← Chapters

တစ်ဖက်သတ် အချစ်

Vol. 64 Ch. 668

တစ်ဖက်သတ် အချစ်

Vol. 64 Ch. 668

နတ်မိမယ် ရဲ့မင်၏ ပြောပြချက်များကို နားထောင်ရင်း ထန်ထျန်းက သူမ၏ သရုပ်မှန်အပေါ် ပို၍ပို၍ စိတ်ဝင်စားလာမိသည်။

ဤမိန်းကလေး သိထားသည့် အရာများမှာ သူထင်ထားသည်ထက်ပင် ပိုများနေပုံရသည်။

သူမပြောပုံမှာ ဝေဝေဝါးဝါး ကောလာဟလများကို ပြောပြနေခြင်းဟု ထင်ရသော်လည်း သေချာတွေးတောကြည့်လျှင် သူမ၏ စကားများထဲ၌ နက်နက်ရှိုင်းရှိုင်း လေ့လာစရာ အချက်အလက်များစွာ ပါဝင်နေသည်။

"မင်း ဆိုလိုတာက ဒီဝူယွဲ့ချောက်ကမ်းပါးကို လနတ်သမီးက ဖန်တီးခဲ့တာလို့လား"

ထန်ထျန်းက မေးလိုက်သည်။

နတ်မိမယ် ရဲ့မင်က အသာ ပြုံးလိုက်ပြီး "ကောလာဟလတွေအရတော့ အဲဒီအတိုင်းပါပဲ"

"ဒါပေမဲ့ ကျွန်မ ခုနက သခင်လေးအတွက် တီးခတ်ပေးခဲ့တဲ့ တေးသွားကတော့ ဝူယွဲ့ချောက်ကမ်းပါးမှာ တကယ်ပဲ အာရုံခံစားမိပြီး ရေးဖွဲ့ခဲ့တာပါ"

" သခင်လေးရဲ့ စွမ်းရည်နဲ့ဆိုရင် အဲဒီထဲမှာပါတဲ့ မျှော်လင့်ချက်မဲ့တဲ့ နောင်တတွေကို ကြားနိုင်လိမ့်မယ်လို့ ထင်ပါတယ်"

ထန်ထျန်း အသာ ခေါင်းငြိမ့်ပြလိုက်သည်။

အမှန်ပင်၊ စောစောက တေးသွားသည် ရှည်လျားလှသည့် ကြေကွဲဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ရေးဖွဲ့ထားခြင်းဖြစ်သည်။

"ဒါဆိုရင် သခင်လေး ကျွန်မနဲ့အတူ နေရာတစ်ခုကို လိုက်ခဲ့ပါလား"

"အဲဒီနေရာမှာဆိုရင် ပိုပြီးတော့ အစစ်အမှန်အတိုင်း ခံစားရပါလိမ့်မယ်"

နတ်မိမယ် ရဲ့မင်က ထလိုက်သည်။

ထန်ထျန်း ခေတ္တစဉ်းစားပြီးနောက် သူမ၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်။

ဤအမျိုးသမီးက ယနေ့ည သူ့ကို ဖိတ်ကြားသည်မှာ သီချင်းနားထောင်ရန် သက်သက်မဟုတ်သည်မှာ သိသာလှသည်။

သူမ ဘာတွေ ကြံစည်နေသလဲဆိုသည်ကို သူ ကြည့်ရပေဦးမည်။

ထို့နောက် နတ်မိမယ် ရဲ့မင်၏ လမ်းပြမှုဖြင့် သူတို့နှစ်ဦးသည် ထျန်းလဲ့မျှော်စင် အနောက်ခန်းမ၏ အနက်ရှိုင်းဆုံးနေရာသို့ လျှောက်လာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် ပတ်ဝန်းကျင် နေရာလွတ် မှာ တဖြည်းဖြည်း ပြောင်းလဲသွားသည်ကို ထန်ထျန်း သိသိသာသာ ခံစားနေရသည်။

ထျန်းလဲ့မျှော်စင်၏ အနောက်ခန်းမတွင် အလွန်ကြီးမားသော နေရာလွတ် အစီအရင်တစ်ခုကို တပ်ဆင်ထားခြင်းဖြစ်သည်။ အပြင်ဘက်မှကြည့်လျှင် နေရာအကျယ်အဝန်းမှာ သိပ်မကြီးလှဟု ထင်ရသော်လည်း အတွင်းပိုင်း မှာ ဆယ်ဆမက ပို၍ ကျယ်ဝန်းနေသည်။

၎င်းက ဝူယွဲ့မြို့အတွင်း၌ တည်ရှိနေသော်လည်း တိတ်တဆိတ်ပင် ဝူယွဲ့မြို့၏ အပြင်ဘက်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

သို့သော်လည်း အန္တရာယ်ရှိသည့် အချက်ပြမှုမျိုး မတွေ့ရသဖြင့် ထန်ထျန်း ဘာမှ ထပ်မပြောတော့ပေ။

အတန်ကြာ လျှောက်ပြီးနောက် သူတို့က ကတုံးအတိဖြစ်နေသော တောင်ကုန်းငယ်တစ်ခု၏ ထိပ်သို့ ရောက်ရှိလာခဲ့ကြသည်။

ရှေ့တည့်တည့်တွင်တော့ ချောက်ကမ်းပါးပြတ်ကြီးတစ်ခု ရှိနေသည်။

ထန်ထျန်း တစ်ချက်ကြည့်ရုံဖြင့် ဤနေရာက ဝူယွဲ့ချောက်ကမ်းပါး၏ ကြီးမားလှသော ကျိုးပဲ့ရာနေရာမှန်း သိလိုက်သည်။

ကောင်းကင်ယံတွင် ကြယ်ပွင့်အချို့မှလွဲ၍ အရာအားလုံးမှာ မှောင်အတိ ကျနေသည်။

ခြေဖဝါးအောက်ရှိ ချောက်ကမ်းပါးအောက်ခြေမှာလည်း အလင်းရောင် အစအနပင် မရှိဘဲ အဆုံးမရှိသော အမှောင် ချောက် ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။

ဤနေရာတွင် ဝူယွဲ့မြို့ အစီအရင်၏ အာနိသင်မှာ အလွန်အားနည်းသွားပြီ ဖြစ်ရာ ထန်ထျန်းက ထိုထူးဆန်းသော အော်ရာကို ထပ်မံ၍ အထင်အရှား ခံစားလိုက်ရပြန်သည်။

ဤစွမ်းအားကို ထိတွေ့၍မရသော်လည်း သက်ရှိတိုင်း၏ ခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ် စိမ့်ဝင်ကာ သက်ရှိတို့၏ အသက်စွမ်းအား ကို တိုက်စားနိုင်သည်။

ထို့ကြောင့်ပင် ကျိကျွင်းအဆင့်အောက် ကျင့်ကြံသူများက ကျင့်ကြံခြင်း အဆင့်များ ပြန်ကျ သွားသည့် ထူးဆန်းသော အခြေအနေမျိုး ဖြစ်ပေါ်ရခြင်းဖြစ်သည်။

ဤအော်ရာကို ခံစားမိပြီးနောက် ထိုရင်းနှီးနေသည့် ခံစားချက်မှာ နှလုံးသားထဲသို့ တစ်ဖန် ပြန်လည် တိုးဝင်လာပြန်သည်။

စောစောက တည်နေရာကူးပြောင်းခြင်း အစီအရင်နားတွင် ခံစားရသည်ထက် ပို၍ပင် ပြင်းထန်နေသေးသည်။

ယခုတစ်ကြိမ်တွင်မူ ထိုရင်းနှီးနေသည့် ခံစားချက်က မည်သည့်နေရာမှ လာသနည်းဆိုသည်ကို ထန်ထျန်း ချက်ချင်းပင် ရှာတွေ့သွားခဲ့သည်။

ရှန်းယွမ်ပင်လယ် စမ်းသပ်ပွဲတုန်းက ထန်ထျန်းက အထဲသို့ ဝင်ရောက်သည်နှင့် လနတ်သမီး ကျောက်စိမ်း၏ ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကို ခံခဲ့ရသည်။

ထိုစဉ်က အလွန်ထူးဆန်းသော စွမ်းအားတစ်ခုသည် လနတ်သမီး ကျောက်စိမ်းအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးရှိ နေရာအနှံ့သို့ လွှမ်းခြုံသွားခဲ့သည်။

ထိုစွမ်းအားမှာ အလွန်ထူးဆန်းသည်။ ပြင်းထန်သော ဆိုးကျိုးမျိုး မရှိသော်လည်း အလွန်အမင်း သဝန်တိုခါးသီးသည့် ခံစားချက်မျိုး ပေးစွမ်းသည်။ ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းက ရှောက်သီးစားလိုက်ရသလိုမျိုး ချဉ်စုတ်စုတ် ခံစားချက်မျိုး ဖြစ်ပြီး ဝိညာဉ်အထိပင် ပါဝင်သည်။

ယခု လေထုထဲတွင် ပျံ့လွင့်နေသည့် ထူးဆန်းသော စွမ်းအားထဲ၌လည်း ထိုအော်ရာ မျိုးနှင့် ပြည့်နှက်နေသည်။

၎င်းမှာ စိတ်ခံစားမှုတို့၏ သဝန်တိုခါးသီးမှုပင် ဖြစ်သည်။

အချက်အလက်အားလုံးကို ချိတ်ဆက်ကြည့်ပြီးနောက် ပြည့်စုံသော ဇာတ်လမ်းတစ်ပုဒ်က ထန်ထျန်း၏ ဦးနှောက်ထဲတွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။

ရှန်းယွမ်ပင်လယ်ဆိုသည်မှာ ဘယ်လိုနေရာမျိုးလဲ။

၎င်းက တိမ်တိုက်ထျန်းဖူနန်းတော်က စီစဉ်ထားသည့် ကံကောင်းခြင်း များရှိရာ နေရာဖြစ်ပြီး မြင့်မြတ် သားတော်များ စမ်းသပ်ရန် နေရာဖြစ်သည်။

ထန်ထျန်း မှတ်မိနေသည်မှာ ရှန်းယွမ်ပင်လယ်သို့ ဝင်ရောက်ပြီးနောက် ပထမဆုံး ခံစားရသည့်အရာမှာ အခြားသော အလွန်ထူးခြားသည့် အော်ရာတစ်ခု ဖြစ်သည်။

ထိုအော်ရာထဲတွင် မသိမသာ ချစ်ကြည်နူးဖွယ် အဓိပ္ပာယ်များ ကိန်းအောင်းနေပြီး ချစ်သူရည်းစား အငွေ့အသက်မျိုး ရနေသည်။

ထို့နောက်မှသာ လနတ်သမီး ကျောက်စိမ်းက ရုတ်တရက် ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။

အောက်ကမ္ဘာ၏ စမ်းသပ်ရာနေရာတစ်ခု ဖြစ်သဖြင့် ရှန်းယွမ်ပင်လယ်ထဲ၌ ရှိနေသော ကံကောင်းခြင်း များမှာ အမှန်တကယ်တော့ တားမြစ်ရုပ်တုများထံမှ ဖြာထွက်လာသော နိယာမစွမ်းအားများသာ ဖြစ်သည်။

နိယာမစွမ်းအားများက အင်မော်တယ်အဆင့် ကျွမ်းကျင်သူများအတွက် ကြမ်းတမ်းလွန်းသဖြင့် တိုက်ရိုက် ထိတွေ့မိပါက ပြင်းထန်သော တန်ပြန်မှုကို ခံရပေလိမ့်မည်။

သို့သော် ရှန်းယွမ်ပင်လယ်ထဲတွင် အခြားသော စွမ်းအားတစ်ခု တည်ရှိနေသေးသည်။

၎င်းမှာ အလွန်သိပ်သည်းလှသော သဘာဝစွမ်းအားပင် ဖြစ်သည်။

သဘာဝစွမ်းအားက နိယာမစွမ်းအား၏ ကြမ်းတမ်းမှုကို ပျယ်စေသဖြင့် နိယာမစွမ်းအားကို အင်မော်တယ်ကျင့်ကြံသူများ အသုံးချနိုင်စေရန် ပြုလုပ်ပေးထားခြင်းဖြစ်သည်။

ထို့ကြောင့်ပင် ဤကဲ့သို့ ရှားပါးလှသော ကံကောင်းခြင်း နယ်မြေ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင် ဤသဘာဝစွမ်းအားက မည်သည့်နေရာမှ လာသနည်း။

ထန်ထျန်းက ရှန်းယွမ်စင်မြင့်ပေါ်သို့ တက်လှမ်းပြီးနောက် ပုံရိပ်တစ်ခုကို မြင်ခဲ့ရသည်။

၎င်းမှာ တားမြစ်ရုပ်တု နှင့် အခြား အမျိုးသမီးတစ်ဦးတို့၏ ပုံရိပ်ဖြစ်သည်။

သူတို့က လူသားအားလုံးကို ကျောခိုင်းထားပြီး တားမြစ်ရုပ်တု က ထိုအမျိုးသမီး၏ လက်ကို ဆွဲကာ သူတို့ ခြေဖဝါးအောက်ရှိ မဟာကမ္ဘာကြီးဆီသို့ ညွှန်ပြနေခဲ့သည်။

ထိုစဉ်က ကြောင်လေးမှာ အလွန်စိတ်လှုပ်ရှားပြီး ခုန်ထွက်လာခဲ့သည်။ ၎င်းက ထိုအမျိုးသမီးကို မှတ်မိသွားခဲ့ပြီး သူမက သူ၏ သခင်မဖြစ်ကြောင်း ပြောခဲ့သည်။

ယခုအခါ တားမြစ်ရုပ်တု ၏ သရုပ်မှန်ကို ထန်ထျန်း သိသွားပြီဖြစ်ရာ သူက ကမ္ဘာ့အရှင် ပင် ဖြစ်သည်။

ကြောင်လေးသခင်မ ၏ သရုပ်မှန်ကိုလည်း လုံကျိုကျိုးထံမှ အဖြေရရှိခဲ့ပြီဖြစ်ရာ သူမမှာ သဘာဝမိခင်ပင် ဖြစ်သည်။

ထို့ကြောင့် ထိုစဉ်က မြင်ခဲ့ရသည့် ပုံရိပ်မှာ ကမ္ဘာ့အရှင်နှင့် သဘာဝမိခင်တို့ အတူတကွ မဟာကမ္ဘာကြီးကို ကြည့်နေသည့် မြင်ကွင်းပင် ဖြစ်သည်။

ကမ္ဘာ့အရှင်၏ လက်ပေါ်တွင် ထိုမျှလောက် သိပ်သည်းသော သဘာဝစွမ်းအားများ ရှိနေရခြင်းမှာလည်း ထိုချစ်ကြည်နူးဖွယ် ချစ်သူရည်းစား အငွေ့အသက်များ ရှိနေခြင်းကြောင့် ဖြစ်ရမည်။

ထိုသို့ဆိုလျှင် လနတ်သမီး ကျောက်စိမ်းက ဘာကြောင့် ထိုကဲ့သို့ သဝန်တိုခါးသီးသည့် ခံစားချက်မျိုး ဖြစ်ပေါ်စေရသနည်း။

အဖြေမှာ အလွန်ပင် ရှင်းလင်းသွားခဲ့ပြီပင်။

နတ်မိမယ် ရဲ့မင် ခုနက တီးခတ်ပေးခဲ့သည့် တေးသွားထဲက ခံစားချက်နှင့် အတူတူပင် ဖြစ်သည်။

ချစ်လျက်နှင့် မပိုင်ဆိုင်နိုင်ခြင်း။

"ကောလာဟလတွေအရ အဲဒီ အထွတ်အထိပ် တည်ရှိမှုက သူမ ချစ်ရတဲ့သူက တခြား အမျိုးသမီးတစ်ယောက်နဲ့ လက်တွဲပြီး အတူတူ ရှင်သန်၊ အတူတူ သေဆုံးသွားတာကို မျက်မြင်တွေ့ခဲ့ရတယ်"

" သူမက သူတို့နောက်ကို လိုက်သွားချင်ပေမဲ့ မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးတော့ သူတို့နှစ်ယောက် အတူတူ သေဆုံး သွားတာကို မျက်စိနဲ့ တပ်အပ် ကြည့်နေခဲ့ရုံပဲ ရှိတယ်"

" နောက်ဆုံးတော့ ဒီနေရာမှာပဲ နှလုံးသား ကွဲကြေသွားခဲ့ရတယ်"

၎င်းမှာ နတ်မိမယ် ရဲ့မင် ပြောပြခဲ့သည့် ကောလာဟာလပင် ဖြစ်သည်။

ဝူယွဲ့ချောက်ကမ်းပါးဆိုသည်မှာ ဘယ်လိုနေရာလဲ။

၎င်းက လင်းယွင်တောင်တန်းသို့ သွားရာ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။

လင်းယွင်တောင်တန်း ဆိုသည်မှာလည်း ကမ္ဘာ့အရှင်နှင့် သဘာဝမိခင်တို့ အတူတကွ ခန္ဓာပျက်စီးကာ သေဆုံး သွားခဲ့သည့် နေရာပင် ဖြစ်သည်။

လနတ်သမီးက ဤအရာအားလုံးကို မျက်မြင်တွေ့ခဲ့ရသော်လည်း လိုက်မသွားနိုင်ခဲ့ပေ။ သူမ၏ နှလုံးသားမှာ ဝူယွဲ့ချောက်ကမ်းပါးကဲ့သို့ပင် ထိုအချိန်မှစ၍ ကွဲအက်သွားခဲ့ပြီး တစ်ဝက်သာ ကျန်ရစ်တော့သည်။

ဤသည်မှာ ဇာတ်လမ်း အပြည့် ပင် ဖြစ်သည်။

နတ်မိမယ် ရဲ့မင်၏ တေးသွားထဲတွင် ပြောပြထားသည့် ဇာတ်လမ်းလည်း ဖြစ်သည်။

ထို့ကြောင့် ဝူယွဲ့ချောက်ကမ်းပါးက လနတ်သမီး ကိုယ်တိုင် ဖန်တီးခဲ့ခြင်းမှာ အမှန်ပင် ဖြစ်သည်။

သူမက တမင်တကာ လုပ်ခဲ့ခြင်းလား သို့မဟုတ် မတော်တဆ ဖြစ်သွားခြင်းလား ဆိုသည်ကိုတော့ မသိနိုင်ပေ။

သို့သော် ထိုအချိန်တွင် ထန်ထျန်း၏ နှလုံးသားထဲ၌ အခြားသော သံသယတစ်ခု တိုးဝင်လာခဲ့သည်။

လနတ်သမီး ကျောက်စိမ်းက တကယ်ပဲ လနတ်သမီး၏ သာမန် ကိုယ်ပိုင် အဆင်တန်ဆာတစ်ခုပဲလား။

ထန်ထျန်း တစ်စုံတစ်ခုကို စဉ်းစားနေမိသည်။

ထန်ထျန်း၏ တုံ့ပြန်မှုကို မြင်သောအခါ နတ်မိမယ် ရဲ့မင်က ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကြည့်ရတာ သခင်လေး ထန်ကတော့ အဲဒီ ကြေကွဲဖွယ် ခံစားချက်ကို သတိပြုမိသွားပုံရတယ်"

ထန်ထျန်း သတိပြန်ဝင်လာပြီး အသာအယာ ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ်"

" တစ်ဖက်သတ်အချစ် က ဒီကမ္ဘာပေါ်မှာ အဖြစ်အများဆုံးနဲ့ ဝမ်းအနည်းဆုံး ကိစ္စပဲ"

" ဒါပေမဲ့ တစ်ချက်တော့ ထူးဆန်းနေတယ်"

" မင်းရဲ့ တေးသွားထဲမှာ ငါ ခံစားမိတဲ့ အရာထက် ပိုနေတဲ့ အချက်တစ်ချက် ရှိနေတယ်"

နတ်မိမယ် ရဲ့မင်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး မေးလိုက်သည်။ "ဘာများလဲ"

ထန်ထျန်းက လှည့်ကြည့်ကာ နတ်မိမယ် ရဲ့မင်ကို စိုက်ကြည့်ရင်း အေးဆေးစွာ ပြောလိုက်သည်။

"နက်ရှိုင်းပြီး အလွန်အမင်း ပြင်းထန်တဲ့..."

"နောင်တ ပဲ"

All Chapters