လျို့ဝှက်ဆန်းကြယ်သောကြေးခွံ
Vol. 35 Ch. 443
ချီလင်းလေး မျက်လုံးတွေကို ပျင်းရိစွာဖွင့်ပြီး ပြောလိုက်သည်။
"တစ်ချက်ကြည့်ကြည့်ရအောင်...."
ခဏကြာပြီး၌ ရံဖန်ရံခါအံံ့အားသင့်မှုပြသပြီး မျက်မှောင်ကြုတ်သွား၏။
"ဒီနေရာက အတော်လေးထူးခြားတယ်..."
"ဒါပေမယ့် လက်ခံနိုင်လောက်တဲ့ပစ္စည်းဆိုလို့ အနောက်မြောက်ထောင့် မြေအောက် ၁၀ ပေကပစ္စည်းပဲရှိတော့တယ်...."
"အဲ့တာကလွဲပြီး ဘာမှမရှိတော့ဘူး..."
ဂျန်ဖန်း သက်ပြင်းချလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်။
တောင်ထိပ်တစ်ခုလုံး ဖြိုချရှာထားကြရာ ဘယ်လိုလုပ်ပစ္စည်းကောင်းကျန်တော့မည်နည်း။
လက်ခံနိုင်လောက်သည့်ပစ္စည်းအတွက်တော့ သူစွမ်းအင်ကုန်ခံရမှာ ပြင်းလွန်း၏။
ဤနေရာရှိမြေကြီး နှစ်ပေါင်းများစွာ နှင်း၊ရေခဲတို့ဖြင့်သိပ်သည်းနေရာ သံမဏိကဲ့သို့မာကျောလှ၏။
၁၀ ပေက ဘယ်လောက်မှမနက်ပေ။
သို့ပေမယ့် နည်းလမ်းအချို့မသုံးလျှင် တစ်ရက်တည်းနှင့်တူးဖို့က ဘယ်လိုမှမဖြစ်နိုင်ပေ။
"ဘာလဲ, ထွက်သွားတော့မလို့လား...."
စွန်းချောင်ဇောင် ထေ့ငေါ့စွာဖြင့် ပြောလိုက်သည်။
"မင်း တစ်ခုခုရအောင်ယူဖို့ဆုံးဖြတ်ထားတယ် ထင်ထားတာ။ အခုတော့ ခဏလေးနဲ့ အမြီးကုပ်ပြေးတော့မယ်ပေါ့...."
ဂျန်ဖန်း မျက်မှောင်ကြုတ်သွား၏။
သူက ဤကဲ့သို့လူတစ်ယောက်ကို အာရုံမစိုက်ချင်ပေ။
ထိုကောင်က ထိုကဲ့သို့ပြောမှတော့ ဂျန်ဖန်း ဘယ်လိုလုပ် လက်ဗလာဖြင့် ပြန်သွားနိုင်မည်နည်း။
ချက်ချင်းပဲ ချီလင်းလေးပြောသည့် အနောက်မြောက်ထောင့်ကို လျှောက်သွားလိုက်သည်။
ထို့နောက် လွမ်းဆွတ်ခြင်းဆီးနှင်းဓားကိုထုပြီး မြေကြီးထဲထိုးသွင်းလိုက်၏။
လွမ်းဆွတ်ခြင်းဆီးနှင်းက ထက်ရှသော်လည်း ငါးပေသာ ထိုးဖောက်နိုင်၏။
"ကောင်လေး, ဒီနေရာက ထူးရတာ။ ထိုးရတာမဟုတ်ဘူး...."
စွန်းချောင်ဇောင် မျက်လုံးလှန်ပြီး ပြောလိုက်သည်။
"ဒီနေရာက မြေကြီးတစ်လက်မတိုင်းမှာ ရတနာတွေ ရှိနေနိုင်တယ်..."
"ငါတို့ဂိုဏ်းလျို့ဝှက်နည်းစနစ် သံမဏိသွေးစစ်မှန်ကျမ်းတောင် ထင်မထားတဲ့နေရာက တွေ့ခဲ့တာ...."
"မင်းလိုရမ်းသမ်းထိုးနေရင် တစ်ခုခုတွေ့ဖို့မပြောနဲ့ ရှိနေတဲ့ရတနာကိုတောင် ပျက်စီးသွားစေနိုင်တယ်...."
ဂျန်ဖန်း သူ့ကို လျစ်လျူရှူထားလိုက်သည်။
လွမ်းဆွတ်ခြင်းဆီးနှင်းဓားကိုပြန်နှုတ်ပြီး အပေါက်ကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် အနက်ရောင်သံဘောလုံးတစ်လုံး ထုတ်ယူလိုက်သည်။
ထိုအရာက လင်းယုဟန် တိမ်စိမ်းဂိုဏ်းလာတုန်းက သူ့အားပေးခဲ့သည့် တိမ်ဖောက်ခွဲရေးသံဘောလုံး ၂ လုံးထဲမှ တစ်လုံးဖြစ်သည်။
၎င်းတို့စွမ်းအားက အံ့အားသင့်စရာဖြစ်ပြီး ဤကဲ့သို့အေးခဲနေသည့်မြေကြီးကို ဖောက်ခွဲဖို့ အသင့်တော်ဆုံးဖြစ်၏။
သူက တိမ်ဖောက်ခွဲရေးသံဘောလုံးကို အပေါက်ထဲပစ်ထည့်လိုက်၏။
ထို့နောက်ချက်ချင်းပဲ နောက်ကို ဒါဇင်နှင့်ချီဆုတ်သွား၏။
စွန်းချောင်ဇောင် ကြောင်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
"မင်းဘာပစ်လိုက်တာလဲ...."
ဝုန်း...
ရုတ်တရက်...
မြေကြီးတုန်ခါလာခဲ့သည်။
ကြီးမားသည့်စွမ်းအားပမာဏတွေ ပေါက်ကွဲမှုကြောင့် လိမ့်တက်လာခဲ့သည်။
စွန်းချောင်ဇောင် နောက်ဆုံးမှာ ဂျန်ဖန်းလုပ်နေတာကို နားလည်သွားပြီး မျက်နှာပြောင်းလဲသွား၏။
သူက အလျှင်အမြန်ပဲပြေးတော့သည်။
သို့ပေမယ့် ခြေတစ်လှမ်းနောက်ကျသွား၏။
ဘုန်း...
တိမ်ဖောက်ခွဲရေးသံဘောလုံး ပေါက်ကွဲသွားပြီး အေးခဲမြေကြီး ၁၀ ပေလောက် ကောင်းကင်ပေါ် လွင့်ပျံသွားခဲ့သည်။
ပေါက်ကွဲမှုအစွန်းမှာရှိသည့် စွန်းချောင်ဇောင် ရေခဲတုံးတစ်စမှန်ပြီး လွင့်ထွက်သွားကာ ဂျန်ဖန်းခြေထောက်နားမှာ မှောက်ယက်သားပြုတ်ကျလာခဲ့သည်။
လည်ပင်းထဲ၌ ချိုမြသည့်အရာသာတစ်ချို့ တက်လာပြီး နောက်ကျောဘက်က ပြင်းထန်စွာနာကျင်နေခဲ့သည်။
ကြည့်စရာမလိုပေ သူ့နောက်ကျော စုတ်ပြဲသွားပြီပင်။
"ဂျန်ဖန်း..."
စွန်းချောင်ဇောင် ထရပ်လာပြီး ဒေါသတကြီး အော်ပြောလိုက်သည်။
ဂျန်ဖန်း အမူအရာကင်းမဲ့စွာဖြင့် ပေါက်ကွဲမှုကြောင့်ဖြစ်သွားသည့် ၁၀ ပေနက်သည့်ချိုင့်ကြီးနားကို လျှောက်သွားလိုက်သည်။
အေးခဲမြေကြီးတွေလည်း မဲနက်နေခဲ့သည်။
သူက ခုန်ဆင်းသွား၏။
ခြေထောက်နှင့် ဖုန်လွာအချို့ဖယ်လိုက်ရာ လက်ဝါးအရွယ်အနက်ရောင်သေတ္တာတစ်ခု ထွက်ပေါ်လာခဲ့သည်။
မည်သည့်ပစ္စည်းနှင့်လုပ်ထားလဲတော့ မသိပေ။
မြေအောက်၌ နှစ်ပေါင်းများစွာမြုပ်နှံထားသော်လည်း ၎င်းမျက်နှာပြင်၌ စိုစွတ်မှုအနည်းငယ်သာ ရှိနေခဲ့သည်။
သူ့အာရုံကို ဆွဲဆောင်သွားတာက...
သူ့ကိုယ်ထဲရှိ အဆိပ်လုံး အနည်းငယ်ခုန်ပေါက်လာပြီး အနက်ရောင်သေတ္တာနှင့် ပဲ့တင်ထပ်နေတာပဲဖြစ်သည်။
စွန်းချောင်ဇောင် နောက်ကလိုက်လာပြီး ဒေါသတကြီး အော်ပြောလိုက်၏။
"ခုလိုလျှောက်လုပ်နေရင် ရတနာရှိရင်တောင် လွင့်စင်.."
သို့ပေမယ့်....
ဂျန်ဖန်းရှေ့ရှိ အနက်ရောင်သေတ္တာကို မြင်လိုက်ပြီး စကားတစ်ဝက်ဖြင့် ရပ်သွားခဲ့သည်။
"ဒီမှာတစ်စုံတစ်ခုရှိနေတယ်...."
"ဒီမှာ တစ်စုံတစ်ခုရှိနေတယ်..."
ဆယ်စုနှစ်ကျော်ကြာပြီးနောက် မြေအောက်မှ နောက်တစ်ကြိမ် တစ်စုံတစ်ခုတွေ့ခဲ့ပြီဖြစ်သည်။
သံမဏိသွေးစစ်မှန်ကျမ်းကဲ့သို့ နောက်ထပ် နတ်ဘုရားရတနာဖြစ်နိုင်၏။
သူက အောက်ပြေးဆင်းလာပြီး အနက်ရောင်သေတ္တာကို ဆုပ်ကိုင်လိုက်သည်။
သူ့ကိုအံ့အားသင့်စွာပဲ....
ဂျန်ဖန်း သူနှင့်ယှဥ်ပြိုင်မနေပေ။
နောက်ကိုတောင် အနည်းငယ်ဆုတ်သွား၏။
စွန်းချောင်ဇောင် အံ့အားသင့်သွားပြီး ဂျန်ဖန်း သူ့ကိုစမ်းသပ်ခံအဖြစ်လွတ်လိုက်တာ နားလည်လိုက်၏။
သို့ပေမယ့် ပြန်ဆုတ်တော့မည့်အချိန်၌ သူ့လက်က အနက်ရောင်သေတ္တာကို ထိပြီးနေပြီဖြစ်သည်။
ချက်ချင်းပဲ....
ထူထည်းသည့် အနက်ရောင်အဆိပ်မြူတွေ သေတ္တာထဲမှ ထွက်လာပြီး စွန်းချောင်ဇောင်လက်ကို ချက်ချင်း ဝါးမြိုသွားခဲ့သည်။
ရှဲ! ရှဲ! ရှဲ!
အသက်တစ်ရှိုက်စာအချိန်အတွင်းမှာပဲ....
သူ့လက် အရိုးသာကျန်သည်အထိ တိုက်စားခံလိုက်ရပြီး အရိုးတွေတောင် အရည်ပျော်ကျလာခဲ့သည်။
နောက်ကျမှရောက်လာသည့်နာကျင်မှုကြောင့် စွန်းချောင်ဇောင် နာကျင်စွာ အော်ဟစ်လိုက်ရ၏။
သူ့ကို ပိုထိတ်လန့်သွားစေတာက....
အဆိပ်မြူတွေက သူ့လက်မှ လက်မောင်းဆီသို့ အလျှင်အမြန် ပြန့်ကားလာခဲ့သည်။
၎င်းဖြတ်သွားသည့်တစ်လျှောက် အသားတွေပုတ်သွားပြီး အရိုးတွေအရည်ပျော်ကုန်၏။
၎င်းက ၇ရောင်ခြယ်အဆိပ်ဖား၏ အဆိပ်ထက် အဆပေါင်းများစွာ ပိုပြင်းထန်၏။
အရေးကြီးအခိုက်အတန့်၌....
ကောင်းကင်မှပုံရိပ်တစ်ခု ဆင်းသက်လာပြီး စွန်းချောင်ဇောင်၏ညာလက်ကို ပြတ်ပြတ်သားသား ခုတ်ဖြတ်လိုက်၏။
ရွပ်!
စွန်းချောင်ဇောင်ညာလက်မောင်း အရင်းမှပြတ်သွားပြီး မြေပြင်ပေါ်ပြုတ်ကျသွားခဲ့သည်။
ထို့နောက် ချက်ချင်းပဲ အရည်ပျော်ကျသွား၏။
အနီးနားရှိ အေးခဲမြေကြီးလည်း သုံးပေလောက်နက်သည်အထိ တိုက်စားခံလိုက်ရသည်။
"ငါမင်းကို ပြောတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ။ မပေါ့ဆနဲ့လို့...."
ရောက်လာသူက ဖန်းရှင်ကုန်းမှလွဲပြီး အခြားသူမဟုတ်ပေ။
သံကွင်းချပ်ဝတ်ကိုဝတ်ဆင်ထားပြီး ထွားကြိုင်းသည့်ခန္ဓာကိုယ်၌ ပေါက်ကွဲထွက်တော့မည့် ကြွက်သားတွေအပြည့်ပင်။
သူ၏မုတ်ဆိတ်မွေးနှင့်မျက်နှာ၌လည်း ကြွက်သားတွေအတုံးလိုက်အတစ်လိုက်ရှိနေပြီး အလွန်အမင်းကြည့်ရဆိုး၏။
ဤအခိုက်အတန့် သူက စွန်းချောင်ဇောင်ကို ရိုက်ပြီး ဒေါသတကြီးဆူပူနေ၏။
"ဒီနေရာက ရတနာတိုင်းမှာ အဆိပ်ရှိတယ်...."
"အဲ့တာကြောင့် လူဘယ်လောက် အသက်ပေးလိုက်ရပြီလဲ..."
"မင်းဘာလို့ ခုထိ သင်ခန်းစာမရသေးတာလဲ...."
ပြောနေရင်းဖြင့် ဂျန်ဖန်းကို စူးစူးဝါးဝါးစိုက်ကြည့်ပြီး နှာမှုတ်လိုက်သည်။
"မင်းက အတော်ဉာဏ်များတာပဲ..."
"မင်းအတွက် အန္တရာယ်စမ်းသပ်ဖို့ ငါတို့ဂိုဏ်းတပည့်ကိုသုံးတယ်ပေါ့...."
သူ ဂျန်ဖန်းကို ကြည့်မရပေမယ့် ဂျန်ဖန်းစိတ်ဓာတ်က စွန်းချောင်ဇောင်ထက်သာတာတော့ ဝန်ခံရမည်ဖြစ်သည်။
ဤအရာက ဂျန်ဖန်း၏ အထွတ်အမြတ်နယ်မြေကို ပထမဆုံးလာတာဖြစ်သည်။
ရတနာတွေ၏အဆိပ်သဘာဝကိုနားမလည်ပေမယ့် အန္တရာယ်ကို ခံစားမိပြီး သတိထားနေဆဲဖြစ်သည်။
တစ်ဖက်မှာတော့ ထပ်ခါထပ်ခါသတိပေးထားတာတောင် စွန်းချောင်ဇောင် လောဘကြောင့် ဒုက္ခရောက်ခဲ့ရ၏။
သူတို့ကြားရှိ စိတ်ခွန်အားက ကွာခြားလွန်း၏။
ဂျန်ဖန်း လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"အကြီးအကဲဖန်း, ဒီဂျူနီယာကို စွပ်စွဲတာတော့ မမျှတပါဘူး...."
"ကျွန်တော်က အလုပ်လုပ်တာနှေးတယ်လေ, စီနီယာစွန်းလောက် မမြန်ဘူး..."
"ဘယ်လိုလုပ် စီနီယာစွန်းကို ငါ့အတွက် စွန့်စားခိုင်းရဲမှာလဲ..."
ထိုသို့ပြောနေပေမယ့်...
သူက အနက်ရောင်သေတ္တာကို အလွန်သတိထားနေခဲ့သည်။
နောက်ကိုပိုဆုတ်သွားပြီး ခန္ဓာကိုယ်ကို စိတ်ဝိညာဥ်စွမ်းအင်အလွာဖြင့်ကာကာ ခဲတစ်လုံးဖြင့် အနက်ရောင်သေတ္တာကို ပစ်လိုက်သည်။
ဘန်း...
အနက်ရောင်သေတ္တာ ရုတ်ချည်းပွင့်သွားပြီး နောက်ထပ်အဆိပ်မြူတစ်သုတ်ထွက်လာကာ အလျှင်အမြန်ပျံ့နှံ့သွား၏။
ဖန်းရှင်ကုန်း လက်ဝှေ့ယမ်းလိုက်ရာ အဆိပ်မြူတွေ သူနှင့်စွန်းချောင်ဇောင်ဆီမှ ပျံ့ကျဲသွား၏။
ပြင်ဆင်ထားသည့်ဂျန်ဖန်း အဆိပ်မြူတွေကို စိတ်ဝိညာဥ်စွမ်းအာဖြင့် ကာကွယ်လိုက်၏။
ဖန်းရှင်ကုန်း ဂျန်ဖန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ဤအရာက နှေးကွေးသည်လား။
မင်းဟာက ယုန်ထက်တောင် မြန်နေသေးတယ်....
ဂျန်ဖန်း ဘာသိဘာသာဖြင့် အနက်ရောင်သေတ္တာနားချည်းကပ်သွားခဲ့သည်။
အထဲ၌ လက်ဝါးအရွယ်ကြေးခွံတစ်ခုရှိနေပြီး ခပ်ဖျော့ဖျော့ အဆိပ်မြူတွေ ထုတ်လွတ်နေခဲ့သည်။
"ဒါ ချီလင်းလေးပြောတဲ့ဟာလား..."
ဂျန်ဖန်း ကောက်ယူပြီး ခဏစစ်ဆေးကြည့်လိုက်ရာ အံ့အားသင့်သွား၏။
"ကြေးခွံတစ်ခုလား...."
"အရမ်းမာတာအပြင် တကယ်ကို ဘာမှထူးခြားမနေဘူး..."
ချီလင်းလေး ၎င်းကို သာမန်ဟုပြောတာ မထူးဆန်းတော့ပေ။
ဂျန်ဖန်း တွေးနေစဥ်မှာပဲ...
မမျှော်လင့်စွာဖြင့် သူ့သွေးတွေ အထိန်းကွပ်မဲ့ဆူပွက်လာတာကို သတိထားမိလိုက်သည်။
"သံမဏိသွေးစစ်မှန်ကျမ်းက သူ့ဘာသာ အသက်ဝင်လာတယ်?...."