← Chapters

သဘာဝလွန်တန်ခိုးစွမ်းအားများ

Vol. 10 Ch. 969

သဘာဝလွန်တန်ခိုးစွမ်းအားများ

Vol. 10 Ch. 969

ဓားရောင်က ဒေါသတကြီးပေါက်ကွဲထွက်သွားပြီး ချိစုန်းကျီ၏ မူလဝိညာဉ်ခန္ဓာကို သုတ်သင်ရှင်းလင်းပစ်လိုက်ပြီ ဖြစ်လေသည်။

ထိုအချိန်မှာပင်… ပန်းချီကားလိပ်တစ်ခု လေထဲတွင် ပျံဝဲလာပြီး ပန်းချီကားထဲမှ နဂါးဟိန်းသံနှင့်ကျားဟိန်းသံများ ထွက်ပေါ်လျှက် ရှိသည်။

ကောင်းကင်ထက်တွင် ပန်းချီကားနှင့် ဓားဝိညာဉ်တို့ ထိပ်တိုက်ရင်ဆိုင်မိကြသည်။

ထိုပန်းချီကားမှာ နတ်မိစ္ဆာအဓိပတိကြီး၏ ဝိညာဉ်ရတနာပန်းချီကား ဖြစ်လေသည်။ ထိုပန်းချီကားထဲတွင် သတ္တဝါ (၄)မျိုးကို သန့်စင်ပြီး ကျင့်ကြံထားခြင်း ဖြစ်၏။

ဝိညာဉ်ရတနာ ပန်းချီကားသည် ထိုက်ချိယင်ယန်ပန်းချီကားကိုပင် ကောင်းကောင်းယှဉ်ပြိုင်နိုင်သည်ဖြစ်သောကြောင့် ဆန်းလျန်၏ ထိုက်ယိကိုယ်ခွဲကိုလည်း အနည်းနှင့်အများ နာကျင်စေနိုင်မည် ဖြစ်သည်။

ဓားဝိညာဉ်က လက်ခနဲတစ်ချက်တောက်ပလာပြီး ပန်းချီကားကို ထိုးခွဲပစ်လိုက်ကာ ပန်းချီကားထဲမှ သတ္တဝါ (၄)ကောင်ကို ရင်ဆိုင်လိုက်သည်။

ရှေးဟောင်းသတ္တဝါ (၄)မျိုးမှာ ဝိညာဉ်ရတနာပန်းချီကားဖြင့် ပေါင်းစည်းထားသည့်အတွက် လေထုထဲတွင် အဆုံးမရှိသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။ မြေ ၊ ရေ ၊ လေ ၊ မီး ဓာတ်ကြီး (၄)ပါးဖြင့် သတ္တဝါ (၄)ကောင် ပေါင်းစုံသွားသွားပြီး တန်ခိုးစွမ်းအား မြင့်မားစွာ ထွက်ပေါ်လာသည်။

သို့သော်… ဆန်းလျန်၏ ဓားကလည်း သူ၏ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားကိုပိုင်သည့် ဓားဖြစ်သည်။ ဓားဝိညာဉ်က အဆက်မပြတ်ပြောင်းလဲနေပြီး သတ္တဝါ (၄)ကောင်ကြားတွင် လှည့်ပတ်သွားလာလျှက် ရှိလေသည်။

သတ္တဝါ (၄)ကောင်သည် တစ်ကောင်လျှင် တစ်မျိုး ထင်ရှားသည့် တန်ခိုးစွမ်းအားများ ရှိကြသည်။ ဓားဝိညာဉ်က သတ္တဝါ (၄)ကောင်၏ ဟာကွက်များကို ထိုးဖောက်ဝင်ရောက်ပြီး ခုတ်ဖြတ်တိုက်ခိုက်လိုက်သည်။

သတ္တဝါ (၄)ကောင်မှာ ချက်ချင်းပင် ပြားပြားဝပ်သွားပြီး ဒဏ်ရာများ ရသွားကြလေသည်။

ဆန်းလျန်၏ ဓားဝိညာဉ်က 'ယိ' လမ်းစဉ်ကို အခြေခံပြီး မိုးကောင်းကင်မိစ္ဆာကျင့်စဉ်နှင့် အိပ်မက်လိပ်ပြာကျင့်စဉ်ကို ပေါင်းစပ်ထားခြင်းဖြစ်လေရာ လောကရှိ နတ်ဘုရားအများစုကို သုတ်သင်ပစ်နိုင်စွမ်း ရှိလေသည်။ ထို့ပြင်… ဓားဝိညာဉ်က ထူးဆန်းပြီး ခန့်မှန်းရခက်လှသည်။

ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်သည့် ချိစုန်းကျီပင်လျှင် ထိုဓားဝိညာဉ်ကို ခုခံနိုင်ခြင်း မရှိခဲ့ပေ။

ဓားဝိညာဉ်က ပန်းချီကားကို ထိမှန်သွားပြီး ဆန်းလျန်၏ ခန္ဓာကိုယ်အစစ်အမှန် ထွက်ပေါ်လာလေသည်။

ထိုက်ကျိကိုယ်ခွဲလည်း မဟုတ်သလို ၊ ထိုက်ယိကိုယ်ခွဲလည်း မဟုတ်ပေ။ အပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆန်းလျန် အစစ်အမှန် ဖြစ်လေ၏။ ထိုက်ယိကိုယ်ခွဲမှ ဆန်းလျန်၏အသွင်အစစ်ကို ခေတ္တပြသခြင်းဟု ဆိုနိုင်သည်။

ဆန်းလျန်က လေထဲတွင် အေးအေးဆေးဆေးပင် ရပ်နေလေသည်။

သူ၏မျက်ဝန်းများက လှိုင်းတစ်ချက်မခတ်ဘဲ တည်ကြည်နေပြီး ချန်ကျင်းချင်သည် ထိုမျက်ဝန်းများကို ရင်မဆိုင်ရဲစွာဖြင့် အကြည့်လွှဲလိုက်၏။

ထို့နောက် ကောင်းကင်ထက်မှ သံလိုက်မုန်တိုင်းများကြားထွက် ဆန်းလျန်၏ပုံရိပ်က ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားလေသည်။

ချန်ကျင်းချင်၏ ရင်ထဲတွင် များစွာ တုန်လှုပ်သွားလေသည်။

ထိုအချိန်မှာပင်… သူ့ရှေ့ရှိ လေထုထဲတွင် ကျောက်စိမ်းသားအလား ဖြူစင်လွန်းသည့် လက်ဖဝါးတစ်ဖက်ထွက်ပေါ်လာလေ၏။

ချန်ကျင်းချင်က ပြန်လည်မွေးဖွားလာသည့် ပထမမိုးနတ်မင်းဖြစ်သော်လည်း သူ၏တန်ခိုးစွမ်းအားများက ယခင်အချိန်ကကဲ့သို့ ထိပ်ဆုံးအဆင့်သို့ မရောက်သေးပေ။ ထိပ်ဆုံးအဆင့်ရောက်ရန်မှာ အလှမ်းဝေးသေးသည်။

သို့သော်… ယခုအခြေအနေထိ ရောက်ခဲ့ပြီးမှတော့ နောင်တရနေစရာ မရှိတော့ပေ။

ချန်ကျင်းချင်က လက်များကို လှုပ်ရှားဝှေ့ရမ်းလိုက်ရာ ဓားဝိညာဉ် (၃)ခုက လှိုင်းလုံးကြီးများအလား တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။

သို့သော်… ဆန်းလျန်၏ နတ်ဘုရားလက်ဖဝါးကြီးက အလွန်တန်ခိုးစွမ်းအားမြင့်မားလေရာ ချန်ကျင်းချင်၏ ဓားဝိညာဉ်များမှာ တစ်စစီပျက်စီးသွားလေသည်။ နောက်ဆုံး ကြီးမားလွန်းသည့် နတ်ဘုရားကြီးက ပြောင်းလဲမှုမရှိဘဲ ချန်ကျင်းချင်၏ခန္ဓာကိုယ်ကို ရိုက်ချလိုက်လေတော့သည်။

ချန်ကျင်းချင်၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး သူ၏မူလဝိညာဉ်ခန္ဓာက ခန္ဓာကိုယ်အတွင်းမှ ပျံသန်းထွက်ခွာလာလေသည်။

သို့သော်… ချန်ကျင်းချင်မှာ ချိစုန်းကျီကိုကြည့်ပြီး သင်ခန်းစာရခဲ့ပြီဖြစ်လေရာမူလဝိညာဉ်ခန္ဓာကို အဆိုင်အခဲအဖြစ်သိပ်သည်းမထားဘဲ အခိုးအငွေ့အဖြစ် ပြောင်းလဲလိုက်သည်။

ဆန်းလျန်က တပည့်ရင်းဖြစ်သူ၏ ခန္ဓာကိုယ်ကိုပင် အရေးမစိုက်ဘဲ တစ်ချက်တည်းဖြင့် ဖျက်စီးပစ်လိမ့်မည်ဟု ချန်ကျင်းချင် ထင်မထားမိပေ။

ကြီးမားသည့် လက်ဖဝါးကြီးက အခိုးအငွေ့အဖြစ် ပြောင်းလဲသွားသည့် ချန်ကျင်းချင်၏ မူလဝိညာဉ်ခန္ဓာကို လိုက်လံဖမ်းဆီးနေစဉ်မှာပင် အခြားသူများက ချန်ကျင်းချင်ကို ကယ်တင်ရန် ဝင်ရောက်လာကြလေသည်။

ပထမဆုံးဝင်ရောက်လာသူမှာ နတ်မိစ္ဆာအဓိပတိကြီးဖြစ်လေ၏။ သူ၏ လျှင်မြန်မှုက မယုံကြည်နိုင်စရာကောင်းလှသည်။

နတ်မိစ္ဆာအဓိပတိကြီးက သူ၏ ခွန်ဖိန်နတ်မိစ္ဆာခန္ဓာကို ထုတ်ဖော်လိုက်လေရာ ကြီးမားသည့် ခွန်ဖိန်ငှက်ဦးခေါင်းကြီး ထွက်ပေါ်လာပြီး အမွှေးအတောင်များကလည်း နက်မှောင်စိုလဲ့ကာ တောက်ပလျှက်ရှိလေသည်။

ချက်ချင်းပင် နတ်မိစ္ဆာအဓိပတိကြီးက ဆန်းလျန်၏ လက်ဖဝါးကြီးကို အတောင်ပံများဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

လက်ဖဝါးကြီးနှင့် အတောင်ပံကြီး ရိုက်ခတ်မိသည့်နှင့် လေထုတစ်ခုလုံး လဲပြိုကျသွားပြီး ကောင်းကင်ထက်တွင် တွင်းနက်ငယ်များ ထွက်ပေါ်လာလေသည်။

တံတိုင်း (၃)ခု ၊ သတ္တဝါ (၄)ကောင် ၊ လမ်းကြောင်း(၂၈)ဖြာ အရံအတားက အလွန်မြင့်မားသည့် တန်ခိုးစွမ်းအားရှိလေရာ ဆန်းလျန်၏ လက်ဖဝါးကြီးမှ ကြီးမားသည့် တန်ခိုးစွမ်းအားကို ခံစားလိုက်ရသည့်အခါ ချက်ချင်းပင် ကြယ်စင်စွမ်းအားများဖြင့် ပိတ်ဆို့လိုက်ခြင်း ဖြစ်လေ၏။

ခွန်ဖိန်ငှက်ကြီး၏ အနက်ရောင်အမွှေးအတောင်များအားလုံး ကျွတ်ထွက်သွားပြီး အမှုံ့ဖြစ်သွားလေသည်။

ဆန်းလျန်၏ ပြိုင်ဘက်ကင်း လက်ဝါးရိုက်ချက်ကို နတ်မိစ္ဆာအဓိပတိကြီး ခံနိုင်ရည် မရှိခဲ့ပေ။ သူနှစ်ပေါင်းများစွာ သန့်စင်ထားခဲ့သည့် အနက်ရောင်အမွှေးများမှာ လုံး၀ ပျက်စီးသွားခဲ့ပြီ ဖြစ်လေသည်။

သူ၏မူလဝိညာဉ်ခန္ဓာက ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ကြီးကို ဖုံးအုပ်ထားလိုက်လေသည်။ မဟုတ်ပါက အမွှေးမရှိသည့် လဒတစ်ကောင်အလား အလွန်ကြည့်ရဆိုးပေလိမ့်မည်။

တိုက်ပွဲ ခေတ္တရပ်တန့်သွားသည့်အချိန်တွင် ချိစုန်းကျီ၏ ပျက်စီးသွားသည့် မူလိဝိညာဉ်အပိုင်းအစများက နတ်မိစ္ဆာအဓိပတိကြီးရှိရာသို့ စုဝေးရောက်ရှိလာလေသည်။

ချိစုန်းကျီ၏ မူလဝိညာဉ်ခန္ဓာအပိုင်းအစများသည် ဝိညာဉ်ရတနာ ပန်းချီကားဖြင့် ပေါင်းစည်းသွားလေသည်။

ချိစုန်းကျီ၏ မူလဝိညာဉ်ခန္ဓာက ပန်းချီကားအတွင်းသို့ ဝင်ရောက်သွားသည့်အခါ ပန်းချီကားက ပြန်လည် အသက်ဝင်လာသည်။

နတ်ဘုရားများနှင့် သတ္တဝါ (၄)ကောင် ပေါင်းလိုက်လျှင် စုစုပေါင်း တန်ခိုးစွမ်းအား (၂၇) မျိုး ရရှိမည်ဖြစ်လေသည်။ ထိုတန်ခိုးစွမ်းအားများအားလုံး တစ်စုတစ်စည်းတည်းအဖြစ် ပေါင်းစပ်သွားကြသည်။

ထိုသို့အခါ… ဝိညာဉ်ရတနာပန်းချီကားမှ အလင်းရောင်များ ထွက်ပေါ်လာလေသည်။

ပန်းချီကားအတွင်းမှ သတ္တဝါ (၄)ကောင်ထွက်ပေါ်လာပြီး နတ်မိစ္ဆာအဓိပတိကြီး၏ ဦးခေါင်းထက်သို့ ရောက်ရှိလာလေသည်။

ထို့နောက် နတ်မိစ္ဆာအဓိပတိကြီး၏ ဦးခေါင်းထက်မှ အစိမ်းရောင်တိမ်တိုက်တစ်ခုထွက်ပေါ်လာပြီး သတ္တဝါ (၄)ကောင်က တိမ်တိုက်ထက်သို့ တက်လိုက်ကြသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် နတ်မိစ္ဆာအဓိပတိကြီး၏ မိစ္ဆာစွမ်းအားများ ခန့်မှန်း၍ မရနိုင်လောက်အောင် မြင့်မားနေပြီ ဖြစ်သည်။

လေထုထဲတွင် ဆန်းလျန်၏ ခန္ဓာကိုယ်ထွက်ပေါ်လာပြီး သန့်စင်ကြည်လင်နေလေသည်။ သို့သော်… သူ၏ခန္ဓာကိုယ်က မိုးမြေစွမ်းအားများနှင့် ချိတ်ဆက်ထားခြင်း မရှိဘဲ သီးသန့်ဆန်လွန်းနေလေသည်။

ဆန်းလျန်ကိုယ်တိုင်က သီးခြားစကြာဝဠာတစ်ခုအလားဖြစ်နေပြီး ဆန်းလျန်၏ ခန္ဓာကိုယ်ထဲတွင် စကြာဝဠာအစစ်အမှန်အတိုင်း ပြောင်းလဲမှုများဖြစ်ပေါ်လျှက် ရှိသည်။

ဆန်းလျန်၏ နက်နဲသည့် တန်ခိုးစွမ်းအားကို တွေ့မြင်လိုက်ကြရသည့်အခါ နတ်ဘုရားများအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

ဆန်းလျန်ထံတွင် အားနည်းချက်ဟူ၍ သူတို့ ရှာဖွေမတွေ့ပေ။

အားလုံးက ချိစုန်းကျီကဲ့သို့ ဘဝအဆုံးသတ်သွားကြမည်ကို ကြောက်ရွံ့နေကြသည်။

ဆန်းလျန်ကို ဝိုင်းတိုက်ကြမည်ဟု ဆုံးဖြတ်လိုက်ပြီးကတည်းက သူတို့အားလုံး သေရန် အသင့်ပြင်ထားကြသူများ ဖြစ်သည်။

သို့သော်… နှစ်ပေါင်းများစွာ အသက်ရှင်သန် နေထိုင်ခဲ့သည့် ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်သော ဒေဝေါနတ်မင်းကြီး ချိစုန်းကျီ သေဆုံးသွားသည်ကို တွေ့လိုက်ရသည့်အခါ သူတို့အားလုံး စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်ကြပေ။

နှစ်ပေါင်းသန်းနှင့်ချီပြီး ကျင့်ကြံခဲ့သမျှသည် တစ်ခဏအတွင်း အမှုံ့ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

တုန်းဟွာတောက်ကျွင်းနှင့် ဆန်းလျန်ကြားတွင်ရှိသည့် ရန်ငြိုးကတော့ မပြေနိုင်သည့် ရန်ငြိုးဖြစ်လေသည်။

ချင်းရှတောင်တွင် ဆန်းလျန်နှင့် တုန်းဟွာတောက်ကျွင်း တိုက်ခိုက်ခဲ့စဉ်က သူက ဆန်းလျန်၏ လက်ချက်ဖြင့် လူပြန်ဝင်စားခြင်းဘုံသို့ ဝင်ရောက်ကာ လူပြန်ဝင်စားခဲ့ရဖူးသည် မဟုတ်ပါလား။ သူ့အနေဖြင့် ဆန်းလျန်ကို အဘယ်မှာ ရန်ငြိုးပြေနိုင်ပါမည်နည်း။

ထို့ပြင်… သူနှင့် ရဲ့လျိုယွင် သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြဖူးလေသည်။

ဆန်းလျန်က ရဲ့လျိုယွင်၏ ကံကြမ္မာကို ခိုးယူခဲ့သော်လည်း ရဲ့လျိုယွင်ကိုတော့ သတ်ဖြတ်ခဲ့ခြင်း မရှိပေ။ ဆန်းလျန်က ရဲ့လျိုယွင်ကို အကြွေးပြန်ဆပ်လိုခြင်း ဖြစ်ဟန်တူလေသည်။

ထို့ပြင်… ဆန်းလျန်က ရဲ့လျိုယွင်ကို မိုးကောင်းကင်တံခါးကိုပင် ပေးခဲ့သေးသည်။ ဤသည်မှာ ဆန်းလျန်က ရဲ့လျိုယွင်အပေါ် ပေးဆပ်နေသည်မှာ ထင်ရှားသည့်ကိစ္စဖြစ်သည်။

တုန်းဟွာတောက်ကျွင်းအတွက် ရဲ့လျိုယွင်ကတော့ ခလုတ်ဖြစ်၏။ ထို့ကြောင့် တုန်းဟွာတောက်ကျွင်းက ရဲ့လျိုယွင်ကို ရှင်းပစ်ချင်မိသည်။

ဆန်းလျန်က ရဲ့လျိုယွင်ကို ကူညီနေသူဖြစ်လေရာ သူ့အနေဖြင့် ဆန်းလျန်ကို နှစ်ဆတိုးပြီး အမုန်းပွားမိလေသည်။

ဆန်းလျန်၏ ထိုက်ယိကိုယ်ခွဲ ယနေ့ ကျိန်းသေကျဆုံးသွားရန် လိုအပ်လေသည်။ မဟုတ်ပါက တုန်းဟွာတောက်ကျွင်းအနေဖြင့် အသေဖြောင့်မည်ပင် မဟုတ်ပေ။

ထို့ကြောင့် တုန်းဟွာတောက်ကျွင်းက ကြွေးကျော်လိုက်၏။

"ဒီနေ့တိုက်ပွဲမှာ ရှေ့ဆက်တိုက်ဖို့ပဲလိုတယ် ၊ လုံး၀ နောက်မဆုတ်နိုင်ဘူး ၊ တစ်ချက်မှ မတုံ့ဆိုင်းနိုင်ဘူး ၊ တာအိုရောင်းရင်း ချိစုန်းကျီကတော့ သင်ခန်းစာတစ်ခုအဖြစ် သဘောထားလိုက်ကြပါ…"

ကြွေးကျော်သံအဆုံးသတ်သွားသည်နှင့် တုန်းဟွာတောက်ကျွင်း၏ ခန္ဓာကိုယ်ထက်တွင် မီးတောက်များ တဟုန်းဟုန်းတောက်လောင်လာလေသည်။

ထိုမီးတောက်များမှာသန့်စင်သည့် ယန်စွမ်အားမီးတောက်များ ဖြစ်သည်။

ထို့နောက် မီးတောက်များထဲမှ အသံများထွက်ပေါ်လာပြီး မိုးကောင်းကင်မှ မြေကြီးထိတိုင်အောင် ပြင်းထန်သည့် တန်ခိုးစွမ်းအားများ လောင်ကျွမ်း ထွက်ပေါ်လာလေသည်။

တုန်းဟွာတောက်ကျွင်းသည် လောကထိပ်တန်းနတ်ဘုရားတစ်ပါးဖြစ်သလို အသန်မာဆုံ းနတ်ဘုရားတစ်ပါးလည်း ဖြစ်သည်။

အချိန်ခဏအတွင်းမှာပင် သူ၏ သန့်စင်သော ယန်စွမ်းအားမီးတောက်များထဲတွင် အတိတ်ကာလမှ ပစ္စုပ္ပန်အချိန်ထိ ထောင်ပေါင်းများစွာသော တာအိုလမ်းစဉ်အနှစ်သာရများ ပါဝင်လေသည်။

ဤသည်မှာ တုန်းဟွာတောက်ကျွင်း၏ တန်ခိုးစွမ်းအားမဟုတ်သေးပေ။ တိုက်ခိုက်မှု အရှိန်အဟုန်သာ ဖြစ်လေသည်။

တုန်းဟွာတောက်ကျွင်း၏ ပုံစံက အခြားနတ်ဘုရား၏စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ကြောက်ရွံ့စိတ်များကို ဖယ်ရှားပေးလေသည်။

ဘုရင်မကြီးကလည်း ဆုံးဖြတ်ချက်ချလိုက်သည်။

သူမ၏ ကျောက်စိမ်းရတနာအလား လှပသည့် လက်ဖဝါးသည် ကောင်းကင်ကို ဖွင့်လှစ်လိုက်သည့်အလားထင်မှတ်ရသည်။

သူမ၏ လက်ဝါးရိုက်ချက်သည် တုန်းဟွာတောက်ကျွင်း၏ ယန်စွမ်းအားမီးတောက်များနှင့် ပေါင်းစပ်သွားပြီး တုန်းဟွာတောက်ကျွင်း၏ တိုက်ခိုက်မှုက ပိုမို အားကောင်းလာလေသည်။

ဘုရင်မကြီးအသုံးပြုလိုက်သည့် လက်ဖဝါးသိုင်းကို မိုးမြေလက်ဖဝါးသိုင်းဟုခေါ်ပြီး တာအိုကျမ်းစာများထဲတွင်တော့ ထိုလက်ဖဝါးသိုင်းကိုအသုံးပြုရန်အတွက် တာအိုနှင့် ကာရံညီရန် လိုအပ်သည်။

ထိုလက်ဝါးရိုက်ချက်သည် ဘုရင်မကြီး၏ အကြီးမားဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်သည်။ သူမ စိတ်ပိုင်းဖြတ်ထားပြီ ဖြစ်ပြီး လုံး၀ နောက်ပြန်ဆုတ်တော့မည် မဟုတ်ပေ။

ဘုရင်မကြီးနှင့် တုန်းဟွာတောက်ကျွင်း၏ သတ္တိကို တွေ့မြင်လိုက်ရသည်နှင့် အခြားနတ်ဘုရားများသည်လည်း တုံ့ဆိုင်းမနေတော့ဘဲ သူတို့၏ ဝိညာဉ်စွမ်းအားပစ္စည်းများ ၊ မှော်ဝင်ပစ္စည်းများကို အသုံးပြုကာ ဆန်းလျန်ကို သေစေလောက်သည့် တိုက်ကွက်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ကြလေတော့သည်။

နတ်မိစ္ဆာအဓိပတိကြီးက ထိုအခွင့်အရေးကိုယူပြီး အသက်တစ်ချက် ရှူလိုက်သည်။

နောက်ဆုံးတော့.... ဆန်းလျန်က သူ၏ မိစ္ဆာခန္ဓာကို ရိုက်ချလိုက်သည့် လက်ဝါးရိုက်ချက် လွင့်ပြယ်သွားရပြီ မဟုတ်ပါလား။

ထို့နောက် ကြီးမားသည့် အရံအတားကြီး၏ အကူအညီဖြင့် နတ်မိစ္ဆာအဓိပတိကြီးက သူ၏တန်ခိုးစွမ်းအားများကို ဆွဲဆန့်လိုက်လေရာ တန်ခိုးစွမ်းအားများ ထိပ်ဆုံးအဆင့်ထိ ပြန်လည်ရရှိလာလေသည်။

"ပေမင်...."

နတ်မိစ္ဆာအဓိပတိကြီးက သူ၏မူပိုင်တန်ခိုးစွမ်းအားဖြစ်သော ပေမင် သဘာဝလွန်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။

ထိုတန်ခိုးစွမ်းအားက ကျန့်ယွမ်ကျီနတ်မင်းကြီး၏ ဝိဇ္ဇာအင်္ကျီလက်တန်ခိုးစွမ်းအားနှင့် ဆင်တူသည်။ သို့သော်... ပေမင်တန်ခိုးစွမ်းအားက တစ်ကြိမ်အသုံးပြုရုံဖြင့် အရာအားလုံးကို ဆွဲမြိုပစ်နိုင်စွမ်းရှိသည်။ ဆန်းလျန်၏ အသက်ရှူသံအားလုံးကိုပင် ထိန်းချုပ်ပစ်နိုင်စွမ်း ရှိလေသည်။

သို့သော်… နတ်မိစ္ဆာအဓိပတိကြီးက အသိဉာဏ်ပညာဖြင့် ပြည့်ဝသူ ဖြစ်သည်။

သူ၏ ပေမင်တန်ခိုးစွမ်းအားက ဆန်းလျန်၏ တာအိုတန်ခိုးစွမ်းအားများကို ထိန်းချုပ်နိုင်စွမ်းရှိသည်မှန်သော်လည်း ချက်ချင်းကြီး အသုံးမပြုရဲသေးပေ။

အဘယ်ကြောင့်ဆိုသော်... ဆန်းလျန် အချိန်မရွေး လွတ်မြောက်သွားနိုင်သောကြောင့် ဖြစ်သည်။

ယခု နတ်ဘုရားများအားလုံး ပူးပေါင်းတိုက်ခိုက်နေကြပြီ ဖြစ်လေရာ ဆန်းလျန်အနေဖြင့် လွတ်လမ်းအလွန်နည်းပါးသည်။

နောက်ဆုံး လုံး၀ မလွတ်မြောက်နိုင်သည့် အခြေအနေကျမှ ဆန်းလျန်ကို ပေမင်တန်ခိုးစွမ်းအားဖြင့် တိုက်ခိုက်ရန် အချိန်ကောင်းဖြစ်သည်ဟု နတ်မိစ္ဆာအဓိပတိကြီးက တွေးထင်လိုက်သည်။

နတ်ဘုရားများအားလုံးက တစ်ပြိုင်တည်းတိုက်ခိုက်သော်လည်း ဆန်းလျန်က နောက်ဆုတ်မသွားသည့်အပြင် ရှေ့သို့ပင် တိုးလာသေးသည်။

ဆန်းလျန်က ရှေ့သို့ ခြေတစ်လှမ်းချင်းတိုးလာပြီး သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားများ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

ထို့နောက်… သိမ်မွေ့သည့် တန်ခိုးစွမ်းအားပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး လေထုတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

လေထုတစ်ခုလုံး မငြိမ်မသက်ဖြစ်သွားပြီး ပေါက်ကွဲထွက်သွားသည့် တန်ခိုးစွမ်းအားများက နတ်ဘုရားများအားလုံးကို ထိုးနှက်တိုက်ခိုက်လိုက်လေသည်။

နတ်ဘုရားများအားလုံးမှာ ဆန်းလျန်၏ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများအောက်တွင် ပိတ်မိနေကြလေတော့သည်။

နတ်ဘုရားများပူးပေါင်းတိုက်ခိုက်သည့် တန်ခိုးစွမ်းအားများကြောင့်သာ ဆန်းလျန်၏ ကြီးမားလွန်းသည့် သဘာဝလွန်စွမ်းအားဖြင့် တိုက်ခိုက်ခြင်းကို ရင်ဆိုင်လိုက်နိုင်ကြခြင်းဖြစ်လေသည်။

မဟုတ်ပါက… ဆန်းလျန်၏ တန်ခိုးစွမ်းအားများကြောင့် တစ်စစီပျက်စီးသွားမည် ဖြစ်လေတော့သည်။

***

All Chapters