← Chapters

အခန်း (၇၁၅-၇၁၇)

Vol. 48 Ch. 715-717

အခန်း (၇၁၅-၇၁၇)

Vol. 48 Ch. 715-717

အခန်း (၇၁၅) - သူတစ်ပါးကို အထင်သေးခြင်း

~မီးတောက်နဂါးသည် နဂါးနတ်ဆိုး နတ်ဘုရား ၏ လက်အောက်မှ အလွန်တရာ ကြမ်းတမ်းသော စစ်သူကြီးတစ်ဦး ဖြစ်၏။ သူ၏ စွမ်းအားမှာ အသည်းထိတ်ဖွယ် ကောင်းလွန်းလှ၏။ မီးတောက်နဂါး၏ စွမ်းအားက လုံကျန့်ထက်ပင် သာလွန်နေသေးရာ သွေးမိစ္ဆာ ကိုယ်တိုင်ပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ချေ။ လိန်ယွင်ခုန်းနှင့် အခြားသူများမှာ တွေးမိလေလေ ပို၍ ထိတ်လန့်လာလေလေ ဖြစ်တော့သည်။ ထိုမျှ ထိတ်လန့်ဖွယ်ကောင်းသော ကျင့်ကြံခြင်း အဆင့်အတန်းမျိုးကို သူတို့ တွေးကြည့်ရန်ပင် မဝံ့ရဲကြပေ။

“မီးတောက်နဂါးမှာ လုပ်စရာ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေတယ်။ ဒါကြောင့် စိတ်အေးအေးထားကြ။ ဖုန်းဝူချန်ကို အရှင်ဖမ်းမိဖို့ မင်းတို့ကို အချိန် တစ်လ ပေးမယ်”

မိစ္ဆာလေရူးက အမိန့်ပေးလိုက်၏။

“နားလည်ပါပြီ၊ ခင်ဗျာ”

လိန်ယွင်ခုန်းနှင့် အခြားသူများက ရိုသေကျိုးနွံစွာ ပြန်လည် ဖြေကြားလိုက်ကြ၏။

“အချိန်သိပ်မရှိဘူး... မြန်မြန် လှုပ်ရှားကြ။ ငါ့မှာ တခြား ဖြေရှင်းစရာ ကိစ္စတွေ အများကြီး ရှိသေးတယ်။ မင်းတို့ကို အချိန်ပြည့် လိုက်ပြီး အကာအကွယ် ပေးမနေနိုင်ဘူး”

မိစ္ဆာလေရူးက ထိုစကားကို နောက်ဆုံး ချန်ထားရစ်ခဲ့ပြီးနောက် အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲကာ လွင့်စင်ပျောက်ကွယ်သွားလေတော့သည်။ မိစ္ဆာလေရူး ပျောက်ကွယ်သွားသည်နှင့်အမျှ ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါများလည်း တစ်ပါတည်း လွင့်စင်သွား၏။

“ဖုန်းဝူချန်ဆီမှာ ရှေးဦး ကမ္ဘာဦး ဝူမီးတောက် ရှိနေတယ်။ သူ့ကို ရင်ဆိုင်ဖို့ သိပ်လွယ်မှာ မဟုတ်ဘူး”

လိန်ဟွန်းက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။ သူ အရှက်တကွဲ ထွက်ပြေးခဲ့ရသည့် အဖြစ်ကို ပြန်တွေးမိတိုင်း ရင်ထဲတွင် ဒေါသနှင့် အရှက်ရမှုတို့က ဒီရေအလား တရိပ်ရိပ် တက်လာပြီး ဤအခြေအနေကို လုံးဝ လက်မခံချင်အောင် ဖြစ်နေရ၏။

“ယန်ယင်း... မင်း ဘယ်လို နည်းလမ်းပဲ သုံးသုံး ငါ ဂရုမစိုက်ဘူး။ ဖုန်းဝူချန်ကို ငါ့ရှေ့ အမြန်ဆုံး ရောက်အောင်သာ ဖမ်းခေါ်လာခဲ့စမ်း”

လိန်ယွင်ခုန်းက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ နန်းတော်သခင်”

ယန်ယင်းက အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ရိုသေစွာဖြင့် အမိန့်နာခံလိုက်၏။

နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို တည်ထောင်ပြီးနောက် ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများသည် ရှေးဦး ကမ္ဘာဦး စွမ်းအားကို ရှာဖွေရန် ခရီးစဉ်ကို နောက်တစ်ကြိမ် ပြန်လည် စတင်ခဲ့ကြပြန်သည်။ သူတို့၏ ခရီးပန်းတိုင်ကား ဝူကျိနယ်မြေအတွင်းရှိ ခွန်လွန်တောင်ကြားပင် ဖြစ်၏။

ဝူမီးတောက်ကို သူနှင့် မပေါင်းစပ်မီက ခွန်လွန်တောင်ကြားတွင် ရှေးဦး ကမ္ဘာဦး စွမ်းအား တစ်ခု ရှိနေကြောင်း ဝူမီးတောက်ထံမှ ဖုန်းဝူချန် သိရှိခဲ့ရသည်။ အမှန်တကယ် ဟုတ်မဟုတ် မသေချာသော်ငြား ခွန်လွန်တောင်ကြားသည် ပျက်စီးယိုယွင်းနေသည်မှာ ကြာပြီဖြစ်ကြောင်း သိထားလျက်နှင့်ပင် ဖုန်းဝူချန်က သွားရောက် စုံစမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

ဝူမီးတောက် ပြောသည့် စကားများ မှန်မမှန် မည်သူမျှ အတိအကျ မပြောနိုင်ပေ။ သို့သော် သဲလွန်စ တစ်ခု ရထားပြီဖြစ်ရာ ထိုအရာ ရှိနေမည်ဟုသာ သူ ယုံကြည်ရန် ရွေးချယ်လိုက်သည်။

“ဝှစ်... ဝှစ်... ဝှစ်...”

ဖုန်းဝူချန်၊ လျိုချင်းယန်၊ မြောင်ချင်းချင်း၊ ယီထျန်းချင်း၊ ပေတိုယန်၊ ယဲ့ထျန်းဝေ၊ နန်းကုန်းကျန့်၊ ကျန်းကျွင့်လန်၊ တုန်ကျန့်ထျန်းနှင့် လေ့ထျန်းကျွယ် အပါအဝင် ပါရမီရှင် ဆယ်ယောက်တို့သည် ဝူကျိနယ်မြေ၏ နယ်စပ်သို့ လျှပ်တစ်ပြက် ရောက်ရှိလာကြတော့၏။

“ဒီ ဝူကျိနယ်မြေ ခရီးစဉ်မှာ ထျန်းကျီဘုံကို ချောချောမွေ့မွေ့ တက်လှမ်းနိုင်ဖို့ မျှော်လင့်ရတာပဲ”

ယဲ့ထျန်းဝေက မျှော်လင့်ချက် ကြီးစွာဖြင့် ရေရွတ်လိုက်သည်။ သူသည် ကောင်းကင်ဘုံလူသား အဆင့် (၉) ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ထျန်းကျီဘုံ၏ အတားအဆီးကို လုံးဝ မဖြတ်ကျော်နိုင်သေးပေ။

“ငါတို့လည်း အမြန်ဆုံး ကြိုးစားပြီး ထျန်းကျီဘုံကို ရောက်အောင် တက်ရမယ်”

လျိုချင်းယန်ကလည်း ပျော်ရွှင်စွာ ပြုံးရင်း ပြောလိုက်၏။

“လိုအပ်တဲ့ ဆေးမြစ်တွေသာ ရှာတွေ့ရင် မင်း ထျန်းကျီဘုံကို တက်လှမ်းနိုင်ဖို့ အဆင့် (၇) ဆေးလုံး တစ်လုံး ငါ ဖော်စပ်ပေးမယ်လေ”

ဖုန်းဝူချန်က ယဲ့ထျန်းဝေကို တစ်ချက် ကြည့်ကာ ခပ်ဟဟ ပြုံးရင်း ပြောလိုက်ခြင်းပါ။

“အဆင့် (၇) ဆေးလုံး... နန်းတော်သခင်က အဆင့် (၇) ဆေးပညာရှင် ဖြစ်သွားပြီလား”

ယဲ့ထျန်းဝေ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး ဖုန်းဝူချန်ကို မျက်လုံးပြူးကာ ထိတ်လန့်တကြား မေးလိုက်၏။

“အဆင့် (၇) ဆေးပညာရှင်”

ကျန်းကျွင့်လန်နှင့် အခြားသူများလည်း အလွန်တရာ အံ့အားသင့်သွားကြပြီး အားလုံး၏ မျက်နှာပေါ်တွင် မှင်သက်နေသော အရိပ်အယောင်များ ထင်ဟပ်လာကြတော့သည်။

“ဆရာ... ဆရာ့ရဲ့ လက်နက်သွန်းလုပ်တဲ့ ပညာကရော အဆင့် (၇) ကို ရောက်သွားပြီလား”

ကျန်းကျွင့်လန်က အပူတပြင်း လှမ်းမေးလိုက်၏။

“ရောက်လုနီးပါးပါပဲ... ဒါပေမဲ့ ထျန်းကျီဘုံကို တက်လှမ်းဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ခြေတစ်လှမ်း မှားတာနဲ့ အသက်ပါ သွားနိုင်တယ်။ ဒါကြောင့် သေချာ ပြင်ဆင်ထားမှ ရမယ်။ လိုအပ်တဲ့ ဆေးမြစ်တွေကို ဝူကျိနယ်မြေထဲမှာ ငါတို့ ရှာတွေ့လောက်ပါတယ်”

ဖုန်းဝူချန်က လေးနက်စွာ ပြန်ဖြေလိုက်သည်။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီက ကျန်းကျွင့်လန်တို့ကို အားကျစေသလို အံ့အားလည်း သင့်စေသည်။ ဖုန်းဝူချန်ကို မိစ္ဆာတစ်ကောင်ဟု ခေါ်လျှင်ပင် လုံလောက်မည် မထင်တော့ချေ။

အချိန်အနည်းငယ် အကြာတွင် ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများသည် ဝူကျိနယ်မြေ အတွင်းရှိ ရွှမ်မုမြို့သို့ ရောက်ရှိလာကြ၏။ ဖုန်းဝူချန်သည် ရွှမ်မုမြို့တွင် ခွန်လွန်တောင်ကြား အကြောင်း သတင်းစုံစမ်းရန် ရည်ရွယ်ထား၏။

နဂါးနတ်ဆိုး နတ်ဘုရား ၏ မှတ်ဉာဏ်များထဲတွင် ခွန်လွန်တောင်ကြား အကြောင်းကို အပေါ်ယံမျှသာ သိရှိထားသဖြင့် ဖုန်းဝူချန် ကိုယ်တိုင်လည်း ထိုနေရာနှင့် မရင်းနှီးသလို တစ်ခါမှလည်း မရောက်ဖူးခဲ့ချေ။

ဖုန်းဝူချန်တို့ အဖွဲ့သည် စားသောက်ဆိုင် တစ်ဆိုင်သို့ အရင်ဝင်ကာ ဝမ်းရေး ဖြေရှင်းလိုက်ကြသည်။ ထို့နောက် ရွှမ်မုမြို့ရှိ လက်ဖက်ရည်ဆိုင်ကြီး တစ်ဆိုင်ဆီသို့ ဦးတည်သွားကြလေတော့သည်။

လက်ဖက်ရည်ဆိုင်ကြီးများတွင် စိတ်အပန်းဖြေ အနားယူနေကြသော သက်ကြီးရွယ်အိုများစွာ ရှိတတ်ပေရာ ခွန်လွန်တောင်ကြား အကြောင်း စုံစမ်းရန်အတွက် ဤနေရာက အကောင်းဆုံးပင် ဖြစ်၏။

လူကြီးသူမများသည် လူငယ်များထက် အမြဲတမ်း ပိုသိတတ်ကြသည် မဟုတ်ပါလော။

“နန်းတော်သခင်... အဆင့် (၅) ဆေးပညာရှင် တစ်ယောက် ဆေးဖော်နေတယ်”

ယဲ့ထျန်းဝေက ရုတ်တရက် ပြောလိုက်သည်။

လက်ဖက်ရည်ဆိုင်ကြီး၏ အပေါက်ဝသို့ ရောက်သည်နှင့် အစွမ်းထက်သော ဝိညာဉ်စွမ်းအား တစ်ခုကို သူတို့ အာရုံခံမိလိုက်ကြခြင်း ဖြစ်၏။

“လက်ဖက်ရည်ဆိုင်ထဲမှာ ဆေးဖော်နေတာလား”

မြောင်ချင်းချင်းနှင့် အခြားသူများမှာ ကြောင်အမ်းသွားကြသည်။ ဤကဲ့သို့ ဆန်းကြယ်သော ကိစ္စမျိုးကို သူတို့ဘဝတွင် ပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်သည်။

လက်ဖက်ရည်ဆိုင်ကြီးများ ဆိုသည်မှာ လူကြီးသူမများ စုဝေးကာ စကားစမြည် ပြောဆိုရင်း လက်ဖက်ရည် သောက်သုံးကြသော နေရာမျိုး မဟုတ်ပါလော။ ထို့ပြင် အပြင်ဘက် လမ်းမကြီးပေါ်တွင်လည်း ဆူညံပွက်လောရိုက်နေရာ ဤကဲ့သို့ နေရာမျိုးတွင် ဆေးဖော်စပ်ခြင်းက အချည်းနှီး အလုပ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

“အပေါ်ထပ် တက်ပြီး သွားကြည့်ရအောင်”

ဖုန်းဝူချန်က ခပ်အေးအေးပင် ပြောလိုက်ပြီး လက်ဖက်ရည်ဆိုင်ကြီး အတွင်းသို့ ဦးဆောင် ဝင်ရောက်သွား၏။ လက်ဖက်ရည်ဆိုင်ကြီးသည် သုံးထပ်သာ မြင့်ပြီး လက်ဖက်ရည် သောက်သုံးနေကြသော လူကြီးသူမများမှာ တတိယအထပ်တွင် ရှိနေကြသည်။

ဆိုင်အတွင်းတွင် လူအများအပြား ရှိနေပြီး ဒါဇင်နှင့်ချီသော လူများဖြင့် ပြည့်ကျပ်နေ၏။

“မင်းတို့ လက်ဖက်ရည်ဆိုင်ထဲ ဝင်ခွင့်မရှိဘူး”

သို့သော် ဖုန်းဝူချန်တို့ အဖွဲ့ လက်ဖက်ရည်ဆိုင် အတွင်းသို့ ဝင်ရန် ပြင်လိုက်ချိန်တွင် အစောင့်နှစ်ယောက်က သူတို့ကို ရုတ်တရက် တားဆီးလိုက်၏။

“ဘာဖြစ်လို့လဲ”

ဖုန်းဝူချန်က အတော်လေး အံ့အားသင့်စွာဖြင့် စပ်စုလိုက်သည်။

“ငါတို့က လက်ဖက်ရည်ဆိုင်ထဲတောင် ဝင်ခွင့်မရှိဘူးလား။ အဆင့်အတန်း ရှိတဲ့သူတွေမှ ဝင်ခွင့်ပြုတာမျိုးလား”

ပေတိုယန်က နားမလည်နိုင်စွာ မေးလိုက်၏။

“မင်းပြောတာ မှန်တယ်။ အဆင့်အတန်း မရှိရင် ဒီလက်ဖက်ရည်ဆိုင်ထဲကို ဝင်ခွင့်မရှိဘူး”

လူငယ်တစ်ယောက်က ရိုင်းပျစွာ ပြန်ဖြေလိုက်သည်။ သူ၏ အကြည့်များက ဖုန်းဝူချန်နှင့် အဖွဲ့ကို အထင်သေးစွာဖြင့် ဖြတ်ပြေးသွား၏။

“မင်းတို့လို ကောင်လေးတွေက လက်ဖက်ရည်ဆိုင် အပေါ်ထပ်ကို ဘာတက်လုပ်မလို့လဲ။ ကိုယ့်အဆင့်အတန်း ကိုယ်တောင် မသိဘူးလား... အခုချက်ချင်း လစ်စမ်း”

နောက်ထပ် အစောင့်တစ်ယောက်က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

“ခင်ဗျားတို့က ဘယ်လို စကားမျိုး ပြောနေတာလဲ”

လျိုချင်းယန်က အမျက်တကြီး ပြန်အော်လိုက်သည်။ သူက အစောင့်နှစ်ယောက်ကို စူးစူးဝါးဝါး စိုက်ကြည့်နေပြီး ပါးဖြတ်ရိုက်ပစ်ချင်စိတ်များပင် ပေါက်လာတော့၏။

“လူတွေကို ခွေးလို အထင်သေးနေတာပဲ”

လေ့ထျန်းကျွယ်က မထီမဲ့မြင် သရော်လိုက်၏။

“ဟေ့ကောင်... မင်းက မကျေနပ်ဘူးလား။ သတ္တိရှိရင် ဝင်ချကြည့်လိုက်စမ်း”

အစောင့် တစ်ယောက်က မောက်မာစွာ ပြောလိုက်သည်။ လျိုချင်းယန်သာ ရမ်းသမ်းလှုပ်ရှားလိုက်ပါက ခြေလက်များ ကျိုးသွားအောင် ရိုက်နှက်ပစ်တော့မည့် ဟန်ပန်မျိုး ဖမ်းထား၏။

“မင်းတို့ကို ခွေးထက်တောင် အောက်တန်းကျတယ်လို့ မြင်တော့ ဘာဖြစ်လဲ”

နောက်ထပ် အစောင့် တစ်ယောက်ကလည်း အလွန်အမင်း ရိုင်းစိုင်း မောက်မာနေလေသည်။

“ခွေးမသားတွေ”

လျိုချင်းယန် ဒေါသပေါက်ကွဲသွားတော့သည်။ ဤမျှ ပေါ်တင် မောက်မာလွန်းသော လူမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

“အစ်ကိုလျို... ထားလိုက်ပါ။ သူတို့နဲ့ အဆင့်တူ သွားမလုပ်ပါနဲ့”

မြောင်ချင်းချင်းက ကမန်းကတန်း ဝင်တားလိုက်၏။

“မင်းတို့ အခုချက်ချင်း ထွက်သွားတာ ကောင်းမယ်။ ဆရာကြီးလီ ဆေးဖော်နေတာကို အနှောင့်အယှက် မပေးနဲ့။ တကယ်လို့ ဆရာကြီးလီကို သွားစော်ကားမိရင် မင်းတို့ရဲ့ အသက်လေးတွေ အလွတ်ရမှာ မဟုတ်ဘူးကွ”

အစောင့်တစ်ယောက်က အေးစက်ပြီး ကြမ်းတမ်းသော လေသံဖြင့် သတိပေးလိုက်သည်။

“ဒီလို နေရာမျိုးမှာ ဆေးဖော်နေတာ အောင်မြင်သွားရင် ငါ တကယ် အံ့သြမိမှာပဲ။ ဆရာကြီးလီတဲ့... ဟုတ်လား”

ယဲ့ထျန်းဝေက အထင်သေးစွာ သရော်လိုက်၏။

“ခွေးကောင်လေး... မင်း ဘာပြောလိုက်တယ်။ မင်းက ဆရာကြီးလီရဲ့ ဆေးပညာကို သံသယ ဝင်နေတာလား”

ယဲ့ထျန်းဝေ၏ သရော်သံကို ကြားလိုက်ရသောအခါ အစောင့်တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ မျက်နှာမှာ ကြမ်းတမ်းစွာ ရှုံ့မဲ့သွား၏။

“သတ္တိကောင်းလှချည်လား... ဆရာကြီးလီကိုတောင် စော်ကားရဲတယ်။ မင်း သေချင်နေတာပဲ”

နောက်ထပ် အစောင့်တစ်ယောက်က အမျက်တကြီး အော်ဟစ်လိုက်ပြီး ရှေ့သို့ ရမ်းကားစွာ ပြေးထွက်လာလေတော့သည်။

အစောင့်နှစ်ယောက်သည် သူတို့ကို ခွေးများကဲ့သို့ အထင်သေးရုံသာမက စကားများရာမှ လက်ပါလာသည်အထိ ရိုင်းစိုင်းကြ၏။ ဆရာကြီးလီကို မျက်နှာလိုမျက်နှာရ လုပ်ချင်လွန်းသဖြင့် အောက်တန်းကျမှု၏ အထွတ်အထိပ်သို့ ရောက်နေကြတော့သည်။

“ဒုန်း...”

“ဖူး...”

သို့သော် အစောင့်တစ်ယောက် ဖုန်းဝူချန်၏ ဘေးမှ ဖြတ်သွားသည့် အခိုက်အတန့်မှာပင် ရုတ်တရက် တုံးတိတိ အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအစောင့်မှာ သွေးများ ပန်းထုတ်ကာ နောက်သို့ လွင့်စင်သွားလေတော့သည်။ အစောင့်မှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ပွဲချင်းပြီး သတိလစ်သွား၏။

“ခွေးကောင်လေး... မင်းက လက်ဖက်ရည်ဆိုင်ထဲမှာတောင် ရမ်းကားရဲတယ်ပေါ့လေ။ မင်းက ဆရာကြီးလီကို လုံးဝ အလေးမထားတာပဲ။ ဒါက ဆရာကြီးလီကို စော်ကားလိုက်တာကွ”

ကျန်ရှိနေသော အစောင့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

လမ်းမကြီးပေါ်ရှိ လူအုပ်ကြီးမှာ အသံကြားရာသို့ စုရုံးလာကြပြီး ပွဲကြည့်ရန် ရောက်လာကြတော့၏။

“ဘာတွေ ဆူညံနေတာလဲ။ ငါ့ဆရာ ဆေးဖော်နေတယ် ဆိုတာ မသိဘူးလား”

လူအုပ်ထဲမှ လူငယ်တစ်ယောက် ထွက်လာပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုလည်း လွှမ်းခြုံလာ၏။

ထိုလူငယ်၏ မျက်နှာထားက အလွန်တရာ အကျည်းတန်နေပြီး သူ၏ နောက်တွင် အစောင့် တစ်ဒါဇင်ခန့် ပါလာသည်။

“သခင်လေးကုန်း... သူတို့က လက်ဖက်ရည်ဆိုင်ထဲမှာ ရမ်းကားနေတာပါ။ ပြီးတော့ လက်ဖက်ရည်ဆိုင်ထဲကို အတင်း ဝင်ဖို့တောင် လုပ်နေကြတယ်”

အစောင့်က ဖုန်းဝူချန်နှင့် အဖွဲ့ကို လက်ညိုးထိုးကာ ဒေါသတကြီး တိုင်တောလိုက်လေတော့၏။

အခန်း (၇၁၆) - လျိုချင်းယန် စွမ်းရည်ပြခြင်း

~“ရမ်းကားနေတာလား... သေချင်နေကြပြီလား”

“သူတို့က လက်ဖက်ရည်ဆိုင်ထဲကို အတင်းဝင်ရဲတယ်ပေါ့... ဒါ ဆရာကြီးလီရဲ့ လက်ဖက်ရည်ဆိုင်နော်”

“ဒီလူတွေက ဘယ်သူတွေလဲ... ဆရာကြီးလီရဲ့ အစောင့်ကိုတောင် ထိခိုက်အောင် လုပ်ရဲတယ်... တော်တော် ရိုင်းစိုင်းတဲ့ ကောင်တွေပဲ”

အစောင့်၏ ဒေါသတကြီး ကြိမ်းမောင်းသံကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားတော့၏။ ရွှမ်မုမြို့တွင် ဤလက်ဖက်ရည်ဆိုင်သည် ဆရာကြီးလီ၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း မည်သူက မသိဘဲ နေမည်နည်း။ မည်သူကများ ဤနေရာတွင် ပြဿနာ လာရှာရဲမည်နည်း။

ဆရာကြီးလီသည် အဆင့် (၅) ဆေးပညာရှင် တစ်ဦး ဖြစ်၏။ ရွှမ်မုမြို့တွင် အလွန်တရာ မြင့်မားသော ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ပိုင်ဆိုင်ထားပြီး အင်အားကြီး မိသားစုများကပင် သူ့ကို အလွန် လေးစားကြရ၏။

ရွှမ်မုမြို့၌ ဆရာကြီးလီသည် ဧကရာဇ်တစ်ပါးအလား လွှမ်းမိုးနိုင်စွမ်း ရှိပြီး လူတိုင်းက ဦးညွတ်ရိုသေရသူ ဖြစ်သည်။ ဤလက်ဖက်ရည်ဆိုင်သို့ အဆင့်အတန်း ရှိသူများသာ ဝင်ခွင့်ရှိပြီး သာမန်လူများ လုံးဝ ဝင်ရောက်နိုင်ခြင်း မရှိပေ။ သို့တိုင်အောင် ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီး၏ နေရာတွင် လာရောက် ရမ်းကားရဲရုံသာမက သူ၏ အစောင့်ကိုပါ ထိခိုက်အောင် လုပ်ရဲသူ ပေါ်လာခဲ့ပြီ ဖြစ်၏။

သခင်လေးကုန်း၏ ရေခဲတမျှ အေးစက်သော အကြည့်များက ဖုန်းဝူချန်နှင့် အဖွဲ့ကို ဖြတ်ပြေးသွား၏။ သူ၏ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီးနောက် ကြမ်းတမ်းစွာ ကြိမ်းမောင်းလိုက်၏။

“မင်းတို့က တော်တော် သတ္တိကောင်းနေပါလား... ငါ့ဆရာရဲ့ လက်ဖက်ရည်ဆိုင်မှာ လာရမ်းကားရဲတယ်ပေါ့... မင်းတို့က အသက်ရှင်ရတာ ငြီးငွေ့နေပြီလားကွ”

ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် ပွဲကြည့်နေသူများ အားလုံး အကြောက်တရားဖြင့် နောက်သို့ ဆုတ်သွားကြ၏။ သူတို့၏ သနားကြင်နာသော အကြည့်များက ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများထံသို့ ရောက်ရှိသွားကြတော့သည်။

“သခင်လေးကုန်းက ရွှမ်မုမြို့ရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ... ကောင်းကင်ဘုံလူသား အဆင့် (၄) ကို ရောက်နေသလို အဆင့် (၃) ဆေးပညာရှင်လည်း ဖြစ်သေးတယ်။ ဟို လူငယ်လေးတွေတော့ အသက်ရှင်ဖို့ မလွယ်လောက်တော့ဘူး”

လူတစ်ယောက်က ခေါင်းယမ်းရင်း ရေရွတ်လိုက်၏။

“သခင်လေးကုန်းကို ဝူကျိနယ်မြေ တစ်ခုလုံးမှာတောင် ပါရမီရှင်အဖြစ် သတ်မှတ်ထားကြတာ။ သူက တခြား လူငယ်တွေထက် အသက်နည်းနည်း ပိုကြီးပေမယ့် သူ့ရဲ့ စွမ်းအားကတော့ တကယ်ကို ကြောက်စရာကောင်းတယ်။ အရင်က ကောင်းကင်ဘုံလူသား အဆင့် (၃) က ပါရမီရှင် နှစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ပြီး အနိုင်ယူခဲ့ဖူးတယ်။ အဲဒီကတည်းက နာမည်ကြီးသွားတာပဲ... တကယ်ကို အားကျစရာ ကောင်းတယ်”

အခြား လူတစ်ယောက်ကလည်း အားကျသော မျက်ဝန်းများဖြင့် ထပ်လောင်း ပြောဆိုလိုက်၏။

“လူငယ်တွေက သွေးပူလွန်းတယ်... အခုတော့ နောင်တရလည်း နောက်ကျသွားပြီ”

ထိတ်လန့်နေသော လူအုပ်ကြီးမှာ ခေါင်းတယမ်းယမ်းဖြင့် ဖုန်းဝူချန်နှင့် အဖွဲ့ကို ကြည့်ကာ သနားနေကြ၏။

သို့သော် ဖုန်းဝူချန်နှင့် အဖွဲ့၏ မျက်နှာအမူအရာများ အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိသည်ကို လူအုပ်ကြီး သတိမထားမိခဲ့ကြချေ။ သခင်လေးကုန်းသည် ဖုန်းဝူချန်တို့ထက် အသက် အနည်းငယ် ပိုကြီးသော်လည်း သူ၏ ကျင့်ကြံခြင်းက ကောင်းကင်ဘုံလူသား အဆင့် (၄) တွင်သာ ရှိနေသေး၏။ ဤအချက်ကပင် သူ၏ ပါရမီသည် သာမန်မျှသာ ဖြစ်ကြောင်း ဖော်ပြနေ၏။

“သခင်လေးကုန်း... သူတို့က ဆေးပညာရှင်တွေကို လုံးဝ အလေးမထားဘူး။ ဆရာကြီးလီကိုတောင် စော်ကားသွားသေးတယ်။ သူတို့ကို မြန်မြန် သတ်ပစ်လိုက်ပါ”

အစောင့်က ဖုန်းဝူချန်တို့ကို သရော်ပြုံးဖြင့် စိုက်ကြည့်ကာ အော်ဟစ်လိုက်၏။

“မောက်မာလိုက်တာ”

ဖုန်းဝူချန်တို့ အဖွဲ့က ဘာမှ ပြန်မပြောဘဲ နှုတ်ဆိတ်နေသည်ကို မြင်လိုက်ရပြီးနောက် အစောင့်၏ မြှောက်ပင့်ပေးမှုကြောင့် သခင်လေးကုန်း၏ မျက်နှာထား အလွန်တရာ အကျည်းတန်သွား၏။ ချက်ချင်းပင် ကြောက်မက်ဖွယ် လူသတ်ချင်စိတ်များ ပေါက်ကွဲထွက်လာတော့၏။

“အစ်ကိုကြီးဖုန်း... ကြည့်ရတာ ကျွန်တော်တို့ အထဲဝင်လို့ ရမှာမဟုတ်ဘူး။ ဒါကြောင့် သူတို့ကို အပြင်ထွက်လာအောင်ပဲ လုပ်ရတော့မယ်”

လျိုချင်းယန်က အေးစက်စွာ ရယ်ရမ်းသွေးလိုက်ပြီး ရှေ့သို့ တစ်လှမ်း တက်လိုက်၏။

“ဝုန်း...”

“ဝီ... ဝီ...”

သခင်လေးကုန်းက မြေပြင်ကို ရုတ်တရက် အပြင်းအထန် နင်းချလိုက်ရာ နားကွဲမတတ် ပေါက်ကွဲသံ ထွက်ပေါ်လာ၏။ ပြင်းထန်သော စွမ်းအားများကြောင့် လမ်းမကြီး တစ်ခုလုံး တုန်ခါကာ အက်ကွဲသွားပြီး သူ၏ ပုံရိပ်သည် အနက်ရောင် မျဉ်းတန်းတစ်ခုအလား လျိုချင်းယန်ထံသို့ လျှပ်တစ်ပြက် ပြေးဝင်သွားလေတော့သည်။

လျိုချင်းယန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အနည်းငယ်မျှ နောက်မဆုတ်တမ်း ပြန်လည် ရင်ဆိုင်ရန် ပြေးထွက်သွား၏။

“ဝုန်း...”

“ဖူး...”

“ဒက်...”

မျက်စိတစ်မှိတ်အတွင်း လျိုချင်းယန် ရောက်ရှိလာပြီး ရက်စက်ကြမ်းကြုတ်သော လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။ ပေါက်ကွဲသံနှင့်အတူ လှိုင်းလုံးကြီးများအလား ပြင်းထန်သော စွမ်းအင်များက အရပ်လေးမျက်နှာသို့ ရိုက်ခတ်သွား၏။ သခင်လေးကုန်းမှာ ချက်ချင်း သွေးများ ပန်းထုတ်လိုက်ရပြီး အရိုးများ ကျိုးကြေသွားသံကိုပါ ရှင်းလင်းစွာ ကြားလိုက်ရတော့သည်။

ထိုအခိုက်အတန့်၌ သခင်လေးကုန်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် မှင်သက်မှုများ အပြည့် ဖုံးလွှမ်းသွားသည်။ ပတ်ဝန်းကျင် လမ်းမကြီး တစ်ခုလုံးလည်း တိတ်ဆိတ် ငြိမ်သက်သွား၏။ ပွဲကြည့်နေသူများ၏ မျက်နှာများထက်တွင် အကြောက်တရား၊ ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုတို့က တဖြည်းဖြည်းချင်း နေရာယူလာကြတော့သည်။

“အား...”

အရိုးများ ကျိုးကြေသွားသည့် နာကျင်မှုကြောင့် အယုံအကြည်မဲ့နေသော သခင်လေးကုန်းမှာ ဝက်ကို လည်ပင်းလှီးခံရသည့်အလား စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

“မင်းရဲ့ အစွမ်းအစက ဒီလောက်လေးပဲလား”

လျိုချင်းယန်က အတော်လေး စိတ်ပျက်သွားသည့်ဟန်ဖြင့် အေးစက်စွာ မေးလိုက်၏။

ထိုစူးဝါးသော အော်သံက တိတ်ဆိတ်မှုကို မျက်တောင်တစ်ခတ်အတွင်း ရိုက်ချိုးပစ်လိုက်၏။

“ရှီး... ရှီး...”

လမ်းမကြီးပေါ်ရှိ လူများအားလုံး ထိတ်လန့်တကြား အေးစက်သော လေကို ရှိုက်သွင်းလိုက်မိကြတော့၏။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သခင်လေးကုန်းလေ...”

“ဟိုလူက လက်သီးတစ်ချက်တည်းနဲ့ သခင်လေးကုန်းကို သွေးအန်သွားအောင် လုပ်နိုင်ရုံတင် မကဘူး... လက်မောင်းကိုပါ ချိုးပစ်လိုက်တာပဲ။ သူ့မှာ ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိနေရတာလဲ”

“တစ်ချက်... လက်သီးတစ်ချက်တည်းပဲ။ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ... အရမ်း အစွမ်းထက်လွန်းတယ်”

“ကောင်းကင်ဘုံလူသား အဆင့် (၅) တဲ့လား... အဲဒီ ကောင်လေးကမှ တကယ့် ပါရမီရှင် အစစ်ပဲ”

တိတ်ဆိတ်နေသော လမ်းမကြီးသည် နောက်တစ်စက္ကန့်တွင် အုတ်အော်သောင်းနင်း ဖြစ်သွားပြီး ထိတ်လန့်တကြား အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာလေတော့သည်။ သခင်လေးကုန်း၏ စွမ်းအားကို ရွှမ်မုမြို့ရှိ လူတိုင်းက အသေအချာ သိထားကြပြီး တကယ်ကို အစွမ်းထက်သည် မဟုတ်ပါလော။ သို့သော် ယခု လျိုချင်းယန်၏ ရှေ့တွင်တော့ လက်သီးတစ်ချက်တည်းဖြင့် အလဲထိုးခံလိုက်ရသည့်အပြင် လက်မောင်းပင် ကျိုးသွားခဲ့ရပြီ ဖြစ်သည်။ သခင်လေးကုန်းက ဘယ်အချိန်ကတည်းက ဤမျှ အားနည်းသွားရသနည်း။

ပွဲကြည့်နေသူ လူအုပ်ကြီးမှာ အလွန်တရာ အံ့အားသင့်သွားကြပြီး ဤကဲ့သို့သော ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ကြချေ။

“မင်းက တကယ်ကြီး ကောင်းကင်ဘုံလူသား အဆင့် (၅) ကို ရောက်နေတာပဲ”

သခင်လေးကုန်းက လျိုချင်းယန်ကို အလွန်အမင်း ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေ၏။ အရိုးများ ကျိုးကြေသွားသည့် ပြင်းထန်သော နာကျင်မှုကိုပင် မေ့လျော့သွားသည့်အလား သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ အပြည့် ဖုံးလွှမ်းနေ၏။

“ဘာလဲ... ပြဿနာ ရှိလို့လား”

လျိုချင်းယန်က အေးစက်စွာ သရော်ရင်း မေးလိုက်၏။ ဖုန်းဝူချန်တို့ အဖွဲ့ထဲတွင် ထျန်းကျီဘုံသို့ တက်လှမ်းသွားပြီဖြစ်သော ဖုန်းဝူချန်မှလွဲ၍ ကျန်လူများ၏ ကျင့်ကြံခြင်း အဆင့်များမှာ သခင်လေးကုန်းထက် သာလွန်နေကြသည် မဟုတ်ပါလော။

“သတ္တိကောင်းလှချည်လား... ငါ့ရဲ့ လက်ဖက်ရည်ဆိုင်မှာ လာရမ်းကားရဲရုံတင် မကဘူး... ငါ့တပည့်ရဲ့ လက်ကိုပါ ချိုးပစ်လိုက်တယ်ပေါ့။ တော်တော် မောက်မာတဲ့ ကောင်တွေပဲ”

ထိုစဉ် လက်ဖက်ရည်ဆိုင်၏ တတိယအထပ်မှ အာဏာပါပြီး ဒေါသထွက်နေသော အဘိုးအို တစ်ယောက်၏ အသံ ထွက်ပေါ်လာ၏။

ကောင်းကင်ဘုံလူသား အဆင့် (၈) ၏ ကြမ်းတမ်းသော အရှိန်အဝါက လက်ဖက်ရည်ဆိုင်ထဲမှ ဖွဲ့တည်လာပြီး မျက်တောင်အနည်းငယ် ခတ်အတွင်းမှာပင် ရွှမ်မုမြို့ တစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။ အာဏာပါသော ဖိနှိပ်မှုကြီးကြောင့် လူတိုင်း အကြောက်တရားဖြင့် တုန်ယင်သွားကြပြီး မျက်နှာများ သွေးဆုတ်ဖြူရော်သွားကြ၏။

“အဆင့် (၈) ဆေးပညာရှင်တွေတောင် ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာ ဆေးဖော်နိုင်တယ်လို့ မပြောရဲကြဘူး။ ခင်ဗျားလို အဆင့် (၅) ဆေးပညာရှင်က လက်ဖက်ရည်ဆိုင်ထဲမှာ ဆေးဖော်နေတယ် ဆိုတော့... တကယ်ကို နားမလည်နိုင်စရာပဲ။ ဒါမှမဟုတ် ခင်ဗျားရဲ့ ဆေးပညာက အဆင့် (၈) ဆေးပညာရှင်ထက် သာလွန်နေတယ်လို့ ခင်ဗျားကိုယ်ခင်ဗျား ထင်နေတာလား”

ဖုန်းဝူချန်က ဖိအားကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ ခပ်အေးအေးပင် ပြောလိုက်သည်။ သူ၏ အကြည့်များက လက်ဖက်ရည်ဆိုင်၏ တတိယအထပ်ဆီသို့ ရောက်ရှိသွား၏။

“အဓိပ္ပာယ် မရှိတာ”

ဖုန်းဝူချန်၏ စကားကြောင့် ဆရာကြီးလီမှာ ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်လေတော့သည်။

ဖုန်းဝူချန်၏ စကားကို ကြားလိုက်ရသောအခါ ပွဲကြည့်နေသော လူအုပ်ကြီးမှာ လုံးဝ ကြောင်အမ်းသွားကြ၏။ ဖုန်းဝူချန်သည် ဆရာကြီးလီကို ဤကဲ့သို့ မေးခွန်းထုတ်ပြီး မလေးမစား လုပ်ရဲသည်တဲ့လား။ သူ တကယ်ပဲ သေချင်နေတာလား။

ရွှမ်မုမြို့၌ ဆရာကြီးလီ၏ မြင့်မြတ်လှသော အဆင့်အတန်းအရ သူ စကားတစ်ခွန်း ပြောလိုက်ရုံဖြင့် မြို့ထဲရှိ လူတိုင်းက သူ၏ အမိန့်ကို အသက်ပေး၍ နာခံကြမည် ဖြစ်၏။ ဆရာကြီးလီသာ ဆန္ဒရှိပါက ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ကို ရွှမ်မုမြို့ရှိ လူတိုင်းက မိနစ်ပိုင်းအတွင်း ဝိုင်းဝန်း သတ်ဖြတ်ပစ်ကြမည်မှာ အသေအချာပင် ဖြစ်သည်။

အဖြူရောင် ဝတ်ရုံနှင့် အဘိုးအို တစ်ယောက် လျှပ်တစ်ပြက် ထွက်ပေါ်လာ၏။ သူကား ဆရာကြီးလီပင် ဖြစ်၏။ ဆရာကြီးလီ၏ အိုမင်းသော မျက်နှာမှာ အလွန်တရာ မှုန်ကုပ်နေပြီး ဖုန်းဝူချန်ကို အရှင်လတ်လတ် ဝါးစားပစ်ချင်နေသည့်အလား စူးစိုက်ကြည့်နေလေတော့သည်။

ဆရာကြီးလီ၏ အကျည်းတန်နေသော မျက်နှာကို ကြည့်ကာ ဖုန်းဝူချန်က ခပ်ဟဟ ပြုံးရင်း ပြောလိုက်၏။

“ဘာလဲ... ကျွန်တော် ပြောတာ တစ်ခုခု မှားသွားလို့လား။ ဆေးပညာရှင် တစ်ယောက်က ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာ ဆေးဖော်စပ်နိုင်တယ် ဆိုတာကို ကျွန်တော် တစ်ခါမှ မကြားဖူးလို့ပါ”

“မင်းက ဆေးပညာရှင် တစ်ယောက်လား”

ဆရာကြီးလီက သူ၏ အိုမင်းသော မျက်လုံးများကို ကျဉ်းမြောင်းကာ မေးလိုက်၏။ ဖုန်းဝူချန်က သူ၏ ဆေးပညာ အဆင့်အတန်းကို ခွဲခြားသိမြင်နိုင်သဖြင့် ဖုန်းဝူချန်ကိုယ်တိုင်လည်း ဆေးပညာရှင် တစ်ယောက် ဖြစ်ရမည်ဟု ယူဆလိုက်ခြင်း ဖြစ်၏။

“ဘာလဲ... ဆရာကြီးလီက ကျွန်တော်နဲ့ ဆေးပညာ ယှဉ်ပြိုင်ချင်လို့လား”

ဖုန်းဝူချန်က ပြုံးရင်း ပြန်မေးလိုက်၏။

“ဟွန့်... ကောင်လေး။ မင်း မရဲမှာကိုပဲ ငါ စိုးရိမ်တယ်”

ဆရာကြီးလီက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏။ သူသည် ဖုန်းဝူချန်၏ ခန္ဓာကိုယ် အတွင်းမှ မည်သည့် ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုကိုမျှ မခံစားရသဖြင့် သူ့ကို အနည်းငယ်မျှပင် အရေးမလုပ်ခဲ့ချေ။

“ဆရာကြီးလီ... တကယ်လို့ ကျွန်တော် နိုင်သွားရင် ခွန်လွန်တောင်ကြား အကြောင်းကို ကျွန်တော့်ကို ပြောပြမလား။ ဘယ်လိုသဘောရလဲ”

ဖုန်းဝူချန်က ပြုံးရင်း မေးလိုက်၏။ ဤသည်က ခွန်လွန်တောင်ကြား အကြောင်းကို အမြန်ဆုံး သိရှိနိုင်ရန် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်တော့သည်။

“ကောင်းပြီလေ။ တကယ်လို့ ငါ နိုင်ရင်တော့ မင်းရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်း အတစ်တစ် ဖြစ်အောင် ဆွဲဖြဲပစ်မယ်ကွ”

ဆရာကြီးလီက ရက်စက်စွာ ကြိမ်းဝါးလိုက်၏။

ဖုန်းဝူချန်က ကြောက်ရွံ့မှု အနည်းငယ်မျှ မပြဘဲ ပခုံးတစ်ချက် တွန့်ကာ ပြုံးရင်း ပြန်ပြောလိုက်၏။

“တကယ်လို့ ခင်ဗျား နိုင်သွားရင်... ကျွန်တော့်ကို ခင်ဗျား သဘောရှိ လုပ်နိုင်ပါတယ်ဗျာ”

အခန်း (၇၁၇) - ဆေးပညာ ယှဉ်ပြိုင်ခြင်း

~“ဒီကောင်လေးက ဆေးပညာရှင်တဲ့လား... ကြည့်ရတာ လုံးဝ မတူပါဘူးကွာ”

“သူက အရမ်းကို မောက်မာလွန်းနေတာ... ဆရာကြီးလီကိုတောင် ဂရုမစိုက်ဘူးဆိုတော့ သူ ဘယ်လို ရှုံးသွားမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”

“ကိုယ့်အဆင့်ကိုယ် မသိတဲ့ကောင်ပဲ... အသက်က နှစ်ဆယ်ကျော်လေးပဲ ရှိသေးတာကို ဆရာကြီးလီကို အနိုင်ယူမယ်ဆိုတာ ကောင်းကင်တက်ရတာထက်တောင် ခက်ဦးမယ်”

ပွဲကြည့်နေသော လူအုပ်ကြီးမှာ အလွန်တရာ ဒေါသထွက်နေကြ၏။ ဖုန်းဝူချန်၏ မောက်မာသော ဟန်ပန်က သူတို့ကို အပြင်းအထန် ဆွပေးလိုက်သလို ဖြစ်သွားသည်။

ဆရာကြီးလီသည် ရွှမ်မုမြို့တွင် အစွမ်းအထက်ဆုံး ဆေးပညာရှင် တစ်ဦးဖြစ်ပြီး အနီးတစ်ဝိုက်ရှိ ဒေသများတွင်လည်း သူ၏ ဆေးပညာ အဆင့်အတန်းက အမြင့်မားဆုံး ဖြစ်၏။ ရွှမ်မုမြို့မှ ကျင့်ကြံသူများသည် ဖုန်းဝူချန်ကဲ့သို့ လူငယ်လေး တစ်ယောက်က ဆရာကြီးလီကို အနိုင်ယူနိုင်လိမ့်မည်ဟု လုံးဝ ယုံကြည်မည် မဟုတ်ချေ။

ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများသည် ရွှမ်မုမြို့မှ မဟုတ်ကြောင်း သိသာထင်ရှားလှ၏။ သူတို့၏ ကျင့်ကြံခြင်း စွမ်းအားများက မနိမ့်ကျသော်ငြား ဆရာကြီးလီက ပို၍ အစွမ်းထက်နေသေးသည်။ ဆရာကြီးလီကို စော်ကားလိုက်ခြင်းက သူတို့အတွက် သေလမ်းကို ရွေးချယ်လိုက်ခြင်းသာ ဖြစ်ပေတော့သည်။

“ဟွန့်... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။ မင်းဆီမှာ ဘယ်လောက်တောင် အရည်အချင်း ရှိလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”

ဆရာကြီးလီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။ ထိုအခိုက်အတန့်၌ လက်ဖက်ရည်ဆိုင်၏ တတိယအထပ်မှ ဆေးဖိုကြီး တစ်လုံး လျှပ်တစ်ပြက် ပျံသန်းထွက်ပေါ်လာ၏။

ထိုအရာသည် အဆင့်မြင့် ဝိညာဉ်လက်နက် ဆေးဖိုကြီး တစ်လုံး ဖြစ်၏။

ဆရာကြီးလီ၏ ဟန်ပန်ကို ကြည့်ခြင်းအားဖြင့် သူသည် ရွှမ်မုမြို့ရှိ လူတိုင်းရှေ့ လမ်းမကြီးပေါ်တွင် ဆေးဖော်စပ်ပြရန် ရည်ရွယ်ထားကြောင်း ရှင်းလင်းစွာ ပေါ်လွင်နေ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လူအုပ်ကြီးမှာ အတိုင်းမသိ စိတ်လှုပ်ရှားသွားကြပြီး ဆေးပညာရှင် အများအပြားလည်း အပြင်းအထန် ရင်ခုန်သွားကြတော့သည်။ ဆရာကြီးလီ ကိုယ်တိုင် ဆေးဖော်စပ်နေသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခွင့် ရခြင်းက သူတို့အတွက် ကြီးမားသော ဂုဏ်ကျက်သရေ တစ်ခုပင် ဖြစ်သည်။

သို့ဖြစ်သော်ငြားလည်း ကျန်းကျွင့်လန်နှင့် အခြားသူများကတော့ အားမလိုအားမရဖြင့် ခေါင်းတယမ်းယမ်း ဖြစ်နေကြ၏။

ဖုန်းဝူချန်၏ ဆေးပညာ စွမ်းရည် မည်မျှ ကြောက်စရာကောင်းကြောင်းကို သူတို့က အခြားသူများထက် ပို၍ အသေအချာ သိထားကြသည် မဟုတ်ပါလော။

မျက်လုံးမှိတ်ထားလျက်နှင့်ပင် အလွယ်တကူ အနိုင်ယူနိုင်သော အဆင့်အတန်းမျိုး ဖြစ်၏။

ဝူကျိနယ်မြေ တစ်ခုလုံးတွင် အစွမ်းအထက်ဆုံး ဆေးပညာရှင်ကြီး ဖြစ်သော ထျန်းရှန်းဇီ ကိုယ်တိုင်ပင် ဖုန်းဝူချန်၏ ရှေ့မှောက်တွင် တပည့်တစ်ယောက်အဖြစ် ခံယူထားရ၏။ ဤ အဆင့် (၅) ဆေးပညာရှင်လောက်နှင့်တော့ ဖုန်းဝူချန်ကို ယှဉ်ပြိုင်ရန် အရည်အချင်း လုံးဝ မပြည့်မီချေ။

“ကောင်လေး... မင်းရဲ့ ဆေးဖိုကရော ဘယ်မှာလဲ”

ဆရာကြီးလီက ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် မေးလိုက်၏။ သူ၏ အစွမ်းထက် ဆေးဖိုကြီးကို ကြွားဝါချင်နေသည့်ဟန် ပေါ်နေ၏။

“ဆေးဖိုဆိုတာ ဆေးဖော်ဖို့အတွက် အကူအညီ ပစ္စည်းတစ်ခု သက်သက်ပါပဲ။ ဆရာကြီးလီ... ခင်ဗျား အရင် စလိုက်ပါ”

ဖုန်းဝူချန်က ခေါင်းကို ခပ်ဖွဖွ ယမ်းရင်း ပြောလိုက်၏။

“အခု ငါ ဟော့ယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံးကို ဖော်စပ်ပြမယ်။ ဒီဆေးလုံးရဲ့ အစွမ်းကိုတော့ အထူးတလည် ရှင်းပြနေစရာ မလိုတော့ဘူး ထင်တယ်။ ထျန်းယွမ်ဘုံမှာ ရှိတဲ့သူတွေအတွက် ကျင့်ကြံခြင်း တစ်ဆင့်လုံးကို တက်လှမ်းနိုင်အောင် ကူညီပေးနိုင်တယ်ကွ”

ဆရာကြီးလီက စကားပြောနေရင်း ဆေးမြစ်များကို ထုတ်ယူလိုက်၏။

“ဟော့ယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံးတဲ့လား”

ပွဲကြည့်နေသော လူအုပ်ကြီးမှာ အံ့သြတကြီး ရေရွတ်လိုက်ကြပြီး ထျန်းယွမ်ဘုံသို့ ရောက်ရှိနေသူများမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြတော့သည်။

“ဝုန်း...”

ဆရာကြီးလီက စစ်မှန်သော မီးတောက်ကို လှုံ့ဆော်လိုက်ပြီး လက်ချောင်းလေး တစ်ချက် ခေါက်ကာ ဆေးဖိုကြီးထဲသို့ ပစ်သွင်းလိုက်၏။

အဆင့် (၅) ဆေးပညာရှင် တစ်ဦး၏ ဝိညာဉ်စွမ်းအားများက ဆေးဖိုကြီးထဲသို့ လှိမ့်ဝင်သွားသည်။ ဆရာကြီးလီ၏ လက်များက လျင်မြန်စွာ လှုပ်ရှားကာ လက်ဟန်များ ဖော်ဆောင်နေပြီး သူ၏ ကျွမ်းကျင်မှုက တကယ့် ဆရာကြီး တစ်ဆူ၏ ဟန်ပန်ကို အပြည့်အဝ ဖော်ပြနေ၏။

ထိုအခိုက်အတန့်၌ ပတ်ဝန်းကျင် တစ်ခွင်လုံး တိတ်ဆိတ် ငြိမ်သက်သွားပြီး လူတိုင်း၏ အကြည့်များက ဆရာကြီးလီထံသို့ စူးစိုက်ရောက်ရှိနေကြသည်။

ဆရာကြီးလီက ဖုန်းဝူချန်ကို မထီမဲ့မြင် တစ်ချက် အကြည့် ပို့လွှတ်လိုက်ပြီး သူ၏ အိုမင်းသော မျက်နှာပေါ်တွင် မောက်မာသော အပြုံးတစ်ခု ထင်ဟပ်လာ၏။

ဆေးမြစ်များကို အစီအစဉ်တကျ ဆေးဖိုကြီးထဲသို့ တစ်ခုပြီးတစ်ခု ထည့်သွင်းလိုက်၏။ ဆရာကြီးလီ၏ လက်များက လက်ဟန်များကို လျင်မြန်စွာ ပုံဖော်လျက် စစ်မှန်သော မီးတောက်ကို ထိန်းချုပ်ကာ ဆေးမြစ်များကို အရည်ကျိုနေ၏။

နာရီဝက်ခန့် ကြာပြီးနောက် ဆေးဖိုကြီး အတွင်းမှ ဆန်းကြယ်သော ရနံ့များနှင့် သန့်စင်လှသည့် ဆေးဝိညာဉ် စွမ်းအင်များ တဖြည်းဖြည်း ပျံ့လွင့်လာတော့၏။

ထိုဝိညာဉ် စွမ်းအင်များကို ရှူရှိုက်မိသည်နှင့် ကျင့်ကြံသူများ အားလုံး လန်းဆန်းတက်ကြွသွားကြပြီး အတိုင်းမသိ ဝမ်းသာပီတိများ လွှမ်းခြုံလာကြ၏။

“ဆရာကြီးလီဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ... ဆေးလုံးရဲ့ ဝိညာဉ်စွမ်းအင်က အရမ်းကို သန့်စင်ပြီး ပြင်းထန်လွန်းတယ်”

“အံ့သြစရာပဲ... တကယ်ကို အံ့မခန်းပဲဗျာ။ မကြာခင် ဟော့ယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံး ထွက်လာတော့မယ်”

အချို့သော ဆေးပညာရှင်များမှာ အဖိုးတန် ရတနာကြီး တစ်ခုကို တွေ့လိုက်ရသည့်အလား မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့် ဖုံးလွှမ်းနေကြသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်မှာ ချောမွေ့စွာ ပြီးဆုံးလုနီးပါး ဖြစ်လာ၏။ ဆရာကြီးလီသည် ဆေးလုံးအဖြစ် အခဲတည်ရန်အတွက် တစ်နာရီကျော်ခန့် အချိန်ယူခဲ့ရ၏။

“တကယ်ကို လေးစားစရာပဲ... အောင်မြင်မှု နှုန်းက အရမ်း မြင့်တာပဲ။ နာရီဝက်လောက် အချိန်ယူလိုက်တာနဲ့ ဆေးမြစ်တွေကို အရည်ကျိုနိုင်သွားတယ်။ မြန်ဆန်လိုက်တာ”

“ဆေးဝိညာဉ် စွမ်းအင်က အရမ်းကို ပြင်းထန်လွန်းတယ်”

“ဟော့ယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံး ထွက်လာတော့မယ်ဟေ့... ထွက်လာတော့မယ်”

လုပ်ငန်းစဉ် အဆုံးသတ်ပိုင်းသို့ ရောက်လာလေလေ လူအုပ်ကြီးမှာ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်ပြီး သူတို့၏ ရင်ခုန်သံများကိုပင် မထိန်းချုပ်နိုင်အောင် ဖြစ်နေကြလေတော့သည်။

ဆေးလုံးအဖြစ် အခဲတည်သွားပြီ ဆိုသည်မှာ ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ် အောင်မြင်စွာ ပြီးဆုံးသွားခြင်းပင် ဖြစ်၏။

ဆရာကြီးလီက ဂုဏ်ယူဝင့်ကြွားသော အကြည့်ဖြင့် ဖုန်းဝူချန်ကို အကြည့် ပို့လွှတ်ကာ အေးစက်စွာ ပြောလိုက်၏။

“ခွေးကောင်လေး... သေဖို့သာ ပြင်ထားလိုက်တော့”

“မင်းတို့ထဲက တစ်ယောက်မှ ရွှမ်မုမြို့ကနေ အသက်ရှင်လျက် ထွက်သွားရမှာ မဟုတ်ဘူးကွ”

သခင်လေးကုန်းကလည်း ကြမ်းတမ်းသော လူသတ်ချင်စိတ်များ အပြည့်ဖြင့် ဒေါသတကြီး ကျိန်ဆဲလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် ရန်ငြိုးများဖြင့် ပြည့်နှက်နေသည်။

ဖုန်းဝူချန်ကတော့ အနည်းငယ်မျှ လှုပ်ရှားသွားခြင်း မရှိချေ။ ဆရာကြီးလီ၏ ခြိမ်းခြောက်မှု ဆိုသည်မှာ သူ၏ မျက်လုံးထဲတွင် အနံ့အသက်မကောင်းသော လေတစ်ချက်မျှသာ ဖြစ်၏။

“ဒီကောင်လေးက အခုထိ ဆေးမဖော်သေးဘူးလား... ကြောက်သွားပြီလား မသိဘူး”

“ငါထင်တာတော့ သူက သခင်လေးကုန်းထက်တောင် အောက်တန်းကျဦးမယ်”

“ကောင်းကင် ဘယ်လောက်မြင့်ပြီး မြေကြီး ဘယ်လောက်ထူမှန်း မသိတဲ့ ကောင်လေးက ဆရာကြီးလီ ရှေ့မှာ လာရမ်းကားရဲတယ် ဆိုတော့... တကယ်ကို ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

လမ်းမကြီးပေါ်ရှိ လူအုပ်ကြီးထဲမှ အချို့က ဒုက္ခရောက်တော့မည့် ဖုန်းဝူချန်တို့ကို ကြည့်ကာ ကျေနပ်နေကြပြီး အချို့ကတော့ သနားစိတ်ဖြင့် ခေါင်းတယမ်းယမ်း ဖြစ်နေကြသည်။

“အချိန်တွေ ဖြုန်းနေတာပဲကွာ။ လမ်းကြုံတဲ့ တစ်ယောက်ယောက်ကို မေးလိုက်ရင် ပြီးနေပြီ။ ဒီအဘိုးကြီး ဆေးဖော်တာက အရမ်း ကြာလွန်းတယ်”

လျိုချင်းယန်က အားမလိုအားမရ ပြုံးရင်း ညည်းညူလိုက်၏။ သူ၏ စိတ်ရှည်သည်းခံနိုင်စွမ်းများ ကုန်ခမ်းနေပြီဖြစ်ကြောင်း သိသာလှ၏။

မြောင်ချင်းချင်းက ခပ်ဟဟ ရယ်ရမ်းသွေးရင်း ပြောလိုက်သည်။

“ဆရာကြီးလီက ရွှမ်မုမြို့မှာ တော်တော် လေးစားခံရတဲ့သူလေ။ ဒါကြောင့် ခွန်လွန်တောင်ကြား အကြောင်းကို သူ ပိုသိလောက်မှာပါ။ ငါတို့မှာလည်း အချိန် သိပ်လောနေတာမှ မဟုတ်တာ... နည်းနည်းလောက် စိတ်ရှည်ရှည် ထားလိုက်ပါ”

“နန်းတော်သခင်သာဆိုရင် အခုလောက်ဆို ဆေးလုံး အလုံးတစ်ရာလောက်တောင် ရနေလောက်ပြီ။ ကျွန်တော် ဆေးဖော်ရင်တောင် သူ့ထက် အများကြီး ပိုမြန်သေးတယ်”

ယဲ့ထျန်းဝေက မကျေမနပ်ဖြင့် ဝင်ပြောလိုက်၏။

“ဒါပေမဲ့ မင်းက အဆင့် (၅) ဆေးပညာရှင် မဟုတ်သေးဘူးလေ။ သူ့ထက် မြန်တယ် ဆိုတာနဲ့ သူ့ကို နိုင်မယ်လို့တော့ ပြောလို့ မရသေးဘူး”

ဖုန်းဝူချန်က ခပ်ဟဟ ပြုံးရင်း ပြန်ပြောလိုက်၏။

“သိပ်မလိုတော့ပါဘူးဗျာ”

ယဲ့ထျန်းဝေက လက်နှစ်ဖက်ကို ဖြန့်ကာ ယုံကြည်မှု အပြည့်ဖြင့် ဆက်ပြောလိုက်သည်။

“ကျွန်တော် အဆင့် (၅) ကို ရောက်သွားတာနဲ့ သူ သေချာပေါက် ရှုံးပြီပဲ”

ယဲ့ထျန်းဝေသည် အလွန်တရာ ပါရမီပါသော ဆေးပညာရှင်နှင့် လက်နက်သွန်းလုပ်ရေး ပညာရှင် တစ်ဦး ဖြစ်၏။ သူ၏ ထူးကဲသော အရည်အချင်းများအရ ဆရာကြီးလီကို အနိုင်ယူရန်အတွက် သူ့ထံတွင် ယုံကြည်မှု အပြည့်အဝ ရှိနေသည်။

“ငါ့ရဲ့ ဆေးလုံးက ပြီးတော့မယ်။ ကောင်လေး... မင်းရဲ့ ဆေးဖော်တာကို စလိုက်တော့”

ဆရာကြီးလီက အေးစက်သော လေသံဖြင့် အမိန့်ပေးလိုက်၏။ ဖုန်းဝူချန် အရှက်ကွဲမည့် အချိန်ကို သူ အလွန်တရာ စောင့်မျှော်နေပုံ ရ၏။

ဆရာကြီးလီ၏ စကားအဆုံးတွင် ရွှမ်မုမြို့ရှိ လူတိုင်း၏ အကြည့်များက ဖုန်းဝူချန်ထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြတော့သည်။

“ဝုန်း...”

ဖုန်းဝူချန်က ဝူမီးတောက်ကို လှုံ့ဆော်လိုက်၏။ ပေါက်ကွဲသံလေးတစ်ခု ထွက်ပေါ်လာပြီးနောက် သူ၏ လက်ဝါးပြင်ထက်တွင် အနက်ရောင် မီးတောက်တစ်ခုက ထူးဆန်း နက်နဲစွာ ကခုန်နေသည်။

အနက်ရောင် မီးတောက် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြပြီး ဆရာကြီးလီ အပါအဝင် အားလုံး၏ မျက်နှာများပေါ်တွင် အကြောက်တရားများ အပြည့် ဖုံးလွှမ်းသွားလေတော့၏။

ဝူမီးတောက်သည် အလွန်တရာ ကြောက်စရာကောင်းလွန်းလှ၏။ ဖုန်းဝူချန်က အားအနည်းဆုံး အခြေအနေဖြင့်သာ ထုတ်လွှတ်လိုက်သော်ငြား ထိတ်လန့်ဖွယ်ရာ အရှိန်အဝါနှင့် ကြောက်မက်ဖွယ် အပူချိန်က အရပ်လေးမျက်နှာသို့ ချက်ချင်း ရိုက်ခတ်သွားသည်။

“အဲဒါ ဘာမီးတောက်လဲ... အနက်ရောင်ကြီးပါလား”

“အဲဒီ မီးတောက်ရဲ့ အရှိန်အဝါက အရမ်းကို ကြောက်စရာကောင်းတယ်။ ဒီလောက် အဝေးကြီးကနေတောင် လောင်ကျွမ်းတော့မယ့် အပူချိန်ကို ငါ ခံစားနေရတယ်”

“ကြောက်စရာကောင်းလိုက်တဲ့ အနက်ရောင် မီးတောက်ပဲ... အနက်ရောင် မီးတောက်ဆိုတာ ငါ တစ်ခါမှ မမြင်ဖူးဘူး”

လူအုပ်ကြီးမှာ ထိတ်လန့်တကြား အော်ဟစ် ဆွေးနွေးနေကြလေတော့သည်။

ဆရာကြီးလီမှာ ကြောင်အမ်းသွားပြီး သူ၏ အိုမင်းသော မျက်နှာပေါ်တွင် အကြောက်တရားများ အပြည့် ဖုံးလွှမ်းသွားရာ စကားတစ်ခွန်းမျှပင် မဟနိုင်တော့ချေ။ အဆင့် (၅) ဆေးပညာရှင် တစ်ယောက်အနေဖြင့် ဝူမီးတောက်၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူ အသေအချာ ခံစားသိရှိနေ၏။

ဖုန်းဝူချန်က လက်တစ်ဖက်ကို လှန်လိုက်ရာ ဟော့ယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံး ဖော်စပ်ရန် လိုအပ်သော ဆေးမြစ်များက သူ၏ လက်ဝါးထက်တွင် လွင့်မျောလာသည်။

“ဟော့ယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံးလို ရိုးရှင်းတဲ့ အရာကို ဖော်စပ်ဖို့ ဆေးဖိုကို ဘာလို့ သုံးနေရမှာလဲ။ ဆရာကြီးလီက နာရီဝက်တောင် အချိန်ယူပြီးတာတောင် အခုထိ မပြီးသေးဘူး မဟုတ်လား”

ဖုန်းဝူချန်က ခပ်ဟဟ ပြုံးရင်း ပြောလိုက်၏။

စကားပြောနေစဉ်မှာပင် သူသည် ဝိညာဉ်စွမ်းအားကို လှုံ့ဆော်လိုက်ပြီး ဝူမီးတောက်နှင့် ပေါင်းစပ်ကာ ဆေးမြစ် တစ်ဒါဇင်ခန့်ကို တစ်ပြိုင်နက်တည်း အရည်ကျိုလိုက်တော့သည်။

ဖုန်းဝူချန်၏ လက်ဝါးများက ညင်သာစွာ ဝှေ့ယမ်းသွားရာ ဆေးမြစ် တစ်ဒါဇင်ခန့်မှာ မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အခွံများ ကွာကျသွား၏။ ထိုမြင်ကွင်းသည် နတ်မိမယ်လေးများ ကခုန်နေသည့်အလား အလွန်တရာ လှပပြီး ဆန်းကြယ်လွန်းလှသည်။

ပွဲကြည့်နေသော လူအုပ်ကြီး အံ့အားသင့်နေစဉ်မှာပင် အခွံခွာပြီးသား ဆေးမြစ်များက လျင်မြန်စွာ ဆေးရည်များအဖြစ် စုစည်းသွားကြပြီး ဆေးလုံး၏ ပုံသဏ္ဌာန်များ စတင် ဖြစ်ပေါ်လာ၏။ မျက်တောင်တစ်ခတ်အတွင်း ဆေးမြစ်များ၏ ထူးခြားသော ရနံ့များက ပတ်ဝန်းကျင် တစ်ခွင်သို့ သင်းပျံ့သွားလေတော့သည်။

“ကျွန်တော့်ရဲ့ ဆေးဖော်စပ်တဲ့ ပညာနဲ့ ယှဉ်ရင် ခင်ဗျားက အများကြီး နောက်ကျကျန်ခဲ့ပြီဗျ”

ဖုန်းဝူချန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

စကားအဆုံးတွင် ဆေးရည်များက ဆေးလုံးအဖြစ် ချက်ချင်း အခဲတည်သွားခဲ့ပြီ ဖြစ်သည်။

ဟော့ယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံးကို မျက်စိတစ်မှိတ်အတွင်း အောင်မြင်စွာ ဖော်စပ်လိုက်နိုင်ပြီ ဖြစ်တော့၏။

All Chapters