အခန်း (၁၂၄၆-၁၂၄၈)
Vol. 84 Ch. 1246-1248
အခန်း (၁၂၄၆) - မိစ္ဆာချိတ်ပိတ်မြို့တော်နှင့် သောင်းကျန်းနေသော နတ်ဆိုးတစ္ဆေများ
အဘိုးအို၏ မျက်နှာအမူအရာမှာ တစ္ဆေသရဲကို မြင်လိုက်ရသည့်အလား ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ဆန်ခါတစ်ခုကဲ့သို့ တုန်ယင်နေလေသည်။
"မင်း... မင်းက ဒီမှာ တစ်ညလုံး နေခဲ့တာလား"
ရွှယ်အန်းက ခပ်သဲ့သဲ့လေး ပြုံးလိုက်သည်
"ဟုတ်ပါတယ်"
အဘိုးအို၏ မျက်နှာအရောင် ပြောင်းလဲသွားပြီး ရွှယ်အန်းကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ ရင်ခွင်ထဲမှ ဝါးခရာတစ်ခုကို ထုတ်ယူကာ အားကုန် မှုတ်လိုက်လေတော့သည်။ ခရာသံမှာ စူးရှပြတ်သားစွာဖြင့် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့တံခါးအနောက်မှ လူအုပ်ကြီး ထွက်ပေါ်လာပြီး လူတိုင်း၏လက်ထဲတွင် တုတ်များနှင့် ဓားများကို ကိုင်ဆောင်ထားကြကာ ရွှယ်အန်းကို ကြောက်ရွံ့မှု၊ သတိထားမှုတို့ဖြင့် ကြည့်နေကြလေသည်။
ရွှယ်အန်းမှာ အနည်းငယ် အံ့ဩသွားသော်လည်း ထိုလူများအားလုံးမှာ စုတ်ပြတ်နေသော အဝတ်အစားများနှင့် ဖြူရော်နေသော မျက်နှာများ ရှိနေသည်ကို မြင်သောအခါ သက်ပြင်းသဲ့သဲ့ချလိုက်မိသည်။
"ဘယ်လိုဖြစ်ရတာလဲ၊ ဒီမှာက ခရီးသွားတစ်ယောက်ကိုတောင် လက်မခံနိုင်ဘူးလား"
လူအုပ်ကြီးမှာ တိတ်ဆိတ်နေကြစဉ် မြို့ထဲမှ အားနည်းပြီး အိုမင်းနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
"သူ့ကို ပေးဝင်လိုက်ပါ၊ သူက နတ်ဆိုးမိစ္ဆာမဟုတ်ပ်ဘူး"
ဤရိုးရှင်းသော စကားတစ်ခွန်းကပင် ထိုသူ၏ အင်အားများကို ကုန်ခမ်းသွားစေသကဲ့သို့ ချောင်းဆိုးသံများ သဲ့သဲ့လေး ထွက်ပေါ်လာသည်။ လူအုပ်ကြီးမှာ အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်သွားသော်လည်း ထိုအသံမှာ ဩဇာကြီးမားကြောင်း သိသာစွာ လူတိုင်း လမ်းဖယ်ပေးလိုက်ကြသည်။
ရွှယ်အန်းက မြို့ထဲသို့ ဝင်ရောက်လာသောအခါ မြင်တွေ့လိုက်ရသည်မှာ ပျက်စီးယိုယွင်းနေသော အိမ်တန်းလျားများ ဖြစ်သော်လည်း လမ်းမများမှာမူ အလွန် သန့်ရှင်းသပ်ရပ်နေလေသည်။ ရွှယ်အန်း လမ်းလျှောက်သွားစဉ် လမ်းတစ်လျှောက်ရှိ အိမ်များမှ ခေါင်းများစွာ ထွက်လာပြီး သူ့ကို စပ်စုလိုသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။
အထူးသဖြင့် ကလေးငယ်များစွာမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး ကလေးတစ်ယောက်ဆိုလျှင် ရွှယ်အန်းကို လက်ညှိုးထိုးကာ ကလေးအသံလေးဖြင့် အော်ဟစ်လိုက်လေသည်။
"မေမေ... ဟိုအစ်ကိုကြီး လမ်းလျှောက်တာ အရမ်းကြည့်ကောင်းတာပဲ"
ထိုစကားကို ကြားသောအခါ ရွှယ်အန်း ခေါင်းလှည့်ကြည့်လိုက်ချိန် သူ့ကို စိုက်ကြည့်နေသော အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကောင်မလေး တစ်ယောက်ကို မြင်လိုက်ရလေသည်။
ရွှယ်အန်းက သူမကို ကြင်နာစွာ ပြုံးပြလိုက်လေသည်။
ကောင်မလေးမှာ မှင်တက်သွားသော်လည်း သူမ တုံ့ပြန်မှု မလုပ်နိုင်ခင်မှာပင် စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက သူမကို အိမ်ထဲသို့ ဆွဲသွင်းသွားပြီးနောက် ဆူပူကြိမ်းမောင်းသံများနှင့် ကလေးငိုသံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။
ရွှယ်အန်းသည် အနည်းငယ် အနေရခက်သွားသဖြင့် သူ၏ နှာခေါင်းကို ပွတ်လိုက်ပြီးနောက် ရှေ့သို့ ဆက်လက် လျှောက်သွားလေသည်။
မြို့လေးမှာ သေးငယ်သော်လည်း စီးပွားရေးလုပ်ငန်းများ အားလုံး ကျဆင်းနေကြောင်း ရွှယ်အန်း သဘောပေါက်သွားသည်။ ဟင်္သာပြဒါးရောင် မျှော်စင်ကြီးတစ်ခုသည် မြို့၏ အလယ်ဗဟိုတွင် အထီးကျန်စွာ မတ်တပ်ရပ်နေသော်လည်း ၎င်းသည်လည်း ဟောင်းနွမ်းယိုင်နဲ့နေချေသည်။
ထိုအချိန်တွင် မျှော်စင်တံခါးကြီး ပွင့်သွားပြီး ပိန်လှီသော ကောင်လေးတစ်ယောက် ထွက်လာကာ ရွှယ်အန်းကို အေးစက်စွာ ပြောလိုက်လေသည်။
"လူစိမ်း... အထဲဝင်ခဲ့ပါ၊ ကျွန်တော့်အဘိုးက ခင်ဗျားကို တွေ့ချင်လို့တဲ့"
ရွှယ်အန်းသည် ထိုကောင်လေးနောက်မှ မျှော်စင်ထဲသို့ လိုက်ဝင်သွားလိုက်သည်။ အထဲသို့ ဝင်လိုက်သည်နှင့် ပြင်းထန်သော ဆေးဖက်ဝင်အပင်နံ့များက သူ့ကို လာမှန်လေသည်။ အိမ်အတွင်းပိုင်းမှာ ပြတင်းပေါက်များကို တင်းကျပ်စွာ ပိတ်ထားသဖြင့် အလွန် မှောင်မိုက်နေလေသည်။ စားပွဲဘေးရှိ ကုတင်ပေါ်တွင် အဘိုးအိုတစ်ဦးသည် နံရံကိုမှီကာ ထိုင်နေပြီး အသက်ရှူလိုက်တိုင်းမှာ အလွန် ပင်ပန်းခက်ခဲနေရှာသည်။
သို့တိုင်အောင် အဘိုးအို၏ မျက်လုံးများမှာ ဓားတစ်လက်ပမာ စူးရှထက်မြက်ကာ ရွှယ်အန်းကို အကဲခတ် စစ်ဆေးနေလေသည်။ ရွှယ်အန်းကမူ အဘိုးအို၏ အကြည့်ကို ရှောင်လွှဲခြင်းမရှိဘဲ တည်ငြိမ်စွာ ရင်ဆိုင်လိုက်သည်။ ဤတုံ့ပြန်မှုက အဘိုးအိုကို အနည်းငယ် အံ့ဩသွားစေခဲ့သည်။ အဘိုးအို၏ နတ်ဘုရားအာရုံထဲတွင် ရွှယ်အန်းသည် သာမန်လူငယ်တစ်ယောက်နှင့်သာ တူနေပြီး သူ့ထံတွင် ထူးခြားသည့်အရာ ဘာမှမရှိပေ။
"လူငယ်လေး... မင်း မနေ့ညက မြို့ပြင်က လက်ဖက်ရည်ဆိုင်မှာ အိပ်ခဲ့တာလား"
အဘိုးအိုက ချောင်းဆိုးသံများကြားမှ မေးလိုက်သည်။
"ဟုတ်ပါတယ်"
"ဒါဆို မင်း ဒီကို ဘယ်လို ရောက်လာတာလဲ?"
“တရားဝင် လမ်းမကြီးအတိုင်း လာခဲ့တာပေါ့"
ရွှယ်အန်း၏ စကားကြောင့် လူငယ်လေး၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားလေသည်။ အဘိုးအိုက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလာသည်။
"ကောင်းပြီလေ... မင်းက ခရီးသွားဧည့်သည်ဆိုတော့ သဘာဝကျကျပဲ ငါ့နေရာက မင်းကို လက်ခံပေးလို့ ရပါတယ်၊ ယွီရှု... ဒီလူကြီးမင်းကို ခေါ်သွားပြီး နေစရာနေရာလေး စီစဉ်ပေးလိုက်"
ယွီရှု အမည်ရသော လူငယ်လေးသည် ရွှယ်အန်းကို စွန့်ပစ်ထားသော ခြံဝင်းတစ်ခုသို့ ခေါ်ဆောင်သွားလေသည်။ အခန်းမှာ ခြောက်ကပ်ပြီး အခြေခံ ပရိဘောဂအချို့မှလွဲ၍ ဘာမှမရှိချေ။
"ခင်ဗျား ဒီမှာ နေရမယ်၊ စားဖို့သောက်ဖို့ ကိစ္စကတော့ ခင်ဗျားဘာသာ ဖြေရှင်းရလိမ့်မယ်"
လူငယ်လေးက အေးစက်စွာ ပြောလိုက်သည်။ ရွှယ်အန်းက ပြုံးစစဖြင့်ပြောလိုက်သည်။
"ကျေးဇူးပါပဲ"
လူငယ်လေးသည် ရုတ်တရက် ရှေ့သို့ တက်လာပြီး ရွှယ်အန်းကို စူးစိုက်ကြည့်ကာ အေးစက်စွာ သတိပေးလိုက်လေသည်။
"ခင်ဗျား ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ဘူး၊ ဒါပေမဲ့ မိစ္ဆာချိတ်ပိတ်မြို့တော် ကို ရောက်လာပြီဆိုတော့ ဒီက စည်းမျဉ်းတွေကို ခင်ဗျား လိုက်နာရမယ်၊ ကျွန်တော့်အဘိုး ရှိတယ်ဖြစ်ဖြစ်၊ မရှိဘူးဖြစ်ဖြစ် ဒါက အမှန်တရားပဲ၊ နားလည်လား”
အခန်း (၁၂၄၇) - ရှင်းမျိုးနွယ်စု၏ မျိုးဆက်နှင့် တာအိုပညာရပ်များ၏ အမွေဆက်ခံသူ
အေးစက်သော စကားလုံးများနှင့် အလွန်တရာ ပြတ်သားခိုင်မာသော သဘောထားဖြစ်သည်။ သို့သော် ရွှယ်အန်းကမူ အားရပါးရ ရယ်မောလိုက်လေသည်။ အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်သာ ရှိသေးသော ဤကောင်လေးသည် မိမိ၏ နယ်မြေကို ကျူးကျော်ခံလိုက်ရသဖြင့် ကြမ်းတမ်းသော ဟန်အမူအရာဖြင့်သာ ပြသနိုင်သည့် ကြောင်ပေါက်လေးတစ်ကောင်နှင့်သာ တူနေလေသည်။
သို့သော် သူ၏ ရယ်မောသံကြောင့် ကောင်လေးက မျက်ခုံးပင့်လိုက်ရာ ရွှယ်အန်း၏ ဦးခေါင်းအထက်တွင် အစီအရင်တစ်ခု ရုတ်တရက် ပေါ်လာပြီးနောက် အေးစက်သော အသံဖြင့် မေးလိုက်လေသည်။
"ခင်ဗျား... ဘာရယ်တာလဲ"
ရွှယ်အန်းက အစီအရင်ကို ဝေ့ကြည့်ကာ ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ ငါက ခရီးသွားတစ်ယောက်ပါပဲ၊ မင်းက ငါ့ကို ဒီလောက်တောင် အလေးထားဖို့ လိုလို့လားလို့ တွေးမိလို့ပါ"
"ခင်ဗျား လိမ်လိမ်မာမာ နေရမယ်၊ မဟုတ်ရင်တော့... ခုနက အစီအရင်က သက်သက် ဟန်ပြလုပ်ထားတာ မဟုတ်ဘူးနော်"
ကောင်လေးသည် ဤသို့ သတိပေးကာ ထွက်သွားလေတော့သည်။ ရွှယ်အန်းသည် ကောင်လေး၏ ကျောပြင်ကို ကြည့်ရင်း သဲ့သဲ့လေး ပြုံးလိုက်မိသည်။ တော်တော် စိတ်ဝင်စားစရာပဲ၊ ခုနက အစီအရင်က တကယ့်ကို စစ်မှန်တဲ့ တာအိုမျိုးနွယ်စုရဲ့ ပညာရပ်ပဲ၊ ကြည့်ရတာ ဒီမြို့ငယ်လေးက ထင်သလောက် မရိုးရှင်းတဲ့ပုံရတယ်...
တစ်ချိန်တည်းမှာပင် ကောင်လေးသည် အဘိုးအိုရှိရာ အခန်းဆီသို့ ပြန်ရောက်လာချိန် အဘိုးအိုမှာ နံရံကိုမှီလျက် အိပ်ပျော်နေသည်။ ကောင်လေးသည် ညင်သာစွာသာ အနီးသို့လျှောက်လာသော်လည်း အဘိုးအို၏ မျက်လုံးများမှာ ပွင့်လာခဲ့သည်။
“အားလုံးစီစဥ်ပြီးပြီလား”
ကောင်လေးမှာ ခေါင်းငြိမ်းလိုက်ပြီး အဘိုးအို၏ကျောကို ကိုင်လျက် ကျွမ်းကျင်စွာ နှိပ်နယ်ပေးနေစဉ် လက်ဝါးများထံမှ အလင်းရောင်များ ထွက်ပေါ်နေသော်လည်း အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိချေ။
"တော်ပါတော့ ယွီရှူရယ်... ဝိညာဉ်စွမ်းအင်တွေကို အလကား အကုန်မခံပါနဲ့တော့"
ယွီရှုသည် တိတ်ဆိတ်နေသော်လည်း သူ့မျက်လုံးထဲတွင် ၀မ်းနည်းမှုနှင့် နာကျင်မှုများ ရောပြွန်လာသည်။ အဘိုးအိုက ညှင်သာစွာ ပြောလိုက်သည်။
“ယွီရှု… ငါ ဘာလို့ သူစိမ်းတစ်ယောက်ကို နေခွင့်ပြုလိုက်တာလဲလို့ မင်းတွေးနေတာမလား”
ယီရှုသည် ခဏတိတ်ဆိတ်ပြီးမှ ပြန်ပြောလာသည်။
“အဘိုးအဲ့လိုလုပ်မှတော့ အကြောင်းပြချက်ရှိလို့ဖြစ်မှာပါ ”
အဘိုးအိုက ရယ်လိုက်သည်။
“ကောင်စုတ်ေလး… မင်းကတော့ အမြဲတမ်း အတွေးလွန်နေတော့တာပဲ”
"ဒီလူငယ်လေးရဲ့ နောက်ခံကို အဘိုးလည်း ထိုးထွင်းမမြင်နိုင်ဘူး၊ ဒါပေမဲ့ သူက သေချာပေါက် လူဆိုးမဟုတ်ဘူးဆိုတာကိုတော့ အဘိုး အလိုလို သိနေတယ်"
အဘိုးအို၏ မျက်လုံးများထဲတွင် တည်ကြည်လေးနက်မှု အရိပ်အယောင်များ ပေါ်လာပြီး ဆက်ပြောလိုက်သည်။
"မနေ့ညက မြို့ပြင်ကနေ လာတဲ့ အစွမ်းထက်ပြီး ယုတ်မာတဲ့ စွမ်းအင်တစ်ခုကို အဘိုး ခံစားမိလိုက်တယ်၊ အဲဒါ အနည်းဆုံး စစ်မှန်အင်မော်တယ်အဆင့်ရှိတဲ့ နတ်ဆိုးတစ္ဆေတစ်ကောင်ပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ အဲဒီနတ်ဆိုးက အော်သံကြီးတစ်ခုအပြီးမှာ ပျောက်ကွယ်သွားခဲ့တယ်၊ နောက်နေ့မနက်ကျတော့ ဒီလူငယ်လေးကို မြို့ပြင်မှာ တွေ့ရတာပဲ၊ သူပဲ အဲဒီနတ်ဆိုးကို ရှင်းပစ်လိုက်တာတောင် ဖြစ်နိုင်တယ်"
ယွီရှူ၏ မျက်နှာမှာ ဖြူရော်သွားသည်။
"ဒါပေမဲ့ အဘိုး... သူက အဲဒီလောက် အစွမ်းထက်ရင် ဘာလို့ လူမသိသူမသိ ဖြစ်နေတာလဲ"
"ဘယ်သူ သိမှာလဲကွယ် ဒါပေမဲ့ သူ ဒီအချိန်မှာ မိစ္ဆာချိတ်ပိတ်မြို့တော်ကို ရောက်လာတာ ကံကြမ္မာပဲ ဖြစ်ရမယ်၊ ဘာပဲဖြစ်ဖြစ်... အဘိုးလည်း သိပ်ကြာကြာ ခံတော့မှာ မဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် အဘိုးအိုသည် အနီရင့်ရောင် သွေးတစ်လုတ်ကို အန်ထုတ်လိုက်လေသည်။ ယွီရှူက ရင်ခွင်ထဲမှ ဆေးလုံးတစ်လုံး ထုတ်ယူရန် ပြင်လိုက်သော်လည်း အဘိုးအိုက တားလိုက်သည်။
"အရှင်ဆေးတစ္ဆေ ချန်ထားခဲ့တဲ့ ဆေးတွေထဲက ဒါ နောက်ဆုံးတစ်လုံးပဲ၊ အလကား မဖြုန်းပါနဲ့၊ တကယ်လို့... နောက်တစ်ခါ အဘိုးက တစ္ဆေအဆိပ်ကို မဖိနှိပ်နိုင်တော့ဘူးဆိုရင် အဘိုးကို အချိန်မနှောင်းခင် ကြိုသတ်ပစ်ဖို့ မှတ်ထားနော်"
"အဘိုး..."
ကောင်လေး၏ မျက်ရည်များ ကျဆင်းလာတော့သည်။
"ရှင်းမျိုးနွယ်စုရဲ့ မျိုးဆက်တစ်ယောက်၊ တာအိုပညာရပ်တွေရဲ့ အမွေဆက်ခံသူ တစ်ယောက်အနေနဲ့ မင်းက ဘယ်လိုလုပ် ဒီလောက်တောင် မျက်ရည်လွယ်နေရတာလဲ"
အဘိုးအို၏ အော်ဟစ်သံကြောင့် ယွီရှူသည် တုန်ယင်စွာဖြင့် ပြောကာ ထွက်သွားလေသည်။
"ဟုတ်... ဟုတ်ကဲ့"
အဘိုးအိုသည် မြေးဖြစ်သူ၏ ကျောပြင်ကို ကြည့်ကာ တိတ်ဆိတ်စွာ တွေးလိုက်မိသည်။ ယွီရှူ... ဒီတာဝန်တွေက မင်းအတွက် အရမ်းလေးလံပေမဲ့ ဒါက မင်းမွေးကတည်းက ပါလာတဲ့ ကံကြမ္မာပဲ...
တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် ခေါင်းမော့ကာ အဝေးရှိ ဟင်္သာပြဒါးရောင် မျှော်စင်ကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းသဲ့သဲ့ချကာ ခပ်ပေါ့ပေါ့ပင် ပြောလိုက်လေသည်။
" အသက်သွေးကြော ခွန်အားတွေ ကုန်ခမ်းသွားတဲ့အထိ သွေးနဲ့ အစီအရင်တွေကို ရေးဆွဲခဲ့ရတယ်၊ ပြီးတော့ အရင်ကတည်းက ထူးဆန်းတဲ့ အဆိပ်မိထားပြီးသား၊ အခုချိန်ထိ အသက်ရှင်နေနိုင်တာက တကယ်ကို အံ့ဖွယ်တစ်ခုပဲ"
ရွှယ်အန်းက အဘိုးအိုကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် သူ သိပ်ကြာကြာ အသက်ရှင်တော့မည် မဟုတ်ကြောင်းကို သိလိုက်လေသည်။ အကြောင်းမှာ ၎င်းသည် ထူးဆန်းသော အဆိပ်သင့်နေပြီးသား ဖြစ်သော်လည်း ၎င်း၏ အသက်သွေးကြော စွမ်းအင်များကို အသုံးပြုကာ အစီအရင်များကို ဖန်တီးခဲ့သောကြောင့်ပင်ဖြစ်သည်။
မြို့ပြင်ရှိ အစီအရင်များ အားလုံးမှာ သူ၏ လက်ရာဖြစ်ကြောင်း ထင်ရှားပေသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ရွှယ်အန်းကိုယ်တိုင်ပင်လျှင် သူ၏ အသက်ကို ကယ်တင်ပေးနိုင်စွမ်း မရှိချေ။
ထိုအချိန်တွင် ပြတင်းပေါက် အပြင်ဘက်မှ ခေါင်းသေးသေးလေး တစ်ခု ရုတ်တရက် ထွက်လာပြီး အခန်းထဲရှိ ရွှယ်အန်းကို စပ်စုလိုစိတ်ဖြင့် ကြည့်နေလေသည်။ ရွှယ်အန်း အနည်းငယ် လန့်သွားပြီးနောက် ပြုံးလိုက်လေသည်။ ထိုကလေးမှာ နေ့ခင်းက လမ်းပေါ်တွင် သူမြင်ခဲ့ရသော ကလေးလေးပင် ဖြစ်လေသည်။
သူ၏ သမီးလေးထက် အနည်းငယ် ပိုကြီးပုံရသော်လည်း အချိန်ကြာမြင့်စွာ အာဟာရချို့တဲ့မှုကြောင့် ခန္ဓာကိုယ်မှာ အလွန်တရာ ပိန်လှီအားနည်းနေသော ထိုကောင်မလေးကို ကြည့်ရင်း ရွှယ်အန်းသည် မနေနိုင်ဘဲ သက်ပြင်းချလိုက်မိလေသည်။ ထို့နောက် သူသည် လက်လှမ်းကာ သကြားလုံး တစ်ဆုပ်ကို ထုတ်ယူလိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် လှမ်းပေးလိုက်လေသည်။
"ရော့... ညီမလေး၊ အစ်ကိုကြီးက သကြားလုံး ကျွေးမလို့"
အခန်း (၁၂၄၈) - သကြားလုံး၏ ဆွဲဆောင်မှု
ဖြူလွှလွှ နို့သကြားလုံးလေးသည် မျက်စိကျိန်းမတတ် တောက်ပနေသော သကြားလုံးခွံများဖြင့် ရစ်ပတ်ထားပြီး ဆွဲဆောင်မှုရှိသော မွှေးပျံ့သည့် ရနံ့လေးတစ်ခုကို ထုတ်လွှတ်နေလေသည်။
ကောင်မလေးသည် မသိစိတ်ဖြင့် တံတွေးမြိုချလိုက်ပြီးနောက် ခေါင်းမော့ကာ ရွှယ်အန်းကို ငေးကြောင်စွာ စိုက်ကြည့်နေလေသည်။ ရွှယ်အန်းက ပြုံးလိုက်သည်။
"ယူပြီး စားလိုက်လေ၊ ဒါက ညီမလေးအတွက်ပဲ"
ထိုသို့ပြောကာ သူသည် သကြားလုံးကို ရှေ့သို့ ကမ်းပေးလိုက်လေသည်။ ကောင်မလေးသည် အနည်းငယ် လန့်သွားပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်သော်လည်း ကလေးငယ်တစ်ဦးအတွက် သကြားလုံး၏ ဆွဲဆောင်မှုမှာ အလွန်တရာ ကြီးမားလွန်းလှပေသည်။
ထို့ကြောင့် သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့သော်ငြား သူမ၏ မျက်လုံးများကမူ ရွှယ်အန်း၏ လက်ထဲရှိ နို့သကြားလုံးလေးအပေါ်သို့သာ စူးစိုက်ကျရောက်နေလေသည်။
ရွှယ်အန်းသည် ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ သူ၏ လက်ထဲရှိ သကြားလုံးများ အားလုံးကို ကောင်မလေး၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
"စားလိုက်ပါ၊ အကုန်လုံး ညီမလေးအတွက်ချည်းပဲ"
ရွှယ်အန်းက ပြုံးကာ ပြောလိုက်လေသည်။ ကောင်မလေးသည် အတန်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင်တော့ ဆွဲဆောင်မှုကို အရှုံးပေးလိုက်လေသည်။ သူမသည် သကြားလုံး တစ်လုံးကို သတိထား၍ ယူလိုက်ကာ အခွံကိုခွာပြီးနောက် နို့သကြားလုံးလေးကို ပါးစပ်ထဲသို့ ပစ်သွင်းလိုက်လေသည်။
ပျော့အိပြီး ချိုမြိန်လှသော နို့သကြားလုံးလေး သူမ၏ ပါးစပ်ထဲတွင် အရည်ပျော်သွားသည့် အခိုက်အတန့်မှာပင် ကောင်မလေး၏ မျက်နှာပေါ်ရှိ အမူအရာမှာ ရုတ်တရက် အေးခဲသွားလေသည်။
"စားလို့ ကောင်းလား"
ရွှယ်အန်းက ညင်သာစွာ မေးလိုက်လေသည်။ သူ၏ နှုတ်မှ စကားလုံးများ ထွက်ကျသွားသည်နှင့် တစ်ပြိုင်နက် ကောင်မလေး၏ မျက်လုံးများထဲတွင် မျက်ရည်ပေါက်ကြီးများ ပြည့်လျှံလာပြီးနောက် သူမသည် ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်လေသည်။
ရွှယ်အန်းသည် သူ၏ နှလုံးသားထဲတွင် သက်ပြင်းချလိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်လေသည်။ ထိုစဉ်မှာပင် ကောင်မလေးသည် အောက်သို့ ကုန်းကျပြီး သူမ ခုလေးတင်မှ လွှင့်ပစ်လိုက်သော သကြားလုံးခွံလေးကို ပြန်ကောက်ကာ အလွန်အဖိုးတန်သည့်အရာ တစ်ခုကဲ့သို့ လက်ထဲတွင် ဆုပ်ကိုင်ထားပြီးနောက် ရွှယ်အန်းကို အလွန် ရိုသေကျိုးနွံစွာဖြင့် ခါးညွှတ် အရိုအသေပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
ထိုစကားကို ပြောပြီးနောက် ကောင်မလေးသည် လှည့်ကာ လန့်သွားသော သမင်လေးတစ်ကောင်ကဲ့သို့ အပြေးအလွှား ထွက်သွားလေတော့သည်။
ရွှယ်အန်းသည် ပြတင်းပေါက်ရှေ့တွင် ရပ်နေပြီး သူ၏ သမီးအရွယ်ခန့်သာ ရှိသေးသော ကောင်မလေး ထွက်သွားသည့် ကျောပြင်ကို ကြည့်ရင်း ရယ်မောလိုက်ရာ သူ၏ မျက်လုံးများထဲတွင် နူးညံ့သော အလင်းရောင်တစ်ခု ပေါ်လွင်နေလေသည်။ ရွှယ်အန်းအတွက်မူ ဤအဖြစ်အပျက်လေးမှာ အမှတ်ရစရာပင် မလိုလောက်အောင် သေးငယ်သော ကြားဖြတ်ဇာတ်ကွက်လေး တစ်ခုသာ ဖြစ်လေသည်။
ယခုအချိန်တွင် သူ့အတွက် အရေးအကြီးဆုံးမှာ ဤကမ္ဘာကြီးသည် စကြဝဠာ နယ်ပယ်ပေါင်းစုံ၏ မည်သည့် နေရာတွင် တိတိကျကျ တည်ရှိနေပြီး အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်နေရသနည်းဆိုသည်ကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ရန်ပင် ဖြစ်သည်။
အသုံးဝင်သော သတင်းအချက်အလက်များ များများစားစား မရှိသေးသော်လည်း လမ်းတစ်လျှောက် သူမြင်တွေ့ကြားသိခဲ့ရသည်များကို အခြေခံ၍ ရွှယ်အန်းသည် ကောက်ချက်အနည်းငယ်ကိုတော့ ချနိုင်ခဲ့လေသည်။
ပထမအချက်မှာ ဤကမ္ဘာကြီးသည် မူလကတည်းက ဤကဲ့သို့ မဟုတ်ခဲ့သည်မှာ သေချာပေသည်။ တစ်စုံတစ်ခုက အရာအားလုံးကို ပြောင်းလဲသွားစေခဲ့ခြင်း ဖြစ်ရမည်။ ဒုတိယအချက်မှာ ဤကမ္ဘာတွင် နတ်ဆိုးတစ္ဆေများ ရှိနေလေသည်။
ဤကောက်ချက်အတွက် ရွှယ်အန်းသည် အနည်းငယ်မျှပင် အံ့ဩခြင်း မရှိခဲ့ချေ။
အကြောင်းမှာ ဤကမ္ဘာထဲသို့ ဝင်ရောက်လာသည့် အခိုက်အတန့်မှာပင် လေထုထဲရှိ ဝိညာဉ်စွမ်းအင်များ၏ ကစဉ့်ကလျား ဖြစ်နေသော တိုက်ပွဲများကြားတွင် ယင်စွမ်းအင်က လွှမ်းမိုးထားသော အနေအထားတွင် ရှိနေဆဲဖြစ်ကြောင်းကို ရွှယ်အန်း ခံစားသိရှိခဲ့သောကြောင့်ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးအောက်တွင် နတ်ဆိုးတစ္ဆေများသာ မရှိလျှင်သာ ထူးဆန်းလွန်းလှပေလိမ့်မည်။ နောက်ဆုံးနှင့် အရေးအကြီးဆုံး အချက်မှာ ဤကမ္ဘာတွင် တာအိုပညာရပ်များ တည်ရှိနေခြင်းပင် ဖြစ်သည်။
ဤသည်က ထူးဆန်းသည်ဟု မထင်ရပေ။
မည်သို့ပင်ဆိုစေ တာအိုသည် စကြဝဠာ နယ်ပယ်ပေါင်းစုံရှိ ကြီးမားသော ဂိုဏ်းကြီးတစ်ခု ဖြစ်လေသည်။ သို့သော် အဓိကကျသောအချက်မှာ ရှင်းယွီရှူထံမှ စစ်မှန်သော ဟွာမျိုးနွယ်စု တာအိုပညာရပ်များ၏ စွမ်းအားလှိုင်း အငွေ့အသက်လေးတစ်ခုကို ရွှယ်အန်း ခံစားခဲ့ရခြင်းဖြစ်သည်။ ဤသည်မှာ စဉ်းစားတွေးတောသင့်သော အချက်တစ်ခု ဖြစ်လေသည်။
ကမ္ဘာကြီးနှင့် အလွန်တရာ ဝေးကွာလှသော အကွာအဝေးကို ထည့်သွင်းစဉ်းစားကြည့်လျှင် ခရီးသွားလာမှု အရဆိုပါက မှန်းဆ၍ပင် မရနိုင်လောက်အောင် ဝေးကွာလှပေသည်။ သို့ဆိုလျှင် တာအိုပညာရပ်များက အဘယ်ကြောင့် ဤနေရာတွင် တည်ရှိနေရသနည်း။ ထို့အပြင် လေထုမှာ ကမောက်ကမ ဖြစ်နေသော်လည်း ဤနယ်မြေသည် ထိုလူ၏ ပိုင်နက်နယ်မြေ ဖြစ်ကြောင်းကို မြင်တွေ့နိုင်သေးလေသည်။
သူ၏ အုပ်ချုပ်မှုအောက်တွင် မျိုးနွယ်စုဝင်များကို ဟန့်တားချုပ်ချယ်နိုင်သော တာအိုပညာရပ်များ တည်ရှိနေခြင်းကို သူက မည်သို့ ခွင့်ပြုထားပါမည်နည်း။ ဤလွဲချော်မှုများ အားလုံးက ရွှယ်အန်းကို အနည်းငယ် သံသယဝင်သွားစေခဲ့သည်။
သို့သော် ကံဆိုးစွာဖြင့် ယခုလက်ရှိ ရရှိထားသော နည်းပါးလှသည့် သတင်းအချက်အလက်များဖြင့် သူ ထပ်မံ၍ ခွဲခြမ်းစိတ်ဖြာလိုလျှင်ပင် မဖြစ်နိုင်သေးချေ။
ရွှယ်အန်းသည် ခေါင်းယမ်းလိုက်ပြီး ဤအတွေးများအားလုံးကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ကာ စားစရာ တစ်ခုခုရှာရန် အပြင်ထွက်ဖို့ ပြင်ဆင်လိုက်လေသည်။
သူ၏ လက်ရှိ ကျင့်စဉ်အဆင့်ဖြင့်ဆိုလျှင် အစားစားရန် လုံးဝ မလိုအပ်တော့သည်မှာ သေချာပေသည်။
သို့သော် ရွှယ်အန်းက လူသားတစ်ဦးအနေဖြင့် အစားစားသင့်သည်ဟု အမြဲ ခံစားရလေသည်။ အမှန်တွင်လည်း အစားအသောက်ကို လုံးဝ ဖြတ်တောက်လိုက်မည်ဆိုပါက သူ့ဘဝ၏ ပျော်ရွှင်မှုများ အများကြီး လျော့ကျသွားမည် မဟုတ်ပါလား...
ယခင်ဘဝက နတ်ဘုရားဖြစ်နေစဉ်ကတည်းကပင် ရွှယ်အန်းသည် အစားစားခြင်းကို ဘယ်သောအခါမှ မရပ်တန့်ခဲ့ဘဲ စကြဝဠာ နယ်ပယ်ပေါင်းစုံမှ ထူးဆန်းပြီး မျိုးစုံလှသော သရေစာများကို အလွန်အမင်း နှစ်သက်ခဲ့လေသည်။
ထို့ကြောင့်ပင် ရွှယ်အန်းထံတွင် ဤမျှလောက် ပြောင်မြောက်သော ဟင်းချက်စွမ်းရည်များ ရှိနေခြင်း ဖြစ်လေသည်။
ယခုတစ်ကြိမ် ဤနယ်ပယ်သို့ ရောက်လာခြင်းသည်လည်း ချွင်းချက် မဟုတ်ပေ။
သို့သော် ရွှယ်အန်းသည် သူ၏ အခန်းထဲမှ ထွက်လာလိုက်သည့် အချိန်မှာပင် ရုတ်တရက် ရပ်တန့်သွားလေသည်။
အကြောင်းမှာ ခြံဝင်းနံရံ၏ အထက်မှနေ၍ ခေါင်းသေးသေးလေးများစွာ ရုတ်တရက် ထွက်လာသောကြောင့်ဖြစ်သည်။
သူ ထွက်လာသည်ကို မြင်သောအခါ ထိုခေါင်းသေးသေးလေးများမှာ လန့်သွားပြီး အားလုံး နောက်သို့ ပြန်ဝင်သွားကြလေသည်။ ရွှယ်အန်းသည် ဘာဖြစ်နေသည်ကို သဘောပေါက်သွားပြီး ပြုံးကာ ပြောလိုက်လေသည်။
"ကဲ... ထွက်လာခဲ့ကြတော့လေ"
သူ၏ စကားနှင့်အတူ ခြံတံခါးလေးသည် ညင်သာစွာ ပွင့်လာပြီး ယခင်က ဤနေရာသို့ လာခဲ့သော ကောင်မလေးသည် အရှေ့ဆုံးမှ လျှောက်လာကာ သူမ၏ အနောက်တွင် ကလေးငယ်များ တန်းစီ၍ ခြံဝင်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြလေသည်။
ရွှယ်အန်းသည် လှေကားထစ်ပေါ်တွင် ရပ်ကာ တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။ လူအုပ်ကြီး အားလုံး ဝင်လာသောအခါ ထိုကလေးငယ်များ အားလုံးသည် အနည်းငယ် အလှမ်းကွာသော နေရာတွင် နောက်ပစ်လက်များဖြင့် ရပ်နေကြပြီး ရွှယ်အန်းကို ခိုးကြောင်ခိုးဝှက် ကြည့်နေကြလေသည်။
ထို့နောက် ကောင်မလေးသည် ခေါင်းမော့လာပြီး သူမ၏ အနောက်တွင် ဝှက်ထားသော ခြင်းတောင်းလေး တစ်လုံးကို လက်နှစ်ဖက်ဖြင့် ဆန့်ထုတ်လာလေသည်။
ခြင်းတောင်းလေးမှာ ဟောင်းနွမ်းနေသော်လည်း သန့်ရှင်းနေလေသည်။
ထိုခြင်းတောင်းလေးထဲတွင် ခြောက်သွေ့နေသော မုန့်ပြားများနှင့် ပေါက်စီများကို သေသပ်စွာ စီရီထားလေသည်။
၎င်းတို့ကြားတွင် ဆီပြန်နေသော အဆီတုံး သေးသေးလေး တစ်တုံးပင် ပါဝင်လေသည်။ ထို့နောက် ကောင်မလေးသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးကာ ခြင်းတောင်းလေးကို ရွှယ်အန်းဆီသို့ ကမ်းပေးလိုက်လေသည်။
"အစ်ကိုကြီး... စားပါဦး"
ရွှယ်အန်းသည် အရွယ်အစား အမျိုးမျိုး၊ ပုံသဏ္ဍာန် အမျိုးမျိုးရှိသော ဤခြောက်သွေ့နေသည့် မုန့်ပြားများနှင့် ပေါက်စီများကို ကြည့်ကာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြုံးလိုက်လေသည်။
"ကျေးဇူးပဲ"
ရွှယ်အန်း၏ ထိုစကားကို ကြားသောအခါ ကောင်မလေး၏ မျက်လုံးလေးများသည် အပြုံးနှင့်အတူ ကွေးညွှတ်နေသော လခြမ်းလေးများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
"သကြားလုံးတွေ ကျန်သေးလား"
ရွှယ်အန်းက မေးလိုက်လေသည်။
ကောင်မလေးမှာ လန့်သွားပြီးနောက် အဆက်မပြတ် ခေါင်းညိတ်ပြကာ သူမ၏ ရင်ခွင်ထဲမှ သေသပ်စွာ ခေါက်ထားသော သကြားလုံးခွံလေး တစ်ခုကို ထုတ်ယူလိုက်လေသည်။ ၎င်း၏ အတွင်းတွင် အနည်းငယ် အရည်ပျော်နေသော နို့သကြားလုံးလေး တစ်လုံး ရှိနေလေသည်။
ရွှယ်အန်းမှာ မှင်တက်သွားလေသည်။ တစ်ချိန်တည်းမှာပင် ကောင်မလေးသည် သူမထက် အနည်းငယ် ပိုငယ်သော ကလေးများကို ဂုဏ်ယူစွာဖြင့် လက်ညှိုးထိုးပြလိုက်လေသည်။
"အစ်ကိုကြီးကို ပြလိုက်ကြ"
ထိုစကားကို ကြားသောအခါ ကလေးငယ်များ အားလုံးသည် သူတို့၏ လက်များကို ဆန့်ထုတ်ကာ လက်ဝါးများကို ဖြန့်ပြလိုက်ကြရာ အတွင်းတွင် ခွဲဝေပေးထားသော သကြားလုံး အပိုင်းအစလေးများကို မြင်တွေ့လိုက်ရလေသည်။
ရွှယ်အန်းမှာ အတော်လေး ဆွံ့အသွားလေသည်။ ဤသကြားလုံး အပိုင်းအစလေးများသည် သူ ထိုကောင်မလေးကို ပေးခဲ့သော အရာများဖြစ်ကြောင်း သူ သဘောပေါက်လိုက်သောကြောင့်ဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့ သူမသည် ၎င်းတို့အားလုံးကို သူမ၏ သူငယ်ချင်းလေးများနှင့် မျှဝေစားသောက်ခဲ့ခြင်း ဖြစ်လေသည်။
ကလေးများက များပြားလှပြီး သကြားလုံးက နည်းပါးလွန်းသောကြောင့် သူမသည် သကြားလုံးများကို အရွယ်အစား တူညီသော အပိုင်းအစလေးများအဖြစ်ပင် ခွဲဝေပေးခဲ့လေသည်။
ထို့အပြင် စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ဤကလေးများ၏ မျက်နှာပေါ်တွင် သူတို့၏ နှလုံးသားထဲမှ လာသော ပျော်ရွှင်မှုများ ရှိနေလေသည်။ ရွှယ်အန်းက ပြုံးလိုက်ပြီးနောက် ကောင်မလေးကို လက်မထောင်ပြလိုက်လေသည်။
"အရမ်းတော်တာပဲ"
ချီးကျူးခံလိုက်ရသဖြင့် ကောင်မလေး၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍ပင် ကျယ်ပြန့်သွားလေသည်။ တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် သူ၏ သယ်ဆောင်ရလွယ်ကူသော လေဟာနယ် နေရာလွတ်ထဲမှ သကြားလုံး အိတ်ကြီး နှစ်အိတ်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်လေသည်။
"ဒါက ညီမလေးတို့အတွက် ဆုပဲ"
အရောင်အသွေး စုံလင်လှသော ဤသကြားလုံး အိတ်ကြီး နှစ်အိတ်က ကောင်မလေးနှင့် ခြံဝင်းထဲရှိ ကလေးငယ်များ အားလုံးကို မှင်တက်သွားစေခဲ့လေသည်။ အတန်ကြာပြီးနောက်မှသာ ကောင်မလေးသည် ခေါင်းမော့လာပြီး ရွှယ်အန်းကို ငေးကြောင်စွာ ကြည့်ကာ ပြောလိုက်လေသည်။
"အစ်ကိုကြီး... ဒါက..."
"စားကြလေ၊ မလောက်ရင် အစ်ကိုကြီးဆီမှာ အများကြီး ရှိသေးတယ်"
ရွှယ်အန်းက ပြုံးကာ ပြောလိုက်လေသည်။ထိုအခါမှသာ ကောင်မလေးသည် ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ ပြေးဝင်ကာ သကြားလုံးများကို ယူလိုက်လေသည်။ သူမသည် ထွက်မသွားဘဲ ထိုနေရာမှာပင် အခြားကလေးများကို စတင် ခွဲဝေပေးလေတော့သည်။
ကလေးတိုင်း သကြားလုံး တစ်လုံးထက်မက ရရှိသွားကြပြီးနောက် စိတ်မရှည်သော ကလေးများစွာသည် ချက်ချင်းပင် အခွံကိုခွာကာ ပါးစပ်ထဲသို့ ပစ်သွင်းလိုက်ကြလေသည်။
သို့သော် အခြားကလေးများစွာမှာမူ သကြားလုံးခွံများကို အလွန် ရိုသေစွာ ခွာကြပြီး သကြားလုံးကို ဂရုတစိုက် အရသာခံ စားသောက်နေကြလေသည်။ သူတို့အားလုံးအတွက်မူ ဤချိုမြိန်လှသော နို့သကြားလုံးလေးများသည် လောကတွင် အရသာအရှိဆုံး အရာပင် ဖြစ်လေတော့သည်။