← Chapters

အခန်း (၇၁၂-၇၁၄)

Vol. 48 Ch. 712-714

အခန်း (၇၁၂-၇၁၄)

Vol. 48 Ch. 712-714

အခန်း (၇၁၂) - အကျိုးဆက်

~“အင်မော်တယ် ကျင့်စဉ်... မရဏဘုရင် ဝိညာဉ်သတ်ဖြတ် လက်ဝါး”

တပ်မှူးချုပ်က သူ၏ စွမ်းအားအားလုံးကို ထုတ်ယူကာ အင်မော်တယ် ကျင့်စဉ်ကို လှုံ့ဆော်လိုက်၏။

သူ၏ တိုက်ခိုက်မှု အဟုန်မှာ ဆည်ကျိုးကျလာသည့် ရေလှိုင်းကြီးအလား ပြင်းထန်လွန်းလှ၏။ အသံကျယ်လောင်စွာ ပေါက်ကွဲထွက်လာသော အားလှိုင်းများကြောင့် လွှမ်းမိုးခြင်း နယ်မြေ တစ်ခုလုံး အပြင်းအထန် တုန်လှုပ်သွားတော့သည်။

“ဝှစ်...”

“ဝီ... ဝီ...”

အပြာရောင် လက်ဝါးရိပ်ကြီး တစ်ခုက ရက်စက်ကြမ်းကြုတ်သော စွမ်းအားများဖြင့် အောက်သို့ ရိုက်ချလာ၏။ ပတ်ဝန်းကျင် တစ်ခွင်ရှိ လေဟာနယ်မှာ အနတ္တအဖြစ်သို့ ပြောင်းလဲသွားပြီး မည်းမှောင်နေသော လေဟာနယ် ဟာကွက်ကြီးထဲတွင် အပြာရောင် အလင်းတန်းများ ထင်ဟပ်နေ၏။

အခင်းအကျင်းဖြင့် ကာကွယ်ထားသော နတ်ဘုရား ဘုရင် နန်းတော်ပင်လျှင် အပြင်းအထန် တုန်လှုပ်နေလေရာ တပည့် ခြောက်သောင်း၊ ခုနစ်သောင်းခန့်မှာ အကြောက်တရားဖြင့် ဝိညာဉ်လွင့်မတတ် ဖြစ်နေကြတော့သည်။

လိန်ယွင်ခုန်း၏ မျက်နှာထားက အလွန်တရာ မှုန်ကုပ်သွားသည်။ ထိုကြောက်မက်ဖွယ် စွမ်းအင်နှင့် ဖိအားသည် နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၇) ပညာရှင်ဖြစ်သော သူ့ကိုပင် ခြိမ်းခြောက်မှုကြီး တစ်ခုအဖြစ် ခံစားလိုက်ရစေ၏။

လိန်ယွင်ခုန်းမှာ ဆုတ်လမ်း မရှိတော့ပေ။ သူ၏ အစွမ်းအစ အားလုံးကို ထုတ်သုံးကာ ရင်ဆိုင်တိုက်ခိုက်ရန်သာ ရွေးချယ်စရာ ရှိတော့သည်။

“အခြေခံ အင်မော်တယ် ကျင့်စဉ်... နတ်ဘုရားဘုရင် လက်ဝါး”

လိန်ယွင်ခုန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အစွမ်းကုန် တိုက်ခိုက်လိုက်၏။ သူ၏ လက်ဝါးရိုက်ချက်က ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်အောင် ကြမ်းတမ်းလွန်းလှရာ မြင်တွေ့ရသူတိုင်းကို ကြက်သီးထသွားစေသည်။

“ဝုန်း... ဝုန်း... ဝုန်း...”

“ဖူး...”

ကြောက်မက်ဖွယ် လက်ဝါးရိပ်ကြီး နှစ်ခုက ထိပ်တိုက် ဆောင့်မိသွားပြီး ပြင်းထန်စွာ ပေါက်ကွဲသွားတော့၏။ ပေါက်ကွဲသံက လွှမ်းမိုးခြင်း နယ်မြေ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ ဖျက်ဆီးခြင်း စွမ်းအင်များက အရပ်လေးမျက်နှာသို့ ရူးသွပ်စွာ ရိုက်ခတ်သွားလေရာ လိန်ယွင်ခုန်းမှာ သွေးများ ပန်းထုတ်ကာ နောက်သို့ လွင့်စင်သွားလေတော့သည်။

“သူ့စွမ်းအားတွေက ဘယ်လိုလုပ် ဒီလောက်တောင် ကြီးမားနေရတာလဲ”

လိန်ယွင်ခုန်း၏ နှလုံးသားမှာ အပြင်းအထန် တုန်လှုပ်သွားပြီး အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွား၏။

လိန်ယွင်ခုန်းသည် သူ၏ စွမ်းအားအားလုံးကို အကုန်အစင် သုံးစွဲခဲ့သည့်အပြင် အင်မော်တယ် လက်နက်ကိုပါ ထုတ်သုံးခဲ့သေးသည်။ ထိုမျှမက အင်မော်တယ် ကျင့်စဉ်ကိုပါ အသုံးပြုခဲ့သော်လည်း တပ်မှူးချုပ်၏ စွမ်းအားကို မခံနိုင်ခဲ့ချေ။

တိုက်ကြီးပေါ်တွင် အစွမ်းအထက်ဆုံး နန်းတော်သခင်ကြီးမှာ ပြိုင်ဘက်၏ လက်ချက်ဖြင့် သွေးအန်သည်အထိ အထိနာသွားခဲ့ပြီ ဖြစ်၏။

လိန်ယွင်ခုန်း၏ စွမ်းအားမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ သူသာ အင်မော်တယ် လက်နက်နှင့် အင်မော်တယ် ကျင့်စဉ်ကို ပေါင်းစပ်အသုံးပြုလိုက်ပါက နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၈) အထွတ်အထိပ် ပညာရှင် တစ်ယောက်ကိုပင် မရှုံးနိမ့်ဘဲ ရင်ဆိုင်နိုင်စွမ်း ရှိ၏။

သို့တိုင်အောင် တပ်မှူးချုပ်၏ ရှေ့တွင်တော့ သူသည် အလွန် အားနည်းသူ တစ်ယောက်လို ဖြစ်နေ၏။

လော့ဝူချန်နှင့် အကြီးအကဲ သုံးယောက်တို့မှာ မှင်သက်သွားကြသည်။

နှစ်ယောက်လုံးက နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၇) တွင် ရှိနေကြသော်လည်း သူတို့ကြားရှိ စွမ်းအား ကွာဟချက်က ကြီးမားလွန်းလှ၏။

တပ်မှူးချုပ်၏ စွမ်းအားက လိန်ယွင်ခုန်းကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

“နန်းတော်သခင်”

တပည့်များအားလုံး ကမောက်ကမ ဖြစ်သွားကြသည်။ လိန်ယွင်ခုန်း ဤကဲ့သို့ အထိနာသွားသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။

“အဖေ”

လိန်ဟွန်းမှာ အလွန်အမင်း ထိတ်လန့်သွား၏။ သူ၏ မျက်လုံးထဲတွင် အမြဲတမ်း အစွမ်းအထက်ဆုံး ဖြစ်ခဲ့သော ဖခင်ကြီးမှာ ယခုအခါ အလွန် အားနည်းနေသကဲ့သို့ ဖြစ်နေတော့၏။

လိန်ဟွန်းသည် သူ မည်ကဲ့သို့သော ကြောက်မက်ဖွယ် တည်ရှိမှုကြီးကို သွားစခဲ့မိမှန်း မသိခဲ့ပေ။ လင်ရှောင်ရှောင်၏ နောက်ကွယ်ရှိ အင်အားစုမှာ မည်မျှ ကြောက်စရာကောင်းကြောင်းကို ယခုမှသာ သူ နားလည်သွားတော့သည်။ နတ်ဘုရား ဘုရင် နန်းတော် ဆယ်ခု ပေါင်းလျှင်တောင် လင်ရှောင်ရှောင် နောက်ကွယ်က စွမ်းအားကို ယှဉ်နိုင်မည် မထင်ချေ။

သေချာသည်က လိန်ယွင်ခုန်း အားနည်းလွန်းနေခြင်း မဟုတ်ပေ။ တပ်မှူးချုပ်က အစွမ်းထက်လွန်းနေခြင်းသာ ဖြစ်၏။

“ဝီ... ဝီ...”

အရပ်လေးမျက်နှာသို့ ရိုက်ခတ်သွားသော ကြောက်မက်ဖွယ် အားလှိုင်းများကို နတ်ဘုရား လက်နက်၏ စွမ်းအားက လုံးဝ တားဆီးပေးထားပြီး အပြင်ဘက်သို့ အနည်းငယ်မျှပင် ဖွဲ့တည်မသွားစေချေ။

“ရှီး... ရှီး...”

“ဒက်...”

နတ်ဘုရား ဘုရင် နန်းတော်သည် ဤကြောက်မက်ဖွယ် စွမ်းအင်ကြီးကို အတင်းအကျပ် ခံနိုင်ရည် ပြုနေရ၏။ ယဲ့ချန်းရွှေ ထောက်ပံ့ပေးထားသော အခင်းအကျင်းမှာ မျက်တောင်တစ်ခတ်အတွင်း အက်ကွဲကြောင်းများ အပြည့်ဖြစ်သွားပြီး နောက်ဆုံးတွင် အုန်းခနဲ.. ပြိုကွဲသွားလေတော့သည်။

အစွမ်းထက်သော အခင်းအကျင်းကြီးမှာ တစ်ချက်တည်းသော တိုက်ခိုက်မှုအောက်တွင်ပင် မခံနိုင်ဘဲ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။

“ဒုက္ခပဲ”

ယဲ့ချန်းရွှေ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူမက ချက်ချင်း ရှေ့သို့ ပြေးထွက်သွားကာ ဖွဲ့တည်လာသော ဖျက်ဆီးခြင်း စွမ်းအင်များကို တားဆီးရန် ကြီးမားသော အကာအကွယ် တစ်ခုကို သူမ၏ စွမ်းအား အပြည့်ဖြင့် ဖန်တီးလိုက်၏။

ထိုသို့သာ မတားဆီးလိုက်ပါက နတ်ဘုရား ဘုရင် နန်းတော်သည် သေချာပေါက် မြေကြီးနှင့် တသားတည်း ဖြစ်သွားပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် ဖွဲ့တည်လာသော စွမ်းအင်များမှာ အတော်လေး အားနည်းသွားပြီ ဖြစ်၏။ မဟုတ်လျှင် ယဲ့ချန်းရွှေလည်း တားဆီးနိုင်မည် မဟုတ်ချေ။

“ဒါက မင်းရဲ့ အစွမ်းကုန်ပဲလား... နတ်ဘုရား ဘုရင် နန်းတော်ရဲ့ နန်းတော်သခင်ဆိုတဲ့ စွမ်းအားက ဒီလောက်ပဲ ရှိတာကိုး”

တပ်မှူးချုပ်က ခပ်ဟဟ မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် မထီမဲ့မြင်ပြုမှုများ ဖြတ်ပြေးသွားသည်။

လက်ဝါးတစ်ချက်တည်းနှင့် ဒဏ်ရာရသွားအောင် လုပ်နိုင်သော ပြိုင်ဘက်ကို တပ်မှူးချုပ်က အမှန်တကယ်ပင် အလေးထားစရာဟု မမြင်ခဲ့ချေ။

ထိုစကားကြောင့် လိန်ယွင်ခုန်း၏ မျက်နှာ အလွန်တရာ မှုန်ကုပ်သွားသော်လည်း သူ ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။

“ဝုန်း... ဝုန်း... ဝုန်း...”

“ဖူး... ဖူး... ဖူး...”

ထိုအခိုက်အတန့်မှာပင် လော့ဝူချန်၊ အခြား အကြီးအကဲများနှင့် ထိပ်ပိုင်းခေါင်းဆောင်များ အားလုံးသည် သူတို့၏ ပြိုင်ဘက်များထံမှ ပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်တိုက် ခံလိုက်ရ၏။ သူတို့၏ အစွမ်းကုန် ကြိုးစားမှုများအားလုံး အချည်းနှီးသာ ဖြစ်သွားသည်။

ရန်သူများ၏ စွမ်းအားမှာ အသည်းထိတ်ဖွယ် ကောင်းလွန်းလှသည်။ သူတို့၏ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ရေး စွမ်းအားက နန်းတော်သားများကို မိနစ်ပိုင်းအတွင်း အမြစ်ပြတ် ချေမှုန်းနိုင်စွမ်း ရှိနေ၏။

အခြားသော နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များအားလုံး ဒဏ်ရာရသွားကြပြီး ထျန်းကျီဘုံမှ ပညာရှင်များမှာမူ အပြင်းအထန် ဒဏ်ရာရကာ လှုပ်ရှားနိုင်စွမ်းပင် မရှိတော့ချေ။

အစွမ်းကုန် တိုက်ခိုက်ပြီး အစွမ်းထက် သိုင်းကွက်များကို ဆက်တိုက် ထုတ်သုံးခဲ့သော်လည်း လင်ရှောင်ရှောင် ဦးဆောင်လာသော အင်အားစုကို သူတို့ လုံးဝ မယှဉ်နိုင်ခဲ့ကြချေ။

“ရိုင်းစိုင်းလှချည်လား... ဒီလူတွေက တကယ်တော့ ဘယ်သူတွေလဲကွ”

လော့ဝူချန်က အံကို ကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ ဖြူရော်နေသော မျက်နှာမှာ ကြမ်းတမ်းစွာ ရှုံ့မဲ့နေ၏။

လိန်ယွင်ခုန်း၏ မျက်နှာထားက အလွန်တရာ အကျည်းတန်နေသည်။ သူက လေးနက်စွာ ရေရွတ်လိုက်သည်။

“တပ်မှူးချုပ် နေရာလောက်နဲ့တင် ဒီလောက် အစွမ်းထက်နေတာ... ဒီအင်အားစုက ယင်ယန် မိသားစုထက်တောင် မနိမ့်ကျလောက်ဘူး”

“ယိုဟွန်း... သူ့ကို သတ်လိုက်စမ်း”

လင်ရှောင်ရှောင်က အေးစက်ပြီး ရက်စက်သော အကြည့်ဖြင့် ခွန်ယွင်ကို စိုက်ကြည့်ကာ အမိန့်ပေးလိုက်၏။

“နားလည်ပါပြီ၊ သူတော်စင်မလေး”

ယိုဟွန်းက ရိုသေစွာ ပြန်ဖြေလိုက်သည်။ သူ၏ ရက်စက်သော မျက်ဝန်းများက အပြင်းအထန် ဒဏ်ရာရနေသော ခွန်ယွင်ထံသို့ ချက်ချင်း ရောက်သွား၏။

ထိုစကားကို ကြားလိုက်ရသောအခါ ခွန်ယွင်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး အကြောက်တရားများ အပြည့် ဖုံးလွှမ်းသွားတော့သည်။ သူ၏ ခန္ဓာကိုယ်မှာ ထိန်းမရအောင် တုန်ယင်နေပြီး ငရဲမင်းကြီးက သူ့ကို လက်ယပ်ခေါ်နေသည်ဟုပင် ခံစားလိုက်ရ၏။

ယိုဟွန်းသည် နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၄) တွင် ရှိနေပြီး အလွန် ကြမ်းတမ်းသော စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ ခွန်ယွင်မှာ သူ့အတွက် လုံးဝ ပြိုင်ဘက် မဟုတ်ပေ။

“ဝုန်း...”

လျှပ်စီးတန်းတစ်ခုအလား ယိုဟွန်းသည် ခွန်ယွင်ရှေ့သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားသည်။ ခွန်ယွင်၏ နဖူးတည့်တည့်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပြင်းထန်သော စွမ်းအားတစ်ခုက ခွန်ယွင်ကို သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားစေပြီး အမြစ်ပြတ် ချေမှုန်းပစ်လိုက်လေတော့သည်။

“တပ်မှူးကြီး”

နတ်ဘုရား ဘုရင် နန်းတော်မှ လူများက မျက်လုံးပြူးကာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

အစောပိုင်းက လင်ရှောင်ရှောင် အကူအညီ ခေါ်မည့်အရေးကို တားဆီးခဲ့သူမှာ ခွန်ယွင်ပင် ဖြစ်၏။ ထို့ကြောင့် နဂါးနတ်ဘုရား နန်းတော် အကြီးအကျယ် ဒုက္ခရောက်ခဲ့ရသည်။ ယခု အခွင့်အရေး ရလာချိန်တွင် လင်ရှောင်ရှောင်က ခွန်ယွင်ကို မည်သို့လျှင် အလွတ်ပေးပါမည်နည်း။

“လိန်ဟွန်း... အားနည်းတဲ့သူတွေကို အနိုင်ကျင့်ရတာ ဘယ်လိုနေလဲ”

လင်ရှောင်ရှောင်က အေးစက်စက် မေးလိုက်သည်။ သူမ၏ ရေခဲတမျှ အေးစက်သော အကြည့်များက အကြောက်တရားဖြင့် ပြည့်နှက်နေသော လိန်ဟွန်း၏ မျက်နှာကို စူးစိုက်ကြည့်နေပြီးနောက် ဆက်လက် အမိန့်ပေးလိုက်၏။

“နတ်ဘုရား ဘုရင် နန်းတော်မှာ ထျန်းကျီဘုံ ပညာရှင်တွေ တော်တော်များများ ရှိနေတာပဲ။ အဲဒီ ထျန်းကျီဘုံ ပညာရှင် အားလုံးကို သတ်ပစ်လိုက်ပါ။ ဒီနေ့ ဘယ်သူမှ မလွတ်စေရဘူး”

“ဘာ”

လိန်ယွင်ခုန်းနှင့် အခြားသူများ၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြ၏။

လင်ရှောင်ရှောင်၏ အမိန့်ကို မည်သူကမျှ မဆန့်ကျင်ရဲကြချေ။ တပ်မှူးချုပ်ပင်လျှင် လွန်ဆန်ခြင်း မရှိပေ။

တပ်မှူးချုပ်နှင့် နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၆) ပညာရှင် အချို့က နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်ကြပြီး ကျန်လူများကတော့ နတ်ဘုရား ဘုရင် နန်းတော်မှ ထျန်းကျီဘုံ ပညာရှင်များကို ပစ်မှတ်ထားလိုက်ကြသည်။

“ဝုန်း... ဝုန်း... ဝုန်း...”

“ဝီ... ဝီ...”

“ဖူး... ဖူး... ဖူး...”

ပြင်းထန်သော တိုက်ပွဲကြီး နောက်တစ်ကြိမ် စတင်သွားပြန်၏။ တပ်မှူးချုပ်နှင့် အခြားသူများသည် အနည်းငယ်မျှ ညှာတာခြင်း မရှိကြချေ။ လိန်ယွင်ခုန်း၊ လော့ဝူချန်နှင့် အကြီးအကဲ သုံးယောက်တို့မှာ ဆက်တိုက် နောက်ဆုတ်နေရပြီး သူတို့၏ ဒဏ်ရာများကလည်း တစ်စထက်တစ်စ ပိုမို ဆိုးရွားလာတော့သည်။

စွမ်းအား၊ အမြန်နှုန်း သို့မဟုတ် သိုင်းကွက် မည်သည့်အရာတွင်မဆို သူတို့အားလုံး ရက်စက်စွာ ဖိနှိပ်ခံနေရ၏။

“ဝုန်း... ဝုန်း... ဝုန်း...”

“ဖူး... ဖူး... ဖူး...”

ထျန်းကျီဘုံ ပညာရှင်များ၏ မချိမဆံ့ အော်ဟစ်သံများ ဆက်တိုက် . ထွက်ပေါ်လာသည်။ ထျန်းကျီဘုံ ပညာရှင် တစ်ဒါဇင်ကျော်မှာ ရက်စက်စွာ အသတ်ခံလိုက်ရ၏။

“ရပ်လိုက်စမ်း... အခုချက်ချင်း ရပ်လိုက်စမ်း”

ထျန်းကျီဘုံ ပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရသည်ကို ကြည့်ကာ လိန်ယွင်ခုန်းနှင့် သူ၏ လူများအားလုံး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ သို့သော် သူတို့မှာ အကူအညီပေးရန် မပြောနှင့်၊ ကိုယ့်ကိုယ်ကိုယ်ပင် မနည်း ကာကွယ်နေရသဖြင့် ဘာမှ မလုပ်နိုင်ကြချေ။

“ဘာဖြစ်လို့လဲ... အခုလေးတင် မခံနိုင်တော့ဘူးလား။ လိန်ဟွန်းက ထျန်းကျီဘုံ ပညာရှင်တွေကို ခေါ်လာပြီး နဂါးနတ်ဘုရား နန်းတော်က ကောင်းကင်ဘုံလူသားတွေကို သတ်တုန်းက ငါ ခံစားခဲ့ရတာ အခု၊ ရှင်တို့ ခံစားနေရတဲ့ အတိုင်းပဲ”

လင်ရှောင်ရှောင်က အေးစက်စွာ ပြောလိုက်၏။

“လိန်ဟွန်း... မင်းက ငါ့ကို အမြဲ အထင်သေးခဲ့တာ မဟုတ်လား။ နတ်ဘုရား ဘုရင် နန်းတော်ရဲ့ စွမ်းအားက ဒီလောက်ပဲလား။ ဒါမှမဟုတ် မိစ္ဆာမျိုးနွယ်စုရဲ့ အထောက်အပံ့ ရထားလို့ မင်းကိုယ်မင်း အရမ်း အစွမ်းထက်နေပြီ ထင်နေတာလား”

လင်ရှောင်ရှောင်က သရော်လိုက်သည်။ သူမ၏ အကြည့်များက အပြင်းအထန် ထိတ်လန့်နေသော လိန်ဟွန်းကို မထီမဲ့မြင်ပြုစွာ ဖြတ်ပြေးသွား၏။

မိနစ်ဆယ်ခန့် အတွင်းမှာပင် လိန်ယွင်ခုန်းနှင့် အခြားသူများအားလုံး အပြင်းအထန် ဒဏ်ရာရသွားကြပြီး ထျန်းကျီဘုံ ပညာရှင် တစ်ဒါဇင်ကျော်မှာလည်း အသတ်ခံလိုက်ရတော့သည်။

ဤတိုက်ပွဲက နတ်ဘုရား ဘုရင် နန်းတော်ကို အကြီးအကျယ် အားနည်းသွားစေခဲ့သည်။ ဤတိုက်ပွဲသည် နတ်ဘုရား ဘုရင် နန်းတော်၏ ပြိုလဲမှုကို ကိုယ်စားပြုနေတော့၏။

နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် ဆယ့်သုံးယောက်ကို ရင်ဆိုင်ရချိန်တွင် တိုက်ကြီးပေါ်ရှိ အစွမ်းအထက်ဆုံး အင်အားစုကြီးသည် တစ်ချက်မျှပင် မခံနိုင်ဘဲ ပြိုလဲသွားခဲ့ရသည်။

ဤသည်ကား လင်ရှောင်ရှောင်ကို ဒေါသထွက်အောင် လုပ်မိခြင်း၏ အကျိုးဆက်ပင် ဖြစ်တော့သည်။ ပြီးတော့ ဒါက အစပဲ ရှိသေး၏။

“သား... မိစ္ဆာမျိုးနွယ်စုရဲ့ အရှင်သခင်ကို အမြန် ခေါ်လိုက်တော့”

လိန်ယွင်ခုန်းက အပူတပြင်း အော်ဟစ်လိုက်သည်။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် နတ်ဘုရား ဘုရင် နန်းတော်မှ တစ်ယောက်မျှ အသက်ရှင်ကျန်ရစ်မည် မဟုတ်တော့ချေ။

“ခေါ်စရာ မလိုပါဘူး။ ငါ အစကတည်းက ဒီမှာ ရောက်နေတာပဲ”

လိန်ယွင်ခုန်း၏ အော်ဟစ်သံ အဆုံးတွင် မိစ္ဆာဆန်သော လေသံနှင့်အတူ အသံတစ်သံ ထွက်ပေါ်လာ၏။

နတ်ဘုရား ဘုရင် နန်းတော် အတွင်းတွင် ကျောချမ်းဖွယ်ကောင်းသော အနက်ရောင် တိမ်တိုက်တစ်ခု လေဟာနယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး နောက်ဆုံးတွင် လူရိပ်တစ်ခုအဖြစ် စုစည်းသွားလေတော့သည်။

ရောက်လာသူမှာ အခြားသူ မဟုတ်ဘဲ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၇) တွင် ရှိနေသော မိစ္ဆာမျိုးနွယ်စု၏ အရှင်သခင် တစ်ပါးပင် ဖြစ်တော့၏။

အခန်း (၇၁၃) - ကြောက်မက်ဖွယ် လူစုလူဝေး

~နတ်ဘုရား ဘုရင် နန်းတော် တစ်ခုလုံးတွင် အားပြင်းသည့် မိစ္ဆာ အရှိန်အဝါများ သိပ်သည်းသွား၏။

ရောက်လာသူကို မြင်လိုက်ရသောအခါ လိန်ယွင်ခုန်း၊ လော့ဝူချန်နှင့် အခြားသူများအားလုံး ချက်ချင်းပင် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားကြသည်။

မိစ္ဆာမျိုးနွယ်စု၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလှ၏။ ယခု မိစ္ဆာမျိုးနွယ်စု၏ အရှင်သခင် တစ်ပါးက ကူညီရန် ရောက်လာပြီ ဖြစ်ရာ နတ်ဘုရား ဘုရင် နန်းတော်သည် ကယ်တင်ခံလိုက်ရပြီ ဖြစ်သည်။

“အရှင်သခင်ကို ဂါရဝပြုပါတယ် ခင်ဗျာ”

လိန်ယွင်ခုန်းနှင့် အခြားသူများက ရိုသေကျိုးနွံစွာဖြင့် အရိုအသေ ပေးလိုက်ကြ၏။

“လောလောဆယ် နောက်ဆုတ်နေကြ”

မိစ္ဆာမျိုးနွယ်စု၏ အရှင်သခင်က လက်တစ်ချက် ဝှေ့ယမ်းကာ ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါကြောင့် လူတိုင်း အလွန်တရာ နေရထိုင်ရ ခက်လာကြသည်။

လိန်ယွင်ခုန်းနှင့် အခြားသူများမှာ အပြင်းအထန် ဒဏ်ရာရထားကြသဖြင့် ဆက်လက် တိုက်ခိုက်ရန် အင်အား မရှိကြတော့ချေ။ ထို့ပြင် သူတို့သည် ပြိုင်ဘက်ကို ယှဉ်နိုင်စွမ်းလည်း မရှိရာ စကားနားထောင်ကာ နောက်ဆုတ်သွားရုံသာ တတ်နိုင်ကြ၏။

“မိစ္ဆာလေရူး အရှင်သခင်”

လင်ရှောင်ရှောင့်ဘက်မှ ၊ တပ်မှူးချုပ်က မျက်ခုံးပင့်ကာ ခပ်ဟဟ မဲ့ပြုံးပြုံးရင်း ရေရွတ်လိုက်သည်။

ထိုအခါ၊ မိစ္ဆာလေရူးက ထျန်းကန်း တပ်မှူးချုပ်ကို ခပ်အေးအေး ပြုံးကာ စိုက်ကြည့်ရင်း ပြောလိုက်၏။

“ထျန်းကန်း တပ်မှူးချုပ်... မတွေ့ရတာ ကြာပြီနော်။ ကြည့်ရတာ မင်းရဲ့ စွမ်းအားတွေ တော်တော်လေး တိုးတက်လာပုံရတယ်။ ငါတို့က တကယ့် ရန်သူဟောင်းတွေပဲ”

“ရန်သူဟောင်းတွေ ဟုတ်လား”

လိန်ယွင်ခုန်းနှင့် အခြားသူများ၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားကြသည်။

သူတို့သည် ထျန်းကန်း တပ်မှူးချုပ်ကို မသိကြသော်လည်း ထိပ်သီးပညာရှင်များ အသိုင်းအဝိုင်းတွင် ထျန်းကန်း တပ်မှူးချုပ်၏ နာမည်ကျော်ကြားမှုက နတ်ဘုရား ဘုရင် နန်းတော်၏ နန်းတော်သခင်ထက်ပင် ပို၍ ကြောက်စရာကောင်းနေ၏။

“ဟုတ်တယ်... ရန်သူဟောင်းတွေပေါ့”

ထျန်းကန်း တပ်မှူးချုပ်က အေးစက်စွာ ရယ်ရမ်းသွေးလိုက်သည်။ စကားပြောနေစဉ်မှာပင် သူ၏ ပုံရိပ်က လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး မိစ္ဆာလေရူးထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။

“ဝုန်း...”

“ဝီ... ဝီ...”

မိစ္ဆာလေရူး၏ မျက်နှာအမူအရာက အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိဘဲ လက်သီးကို နောက်မဆုတ်တမ်း ပြန်လည် ရင်ဆိုင်လိုက်သည်။

“အုန်း”

ဖျက်ဆီးခြင်း စွမ်းအင်များက အရူးအမူး ရိုက်ခတ်သွားပြီး မိုးလုံးပြည့်နေသော အရှိန်အဝါကြောင့် လိန်ယွင်ခုန်းနှင့် အခြားသူများမှာ လွင့်စင်သွားကြလေတော့သည်။

လိန်ယွင်ခုန်းနှင့် သူ၏ လူများမှာ အလွန်တရာ ထိတ်လန့်သွားကြ၏။ ရိုးရှင်းသော ထိပ်တိုက် တွေ့ဆုံမှုလေး တစ်ခုကပင် ဤမျှ ဖျက်ဆီးနိုင်စွမ်း ရှိနေသည်တဲ့လား။

နတ်ဘုရား ဘုရင် နန်းတော်ကြီး အပြင်းအထန် တုန်လှုပ်သွားပြီး ခမ်းနားထည်ဝါသော နန်းတော်ဆောင်ကြီးများပေါ်တွင် အက်ကွဲကြောင်းများ ယှက်သန်းကာ ပြိုကျလာတော့၏။

“နတ်ဘုရား ဘုရင် နန်းတော်ကို ကာကွယ်ကြ”

လိန်ယွင်ခုန်းက အလွန်တရာ စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်၏။

တိုက်ကြီးပေါ်တွင် အစွမ်းအထက်ဆုံး အင်အားစုဖြစ်သော နတ်ဘုရား ဘုရင် နန်းတော်ကြီး ပြိုကျသွားပါက လူအများ၏ လှောင်ပြောင်စရာ ဖြစ်သွားမည် မဟုတ်ပါလော။

လှောင်ပြောင်ခံရခြင်းက ကိစ္စမရှိသော်လည်း နန်းတော်မှ တပည့် ခြောက်သောင်း၊ ခုနစ်သောင်းခန့်မှာ ထိုပြင်းထန်သော စွမ်းအားများကြောင့် အစအနပင် မကျန်အောင် ပြဲပြဲစင်သွားနိုင်သည်။

ပြင်းထန်သော တိုက်ခိုက်မှုတွင် မည်သူကမျှ အသာစီး မရခဲ့ချေ။ ထျန်းကန်း တပ်မှူးချုပ်၏ ပြင်းထန်သော စွမ်းအားများကပင် မိစ္ဆာလေရူးကို ခြေတစ်လှမ်းမျှ ဆုတ်သွားအောင် မလုပ်နိုင်ခဲ့ပေ။

“မတွေ့ရတာ တော်တော်ကြာပြီဆိုတော့ မင်းရဲ့ စွမ်းအားတွေလည်း တော်တော် တိုးတက်လာတာပဲ။ ဒါပေမဲ့ မင်း တစ်ယောက်တည်းနဲ့ ငါတို့ အားလုံးကို တားနိုင်မယ်လို့ ထင်နေတာလား”

ထျန်းကန်း တပ်မှူးချုပ်က မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိဘဲ အေးစက်စွာ သရော်လိုက်၏။

ထျန်းကန်းသည် မိစ္ဆာလေရူး အကြောင်းကို အလွန် ကောင်းစွာ သိထား၏။ မိစ္ဆာလေရူးသည် အစွမ်းထက်ပြီး ကြမ်းတမ်းသော ပြိုင်ဘက် တစ်ယောက် ဖြစ်သည်။ သူ၏ စွမ်းအားက ထျန်းကန်းထက် မနိမ့်ကျဘဲ နှစ်ယောက်စလုံး အင်အား တူညီနေကြ၏။

နတ်ဘုရား လက်နက်ဖြင့် အကာအကွယ် ပေးထားသော နန်းတော်အတွင်းသို့ မိစ္ဆာလေရူး ဝင်ရောက်လာနိုင်ခြင်းကပင် သူ၏ စွမ်းအား မည်မျှကြီးမားကြောင်း သက်သေပြနေတော့သည်။

သို့သော် မိစ္ဆာလေရူး တစ်ယောက်တည်းဖြင့် ထျန်းကန်းနှင့် အခြားသူများကို တားဆီးရန်မှာမူ လုံးဝ မဖြစ်နိုင်ချေ။

မိစ္ဆာလေရူး၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးတစ်ခု ပေါ်လာပြီး ရယ်ရမ်းသွေးကာ ပြောလိုက်၏။

“ထျန်းကန်း တပ်မှူးချုပ်ရဲ့ ကျင့်ကြံခြင်းကလည်း အများကြီး တိုးတက်လာတာပဲ။ ဒီလက်သီးတစ်ချက်ရဲ့ စွမ်းအားက နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၇) က လူတစ်ယောက်ကို အပြင်းအထန် ဒဏ်ရာရသွားစေဖို့ လုံလောက်တယ်”

မိစ္ဆာလေရူး တစ်ယောက်တည်းကပင် အင်မော်တယ် လက်နက် စံအိမ်မှ အစွမ်းထက် ပညာရှင်များစွာကို အပြင်းအထန် ဒဏ်ရာရစေခဲ့ပြီး သူတို့၏ အင်အားများကို ကြီးမားစွာ ဆုံးရှုံးစေခဲ့သည်။ ဤအချက်ကပင် သူ၏ စွမ်းအား မည်မျှ ကြောက်စရာကောင်းကြောင်းကို ဖော်ပြနေ၏။

“တပ်မှူးချုပ်... စကားတွေ အများကြီး ပြောမနေနဲ့။ ဝင်ပါတဲ့သူ ဘယ်သူမဆို သတ်ပစ်လိုက်”

လင်ရှောင်ရှောင်က မိစ္ဆာလေရူး၏ နောက်ခံကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ အေးစက်စွာ အမိန့်ပေးလိုက်၏။

မိစ္ဆာ ဘုရင် မဟုတ်သရွေ့ အခြား မည်သူ့ကိုမျှ လင်ရှောင်ရှောင် မျက်လုံးထဲ ထည့်ထားမည် မဟုတ်ချေ။

“နားလည်ပါပြီ၊ သူတော်စင်မလေး”

ထျန်းကန်းက ရိုသေစွာ ပြန်ဖြေလိုက်ပြီး သူ၏ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၇) ၏ ပြင်းထန်သော စွမ်းအားများကို စုစည်းကာ မိစ္ဆာလေရူးကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။

နှစ်ပေါင်းများစွာ ကြာပြီးနောက် ထျန်းကန်း တပ်မှူးချုပ်သည်လည်း မိစ္ဆာလေရူး၏ စွမ်းအား မည်မျှ တိုးတက်လာသနည်း ဆိုသည်ကို စမ်းသပ်ကြည့်ချင်နေတော့၏။

အင်အားချင်း တူညီသော ပြိုင်ဘက်နှင့် တွေ့ဆုံရခြင်းသည် ထျန်းကန်း တပ်မှူးချုပ်အတွက် အလွန်တရာ ယားယံနေသော နေရာကို ကုတ်ခွင့်ရလိုက်သကဲ့သို့ပင် ဖြစ်တော့သည်။

“နေပါဦး... သခင်မလေး ဒေါသကို ထိန်းပါဦး။ အခု တိုက်ခိုက်လို့ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ စစ်ပွဲကြီးက စတောင် မစရသေးဘဲနဲ့ အချိန်တွေ ဘာလို့ ဖြုန်းနေမှာလဲ။ ဒီမှာပဲ ရပ်လိုက်ရင် မကောင်းဘူးလား”

မိစ္ဆာလေရူး အရှင်သခင်က ခပ်ဟဟ ပြုံးရင်း ဝင်ဖျန်ဖြေလိုက်၏။ သူ တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပုံ ရသည်။

“ကျွန်မ နတ်ဘုရား ဘုရင် နန်းတော်ကို ခြေမှုန်းတာက ရှင်နဲ့ ဘာဆိုင်လို့လဲ။ ရှင် မတိုက်ဘူးဆိုရင် ထွက်သွားလိုက်။ ပြီးတော့ ဟို လူယုတ်မာ အဘိုးကြီး မိုထျန်းယန် ဘယ်မှာလဲ။ သူ့ကို အပြင်ထွက်ခဲ့လို့ သွားပြောလိုက်”

လင်ရှောင်ရှောင်က ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။

လင်ရှောင်ရှောင်က မိစ္ဆာလေရူးကို မကြောက်မရွံ့ ဆူပူနေသည့်အပြင် မိုထျန်းယန်ကိုပါ ကျိန်ဆဲနေသည်ကို မြင်လိုက်ရသောအခါ လိန်ယွင်ခုန်းနှင့် အခြားသူများအားလုံး မျက်နှာများ သွေးဆုတ်သွားသည်အထိ ထိတ်လန့်သွားကြလေတော့သည်။

သူတို့အားလုံး အလွန် သိချင်နေကြပြီ ဖြစ်၏။ လင်ရှောင်ရှောင်က တကယ်တော့ ဘယ်သူများလဲ။ မိစ္ဆာမျိုးနွယ်စုကို သူ ဘာကြောင့် အနည်းငယ်မျှပင် မကြောက်ရွံ့ရသနည်း။

ထိုစကားကို ကြားသောအခါ မိစ္ဆာလေရူးက ခပ်ဟဟ ပြုံးရင်း ပြန်ပြောလိုက်သည်။

“တတိယအကြီးအကဲမှာ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေလို့ ကောင်းကင်ဝိညာဉ် နယ်မြေမှာ မရှိပါဘူး သခင်မလေး။ သခင်မလေးက တတိယအကြီးအကဲကို ရှာချင်တယ်ဆိုရင်တော့ မိစ္ဆာမျိုးနွယ်စုဆီကို တစ်ခေါက်လောက် သွားမှ ရပါလိမ့်မယ်”

“ရယ်စရာ ကောင်းလိုက်တာ... တပ်မှူးချုပ်... တိုက်တော့”

လင်ရှောင်ရှောင်က အမျက်တကြီး အမိန့်ပေးလိုက်၏။

ထျန်းကန်း တပ်မှူးချုပ်က သရော်လိုက်ပြီး ပြောပြန်သည်။

“မင်းတို့ မိစ္ဆာမျိုးနွယ်စုက တံခါးကို ကျယ်ကျယ် ဖွင့်မပေးရဲဘူး ထင်တယ်။ ပြီးခဲ့တဲ့ နှစ်တွေ တစ်လျှောက်လုံး မင်းတို့ မိစ္ဆာမျိုးနွယ်စုက အပြင်ထွက်ဖို့တောင် မရဲဘဲ ပုန်းနေခဲ့ကြတာ မဟုတ်ဘူးလား။ မဟုတ်ရင် မင်းတို့ မိစ္ဆာမျိုးနွယ်စု ဆိုတာ လောကကြီးမှာ မရှိတော့လောက်ဘူး”

“ငါ တစ်ယောက်တည်းနဲ့တော့ မင်းတို့ အားလုံးကို မတားနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ စိတ်ချပါ... ငါ အသေအချာ ပြင်ဆင်ပြီးမှ လာခဲ့တာပါ”

မိစ္ဆာလေရူးက ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိဘဲ အေးစက်စွာ ရယ်ရမ်းသွေးရင်း ပြန်ပြောလိုက်၏။

စကားပြောနေရင်း မိစ္ဆာလေရူးက သူ၏ လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် လေထုကြီးတစ်ခု ဖွဲ့တည်လာ၏။ မိစ္ဆာစွမ်းအားများ ဆက်တိုက် ထွက်ပေါ်လာပြီး ကြမ်းတမ်းသော အရှိန်အဝါများက ခြိမ်းခြောက်နိုင်စွမ်း အပြည့်ဖြင့် ရိုက်ခတ်သွားတော့သည်။

“ဟုတ်လား... မိစ္ဆာလေရူး အရှင်သခင်ရဲ့ ယုံကြည်မှုက ဘယ်လောက်ရှိလဲဆိုတာ ငါ့ကို ပြစမ်းပါဦး”

ထျန်းကန်းက အနည်းငယ်မျှ ထိတ်လန့်သွားခြင်း မရှိဘဲ မိစ္ဆာလေရူးကို စူးစိုက်ကြည့်ကာ အေးစက်စွာ သရော်လိုက်၏။

“သခင်မလေး... သူက မိစ္ဆာမျိုးနွယ်စုက ပညာရှင်တွေကို ခေါ်နေတာပါ”

နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၆) ပညာရှင် တစ်ယောက်က ရိုသေစွာ သတိပေးလိုက်သည်။

“အခြေခံငါးပါး အမိန့်တော်က နတ်ဘုရား လက်နက်လေ... ပြီးတော့ အဲဒီမှာ မဟာ အကြီးအကဲရဲ့ စွမ်းအားလည်း ပါသေးတယ်။ သူက မိစ္ဆာမျိုးနွယ်စုက ပညာရှင်တွေကို ဘယ်လိုလုပ် ခေါ်နိုင်မှာလဲ”

လင်ရှောင်ရှောင်က မျက်မှောင်အနည်းငယ် ကြုတ်ကာ မေးလိုက်၏။

“ဒါက မိစ္ဆာမျိုးနွယ်စုရဲ့ လျှို့ဝှက်ပညာရပ် တစ်ခုပါ။ သခင်မလေး တစ်ခါမှ မမြင်ဖူးလို့ပါ”

ထျန်းကန်းက ရှင်းပြလိုက်သည်။

ထင်သည့်အတိုင်းပင် ဖြစ်၏။

မိစ္ဆာလေရူး၏ ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအားများ ပေါ်ထွက်လာသည်နှင့်အတူ နတ်ဘုရား လက်နက်ဖြင့် ဖုံးအုပ်ထားသော နန်းတော်ကြီး တစ်ခုလုံးတွင် ထူးဆန်းသော အနက်ရောင် လေထုများ ပြည့်နှက်လာလေတော့သည်။

အခိုက်အတန့်အကြာတွင် အနက်ရောင် လေထုများက လူပုံသဏ္ဌာန်များအဖြစ် စတင် စုစည်းလာကြ၏။ သူတို့အားလုံးမှာ မိစ္ဆာမျိုးနွယ်စုမှ အစွမ်းထက် ပညာရှင်များ ဖြစ်ကြပြီး အရေအတွက်မှာ ဒါဇင်နှင့်ချီ၍ ရှိနေသည်။

နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် ဒါဇင်ပေါင်းများစွာပင် ဖြစ်၏။

“နတ်... နတ်ဘုရားအသွင်ပြောင်းဘုံ သုံးဆယ့်ခုနစ်ယောက်တောင်”

မိစ္ဆာမျိုးနွယ်စု ပညာရှင်များကို မြင်လိုက်ရသောအခါ လိန်ဟွန်းမှာ ဝိညာဉ်လွင့်မတတ် ထိတ်လန့်သွားလေတော့သည်။

နတ်ဘုရားအသွင်ပြောင်းဘုံ သုံးဆယ့်ခုနစ်ယောက်...

ဒါက ဘယ်လောက်တောင် ကြောက်စရာ..လူစုလူဝေးကြီးလဲ။

“ဒါက အရမ်း ကြောက်စရာကောင်းလွန်းနေပြီ မဟုတ်ဘူးလား”

အစောင့်အရှောက် လော့ဝူချန်မှာ ပါးစပ်အဟောင်းသားဖြင့် ကြောင်အမ်းနေပြီး ခန္ဓာကိုယ် တစ်ခုလုံးလည်း တုန်ယင်နေ၏။

“နတ်ဘုရားအသွင်ပြောင်းဘုံ သုံးဆယ့်ခုနစ်ယောက်တဲ့လား”

လိန်ယွင်ခုန်းလည်း အလွန်တရာ အံ့အားသင့်သွားပြီး မိစ္ဆာမျိုးနွယ်စု၏ ပြင်းထန်သော စွမ်းအားကို လုံးဝ မခန့်မှန်းနိုင်အောင် ဖြစ်သွားရသည်။

တစ်ချက်တည်းနှင့် နတ်ဘုရားအသွင်ပြောင်းဘုံ သုံးဆယ့်ခုနစ်ယောက်ကို ခေါ်ယူနိုင်ခြင်းက နတ်ဘုရား ဘုရင် နန်းတော်၏ အင်အားထက် အဆပေါင်းများစွာ သာလွန်နေ၏။ ထိုကဲ့သို့သော လူစုလူဝေးမျိုးဖြင့်ဆိုလျှင် ကောင်းကင်ဝိညာဉ် နယ်မြေ တစ်ခုလုံးကို မိနစ်ပိုင်းအတွင်း အလွယ်တကူ သိမ်းပိုက်နိုင်စွမ်း ရှိပေလိမ့်မည်။

“သူ တကယ်ကြီး ခေါ်နိုင်တာပဲ”

လင်ရှောင်ရှောင်က ယခုတိုင် မယုံနိုင်အောင် ဖြစ်နေဆဲပင်။

“မိစ္ဆာလေရူး အရှင်သခင်... နတ်ဘုရား ဘုရင် နန်းတော်အတွက်နဲ့ မင်းတို့ ဒီလို.. လုပ်တာ တန်တယ်လို့ ထင်သလား။ မိစ္ဆာ ဘုရင်က ချိပ်ပိတ်ခံထားရတဲ့ အထဲကနေ မထွက်လာနိုင်သေးဘူး ဆိုတာ မမေ့နဲ့ဦး။ သူတို့ကို ဒီခေါ်လာတာ အသေခံခိုင်းဖို့လား”

ထျန်းကန်း တပ်မှူးချုပ်က မျက်နှာအမူအရာ အနည်းငယ်မျှ မပြောင်းလဲဘဲ သရော်ကာ မေးလိုက်သည်။

မိစ္ဆာလေရူးက နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် သုံးဆယ့်ခုနစ်ယောက်ကို ခေါ်လာသည်ကိုပင် ထျန်းကန်း တပ်မှူးချုပ်က လာအသေခံသည်ဟု ပြောနေသေး၏။ ထိုစကားက အနည်းငယ် မောက်မာလွန်းနေသည် မဟုတ်ပါလော။

လိန်ယွင်ခုန်း အပါအဝင် နတ်ဘုရား ဘုရင် နန်းတော်မှ ထိပ်ပိုင်းခေါင်းဆောင်များ အားလုံးမှာ ထျန်းကန်း တပ်မှူးချုပ်၏ စကားကြောင့် ချွေးစေးများပင် ရွှဲလာကြတော့သည်။

ထိုစကားကို ကြားသောအခါ မိစ္ဆာလေရူးက မဲ့ပြုံးပြုံးကာ ပြောလိုက်၏။

“ထျန်းကန်း တပ်မှူးချုပ်... မင်းကို ပြောပြဖို့ မေ့သွားတာ တစ်ခု ရှိတယ်။ မိစ္ဆာ ဘုရင်က ချိပ်ပိတ်မှုကို ဖောက်မထွက်နိုင်သေးပေမယ့် သိပ်တော့ မလိုတော့ပါဘူး။ ဒီတစ်ခါတော့ ငါတို့က သွေးမိစ္ဆာရဲ့ အမိန့်ကို နာခံပြီး ရောက်လာတာပဲ”

“သွေးမိစ္ဆာ ဟုတ်လား”

သွေးမိစ္ဆာ ဆိုသည့် နာမည်ကို ကြားလိုက်ရသောအခါ ထျန်းကန်း တပ်မှူးချုပ်၏ မျက်နှာအမူအရာက နောက်ဆုံးတွင် ပြောင်းလဲသွားလေတော့သည်။ သူ၏ မျက်ဝန်းနက်များထဲတွင် သတိထားရမည့် အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွား၏။

“သွေးမိစ္ဆာက နာလန်ထူလာပြီလား”

နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၆) ပညာရှင် တစ်ယောက်က မျက်မှောင်အပြင်းအထန် ကြုတ်ကာ ရေရွတ်လိုက်လေတော့သည်။

အခန်း (၇၁၄) - ရှေးဟောင်း ရာ့ရှား မျိုးနွယ်စု

~“သွေးမိစ္ဆာ ….”

လိန်ယွင်ခုန်းနှင့် အခြားသူများအားလုံး မျက်မှောင်အပြင်းအထန် ကြုတ်လိုက်ကြသည်။ ထိုနာမည်ကို သူတို့ တစ်ခါမှ မကြားဖူးခဲ့ကြသော်လည်း အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ထိပ်သီးပညာရှင် တစ်ယောက် ဖြစ်မည်ဆိုတာကိုတော့ ခန့်မှန်း၍ ရနိုင်၏။

‘ထျန်းကန်း တပ်မှူးချုပ်တောင် ဒီလောက် သတိထားနေရတယ် ဆိုတော့... မိစ္ဆာမျိုးနွယ်စုမှာ အစွမ်းအထက်ဆုံးက အကြီးအကဲတွေ မဟုတ်ဘူး ထင်တယ်။ အဲဒီ သွေးမိစ္ဆာ ဆိုတဲ့သူက ဘယ်လောက်တောင် အစွမ်းထက်နေမလဲ ဆိုတာ ငါ လုံးဝ ခန့်မှန်းလို့မရဘူး’

ထျန်းကန်း တပ်မှူးချုပ်၏ လေးနက်နေသော မျက်နှာထားကို ကြည့်ရင်း လိန်ယွင်ခုန်းက တိတ်တဆိတ် တွေးလိုက်မိသည်။ သူ တွေးကြည့်ရန်ပင် မရဲလောက်အောင် ဖြစ်နေ၏။

မိစ္ဆာမျိုးနွယ်စု အတွင်းတွင် အမြင့်ဆုံး ရာထူးမှာ အကြီးအကဲများ မဟုတ်ကြပေ။

သွေးမိစ္ဆာ၏ ရာထူးသည် အကြီးအကဲများထက် ပို၍ မြင့်မားပြီး အကြီးအကဲများထက် ရာထူးပိုမြင့်သော အခြား အစွမ်းထက် ပညာရှင်များလည်း ရှိနေသေးသည် မဟုတ်ပါလော။

ထိုစဉ်၊ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၆) ပညာရှင် တစ်ယောက်က လေးနက်စွာ ဝင်ပြောလိုက်၏။

“အတိတ်ကာလက နဂါးမျိုးနွယ်စုရဲ့ အစောင့်အရှောက် လုံကျန့်က သွေးမိစ္ဆာနဲ့ တိုက်ခိုက်ခဲ့ရတာလေ။ သူက သွေးမိစ္ဆာကို အနိုင်ယူဖို့ သူ့ရဲ့ ဝိညာဉ်သိုင်းနဲ့ မူလဝိညာဉ် စွမ်းအားတွေ အားလုံးကို အကုန်အစင် သုံးစွဲပစ်ခဲ့ရတာ။ အခု အစောင့်အရှောက် လုံကျန့်တောင် အပြည့်အဝ နာလန်မထူသေးဘူး ဆိုတော့ သွေးမိစ္ဆာက ဒီလောက် မြန်မြန်ဆန်ဆန် ပြန်ကောင်းလာဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”

“ပြောရခက်တယ်။ မိစ္ဆာမျိုးနွယ်စုက ယုတ်မာတဲ့ ကျင့်စဉ်တွေကို ကျင့်ကြံကြတာဆိုတော့... သူတို့က လျှို့ဝှက်တဲ့ နည်းလမ်းတွေ သုံးပြီး ဒဏ်ရာတွေကို မြန်မြန်ဆန်ဆန် ကုသလိုက်တာလည်း ဖြစ်နိုင်တာပဲ”

နောက်ထပ် ပညာရှင် တစ်ယောက်ကလည်း မှတ်ချက်ချလိုက်သည်။

ထျန်းကန်း တပ်မှူးချုပ်ကမူ ဘာမှ ဝင်မပြောတော့ချေ။ သူ၏ မျက်နှာထားမှာ အလွန်တရာ လေးနက်နေပြီး မိစ္ဆာလေရူးကိုသာ စူးစိုက်ကြည့်နေ၏။

သွေးမိစ္ဆာ၏ စွမ်းအားသည် ထျန်းကန်း တပ်မှူးချုပ်ထက် အဆပေါင်းများစွာ သာလွန်နေသည်။ မဟုတ်လျှင် ထျန်းကန်းသည် ဤမျှအထိ အပြင်းအထန် တုန်လှုပ်နေမည် မဟုတ်ချေ။

နဂါးမျိုးနွယ်စု၏ အစောင့်အရှောက် လုံကျန့်ကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သော သွေးမိစ္ဆာသည် မည်မျှအထိ ကြောက်စရာကောင်းနေမည်နည်း။

“ထျန်းကန်း တပ်မှူးချုပ်... မင်း ဘယ်လိုလုပ်မလဲ။ ဆက်တိုက်ဦးမလား... ဒါမှမဟုတ် ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မလား”

ထျန်းကန်း တပ်မှူးချုပ်ကို စိုက်ကြည့်ရင်း မိစ္ဆာလေရူးက အေးစက်စွာ ရယ်ရမ်းသွေးကာ အထက်စီးမှနေ၍ လှမ်းမေးလိုက်၏။

ထျန်းကန်း တပ်မှူးချုပ်က သူ့ကို အာရုံမစိုက်ဘဲ လင်ရှောင်ရှောင်ဘက်သို့ လှည့်ကာ ရိုသေစွာ မေးလိုက်၏။

“သူတော်စင်မလေး... အမိန့်ပေးပါ ခင်ဗျာ”

ထျန်းကန်း တပ်မှူးချုပ်သည် ကိုယ်ပိုင် ဆုံးဖြတ်ချက်ချမည် မဟုတ်ချေ။ အထူးသဖြင့် လင်ရှောင်ရှောင် ရှိနေချိန်တွင် ပို၍ပင် မဖြစ်နိုင်ပေ။

လင်ရှောင်ရှောင်က နတ်ဘုရား ဘုရင် နန်းတော်ကို ခြေမှုန်းရန် ရည်ရွယ်ချက်ဖြင့် သူတို့ကို ခေါ်လာခဲ့ခြင်း ဖြစ်ရာ အရာအားလုံးသည် လင်ရှောင်ရှောင်၏ အမိန့်အတိုင်းသာ သွားရမည် ဖြစ်၏။

သို့သော် ယခုအခါ မိစ္ဆာမျိုးနွယ်စုက ဝင်ပါလာပြီဖြစ်ရာ နတ်ဘုရား ဘုရင် နန်းတော်ကို အမြစ်ပြတ် သုတ်သင်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက် ဖြစ်သွားခဲ့ပြီ။ ထို့ပြင် ထျန်းကန်း တပ်မှူးချုပ်တွင် သွေးမိစ္ဆာကို အနိုင်ယူနိုင်စွမ်း ရှိသည်ဟူသော ယုံကြည်ချက်လည်း မရှိချေ။

“ဦးလေးလုံကျန့်ရဲ့ ဒဏ်ရာက သွေးမိစ္ဆာနဲ့ တိုက်တုန်းက ရခဲ့တာလား”

လင်ရှောင်ရှောင်က မေးလိုက်သည်။

“မှန်ပါတယ် ခင်ဗျာ။ မိစ္ဆာမျိုးနွယ်စုရဲ့ စွမ်းရည်တွေအရ ဆိုရင် သွေးမိစ္ဆာက အခုဆို အပြည့်အဝ နာလန်ထူသွားလောက်ပြီလို့ ခန့်မှန်းရပါတယ်”

ထျန်းကန်း တပ်မှူးချုပ်က ရိုသေစွာ ဖြေကြားလိုက်၏။

ထိုစကားကို ကြားသောအခါ လင်ရှောင်ရှောင် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ အစောင့်အရှောက် လုံကျန့်၏ စွမ်းအားကို သူမ အသေအချာ သိထား၏။ ထို့ကြောင့် လုံကျန့်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့သော သွေးမိစ္ဆာမှာ မည်မျှအထိ ကြောက်စရာကောင်းမည်ကို ခန့်မှန်း၍ ရနိုင်၏။

“တပ်မှူးချုပ်... မိစ္ဆာ ဘုရင်က ချိပ်ပိတ်ခံထားရတဲ့ အထဲကနေ မထွက်လာနိုင်သေးဘူးလေ။ အဲဒီ အခွင့်အရေးကို ယူပြီး သူတို့ကို ခြေမှုန်းလိုက်ရင်ရော ဘယ်လိုထင်လဲ”

လင်ရှောင်ရှောင်က ထပ်မေးလိုက်ပြန်သည်။

“အကြံကောင်းတော့ မဟုတ်ဘူး ခင်ဗျာ”

ထျန်းကန်း တပ်မှူးချုပ်က ခေါင်းယမ်းလိုက်ပြီး ရှင်းပြ၏။

“အရင်က တိုက်ပွဲကြီးမှာ သွေးမိစ္ဆာရဲ့ ရုပ်ခန္ဓာ ပျက်စီးသွားပြီး ဝိညာဉ်ခန္ဓာ အပြင်းအထန် ဒဏ်ရာရသွားတာရယ်၊ မိစ္ဆာ ဘုရင် ချိပ်ပိတ်ခံလိုက်ရတာရယ် ကလွဲရင်... မိစ္ဆာမျိုးနွယ်စုက တခြား ထိပ်သီးပညာရှင်တွေ အားလုံးက အပြင်းအထန် ဒဏ်ရာရရုံလောက်ပဲ ရှိခဲ့တာပါ။ အခုဆို သူတို့အားလုံး အထွတ်အထိပ် ခွန်အား ပြန်ရနေလောက်ပြီ။ စစ်ပွဲကြီး တစ်ခုကို စတင်ဖို့ဆိုတာ ကျွန်တော်တို့ သဘောနဲ့ ဆုံးဖြတ်လို့ ရတဲ့ကိစ္စ မဟုတ်ပါဘူး ၊ တကယ်လို့ စစ်ပွဲသာ ဖြစ်လာခဲ့ရင် ဖျက်ဆီးခြင်း စွမ်းအင်တွေက မိစ္ဆာ ဘုရင်.. ချိပ်ပိတ်မှုကို ဖောက်ထွက်လာနိုင်အောင် ကူညီပေးသလိုများ ဖြစ်သွားမလားပဲ”

တစ်ခဏမျှ စကားရပ်လိုက်ပြီးနောက် ထျန်းကန်း တပ်မှူးချုပ်က ဆက်ပြောလိုက်သည်။

“တိုက်ကြီး တစ်ခုလုံးရဲ့ ရှင်သန်ခြင်း၊ သေဆုံးခြင်းနဲ့ သက်ဆိုင်နေတဲ့ ဒီလို အရေးကြီးတဲ့ အချိန်အခါမျိုးမှာ ကျွန်တော့်အနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်လည်း မရှိသလို တာဝန်လည်း မယူရဲပါဘူး ခင်ဗျာ။ စစ်ပွဲ စတင်ဖို့ ဆုံးဖြတ်ချက်ကို ရာ့ရှား မျိုးနွယ်စု ခေါင်းဆောင်နဲ့ နဂါးမျိုးနွယ်စု ခေါင်းဆောင် နှစ်ယောက်စလုံးက သဘောတူမှ ရပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ အရင် ပြန်သွားတာ အကောင်းဆုံးလို့ ထင်ပါတယ် ခင်ဗျာ”

စစ်ပွဲ ဆင်နွှဲမည့် ဆုံးဖြတ်ချက်သည် တိုက်ကြီး တစ်ခုလုံး၏ ကံကြမ္မာနှင့် သက်ဆိုင်နေသဖြင့် ပေါ့ပေါ့တန်တန် ဆုံးဖြတ်၍ မရချေ။ ထို့ကြောင့် လင်ရှောင်ရှောင် ကိုယ်တိုင်လည်း ဤကဲ့သို့ ကြီးမားသော ဆုံးဖြတ်ချက်မျိုးကို မချရဲပေ။

“ဟွန့်...နင်တို့ ကံကောင်းသွားတယ်လို့ပဲ မှတ်လိုက်။ မိစ္ဆာမျိုးနွယ်စုနဲ့ ပူးပေါင်းထားတာက နင်တို့ကို အသက် နည်းနည်း ပိုရှည်အောင်တော့ လုပ်ပေးနိုင်သားပဲ”

လင်ရှောင်ရှောင်က လိန်ဟွန်းနှင့် အခြားသူများကို စူးစိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

စကားဆုံးသည်နှင့် လင်ရှောင်ရှောင်က လှည့်ထွက်သွားပြီး မည်းမှောင်နေသော လေဟာနယ် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွား၏။ အခြားသူများအားလုံးလည်း သူမ၏ နောက်မှ လိုက်ပါသွားကြလေတော့သည်။

“မိစ္ဆာလေရူး အရှင်သခင်... ငါတို့ အနိုင်အရှုံး ခွဲမယ့် အခွင့်အရေး တစ်နေ့တော့ ရလာဦးမယ်လို့ မျှော်လင့်ပါတယ်”

ထျန်းကန်း တပ်မှူးချုပ်က မိစ္ဆာလေရူးကို တစ်ချက် အကြည့် ပို့လွှတ်ကာ ထိုစကားကို ချန်ထားရစ်ခဲ့ပြီးနောက် လေဟာနယ် အက်ကွဲကြောင်းထဲသို့ ခုန်ဝင်သွားလေတော့သည်။

လင်ရှောင်ရှောင်နှင့် သူမ၏ လူများအားလုံး ပျောက်ကွယ်သွားပြီးနောက် မည်းမှောင်နေသော အက်ကွဲကြောင်းကြီးမှာ တဖြည်းဖြည်း ပြန်လည် ပိတ်သွားပြီး မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား ပကတိ အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။

နတ်ဘုရား ဘုရင် နန်းတော်သည် ကြီးမားသော ဘေးအန္တရာယ်ကြီးမှ သီသီလေး လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ လိန်ယွင်ခုန်းနှင့် အခြား ထိပ်ပိုင်းခေါင်းဆောင်များအားလုံး နောက်ဆုံးမှသာ သက်ပြင်းချနိုင်ကြပြီး စိတ်အေးသွားကြလေတော့သည်။

အကယ်၍သာ မိစ္ဆာလေရူး မပေါ်လာခဲ့ပါက ယနေ့ နတ်ဘုရား ဘုရင် နန်းတော်သည် မြေကြီးနှင့် တသားတည်း ဖြစ်သွားမည်မှာ အသေအချာပင် ဖြစ်၏။

“အချိန်မီ လာရောက် ကယ်တင်ပေးတဲ့အတွက် မိစ္ဆာ အရှင်သခင်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ”

လိန်ယွင်ခုန်းက ကမန်းကတန်း လက်နှစ်ဖက် ဆုပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

မိစ္ဆာလေရူးက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် ဒါဇင်ပေါင်းများစွာသည် အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး လွင့်စင်ပျောက်ကွယ်သွားကြ၏။ ထို့နောက် သူက ပြောလိုက်သည်။

“ဖုန်းဝူချန်ကို သေချာ စောင့်ကြည့်ထား။ သူ့ဆီက ရှေးဦး ကမ္ဘာဦး စွမ်းအားနဲ့ မီးတောက်ကို မင်းတို့ မဖြစ်မနေ ပြန်ယူရမယ်။ ယင်ယန် မိသားစုက ဝင်ပါမှာ မဟုတ်ဘူး။ ငါ့ရဲ့ လက်အောက်ငယ်သား တစ်ယောက်က ပိုင်လီ မျိုးနွယ်စုကို ထိန်းချုပ်ထားပေးလိမ့်မယ်။ ဒါကြောင့် မင်းတို့ စိတ်ချလက်ချ လှုပ်ရှားလို့ ရပြီ”

လိန်ဟွန်းက မေးလိုက်၏။ “တကယ်လို့ လင်ရှောင်ရှောင်က ဝင်ပါလာရင်ရော ဘယ်လိုလုပ်မလဲ”

“သူ့ကို မထိခိုက်စေနဲ့။ သေချာ မှတ်ထား... လင်ရှောင်ရှောင်ကို ဆံချည် တစ်မျှင်တောင် မထိခိုက်စေနဲ့။ မဟုတ်ရင် မင်းတို့ကို ငါလည်း ကယ်နိုင်မှာ မဟုတ်ဘူး”

မိစ္ဆာလေရူးက လိန်ဟွန်းကို စူးစိုက်ကြည့်ကာ သတိပေးလိုက်သည်။

“မိစ္ဆာ အရှင်သခင်... သူတို့က တကယ်တော့ ဘယ်သူတွေလဲ။ ဘာဖြစ်လို့ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားရတာလဲ”

ဟု အစောင့်အရှောက် လော့ဝူချန်က မနေနိုင်ဘဲ ဝင်မေးလိုက်၏။

“ရှေးဟောင်း ရာ့ရှား မျိုးနွယ်စုပဲ”

မိစ္ဆာလေရူးက ဖြည်းညင်းစွာ ပြောလိုက်သည်။

“ရှေးဟောင်း ရာ့ရှား မျိုးနွယ်စု ဟုတ်လား”

လိန်ယွင်ခုန်းနှင့် အခြားသူများအားလုံး ထိုမျိုးနွယ်စု အမည်ကို တစ်ခါမှ မကြားဖူးခဲ့ကြချေ။

မည်သို့သော မျိုးနွယ်စု ဖြစ်ကြောင်းကို သူတို့ မသိကြသော်လည်း အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုကြီး တစ်ခုဖြစ်မည် ဆိုတာကိုတော့ သေချာပေါက် သိရှိနေကြ၏။

မိစ္ဆာလေရူးက လိန်ဟွန်းကို တစ်ချက် ကြည့်လိုက်ပြီး ပြောသည်။

“ရှေးဟောင်း ရာ့ရှား မျိုးနွယ်စုနဲ့ နဂါးမျိုးနွယ်စုက မိတ်ဆွေဟောင်းတွေပဲ။ သူတို့ရဲ့ အင်အားက နဂါးမျိုးနွယ်စု ပြီးရင် ဒုတိယ အင်အားအကြီးဆုံးပဲ။ မင်းလို ကောင်လေးက အဲဒီ သခင်မလေးကို သွားစော်ကားရဲတယ် ဆိုတော့ တော်တော် သတ္တိကောင်းတာပဲ။ မင်းက သူ့ထက် အသက်နည်းနည်းလေးပဲ ပိုကြီးတာ။ တကယ်လို့ မင်းတို့သာ ရွယ်တူဆိုရင် မင်း သူ့ကို လုံးဝ မယှဉ်နိုင်ဘူး”

တစ်ခဏမျှ စကားရပ်လိုက်ပြီးနောက် မိစ္ဆာလေရူးက ဆက်ပြောလိုက်၏။

“မင်းကို ငါ သတိပေးမယ်... သူ့ကို လုံးဝ မထိခိုက်စေနဲ့။ ဒီတစ်ခါ မင်း ကံကောင်းသွားတာ... နောက်တစ်ခါအတွက်တော့ ငါ အာမမခံနိုင်ဘူး။ ယင်ယန် မိသားစုရဲ့ ဆက်ခံသူက သူ့ကို သဘောကျနေတာကွ။ တိုက်ကြီးရဲ့ ပါရမီရှင် တစ်ယောက်ပဲ။ မင်းနဲ့ အသက်အရွယ် တူလောက်ပေမယ့် နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်ကို ရောက်နေပြီ။ သူ့ရဲ့ စွမ်းအားက မိစ္ဆာမျိုးနွယ်စုက ဆက်ခံသူတွေနဲ့တောင် ရင်ပေါင်တန်းနိုင်တယ်။ မင်းသာ လင်ရှောင်ရှောင်ကို နောက်ထပ် အန္တရာယ် ပေးရဲရင် ငါ.. မကယ်နိုင်ဘူးကွ”

“ဂလု...”

ထိုစကားကို ကြားလိုက်ရသောအခါ လိန်ဟွန်း၏ မျက်နှာပေါ်တွင် အကြောက်တရားများ အပြည့် ဖုံးလွှမ်းသွားပြီး ခန္ဓာကိုယ် တုန်ယင်လျက် တံတွေးကို ခက်ခဲစွာ မြိုချလိုက်ရလေတော့သည်။

“မင်း ကြိုက်တဲ့သူကို သွားစော်ကား... ဒါပေမဲ့ ယင်ယန် မိသားစုရဲ့ ဆက်ခံသူကိုတော့ လုံးဝ သွားမစော်ကားမိစေနဲ့။ အဲဒီကောင်လေးက တော်တော် ရက်စက်ပြီး ပြတ်သားတယ်။ သူ့အဖေကလွဲရင် ယင်ယန် မိသားစုရဲ့ အကြီးအကဲတွေတောင် သူ့ကို မလွန်ဆန်ရဲကြဘူး။ ဒါကြောင့် မင်း သတိထားတာ ကောင်းမယ်”

မိစ္ဆာလေရူးက ထပ်မံ သတိပေးလိုက်၏။

“ဟုတ်... ဟုတ်ကဲ့ပါ ခင်ဗျာ”

လိန်ဟွန်းက ထိတ်လန့်တကြား အထပ်ထပ် ခေါင်းညိတ်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် အကြောက်တရားများ အထင်းသား ပေါ်လွင်နေသည်။

ယင်ယန် မိသားစု၏ ဆက်ခံသူကို အသာထား... ယခုအခါ လင်ရှောင်ရှောင် ကိုယ်တိုင်သည်ပင် လိန်ဟွန်း လုံးဝ မစော်ကားရဲတော့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ရှေးဟောင်း ရာ့ရှား မျိုးနွယ်စု၏ စွမ်းအားက အလွန်တရာ ကြောက်စရာကောင်းလှ၏။ နတ်ဘုရား ဘုရင် နန်းတော်ကို ခြေမှုန်းရန်ဆိုသည်မှာ သူတို့အတွက် လက်တစ်ဖက် လှန်လိုက်သကဲ့သို့ လွယ်ကူနေ၏။ အစွမ်းထက် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်လောက် လွှတ်လိုက်ရုံဖြင့်ပင် နတ်ဘုရား ဘုရင် နန်းတော် တစ်ခုလုံးကို ညတွင်းချင်း အမြစ်ပြတ် သုတ်သင်ပစ်နိုင်စွမ်း ရှိ၏။

ယင်ယန် မိသားစု၏ ဆက်ခံသူသည် မည်မျှ ကြောက်စရာကောင်းကြောင်းကို ယခု သိလိုက်ရပြီ ဖြစ်ရာ လိန်ဟွန်းအနေဖြင့် သတ္တိ အဆတစ်သောင်း ရှိနေပါစေဦး လင်ရှောင်ရှောင်ကို စော်ကားရဲတော့မည် မဟုတ်ချေ။ အန္တရာယ် ပေးရန်ဆိုလျှင်ကား ပြောစရာပင် မလိုတော့ပေ။

အရင်က လင်ရှောင်ရှောင်ကို အထင်သေးခဲ့မိသည်များကို ပြန်တွေးမိတိုင်း လိန်ဟွန်းမှာ သူ၏ ပါးပြင်ကို သူကိုယ်တိုင် ပြန်ရိုက်ထားသကဲ့သို့ ပူထူသွားလေတော့သည်။

မိစ္ဆာတွေ ကိုယ်တိုင်တောင် သတိထားပြီး ဆက်ဆံနေရသူကို လိန်ဟွန်းက အရေးမလုပ်ခဲ့ဘဲ နေခဲ့သည် မဟုတ်ပါလော။

“ဖုန်းဝူချန်ရဲ့ ပါရမီက အရမ်းကို မြင့်မားပြီး အရမ်းကို မြန်မြန်ဆန်ဆန် ကြီးထွားလာနေတယ်။ ငါ့မှာ တခြား အရေးကြီးတဲ့ ကိစ္စတွေ ရှိနေလို့ အဲဒီကောင်လေးကို သွားမရှင်းနိုင်ဘူး။ မင်းတို့ အမြန်ဆုံး လှုပ်ရှားမှ ရမယ်”

မိစ္ဆာလေရူးက ဆက်ပြောလိုက်၏။

“မိစ္ဆာ အရှင်သခင်... မီးတောက်နဂါးကိုရော ဘယ်လိုလုပ်မလဲ။ သူက ဖုန်းဝူချန်နဲ့ တစ်ခုခု ပတ်သက်နေပုံ ရတယ်။ ပြီးတော့ သူက နဂါးမျိုးနွယ်စုကပဲ။ သူ့ရဲ့ ကျင့်ကြံခြင်းကလည်း အရမ်းကို နက်နဲပြီး ခန့်မှန်းရ ခက်တယ်။ သူ့ကို ကျွန်တော်တို့ ရှင်းနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်”

လိန်ယွင်ခုန်းက ကမန်းကတန်း မေးလိုက်၏။ ထျန်းကန်း တပ်မှူးချုပ်တောင် သတိထားရသော ထိုပညာရှင်ကြီးကို မိုထျန်းယန် ကိုယ်တိုင်တောင် အတော်လေး ကြောက်ရွံ့နေခဲ့သည် မဟုတ်ပါလော။

“သူ့ကို ရှင်းမယ် ဟုတ်လား”

မိစ္ဆာလေရူး၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အရိပ်အယောင်တစ်ခု ပေါ်လာပြီး သရော်လိုက်သည်။

“မီးတောက်နဂါးရဲ့ စွမ်းအားက နဂါးမျိုးနွယ်စုရဲ့ အစောင့်အရှောက်တွေထက်တောင် ပိုကြီးမားသေးတယ်။ မင်းတို့က သူ့ကို ရှင်းမယ်လို့တောင် ပြောရဲသေးတာလား။ တတိယအကြီးအကဲတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူးကွ”

“ဗျာ..”

မိစ္ဆာလေရူး၏ စကားကို ကြားလိုက်ရသောအခါ လိန်ယွင်ခုန်းနှင့် အခြားသူများအားလုံး မျက်လုံးပြူးကာ အကြီးအကျယ် တုန်လှုပ်သွားကြလေတော့၏။

All Chapters