှို့ဝှက်ကျောက်ဂူများကို ယခုကဲ့သို့ ပိုင်ဆိုုးပိုင်နင်း ဝင်ချင်တိုင်းဝင် ၊ ထွက်ချင်တိုင်းထွက် လုပ်သွားသည့်ဆန်းလျန်ကို သူတို့ ဒေါသထွက်ကုန်ကြသည်။ သို့သော်… ဆန်းလျန်၏ တန်ခိုးစွမ်းအားကိုလည်း တုန်လှုပ်ခြောက်ခြားစွာ ကြောက်ရွံ့မိကြသည်။
ဆန်းလျန်က အဘယ့်ကြောင့် ထိုမျှ ပေါ်ပေါ်ထင်ထင် အာဏာပြရပါသနည်း။
ဆန်းလျန်ဖြင့် တစ်လမ်းလုံး လိုက်ပါလာသည့် လူစောယိက ဘဝင်မကျဟန်ဖြင့် မျက်မှောင်တစ်ချက်ကြုတ်လိုက်မိသည်။ ဆန်းလျန်က အဘယ့်ကြောင့် အာဏာပြသည့်ဟန်ပန်မျိုး ပြုလုပ်ရပါသနည်း။
လျှို့ဝှက်နေရာများကို အသိမပေးဘဲ ပေါ်တင်ကြီး ဝင်ရောက်ရှာဖွေခြင်းက တကယ်တမ်းတွင် မလုပ်သင့်သည့် အလုပ်ဖြစ်သည် မဟုတ်ပါလား။
အမှန်တော့ ဆန်းလျန်က ချန်ကျင်းချင်နှင့် ဘုရင်မကြီးကို ရှာဖွေရင်း သူ၏ အာဏာစက်ကို ဖြန့်ကျက်လိုခြင်း ဖြစ်လေသည်။
ထိုသို့ ပြုလုပ်လိုက်သည့်အတွက် ဆန်းလျန် မည်မျှ တန်ခိုးစွမ်းအားကြီးမားသည်ကို သုံးလောကတစ်ခုလုံး သိရှိသွားမည် ဖြစ်သည်။
သို့သော်… ရိုးသားပြီး မိမိကိုယ်ကို နှိမ့်ချတတ်သည့် လူစောယိ၏ အမြင်တွင်တော့ ဆန်းလျန်၏ အပြုအမူများက ကန့်လန့်ကြီး ဖြစ်နေလေသည်။
ဆန်းလျန်ကတော့ လူစောယိလို ပုဂ္ဂိုလ်မျိုးမဟုတ်ပေ။ သူ ထိန်းချုပ်လိုလျှင် ထိန်းချုပ်မည် ဖြစ်ပြီး သူအာဏာပြလိုလျှင်လည်း ပြမည်သာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်… ယနေ့ လက်ရှိလောကတွင် ဆန်းလျန်ထက် တန်ခိုးစွမ်းအားမြင့်မားသူ တစ်ယောက်မှ မရှိသောကြောင့် ဖြစ်လေသည်။
အမှန်တော့ ဆန်းလျန်ကို မည်သူမှ ထိပ်တိုက်ရင်မဆိုင်လိုကြပေ။ နတ်ဘုရားများ ၊ နတ်မိစ္ဆများပင် ဖြစ်သော်လည်း အသက်ပျောက်မည်ကိုတော့ အားလုံးက ကြောက်ရွံ့ကြသည် မဟုတ်ပါလား။
***
အရောင်မဲ့ကောင်းကင်ဘုံတွင် ဘုရင်မကြီးနှင့် ချန်ကျင်းချင် ရှိနေလေသည်။
ဘုရင်မကြီးက…
"ငါတို့ ဆန်းလျန်ကို လျှော့တွက်မိသွားတယ်…"
ချန်ကျင်းချင်က…
"ကျုပ်ကတော့ လျှော့မတွက်ခဲ့ပါဘူး…"
ဘုရင်မကြီးက ချန်ကျင်းချင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…
"မင်းက အစကတည်းက ပြင်ဆင်ထားတာကိုး…"
ချန်ကျင်းချင်က…
"နတ်မိစ္ဆာအဓိပတိကြီး ၊ တုန်းဟွာတောက်ကျွင်း ၊ မင်းတို့ ထွက်လာကြတော့…"
ချန်ကျင်းချင်အသံထွက်ပေါ်လာသည်နှင့် အလင်းတန်း(၂၂)ခု ထွက်ပေါ်လာလေသည်။
ထို့နောက် အလင်းတန်းများအားလုံးက နတ်ဘုရားများ ၊ နတ်မိစ္ဆာများအဖြစ်သို့ ပြောင်းလဲသွားကြလေသည်။
နတ်မိစ္ဆာအဓိပတိကြီးနှင့် တုန်းဟွာတောက်ကျွင်းတို့အပြင် အခြား နတ်ဘုရားများမှာလည်း တန်ခိုးစွမ်းအားမြင့်မားသည့် ရှေးဟောင်း ဒဏ္ဍာရီလာ နတ်ဘုရားများ ဖြစ်ကြသည်။
သို့သော်… သူတို့အားလုံးမှာ ထိုက်ယီထျန်းရှန်းအဆင့်မှ ရှေ့သို့ အဆင့်ဆက်မတက်နိုင်ဘဲ ပိတ်မိနေကြသူများ ဖြစ်ကြသည်။ သို့ရာတွင်… သူတို့အားလုံး၏ တန်ခိုးစွမ်းအားများကတော့ သာမန် ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားများထက် သာလွန်ကြလေ၏။
သို့သော်… လက်ရှိအချိန်တွင် သူတို့အားလုံးသည် တာ့လော်အဆင့် အငွေ့အသက်ကို ရရှိလိုက်ကြရလေရာအနည်းငယ် မတည်မငြိမ် ဖြစ်သွားကြသည်။
ချန်ကျင်းချင်က…
"သတ္တဝါ (၄) ကောင် မရှိတာ စိတ်မကောင်းစရာပဲ ၊ မဟုတ်ရင် တံတိုင်း (၃)ခု ၊ သတ္တဝါ (၄)ကောင် ၊ လမ်းကြောင်း(၂၈)ဖြာ အရံအတားကို ပြုလုပ်နိုင်မှာ…"
ထိုအချိန် နတ်မိစ္ဆာအဓိပတိကြီး၏ အေးစက်သည့်အသံက နတ်ဘုရားအားလုံး၏ နှလုံးသားထဲသို့ ဝင်ရောက်လာသည်။
"သတ္တဝါ (၄)ကောင် ဒီမှာမရှိဘူးလို့ ဘယ်သူ ပြောလဲ…"
ထို့နောက် နတ်မိစ္ဆာအဓိပတိကြီး၏ အင်္ကျီလက်ထဲမှ ပန်းချီကားတစ်ချပ် ပျံသန်းထွက်ပေါ်လာလေသည်။
ထိုပန်းချီကားမှာ ဒဏ္ဍာရီထဲမှ ဝိညာဉ်ရတနာပန်းချီကား ဖြစ်လေ၏။ ထိုပန်းချီကားထက်တွင် အစိမ်းရောင်နဂါး ၊ အဖြူရောင်ကျား ၊ ဇာမဏီငှက်နှင့် ရွှမ်ဝူလိပ်နက်ကြီးတို့၏ ရုပ်ပုံများကို ရေးဆွဲထားသည်။
ထိုရုပ်ပုံများအားလုံးမှာ အသက်ဝင်နေသကဲ့သို့ ရှိပြီး ကြီးမားသည့် တန်ခိုးစွမ်းအားများလည်း ထွက်ပေါ်လျှက်ရှိလေသည်။ ပန်းချီကားမှ ထွက်ပေါ်နေသည့် ကြီးမားသည့် တန်ခိုးစွမ်းအားများကြောင့် ဘုရင်မကြီးပင်လျှင် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
ကြည့်ရသည်မှာ နတ်မိစ္ဆာအဓိပတိကြီးသည် ဝိညာဉ်ရတနာပန်းချီကားကို သန့်စင်ပြီး ပန်းချီကားထဲတွင် စကြာဝဠာတစ်ခု မွေးဖွားနိုင်သည်အထိ ကျင့်ကြံထားဟန် ရှိလေသည်။
နတ်မိစ္ဆာအဓိပတိကြီး၏ ဝိညာဉ်ရတနာပန်းချီကားသည် ဖန်ကူအလံနှင့် အခြားမှော်ဝင်ရတနာပစ္စည်းများကိုပင် ကောင်းကောင်း ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ထို့ပြင်… နတ်မိစ္ဆာအဓိပတိကြီး၏ တန်ခိုးစွမ်းအားမှာလည်း များစွာတိုးတက်လာပြီး ယခင်က သူနှင့်အဆင့်တူသူဖြစ်သည့် ကျန့်ယွမ်ကျီနတ်မင်းကြီးထက်ပင်သာလွန်နေပြီဖြစ်သည်။
နတ်မိစ္ဆာအဓိပတိကြီးကိုကြည့်ပြီး တုန်းဟွာတောက်ကျွင်းမှာလည်း အလွန်အမင်း အံ့အားသင့်သွားရလေသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်ခန့်က ရဲ့လျိုယွင်ကို သူတို့ (၂)ယောက် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးသည့်နောက် နတ်မိစ္ဆာအဓိပတိကြီးနှင့် ထပ်မံဆုံတွေ့ဖြစ်ခြင်း မရှိပေ။ သို့သော်… မတွေ့ရသည့် ကာလများအတွင်း နတ်မိစ္ဆာအဓိပတိကြီးက ဝိညာဉ်ရတနာပန်းချီကားကို မည်သို့ ရရှိသွားသည်မသိပေ။
ကြိတ်ပြီး ကျင့်ကြံနေသည့် မိစ္ဆာအိုကြီးကတော့ အတော်လေး ဉာဏ်များလှသည်ဟုသာ တုန်းဟွာတောက်ကျွင်း တွေးလိုက်မိသည်။
သတ္တဝါ (၄)ကောင်မှ ရွှမ်ဝူလိပ်နက်မှာ ကျန်းဝူနတ်မင်းကြီးမှ ဆင်းသက်လာသည့် မျိုးနွယ်ဖြစ်သည်ကို နတ်မိစ္ဆာအဓိပတိကြီးရော တုန်းဟွာတောက်ကျွင်းပါ ကောင်းကောင်းသိထားလေသည်။
တုန်းဟွာတောက်ကျွင်းနှင့် ကျန်းဝူနတ်မင်းကြီး တစ်ကြိမ်တိုက်ခိုက်ခဲ့ဖူးလေသည်။ ထိုစဉ်က တုန်းဟွာတောက်ကျွင်း ရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့် ကျန်းဝူနနတ်မင်းကြီးမှ ဆင်းသက်လာသည့် ရွှမ်ဝူလိပ်နက်မှာလည်း အတော်လေး တန်ခိုးစွမ်းအားမြင့်မားမည်မှာ ပြောနေစရာပင် မလိုပေ။
ဤသည်ကို ကြည့်ခြင်းအားဖြင့် မိစ္ဆာအိုကြီးမှာ ပေါ့သေးသေး မဟုတ်သည်ကို သိရှိနိုင်သည်။
ရဲ့လျိုယွင်နှင့် နောက်ဆုံတစ်ကြိမ်တိုက်ခိုက်ပြီးသည့်နောက် အဘိုးကြီးက ကြောင်လက်သည်းဝှက်ပြီး ကျင့်ကြံနေခြင်း ဖြစ်ဟန်တူသည်။
ဆန်းလျန် မိုးကောင်းကင်လမ်းစဉ်ကို ရင်ဆိုင်ဆန့်ကျင်ခဲ့ပြီးသည့်နောက် ဆန်းလျန်က မိုးကောင်းကင်လမ်းစဉ်ကို ယာယီဖိနှိပ်ထားနိုင်ခဲ့သည်။
ထို့ကြောင့် ဆန်းလျန်သည် မိုးကောင်းကင်ကို ဆန့်ကျင်ပြီး ထိုက်ယီကိုယ်ခွဲကို အလျှင်အမြန် ကျင့်ကြံအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်… မိုးကောင်းကင်လမ်းစဉ်ကလည်း ပထမမိုးနတ်မင်း၏ ဝိညာဉ်ကို အသုံးပြုပြီး ကစားကွက်ကို ရွှေ့ခဲ့သည်။
ယခုတော့… တာ့လော်အဆင့် တက်ရောက်လုနီးပါး တန်ခိုးစွမ်းအားမြင့်မားသည့် ထိုက်ယီထျန်းရှန်းအဆင့် ရှေးဟောင်းနတ်ဘုရား (၂၂)ပါးသည် မိုးကောင်းကင်လမ်းစဉ်၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီ ဖြစ်လေသည်။
သူတို့အားလုံး ယခုတိုက်ပွဲတွင် အောင်မြင်မှုရလျှင် တာ့လော်အဆင့်သို့ အသီးသီးတက်ရောက်နိုင်ကြမည် ဖြစ်သည်။
ထို့ကြောင့် နတ်မိစ္ဆာအဓိပတိကြီးက ထိုက်ယီထျန်းရှန်းဆိုသည့် ရေညစ်တွင်းကြီးမှ လွတ်မြောက်ပြီး တာ့လော်အဆင့် တက်ရောက်ရန်အတွက် မည်သည့်အလုပ်ကိုမဆို ပြုလုပ်မည် ဖြစ်လေသည်။
ထို့ပြင်… ဆန်းလျန်က ရှန်းထျန်းဝူထိုက်ကျင့်စဉ်ကို ကျင့်ကြံနေကြောင်း မိုးကောင်းကင်လမ်းစဉ်က ထုတ်ဖော်ပြသခဲ့သည်။
ဆန်းလျန်သာ ထိုကျင့်စဉ် အောင်မြင်သွားပါက အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန် ကာလ (၃)ပါးကို လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ထိပ်တန်းအဆင့်သို့ ရောက်ရှိသွားကာ သံသရာကို ကျော်လွန်သွားနိုင်ပေလိမ့်မည်။
တုန်းဟွာတောက်ကျွင်းဆိုလျှင်လည်း ရဲ့လျိုယွင်ကို သတ်ဖြတ်လိုက်နိုင်ဦးတော့ ဆန်းလျန်၏ ခြေဖျားကိုတောင် ယှဉ်နိုင်မည် မဟုတ်ဘဲ မျက်စိတစ်မှိတ်အတွင်း နတ်ဘုရားလောကမှ ပျောက်ကွယ်သွားနိုင်လေသည်။
ထို့ကြောင့် သူတို့အားလုံး စိတ်ဆုံးဖြတ်ထားကြသည်မှာ ဆန်းလျန်ကျင့်ကြံနေသည့် ရှန်းထျန်းဝူထိုက်ကျင့်စဉ် လုံး၀ မအောင်မြင်စေရန် တားဆီးရမည် ဖြစ်သည်။
အကောင်းဆုံးနည်းလမ်းမှာ ဆန်းလျန်၏ ကိုယ်ခွဲတစ်ခုကို ကျင့်ကြံခြင်းအုတ်မြစ်ကို လုံး၀ ဖြတ်တောက်ပစ်ရန် ဖြစ်သည်။
ထိုသို့ဆိုလျှင်… မိုးကောင်းကင်လမ်းစဉ်၏ ဖိနှိပ်မှုဖြင့် ဆန်းလျန်သည်လည်း ရှန်းထျန်းဝူထိုက်ကျင့်စဉ်ကို အပြည့်အ၀ ကျင့်ကြံရန် အခွင့်အရေးရတော့မည် မဟုတ်ပေ။
ဝိညာဉ်ရတနာပန်းချီကားထဲမှ သတ္တဝါ (၄)ကောင်ကို တွေ့မြင်လိုက်သည်နှင့် ချန်ကျင်းချင် ဝမ်းမြောက်ပျော်ရွှင်သွားလေသည်။
သူသည် မိုးကောင်းကင်လမ်းစဉ်အားဖြင့် ပြန်လည်မွေးဖွားလာသူဖြစ်ပြီး ယခုတိုက်ပွဲက သူစီစဉ်ခဲ့သမျှ တိုက်ပွဲများတွင် ရှုံးနိမ့်နိုင်ချေ အနည်းဆုံးရှိသည့် တိုက်ပွဲတစ်ခု ဖြစ်လေသည်။ ထို့ပြင်… သူ့အနေဖြင့် ဆန်းလျန်ကို လုံး၀ အရှုံးပေး၍ မဖြစ်ပေ။
ဆန်းလျန်ကိုသာ ရှုံးနိမ့်ခဲ့လျှင် သူလုပ်ထားသမျှ သဲထဲရေသွန် ဖြစ်ရပေလိမ့်မည်။
မိုးကောင်းကင်လမ်းစဉ်က ချန်ကျင်းချင်၏ ဇာစ်မြစ်နေရာတွင် ပထမမိုးနတ်မင်းကို အစားထိုးခဲ့ပြီးနောက် ဆန်းလျန် အတိတ်ကို ဖြတ်တောက်ခဲ့သည့်အချိန်ကတည်ရှိခဲ့သည့် ချန်ကျင်းချင်၏ မှတ်ဉာဏ်များကို ဖျက်စီးပစ်ပြီး ကျင့်ကြံခြင်းပါရမီ အနှစ်သာရများကိုသာ ချန်ထားခဲ့သည်။
ထို့ကြောင့်… ယခု ရင်ဆိုင်ရမည့် သေခြင်းရှင်ခြင်းတိုက်ပွဲက ပထမမိုးနတ်မင်းအတွက် ထွက်ပေါက်လုံး၀ မရှိသည့် တိုက်ပွဲတစ်ခုဖြစ်သည်။
ပထမမိုးနတ်မင်း မည်မျှ အရှိန်အဝါကြီးမားပါစေ တိုက်ပွဲတွင် ရှုံးနိမ့်လျှင်တော့ ဆန်းလျန်က သူလုပ်ထားသမျှ အရာအားလုံးကို ဖျက်စီးပစ်ပေလိမ့်မည်။ ထို့ကြောင့် သူ့အတွက် သူသေကိုယ်သေ တိုက်ခိုက်ရုံမှ လွဲပြီး အခြားလမ်းတစ်ခု မရှိတော့ပေ။
"တာအိုဆရာသခင်ထိုက်ယီ ၊ ဒါက ခင်ဗျားနဲ့ ဗုဒ္ဓရဲ့ တိုက်ပွဲပဲ ၊ ခင်ဗျား အတိတ်ကို ပြောင်းလဲလိုက်ကတည်းက ကျုပ်ကိုသာ ရွေးခြယ်ခဲ့မယ်ဆိုရင် ခင်ဗျားမှန်တယ်ဆိုတာ ကျုပ် ကောင်းကောင်း သက်သေပြပေးမိမှာပဲ…"
ချန်ကျင်းချင် စိတ်ထဲမှ တွေးလိုက်သည်။
မိုးကောင်းကင်လမ်းစဉ်၏ အကူအညီဖြင့် ပြန်လည်မွေးဖွားလာသည့် ပထမမိုးနတ်မင်းသည် တာအိုဆရာသခင် ထိုက်ယီကို တိုင်တည်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော်… လက်ရှိသူရင်ဆိုင်ရမည့် ရန်သူက မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည်ကို သူ အသိဆုံးဖြစ်သည်။ ထို့ပြင် ဆန်းလျန်သည် တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာရန်လည်း အလွန်နီးကပ်နေသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။
"မင်းတို့အားလုံးက ထိပ်တန်းအဆင့် နတ်ဘုရားတွေပဲ ၊ မင်းတို့အားလုံး သိပ်မကြာခင် တံတိုင်း (၃)ခု ၊ သတ္တဝါ (၄)ကောင် ၊ လမ်းကြောင်း(၂၈)ဖြာ အရံအတားရဲ့ သဘောတရားတွေကို နားလည်သွားကြပါလိမ့်မယ် …"
ထို့နောက် ချန်ကျင်းချင်၏လက်ချောင်းထိပ်ဖျားမှ ရေဘောလုံးတစ်လံး ထွက်ပေါ်လာပြီး ထိုရေဘောလုံးက ဘောလုံး (၂၃)လုံးအဖြစ် ကွဲပြားသွားပြီး နတ်မိစ္ဆာအဓိပတိကြီးနှင့် အခြား နတ်ဘုရားများရှိရာသို့ လွင့်မျော ရောက်ရှိသွားကြလေသည်။
တံတိုင်း (၃)ခု ၊ သတ္တဝါ (၄)ကောင် ၊ လမ်းကြောင်း(၂၈)ဖြာ အရံအတားသည် ရိုးရှင်းသည့် အရံအတားတစ်ခုဖြစ်သော်လည်း ရှေးခေတ်အချိန်အခါက ကောင်းကင်ကြယ်စင်အရံအတားကို အခြေခံထားခြင်း ဖြစ်သည်။
သို့သော် … မူရင်း ကောင်းကင်ကြယ်စင်အရံအတားထက်ပင် ပိုမိုတန်ခိုးစွမ်းအားမြင့်မားသည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ကြယ်စင်အရံအတားပြုလုပ်ရန်အတွက် ယခုကဲ့သို့ တာ့လော်အဆင့် ရောက်လုနီးပါး တန်ခိုးစွမ်းအားမြင့်မားသည့် နတ်ဘုရား အပါး (၂၀) ကျော် မလိုအပ်သောကြောင့် ဖြစ်၏။
ထို့ကြောင့်… ဤအရံအတားကို စတင်အသုံးပြုလိုက်သည်နှင့် စန့်ချင်တာအိုဆရာသခင်၏ မရဏဓား (၄)လက်ကြားတွင် ပိတ်မိနေသည့်အလား ခံစားရမည် ဖြစ်လေသည်။
ဤအရံအတားကသာ ဆန်းလျန်၏ ထိုက်ယိကိုယ်ခွဲကို ဖျက်စီးပစ်နိုင်ခြင်း မရှိပါက ဆန်းလျန်သည် အရာအားလုံးကို ဖြတ်တောက်ပြီး သံသရာကို ကျော်လွန်သွားသည့် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်သွားသည်ကို ဖြစ်ခွင့်ပြုလိုက်ရန်သာ ရှိတော့သည်။
ထူးဆန်းသည့် အရံအတား၏ အနှစ်သာရအဓိပ္ပါယ်ကို နတ်မိစ္ဆာအဓိပတိကြီးနှင့် အခြားသူများ ချက်ချင်း သဘောပေါက် သွားကြသည်။
ထို့နောက်… သူတို့အားလုံး၏ တန်ခိုးစွမ်းအားများ ချိတ်ဆက်လိုက်ကြသည်။ အားလုံးက တန်ခိုးစွမ်းအားမြင့်မားသည့် နတ်ဘုရားများ ၊ နတ်မိစ္ဆာများ ဖြစ်ကြလေရာ အရံအတားပြုလုပ်ရာတွင် များစွာ အခက်အခဲ မရှိကြပေ။
မကြာခင်မှာပင် တန်ခိုးစွမ်းအား (၂၈)မျိုးထွက်ပေါ်လာပြီး ကောင်းကင်ထက်တွင်လှည့်ပတ်နေလေသည်။
ဗုဒ္ဓဒဏ္ဍာရီလာ အရောင်မဲ့ကောင်းကင်ဘုံတစ်ခုလုံး ချက်ချင်းပင် ကြယ်စင်ကောင်းကင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ နောက်ထပ် စကြာဝဠာတစ်ခု ထွက်ပေါ်လာသည်အလားပင် ထင်မှတ်ရလေ၏။
အရံအတား၏ (၁၀)ရာခိုင်နှုန်းသာ အောင်မြင်သေးသော်လည်း သူတို့အားလုံး၏ စိတ်များက အဆုံးမရှိ ဆက်သွယ်ပေါင်းစပ်သွားကြသည်။ သူတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားများကလည်း အကန့်အသတ်မရှိတော့ပေ။
ဤအရံအတားကြီး၏ ထူးခြားဆန်းကျယ်မှုမှာ တန်ခိုးစွမ်းအား (၂၈) မျိုး ပေါင်းစပ်ထားခြင်း မဟုတ်ပေ။ အဓိကအချက်မှာ တာအိုတန်ခိုးစွမ်းအားကို သန္ဓေသားပုံစံပြုလုပ်ထားခြင်း ဖြစ်သည်။
အမည်နာမ မရှိ ၊ အစမရှိ ၊ အဆုံးမရှိ…။
ထိပ်တန်းတာအိုတန်ခိုးစွမ်းအားသည် ကြီးမားသည့် အရံအတားကြီးအတွင်းတွင် သန္ဓေသားပမာ လှည့်ပတ်နေလေသည်။ ထို့ကြောင့်… ပြင်ပလောကမှ လုံး၀ သတိထားမိမည် မဟုတ်ပေ။
ဘုရင်မကြီးကတော့ အနည်းငယ် စိတ်ပူပန်လျှက် ရှိလေသည်။
သူမက ထိုမျှအထိ မပြုလုပ်လိုပေ။ သို့သော်… သူမတွင်လည်း ရွေးခြယ်စရာမရှိပေ။ ဤလမ်းကိုလျှောက်ရန် သူမ ရွေးခြယ်ခဲ့ပြီး ဖြစ်သည့်အတွက် နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ပေ။
***
မိုးနှင့်မြေတွင် ကြီးမြတ်သည့် မျောက်မင်း (၄)ပါး ရှိသည်။
ဒဏ္ဍာရီများအရတော့ ထို မျောက်မင်း (၄)ပါးလုံးသည် တန်ခိုးစွမ်းအားမြင့်မားကြပြီး ကိုယ်ပိုင်အရည်အချင်းများလည်း ရှိသည်ဟု ဆိုကြသည်။
အထူးသဖြင့် ကျောက်တုံးမှ မွေးဖွားလာသည့် စကြာဝဠာအရှင်ကြီး စွန်းဝူခုံးကတော့ ဒဏ္ဍာရီအဆန်ဆုံး ၊ တန်ခိုးစွမ်းအားအမြင့်မားဆုံး မျောက်မင်းပင် ဖြစ်လေသည်။
သို့သော်… မျောက်ဝံမျိုးနွယ်များတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် မျောက်မင်းတစ်ပါးရှိသည်ကို လူအနည်းငယ်သာ သိရှိကြသည်။
ထိုမျောက်မင်းမှာ ဝူကျီးချီအမည်ရှိ မျောက်ဝံမိစ္ဆာတစ်ပါး ဖြစ်လေ၏။
ထိုမျောက်ဝံသည် ယခင်က အမည်မသိ တောင်တစ်တောင်တွင် နေထိုင်သူ ဖြစ်သည်။ သို့သော်…ကံကောင်းထောက်မစွာဖြင့် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားများကို ရရှိခဲ့သည်။ အထူးသဖြင့် မဟာရေစွမ်းအားလမ်းစဉ် တန်ခိုးစွမ်းအားဖြစ်လေသည်။
သူ မွေးဖွားလာသည့်အချိန်တွင် ရေနတ်သားသည်လည်း ပျောက်ကွယ်သွားလေရာ သူတို့ (၂)ဦး မည်သူက တန်ခိုးစွမ်းအား ပိုမိုမြင့်မားကြောင်း မသိရှိနိုင်တော့ပေ။
ဝူကျီးချီသည် ရှေးခေတ်ကမ္ဘာဦးကတည်းက လောကကို ခလောက်ဆန်စေခဲ့သည်သာမက ယွီဧကရာဇ်ကိုလည်း သွားရောက်ရန်စခဲ့သည့်အတွက် ယွီဧကရာဇ်က သူ့ကို နှိမ်နင်းခဲ့ဖူးသည်။
ထို့နောက် သူက တာအိုဆရာသခင်ထိုက်ယီ ပြောင်းလဲပစ်ခဲ့သည့် အချိန်ကာလတွင်ပြန်လည်ထွက်ပေါ်လာခဲ့ပြီး နာမည်ဆိုးဖြင့် ကျော်ကြားသည့် မျောက်ဝံမိစ္ဆာတစ်ပါး ဖြစ်လာခဲ့သည်။
ယခု ထိုမျောက်ဝံမိစ္ဆာက မရှိမှုကျေးရွာတွင် လျှို့ဝှက်ကောင်းကင်ဘုံတစ်ခုကို ပိုင်ဆိုင်ထားပြီး သူပိုင်ဆိုင်သည့် ကောင်းကင်ဘုံတွင် မိုင်သန်းပေါင်း (၁၀၀) ရှည်လျားသည့် မြစ်တစ်စင်း စီးဆင်းနေလေသည်။
ရေစီးဆင်းသံကို ကြားရသည်နှင့် သူ၏ရေစွမ်းအားက ချင်းဆွေထျန်းကောင်းကင်ဘုံထက် မနိမ့်ကျသည်ကို သိရှိနိုင်သလို မျောက်ဝံမိစ္ဆာ၏ မဟာရေစွမ်းအားကျင့်စဉ် ပြီးမြောက်အောင်မြင်သွားပြီဟု ဆိုနိုင်သည်။
တာအိုကျမ်းစာများအရဆိုလျှင် ရေသည် တာအိုနှင့် အနီးစပ်ဆုံး ဓာတ်တစ်ခု ဖြစ်သည်။ ဝူကျီးချီက ရေစွမ်းအားကောင်းကင်ဘုံကို ဖန်ဆင်းထားနိုင်သည်ကို ကြည့်ခြင်းအားဖြင့် သူ၏ တန်ခိုးစွမ်းအား မယုံကြည်နိုင်လောက်အောင် မြင့်မားသည်ကို ပြသနေခြင်း ဖြစ်သည်။
သူနေထိုင်ရာ ကောင်းကင်ဘုံသို့ ဆန်းလျန် ဖြတ်သန်းသွားသည်ကို သိလိုက်သည်နှင့် ထိုမျောက်ဝံမိစ္ဆာ ဒေါခီးသွားလေ၏။
ရေစွမ်းအားကောင်းကင်ဘုံတွင် စီးဆင်းနေသည့် ရှည်လျားသည့် မြစ်မှ ရေခိုးရေငွေ့များ ကောင်းကင်ထက်သို့ ပျံတက်သွားပြီး မျောက်ဝံမိစ္ဆာ၏ မျက်ဝန်းများက ဒေါသကြောင့် ရဲရဲနီနေသည်။
ထို့နောက် သူက ရေကဲ့သို့ ကြည်လင်သည့် အလင်းတန်းတစ်ခုကို ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်လေရာ ကောင်းကင်တစ်ခုလုံး လင်းထိန်တောက်ပသွားလေသည်။
သိပ်မကြာမီ သူ အနားယူလေ့ရှိသည့် နတ်ဘုရားတောင်ပေါ်တွင် လူ (၂) ယောက်၏ ပုံသဏ္ဍန်ပေါ်လာလေ၏။
ထိုလူ (၂)ယောက်ထံမှ ပြင်းထန်သည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး မျောက်ဝံမိစ္ဆာပစ်လွှတ်လိုက်သည့် အလင်းတန်းကို ဖိနှိပ်ထားလိုက်လေရာ အလင်းတန်းမှာ လေထဲသို့ ပြန်ပြုတ်ကျသွားလေတော့သည်။
ဆန်းလျန်က အေးအေးဆေးဆေးပင် လူစောယိကို စကားလှမ်းပြောလိုက်သည်။
"ဒီမျောက်ဝံက ဒေါသကြီးတယ် ၊ ကြည့်ရတာ… ဝက်ဝံဘုရင်ထက်တောင် သူက သာသေးတယ်…"
***