သတ်ဖြတ်ခြင်း
Vol. 10 Ch. 968
တံတိုင်း (၃)ခု ၊ သတ္တဝါ (၄)ကောင် ၊ လမ်းကြောင်း(၂၈)ဖြာ အရံအတားသည် အရောင်မဲ့ကောင်းကင်ဘုံတွင် စိတ်ကူးယဉ် စကြာဝဠာတစ်ခုအလား လှည့်ပတ်လျှက် ရှိသည်။
ဖြစ်တည်မှုအားလုံးက ထိုစကြာဝဠာထဲတွင် ကြီးထွားဖြစ်တည်နေပြီး တကယ့်စကြာဝဠာအစစ်၏ ပုံစံငယ်တစ်ခုအလား ထင်မှတ်ရသည်။
တန်ခိုးစွမ်းအား (၂၈)မျိုးသည် စကြာဝဠာထဲတွင် လှည့်ပတ်နေပြီး ထာဝရတည်ရှိနေသည့် တန်ခိုးစွမ်းအားများအလားပင် ဖြစ်လေသည်။
အရောင်မဲ့ကောင်းကင်ဘုံအတွင်းသို့ ဆန်းလျန် ဝင်ရောက်လိုက်သည်နှင့် တန်ခိုးစွမ်းအားများ ရုတ်တရက် ပြောင်းလဲသွားသည်ကို ဆန်းလျန် ခံစားလိုက်ရသည်။
သို့သော်… တန်ခိုးစွမ်းအား (၂၈)မျိုးက ဆန်းလျန်ကို ဝန်းရံလိုက်သည်နှင့် ဆန်းလျန်သည် သဲလွန်စမကျန် ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။
"မကောင်းတော့ဘူး… ၊ ဒေဝေါနတ်မင်းကြီး ပျောက်သွားပြီ…"
တန်ခိုးစွမ်းအား (၂၈)မျိုးမှာ အချင်းချင်း ချိတ်ဆက်ထားကြပြီး ထွက်ပေါက်အကြားအလပ် လုံး၀ မရှိပေ။ တန်ခိုးစွမ်းအား တစ်ခုနှင့်တစ်ခုလည်း ခွဲခြား၍ မရပေ။
သို့သော်… ရုတ်တရက်ကြီးပင် ဒေဝေါနတ်မင်းကြီးချိစုန်းကျီ၏ အငွေ့အသက် တစ်ခုတလေကိုပင် မတွေ့ရတော့ပေ။
တံတိုင်း (၃)ခု ၊ သတ္တဝါ (၄)ကောင် ၊ လမ်းကြောင်း(၂၈)ဖြာ အရံအတားသည် (၁၀)ရာခိုင်နှုန်းသာ ဖွဲ့စည်းနိုင်သေးသော်လည်း အဆုံးမရှိသည့် တန်ခိုးစွမ်းအားများဖြင့် ပြည့်နက်နေလေရာ ဆန်းလျန်ကို သေချာပေါက် ထောင်ဖမ်းနိုင်မည့် အရံအတားဖြစ်လေသည်။
သို့သော်… ချိစုန်းကျီ မရှိပါက ကြီးမားသည့်အရံအတားကြီးက အမြင့်မားဆုံး တန်ခိုးစွမ်းအား ဖြစ်ပေါ်လာနိုင်မည် မဟုတ်တော့ပေ။
ချိစုန်းကျီပျောက်ကွယ်သွားခြင်းက ဆန်းလျန်နှင့်သာ ပတ်သက်နေလျှင် သူတို့ ချိစုန်းကျီကို အမြန်ရှာဖွေရမည် ဖြစ်သည်။ မဟုတ်ပါက သူတို့ ဆန်းလျန်ကို ကျိန်းသေရှုံးနိမ့်ရပေတော့မည်။
ချိစုန်းကျီသည် ရှေးခေတ်အချိန်အခါကတည်းက တည်ရှိခဲ့သည့် နတ်ဘုရားတစ်ပါး ဖြစ်သည်။ သူက စန်းလျန်နှင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက တွေ့ဆုံဖူးသူ ဖြစ်သည်။
အသူရာချောက်တွင် နွားရိုင်းကြီးကို ဆန်းလျန် ခေါ်လာခဲ့စဉ် အပြန်လမ်းတွင် ချိစုန်းကျီဖန်ဆင်းထားသည့် နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ခဲ့ဖူးလေသည်။
ထိုစဉ်ကတည်းက ချိစုန်းကျီမှာ ထိုက်ယီထျန်းရှန်းအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး တာ့လော်အဆင့်သို့ တက်လှမ်းနိုင်ရန် ခြေလှမ်းတစ်ဝက်ခန့်သာ လိုတော့သည်။
ယနေ့တော့ သူက မိုးကောင်းကင်လမ်းစဉ်ကို ကူညီပေးပြီး တာ့လော်အဆင့် တက်လှမ်းရန် အခွင့်အရေးကို ရယူလိုခြင်း ဖြစ်သည်။
တကယ်တမ်းတွင် သူက ဆန်းလျန်နှင့် ရန်ဘက် မဖြစ်ဝံ့ပေ။ သို့သော်… မိုးကောင်းကင်လမ်းစဉ်မှ အကျိုးအမြတ်ရရှိမည် ဆိုသောအခါ သူ့အနေဖြင့် ထိုအခွင့်အရေးကိုလည်း လက်လွှတ်မခံလိုပေ။
ယခုအချိန်တွင် မိုးကောင်းကင်လမ်းစဉ်သည် ဆန်းလျန်ကို ဖျက်ဆီးရန်ကြံစည်နေလေရာ သူတို့သာ ကံကြမ္မာအတိုင်း ဆန်းလျန်ကို တုံ့ပြန်တိုက်ခိုက်မည်ဆိုလျှင် နောက်ဆုံးတွင် သူတို့အားလုံး အဆုံးသတ်ကောင်းကို ကြုံတွေ့နိုင်မည်ဟုလည်း ယုံကြည်ထားလေသည်။
ထို့ကြောင့် ချိစုန်းကျီနှင့် အခြားနတ်ဘုရားများက ယခုကဲ့သို့ ဆန်းလျန်ကို ထောင်ချောက်ဆင်ရန် ဆုံးဖြတ်ခဲ့ကြပြီး မိုးကောင်းကင်လမ်းစဉ်၏ မျက်နှာသာရရန် ကြံစည်ခဲ့ကြခြင်း ဖြစ်သည်။
သူတို့ ထိုက်ယီထျန်းရှန်းအဆင့်ဖြင့် ပျက်သုဉ်းခံရမည်ထက်ဆာလျှင် တာ့လော်အဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက်လေး အနည်းငယ်သာရှိသည်ဆိုလျှင် ရယူချင်မိသည်။
နောက်ဆုံး စကြာဝဠာအဆုံးသတ်နှင့် ကြုံတွေ့ရမည့်အခါ တာ့လော်အဆင့်သို့ တက်ရောက်နိုင်ခြင်းမရှိလျှင် သူတို့ဘဝများသည်လည်း တစ်ခါတည်း အဆုံးသတ်သွားကြရမည် ဖြစ်လေသည်။
ထို့ပြင်… သူတို့နောက်ဆုံးမျှော်လင့်ချက်ကို ဆန်းလျန်က တစ်ယောက်တည်း အပိုင်စီးသွားမည်ကိုလည်း သူတို့ မဖြစ်စေချင်ကြပေ။
သို့သော်… ယခုတော့ ချိစုန်းကျီအတွက် နောင်တရရန်ပင် နောက်ကျသွားပြီ ဖြစ်လေသည်။
သူ အခြားသူများနှင့် အဆက်အသွယ် ဖြတ်တောက်ခံလိုက်ရပြီ ဖြစ်သည်။ သူက အရံအတားအတွင်းမှာပင် ရှိနေသေးသော်လည်း အခြားသူများက သူ့ကို တွေ့မြင်ရခြင်း မရှိတော့ပေ။
သူ့ပတ်ဝန်းကျင်တစ်ခုလုံး မမြင်ရသည့်အရိပ်များက ဝန်းရံထားလေသည်။
ချိစုန်းကျီမှာ ဒုက္ခပင်လယ်ထဲတွင် လှေငယ်တစ်စင်းဖြင့် တစ်ယောက်တည်း ရွှက်လွှင့်နေရသည့်အလား ခံစားနေရပြီး ပင်လယ်ကလည်း မုန်တိုင်းထန်တော့မည် ဖြစ်လေသည်။
ချိစုန်းကျီသည် ဒေဝေါ်နတ်မင်းကြီးဟု နာမည်ကျော်ကြားပြီးတန်ခိုးစွမ်အားမြင့်မားသူတစ်ယောက်ဖြစ်သော်လည်း ယခုတော့ သူ့စိတ်ထဲတွင် ကူရာကယ်ရာမဲ့သလို ခံစားနေရသည်။
ထိုသို့သော ဖိအားများအောက်တွင် သူ၏ တာအိုနှလုံးသားက သည်းမခံနိုင်တော့ဘဲ စကားစတင် ပြောလိုက်လေတော့သည်။
"တာအိုရောင်းရင်းဆန်းလျန် ၊ မင်း ဒီမှာရှိတယ်ဆိုတာ ကျုပ်သိပါတယ် ၊ ကျေးဇူးပြုပြီး ကိုယ်ထင်ပြပါ… ၊ ကျုပ်နဲ့ လာတွေ့ပါ…"
ဆန်းလျန် ထွက်လာမည်မဟုတ်သည်ကို ချိစုန်းကျီ သိထားပြီးသား ဖြစ်သည်။
သို့သော်… ကိုယ်တိုင်မလှုပ်ရှားဘဲ အခြားသူများ လာကယ်သည့်အချိန်ကို စောင့်နေပါက သူ အသက်ပျောက်သွားပေလိမ့်မည်။
ထို့ကြောင့် လောလောဆယ် ဆန်းလျန်ထွက်လာအောင် ကြိုးစားကြည့်ခြင်းက အကောင်းဆုံးဖြစ်သလို သူက အသံထုတ်လွှတ်စကားပြောလိုက်သည့်အတွက် အခြားသူများ သူ့အသံကို ကြားပါက သူ ဘာဖြစ်နေသည်ကို သိရှိသွားနိုင်သည်။ ထိုအခါ… သူ့လူများနှင့် အဆက်အသွယ်ပြန်ရနိုင်ချေရှိသည် မဟုတ်ပါလား။
ထိုအခါ… လေထုထဲတွင် ကျယ်လောင်သည့် ရယ်မောသံကြီးတစ်သံ ထွက်ပေါ်လာပြီး ချိစုန်းကျီ၏ခန္ဓာကိုယ်မှာ ပင်လယ်ရေလှိုင်းများနှင့်အတူ တုန်ခါသွားလေသည်။
ရယ်မောသံကြီးက သူ၏ စိတ်ဝိညာဉ်ထဲသို့ပင် ပဲ့တင်ထပ် ရိုက်ခတ်လျှက်ရှိသည်။ ဆန်းလျန်၏ ကျင့်ကြံခြင်းအဆင့်မှာ ခန့်မှန်း၍ မရသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပြီး ချိစုန်းကျီ ရင်ထဲတွင် မချိတင်ကဲ ခံစားလိုက်ရသည်။
ထို့နောက် လေထဲတွင် အဖြူရောင်အရိပ်တစ်ရိပ်ပေါ်လာပြီး ချိစုန်းကျီကို ရိုက်ချလိုက်လေရာ ချိစုန်းကျီ နေရာတွင်ပင် အသက်ပျောက်တော့မတတ် ခံစားလိုက်ရသည်။
ထိုအဖြူရောင်အရိပ်မှာ ဓားဝိညာဉ်တစ်ခုဖြစ်လေသည်။
ဓားဝိညာဉ်သည် အသက်ဓာတ်စွမ်းအားများနှင့် ပြည့်နေပြီး ကြည်လင်သည့်စမ်းချောင်းလေးပမာ ဖြစ်သော်လည်း လူအများ၏နှလုံးသားကို ထိတ်လန့် ချောက်ချားစေလေသည်။
ချိစုန်းကျီ မပေါ့ဆရဲတော့ပေ။ သူ့ကိုယ်ထဲမှ အနက်ရောင် မြစ်တစ်စင်းစီးဆင်းထွက်လာပြီး ဓားဝိညာဉ်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ချိစုန်းကြည်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ရာကောင်းအောင် တုန်ခါနေပြီး အရိုးများပင် အရည်ပျော်ကျလုနီးပါး ဖြစ်နေလေသည်။
ချိစုန်းကျီ၏ အနက်ရောင်ရေစီးကြောင်းနှင့် အဖြူရောင်ဓားဝိညာဉ် ရိုက်ခတ်မိသည်နှင့် ချက်ချင်းပင် စကြာဝဠာတစ်ခုလုံးကိုပင် ဖိနှိပ်ထားနိုင်သည့် ကြီးမားသည့် ဖိအားကြီးတစ်ခုကို ချိစုန်းကျီ ခံစားလိုက်ရသည်။
သူ ဆန်းလျန်ကို မည်သို့မှ မယှဉ်နိုင်သည်မှာ သေချာလွန်းသည်။
ဓားဝိညာဉ်သည် ရှည်လျားသည့် အနက်ရောင်မြစ်ရေများကြားတွင် စီးမျောနေပြီး (၂)ခု ကွဲသွားလေသည်။ ထို့နောက် (၂)ခုမှ (၄)ခု ၊ (၄)ခု မှ (၈) ခု စသည်ဖြင့် အချိန်တိုအတွင်း အဆုံးမရှိ ၊ မျှော်လင့်မထားလောက်အောင် များပြားလာပြီး ချိစုန်းကျီ၏ အနက်ရောင်မြစ်ရေများအားလုံးကို စုပ်ယူပစ်လိုက်လေတော့သည်။
တစ်ချိန်တည်းမှာပင် ချိစုန်းကျီ၏ တန်ခိုးစွမ်းအားများ လျှင်မြန်စွာ လျော့နည်းလာသည်ဟု ခံစားလိုက်ရသည်။
သူက ဗဟုသုတနှင့် အလွန်ပြည့်စုံသည်ဖြစ်လေရာ ထိုဓားဝိညာဉ်မှာ သွေးဓားဖြစ်ကြောင်း ချက်ချင်းသိရှိလိုက်သည်။
သို့သော်… သွေးဓားတွင် လုံး၀ မိစ္ဆာစွမ်းအားများ ပါဝင်နေခြင်း မရှိပေ။ ဓားဝိညာဉ်မှာ အသက်ဓာတ်စွမ်းအားများပြည့်ဝနေပြီး သွေးဓားမှာ သန့်စင်ထားခြင်းခံရဟန် ရှိလေသည်။
ထိုအချက်က မယုံကြည်နိုင်စရာကောင်းလှသလို ဆန်းလျန် မည်မျှခန့်မှန်းရခက်ကြောင်း ပေါ်လွှင်ထင်ရှားလှသည်။
သာမန်ဓားဝိညာဉ်တစ်ခုဆိုလျှင်မည်သို့ တိုက်ခိုက်ရမည်ကို ချိစုန်းကျီ ကောင်းကောင်းသိရှိမည် ဖြစ်သော်လည်း သွေးဓား၏ တိုက်ခိုက်မှုကိုတော့ ဓားချက် (၂)ချက်ထက်ပိုပြီး မခုခံနိုင်ခဲ့ပေ။
ထို့နောက် ချိစုန်းကျီ သွေးများသုံးခါတိတိ အန်ချလိုက်ပြီး သွေးများက သူ့လက်ထဲတွင်ကိုင်ထားသည့် ကြေးမုံတစ်ချပ်ထက်တွင် စွန်းထင်းသွားလေသည်။
ထိုကြေးမုံမှန်မှာ ရွှမ်မင်ကြေးမုံမှန် ဖြစ်ပြီး ထိုအရာ၏ ဇာစ်မြစ်က အလွန်ထူးခြားသည်။
ရှေးခေတ်အချိန်အခါက မည်သူမှ အနိုင်ယူနိုင်ခြင်းမရှိသည့် နတ်ဘုရားလည်းဖြစ် ၊ နတ်မိစ္ဆာလည်းဖြစ်သူ ရွှမ်မင်ဆိုသည့် လူတစ်ယောက် လောကတွင် ရှိခဲ့ဖူးသည်။
သူ၏ ကျင့်စဉ်လမ်းက အခြားသူများနှင့်မတူဘဲ ကွဲပြားသလို သူကိုယ်တိုင်ကလည်း တာ့လောအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ သူ့ကို ဒုတိယမိုးနတ်မင်းသည်ပင် သွားရောက် ရန်မစရဲခဲ့ပေ။
နောက်ပိုင်းတွင်တော့ ရွှမ်မင်သည် ဘေးအန္တရယ်ကပ်ဆိုးကြီးဖြင့် ကြုံတွေ့ရင်ဆိုင်ခဲ့ရပြီး ပျက်စီးခဲ့ရလေသည်။
ချိစုန်းကျီမှာ ရွှမ်မင်၏ ကြွင်းကျန်ရစ်ခဲ့သည့် မူလဝိညာဉ်အပိုင်းအစလေးမှ ဖြစ်တည်လာသည့် နတ်ဘုရားတစ်ပါး ဖြစ်လေ၏။
ရွှမ်မင်၏ မူလဝိညာဉ်အပိုင်းအစလေးသည်ပင် နှစ်ပေါင်းများစွာ ကြောက်မက်ဖွယ်ရာ ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားတစ်ပါးဖြစ်နေခဲ့လေသည်။
သို့သော် ချိစုန်းကျီ တာ့လော်အဆင့်သို့ မတက်လှမ်းနိုင်ခြင်းမှာ ရွှမ်မင်၏ အခြေခံကျင့်စဉ်ကို မသိသည့်အတွက်ကြောင့် ဖြစ်လေသည်။
ရွှမ်မင်ကြေးမုံကတော့ ရွှမ်မင်၏ ကိုုယ်ပိုင်ရတနာပစ္စည်းတစ်ခု ဖြစ်လေ၏။
ဆန်းလျန်ကဲ့သို့ လက်တစ်ဖက်မြှောက်ရုံဖြင့် ကြီးမားသည့်တန်ခိုးစွမ်းအားကိုပိုင်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ယောက်ကို ထို ကြေးမုံမှန်ဖြင့် မတိုက်ခိုက်လျှင် မည်သည့်မှော်ဝင်ပစ္စည်းဖြင့် တိုက်ခိုက်နိုင်ပါမည်နည်း။
ချိစုန်းကျီအန်ချလိုက်သည့် သွေးသုံးပွက်သည် နှစ်ပေါင်းသန်းချီကြာအောင် သူ ကျင့်ကြံခဲ့သည့် ကျင့်ကြံခြင်းအနှစ်သာရများ ပါဝင်လေသည်။ သူ ဝမ်းနည်းခြင်းကြီးစွာ ဖြစ်မိသော်လည်း နောက်မဆုတ်ရဲပေ။
ရွှမ်မင်ကြေးမုံသည် တာအိုသွေးစက်များနှင့် ထိတွေ့မိသွားသည်နှင့် အလင်းတန်းများတောက်ပလာပြီး ဓားဝိညာဉ်က စုပ်ယူမြိုချပစ်လိုက်သည့် အနက်ရောင်မြစ်ရေများဆီသို့ ပျံသန်းထွက်ခွာသွားလေတော့သည်။
ရုတ်တရက်… လေထုတစ်ခုလုံး အေးခဲသွားပြီး အသိဉာဏ်ပညာနှင့်ပြည့်စုံသည့် ဓားဝိညာဉ်သည် ချက်ချင်းပင် တုံ့နှေးသွားလေသည်။
ချိစုန်းကျီမှာလည်း အားနည်းပြီး ခြေပစ်လက်ပစ်လဲကျသွားတော့သည်။
ထိုအချိန်မှာပင်… အဝေးဆီမှ အခိုးအငွေ့ (၂၇)ခု သူ့ထံသို့ လာနေသည်ကို ချိစုန်းကျီ တွေ့မြင်လိုက်ရသည်။
ထိုအခိုးအငွေ့များမှာ သူရှိရာသို့ လာရောက်နေသည့် နတ်မိစ္ဆာအဓိပတိကြီးနှင့် ပထမမိုးနတ်မင်းတို့ အုပ်စုဖြစ်သည်ကို ချိစုန်းကျီ သိရှိလိုက်သည်။
သို့သော်… သူ သိပ်ပြီး အချိန်ကြာကြာ ဝမ်းမသာလိုက်ရပေ။
သူ၏ပါးစပ်ထဲမှ နောက်ထပ်သွေးတစ်ပွက်အန်ထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှာ လုံး၀ နွမ်းခွေသွားလေသည်။
ဓားဝိညာဉ်က ချက်ချင်းပင် အသက်ဝင်လာပြီး ရွှမ်မင်ကြေးမုံကို ခုတ်ပိုင်းချလိုက်လေရာ မှော်ဝင်ကြေးမုံမှန်မှာ နှစ်ခြမ်းကွဲသွားလေတော့သည်။
ထိုရတနာကြေးမုံမှန်သည် ချိစုန်းကျီနှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ်မှုရှိပြီး သူ၏ အသက်သွေးကြောကဲ့သို့ဖြစ်လေရာ ကြေးမုံမှန် ဖျက်စီးခံလိုက်ရသည့်အခါ ချိစုန်းကျီမှာလည်း ဒဏ်ရာရသွားလေတော့သည်။
သူ အသက်တစ်ချက် ရှူထုတ်လိုက်ပြီး သွေးများအန်ချလိုက်ပြန်သည်။
ချိစုန်းကျီအန်ချလိုက်သည့် တာအိုသွေးစက်များက ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သွေးရောင်လွှမ်းနေသည့် သက်တန့်တစ်ခုအဖြစ်ပြောင်းလဲသွားလေသည်။
ထို့နောက် သက်တံ့သည် ကောင်းကင်ကိုဖြတ်ကျော်ပြီး နတ်မိစ္ဆာအဓိပတိကြီးနှင့် အခြားသူများရှိရာသို့ ဦးတည်ထွက်ခွာသွားလေသည်။
ပျံသန်းလာသည့် သွေးနီရောင်သက်တံ့ကို အားလုံး တွေ့မြင်လိုက်ကြရသော်လည်း ထိုသက်တံ့သည် လေထဲတွင် အေးခဲသွားပြီး ဆက်လက်ရွေ့လျားလာနိုင်ခြင်း မရှိတော့ပေ။
ထိုအချိန်မှာပင် နတ်မိစ္ဆာအဓိပတိကြီးနှင့် အခြားသူများမှာ သေလုမျောပါး ခံစားလိုက်ရလေသည်။
ရွှမ်မင်ကြေးမုံကို ထိုးခွဲပစ်လိုက်သည့် ဓားဝိညာဉ်သည် အနက်ရောင်မြစ်ရေများအတွင်းမှ ချက်ချင်း ထွက်ပေါ်လာပြီး သွေးနီရောင်သက်တံ့ဆီသို့ ဦးတည်ဝင်ရောက်သွားလေတော့သည်။
သွေးဓားဖြင့် ခုတ်ပိုင်းခံလိုက်ရသည်နှင့် ချိစုန်းကျီ၏ မူလဝိညာဉ်ခန္ဓာမှာ တစ်ချက်တည်းဖြင့် တစ်စစီ ပြိုကွဲပျက်စီးသွားလေတော့သည်။
အနည်းငယ် ရုန်းကန်လှုပ်ရှားနေပြီးနောက် ချိစုန်းကျီ၏ မူလဝိညာဉ်ခန္ဓာ တစ်စစီပြိုကွဲပြီး အပိုင်းပိုင်း ကွဲထွက်ကာ ပျက်စီးသွားလေတော့သည်။
သနားစရာ နတ်ဘုရားတစ်ပါးသည် ဘေးအန္တရယ်ဆိုးနှင့် ကြုံတွေ့ခဲ့ရပြီဖြစ်ပြီး အသက်ရှင်သန်ရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်တော့ပေ။
***
မှတ်ချက် - ဆန်းလျန်နှင့်ချိစုန်းကျီ ဆုံတွေ့ခဲ့ခြင်းကို အခန်း (၇၀၁)တွင် ရေးသားထာပါသည်။ - ဘာသာပြန်သူ
***