ရင်ဖွင့်ခြင်း
Vol. 64 Ch. 673
ချင်းယွဲ့ဂိုဏ်းတွင် ရှိစဉ်က အကြီးအကဲဟန်ဟိုင်၏ ပြဿနာ ကို ဖြေရှင်းပေးခဲ့ပြီးနောက် ကုရှောင်းရွှယ်က ထန်ထျန်း၏ အနားတွင် အမြဲရှိနေခဲ့သည်။
သူမတွင် ဘာလောဘမှ မရှိသလို ကြီးမားသော ရည်မှန်းချက်များလည်း မရှိပေ။ ထန်ထျန်း၏ အနားတွင် ရှိနေခွင့်ရရုံဖြင့် သူမအတွက် အရာအားလုံး ပြည့်စုံနေပြီ ဖြစ်သည်။
ထန်ထျန်း၏ ဘယ်လို အမိန့်ကိုမဆို သူမ ဘယ်တော့မှ ငြင်းဆန်လေ့မရှိပေ။ ဘာသင်ခိုင်းသင်၊ ဘာလုပ်ခိုင်းလုပ် အကုန်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။
ထန်ထျန်းကတော့ ဤသို့ ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိသော စရိုက်မျိုးကို သိပ်သဘောမကျပေ။ သူက မိုရှောင်းရှောင်း သို့မဟုတ် မြောင်ယွမ် တို့လို ကိုယ်ပိုင် အမြင်ရှိသူများကို ပိုသဘောကျသည်။
ဒါပေမဲ့ ကုရှောင်းရွှယ်ကတော့ ချွင်းချက် ဖြစ်သည်။
ဘာကြောင့်လဲဆိုတော့ သူမက ဤကမ္ဘာပေါ်တွင် ထန်ထျန်း၏ ပထမဦးဆုံးသော အဖော်ဖြစ်ခဲ့သောကြောင့်ပင်။
အလားတူပင် အချိန်အတိုင်းအတာ တစ်ခုအထိ သူမက ထန်ထျန်း၏ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်မှ လမ်းပြသူ၊ ဆရာတစ်ဦးလည်း ဖြစ်ခဲ့ဖူးသည်။
ဒါကြောင့် သူက ကုရှောင်းရွှယ်ကို အစေခံ သို့မဟုတ် အစောင့်အရှောက် တစ်ယောက်လို သဘောမထားဘဲ စစ်မှန်သော သူငယ်ချင်းတစ်ယောက်လိုသာ သဘောထားခဲ့ခြင်း ဖြစ်သည်။
သူမ၏ အတွေးအမြင် များကိုလည်း သူ အမြဲတမ်း လေးစားသည်။ သူမ ဘာဖြစ်ချင်သလဲ၊ သူ ဘာလုပ်ပေးနိုင်မလဲ... ဒါဆိုလျှင် သူမ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် သူ အမြဲ ကြိုးစားပေးခဲ့သည်။
သဘာဝမျိုးစေ့ ကိစ္စက ကုရှောင်းရွှယ်အတွက် အသွားနှစ်ဖက် ဓားလို ဖြစ်နေသည်။
တစ်ချက် မှားသွားသည်နှင့် ပြန်လမ်းမရှိသော ချောက်ထဲ ကျသွားနိုင်သည်။
ဒါကြောင့် ကုရှောင်းရွှယ်၏ စိတ်ရင်းအမှန်ကို သူ အရင် မေးမြန်းရန် လိုအပ်သည်။
"ဘာကိစ္စလဲ... ပြောလေ"
ကုရှောင်းရွှယ်က ပြော၏။
ထန်ထျန်းက ချက်ချင်း စကားမပြောသေးဘဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရှေ့မှ စမ်းချောင်းလေးဆီသို့ လျှောက်သွားလိုက်သည်။
ကြည်လင်နေသော စမ်းရေထဲတွင် ဟိုဟိုဒီဒီ ကူးခတ်နေကြသည့် နဂါးငါးအုပ်စုကို ကြည့်ရင်း ထန်ထျန်းက ခဏတာ တိတ်ဆိတ်သွားပြီးမှ မေးလိုက်သည်။ "ဒီနှစ်တွေထဲမှာ မင်း ငါ့အနားမှာပဲ အမြဲ ရှိနေခဲ့တယ်"
"မင်း... ပျော်ရဲ့လား"
ကုရှောင်းရွှယ်က ခဏတာ ကြောင်သွားပြီးမှ မျက်လုံးလေးများ ဝိုင်းသွားကာ "ဝါး... ရှင် ဒီလောက်ကြာအောင် အချိန်ဆွဲနေတာ အနှစ်သာရရှိတဲ့ မေးခွန်းတစ်ခုခု မေးမယ် ထင်နေတာ"
" နောက်ဆုံးတော့ ဒါပဲလား"
"ကျွန်မ ပျော်ရဲ့လားတဲ့လား။ ဒါက ဘယ်လို ထူးဆန်းတဲ့ မေးခွန်းကြီးလဲ"
"ရှင် သိချင်တယ်ဆိုရင်တော့... ရှင့်အနားမှာ ရှိနေလို့ ကျွန်မ ပျော်လား၊ မပျော်လား ဆိုတာထက် ရှင့်အနားမှာ ကျွန်မ မရှိလျှင်တော့ သေချာပေါက် ပျော်မှာ မဟုတ်ဘူးလို့ပဲ ပြောနိုင်တယ်"
" အခု ကျေနပ်ပြီလား"
ထန်ထျန်းက သူ့နှာခေါင်းကို မသိမသာ ပွတ်လိုက်မိသည်။ ဤမေးခွန်းက တကယ်ပဲ အနှစ်သာရ မရှိလို့လား။
သူကတော့ တော်တော်လေး လေးနက်သည်ဟု ထင်နေခြင်း ဖြစ်သည်။
သူ ချောင်းနှစ်ချက် ဟန့်လိုက်ပြီး ဆက်ပြောသည်။ "မင်း ငါ့အနားမှာ နေချင်တယ် ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့..."
"ဒီနှစ်တွေထဲမှာ ငါက ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ပဲ အမြဲ အလုပ်ရှုပ်နေခဲ့တော့ မင်းကို လုံးဝ ဂရုမစိုက်နိုင်ခဲ့ဘူး"
" မင်းကို အပြင်မှာ တစ်ယောက်တည်း အလုပ်တွေ ခိုင်းခဲ့တာ ဒါမှမဟုတ် နေရာတစ်ခုခုမှာပဲ ပစ်ထားခဲ့တာ များတယ်"
" အခုလိုမျိုးပဲ ဒီလောက်ကြီးတယ့် ကမ္ဘာကြီးထဲမှာ ဘယ်သူမှ မရှိဘဲ တစ်ယောက်တည်း နေရတာ... "
"မင်း မပျင်းဘူးလား"
ဤမေးခွန်းကို ကြားတော့ ကုရှောင်းရွှယ်၏ မျက်လုံးများက ပိုတောင် ဝိုင်းသွားသေးသည်။
"ပျင်းတယ် ဟုတ်လား ဘာလို့ ပျင်းရမှာလဲ"
"ကျွန်မ နေ့တိုင်း ငါးမျှားတယ်၊ ငှက်ဖမ်းတယ်၊ ဟင်းချက်နည်းတွေ ရှာဖွေတယ်၊ ဟိုဘက်တောင်ပေါ်မှာ ကျွန်မ ကိုယ်တိုင် ဆောက်ထားသည့် နိဗ္ဗာန်ဘုံလေးတောင် ရှိသေးတယ်"
" ပြီးတော့ ကျွန်မက ရှင့်ရဲ့ ရည်းစားလည်း မဟုတ်ပါဘူး၊ ဘာလို့ ရှင်က ကျွန်မအနားမှာ အမြဲ ရှိနေပေးဖို့ လိုမှာလဲ"
"ရှင် ဒီနေ့ ဘာဖြစ်နေတာလဲ၊ ဘာလို့ ထူးထူးဆန်းဆန်းတွေ လိုက်မေးနေတာလဲ။ ယောက်ျားတွေ အန်တီ လာချိန် ရောက်နေတာလား"
ထန်ထျန်း မျက်နှာ ပျက်သွားပြီး "ဒီလို ချေပပြောဆိုတတ်တယ့် အတတ်တွေက ဘယ်က ရလာတာလဲ၊ ကြောင်လေး သင်ပေးလိုက်တာလား"
"သူ့ဆီက ကောင်းတာလေးတွေ သင်ပါဦးလား"
ကုရှောင်းရွှယ်က တခိခိ ရယ်လိုက်ပြီး "ကြောင်လေးက ကျွန်မ ဆီကနေ ပြန်သင်သွားတာဆိုလျှင်ရော ရှင် ယုံမလား"
" ကြည့်ပါဦး... ကျွန်မက ဟိုတုန်းကလို အသက် ၁၄၊ ၁၅ အရွယ် ရိုးအေးတယ့် မိန်းကလေး မဟုတ်တော့ဘူး"
" ဝမ်ကျိယွီ ကို ထိန်းပေးခဲ့ရသည့် အချိန်တွေတုန်းက ကျွန်မတောင် အပျိုကြီးမမ တစ်ယောက်လို ဖြစ်နေခဲ့တာ"
"ရှင့်မှာ ဘာပြဿနာရှိနေလဲ တည့်ပဲ ပြောပါတော့လား၊ ကျွန်မတို့ကြားမှာ စကားတွေ ကွေ့ ပတ်မနေစမ်းပါနဲ့"
ထန်ထျန်းက နှုတ်ခမ်းမဲ့လိုက်ပြီး "ငါက မင်းမှာ တခြား စိတ်ကူးတွေ ရှိမလားလို့ သိချင်ရုံပါ"
" ဥပမာ... ဆန်းကြယ် ဥကမ္ဘာ ထဲကနေ ထွက်သွားပြီး အပြင်က စည်ကားယ့် လူ့အဖွဲ့အစည်းထဲမှာ သာမန်လူတစ်ယောက်လို ဝင်ဆံ့အောင် နေထိုင်ချင်တာမျိုးပေါ့"
ကုရှောင်းရွှယ် ခဏတာ တိတ်သွားပြီး စမ်းရေဘေးမှ ကျောက်တုံးပေါ်တွင် ထိုင်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
"အပြင်လောကက ကျွန်မအတွက် အဲဒီလောက်ကြီး ဆွဲဆောင်မှု မရှိဘူး"
"ငယ်ငယ်ကတည်းက ကျွန်မက လူပို တစ်ယောက် ဖြစ်ခဲ့တာ။ နောက်ပိုင်း အကြီးအကဲဟန်ဟိုင်က ကျွန်မကို ချင်းယွဲ့ဂိုဏ်းဆီ ခေါ်သွားတယ်၊ စီနီယာအစ်မ က ကျွန်မကို ဂရုစိုက်ပေးတော့ ကျွန်မမှာ မိသားစု ရှိပြီဟု ထင်ခဲ့တာ"
"ဒါပေမဲ့ နောက်ပိုင်း ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ရှင်လည်း သိသားပဲ"
"အကြီးအကဲဟန်ဟိုင်က ကျွန်မကို အသုံးချပြီး အာဏာရဖို့ပဲ ကြံခဲ့တာ၊ စီနီယာအစ်မ ကလည်း ကျွန်မကို သေစေချင်ခဲ့တာ"
" ဒါကြောင့် ရှင့်ကို မသိခင်အထိ ကျွန်မက မတည်ရှိတယ့် လူ တစ်ယောက်လိုပဲ"
" ဒါမှမဟုတ် လူလို့တောင် မခေါ်နိုင်ဘူး၊ ကိရိယာ တစ်ခုပဲ"
" ရှင့်အနား ရောက်လာမှသာ 'ဘဝ' ဆိုတာ ဘာလဲ၊ 'လေးစားမှု' ဆိုတာ ဘာလဲ၊ 'လူ' ဆိုတာ ဘာလဲ ဆိုတာကို ကျွန်မ နားလည်ခဲ့ရတာ"
ပြောရင်းနှင့် သူမက ထန်ထျန်းကို မော့ကြည့်လိုက်သည်။ "ရှင် ခုနက ကျွန်မ ပျော်လားလို့ မေးတယ်မဟုတ်လား။ အခုတော့ ကျွန်မ တကယ် မပျော်ဘူးလို့ ပြောမယ်"
" ဘာလို့လဲဆိုတော့ ရှင့်ရင်ထဲမှာ သောကတွေ ရှိနေတာ ကျွန်မ သိပေမဲ့ အဲဒီသောကက ဘာလဲဆိုတာ ကျွန်မ မသိလို့ပဲ"
"ထန်ထျန်း... ကျွန်မက ရှင့်ရဲ့ ချစ်သူ မဟုတ်ဘူး၊ ရှင့်ရဲ့ ဇနီးလည်း မဟုတ်ဘူး"
"ဒါပေမဲ့ ကျွန်မက 'ရှင့်အပိုင်' ပါ"
" ရှင့်အတွက် ဘာမဆို လုပ်ပေးနိုင်တယ်"
" ကျွန်မကို ဘာမှ ဖုံးကွယ်မထားဖို့ပဲ ကျွန်မ တောင်းဆိုချင်တယ်"
ဒီစကားတွေက ထန်ထျန်းကို ဆွံ့အသွားစေသည်။
သူ့၏ ပုံသေအတွေးက ကုရှောင်းရွှယ်ကို အပြစ်ကင်းစင်သည့် မိန်းကလေးလေး တစ်ယောက်လို့ပဲ ထင်နေခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ အမှန်တကယ်တော့ သူမက အသက် ၂၁ နှစ် ရှိနေပါပြီ။ သူမကို အရွယ်ရောက်ပြီးသား လူတစ်ယောက်လို ဆက်ဆံဖို့ အချိန်တန်နေပြီပင်။
အတော်ကြာအောင် စဉ်းစားပြီးနောက် ထန်ထျန်း သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်သည်။
"ကောင်းပြီလေ... ဒါဆို ငါ အကုန်ပြောပြမယ်"
သူက ကုရှောင်းရွှယ်ကို ကြည့်ပြီး မေးလိုက်သည်။ "ငါတို့ ပထမဆုံး ဆုံတုန်းက မင်းရဲ့ ကျင့်ကြံခြင်း ပါရမီက ဘာလဲဆိုတာ မှတ်မိသေးလား"
ကုရှောင်းရွှယ် ခေါင်းငြိမ့်ပြသည်။ "မှတ်မိတာပေါ့.. ကောင်းကင်သားတော် လေ"
" နောက်ပိုင်း ရှန့်ထန်း တာအိုကျောက်စိမ်း ရဲ့ အာနိသင်ကြောင့် မူလပါရမီ အဆင့်ကို တက်သွားတာ"
" အဲဒီနောက်ပိုင်းတော့ ကျွန်မလည်း မသိတော့ဘူး၊ ကျင့်ကြံခြင်း အရှိန်က အရမ်းမြန်လာပြီး အင်မော်တယ်ဧကရာဇ် အဆင့် အထွတ်အထိပ် ရောက်တော့မှ ရပ်သွားတာ"
နောက်တော့ သူမက ပြုံးလိုက်ပြီး "ကဲ ပြောပါဦး... ကျွန်မရဲ့ သရုပ်မှနခ မှာ ဘာပြဿနာ ရှိနေလို့လဲ"
ထန်ထျန်း အံ့သြသွားမိသည်။ ဒီကောင်မလေးက ကြိုတင် ပြင်ဆင်ထားပြီးသားပင်။
သူ ခဏ စဉ်းစားပြီးနောက် သဘာဝမိခင် နှင့် သဘာဝမျိုးစေ့ ကိစ္စတွေကို အစအဆုံး ပြောပြလိုက်သည်။
ကုရှောင်းရွှယ် ခဏတာ မှင်သက်သွားပြီးမှ ပြုံး ကာ ပြောသည်။ "ဪ... ဒါကြောင့်ကိုး"
" ရှင့်အနားမှာ ရှိလျှင် ကျွန်မက အရမ်းတော်နေပြီး ရှင်နဲ့ ဝေးသွားတာနဲ့ မူလအခြေအနေကို ချက်ချင်း ပြန်ရောက်သွားတာ... သဘာဝမျိုးစေ့က နှောင့်ယှက်နေလို့ကိုး"
"ဒါဆို ရှင် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"
" ကျွန်မ ဘာလုပ်ပေးရမလဲ"
ထန်ထျန်းက ခေါင်းခါလိုက်ပြီး "မင်း ဘာမှ လုပ်စရာ မလိုပါဘူး"
"ငါ မင်းကို မေးချင်တာက... မင်း ဘယ်လို ရွေးချယ်ချင်လဲ ဆိုတာပဲ"
"ဒီတစ်ခါ လင်းယွင်တောင်တန်းသို့ သွားရသည့် ရည်ရွယ်ချက်တွေထဲက တစ်ခုက မင်းရဲ့ အချုပ်အနှောင်တွေကို ဖြတ်တောက်ပြီး တာအိုနယ်ပယ် ကို တက်လှမ်းနိုင်ဖို့ပဲ"
" အကယ်၍ မင်းသာ သဘာဝမျိုးစေ့ကို ဆက်ယူထားမယ်ဆိုလျှင် မင်းရဲ့ အနာဂတ်က သာမန်ထက် ထူးကဲပြီး ဒီကမ္ဘာပေါ်မှာ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်လာလိမ့်မယ်"
" ဒါပေမဲ့ အဲဒီအတွက်ကြောင့်ပဲ မင်းအပေါ်မှာ ကမ္မ အကျိုးဆက် တွေ အများကြီး သက်ရောက်လာလိမ့်မယ်၊ အနာဂတ်ကလည်း မရေရာမှုတွေနဲ့ ပြည့်နေလိမ့်မယ်"
"အကယ်၍ မင်းက သဘာဝမျိုးစေ့ကို စွန့်လွှတ်လိုက်မယ်ဆိုလျှင် အဲဒီ ကမ္မ အကျိုးဆက်တွေနဲ့ မပတ်သက်တော့ဘူး။ ဒါပေမဲ့ တစ်ပြိုင်တည်းမှာပဲ မင်းက မူလအခြေအနေဖြစ်သည့် မူလပါရမီ အဆင့်ကို ပြန်ရောက်သွားလိမ့်မယ်"
" ဒီရွေးချယ်မှု နှစ်ခုလုံးမှာ ကောင်းကျိုး၊ ဆိုးကျိုး ကိုယ်စီ ရှိတယ်"
"မင်း ဘယ်တစ်ခုကိုပဲ ရွေးချယ်ပါစေ... ငါ မင်းအတွက် အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းပေးမယ်"
ကုရှောင်းရွှယ် နားထောင်ပြီးနောက် ခဏတာ တိတ်ဆိတ်သွားသည်။
ခဏအကြာမှာတော့ သူမက ရုတ်တရက် ပြုံးလိုက်ပြီး ပြောသည်။ "ဒီမေးခွန်းလေး တစ်ခုအတွက်နဲ့ ရှင် ဒီလောက်တောင် အချိန်အကြာကြီး ဝေခွဲမရ ဖြစ်နေတာလား"
"ကျွန်မအကြောင်းကို ရှင် မသိသေးဘူးလား"
"ဘယ်ဟာက ရှင့်အတွက် ပိုပြီး အကျိုးရှိမလဲ... အဲဒါကပဲ ကျွန်မရဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်"
ကုရှောင်းရွှယ်က လေးလေးနက်နက် ပြောလိုက်သည်။