အခန်း (၁၂၅၂-၁၂၅၄)
Vol. 84 Ch. 1252-1254
အခန်း (၁၂၅၂) - အစီအရင်များ ပျက်စီးခြင်း
အရုဏ်ဦး၏ ပထမဆုံး နေရောင်ခြည်က မြေကမ္ဘာပေါ်သို့ ကျရောက်လာချိန်တွင် မိစ္ဆာချိတ်ပိတ် မြို့တော်သည် ၎င်း၏ အိပ်မောကျနေမှုမှ နိုးထလာလေသည်။
လူများသည် သူတို့၏ တံခါးများနှင့် ပြတင်းပေါက်များကို သတိကြီးစွာ ဖွင့်လိုက်ကြပြီး အပြင်ဘက်ရှိ အခြေအနေကို စိုးရိမ်တကြီးဖြင့် အကဲခတ် ကြည့်ရှုလိုက်ကြလေသည်။
မနေ့ညက ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးကို သူတို့ ကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ရသော်လည်း နတ်ဆိုးတစ္ဆေများ၏ ကြက်သီးထဖွယ် အော်ဟစ်သံများကိုတော့ သူတို့အားလုံး ကြားခဲ့ရလေသည်။
အထူးသဖြင့် နောက်ဆုံးအချိန်၌ မိစ္ဆာချိတ်ပိတ် မြို့တော် တစ်ခုလုံး တုန်လှုပ်သွားချိန်တွင် လူတိုင်းနီးပါးမှာ မျှော်လင့်ချက် ကင်းမဲ့သွားသလို ခံစားခဲ့ရပြီး သူတို့ သေချာပေါက် သေရတော့မည်ဟု ယုံကြည်ခဲ့ကြလေသည်။
သို့သော် သူတို့၏ မျှော်လင့်ထားမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ အပြင်ဘက်တွင် အလင်းတန်းတစ်ခု လက်သွားပြီးနောက် အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်ခြင်းဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။
သို့တိုင်အောင် အပြင်ဘက်တွင် ဘာတွေဖြစ်သွားခဲ့သနည်းဆိုတာကို မည်သူကမျှ အပြင်သို့ မထွက်ရဲဘဲ အလွန်အမင်း စိုးရိမ်ပူပန်မှု၊ မအီမသာဖြစ်မှုများဖြင့် မိုးလင်းလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ကြလေသည်။
ယခုအခါ အပြင်လောကကို မြင်တွေ့လိုက်ရချိန်တွင် ကပ်ဘေးကြီးတစ်ခုမှ အသက်ရှင်လွတ်မြောက်လာခဲ့ရသဖြင့် လူတိုင်းမှာ မနေနိုင်ဘဲ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိကြပြီး သက်သာရာရသွားသည့် ခံစားချက်ကို ခံစားလိုက်ကြရလေသည်။
သို့သော် ထိုစဉ်မှာပင် ကျွီကနဲ အသံနှင့်အတူ ဟင်္သာပြဒါးရောင် မျှော်စင်၏ တံခါးကြီး ပွင့်လာပြီး ရှင်းယွီရှူသည် ဖြည်းညင်းစွာ ထွက်လာလေသည်။
သူ၏ ကျောပေါ်တွင် အချိန်ကြာမြင့်စွာ ကုတင်ပေါ်၌ လဲလျောင်းနေခဲ့ရသဖြင့် အားနည်းပိန်လှီနေသော ရှင်းယွီဟယ်ကို ကုန်းပိုးထားလေသည်။
ထိုအဘိုးနှင့် မြေး နှစ်ဦးကို မြင်သောအခါ လူတိုင်း၏ မျက်နှာအမူအရာများမှာ အလွန် တည်ကြည်လေးနက်သွားကြပြီး လေးစားမြတ်နိုးမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်ရှုနေကြလေသည်။
ရှင်းယွီရှူသည် အဘိုးဖြစ်သူကို ကုန်းပိုးကာ ကြက်သီးထဖွယ် တိတ်ဆိတ်နေသော လမ်းမများတစ်လျှောက် ဖြည်းညင်းစွာ လျှောက်လှမ်းသွားလေသည်။
သူ ဖြတ်သန်းသွားသော နေရာတိုင်းတွင် လူများသည် စကားတစ်ခွန်းမျှ မဟဘဲ သူ့ အနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာကြလေသည်။
သူတို့ လမ်းမကြီးကို ဖြတ်သန်းသွားသောအခါ မိစ္ဆာချိတ်ပိတ် မြို့တော်ရှိ မြို့သူမြို့သား အားလုံးနီးပါးမှာ သူတို့၏ အိမ်များထဲမှ ထွက်လာကြပြီး တိတ်ဆိတ်စွာ လိုက်ပါလာကြလေတော့သည်။
မြို့တံခါးမှ အစောင့်များသည် ရှင်းယွီရှူနှင့် သူ၏ အဘိုးကို မြင်သောအခါ မြို့တံခါးကို အလျင်အမြန် ဖွင့်ပေးလိုက်ကြလေသည်။
လူအုပ်ကြီးသည် မြို့တံခါးမှတစ်ဆင့် အပြင်သို့ ထွက်ခွာသွားကြလေသည်။
သူတို့၏ မျက်စိရှေ့တွင် ဆီးကြိုနေသည်မှာ အလွန်အမင်း တုန်လှုပ်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။
မြို့ရိုးများပေါ်တွင် အက်ကွဲကြောင်းများစွာ ဖုံးလွှမ်းနေပြီး ယခင်က ထွင်းထုရေးဆွဲထားခဲ့သော အစီအရင်သင်္ကေတ အများအပြားမှာလည်း ပြင်းထန်စွာ ပျက်စီးနေခဲ့လေပြီ။ ၎င်းကို မြင်သောအခါ လူတိုင်း၏ နှလုံးသားများ အောက်ခြေသို့ ထိုးဆင်းသွားလေသည်။
ဤပျက်စီးမှုက ရှင်းယွီဟယ် မရေမတွက်နိုင်သော စွမ်းအင်များကို အသုံးပြုကာ အစီအရင် ပြုလုပ်ထားခဲ့သည့် အစီအရင်များမှာ ယခုအခါ လုံးဝနီးပါး ဆေးကြောဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း ဆိုလိုနေလေသည်။
အစီအရင်များ၏ ကာကွယ်မှု မရှိပါက မိစ္ဆာချိတ်ပိတ် မြို့တော်သည် နတ်ဆိုးတစ္ဆေများ၏ ကျူးကျော်ဝင်ရောက်မှုများကို ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ မကြာမီမှာပင် တောနက်ထဲတွင် ပျောက်ကွယ်သွားခဲ့သော ရှေးဟောင်းမြို့တော်များကဲ့သို့ နတ်ဆိုးတစ္ဆေများ၏ ဖျက်ဆီးမှုကြောင့် သေမင်းတမန် နယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။
လူတိုင်း၏ မျက်နှာများမှာ အလွန် အကျည်းတန်သွားကြပြီး အထူးသဖြင့် ရှင်းယွီရှူ၏ မျက်နှာအရောင်မှာ ရေများပင် စီးကျလာနိုင်မည့်အလား မှောင်မိုက်နေလေသည်။
သို့သော် ရှင်းယွီဟယ်ကမူ ပြင်းထန်စွာ ပျက်စီးနေသော အစီအရင်များကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ပြုံးလိုက်လေသည်။
"ယွီရှူ... ရှေ့ကို ခြေလှမ်းနည်းနည်းလောက် လျှောက်လိုက်ပါဦး"
ရှင်းယွီရှူသည် သူ၏ အဘိုးကို ကုန်းပိုးကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်သည်။
"ကောင်းပါပြီ"
ထို့နောက် ရှင်းယွီဟယ်သည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာပြီး အဆုံးတွင် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် လူတိုင်းသည် အသက်ရှူပင် အောင့်ထားပြီး အာရုံစိုက်ကာ ကြည့်ရှုနေကြလေသည်။ ရှောင်ရွေ့သည် လူအုပ်ထဲတွင် သူမ၏ မိခင်နှင့်အတူ ရပ်နေသော်လည်း သူမ၏ အာရုံက ဤကိစ္စများအပေါ်တွင် မရှိနေကြောင်း ထင်ရှားပေသည်။
သူမ၏ ခေါင်းလေးသည် ဟိုဘက်ဒီဘက် လှည့်နေပြီး သူမ၏ မျက်လုံးဝိုင်းကြီးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေကာ တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ ဖြစ်နေလေသည်။ ထိုစဉ်မှာပင် ရွှယ်အန်းသည် လမ်းမပေါ်တွင် ဖြည်းညင်းစွာ လျှောက်လှမ်းလာလေသည်။
ရွှယ်အန်းကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ရှောင်ရွေ့၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပွင့်လန်းလာလေသည်။ သူမသည် မအော်ရဲသော်လည်း ရွှယ်အန်း၏ အာရုံစိုက်မှုကို ရရှိရန် အားရပါးရ လက်ပြလိုက်လေသည်။
ရွှယ်အန်း ရောက်ရှိလာမှုက အခြားသူများ၏ အာရုံစိုက်မှုကို မရရှိခဲ့ချေ။
ရှောင်ရွေ့၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများကို မြင်သောအခါ ရွှယ်အန်းသည် မနေနိုင်ဘဲ ပြုံးလိုက်မိပြီး သူမကို ခေါင်းညိတ်ပြလိုက်ကာ အဝေးရှိ ရှင်းယွီဟယ်နှင့် သူ၏ မြေးဖြစ်သူကို ကြည့်ရန် ခေါင်းမော့လိုက်လေသည်။
ထိုအချိန်တွင် ရှင်းယွီဟယ်က သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လာပြီး သူ၏ အကြည့်များထဲတွင် အံ့ဩတုန်လှုပ်မှုနှင့် တည်ကြည်လေးနက်မှု အရိပ်အယောင်တစ်ခု ပေါ်လွင်နေလေသည်။
"အဘိုး... ဘာဖြစ်လို့လဲ"
ရှင်းယွီရှူက အလျင်အမြန် မေးလိုက်လေသည်။ ရှင်းယွီဟယ်က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"အရမ်းကို အစွမ်းထက်တဲ့ ဓားဆန္ဒပဲ၊ အရင်တုန်းက အဘိုး တွေ့ဖူးခဲ့တဲ့ ဓားအင်မော်တယ်တွေထက်တောင် ပိုပြီး အစွမ်းထက်နေသေးတယ်၊ ဒါပေမဲ့ အဲဒီအပြင် သူ ဘယ်သူဘယ်ဝါဆိုတာကို ပြသနိုင်တဲ့ အမှတ်အသား ဒါမှမဟုတ် အရိပ်အယောင် ဘာတစ်ခုမှ မရှိဘူး"
"ဖြတ်သွားဖြတ်လာ ဓားအင်မော်တယ် သိုင်းပညာရှင် တစ်ယောက်ယောက် တကယ်ပဲ ဖြစ်နိုင်သလား"
ရှင်းယွီရှူက မေးလိုက်လေသည်။
"အခုကြည့်ရတာတော့ အဲဒါက တစ်ခုတည်းသော ဖြစ်နိုင်ခြေပဲ"
"ဒါပေမဲ့ သူက ဘာလို့ ကူညီပေးပြီးတာနဲ့ ကျွန်တော်တို့နဲ့ အဆက်အသွယ် ဘာတစ်ခုမှ မလုပ်ဘဲ တိုက်ရိုက် ထွက်သွားရတာလဲ"
ရှင်းယွီရှူက သူ၏ အံ့ဩမှုကို ထုတ်ဖော်ပြောဆိုလိုက်လေသည်။ ရှင်းယွီဟယ်က ခါးသီးစွာ ပြုံးလျက် ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"ဒီလို အင်မော်တယ်တစ်ပါး အကြောင်းကို ငါတို့က ဘယ်လိုလုပ် မှန်းဆနိုင်မှာလဲ၊ သူက ဒီတိုင်း ဖြတ်သွားရင်းနဲ့ နတ်ဆိုးတစ္ဆေတွေ ပြဿနာရှာနေတာကို တွေ့လို့ စိတ်ကူးပေါက်ပြီး ကူညီပေးခဲ့တာလည်း ဖြစ်နိုင်တာပဲလေ၊ ဘာပဲဖြစ်ဖြစ် ဒီလို ဓားဆန္ဒမျိုးကို ထုတ်လွှတ်နိုင်တဲ့သူဆိုတာ အင်မော်တယ်တစ်ပါးနဲ့ ဘာမှမကွာတော့ဘူး"
ရှင်းယွီဟယ်၏ အသံတွင် အံ့ဩချီးကျူးမှုများ ပြည့်နှက်နေလေသည်။ ရှင်းယွီရှူမှာမူ လိုလားတောင့်တသော အမူအရာကို ပြသနေလေသည်။ ထို့နောက် ရှင်းယွီဟယ်သည် မြို့ရိုးကို မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးမှု ဖြတ်ပြေးသွားပြီးနောက် လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။
"ဒီကျန်ရစ်နေတဲ့ ဓားဆန္ဒရဲ့ ဖိနှိပ်မှုအောက်မှာ ဘယ်နတ်ဆိုးတစ္ဆေမှ အနည်းဆုံး သုံးရက်လောက်တော့ ပြဿနာ လာရှာရဲမှာ မဟုတ်ဘူး၊ ဆိုလိုတာက မြို့ရိုးပေါ်က အစီအရင်တွေကို ပြုပြင်ဖို့ ငါတို့မှာ အချိန် သုံးရက်ပဲ ရှိတယ်ဆိုတဲ့ သဘောပဲ၊ ယွီရှူ..."
ရှင်းယွီရှူ၏ မျက်နှာအမူအရာ တင်းကျပ်သွားလေသည်။
"အဘိုး"
"အဘိုးမှာ ဒီလောက်များပြားတဲ့ အစီအရင်တွေကို ပြုပြင်ဖို့ ခွန်အား မရှိတော့ဘူး၊ ဒါကြောင့် ဒီတစ်ခါ မင်းလည်း ဝင်ကူရလိမ့်မယ်"
"ကျွန်တော်ကလား"
ရှင်းယွီရှူ၏ မျက်နှာပေါ်တွင် အလွန်အမင်း အံ့ဩသွားသည့် အမူအရာ ပေါ်လာလေသည်။ ရှင်းယွီဟယ်က ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်တယ်"
"ဒါပေမဲ့... ကျွန်တော် အရင်က တစ်ခါမှ မလုပ်ဖူးဘူးလေ"
ရှင်းယွီရှူမှာ တုံ့ဆိုင်းနေဆဲပင်။ ရှင်းယွီဟယ်က တခစ်ခစ် ရယ်မောလိုက်လေသည်။
"ဘယ်သူက မွေးကတည်းက တတ်လာလို့လဲ၊ မင်းရဲ့ အသက်အရွယ်နဲ့ဆိုရင် နည်းနည်းတော့ စောနေသေးတာ မှန်ပေမဲ့ အဘိုးမှာ အချိန်သိပ်မကျန်တော့ဘူး၊ အဘိုး ရှိနေတုန်း မင်းကို ဒီအရာတွေ မသင်ပေးခဲ့ဘူးဆိုရင် တကယ်ကို အခွင့်အရေး မရှိတော့ဘူး"
ထိုစကားကို ကြားသောအခါ ရှင်းယွီရှူ၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း ချက်ချင်းပင် သူက ခေါင်းကို နက်ရှိုင်းစွာ ငုံ့လိုက်လေသည်။
"နားလည်ပါပြီ"
ထိုအချိန်တွင် ရှင်းယွီဟယ်သည် လူအုပ်ကြီးကို မော့ကြည့်လိုက်လေသည်။
"ရွာသားတို့... အခု လက်ရှိအခြေအနေကို အားလုံး မြင်တဲ့အတိုင်းပါပဲ၊ အချိန်က အရမ်း ကပ်နေပြီ၊ မြို့ရိုးနဲ့ အစီအရင်တွေကို အမြန်ဆုံး ပြုပြင်ဖို့အတွက် ငါတို့အားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်မှ ရမယ်"
သူ စကားပြောလို့ ဆုံးသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားကြလေသည်။
"အကြီးအကဲရှင်း... စိတ်ချပါ၊ ဒီလိုကိစ္စမျိုးက ငါတို့အားလုံးရဲ့ ဘေးကင်းလုံခြုံရေးနဲ့ သက်ဆိုင်နေတာဆိုတော့ သဘာဝကျကျပဲ ကျွန်တော်တို့ရဲ့ တာဝန်တွေကို ရှောင်လွှဲလို့ မရပါဘူး"
"မှန်ပါတယ်၊ ခင်ဗျား အမိန့်သာ ပေးလိုက်ပါ၊ ကျွန်တော်တို့က စကားတစ်ခွန်းမှ မဟဘဲ လိုက်နာပါ့မယ်"
"အကြီးအကဲ... နေလို့မကောင်းတာကို ဒီကနေပဲ အမိန့်ပေးပါ၊ အလုပ်တွေ အကုန်လုံးကို ကျွန်တော်တို့ ကိုင်တွယ်လိုက်ပါ့မယ်"
အားပေးထောက်ခံသံများကြားတွင် ရှင်းယွီဟယ်က ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။
"အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်၊ မြို့ရိုးကို ပြုပြင်ဖို့က ဖြစ်နိုင်ပေမဲ့ အစီအရင်တွေအတွက်ကျတော့ စာရေးတတ်တဲ့လူတွေ လိုအပ်တယ်၊ မင်းတို့ထဲမှာ စာရေးတတ်တဲ့သူ ရှိလား"
ထိုစကားများ ထွက်လာသည်နှင့် တစ်ပြိုင်နက် စိတ်အားထက်သန်မှုများဖြင့် ဆူပွက်နေခဲ့သော လူအုပ်ကြီးမှာ ချက်ချင်းဆိုသလို တိတ်ဆိတ်သွားကြပြီး လူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အားလုံး၏ မျက်နှာပေါ်တွင် အခက်အခဲရှိသည့် အမူအရာများကို ပြသနေကြလေသည်။
ဤမြင်ကွင်းကို မြင်သောအခါ ရှင်းယွီဟယ်သည် သက်ပြင်းသဲ့သဲ့ ချလိုက်လေသည်။ ဤရလဒ်ကို သူ ကြိုတင် ခံစားမိပြီးသား ဖြစ်လေသည်။
ဘာပဲဖြစ်ဖြစ် ဒီလူတွေအတွက် အသက်ရှင်သန်ဖို့ဆိုတာကိုက အတော်လေး ခက်ခဲစိန်ခေါ်မှု ဖြစ်နေတာ၊ စာဖတ်ဖို့၊ စာရေးဖို့ အချိန်ပိုရှိဖို့ဆိုတာ ပြောစရာတောင် မလိုတော့ဘူး...
ထို့အပြင် ဤတိုက်ကြီးတွင် စာတတ်မြောက်ခြင်းသည် အထက်တန်းလွှာများ၏ အခွင့်ထူးတစ်ခု ဖြစ်လေသည်။ သာမန်လူများအတွက်မူ မိမိတို့၏ ကိုယ်ပိုင်နာမည်ကိုပင် ရေးတတ်ခြင်းက အလွန် ရှားပါးလှပေသည်။ ကြည့်ရသည်မှာ သူတို့ အဘိုးနှင့် မြေး နှစ်ယောက်တည်းကိုသာ အားကိုးရတော့မည့်ပုံ ပေါက်နေလေသည်။
ရှင်းယွီဟယ်သည် ခါးသီးသော အပြုံးတစ်ခုဖြင့် လက်လျှော့ရန် ပြင်လိုက်ချိန်မှာပင်။
လူအုပ်ကြီး၏ အနောက်ဘက်မှ သီးသန့်ဆန်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။
"ငါ လုပ်မယ်"
အခန်း (၁၂၅၃) - စုတ်ချက်တစ်ခု၏ နဂါး၊ မြွေကဲ့သို့ အစွမ်းထက်ပုံ
ဝုန်း!
လူတိုင်း၏ခေါင်းများမှာ တစ်ပြိုင်နက်တည်း လှည့်သွားကြပြီ အကြည့်အားလုံးမှာ စကားပြောလိုက်သူထံသို့ စုပြုံရောက်ရှိသွားသည်။ လူအုပ်ကြားရှိ ရှောင်ရွေ့မှာလည်း ခြွင်းချက်မဟုတ်ဘဲ၊ ထိုသူကို မြင်လိုက်ရချိန်တွင် သူမ၏မျက်ဝန်းများမှာ တဖြည်းဖြည်း ပြူးကျယ်သွားတော့သည်။
ထိုနေရာတွင် ရွှယ်အန်းသည် တည်ငြိမ်အေးဆေးစွာ ရပ်နေပြီး ရှင်းယွီဟယ်ကို ခပ်ဖွဖွ ပြုံးပြလျက်ရှိနေသည်။
"ကျွန်တော်က စာလုံးအချို့ကို ရေးတတ်နေတာနဲ့ အခုလည်း ဒီမြို့မှာ ခဏတည်းခိုနေတာဆိုတော့... ကူညီပေးဖို့က ကျွန်တော့်ရဲ့ တာဝန်ပါပဲ"'
သူ၏စကားကို ကြားသောအခါ ရှင်းယွီဟယ်မှာ အနည်းငယ် ကြောင်သွားပြီးနောက် ရွှယ်အန်း၏ မျက်ဝန်းများကို လေးနက်စွာ စိုက်ကြည့်ကာ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင်တော့ ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးတင်ရမှာပေါ့"
သို့သော် ရှင်းယွီရှူမှာမူ ဤဆုံးဖြတ်ချက်အပေါ် သိပ်ပြီး မကျေနပ်လှသော်လည်း၊ သူ၏အဘိုးကိုယ်တိုင် သဘောတူလိုက်ပြီဖြစ်ရာ ရွှယ်အန်းကို အေးစက်သော အကြည့်တစ်ချက်ပေးကာ ပြင်ဆင်စရာရှိသည်များကို လုပ်ရန် ထွက်သွားတော့သည်။ ရှောင်ရွေ့မှာ ရွှယ်အန်းအနားသို့ တုန်တုန်ယင်ယင်ဖြင့် ချဉ်းကပ်လာကာ အားကျသည့် လေသံဖြင့် မေးရှာသည်။
"အစ်ကိုကြီး... အစ်ကိုကြီးက စာလည်း ရေးတတ်တာလားဟင်"
"အင်း... ရေးတတ်တယ်"
ရွှယ်အန်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်ကာ ထပ်မေးလိုက်သည်။
"မင်းရော သင်ချင်လား"
"ကျွန်မ... ကျွန်မ သင်လို့ ရမလားဟင်"
ရှောင်ရွေ့က သူမကိုယ်သူမ လက်ညှိုးထိုးကာ မယုံနိုင်သလို ပြန်မေးရှာသည်။
"ဘာလို့ မရရမှာလဲ၊ မင်း သင်ချင်စိတ်ရှိသရွေ့တော့ သင်လို့ ရတာပေါ့"
ရှောင်ရွေ့မှာ ဝမ်းသာလွန်း၍ မြေပြင်မှပင် ခုန်တက်မတတ် ဖြစ်သွားကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး!"
ယခုအခါ ရွှယ်အန်းအပေါ် မြို့သူမြို့သားများ၏ အကြည့်တွင် ရိုသေလေးစားမှုများ ပါဝင်နေသည်။ သူတို့အတွက် စာတတ်သူဆိုသည်မှာ ရိုသေထိုက်သူဖြစ်ပြီး၊ တကယ်ကို အရည်အချင်းရှိသူဟု သတ်မှတ်လိုက်ကြခြင်း ဖြစ်သည်။ မြို့ရိုးပြင်ဆင်ရေး လုပ်ငန်းခွင်ကြီးမှာ စည်ကားနေပြီး လူတိုင်းမှာ အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင်ကြသော်လည်း၊ အမှန်တကယ် ကာကွယ်ပေးနိုင်မည့်အရာမှာ မြို့ရိုးပေါ်ရှိ တံဆိပ်မန္တာန်များသာ ဖြစ်သည်။
ရှင်းယွီရှူသည် တံဆိပ်မန္တာန်များကို စတင်ရေးဆွဲသော်လည်း အတွေ့အကြုံမရှိသေးသဖြင့် သုံးရက်အတွင်း ပြီးစီးရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် ရွှယ်အန်းက ကျန်ရှိသော အစိတ်အပိုင်းများကို ဖြည့်စွက်ပေးရန် စုတ်တံကို ကိုင်လိုက်သည်။ မထင်မှတ်စွယ ရွှယ်အန်းသည် လိုအပ်သော တံဆိပ်မန္တာန် အားလုံးကို အလွန်လွယ်ကူလျင်မြန်စွာ ရေးဆွဲနိုင်ခဲ့သည်။ သူရေးဆွဲလိုက်သော မျဉ်းကြောင်းများမှာ ရှင်းလင်းပြတ်သားပြီး အလွန်ပင် အရည်အသွေး မြင့်မားလှသဖြင့် ရှင်းယွီဟယ်တို့ မြေးအဖိုးနှစ်ယောက်လုံးကို မှင်တက်သွားစေတော့သည်။
ရွှယ်အန်းကတော့ ပြုံးရုံသာပြုံးလိုက်သည်။
"ကျွန်တော် ခင်ဗျားတို့ကို ပြောဖို့ မေ့သွားတာ၊ ကျွန်တော်က အရင်က ပန်းချီဆွဲရတာ အရမ်းဝါသနာပါတော့ ဒီမျဉ်းကြောင်းတွေက ကျွန်တော့်အတွက် တကယ်ကို လွယ်ကူတာ"
ဤအဖြေက အလုပ်တိုးတက်မှုအပေါ် စိုးရိမ်နေသော ရှင်းယွီဟယ်၏ စိတ်ကို သက်သာရာရသွားစေပြီး ရယ်မောကာ ခေါင်းညိတ်လိုက်သည်။
"သခင်လေးရွှယ်က တကယ်ကို ထူးခြားတဲ့ ပါရမီနဲ့ ဗဟုသုတတွေ ရှိတာကိုး၊ အထင်ကြီးစရာပါပဲ"
ရှင်းယွီရှူက ရွှယ်အန်းကို အမြဲလိုလို အနည်းငယ် အဆင်မပြေသလို ခံစားရပေမယ့် ဒီအချိန်မှာတော့ သူ ခေါင်းငုံ့ပြီး တိတ်ဆိတ်စွာ အသိအမှတ်ပြုလိုက်ရသည်။ ဒီလူက လုံးဝ အရည်အချင်းမရှိတာတော့ မဟုတ်ဘူးပဲ...
မြို့ငယ်လေးထဲက တခြားလူများသည်တော့ ရွှယ်အန်းကို ပိုပြီးတောင် လေးစားသွားကြပြီး အမြဲတမ်း ဆရာဟုသာ ခေါ်ဝေါ်ကြတော့သည်။
ရွှယ်အန်း၏ တည်ငြိမ်သော အမူအရာနှင့် အမြဲတမ်း ပြုံးနေတတ်သော မျက်နှာကလည်း လူများစွာရဲ့ သဘောကျမှုကို ရရှိစေခဲ့သည်။
သို့ဖြစ်ရာ မြို့ထဲက မိန်းမပျိုလေး များစွာ၏ ရင်ကိုတောင် ခုန်စေခဲ့ပြီး ရွှယ်အန်းနှင့် စကားပြောဖို့ အခွင့်အရေးအမျိုးမျိုးကို မကြာခဏ ရှာဖွေလာစေခဲ့သည်။ ရွှယ်အန်းသည်တော့ ပြုံးသာပြုံးပြီး ခေါင်းညိတ်ပြရုံသာ လုပ်ကာ သူ၏ အမူအရာက အေးစက်စက်နိုင်ပြီး မိန်းကလေးကိုမှ ပိုပြီး ရင်းနှီးတဲ့ပုံ မပြခဲ့ပေ။
ထိုအချက်က မိန်းကလေးတော်တော်များများကို အကြီးအကျယ် စိတ်ပျက်အားငယ်သွားစေခဲ့သည်။သို့သော် ရွှယ်အန်းက ရှောင်ရွေ့နှင့် တခြားကလေးများဖြင့်တော့ ရင်းနှီးပြီး သူတို့ကို ဆုချသည့်အနေဖြင့် သကြားလုံးများ မကြာခဏ ထုတ်ပေးတတ်သည်။
ထိုအရာက သူ့ကို မြို့ထဲက ကလေးတွေရဲ့ သူရဲကောင်းတစ်ယောက် အဖြစ် အလျင်အမြန် ပြောင်းလဲသွားစေပြီး ဒီကလေးတွေရဲ့ ရင်ထဲက စံပြပုဂ္ဂိုလ် ဖြစ်လာစေခဲ့သည်။ အထူးသဖြင့် ရှောင်ရွေ့ဆိုလျှင် ရွှယ်အန်းရဲ့ နောက်လိုက်လေးလိုတောင် ဖြစ်နေခဲ့သည်။
အားလပ်ချိန်ရှိတိုင်း ကလေးတစ်စုက ရွှယ်အန်းနား စုရုံးလာပြီး သူ့ရဲ့ ဆန်းကြယ်တဲ့ ပုံပြင်လေးတွေကို နားထောင်တတ်ကြသည်။ ဤနေ့လည်း ချွင်းချက်မဟုတ်ပေ။
နေ့လည်စာစားပြီး အနားယူချိန်မှာ ရွှယ်အန်းက စွန်းဝူခုန်း နတ်ပြည်မှာ သောင်းကျန်းတဲ့ အခန်တစ်ခုကို ပြောပြပြီးသွားခဲ့သည်။
ထိုပုံပြင်က ကလေးများ၏ မျက်လုံးများကို စိတ်လှုပ်ရှားမှုနှင့် တောက်ပသွားစေခဲ့သည်။
"ဝါး၊ တကယ်ပဲ အဲဒီလောက် အံ့သြစရာကောင်းတဲ့ မျောက်တစ်ကောင် ရှိတာလား"
"ဟုတ်တယ်၊ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတာပဲ"
လူကြီးတွေကလည်း တအံ့တသြနှင့် ချီးကျူးမိကြသည်။ ရှင်းယွီရှူ တစ်ယောက်တည်းသာ အနည်းငယ် ဂရုမစိုက်ပုံပေါက်သော်လည်း အဝေးမှ ကြည့်ပါက သူ့ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
ဘာလို့လဲဆိုတော့ သူနဲ့ သူ့အဘိုးရဲ့ လက်ရှိ အခက်အခဲက လက်ငါးချောင်းတောင်အောက်မှာ ဖိနှိပ်ခံထားရတဲ့ စွန်းဝူခုန်းနဲ့ အရမ်းတူနေတာကို သူ ရုတ်တရက် သတိရသွားလို့ပဲ၊ ဝမ်းနည်းစရာကောင်းတာက သူ့မှာ အဲဒီမျောက်လိုမျိုး ကြောက်မက်ဖွယ် စွမ်းအား မရှိတာပါပဲ၊ ရှင်းယွီရှူ၏ ရင်ထဲမှာ ဝမ်းနည်းမှုလေးတစ်ခု ခံစားလိုက်ရသည်။
ထိုအချိန်မှာပဲ ရှောင်ရွေ့က ရုတ်တရက် မေးလိုက်သည်။
"အစ်ကိုကြီး၊ ဒီနေ့ သမီးတို့ကို လက်ရေးလှရေးဖို့ သင်ပေးမှာလား"
ရွှယ်အန်းက ထိုကောင်မလေးကို ယခင်က ကတိပေးထားခဲ့သည့်အတွက် လွန်ခဲ့ သည့် ရက်အနည်းငယ်အတွင်း အားလပ်ချိန်ရတိုင်း သူတို့ကို စာဘယ်လိုရေးရမလဲဆိုတာ သင်ပေးခဲ့သည်။
ဤနေရာရှိ စာလုံးများက ဟွာမျိုးနွယ်စု၏ ရှေးဟောင်းစာလုံးများနှင့် ဆက်စပ်နေပုံရသော်လည်း ထိုလူများကတော့ ဟွာမျိုးနွယ်စုဝင်များ လုံးဝ မဟုတ်ကြပေ။ ဤသည်က ရွှယ်အန်း၏ ရင်ထဲရှိ သိချင်စိတ်ကို မလွှဲမရှောင်သာ ပိုမိုနက်ရှိုင်းသွားစေခဲ့သည်။
သို့သော် ထိုအချိန်မှာရှောင်ရွေ့၏ စကားကို ကြားလိုက်ရချိန် သူ အနည်းငယ် ပြုံးမိသွားသည်။
"ဒီနေ့တော့ စာရေးတာ မသင်ပေးတော့ဘူး၊ အဲဒီအစား မင်းတို့အတွက် ပန်းချီကားတစ်ချပ် ဆွဲပေးရင်ကော ဘယ်လိုလဲ"
"ပန်းချီလား၊ ရေး ရေး"
ရှောင်ရွေ့နှင့် တခြားကလေးများ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်ပြီး စုတ်တံနှင့် မင်ကို ယူကာ မြို့တံခါးရှေ့ကို သွားလိုက်သည်။ အနည်းငယ် ဟောင်းနွမ်းပျက်စီးနေတဲ့ တံခါးကို ခဏတာ မော့ကြည့်လိုက်ပြီးနောက် သူ့ရဲ့ စုတ်တံက နဂါးတစ်ကောင်၊ မြွေတစ်ကောင်လို ကခုန်သွားပြီး တံခါးပေါ်မှာ ပန်းချီစတင်ဆွဲတော့သည်။
အခန်း (၁၂၅၄) - နဂါးကို ရေးဆွဲလိုက်ပေမယ့် မျက်လုံးကို အစက်မချခြင်း
အစပိုင်းတွင် ရှင်းယွီရှူသည် သိပ်ပြီး အာရုံမစိုက်ခဲ့ချေ။ ဤပန်းချီဆွဲသည့် အသေးအဖွဲ ကျွမ်းကျင်မှုသည် ရှင်းယွီရှူ သူ၏ ကလေးဘဝတွင် သင်ယူခဲ့ဖူးသော အရာတစ်ခုဖြစ်သော်လည်း သူသည် ၎င်းကို ဆက်လက် လေ့လာရန် ရပ်တန့်ခဲ့သည်မှာ ကြာပြီ ဖြစ်လေသည်။
ဤသို့ မလုံခြုံမှုနှင့် ကမောက်ကမဖြစ်မှုများ ပြည့်နှက်နေသော ခေတ်ကြီးတွင် အချိန်ဖြုန်းရန်အတွက် အသုံးပြုကြသော ဗိုက်ဝနေသည့် အထက်တန်းလွှာများမှလွဲ၍ မည်သူက ပန်းချီပညာကို လေ့လာချင်စိတ် ရှိမည်နည်း။ သို့သော် ယခု ရွှယ်အန်း၏ လုပ်ရပ်က ရှင်းယွီရှူ၏ နှလုံးသားထဲမှ သံသယတစ်ခုကို အတည်ပြုပေးလိုက်လေသည်။
ဒီလူက မင်းမျိုးမင်းနွယ် တစ်ယောက် ဖြစ်ရမယ်၊ ဒါမှမဟုတ် အနည်းဆုံးတော့ အရင်က မင်းမျိုးမင်းနွယ် ဖြစ်ခဲ့ဖူးတာ သေချာတယ်၊ မဟုတ်ရင် ဒီလောက်ကောင်းတဲ့ အမူအကျင့်နဲ့ ဗဟုသုတမျိုး သူ ပိုင်ဆိုင်ထားမှာ မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒါကလွဲလို့ သူ့ဆီမှာ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှု အရိပ်အယောင်လေး တစ်ခုတောင် မရှိဘူးပဲ...
ဤသည်က ရှင်းယွီရှူကို သူ၏ စိတ်ထဲတွင် ခေါင်းယမ်းသွားစေခဲ့သည်။ စာပေဗဟုသုတမျသည် အားလုံးက လက်တွေ့မှာ ဘာမှအသုံးမဝင်ပေ။ ဤစကားပုံမှာ ယခုအချိန်တွင် နောက်ပြောင်နေခြင်း မဟုတ်ချေ။
ဒီလူက ဘာစွမ်းရည်မှ မရှိဘဲနဲ့ အပြင်မှာ ပြေးလွှားသွားလာရဲတယ်၊ အသက်ရှင်နေသေးတာကိုက သူ ကံကောင်းလို့ပဲ...
အတန်ကြာ စဉ်းစားပြီးနောက် ရှင်းယွီရှူသည် ထွက်ခွာရန် ဆုံးဖြတ်လိုက်လေသည်။ သို့သော် ထိုစဉ်မှာပင် လူအုပ်ကြီးထံမှ အံ့ဩတကြီး ရေရွတ်သံများ ထွက်ပေါ်လာလေသည်။
"ဝါး... အရမ်းလှတာပဲ"
"ဘုရားရေ... အသက်ဝင်နေသလိုပဲ"
ထိုရေရွတ်သံများက ရှင်းယွီရှူကို အနည်းငယ် လန့်သွားစေခဲ့ပြီး မနေနိုင်ဘဲ မော့ကြည့်လိုက်မိလေသည်။ ထို့နောက် သူလည်း မှင်တက်သွားလေတော့သည်။
မြို့တံခါးအထက်တွင် အသက်ဝင်ပြီး တက်ကြွနေသော ဧရာမ နဂါးကြီးတစ်ကောင်သည် ရွှယ်အန်း၏ စုတ်တံအောက်တွင် ပုံပေါ်လာနေလေသည်။ အဝေးကြီးမှနေ၍ပင် ရှင်းယွီရှူသည် ဤဧရာမ နဂါးကြီးထံမှ ထွက်ပေါ်လာသော ခမ်းနားကြီးကျယ်သည့် အငွေ့အသက်ကို ခံစားနေရသေးလေသည်။
ထိုအခိုက်အတန့်လေးတွင် ရှင်းယွီရှူက နဂါးကြီး အသက်ဝင်လာပြီဟုပင် ထင်မှတ်လိုက်မိလေသည်။ ဤသည်က ရှင်းယွီရှူကို အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားစေခဲ့သည်။
တခြားအရာတွေကို မပြောနဲ့ဦး။၊ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်လောက်တဲ့ ဒီပန်းချီစွမ်းရည် တစ်ခုတည်းနဲ့တင် ရွှယ်အန်းက သေချာပေါက် သာမန်မဟုတ်ဘူးဆိုတာ ထင်ရှားနေပြီ...
ရှင်းယွီဟယ်ကိုယ်တိုင်ပင်လျှင် ရွှယ်အန်း ရေးဆွဲထားသော နဂါးကို မြင်သောအခါ မနေနိုင်ဘဲ မှင်တက်သွားလေသည်။
အဆုံးတွင် ရွှယ်အန်း နောက်ဆုံး စုတ်ချက်ကို ဆွဲပြီးသွားသောအခါ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် ခေါင်းလှည့်ကာ ရှောင်ရွေ့ကို ပြုံးပြပြီး မေးလိုက်လေသည်။
"ကြည့်လို့ ကောင်းလား"
ရှောင်ရွေ့၏ မျက်လုံးများမှာ မျက်စိကျိန်းမတတ် ဖြစ်နေလေသည်။ ရွှယ်အန်း၏ စကားကို ကြားသောအခါ သူမက အားရပါးရ ခေါင်းညိတ်ပြလိုက်လေသည်။
"ကြည့်လို့ကောင်းတယ်၊ အစ်ကိုကြီးက တကယ့်ကို အံ့ဩစရာကောင်းတာပဲ၊ ဒါပေမဲ့ အစ်ကိုကြီး... ဒီနဂါးက ဘာလို့ မျက်လုံးမပါတာလဲ"
ထိုသို့ပြောကာ ရှောင်ရွေ့သည် ဧရာမ နဂါးကြီး၏ ခေါင်းကို လက်ညှိုးထိုးပြလိုက်လေသည်။ လူအုပ်ကြီးကလည်း ထိုနေရာသို့ အကြည့်များ ရွှေ့သွားကြလေသည်။
အမှန်တကယ်ပင်။ ဤဧရာမ နဂါးကြီး၏ ခေါင်းပေါ်တွင် မျက်လုံးရှိသင့်သော နေရာ၌ ကွက်လပ်တစ်ခုသာ ရှိနေလေသည်။ ရွှယ်အန်းက ပြုံးလိုက်ပြီးနောက် ရှောင်ရွေ့၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်လိုက်လေသည်။
"တုံးလိုက်တဲ့ ကလေးမလေး... အစ်ကိုကြီးက မျက်လုံးကို ဆွဲလိုက်ရင် ဒီနဂါးကြီးက အသက်ဝင်လာမှာမို့လို့ပေါ့"
ရှောင်ရွေ့၏ မျက်လုံးလေးများ တဖြည်းဖြည်း ပြူးကျယ်လာပြီး ရွှယ်အန်း၏ စကားကို ယုံကြည်သွားကြောင်း ထင်ရှားပေသည်။ သို့သော် ဘေးပတ်လည်ရှိ လူများမှာမူ ဤစကားကို ကြားသောအခါ သံသယဖြစ်ဖွယ် အမူအရာများကို ပြသလာကြလေသည်။
မျက်လုံးဆွဲလိုက်ရုံနဲ့တင် နဂါးကြီးက အသက်ဝင်လာမယ် ဟုတ်လား၊ ဒါက ပုံပြင်တစ်ပုဒ်လိုပဲ အဓိပ္ပာယ်မရှိလိုက်တာ...
ရှင်းယွီရှူပင်လျှင် ဤစကားကို ကြားသောအခါ မနေနိုင်ဘဲ မှင်တက်သွားပြီး သူ၏အဘိုးဆီသို့ လှမ်းကြည့်လိုက်လေသည်။ ရှင်းယွီဟယ်က သူ့ကို ခေါင်းရမ်းပြလိုက်လေသည်။ သူကိုယ်တိုင်ပင်လျှင် မျက်လုံးဆွဲလိုက်ရုံဖြင့် ရေးဆွဲထားသော နဂါးတစ်ကောင်ကို အသက်ဝင်လာစေနိုင်သည် ဟူသော စကားမျိုးကို တစ်ခါမှ မကြားဖူးခဲ့သောကြောင့်ဖြစ်သည်။
သူ ကြားဖူးခဲ့သော ထိုလျှို့ဝှက်နည်းလမ်းများနှင့် မှော်စွမ်းရည်များပင်လျှင် ဤသို့ လုပ်ဆောင်နိုင်စွမ်း မရှိချေ။
ရှင်းယွီရှူသည် သူ၏ အဘိုးပင် တစ်ခါမှ မကြားဖူးကြောင်း မြင်သောအခါ အေးစက်စွာ နှာမှုတ်လိုက်ပြီး ရွှယ်အန်းအပေါ် ထားရှိခဲ့သော အနည်းငယ်မျှသော လေးစားမှုများမှာလည်း မီးခိုးငွေ့များကဲ့သို့ လွင့်စင်ပျောက်ကွယ်သွားလေတော့သည်။
သူ့ အမြင်တွင် ရွှယ်အန်း လုပ်နေသောအရာမှာ ၎င်း၏ ထူးခြားမှုကို ပြသရန်အတွက် သက်သက် ကြွားလုံးထုတ်နေခြင်းသာ ဖြစ်ကြောင်း ထင်ရှားနေသောကြောင့်ဖြစ်သည်။ ဤသည်က ရှင်းယွီရှူကို အထင်သေးသွားစေခဲ့သဖြင့် သူသည် လှည့်ကာ ထွက်သွားလေတော့သည်။
သို့သော် သူ၏ သဘောထားက ရှောင်ရွေ့နှင့် အခြားသူများ ရွှယ်အန်းအပေါ် ထားရှိသော လေးစားမြတ်နိုးမှုကို အနည်းငယ်မျှပင် မထိခိုက်စေခဲ့ချေ။
သုံးရက် ကုန်လွန်သွားခဲ့လေသည်။
နအဆုံးတွင်တော့ မြို့ရိုးကို ပြုပြင်ပြီးစီးသွားပြီး ၎င်းပေါ်ရှိ အစီအရင်သင်္ကေတများ အားလုံးကိုလည်း အသစ်ပြန်လည် ရေးဆွဲပြီးသွားခဲ့လေပြီ။
ထိုအခါမှသာ လူတိုင်း သက်သာရာရစွာ သက်ပြင်းချနိုင်ကြလေတော့သည်။ ဤကမောက်ကမ ခေတ်ကြီးတွင် အသက်ရှင်သန်နေရခြင်းကပင် အလွန် ခက်ခဲနေပြီဖြစ်ရာ ပင်ပန်းဆင်းရဲမှုများ ဆိုသည်မှာ ဘာမှမဟုတ်တော့ချေ။
ဤအဖြစ်အပျက် ပြီးနောက်တွင် ရွှယ်အန်း၏ အဆင့်အတန်းမှာ ပို၍ မြင့်မားလာခဲ့ပြီး သူသွားလေရာ နေရာတိုင်းတွင် လူများက သူ့ကို ဆရာဟု ရိုသေလေးစားစွာ ခေါ်ဝေါ်ကြလေသည်။ အစားစားချိန်တိုင်းတွင် သူ့အတွက် အစားအသောက် လာပို့ရန် စိတ်အားထက်သန်စွာ အလုအယက် လာရောက်ကြသူများ ရှိလေသည်။
ရွှယ်အန်းကလည်း မငြင်းဆန်ဘဲ တည်ငြိမ်အေးဆေးစွာဖြင့် အားလုံးကို လက်ခံလိုက်လေသည်။ သို့ရာတွင် ဟင်္သာပြဒါးရောင် မျှော်စင်အတွင်း၌ ရှင်းယွီဟယ်၏ မျက်နှာအရောင်မှာ တစ်နေ့တခြား ပိုဆိုးလာလေသည်။
ရှင်းယွီရှူသည်လည်း အိမ်ပြင်ထွက်ခြင်းကို ရပ်တန့်လိုက်ပြီး ရှင်းယွီဟယ်က သူ၏ ဗဟုသုတများ အားလုံးကို လက်ဆင့်ကမ်း သင်ကြားပေးနေသဖြင့် အဘိုးဖြစ်သူ၏ ဘေးတွင် အချိန်ပြည့် နေထိုင်နေကာ ဖရိုဖရဲနှင့် ညစ်ပတ်နေလေသည်။
သူ၏ ခန္ဓာကိုယ် ခွန်အားများမှာ အလွန်တရာ အားနည်းနေပြီဖြစ်ရာ စကားအနည်းငယ် ပြောပြီးတိုင်း သူသည် ခဏမျှ နားရလေသည်။ သို့တိုင်အောင် ရှင်းယွီဟယ်သည် အချိန်ဆွဲရန် ငြင်းဆန်ခဲ့ပြီး နာကျင်မှုကို ကြိတ်မှိတ်ခံကာ ဆက်လက် ကြိုးစားနေခဲ့လေသည်။
ဤသည်က ရှင်းယွီရှူကို စကားပြောရန်ပင် ခက်ခဲသည်အထိ ဆို့နင့်ဝမ်းနည်းသွားစေခဲ့လေသည်။ သေချာသည်မှာ ပြင်ပလောကအတွက် ဤအရာအားလုံးမှာ လုံးဝ မသိနိုင်သော ကိစ္စများပင် ဖြစ်လေသည်။ ရွှယ်အန်း တစ်ယောက်တည်းသာလျှင် ဟင်္သာပြဒါးရောင် မျှော်စင်ဆီသို့ ရံဖန်ရံခါ လှမ်းကြည့်ကာ သက်ပြင်းသဲ့သဲ့ ချလေ့ရှိလေသည်။
မိစ္ဆာချိတ်ပိတ် မြို့တော်သည် ငြိမ်းချမ်းရေးဆီသို့ ပြန်လည်ရောက်ရှိသွားချိန်တွင်
မြို့တော်မှ မိုင်ထောင်ချီ ဝေးကွာသော လမ်းမကြီးပေါ်တွင် ဖြည်းညင်းစွာ ရွေ့လျားနေသော ယာဉ်တန်းတစ်ခု ချဉ်းကပ်လာလေသည်။
ထိုယာဉ်တန်းသည် အမှောင်ထုထဲမှ ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေပြီး မြင်းအမည်းများ၊ ရထားလုံးအမည်းများနှင့် ဘယ်နေရာကို ကြည့်ကြည့် အရာအားလုံးမှာ အမည်းရောင်များသာ ဖြစ်နေလေသည်။
အနီးသို့ ရောက်လာသောအခါ ထိုမြင်းများနှင့် ရထားလုံးများ အားလုံးသည် မြေပြင်မှ သုံးပေအကွာတွင် လေထဲ၌ လွင့်မျောသွားလာနေကြောင်းကို မြင်တွေ့ရလျှင် အလွန်တရာ အံ့ဩသွားကြမည် ဖြစ်လေသည်။
ငရဲမှ ထွက်ပေါ်လာသော တစ္ဆေများကဲ့သို့ တိတ်ဆိတ်နေသော ဤယာဉ်တန်းကြီးသည် အသံတစ်ချက်မျှ မထွက်ဘဲ ဆက်လက် သွားလာနေလေသည်။
ဤကြက်သီးထဖွယ် လေထုကြားတွင် အလယ်ဗဟိုရှိ ရထားလုံး၏ လိုက်ကာကို ညင်သာစွာ မတင်လိုက်ပြီး လက်တစ်ဖက် ဆန့်ထွက်လာလေသည်။
ဤသည်မှာ ကြက်သွန်မြိတ်လေး တစ်ပင်ပမာ နူးညံ့ပြီး ရှည်လျားလှပသော လက်တစ်ဖက် ဖြစ်လေသည်။ ထို့နောက် ထိုလက်က ညင်သာစွာ အချက်ပြလိုက်ရာ ယာဉ်တန်းကြီး ရုတ်တရက် ရပ်တန့်သွားလေသည်။ ရုတ်တရက် ရထားလုံး၏ ရှေ့ရှိ မြေပြင်မှ အမှောင်စွမ်းအင်တစ်ခု ထွက်ပေါ်လာလေသည်။
အမှောင်စွမ်းအင်များ ပျောက်ကွယ်သွားသောအခါ အမည်းရောင် ခေါင်းစွပ်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ထိုအထဲမှ ထွက်ပေါ်လာလေသည်။ သူ၏ ခန္ဓာကိုယ် အောက်ပိုင်းမှာ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး မြူခိုးလွှာများအဖြစ်သို့ ပျော်ဝင်နေလေသည်။
"ဘယ်လောက် ဝေးသေးလဲ"
ရထားလုံးထဲမှ အေးစက်သော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာပြီး ထိုအသံလှိုင်းများက အမှောင်ထုကိုပင် သဲ့သဲ့လေး တုန်ခါသွားစေခဲ့လေသည်။
"မင်းသမီးလေးကို သတင်းပို့ရမယ်ဆိုရင် ကျွန်တော်တို့က အခု အဲဒီအဘိုးကြီးရဲ့ စွမ်းအားလှိုင်းတွေကို ရှင်းရှင်းလင်းလင်း ခံစားနေရပါပြီ၊ ပြီးတော့ ပိုပိုပြီးလည်း အားကောင်းလာနေတယ်၊ ဒါက အဲဒီအဘိုးကြီး သူ့ဒဏ်ရာတွေကို မထိန်းချုပ်နိုင်တော့ဘူး၊ ဒါကြောင့် သူ့ကိုယ်တွင်းက အဆိပ်ကို မဖိနှိပ်နိုင်တော့ဘူးဆိုတာကို ပြသနေတာပါပဲ၊ အခု ကျွန်တော်တို့ ခံစားရတာကို အခြေခံပြီး ခန့်မှန်းကြည့်ရရင် အများဆုံး မိုင်တစ်ထောင်အတွင်းမှာပဲ ရှိပါသေးတယ်"
အနက်ရောင်ဝတ် အမျိုးသားက ဖော်လံဖားသော အပြုံးဖြင့် ပြန်ဖြေလိုက်လေသည်။ ရထားလုံးအတွင်းတွင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရထားလုံးသည် သဲ့သဲ့လေး တုန်ခါသွားကာ မင်ရည်ကဲ့သို့ မည်းနက်နေသော နှုတ်ခမ်းများရှိသည့် လှပပြီး အေးစက်သောအမျိုးသမီး တစ်ဦး ထွက်ပေါ်လာလေသည်။
သူမ၏ မျက်နှာကို မြင်သည်နှင့် တစ်ပြိုင်နက် အနက်ရောင်ဝတ် အမျိုးသား အပါအဝင် ယာဉ်တန်းထဲရှိ လူတိုင်းသည် ရိုသေကျိုးနွံစွာဖြင့် ခေါင်းငုံ့လိုက်ကြလေသည်။ အမျိုးသမီးက သူတို့ကို လျစ်လျူရှုထားပြီး အမှောင်ထုထဲတွင် ပျောက်ကွယ်သွားသော လမ်းမကြီးကို ကြည့်ရန် မျက်လုံးများကို ပင့်လိုက်လေသည်။ ခဏအကြာတွင် သူမက အေးစက်စွာ ပြောလိုက်လေသည်။
"ငါတို့က သူ့ကို ခံစားနိုင်ပြီဆိုရင် တခြားသူတွေလည်း ခံစားနိုင်မှာပဲ၊ ဒါကြောင့် အခွင့်အရေးကို ဆုပ်ကိုင်ချင်တယ်ဆိုရင် ငါတို့က တခြားသူတွေထက် အရင်ရောက်အောင် သွားရမယ်၊ ဒါကြောင့် ခန့်မှန်းခြေ အကွာအဝေးတွေကို ငါ မကြားချင်ဘူး၊ ဘယ်လောက်ဝေးပြီး အတိအကျ ဘယ်အချိန် ရောက်နိုင်မလဲဆိုတာပဲ သိချင်တယ်၊ နားလည်လား"
ထိုသို့ပြောပြီးနောက် အမျိုးသမီးသည် ထိုအမျိုးသားကို လှမ်းကြည့်လိုက်လေသည်။
အမျိုးသားမှာ တုန်ယင်သွားပြီး အလျင်အမြန် နက်ရှိုင်းစွာ ခါးညွှတ်လိုက်လေသည်။
"မင်းသမီးလေး စိတ်ချပါ၊ ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး ဒီတာဝန်ကို မကျရှုံးစေရပါဘူး"
"အရမ်းကောင်းတယ်၊ အခု အမြန်ဆုံး အရှိန်နဲ့ သွားကြမယ်၊ မနက်ဖြန် မတိုင်ခင် ငါ့ရှေ့မှာ သူ ပေါ်လာတာကို ငါ မြင်ချင်တယ်"
"ဟုတ်ကဲ့ပါ"
လိုက်ကာများ ပြန်လည်ပိတ်သွားပြီးနောက် အနက်ရောင်ဝတ် အမျိုးသားသည် သူ၏ နဖူးမှ မရှိသော ချွေးစေးများကို အလျင်အမြန် သုတ်လိုက်လေသည်။
သူ၏ တာဝန် ကျရှုံးသွားပါက ရင်ဆိုင်ရမည့် အကျိုးဆက်များကို သူက မည်သူ့ထက်မဆို ပို၍ နားလည်ထားလေသည်။
မည်သို့ပင်ဖြစ်စေ အမိန့်ပေးနေသူမှာ ကျင်းနိုင်ငံ၏ ထိပ်တန်း အာဏာပိုင်အလွှာထဲမှ တစ်ဦးဖြစ်ပြီး အမှောင်မင်းသမီး ပိုင်လီရှောင်ကွမ်ဟု လူသိများသော ပိုင်လီမျိုးနွယ်စု၏ သမီးအကြီးဆုံးပင် ဖြစ်လေသည်။ ထို့ကြောင့် အနည်းငယ် တုံ့ဆိုင်းပြီးနောက် အမျိုးသားက လက်ယမ်းကာ အမိန့်ပေးလိုက်လေသည်။
"ထွက်ကြမယ်"
တစ္ဆေယာဉ်တန်းကြီးသည် ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကျယ်ပြောလှသော ရှေးဟောင်း လမ်းမကြီးထက်တွင် ပျောက်ကွယ်သွားလေတော့သည်။ သူတို့၏ ဦးတည်ရာမှာ မိစ္ဆာချိတ်ပိတ် မြို့တော်ဆီသို့ တည့်မတ်စွာ ချိန်ရွယ်ထားလေတော့သည်။