← Chapters

ထွက်ခွာရန် ပြင်ဆင်ခြင်း

Vol. 64 Ch. 678

ထွက်ခွာရန် ပြင်ဆင်ခြင်း

Vol. 64 Ch. 678

ကြောင်လေး၏ မှတ်ဉာဏ်များ လုံးဝပြန်ပွင့်လာသည့် အချိန်မှာ အနည်းငယ် ရုတ်တရက် ဆန်လွန်းသည်ဟု ပြောရပေမည်။

ယခင်ကမူ သူ၏ ခွန်အားကြီးထွားလာမှုနှင့်အမျှ မှတ်ဉာဏ်ချိတ်ပိတ်မှုများက တဖြည်းဖြည်း ပွင့်လာခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် အရေးအကြီးဆုံး အချက်အလက်များနှင့် ပတ်သက်လာသောအခါမှ ရပ်တန့်သွားခဲ့ခြင်း ဖြစ်၏။

မူလက ကမ္ဘာ့အရှင် သို့မဟုတ် သဘာဝမိခင် ပြန်လာသည့် အချိန်ကျမှသာ ကျန်ရှိနေသည့် မှတ်ဉာဏ်များ ပွင့်လာမည်ဟု ထင်မှတ်ထားခဲ့ကြသည်။

သို့သော် ဤကဲ့သို့သော အချိန်မျိုးတွင် ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

ဒီအချိန်က ဘာများ ထူးခြားနေလို့လဲ။

ထူးခြားချက်ကို ပြောရလျှင် ထန်ထျန်း၏ ကမ္ဘာကြီး လုံးဝပြည့်စုံသွားခြင်းကသာ ရှိပေလိမ့်မည်။

ဤအခြေအနေက ထန်ထျန်းကို အရာအားလုံး ကြိုတင်စီစဉ်ထားသလိုမျိုး ခံစားချက်ပေးနေသည်။

သို့မဟုတ်လျှင်လည်း တိုက်ဆိုင်မှုသက်သက်သာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ကိစ္စမျိုးကို စီစဉ်နိုင်လောက်အောင် အစွမ်းထက်သည့်သူ မရှိနိုင်သောကြောင့်ပင်။

မှတ်ဉာဏ်များ ပွင့်လာပြီးနောက် ကြောင်လေးမှာ သူ၏ လျူလီကမ္ဘာကို အာရုံစိုက် ပျိုးထောင်ရန် သွားခဲ့ပြီ ဖြစ်ကာ ကမ္ဘာ့အရှင် ပြန်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေတော့သည်။

ထန်ထျန်းကလည်း နောက်ဆုံးလမ်းပေါ်သို့ တရားဝင်ခြေလှမ်းလှမ်းပြီး အနန္တကမ္ဘာတခွင်၏ အကြီးမားဆုံး စစ်တုရင်ကစားပွဲတွင် ပါဝင်ရတော့မည် ဖြစ်သည်။

အဆုံးသတ်က မည်သို့ဖြစ်မည်ကို မည်သူမျှ မပြောနိုင်သော်လည်း ထန်ထျန်းကတော့ အရာအားလုံးကို ရင်ဆိုင်ရန် အသင့်ပြင်ထားပြီးသား ဖြစ်သည်။

ထို့ပြင် ယခုအခါ သူက ယုံကြည်မှု အပြည့်ရှိနေသည်။

"မင်း လောလောဆယ်တော့ ဒီမှာပဲ ခဏနေခဲ့ဦး၊ အရာအားလုံး တည်ငြိမ်သွားမှပဲ မင်းကို ပုံမှန်ဘဝထဲ ပြန်သွားခွင့်ပြုလို့ ရမယ်"

ထန်ထျန်းက ကုရှောင်းရွှယ်ကို ပြောလိုက်သည်။

"ဘယ်လောက်ကြာမှာလဲ"

ကုရှောင်းရွှယ်က မေးသည်။

ထန်ထျန်း ခဏမျှ တိတ်ဆိတ်သွားပြီး ခေါင်းခါပြကာ "ငါ မင်းကို မလိမ်ချင်ဘူး၊ ဒီကိစ္စက... မရေရာမှုတွေနဲ့ အခန့်မသင့်မှုတွေ အများကြီး ရှိနေတယ်"

"ဒါကြောင့် ဘယ်လောက်ကြာမှ ပြီးမလဲဆိုတာ ငါလည်း မသိဘူး"

"ဒါမှမဟုတ် ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူးလည်း ဖြစ်နိုင်တယ်"

ဤအဖြေက ကုရှောင်းရွှယ်ကိုလည်း တိတ်ဆိတ်သွားစေသည်။

သို့သော် ရုတ်တရက် သူမက ခေါင်းမော့လာပြီး ပြုံးလိုက်၏။

"ရပါတယ်၊ ကျွန်မ ဒီမှာပဲ ရှင့်ကို အမြဲစောင့်နေမှာပါ"

"အသစ်စက်စက် ကမ္ဘာကြီးတစ်ခု တဖြည်းဖြည်း ပြည့်စုံလာတာကို ကြည့်နေရတာကလည်း တကယ်တော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အရင်က ဒီလို အံ့သြဖို့ကောင်းတဲ့ ကိစ္စမျိုးကို မြင်ရမယ်လို့ ကျွန်မ တစ်ခါမှ မတွေးဖူးဘူး"

"ရှင့်ရဲ့ ကိစ္စတွေကို စိတ်ချလက်ချ သွားလုပ်ပါ၊ ကျွန်မ ဘယ်လောက်ကြာကြာ စောင့်နိုင်ပါတယ်"

"အားတဲ့အချိန်ကျရင် ကျွန်မဆီ ပြန်လာကြည့်ဖို့ပဲ မမေ့နဲ့နော်"

ထန်ထျန်းက လှည့်ကြည့်လိုက်ရာ ကုရှောင်းရွှယ်၏ နူးညံ့သော အကြည့်များကို တွေ့လိုက်ရသည်။

ထိုအချိန်ကျမှ ကုရှောင်းရွှယ်က အရင်ကလို နုံအအ မိန်းကလေး မဟုတ်တော့ကြောင်း သူ ရုတ်တရက် သတိပြုမိသွားသည်။

မည်သည့်အချိန်ကမှန်း မသိဘဲ သူမက အဖူးအငုံဘဝကို ကျော်လွန်ကာ လှပစွာ ဖူးပွင့်နေသည့် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထန်ထျန်းက ကုရှောင်းရွှယ်၏ လှပသော မျက်နှာလေးကို အသာအယာ ပွတ်ပေးချင်သဖြင့် လက်ကို မသိမသာ ဆန့်ထုတ်လိုက်မိသည်။

သို့သော် အဆုံးတွင်တော့ သူမ၏ ဆံပင်များကိုသာ အကျင့်ပါနေကျအတိုင်း ခပ်ဖွဖွ ဖွလိုက်မိသည်။

"စိတ်ချပါ"

"ရလဒ် က ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့ငါကတော့ ဘာမှမဖြစ်စေရဘူး"

သူက ပြုံးပြီး ပြောလိုက်သည်။

ကုရှောင်းရွှယ်ကလည်း အသာအယာ ခေါင်းငြိမ့်ပြ၏။

ခဏအကြာတွင် ထန်ထျန်းက ဆန်းကြယ် ဥကမ္ဘာမှ ထွက်ခွာပြီး ထိုက်ယိမြင့်မြတ်နယ်မြေ၏ စခန်းဆီသို့ ပြန်ရောက်လာခဲ့သည်။

ဆန်းကြယ် ဥကမ္ဘာထဲတွင် အချိန်အတော်ကြာ နေခဲ့သော်လည်း အပြင်ထွက်လာချိန်တွင်တော့ ခရီးထွက်မည့် အချိန်နှင့် ကပ်နေပြီ ဖြစ်သည်။

ယနေ့က လင်းယွင်တောင်တန်း ဟင်းလင်းပြင်ထဲတွင် ပေါ်ထွက်လာမည့် နေ့ဖြစ်ကာ အတိအကျဆိုလျှင် မွန်းတည့်အချိန် ဖြစ်သည်။

သို့သော် လင်းယွင်တောင်တန်းသို့ သွားမည့် မြင့်မြတ်နယ်မြေ တပည့်များမှာ ပေါ်လာသည့် အချိန်ကျမှ ထွက်ခွာမည် မဟုတ်ပေ။ လူအားလုံးက ဝူယွဲ့မြို့ အပြင်ဘက်ရှိ အထူးတည်နေရာကူးပြောင်းခြင်း အစီအရင် ဆီသို့ ကြိုတင်စုဝေးကြရမည် ဖြစ်ပြီး အချိန်စေ့၍ လင်းယွင်တောင်တန်း၏ တည်နေရာကို အတည်ပြုပြီးသည်နှင့် ချက်ချင်း ထွက်ခွာကြမည် ဖြစ်သည်။

ထန်ထျန်း အခန်းထဲ ပြန်ရောက်ချိန်တွင် အပြင်ဘက်၌ ဆူညံပွက်လောရိုက်နေပြီး လူတိုင်းက နောက်ဆုံးပြင်ဆင်မှုများအတွက် အလုပ်ရှုပ်နေကြသည်။

ထန်ထျန်းအတွက် ပြင်ဆင်စရာ သိပ်မရှိသဖြင့် ပြတင်းပေါက်နားတွင် ထိုင်ကာ ဝိုင်သောက်ရင်း စောင့်နေလိုက်သည်။

မကြာခင်မှာပင် သူ့အခန်းတံခါးကို လာခေါက်သံ ကြားလိုက်ရ၏။

"ဝင်ခဲ့"

အပြင်ဘက်တွင် ယခုတစ်ကြိမ် အဖွဲ့ကို ဦးဆောင်မည့် ကျွင်းယာတာအိုအရှင် ရောက်နေသည်ကို သူ မြင်ပြီးသား ဖြစ်သည်။

ကျွင်းယာတာအိုအရှင် တံခါးဖွင့်ဝင်လာပြီး ထန်ထျန်း အေးအေးဆေးဆေး ဝိုင်သောက်နေသည်ကို မြင်သောအခါ မျက်မှောင် အနည်းငယ် ကြုတ်သွားသော်လည်း ချက်ချင်းပင် ပြန်ဖြေလျှော့လိုက်သည်။

"ငါတို့ အခု ထွက်တော့မယ်၊ နင် ပြင်ဆင်ပြီးပြီလား"

ကျွင်းယာတာအိုအရှင်က မေးသည်။

ထန်ထျန်းက နောက်ဆုံး ဝိုင်တစ်ခွက်ကို မော့ချလိုက်ပြီး ဝိုင်အိုးကို သိမ်းကာ ထလိုက်သည်။

"အင်း၊ ပြင်ဆင်ပြီးပါပြီ"

ကျွင်းယာတာအိုအရှင်က အခန်းထဲကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ပစ္စည်းပစ္စယများ ပျံ့ကြဲနေပုံမှာ ခရီးထွက်ရန် ပြင်ဆင်ထားသည့် ပုံစံမျိုး မဟုတ်ပေ။

"လင်းယွင်တောင်တန်း ဆိုတာ သာမန် စမ်းသပ်ကွင်း မဟုတ်ဘူး။ အဲဒီထဲမှာ အန္တရာယ်မျိုးစုံ ရှိနေတာ။ ငါကိုယ်တိုင်တောင် ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်မယ်လို့ အပြည့်အဝ အာမမခံနိုင်ဘူး"

"ဝူရှန့်ကျိကျွင်း ကိုယ်တိုင် လာရင်တောင် သူ သေသေချာချာ သတိထားရလိမ့်မယ်"

"ဒါကြောင့် ငါတို့ အန္တရာယ်ကို အနည်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ပြင်ဆင်ထားရမယ်"

သူမက ထန်ထျန်းကို စိတ်မချပုံ ရသဖြင့် နောက်တစ်ကြိမ် ထပ်မံ သတိပေးလိုက်ခြင်း ဖြစ်သည်။ လုံကျိုကျိုး၏ အကာအကွယ် ရှိနေသည်ဆိုပြီး ထန်ထျန်းက လက်လွတ်စပယ် လုပ်မိမှာကို စိုးရိမ်နေသဖြင့် လုံကျိုကျိုး၏ နာမည်ကိုပင် ထည့်သွင်း ပြောသွားခြင်း ဖြစ်သည်။

ထိုစကားကို ထန်ထျန်းက ပြုံးပြီး ပြန်ပြောလိုက်သည်။ "အကြီးအကဲ ကျွင်းယာ ... ငါ တကယ်ပဲ ပြင်ဆင်ပြီးပါပြီ"

"ပြီးတော့ စိတ်ချပါ၊ ငါ့ ဘက်က ဘာပြဿနာမှ မရှိစေရဘူး"

ကျွင်းယာတာအိုအရှင်က ထန်ထျန်းကို ကြည့်သော်လည်း စိတ်ချသွားသည့် ပုံစံမျိုး မဟုတ်ပေ။

သို့သော် ထန်ထျန်းက ဤသို့ပြောနေသဖြင့် သူမလည်း ဘာမှ မတတ်နိုင်ဘဲ ခေါင်းငြိမ့်ပြလိုက်ရသည်။

"အဲဒီအတိုင်း ဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်"

"မဟုတ်ရင်... ငါလည်း တာဝန်မခံနိုင်ဘူး"

"ကဲ... ငါနဲ့ လိုက်ခဲ့တော့။ အဲဒီရောက်ရင် ငါနဲ့ သိပ်မဝေးတဲ့ နေရာမှာပဲ နေဖို့ မှတ်ထားပါ"

သူမက တတိယအကြိမ်မြောက် သတိပေးလိုက်ပြန်သည်။

ထို့နောက်တွင် သူမက လှည့်ထွက်သွားတော့သည်။

ထန်ထျန်းကတော့ ပြုံးပြီး ခေါင်းခါရင်း သူမ နောက်မှ လိုက်သွားလိုက်သည်။

မည်သည့် အကြောင်းကြောင့်ဖြစ်စေ ကျွင်းယာတာအိုအရှင်က သူ့အပေါ်တွင် စေတနာထားပြီး တာဝန်သိတတ်သူ ဖြစ်သဖြင့် သူမနှင့် ထိပ်တိုက်တွေ့ရန် မလိုအပ်ပေ။

သူမ ပြောသမျှကိုသာ နားထောင်ပေးလိုက်ရုံပင်။

လင်းယွင်တောင်တန်း ရောက်သွားမှသာ သူ ကြိုက်သလို လုပ်တော့မည်။

ခဏအကြာတွင် ထိုက်ယိမြင့်မြတ်နယ်မြေမှ လူအားလုံး စခန်း၏ ခန်းမထဲသို့ ရောက်ရှိလာကြသည်။

အခြေအနေမှာ အနည်းငယ် တင်းမာပြီး စိတ်လှုပ်ရှားဖွယ် ကောင်းနေသော်လည်း အများစုမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြသည်။

ဘာပဲဖြစ်ဖြစ် ဆယ်နှစ်မှ တစ်ကြိမ်သာ ရနိုင်သော လင်းယွင်တောင်တန်း နေရာ မှာ ရရန် မလွယ်ကူလှပေ။

ထို့ပြင် လင်းယွင်တောင်တန်းမှ ပြန်လာနိုင်သူတိုင်းက ကံကောင်းခြင်း များစွာ ရရှိခဲ့ကြပြီး ကျင့်ကြံခြင်း လမ်းခရီးမှာ ပိုမို ချောမွေ့သွားလေ့ရှိသည်။ လူအများစုမှာ နောက်ပိုင်းတွင် မြင့်မြတ်နယ်မြေ၏ အဆင့်မြင့် အကြီးအကဲ ကြီးများ ဖြစ်လာခဲ့ကြသည်။

ပြန်မလာနိုင်သူများ အတွက်မူ...

ကျင့်ကြံသူများက ထိုအချက်ကို ထည့်မစဉ်းစားကြပေ။ သူတို့က ဘာတွေ ရနိုင်မလဲ ဆိုသည်ကိုသာ အာရုံစိုက်ကြသည်။

လူစုံသွားပြီးနောက် ကျွင်းယာတာအိုအရှင် ကိုယ်တိုင် လင်းယွင်တောင်တန်း၏ အခြေအနေကို အသေးစိတ် ရှင်းပြသည်။

သူမက ထိုက်ယိနယ်မြေမှ တပည့်များကို လင်းယွင်တောင်တန်းသို့ အကြိမ်ကြိမ် ဦးဆောင် ခေါ်ယူခဲ့ဖူးသဖြင့် ထိုနေရာ၏ အခြေအနေကို ကောင်းကောင်း သိထားသည်။

ယေဘုယျအားဖြင့် ပြောရလျှင် ထိုနေရာမှာ တားမြစ်နယ်မြေ ကို ဗဟိုပြုပြီး ဘေးပတ်ပတ်လည်သို့ ကံကောင်းခြင်းများ ပျံ့နှံ့နေသည့် နေရာတစ်ခု ဖြစ်သည်။

တားမြစ်နယ်မြေနှင့် နီးကပ်လေလေ၊ ရရှိနိုင်မည့် ကံကောင်းခြင်းနှင့် အခွင့်အလမ်းများက ပိုကြီးမားလေလေ ဖြစ်သည်။ ဝေးသွားလျှင်တော့ ပြောင်းပြန်ပင်။

သို့သော် ထိုနည်းတူစွာပင် တားမြစ်နယ်မြေနှင့် နီးကပ်လေလေ အန္တရာယ်က ပိုကြီးလေလေ ဖြစ်သည်။

တားမြစ်နယ်မြေ၏ အစပ်နားတွင် တာအိုအရှင် အဆင့်ရှိသူများပင် သေသေချာချာ သတိထားကြရသည်။ မဟုတ်ပါက အမှားတစ်ခုကြောင့် အသက်ဆုံးရှုံးသွားနိုင်သည့် အခြေအနေမျိုး ဖြစ်သည်။

တားမြစ်နယ်မြေထဲ ဝင်ဖို့ဆိုလျှင်တော့ တွေးပင် မတွေးရဲစရာပင်။

ကျွင်းယာတာအိုအရှင်က ဤအချက်ကို အလွန် လေးလေးနက်နက် အလေးပေး ပြောသည်။

သူမက ကျင့်ကြံသူများ၏ စိတ်ကို ကောင်းကောင်း နားလည်သည်။ အကယ်၍ အလေးပေး မပြောထားပါက ပိုကြီးမားသော အခွင့်အလမ်းများ ရရန်အတွက် အန္တရာယ်ကို အရင်းအနှီး ပြုပြီး တားမြစ်နယ်မြေထဲ ဝင်မည့်သူများ ရှိလာနိုင်သောကြောင့် ဖြစ်သည်။

သို့မဟုတ်လျှင်လည်း စပ်စုချင်စိတ်သက်သက်ဖြင့် ဝင်သွားကြပေလိမ့်မည်။

သို့သော် လင်းယွင်တောင်တန်း၏ တားမြစ်နယ်မြေမှာ အမှန်တကယ်ပင် သေမင်းတမန် နယ်မြေတစ်ခု ဖြစ်သည်။

ကျိကျွင်း အဆင့်အောက်ရှိသူ မည်သူမဆို ဇွတ်ဝင်သွားပါက မည်သည့် ချွင်းချက်မှ မရှိဘဲ တစ်ယောက်မှ အသက်ရှင် ပြန်မလာနိုင်ပေ။

"မင်းတို့ အားလုံးကို ဘေးကင်းကင်းနဲ့ ငါ ပြန်ခေါ်သွားချင်တယ်"

"ဒါကြောင့် ကိုယ့်သေတွင်းကိုယ်တူးတဲ့ အလုပ်မျိုး မလုပ်ကြပါနဲ့။ ငါ့ကို စိတ်မပျက်စေပါနဲ့"

ကျွင်းယာတာအိုအရှင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ထိုသို့ ပြောနေစဉ်တွင်လည်း သူမက ထန်ထျန်း ရှိရာဘက်သို့ သိသိသာသာ အကြိမ်အနည်းငယ် လှည့်ကြည့်သွားသေးသည်။

ထန်ထျန်းကတော့ မေးစေ့ကို ပွတ်လိုက်မိသည်။

သူကတော့ ကျွင်းယာတာအိုအရှင်ကို စိတ်ပျက်အောင် လုပ်မိတော့မည် ထင်သည်။

All Chapters