လောကမှာ ဆန်းလျန်ကို အနိုင်ယူနိုင်မယ့်သူ တစ်ယောက်မှမရှိ
Vol. 10 Ch. 967
ထိုအချိန်မှာပင်… ဝူကျီးချီက လက်သီးတစ်ချက်ပစ်လွှတ်လိုက်ရာ လက်သီးချက်က ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
သို့သော်… ဆန်းလျန်ထံမှ ပေါက်ကွဲထွက်လာသည့် တန်ခိုးစွမ်းအားများက ဝူကျီးထက် အဆပေါင်းများစွာ မြင့်မားလေသည်။
ရုတ်တရက်.... ဗလာနယ်ထဲတွင် ကြီးမားသည့်ရေပွက်ငယ်များနှင့် သေးငယ်သည့် ရေပွက်ငယ်များ အရွယ်အစားစုံလင်စွာ ထွက်ပေါ်လာပြီး ဝူကျီးချီ၏ မိစ္ဆာခန္ဓာကြီးကို လှည့်ပတ်နေကြသည်။
ဝူကျီးချီ၏ လက်သီးချက်မှာ အေးအေးသက်သာပင် နှိမ်နင်းခံလိုက်ရလေသည်။
ဆန်းလျန်ထံမှ ပေါက်ကွဲထွက်လာသည့် ကြီးမားသည့် တန်ခိုးစွမ်းအားလှိုင်းလုံးကြီးများကို မည်သည့်နတ်ဘုရားမှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ အသက်ပျောက်သွားမည်သာ ဖြစ်သည်။
ဝူကျီးချီမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
သူက တာအိုတရားအလင်းရထားသည့် ရှေးဟောင်းနတ်မိစ္ဆာတစ်ပါးဖြစ်လေရာ သူ့ရှေ့မှပုဂ္ဂိုလ် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ချက်ချင်း သိရှိသွားလေတော့သည်။
ထိုသူက ယွီဧကရာဇ်ထက်ပင် စွမ်းအားကြီးမားနေသည် မဟုတ်ပါလား။
သူနေထိုင်သည့် ကောင်းကင်ဘုံတွင် ရေစွမ်းအားတန်ခိုးများဖြင့် ပြည့်နေသော်လည်း ဝူကျီးချီ ကူရာကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။ တိုက်ပွဲအစတွင်ပင် သူက အရေးနိမ့်သွားခဲ့ပြီ မဟုတ်ပါလား။
ဝူကျီးချီ ချက်ချင်းပင် ထွက်ပြေးရန်ကြိုးစားလိုက်သည်။ သို့သော်... ဆန်းလျန်က သူ့ကို ထွက်ပြေးခွင့် မပြုပေ။
ကြီးမားသည့် လက်ကြီးတစ်ဖက်က ထွက်ပေါ်လာပြီး ကောင်းကင်ကို ကာဆီးထားလိုက်ကာ ဝူကျီးချီ၏ မိစ္ဆာခန္ဓာကို ချက်ချင်းပင် ဖမ်းဆုပ်ထားလိုက်သည်။
သူ၏ လွတ်လမ်းမှန်သမျှကို ထိုဧရာမ လက်ကြီးက ပိတ်ဆို့ကာဆီးထားလိုက်ပြီ ဖြစ်ကြောင်း ဝူကျီးချီ နားလည်လိုက်သည်။ သူ့အနေဖြင့် မိုးပျံ၍လည်းထွက်မပြေးနိုင်သလို မြေလျှိုး၍လည်းထွက်မပြေးနိုင်တော့ပေ။
ရှေးဟောင်းမျောက်ဝံမိစ္ဆာကြီး သွေးများတစ်ချက်အန်ချလိုက်ပြီး သေမင်းအငွေ့အသက်များကို ခံစားလိုက်ရသည်။
ထိုအချိန်မှာပင်... ကောင်းကင်ထက်မှ မျောက်ဝံဖြူကြီးတစ်ကောင် ရုတ်တရက်ပျံသန်းထွက်ပေါ်လာလေသည်။
ထိုမျောက်ဝံဖြူကြီးမှာ ဝူကျီးချီ နှစ်ပေါင်းသောင်းနှင့်ချီပြီး ကျင့်ကြံထားသည့် မူလဝိညာဉ်ခန္ဓာပင် ဖြစ်လေသည်။ ဝူကျီးချီ၏ မူလဝိညာဉ်ခန္ဓာ ထွက်ပေါ်လာသည်နှင့် ကောင်းကင်တစ်ခွင်လုံး တန်ခိုးစွမ်းအားများ ပြန်လည် မြင့်တက်လာလေသည်။
ရုတ်တရက်... ကောင်းကင်ဘုံတစ်ခုလုံးမှ ရေများအားလုံး တိမ်ခိုးများအဖြစ် အငွေ့ပျံသွားကြလေသည်။ ပတ်ဝန်းကျင်မှ အရာအားလုံးကို ဝူကျီးချီ၏ မူလဝိညာဉ်ခန္ဓာက စုပ်ယူပစ်လိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်နှင့် လူစောယိ ခြေထောက်အောက်မှ တောင်မြင့်ကြီးမှာ စုပ်ယူမှုစွမ်းအားအောက်တွင် တစ်စစီ အပိုင်းပိုင်းပျက်စီးသွားကာ ဖုံမှုံ့အသွင် ကူးပြောင်းသွားသည်။
ဝူကျီးချီ၏ မူလဝိညာဉ်ခန္ဓာမှာ ကြည်လင်သည့်မီးတောက်တစ်ခုအလား ပြောင်းလဲသွားလေသည်။ ထို့နောက်တန်ခိုးစွမ်းအားများ အဆက်မပြတ်မြင့်တက်လာပြီး သူ့ပတ်ဝန်းကျင်တွင် တိမ်တိုက်များ ထူထပ်စွာ ဖြစ်တည်လာသည်။
ဆန်းလျန်၏လက်ထဲတွင် ဓားတစ်လက်ပေါ်လာပြီး ထောင်ပေါင်းများစွာသော ဓားဝိညာဉ်များက ထိုတိမ်တိုက်ရှိရာသို့ ကန့်လန့်ဖြတ် ခုတ်ပိုင်းချလိုက်သည်။
အစပိုင်းတွင် တိမ်တိုက်က ဓားဝိညာဉ်ကြောင့် ပြိုကွဲသွားသော်လည်း တိမ်တိုက်ဗဟိုမဏ္ဍိုင်သို့ ရောက်ခါနီးတွင် ဓားဝိညာဉ်က အနည်းငယ် နှေးကွေးသွားလေသည်။
ဓားဝိညာဉ် ရှေ့ဆက်တိုးမလာသည့်အတွက် ဝူကျီးချီ စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူ၏ နက်နဲသော ကောင်းကင်နတ်ရေစင်ပညာဖြင့် ဓားဝိညာဉ်ကို တားဆီးထားလိုက်နိုင်ပြီဟု ဝူကျီးချီ ထင်လိုက်မိသည်။
သို့သော်... သူ သိပ်ကြာကြာ မပျော်လိုက်ရပေ။
ဓားဝိညာဉ်ထံမှ မမြင်ရသည့် ဓားတန်ခိုးစွမ်းအားတစ်ခု ခွဲဖြာထွက်လာပြီး တိမ်တိုက်ကို ဖြတ်သန်းကာ ဝူကျီးချီ၏ မူလဝိညာဉ်ခန္ဓာဆီသို့ ဝင်ရောက်လာလေသည်။
ထို့နောက် ဓားတန်ခိုးစွမ်းအားက ပင့်ကူအိမ်ကွန်ယက်သဖွယ် ဝူကျီးချီကို ထိုးနှက်လိုက်လေရာဝူကျီးချီမှာ ထောင်ချောက်မိသည့် ကျားတစ်ကောင်အလား ရုန်းကန်နေရလေတော့သည်။
သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အဖြူရောင်မီးတောက်များ ချက်ချင်းပျောက်ကွယ်သွားလေသည်။ ဆန်းလျန်၏ ပင့်ကူအိမ်အလား ဓားတန်ခိုးစွမ်းအားက ထိုမီးတောက်များကို စုပ်ယူပစ်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံးမှ တိမ်တိုက်များကိုပါ ဓားပင့်ကူအိမ်က စုပ်ယူပစ်လိုက်လေသည်။
ဝူကျီးချီ၏ လျှို့ဝှက်ကျင့်စဉ်ဖြစ်သည့် ကောင်းကင်နတ်ရေစင်ပညာမှာ အလုပ်မဖြစ်တော့ပေ။
ကမ္ဘာဦးအစကတည်းက တည်ရှိခဲ့ပြီး မိုးနတ်မင်းကိုပင်မကြောက်ရွံ့ခဲ့သည့် မျောက်ဝံမိစ္ဆာကြီးမှာ ယနေ့တော့ အားမတန် မာန်လျှော့ခဲ့ရပြီ ဖြစ်လေသည်။
ဓားပင့်ကူအိမ်အောက်တွင် ဝူကျီးချီ၏ မူလဝိညာဉ်ခန္ဓာမှာ တုန်လှုပ်လာလေသည်။ ထို့နောက်တွင်တော့ ဝူကျီးချီ၏ မူလဝိညာဉ်ခန္ဓာသည့် လက်တစ်ဝါးစာမျှသာရှိသည့် မျောက်ဝံသေးသေးလေးတစ်ကောင်အဖြစ်ပြောင်းလဲသွားလေတော့သည်။
ဆန်းလျန်က မျောက်ဝံလေးကို အသာ မ ယူ လိုက်သည်။
မျောက်ဝံလေးက မချိသွားဖြဲ ပြုံးပြလိုက်ရင်း…
"မင်း ကျုပ်ကို သတ်ချင်သတ်လိုက်...၊ ကျုပ်က မင်းထိန်းချုပ်တာတော့ မခံနိုင်ဘူး…"
ဆန်းလျန်က ပြုံးလိုက်ရင်း...
"ကျုပ်မှာ တခြားလုပ်စရာတွေရှိသေးတယ် ၊ အဲဒီအချိန်ထိစောင့်လိုက်ပါဦး ၊ ပြီးရင်တော့ ညှိနှိုင်းကြတာပေါ့...."
ဝူကျီးချီက ဆန်းလျန်စကားကိုနားမထောင်ဘဲ ဆဲရေးနေတော့သည်။
ဆန်းလျန်က နားညည်းလာသည့်အတွက် အင်းသင်္ကေတတစ်ခုအသုံးပြုကာ မျောက်ဝံလေး၏ပါးစပ်ကို ပိတ်ပစ်လိုက်လေတော့သည်။
ချက်ချင်းပင် ဝူကျီးချီ စကားမပြောနိုင်ဖြစ်သွားပြီး အတွေးအာရုံများပင် ရပ်တန့်သွားသလိုခံစားလိုက်ရသည်။
ထို့နောက် ဆန်းလျန်က ဓားဝိညာဉ်ပိုက်ကွန်ကို စုပြီး အိတ်တစ်အိပ်အလား ထုပ်ပိုးယူဆောင်လိုက်လေသည်။
ထို့နောက် လူစောယိဘက်သို့လှည့်လိုက်ပြီး...
"သွားကြစို့..."
လူစောယိက ဆန်းလျန်လက်ထဲမှ မျောက်ဝံအထုပ်ကို လက်ညှိုးညွှန်ပြလိုက်ပြီး...
"ဒါက ဘာလုပ်ဦးမလို့လဲ..."
ဆန်းလျန်က...
"ကျုပ်တို့နဲ့အတူ ခေါ်သွားမယ်လေ…"
ထို့နောက် ဆန်းလျန်က ချက်ချင်းပင် သူ၏ အင်္ကျီလက်ထဲတွင် စကြာဝဠာတစ်ခုဖန်ဆင်းလိုက်ပြီး မျောက်ဝံမိစ္ဆာ၏ မူလဝိညာဉ်ခန္ဓာကို ထိုစကြာဝဠာထဲ ထည့်ထားလိုက်လေသည်။
လူစောယိကတော့ ပိုက်ကွန်အိတ်ထဲမှ မျောက်ဝံလေးကိုကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်မိလေတော့သည်။
ဆန်းလျန်ဖန်ဆင်းထားသည့် ပင့်ကူအိမ်သဖွယ် ဓားပိုက်ကွန်နှင့် စကြာဝဠာကိုကျော်လွန်ပြီး ထိုမျောက်ဝံလေးလုံး၀ လွတ်လမ်းရှိမည် မဟုတ်ပေ။
သူတို့သည်လည်း စကြာဝဠာကို မကျော်လွန်နိုင်ဘဲ ကံတရား၏ ပိုက်ကွန်ထဲတွင် ပိတ်မိနေသည့် သူများဖြစ်ကြလေရာ ထိုမျောက်ဝံလေးနှင့် ဘဝတူပင် ဖြစ်လေသည်ဟု လူစောယိ တွေးလိုက်မိသည်။
လူစောယိ၏ အတွေးများကို ဆန်းလျန် သိလိုက်သော်လည်း မျောက်ဝံလေးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မည်သည့်စကားမှ မဆိုတော့ပေ။
လောက၏ဖြစ်ရပ်များကို သုံးသပ်ကြည့်မည်ဆိုလျှင် ကံတရားက လူသားများကို ပြောင်းလဲပစ်လိုက်ကြသော်လည်း လူသားများကတော့ကံတရားကို ပြောင်းလဲပစ်နိုင်စွမ်း မရှိကြပေ။
လူစောယိသည်လည်း သူ့လမ်းသူလျှောက်မည့်သူဖြစ်လေရာ သူ့အတွေးအခေါ်နှင့်ပတ်သက်ပြီး ဆန်းလျန်အနေဖြင့် ဝေဖန်ပြောဆိုစရာ အကြောင်းမရှိပေ။
ဝူကျီးချီခံလိုက်ရသည်ကို တွေ့မြင်သွားကြပြီးနောက် အနီးအနားမှ နတ်ဘုရားများ ၊ နတ်မိစ္ဆာများသည် ဆန်းလျန်ကို မဆန့်ကျင်ရဲကြတော့ပေ။
ဆန်းလျန် နောက်ထပ် လျှို့ဝှက်ကောင်းကင်ဘုံ ၊ လျှို့ဝှက်ကျောက်ဂူအနည်းငယ်ကို ဝင်ရောက်ကြည့်ရှုပြီးနောက် တာအိုမဟာလမ်းစဉ်၏ အထင်ကရ နေရာများသို့ သူတို့ထွက်လာခဲ့သည်။
အရင်ဆုံး ဘုရင်ရှစ်ပါးနန်းတော်နှင့် ကျောက်စိမ်းဝိညာဉ်နန်းတော်သို့ ရောက်လာခဲ့ကြသည်။
သို့သော်… ထိုနေရာများတွင် ရွှမ်တုတောက်ကျွင်းလည်းမရှိသလို တာအိုဆရာယွိတင်လည်း မရှိပေ။ ထို့အတူ ချန်ကျင်းချင်သည်လည်း မရှိပေ။
ထို့နောက် ဆန်းလျန်က လင်စန်းတောင် ၊ သုခဘုံ ၊ အသူရာချောက် (၉)ထပ်သို့ သွားရောက်ကြည့်ရှုလေသည်။
သို့သော်… ချန်ကျင်းချင်ကတော့ ပျောက်ချင်းမလှ ပျောက်နေဆဲင် ဖြစ်လေ၏။
တစ်လောကလုံးတွင် မည်သည့်နေရာတွင်မှ ချန်ကျင်းချင်ကို ရှာဖွေတွေ့ရှိခြင်း မရှိပေ။ နောက်ဆုံး ဆန်းလျန် ရှာဖွေရမည့်နေရာ (၃)နေရာသာ ကျန်ရှိတော့သည်။
ဆန်းလျန် ဗုဒ္ဓဘာသာဒဏ္ဍာရီတွင် အမြင့်မားဆုံး ကောင်းကင်ဘုံတစ်ခုဖြစ်သည့် အရောင်မဲ့ကောင်းကင်ဘုံသို့ ရောက်ရှိလာခဲ့လေသည်။
ဆန်းလျန် ခြင်္သေ့ကိုယ်တော်နှင့် ရင်ဆိုင်တိုက်ခိုက်စဉ်က နှင်းများဖုံးလွှမ်းနေသော အော်မီတော်ဖူဗုဒ္ဓဖွင့်လှစ်ခဲ့သည့် 'အရောင်မဲ့လောက' သို့ ရောက်ရှိခဲ့ဖူးသည်။ ထိုအရောင်မဲ့လောကသည် အရောင်မဲ့ကောင်းကင်ဘုံကို အခြေံပြီး သုခဘုံကို ကာကွယ်ရန်အတွက် အော်မီတော်ဖူ ဗုဒ္ဓ ပြုလုပ်ထားသည့် အရံအတားဖြစ်သည်။
အရောင်မဲ့ကောင်းကင်ဘုံ…။
အရောင်မဲ့ကောင်းကင်ဘုံကတော့ အော်မီတော်ဖူဗုဒ္ဓ တရားကျင့်ကြံခဲ့ရာ ဒဏ္ဍာရီလာ နေရာတစ်ခု ဖြစ်လေသည်။
ဆန်းလျန်က ဗောဓိပင်ကို သိမြင်ပြီးသူတစ်ယောက်ဖြစ်သည့်အတွက် အော်မီတော်ဖူဗုဒ္ဓ တရားကျင့်ကြံခဲ့သည့်နေရာကို ရှာဖွေရန်မှာ မခက်ခဲလှပေ။
အရှေ့ဆီတွင် မည်သည့်အရာမှ မတွေ့ရှိရပေ။ သို့သော်… အတွင်းထဲတွင်တော့ တစ်စုံတစ်ခုရှိမည်ကို ဆန်းလျန် သိမြင်နေလေသည်။
ရုတ်တရက်… ဆန်းလျန်၏ စိတ်ထဲတွင် အန္တရယ် သတိပေးသံတစ်ချက် မြည်ဟည်းသွားသည်။
ဆန်းလျန်၏ ထိုက်ယိကိုယ်ခွဲသည် ချင်းရှကျောင်းတော်တွင်ရှိနေသည့် ဆန်းလျန်အစစ်နှင့် လောတွင် လှည့်လည်သွားလာနေသည့် ထိုက်ကျိကိုယ်ခွဲတို့နှင့် အဆက်အသွယ် ပြတ်တောက်သွားလေသည်။
ဘေးအန္တရယ်သည် ရောက်ရှိလာတော့မည် ဖြစ်လေသည်။
သူ၏ ထိုက်ယိကိုယ်ခွဲကို မူလဆန်းလျန်နှင့် ထိုက်ကျိကိုယ်ခွဲတို့၏ ဆက်နွယ်မှု ဖြတ်တောက်ပစ်လိုက်နိုင်ခြင်းသည် အလွန်ထူးဆန်းသည့် တန်ခိုးစွမ်းအားတစ်ခုသာ ဖြစ်ပေလိမ့်မည်။
ကြည့်ရသည်မှာ ဤကစားပွဲက သေစေလောက်သည်အထိ ပြင်းထန်သည့် ကစားပွဲဖြစ်နိုင်သည်။ သို့သော်… ပထမမိုးနတ်မင်းက သူ့ကို သတ်ဖြတ်ရန် ကြံစည်နေသည်ကိုသိရှိသည့်အတွက် ဆန်းလျန် မအံ့သြတော့ပေ။
ဆန်းလျန်က မျောက်ဝံမိစ္ဆာဝူကျီးချီကို ထည့်ထားသည့် ပိုက်ကွန်လေးကို လူစောယိထံသို့ လှမ်းပေးလိုက်သည်။ ထိုအခါ သူ့ကိုယ်ပေါ်မှ လေးလံမှုများ ပျောက်ဆုံးသွားသည်ဟု ခံစားလိုက်ရသည်။
ဝူကျီးချီ၏ ကျင့်ကြံခြင်းအဆင့်မှာ ယခုနှစ်များအတွင်း များစွာ တိုးတက်လာခြင်းမရှိသည့်တိုင် ထိုသတ္တဝါက ကြောက်မက်ဖွယ်ရာ ကောင်းသည့် နတ်မိစ္ဆာတစ်ပါး ဖြစ်သည်။
ဝူကျီးချီ၏ နှစ်ပေါင်းသောင်းနှင့်ချီ အမြုတေအဖြစ် သိပ်သည်းထားသည့် မူလဝိညာဉ်ခန္ဓာမှာ ကြယ်တစ်စင်းထက်ပင် လေးလံသည်မှာသံသယဝင်စရာ မရှိပေ။
ဆန်းလျန်က…
"ကျုပ်တစ်ယောက်တည်းပဲ သွားလိုက်မယ် ၊ မင်း အပြင်က စောင့်နေပါ…"
လူစောယိက…
"အထဲမှာ အန္တရယ်ရှိလို့လား…"
ဆန်းလျန်က ခေါင်းအသာညိတ်ပြလိုက်သည်။
လူစောယိက တည်ကြည်သည့်မျက်နှာထားဖြင့်…
"အန္တရယ်ရှိတယ်ဆိုရင် မသွားနဲ့လေ…"
ဆန်းလျန်က ပြုံးလိုက်ပြီး…
"လောကမှာ ဆန်းလျန်ကို အနိုင်ယူနိုင်မယ့်သူ တစ်ယောက်မှမရှိသလို ဆန်းလျန် မသွားရဲတဲ့နေရာလည်း တစ်နေရာမှ မရှိဘူး…"
လူစောယိက…
"ဒါပေမဲ့ အခုက မင်းရဲ့ ကိုယ်ခွဲလေ ၊ မင်းကိုယ်တိုင်မှ မဟုတ်တာ…"
"အဲဒီတော့ရော ဘာဖြစ်လဲ ၊ အန္တရယ်ရှိရင် ပြေးရင်ဆိုင်ရမှာပဲ မဟုတ်လား…"
လူစောယိက…
"အေးလေ… အန္တရယ်ရှိလို့ကို မသွားခိုင်းတာ… မင်းလည်းနားလည်နေသားနဲ့…"
ဆန်းလျန်က စိတ်ထဲမှတွေးလိုက်သည်။
"တကယ်တော့ ဒီအန္တရယ်ကို ရင်ဆိုင်မှာ ကျုပ်ရဲ့ 'ယိ' လမ်းစဉ်နဲ့ ထိုက်ယိကိုယ်ခွဲက ပြီးပြည့်စုံသွားမှာ…"
သို့သော်… သူက လူစောယိအား ထိုအကြောင်းများကို ရှင်းပြမနေတော့ဘဲ ရှေ့သို့သာ ဆက်သွားလိုက်လေတော့သည်။
လူစောယိက ဆန်းလျန် ရှေ့သို့ လှမ်းထွက်ပြီး ဗလာနယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။
ပြီးမှ ဆန်းလျန်နောက်သို့ လိုက်သွားလိုက်သော်လည်း အရှေ့ဆီတွင် မည်သည့်ဝင်ပေါက်မှ မရှိဘဲ လူစောယိအနေဖြင့် ဆန်းလျန်ဝင်ရောက်သွားသည့်နေရာသို့ လိုက်ပါသွားနိုင်ခြင်း မရှိခဲ့ပေ။
ဆန်းလျန်ပေးခဲ့သည့် ပိုက်ကွန်ထုပ်လေးကိုသာကိုင်ရင်း ဆန်းလျန် ပြန်လာသည်အထိ စောင့်နေရန်သာ ရှိတော့သည်။
ဝူကျီးချီက ဆန်းလျန် သူ့အပေါ်တွင်အသုံးပြုထားသည့် နှုတ်ပိတ်အင်းသင်္ကေတကို မည်သို့ ဖျက်စီးလိုက်သည်မသိပေ။ မျောက်ဝံမိစ္ဆာထံမှ စကားသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေ၏။
"အဲဒါ ကောင်းကင်ကြယ်စင်အရံအတားထင်တယ်နော်… ၊ ဟွန်း အဲဒီကောင်လေး ပြန်ထွက်မလာနိုင်တော့မှာ စိတ်ပူမိပါရဲ့…"
မျောက်ဝံမိစ္ဆာ၏ စကားသံကြောင့် လူစောယိ ရင်ထဲအောင့်သွားသည်။
ကောင်းကင်ကြယ်စင်အရံအတားကို သူလည်း ကြားဖူးနားဝရှိလေသည်။ ထိုအရံအတားက ရှေးခေတ်အချိန်အခါကတည်းက လူသိများထင်ရှားပြီး အန္တရယ်ကြီးမားသည့် အရံအတားတစ်ခု ဖြစ်လေ၏။
ဝူကျီးချီ မည်သည့်စကားမှ ဆက်မပြောတော့ပေ။
သူ၏ ဝိညာဉ်စွမ်းအားက မျောက်မင်း (၄)ပါးထဲတွင် နိမ့်ကျသည့်အထဲ မပါဝင်လေရာ အကြောင်းအရာအတော်များများကို သိမြင်သုံးသပ်နိုင်စွမ်း ရှိလေသည်။ အခြားသူများသာဆိုလျှင် အတွင်းထဲမှ အရံအတားကို အာရုံခံသိရှိနိုင်စွမ်း ရှိမည် မဟုတ်ပေ။
ဝူကျီးချီကကတော့ ထိုအတွင်းထဲတွင် ဒါဇင်နှင့်ချီသည့် တန်ခိုးစွမ်းအားကြီးမားသူများ ရှိနေသည်ကို အာရုံခံမိသည်။ ထိုတန်ခိုးစွမ်းအားများအားလုံးအထက်တွင် အထွတ်ထိပ်တန်ခိုးစွမ်းအားတစ်ခုလည်း ရှိနေသည်ကို သူခံစားမိသည်။
ထိုအဖွဲ့က ဆန်းလျန်ကို ဖျက်စီးပစ်ရန် အေးအေးလူလူဖြင့် စောင့်နေကြခြင်း ဖြစ်သည်။
မျောက်ဝံမိစ္ဆာကတော့ ဆန်းလျန် တကယ်ပင် အသက်ပျောက်တော့မည်ဟုတွေးကာ ကြိတ်ပြီး ဝမ်းသာလျှက် ရှိလေတော့သည်။
***