သုံးခန္ဓာဖြတ်တောက်
Vol. 10 Ch. 972
စကားဆုံးသွားသည်နှင့် ပထမမိုးနတ်မင်းက ဗလာနယ်ထဲသို့ ပျံတက်သွားပြီး လေထဲတွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။
ထို့နောက် ဗလာနယ်ထဲတွင် မြစ်တစ်စင်းထွက်ပေါ်လာလေသည်။
ချန်ကျင်းချင်၏ ခန္ဓာကိုယ်အတွင်းမှ အဖြူရောင်အရိပ်တစ်ခု ထွက်ပေါ်လာပြီး ကြမ်းတမ်းသည့် မြစ်ရေများအတွင်းသို့ စီးဆင်းဝင်ရောက်သွားလေတော့သည်။
ထိုရေများသည်ကား အချိန်ရေစီးကြောင်းပင် ဖြစ်၏။
အချိန်ရေစီးကြောင်းထဲသို့ ဝင်ရောက်သွားသည့် အဖြူရောင်အရိပ်နောက်သို့ ရွှေရောင်အလင်းတန်းများကလည်း လှည့်ပတ်ဝင်ရောက် လိုက်ပါသွားလေသည်။
ထို့နောက် အဖြူရောင်အရိပ်နှင့် ရွှေရောင်အလင်းတန်းများသည် သဲလွန်စမကျန် အချိန်ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားလေတော့၏။
ယခုအချိန်မှစပြီး ပထမမိုးနတ်မင်းဆိုသည်မှာ ဒဏ္ဍာရီသမိုင်းကြောင်းအဖြစ်သာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
ချန်ကျင်းချင်၏မျက်ဝန်းများက အူကြောင်ကြောင်ဖြစ်နေပြီး သူ့ရှေ့တွင် ဆန်းလျန်ကိုတွေ့သည့်အခါ အတိတ်အကြောင်းအရာများကို ချက်ချင်း ပြန်လည်မှတ်မိလာသည်။
ထို့နောက်… သူ့ခန္ဓာကိုယ်ထဲသို့ ပထမမိုးနတ်မင်း ဝင်ပူးလိုက်သည်ကို သတိရလိုက်မိသည်။
ချန်ကျင်းချင်က ချက်ချင်းပင် ဆန်းလျန်ရှေ့တွင် ဒူးထောက်လိုက်ပြီး…
"တပည့် ဆရာ့ကို ဂါရဝပြုပါတယ်…"
"ထပါ… ဒီနေ့ကစပြီး မင်းက လူ့လောကရဲ့ ဧကရာဇ်တစ်ပါးဖြစ်သွားပြီ ၊ ပြီးတော့ ချင်းရွှမ်နတ်တံခါးရဲ့ ဂိုဏ်းချုပ်လည်းဖြစ်တယ် ၊ ဘယ်သူ့ရှေ့မှာမှ ဒူးထောက်စရာ မလိုဘူး…"
ဆန်းလျန်က တိုးတိတ်အေးဆေးသည့် လေသံဖြင့် ပြောလိုက်သည်။
ချန်ကျင်းချင် ဖြည်းဖြည်းချင်းမတ်တ်ထရပ်လိုက်သည်။ ထူးဆန်းသည့် တန်ခိုးစွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ မြစ်တစ်စင်းအလားစီးဆင်းဝင်ရောက်လာပြီး သူ၏ခန္ဓာကိုယ်ကို သန့်စင်ပေးလိုက်သည့်အလား ခံစားလိုက်ရသည်။
ပထမမိုးနတ်မင်းထွက်ခွာသွားပြီးသည့်နောက် ချန်ကျင်းချင်၏ ခန္ဓာကိုယ်ထဲတွင် ပထမမိုးနတ်မင်း၏ တန်ခိုးစွမ်းအား အနှစ်သာရာများ ကျန်ရှိနေခဲ့သည့်အပြင် ယခု ခန္ဓာကိုယ်သည်လည်း ပထမမိုးနတ်မင်းက ပြန်လည်သိပ်သည်းအောင် ပြုလုပ်ဖန်ဆင်းပေးခဲ့သည့် ခန္ဓာကိုယ် ဖြစ်လေသည်။
ဤသည်မှာ ခရမ်းကိုးဆင့်ရွှေဆေးစားရသည်ထက်ပင် ပိုမိုကောင်းမွန်သေးသည်။
သူ့အတွက် နှစ်ပေါင်းတစ်သောင်းကြာအောင် ကျင့်ကြံမှ ရရှိမည့် တန်ခိုးစွမ်းအားများကို ချက်ချင်းပင် ရရှိသွားခဲ့ပြီ ဖြစ်လေသည်။
ပထမမိုးနတ်မင်း၏ တန်ခိုးစွမ်းအားများက သူ့ဝိညာဉ်အတွင်းမှ တန်ခိုးစွမ်းအားနှင့် ပေါင်းစပ်သွားလေသည်။
ထိုအချိန် ဘုရင်မကြီးက အေးစက်သည့်လေသံဖြင့် ….
"ခုချိန်မှာ… မင်း အကူအညီပေးလည်း ငါ မယူတော့ဘူး…"
ထို့နောက် ဘုရင်မကြီး၏ ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ရားတန်ခိုးစွမ်းအားများ ပေါက်ကွဲလုမတတ်ထွက်ပေါ်လာလေရာ ချန်ကျင်းချင်ပင် စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားရသည်။
ထိုအချိန်… ဆန်းလျန်က ပါးစပ်ကို ဟလိုက်ပြီး ဘုရင်မကြီး၏ ခန္ဓာကိုယ်ပေါ်သို့ လေတစ်ချက် မှုတ်ထုတ်လိုက်လေသည်။
ဘုရင်မကြီးမှာ ချက်ချင်းပင် မိုးမခအကိုင်းအခက်လေးအလား နူးညံ့ပျော့ပြောင်းသွားလေတော့သည်။
အမှန်တော့ … ဘုရင်မကြီးက သူမကိုယ်သူမ ပေါက်ကွဲထွက်စေပြီး သေကြောင်းကြံစည်ခြင်း ဖြစ်လေသည်။ ဆန်းလျန်က သူမကို အချိန်မီတားဆီးလိုက်ခြင်း ဖြစ်၏။
သို့သော်… ဘုရင်မကြီးက ဆန်းလျန်ကို ကျေးဇူးမတင်ခဲ့ပေ။
သူမက တိုးတိတ်သည့်လေသံဖြင့်…
"သြော်… သေချင်တာတောင် သေလို့မရတဲ့ ဘဝပါလား…"
ဆန်းလျန်ကပြုံးလိုက်ရင်း…
"မသေရရင် ရှင်သန်ပါ…"
ဆန်းလျန်က ပြောပြီးသွားသည်နှင့် ဘုရင်မကြီးကို ကျောခိုင်းထွက်ခွာသွားလေတော့သည်။
အဆုံးမရှိသောလရောင်က ဖြာကျနေပြီး ဖော်မပြနိုင်လောက်သည့် အေးစက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းများကို ဘုရင်မကြီး ခံစားနေရလေသည်။
သူမက နတ်ဘုရားတစ်ပါးဖြစ်သည့်အတွက် ပူခြင်းအေးခြင်း ကွဲပြားသည့် ခံစားချက်များ မရှိပေ။ သို့သော်… ယနေ့တော့ အနည်းငယ် အေးစက်ခြင်းကို ခံစားနေရလေသည်။
သူမ ဆန်းလျန် ထွက်ခွာပျောက်ကွယ်သွားရာနေရာသို့ အချိန်အကြာကြီး ငေးမောကြည့်နေခဲ့မိလေသည်။
ဒီလူက ဘယ်လိုလူစားမျိုးပါလဲ…။
လူသားလည်းဆန်သလို အကြင်နာတရားလည်း ကင်းမဲ့သူဖြစ်သည်။ သို့သော်… လောလောဆယ်အချိန်တွင် လူသားဆန်ခြင်းနှင့် အကြင်နာတရားကင်းမဲ့ခြင်း၏ ခြားနားချက်ကို ဘုရင်မကြီး မရှင်းပြနိုင်သေးပေ။
"ဘုရင်မကြီး… ကျွန်တော်တို့ အတူတူသွားကြမယ်လေ…"
ဘုရင်မကြီးလှည့်ကြည့်လိုက်သည့်အခါ သူ့ကို ပြုံးပြနေသည့် ချန်ကျင်းချင်ကို တွေ့လိုက်ရသည်။
မျက်ဝန်းများက နူညံ့နေပြီး မျက်နှာက တည်ကြည်လှသည်။
ကြည့်ရသည်မှာ ချန်ကျင်းချင် အရင်ဘဝကို ပြန်လည် သတိရသွားပြီ ဖြစ်ပေလိမ့်မည်။
အတိတ်တစ်ချိန်… ထိုနှစ်များဆီက ဆန်းလျန်၏ ပထမဦးဆုံးတပည့် ၊ ချင်းရွှမ်နတ်တံခါး၏ဂိုဏ်းချုပ် ချန်ကျင်းချင်၏ ပုံရိပ်နှင့်အငွေ့အသက်များ ပြန်လည် ထွက်ပေါ်လာပြီ ဖြစ်လေသည်။
ဘုရင်မကြီးက ဆန်းလျန်ရွတ်ဆိုခဲ့သည့် ကဗျာ၏ နောက်ဆုံးစာကြောင်းကို တီးတိုးရွတ်ဆိုလိုက်သည်။
" တောင်အောက်ကိုပြေးဆင်းပြီး… ၊ လောကကြီးကို ဘာလို့ ပြဿနာရှာလိုရပါသလဲ…"
ပြီးမှ ဘုရင်မကြီးက သက်ပြင်းချလိုက်ရင်း…
"မင်းပဲ သွားလိုက်ပါ… ငါမလိုက်တော့ဘူး…."
ချန်ကျင်းချင်က ဘုရင်မကြီးကို ထပ်မံစကားပြောချင်သေးသော်လည်း ရုတ်တရက် လေထဲတွင် စီးဆင်းနေသည့် မြစ်တစ်စင်းပေါ်လာလေသည်။
မြစ်ရေများက ကြည်လင်လျှက်ရှိလေသည်။ ဘုရင်မကြီးက ထိုမြစ်ရှိရာသို့ ထွက်ခွာသွားလေတော့သည်။
ချန်ကျင်းချင်က ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားပြီး မြစ်၏ အခြေအနေကို ကြည့်လိုက်သည်။
ထိုအခါ…. မြစ်ကမ်းတစ်ဖက်တစ်ချက်တွင် ပေါက်ရောက်နေသည့် ကျူပင်များကိုတွေ့မြင်ရပြီး တောင်ထိပ်များ ၊ လယ်ကွင်းပြင်များနှင့် သစ်တောများကို အဆုံးမရှိ တွေ့မြင်လိုက်ရလေသည်။
မြစ်လယ်တွင် ဝတ်ကျောင်းတော်တစ်ခု တည်ရှိနေလေသည်။
ထိုဝတ်ကျောင်းတော်မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ချင်းစွေမြစ်စောင့်နတ်သမီးဝတ်ကျောင်းတော် ဖြစ်လေသည်။ စီးဆင်းနေသည့် မြစ်ကြီးမှာလည်း ချင်းစွေ မြစ် ဖြစ်လေ၏။
လျှောက်လှမ်းရသည့် ဘဝလမ်းခရီးများက ရှည်လျားပြီး အတိတ်အကြောင်းအရာများက ဒီရေတိုက်စားသည့်အလား မြန်ဆန်လွန်းလှသည်။
ဘုရင်မကြီး သူ့ကိုသူသေကြောင်းမကြံစည်သည်ကို သေချာတော့မှ ချန်ကျင်းချင် သက်ပြင်းချလိုက်မိသည်။
ဘုရင်မကြီးတွင် အနာဂတ်မရှိတော့ပေ။ သူမတွင် အတိတ်သာလျှင် ရှိလေတော့သည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဆန်းလျန်ကိုယ်တိုင် သူမကို ချင်းစွေမြစ်စောင့်နတ်သမီးအဖြစ် အပ်နှင်းပေးခဲ့သည့် ဘဝသည်ပင်လျှင် သူမ၏ အတိတ်ဖြစ်ခဲ့လေသည်။
ဘုရင်မကြီးတွင်လည်း သူမ၏ အကြောင်းပြချက်နှင့်သူမ ရှိမည်ဖြစ်သလို ဆန်းလျန်တွင်လည်း သူ၏ အကြောင်းပြချက်နှင့်သူ ရှိပေလိမ့်မည်။
သူတို့သည် ယခင်က မိတ်ဆွေများဖြစ်ခဲ့ကြသော်လည်း ယခုတော့ သူစိမ်းပြင်ပြင် ဖြစ်ခဲ့ကြရလေပြီ။ လောကကြီးတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကထူးဆန်းပြီး ကြိုတင်ခန့်မှန်းရခက်လှသည်။ မည်သူကများ အရာရာကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါမည်နည်း။
ချန်ကျင်းချင်က ချင်းစွေမြစ်လယ်မှ ဝတ်ကျောင်းတော်ရှိရာသို့ ဦးတည်ပြီး လက်နှစ်ဖက်ဆုပ်ဦးညွှတ်ဂါရဝပြုလိုက်သည်။ ထို့နောက် အရောင်မဲ့ကောင်းကင်ဘုံမှ ထွက်ခွာလာခဲ့လေတော့သည်။
အရောင်မဲ့ကောင်းကင်ဘုံအပြင်ဘက်တွင်တော့ ပတ်ဝန်းကျင်တစ်ခုလုံး မြူဆိုင်းလျှက် ရှိလေသည်။
ရုတ်တရက်… လက်ဝါးတစ်ဖက် ထွက်ပေါ်လာပြီး ချန်ကျင်းချင်ကို ရိုက်ချလိုက်လေသည်။ ရိုက်ချက်က ပြင်းထန်လွန်းပြီး သေစေနိုင်လောက်သည်အထိ စွမ်းအားကြီးမားလှသည်။
ချန်ကျင်းချင် ကမန်းကတန်းပင် ထိုလက်ဝါးရိုက်ချက်ကို ပြန်လည်ခုခံလိုက်ရသည်။
ပြီးမှ သူ့ကို တိုက်ခိုက်သူကို ကြည့်လိုက်ပြီး ချန်ကျင်းချင် များစွာ အံ့အားသင့်သွားလေသည်။
"ဆရာဦးလေးလူ ၊ ကျွန်တော့်ကို ဘာလို့တိုက်ခိုက်ရတာလဲ…"
ချန်ကျင်းချင် ခုန်ထွက်လာသည်ကို တွေ့လိုက်သည်နှင့် လူစောယိက ပထမမိုးနတ်မင်း ဝင်ပူးထားသည့် ချန်ကျင်းချင်ဟု ထင်မှတ်ကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
မမျှော်လင့်ဘဲ ချန်ကျင်းချင်က သူ၏ လက်ဝါးရိုက်ချက်ကို ခုခံလိုက်သည့်အခါ လူစောယိက ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်နေစဉ်မှာပင် ချန်ကျင်းချင်က မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
ချန်ကျင်းချင်က သူ့ကို "ဆရာဦးလေးလူ" ဟု ခေါ်လိုက်သည်ကိုကြည့်ခြင်းအားဖြင့် သူ့ရှေ့မှချန်ကျင်းချင်မှာ ပထမမိုးနတ်မင်းမဟုတ်ဘဲ သူ၏ တူဖြစ်သူ ဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။
ချန်ကျင်းချင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဆိုလျှင် ဆန်းလျန်သည်လည်း အခြေအနေကောင်းသည်မှာ ထင်ရှားနေလေသည်။
လူစောယိက ဝမ်းသာသွားပြီး…
"ကျင်းချင်… မင်း ဘာမှ မဖြစ်တော့ဘူးနော် ၊ ဟေး… မင်း ကျုပ်ကိုလည်း မှတ်မိသွားပြီနော်… ကောင်းလိုက်တာ ၊ ကောင်းလိုက်တာ ၊ ကောင်းလိုက်တာ…"
ချန်ကျင်းချင် ပုံမှန်အတိုင်းဖြစ်သွားသည့်အတွက် လူစောယိ အလွန်ဝမ်းသာနေမိလေသည်။ ဆန်းလျန်လည်း အန္တရယ်ကင်းကင်းနှင့် အဆင်ပြေနေသည်ကို သိရသည့်အတွက် ဝမ်းသာမိသည်။
အထူးသဖြင့် ချန်ကျင်းချင်က သူ့ကို ဆရာဟုမခေါ်တော့ဘဲ ဆရာဦးလေးဟု ပြောင်းခေါ်သည်ကို ကြည့်ခြင်းအားဖြင့် ချန်ကျင်းချင် အတိတ်ဘဝမှအကြောင်းအရာများကို ပြန်လည်မှတ်မိနေပြီမှာ ထင်ရှားသည်။ ထိုအချက်ကတော့ အားလုံးထဲတွင် ဝမ်းသာစရာအကောင်းဆုံးအချက် ဖြစ်လေတော့၏။
ချန်ကျင်းချင်နှင့် လူစောယိ နားလည်မှုလွဲသည်များကို ဖြေရှင်းပြီးသည့်နောက် သူတို့ ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုနေကြလေသည်။
လူစောယိက…
"ကြည့်ရတာ မင်းရဲ့ဆရာဆန်းလျန်ကတော့ သွားနှင့်ပြီထင်တယ် ၊ ဒီကောင်ကလေ တကယ်ရိုင်းတယ် ၊ ကျုပ်ကိုတောင် တစ်ချက်လေး လာနှုတ်ဆက်မသွားနိုင်ဘူး ၊ မပြောမဆိုနဲ့ ထွက်သွားတော့တာပဲ…"
ချန်ကျင်းချင်ကတော့ ဆရာဖြစ်သူကို အပြစ်မတင်ဝံ့ပေ။
"ဆရာ့မှာ တခြားအရေးကြီးကိစ္စတွေရှိလို့ နေမှာပါ…"
ဟု ဆရာဖြစ်သူဘက်မှ ဖာဖာထေးထေးဖြင့် ပြောလိုက်၏။
လူစောယိက…
"သူ့အကျင့်ပဲလေ… ၊ ဘယ်လောက်ပဲ အရေးတကြီးကိစ္စရှိရှိ အထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ နည်းနည်းလောက်တော့ လာပြောပြသွားဖို့ကောင်းတာပေါ့ ၊ ဒါပေမဲ့ သူက အရေးမစိုက်ဘူးလေ ၊ တော်သေးတာပေါ့ ၊ မင်း အရင်ဘဝကို ပြန်သတိရသွားလို့ ၊ ဘာပဲဖြစ်ဖြစ် မင်းက ချင်းရွှမ်နတ်တံခါးရဲ့ ဂိုဏ်းချုပ်လေ ဟုတ်တယ်မလား…"
ချန်ကျင်းချင်က…
"ကျွန်တော် ဧကရာဇ်တစ်ပါးလည်းဖြစ်သလို ဂိုဏ်းချုပ်လည်းဖြစ်လာလိမ့်မယ် ၊ အတိတ်ကာလကနေ အခုအချိန်ထိ ဒီလိုကိစ္စမျိုး မရှိဖူးသေးဘူး မဟုတ်လား…"
လူစောယိက…
"သြော်… မင်းက ဧကရာဇ်တစ်ပါး ဖြစ်သွားပြီလား ၊ ကျုပ် အခုမှ နားလည်တော့တယ် ၊ ဆန်းလျန် မိုးကောင်းကင်လမ်းစဉ်နဲ့ ရုန်းကန်တိုက်ခိုက်ခဲ့တာ တကယ်တော့ မင်း ဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက်ကိုး…"
ချန်ကျင်းချင်က…
"ကြည့်ရတာ ဆရာက လူသားအားလုံးနဲ့ လူ့လောကလမ်းစဉ်ကို ပေါင်းစည်းစေချင်တာထင်တယ် ၊ ဒါမှ မိုးကောင်းကင်လမ်းစဉ်ကိုရင်ဆိုင်တဲ့အခါ လူ့လောကလမ်းစဉ်ရဲ့ လူသားဆန်မှုကို အသုံးချနိုင်မှာပေါ့…"
လူ့လောကလမ်းစဉ်နှင့် မိုးကောင်းကင်လမ်းစဉ်သည် မျဉ်းပြိုင်များအလား အတူတကွ ယှဉ်တွဲရပ်တည်နေသည့် လမ်းစဉ်များ ဖြစ်ကြလေသည်။ ထို့ကြောင့်သာ လောကကြီးက တည်ငြိမ်ပြီး အရောင်စုံ လှပနေခြင်း ဖြစ်၏။
မိုးကောင်းကင်လမ်းစဉ်ဆိုသည်မှာ အရာရာသည် မိုးကောင်းကင်ဆန္ဒအတိုင်း သူ့သဘောသူဆောင် ဖြစ်ပျက်နေခြင်းကို ဆိုလိုခြင်းဖြစ်ပြီး လူ့လောကလမ်းစဉ်ကတော့ လူသားများ ကြိုးစားသလောက် အကျိုးဖြစ်ထွန်းခြင်းကို ပြဆိုသည်။
အကယ်၍ မိုးကောင်းကင်လမ်းစဉ်မှ လူသားဆန်ခြင်းတရားကို ဖြတ်တောက်ပစ်လိုက်လျှင် ယခုအချိန်တွင် သွေးမိုးများလည်း ရွာချင်ရွာနိုင်လာသလို ၊ မြေကြီးအက်ကွဲကာ အသူရာချောက်နက်အတွင်းသို့ လူသားသန်းပေါင်းများစွာ ပြုတ်ကျပြီး သေကြေပျက်စီးလျှင်လည်း ပျက်စီးပေမည်။
လူစောယိက ခေါင်းတစ်ချက်ခါရမ်းလိုက်ပြီး…
"မင်းဆရာ ဘယ်လောက်မာနကြီးလဲဆိုတာ မင်းအခုထိ နားမလည်သေးဘူးလား ၊ ဒီနေ့ကိစ္စတွေပြီးသွားတဲ့နောက် နောက်ပိုင်းကျရင် သူ့ကို ဘယ်သူမှ တားဆီးရဲမှာတောင် မဟုတ်တော့ဘူး ၊ နောက်တော့ သူ တဖြည်းဖြည်း သံသရာကို ကျော်လွန်သွားတော့မှာပဲ ၊ ဒါ အမှန်တရားပဲလေ ၊ စကြာဝဠာပျက်စေမယ့် ဘေးအန္တရယ်ကပ်ဆိုးကြီး ကျရောက်ပြီးရင် မိုးကောင်းကင်လမ်းစဉ်ဆိုတာ ရှိမှာ မဟုတ်တော့ဘူး ၊ မိုးကောင်းကင်လမ်းစဉ်ဆိုတာ သေခြင်းရှင်ခြင်းသံသရာကိုလည်စေတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်သွားလိမ့်မယ် ၊ မင်းကတော့ မိုးကောင်းကင်ကိုတောင် စိန်ခေါ်နိုင်တဲ့ ထိပ်တန်းအဆင့် လူသားတစ်ယောက် ဖြစ်လာလိမ့်မယ်…"
ချန်ကျင်းချင်က သံသယအနည်းငယ်ရှိနေပြီး…
"စကြာဝဠာပျက်စေမယ့် ဘေးအန္တရယ်ကပ်ဆိုးကြီးသာ ဖြစ်လာရင် ဘယ်အရာမှ တည်ရှိနိုင်မှာ မဟုတ်တော့ဘူး ၊ ဒါဆိုရင် ကျွန်တော်လုပ်နေတဲ့အလုပ်တွေ အဓိပ္ပါယ်ရှိပါဦးမလား…"
လူစောယိက…
"နတ်ဘုရားတွေပြောနေကြတာတော့ နောက်ဆုံး ဘေးအန္တရယ်ကပ်ဆိုးကြီး ရောက်လာတော့မယ်တဲ့ ၊ အရာအားလုံးကို ဖျက်စီးပစ်လိမ့်မယ်တဲ့ ၊ ဒါပေမဲ့ အရာအားလုံး ပျက်စီးသွားတယ်ဆိုတာ အရာအားလုံး ပြန်လည်မွေးဖွားခြင်းကို ဆိုလိုတာပဲလေ… ၊ တစ်ယောက်နဲ့တစ်ယောက် အယူအဆတွေတော့ မတူကြဘူးပေါ့ကွာ ၊ နတ်ဘုရားတွေကတော့ သေခြင်းရှင်ခြင်းကို ကျော်လွန်ပြီး ထာဝရ အေးအေးဆေးဆေး နေချင်ကြတာပေါ့…"
ခဏနားပြီးမှ လူစောယိက ဆက်ပြောလိုက်သည်။
"ဒါပေမဲ့… စကြာဝဠာတစ်ခုလုံး အဆုံးသတ်သွားရင်လည်း ကျုပ်တို့က ပျောက်ကွယ်သွားစရာ အကြောင်းမရှိပါဘူး ၊ အနာဂတ်မှာ စကြာဝဠာအသစ်တစ်ခု ပြန်လည်ဖွင့်လှစ်နိုင်မယ်ဆိုရင် ကျုပ်တို့တွေက မျိုးစေ့တွေအဖြစ်တည်ရှိပြီး ပြန်လည်ကြီးထွားလာကြဦးမှာပဲ… ၊ ဒီတော့မင်းသာ လူ့လောကလမ်းစဉ်ကို အသုံးပြုပြီး မိုးကောင်းကင်လမ်းစဉ်ကို ဖြတ်တောက်နိုင်မယ်ဆိုရင် မင်းဟာ တာအိုမဟာလမ်းစဉ်ရဲ့ တံခါးဝကို ရောက်သွားပြီး နောက်ထပ်ခေတ်သစ်တစ်ခုအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်မှာပဲ…"
……………..
နဂါးငွေ့တန်းသည် မိုးကောင်းကင်ထက်တွင် စီးဆင်းနေသည့် မြစ်တစ်စင်းဖြစ်လေသည်။ စီးဆင်းနေသည့်ရေများသည် အစဉ်အမြဲ ကြည်လင်လျှက် ရှိသည်။
သို့သော်… ယနေ့တော့ နဂါးငွေ့တန်းသည် လှိုင်းလေများထန်ပြီး မြစ်ရေများသည်လည်း ဆူပွက်လျှက် ရှိလေသည်။ မြစ်ရေများသည် အထက်သို့ပင် အငွေ့ပျံတက်လျှက် ရှိနေလေ၏။
နဂါးငွေ့တန်း၏ နက်ရှိုင်းသည့် နေရာတစ်နေရာတွင် တံခါးတစ်ချပ် ရုတ်တရက် ပွင့်လာလေသည်။ ထိုတံခါးအတွင်းမှ အလွန်မြင့်မားပြီး အံ့သြစရာကောင်းလှသည့် တာအို တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
ဗလာနယ်တစ်ခုလုံး တုန်ခါသွားပြီး နဂါးငွေ့တန်း၏အထက်တွင် အလင်းရောင်များ လင်းလက်တောက်ပလာလေသည်။ ထိုအလင်းရောင်များက ကြယ်စင်များ၏ အလင်းရောင်ကိုပင် ဖုံးကွယ်သွားသည်။
ထိုအလင်းရောင်များသည် လူ့လောကအထိ လင်းဖြာကျဆင်းလာပြီး နတ်ဘုရားများ ၊ လူသားများ ၊ နတ်မိစ္ဆာများ ၊ တစ္ဆေသရဲများ ၊ ငှက်များ ၊ သားရဲများ ၊ မြက်ပင်များ ၊ သစ်ပင်များ ၊ ဝါးပင်များ ၊ ကျောက်တုံးများ အားလုံးထက်သို့ ဖြာလင်းကျနေပြီး ထိုအလင်းတန်းမှ တန်ခိုးစွမ်းအားများကို အားလုံးက ခံစားလိုက်ကြရသည်။
ခေါင်းမာသည့် ကျောက်တုံးပင်လျှင် ခေါင်းငုံ့စေပြီး သားရဲနှင့်ငှက်သတ္တဝါများအားလုံးသည် ဝပ်တွားလျှက် ရှိကြသည်။
ပင်လယ်သမုဒ္ဒရာထဲတွင် ကူးခပ်နေသည့် ငါးသတ္တဝါများမှာလည်း ရေထဲမှ ခုန်ထွက်ပြီး ကောင်းကင်ရှိရာသို့ လှမ်းမျှော်ကြည့်လျှက် ရှိကြလေသည်။
"သုံးခန္ဓာဖြတ်တောက်…"
ရဲ့လျိုယွင်၏ အသံက တိုးတိတ်စွာ ထွက်ပေါ်လာသည်။
ဝိညာဉ်မြစ်ရေများကို အဆက်မပြတ် စုပ်ယူနေသည့် တိကျန်ဗောဓိသကျသည် ရဲ့လျိုယွင်၏အသံကို ကြားလိုက်ရသည်နှင့် မြစ်ရေများကို စုပ်ယူနေသည်ကို ခဏတာ ရပ်နားလိုက်မိလေတော့သည်။
***