← Chapters

အခန်း (၁၆၃၉-၁၆၄၁)

Vol. 110 Ch. 1639-1641

အခန်း (၁၆၃၉-၁၆၄၁)

Vol. 110 Ch. 1639-1641

အခန်း (၁၆၃၉)

ကျန်မော့၏ တွက်ချက်မှု

ရှောင်ယွမ်ကျီကို လုချန်း သတ်ဖြတ်ပြီးနောက် နောက်ထပ် ဆယ်နှစ်ဟူသော အချိန် လျင်မြန်စွာ ကုန်ဆုံးသွား၏။

ထိုဆယ်နှစ်အတွင်း အမွေးဖြူမြို့သည် ကစဉ့်ကလျား နယ်မြေတစ်ခုလုံးကို ပေါင်းစည်းခဲ့ပြီး အမွေးဖြူစစ်တပ်ကိုပင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ နတ်ဘုရား နိုင်ငံတော်တစ်ခု အဖြစ်သို့ မရောက်ရှိသေးသော်လည်း နိုင်ငံတော်တစ်ခု၏ အခြေခံအသွင်သဏ္ဌာန်ကတော့ ပေါ်လွင်နေပြီ ဖြစ်သည်။

သို့သော် အမွေးဖြူမြို့၏ လုပ်ဆောင်ချက်များက အခြားမြို့များ၏ လွတ်လပ်မှုကို လုံးဝ ဆုံးရှုံးသွားစေခဲ့ပြီး ထိုမြို့စားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလည်း များစွာ အားနည်းသွားစေခဲ့၏။

အရေးကြီးဆုံးအချက်က သူတို့ စုဆောင်းထားသမျှသော စည်းစိမ်ဥစ္စာများကို လွှဲပြောင်းပေးအပ်ခဲ့ရခြင်းနှင့် သူတို့ မွေးမြူထားသည့် စွမ်းအားရှင်အချို့ကိုလည်း အမွေးဖြူမြို့က သိမ်းပိုက်လိုက်ခြင်းပင် ဖြစ်သည်။

အမွေးဖြူမြို့၏ ဖိနှိပ်မှုအောက်တွင် သူတို့၏ မြို့အသီးသီးလည်း တဖြည်းဖြည်း အင်အားချိနဲ့လာပြီး နောက်ဆုံးတွင် ထိုမြို့စားများသည် အမွေးဖြူမြို့၏ အစေခံများသာ ဖြစ်လာပေလိမ့်မည်။

အစပိုင်းတွင် လုချန်း၏ ဖိအားကြောင့် အညံ့ခံခဲ့ကြသော်လည်း အညံ့ခံပြီးနောက်ပိုင်းတွင် အမွေးဖြူမြို့က သူတို့မြို့၏ ကိစ္စရပ်များ၌ ဤမျှအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်စွက်ဖက်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ကြချေ။ သူတို့၏ စည်းစိမ်များ သိမ်းပိုက်ခံရရုံသာမက သူတို့၏ အင်အားမှာလည်း အစဉ်တစိုက် လျော့နည်းလာခဲ့သည်။

ဤအတိုင်းသာ ဆက်သွားနေပါက အမွေးဖြူမြို့သည် မြို့စားများကို သူတို့ စိတ်ကြိုက် စီရင်နိုင်ပေတော့မည်။

…..

ရှေးဟောင်းဝိညာဉ်မြို့။

မြို့တော်ဝန်စံအိမ်။

မြို့တော်ဝန်စံအိမ်၏ အစည်းအဝေးခန်းမအတွင်း၌ စားသောက်ပွဲများနှင့် ကခုန်ဖျော်ဖြေမှုများ အရှိန်အဟုန်ဖြင့် ကျင်းပနေပြီး အရသာရှိသော အစားအစာများနှင့် လှပသော အမျိုးသမီးများ နေရာအနှံ့ ရှိနေသည်။

ခန်းမ၏ ထိုင်ခုံတွင် ကျန်မော့ ထိုင်နေရင်း ဘေးတစ်ဖက်တစ်ချက်ရှိ ဧည့်သည်များကို ကြည့်ကာ ပြုံးလျက်

“ဒီနေ့ စားသောက်ပွဲကို တက်ရောက်ပေးပြီး ကျုပ်ကို မျက်နှာသာပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။”

ထိုစဉ် မင်ကွမ်းဟွာက သိလိုစိတ်ဖြင့် ကျန်မော့ကို

“မြို့တော်ဝန် ကျန်က ကျုပ်တို့ကို ဒီကို ဘာလို့ ဖိတ်ခေါ်ရတာလဲဆိုတာ သိပါရစေဦး။”

စားပွဲပေါ်ရှိ ဝိုင်ခွက်ကို မော့သောက်လိုက်ပြီးနောက် ကျန်မော့က

“ခင်ဗျားတို့အားလုံးက အမွေးဖြူမြို့ရဲ့ အမြတ်ထုတ်မှုကို ဒီအတိုင်းပဲ ဆက်ပြီး အောက်ကျို့ခံနေတော့မှာလား။”

ကျန်မော့၏ စကားကို ကြားလျှင် ထိုနေရာရှိ လူအားလုံး တုန်လှုပ်သွားကြသည်။ ဤအကြောင်းအရာကို ကျန်မော့က ထုတ်ဖော်ပြောဆိုလာလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။အကြောင်းမှာ ထိုကဲ့သို့သော စကားမျိုးကို ပြောဆိုခြင်းသည် မိမိကိုယ်ကို မရဏလမ်းသို့ တွန်းပို့ခြင်းနှင့် တူသောကြောင့် ဖြစ်သည်။

သူတို့ထံ၌ အမွေးဖြူမြို့အပေါ် မကျေနပ်ချက်များ ရှိသော်လည်း အမွေးဖြူမြို့၏ နောက်ကွယ်တွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရင်တစ်ပါး ရှိနေသည်ဟု ဆိုသောကြောင့် ထိုမကျေနပ်ချက်များကို မျိုသိပ်ထားရုံသာ တတ်နိုင်ကြ၏။

အကယ်၍ သူတို့သာ ဖွင့်ဟပြောဆိုလိုက်ပါက ထိုစကားများသည် တစ်နေ့တွင် ထိုပုဂ္ဂိုလ်၏ နားထဲသို့ ရောက်သွားနိုင်၏။ ထိုသို့သာ ဖြစ်ခဲ့ပါက သူတို့အတွက် သေလမ်းသာ ရှိပေလိမ့်မည်။

မင်ကွမ်းဟွာက မျက်မှောင်ကြုတ်လိုက်ပြီး ကျန်မော့ကို

“မြို့တော်ဝန် ကျန်... ခင်ဗျား ဘာတွေ ပြောနေလဲဆိုတာကို သိရဲ့လား။”

သူ၏ ဖန်ခွက်ထဲသို့ အေးအေးဆေးဆေး ဝိုင် ပြန်ဖြည့်ကာ သောက်လိုက်ပြီးနောက် ကျန်မော့က

“ကျုပ် ဘာပြောနေလဲဆိုတာကို ကျုပ် ကောင်းကောင်းသိတာပေါ့။ ဟန်ဆောင်မနေကြပါနဲ့... ခင်ဗျားတို့လည်း အမွေးဖြူမြို့ကို မကျေနပ်ဘူးဆိုတာ ကျုပ် သိပါတယ်။ အမွေးဖြူမြို့ရဲ့ နောက်ကွယ်က လူကို ကြောက်နေကြတာ မဟုတ်လား။”

ထိုစကားများကို ကြားသော် ကောင်းဟုန်ပေါ်က ရယ်မောလိုက်ပြီး

“မြို့တော်ဝန် ကျန်က ကျုပ်တို့ ဘယ်သူ့ကို ကြောက်နေလဲဆိုတာ သိနေမှတော့ ဘာလို့ ဒီကိစ္စကို ဆွေးနွေးဖို့ ကျုပ်တို့ကို စုစည်းရတာလဲ။ မြို့တော်ဝန် ကျန်က သေချင်ဇောနဲ့ ကျုပ်တို့ကိုပါ ဆွဲခေါ်ချင်နေတာလား။”

ကျန်မော့က ခပ်အေးအေးပင်

“သေချင်ဇော ဟုတ်လား”

ကျန်မော့က ခပ်တိုးတိုး ရယ်မောကာ

“ကျုပ်က ကောင်းကင်နတ် အဆင့်ကို မကြာသေးခင်ကမှ တက်လှမ်းနိုင်ခဲ့ပြီး နှစ်ပေါင်း သန်းထောင်ပေါင်းများစွာမက အသက်ရှည်နိုင်တဲ့သူပဲ... ဘာလို့ မရှင်ချင်ရမှာလဲ။ ဒီလို အမြတ်ထုတ်ခံရတာကို ကျုပ် မခံမရပ်နိုင်လို့ပါ။ နောက်ပြီး ခင်ဗျားတို့အားလုံး စိတ်ဝင်စားမယ့် အကြောင်းအရာတစ်ခုကိုလည်း ကျုပ် ပြောပြနိုင်တယ်။”

“စီနီယာရှောင် ဘယ်ကလာလဲဆိုတာ ခင်ဗျားတို့ထဲက တစ်ယောက်ယောက် သိလား။”

လူတိုင်း၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေဟန်များ ပေါ်လာကြ၏။

မင်ကွမ်းဟွာက

“စီနီယာရှောင်က ဘယ်သူလဲ”

ကျန်မော့က

“အရင်က ကစဉ့်ကလျား နယ်မြေကို လာခဲ့တဲ့ စစ်မှန်သောနတ် တစ်ယောက်လေ။”

ကောင်းဟုန်ပေါ်က

“မြို့တော်ဝန် ကျန်... ခင်ဗျားမှာ ပြောစရာရှိရင် တိုက်ရိုက်သာ ပြောပါ။ ကျုပ် အချိန်မဖြုန်းချင်ဘူး။”

ကျန်မော့က

“မလောပါနဲ့ဦး... မြို့တော်ဝန် ကောင်း။ ကျုပ် စီနီယာရှောင်နဲ့ တွေ့တုန်းက သူက သူဘယ်သူဆိုတာကို ပြောပြခဲ့တယ်။ သူက ထျန်းရှ နတ်ဘုရား နိုင်ငံတော်က အန်းယွမ်လုကျင်ရဲ့ လက်အောက်ငယ်သားပဲ။ သူ ကစဉ့်ကလျား နယ်မြေကို လာရတဲ့ အကြောင်းရင်းကလည်း ထျန်းရှ နတ်ဘုရား နိုင်ငံတော်က အန်းယွမ်လုကျင်က သူ့ကို တာဝန်တစ်ခု ပေးအပ်လိုက်လို့ပဲ။”

ထိုစကားများကို ကြားလျှင် ထိုနေရာရှိ လူအားလုံး ထပ်မံ မှင်တက်သွားကြပြန်သည်။

ရှောင်ယွင်ကျီတွင် ဤမျှ ကြီးမားသော နောက်ခံရှိလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။ ကစဉ့်ကလျား နယ်မြေမှ မြို့စားများအတွက် နတ်ဘုရား နိုင်ငံတော်တစ်ခုဆိုသည်က အလွန်တရာ ကြီးမားလှသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ခန်းမထဲမှ မြို့စားတစ်ဦးက

“အဲ့ဒီလူက ထျန်းရှ နတ်ဘုရား နိုင်ငံတော်က ဖြစ်နေရင်တောင် ဘာဖြစ်လဲ။”

ကျန်မော့က

“ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့... နတ်အငွေ့အသက်တောင် မရှိတဲ့ ကစဉ့်ကလျား နယ်မြေလို နေရာမျိုးကို စီနီယာရှောင်က ဘယ်လို တာဝန်မျိုးနဲ့ လာမှာလဲ။ အဲ့ဒီတာဝန်က အလွန်တရာ အရေးကြီးရမယ်လို့ ကျုပ် ယုံကြည်တယ်။ ပြီးတော့ အမွေးဖြူမြို့ရဲ့ နောက်ကွယ်က လူနဲ့လည်း ပတ်သက်နေနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကစဉ့်ကလျား နယ်မြေလို နေရာမျိုးမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရုတ်တရက် ပေါ်လာတာက ထူးဆန်းလွန်းတယ်။”

ကျန်မော့၏ တွက်ချက်မှုကို နားထောင်ပြီးနောက် အားလုံးကလည်း အမှန်တရားတစ်ခု ရှိနိုင်သည်ဟု သဘောတူကြ၏။ ကျန်မော့၏ စကားများသည်လည်း သူတို့၏ စိတ်ထဲတွင် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိလာသည်။

မင်ကွမ်းဟွာက

“အဲ့ဒီလူနဲ့ ပတ်သက်နေရင်တောင် ကျုပ်တိုနဲ့ ဘာဆိုင်လို့လဲ။”

ထျန်းရှ နတ်ဘုရား နိုင်ငံတော်သည် အလွန်ဝေးကွာပြီး အမွေးဖြူမြို့ကတော့ အလွန်နီးကပ်လှသည်။ ထိုပုဂ္ဂိုလ်က သူတို့၏ အသက်ကို အချိန်မရွေး နှုတ်ယူနိုင်သည်။

ကျန်မော့က

“စီနီယာရှောင် အခုထိ ပြန်မရောက်သေးဘူး။ အကယ်၍ အန်းယွမ်လုကျင်က စီနီယာရှောင် ပြန်မလာတာကို သိရင် ကစဉ့်ကလျား နယ်မြေကို ပိုပြီး စွမ်းအားကြီးတဲ့ နတ်တွေကို ထပ်လွှတ်မယ်လို့ ခင်ဗျားတို့ မထင်ဘူးလား။”

ထိုအရာကို ကြားလျှင် လူတိုင်း ထိတ်လန့်သွားကြသည်။ အကယ်၍ စီနီယာရှောင်သည် အမွေးဖြူမြို့၏ နောက်ကွယ်မှ လူအတွက် လာခဲ့ခြင်းဖြစ်ပြီး အစီရင်ခံစာ မပို့နိုင်ခဲ့ပါက အန်းယွမ်လုကျင်က ပို၍စွမ်းအားကြီးသူများကို စေလွှတ်လာနိုင်သည်။

မင်ကွမ်းဟွာက

“သူ လူလွှတ်ရင်လည်း လွှတ်ပါစေ... ကျုပ်တိုနဲ့ ဘာမှမဆိုင်ဘူး။”

ကျန်မော့က နှာခေါင်းရှုံ့လိုက်ပြီး

“မိုက်မဲလိုက်တာ”

မင်ကွမ်းဟွာ၏ မျက်နှာ ဒေါသကြောင့် မည်းမှောင်သွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကျန်မော့က ဆက်လက်၍

“မြို့တော်ဝန် မင်... စဉ်းစားကြည့်ပါ။ စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ကစဉ့်ကလျား နယ်မြေမှာ နေဖို့ ဘာလို့ ရွေးချယ်ရမှာလဲ။ အဲ့ဒီလူက ဘယ်သူလဲဆိုတာ ကျုပ် မသိပေမဲ့ သူက ပိုပြီး စွမ်းအားကြီးတဲ့ ရန်သူတစ်ယောက်ကို ရှောင်တိမ်းနေရတာ ဖြစ်ရမယ်။ ဒါကြောင့်လည်း ကစဉ့်ကလျား နယ်မြေမှာ လာပုန်းနေရတာပေါ့။ ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ အန်းယွမ်လုကျင်ဟာ အမွေးဖြူမြို့ရဲ့ နောက်ကွယ်က လူရဲ့ ရန်သူဖြစ်နိုင်တာ ထင်ရှားပါတယ်။ အကယ်၍ အမွေးဖြူမြို့ရဲ့ နောက်ကွယ်က လူ ကစဉ့်ကလျား နယ်မြေမှာ ရှိနေတယ်ဆိုတာကို အန်းယွမ်လုကျင်သာ သိသွားရင် သူ့ကို ရှင်းလင်းဖို့ လူတွေ ဧကန်မုချ လွှတ်မှာပဲ။ ထျန်းရှ နတ်ဘုရား နိုင်ငံတော်က စွမ်းအားကြီးသူတွေ ကစဉ့်ကလျား နယ်မြေကို ရောက်လာတဲ့အခါ အမွေးဖြူမြို့အပေါ် သစ္စာရှိနေတဲ့ ကျုပ်တို့အတွက် ကောင်းကျိုး ရှိပါ့မလား။”

ဒါက...

ကျန်မော့၏ စကားကို နားထောင်ပြီးနောက် ခန်းမထဲရှိ မြို့စားများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ကျန်မော့၏ စကားများ အကျိုးအကြောင်း ဆီလျောက်သည်ဟု ခံစားမိကြ၏။

ကျန်မော့က ဆက်လက်၍

“ကျုပ်တို့ အသက်ရှင်ချင်ရင် အကောင်းဆုံးနည်းလမ်းက အန်းယွမ်လုကျင်နဲ့ ဆက်သွယ်ပြီး ကစဉ့်ကလျား နယ်မြေမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို အကြောင်းကြားဖို့ပဲ။ ကစဉ့်ကလျား နယ်မြေထဲက လူအကြောင်းကို အန်းယွမ်လုကျင် သိသွားတာနဲ့ အမွေးဖြူမြို့ရဲ့ နောက်ကွယ်က လူကို ရှင်းလင်းဖို့ စွမ်းအားရှင်တွေ လွှတ်မှာ သေချာတယ်။ အဲဒီလူ သေသွားပြီဆိုရင် ကစဉ့်ကလျား နယ်မြေက အရင်လို အခြေအနေကို ပြန်ရောက်သွားလိမ့်မယ်။”

ကျန်မော့၏ စကားအဆုံးတွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။ သူပြောသကဲ့သို့သာ ဖြစ်လာပါက သူတို့၏ လွတ်လမ်းကို ရှာဖွေရပေတော့မည်။ သို့သော် ထိုလွတ်လမ်းသည် အန္တရာယ်များစွာနှင့် ပြည့်နှက်နေသည်ကိုလည်း သူတို့ ကောင်းစွာသိကြသည်။

အန်းယွမ်လုကျင်နှင့် ဆက်သွယ်ရန် နည်းလမ်း ရှာဖွေသင့် မသင့်ကိုလည်း အားလုံး စတင် စဉ်းစားလာကြသည်။

ထိုအခိုက်အတန့်တွင် မင်ကွမ်းဟွာက

“မြို့တော်ဝန် ကျန် အနေနှင့် ကျုပ်တို့ကို ဒါတွေ ပြောပြစရာ မလိုဘူးလို့ ထင်ရတယ်။”

မင်ကွမ်းဟွာ၏ စကားတွင် ကျန်မော့အပေါ် သံသယအနည်းငယ် ပါဝင်နေသည်။

အကယ်၍ ကျန်မော့သာ လိမ်မပြောဘူးဆိုရင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ အန်းယွမ်လုကျင်နဲ့ ဆက်သွယ်ဖို့ နည်းလမ်း သူကိုယ်တိုင် ရှာနိုင်တာပဲ မဟုတ်လား။

အကယ်၍ အန်းယွမ်လုကျင်က အစွမ်းထက်သူများ စေလွှတ်လာလျှင် အမွေးဖြူမြို့၏ နောက်ကွယ်မှ လူနှင့် အမွေးဖြူမြို့နှင့် ပူးပေါင်းခဲ့သူများ ရှင်းလင်းခံရနိုင်၏။

ထိုအခါ သူတို့ မရှိတော့လျှင် ကစဉ့်ကလျား နယ်မြေတစ်ခုလုံးသည် ကျန်မော့၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားပေလိမ့်မည်။

……………

အခန်း (၁၆၄၀)

အမွေးဖြူမြို့မှ ကျန်မော့ ထွက်ခွာခြင်း

မင်ကွမ်းဟွာ၏ မေးခွန်းကို ကြားလျှင် ကျန်မော့က ပြုံးလိုက်ပြီး

“အစကတော့ ခင်ဗျားတို့ အားလုံးကို အသိပေးဖို့ ကျုပ် မရည်ရွယ်ခဲ့ပါဘူး။”

“ဒါပေမဲ့ အချိန်အတိုဆုံးအတွင်း ကစဉ့်ကလျား နယ်မြေကနေ ထွက်ခွာနိုင်ဖို့ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံတစ်ခုကို ကျုပ် အသက်သွင်းရမယ်။”

“ဒီတည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံက နတ်အငွေ့အသက် အမြောက်အမြား လိုအပ်တယ်။”

“ကျုပ် တစ်ယောက်တည်း သုံးလို့ရပေမဲ့ သုံးပြီးသွားရင်တော့ စွမ်းအားချည့်နဲ့တဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်။”

“ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို ရောက်တဲ့အချိန် အဲ့လိုဖြစ်နေရင် အန်းယွမ်လုကျင်ကို ချက်ချင်း ရှာတွေ့ဖို့က မဖြစ်နိုင်တော့ဘူး။”

“ခင်ဗျားတို့ အားလုံးက ဒီတည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို အသက်သွင်းဖို့ ကူညီပေးမယ်ဆိုရင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို ရောက်တဲ့အခါ ကျုပ်ရဲ့ စွမ်းအားကို ထိန်းသိမ်းထားနိုင်မှာမို့ အန်းယွမ်လုကျင်ကို ရှာရတာ ပိုလွယ်သွားလိမ့်မယ်။”

မင်ကွမ်းဟွာက

“တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို မဖြစ်မနေ သုံးရမှာလား။ ထျန်းရှ နတ်ဘုရား နိုင်ငံတော်က ကစဉ့်ကလျား နယ်မြေနဲ့ သိပ်မဝေးဘူး မဟုတ်လား။”

ကျန်မော့

“ဒီနှစ်တွေထဲမှာ အမွေးဖြူမြို့က အနီးကပ် စောင့်ကြည့်နေတာ။ ကျုပ်တို့ရဲ့ မြို့တိုင်းမှာ သူတို့ရဲ့ သူလျှိုတွေ ထိုးဖောက် ဝင်ရောက်နေပြီးသား။”

“အကယ်၍ ကျုပ် ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို တိုက်ရိုက် သွားမယ်ဆိုရင် သူတို့ ရိပ်မိသွားနိုင်တယ်။”

“ကျုပ်ရဲ့ သွားနှုန်းနဲ့ဆိုရင် ကစဉ့်ကလျား နယ်မြေကနေ မထွက်ခွာနိုင်ခင်မှာပဲ အမွေးဖြူမြို့ရဲ့ နောက်ကွယ်က လူက ကျုပ်ကို ဖမ်းမိသွားမှာ စိုးရိမ်ရတယ်။”

ခန်းမအတွင်းရှိ လူအားလုံး အတွေးထဲ နစ်မြောသွားကြပြီးနောက် မင်ကွမ်းဟွာ

“ဒီထဲက တစ်ယောက်ယောက်က ခင်ဗျားကို သစ္စာဖောက်ပြီး အမွေးဖြူမြို့ကို သတင်းပို့မှာ မကြောက်ဘူးလား။”

ကျန်မော့က ရယ်မောလျက်

“ခင်ဗျားတို့ အားလုံး သွေးကတိသစ္စာ ပြုဖို့ပဲ လိုတာပါ။”

မင်ကွမ်းဟွာက မျက်မှောင်ကြုတ်လျက် တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ကျန်မော့က တည်ငြိမ်စွာပင်

“ခင်ဗျားတို့ အားလုံးကို ဒီကို ဖိတ်ကတည်းက ကျုပ် ပြင်ဆင်ထားပြီးသားပါ။”

ကျန်မော့၏ စကားများ နောက်ကွယ်မှ အဓိပ္ပာယ်ကို မင်ကွမ်းဟွာ ချက်ချင်း နားလည်သွား၏။ သွေးကတိသစ္စာ မပြုပါက ကျန်မော့၏ ရှေးဟောင်းဝိညာဉ်မြို့မှ သူတို့ ထွက်ခွာနိုင်တော့မည် မဟုတ်ကြောင်းကိုလည်း သဘောပေါက်လိုက်သည်။

ကောင်းကင်နတ် တစ်ပါးအနေနှင့် ကျန်မော့၏ စွမ်းအားက ကန့်သတ်ချက် ရှိသော်လည်း မြို့အတွင်း၌ အားကောင်းသော နည်းဗျူဟာ ပုံစံများ ရှိနေပြီး ဤနေရာရှိ တစ်ယောက်ယောက်ကလည်း ကျန်မော့ဘက်သို့ ဧကန်မုချ ပါဝင်ပြီးသား ဖြစ်ပေလိမ့်မည်။

ထိုအချိန်ကျလျှင် နည်းဗျူဟာ ပုံစံနှင့် ကျန်မော့ဘက်ပါဝင်ပြီးသူ၏ အကူအညီတို့က သူတို့ကို ထိန်းချုပ်ရန် များစွာ လွယ်ကူစေမည် ဖြစ်၏။

ကျန်မော့ စကားပြောပြီးနောက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ တစ်စုံတစ်ယောက်က ကျန်မော့နှင့် ပူးပေါင်းထားခြင်း ရှိမရှိ မည်သူမှ မဝေခွဲနိုင်သဖြင့် အားလုံးက ပတ်ဝန်းကျင်ကို ဝေ့ဝဲ ကြည့်ရှုလိုက်ကြ၏။

ခဏအကြာတွင် မြို့တော်ဝန် တစ်ဦးက

“ကျုပ်က အမွေးဖြူမြို့ကို မနှစ်မြို့တာ ကြာပါပြီ။ မြို့တော်ဝန်ကျန် ပြောသလိုသာ ဆိုရင် ကျုပ် ကူညီဖို့ အသင့်ပါပဲ။”

“ကျုပ် ဝမ်ဟွိုက် အနေနှင့် ဒီနေ့ ကိစ္စတွေကို မပေါက်ကြားစေဖို့ ဒီနေရာမှာပဲ သစ္စာဆိုပါတယ်။ အကယ်၍ ဖောက်ဖျက်ခဲ့ရင် ကျုပ်ရဲ့ နတ်ဝိညာဉ် ချုပ်ငြိမ်းပြီး သေဆုံးရပါစေ။”

ပထမတစ်ဦး စကားပြောပြီးသည်နှင့် အခြား မြို့တော်ဝန်များကလည်း သွေးကတိသစ္စာများကို လျင်မြန်စွာ ပြုလုပ်ကြရာ ကောင်းဟုန်ပေါ်နှင့် မင်ကွမ်းဟွာ နှစ်ဦးသာ ကျန်ရှိတော့၏။

အမွေးဖြူမြို့၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန် အစောကတည်းက လိုလားနေခဲ့‌သော ကောင်းဟုန်ပေါ်လည်း ခဏခန့် စဉ်းစားပြီးနောက် ကျန်မော့ဘက်မှ ရပ်တည်ရန် နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်။

အစကတည်းက အမွေးဖြူမြို့ကို တိုက်ခိုက်ရန် ကစဉ့်ကလျား နယ်မြေမှ မြို့တော်ဝန်များနှင့် သူဦးဆောင် ပူးပေါင်းခဲ့ခြင်းဖြစ်၏။ ရှုံးနိမ့်ပြီးနောက် လက်နက်ချ အညံ့ခံခဲ့သော်လည်း ကန့်သတ်ချက်များစွာနှင့် ရင်ဆိုင်ခဲ့ရပြီး တစ်ချိန်က အရေးပါလှသော မြို့ဖြစ်ခဲ့သည့် ရှီးယန်မြို့လည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့ရပေသည်။

ထိုရှုံးနိမ့်မှုကြောင့် သူ၏ မြို့သည် မြို့ငယ်လေးများအဖြစ် ခွဲထုတ်ခံခဲ့ရပြီး အမွေးဖြူမြို့က သူ၏ မြို့အတွင်းရှိ အချို့သော မိသားစုများကို ထောက်ပံ့ပေးခဲ့သဖြင့် ရှီးယန်မြို့၏ အင်အား များစွာ အားနည်းသွားခဲ့၏။

ဤအတိုင်း ဆက်သွားနေပါက ရှီးယန်မြို့သည် နောက်ဆုံးတွင် အမွေးဖြူမြို့၏ ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျား ရောက်ရှိသွားပြီး သူ၏ မြို့တော်ဝန် ရာထူးလည်း အဆုံးသတ်သွားပေလိမ့်မည်။ အမွေးဖြူမြို့၏ လက်အောက်မှ လွတ်မြောက်ရန် အခွင့်အရေး ရလာသည်နှင့် ၎င်းကို ဆုပ်ကိုင်ရန် သူ အလိုရှိနေတာက သဘာဝပင်။

ကောင်းဟုန်ပေါ်က

“ကျုပ် ကောင်းဟုန်ပေါ် အနေနှင့် ဒီနေ့ ကိစ္စတွေကို နည်းနည်းမှ မပေါက်ကြားစေဖို့ ထပ်မံ သစ္စာဆိုပါတယ်။ အကယ်၍ ဖောက်ဖျက်ခဲ့ရင် ကျုပ်ရဲ့ နတ်ဝိညာဉ် ချုပ်ငြိမ်းပြီး သေဆုံးရပါစေ။”

ကောင်းဟုန်ပေါ် သွေးကတိသစ္စာ ပြုပြီးနောက် မင်ကွမ်းဟွာ တစ်ဦးသာ ကျန်ရှိတော့သဖြင့် အားလုံး၏ အကြည့်များက သူ့ထံသို့ ရောက်ရှိလာကြ၏။

မင်ကွမ်းဟွာ သစ္စာဆိုရန် တွန့်ဆုတ်နေသည်ကို မြင်သောအခါ ကျန်မော့က ရယ်မောလျက်

“မြို့တော်ဝန်မင် ခင်ဗျား အမွေးဖြူမြို့အပေါ် မျှော်လင့်ချက် တစ်ခုခု ရှိနေသေးလို့လား။”

မင်ကွမ်းဟွာက တည်ငြိမ်စွာပင်

“မြို့တော်ဝန်ကျန် ခင်ဗျား တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကနေတစ်ဆင့် ကစဉ့်ကလျား နယ်မြေကနေ ထွက်ခွာပြီးရင် ပြန်လာမှာ သေချာလား။”

မင်ကွမ်းဟွာ၏ မေးခွန်းကို ကြားလျှင် လူတိုင်း၏ အကြည့်များက ကျန်မော့ထံသို့ ပြောင်းလဲ ရောက်ရှိသွားကြ၏။

အမွေးဖြူမြို့၏ ဖိအားအောက်တွင် အချို့သော မြို့တော်ဝန်များသည် ကစဉ့်ကလျား နယ်မြေမှ ထွက်ခွာရန် စဉ်းစားခဲ့ကြသော်လည်း အမွေးဖြူမြို့၏ နောက်ကွယ်မှ လူ၏ စောင့်ကြည့်မှုကို ကြောက်ရွံ့နေကြသဖြင့် မလှုပ်ရှားကြခြင်းဖြစ်သည်။

ယခု ကျန်မော့က ထွက်ခွာရန် ပြင်ဆင်နေသဖြင့် သူ ပြန်လာမည် မလာမည် သို့မဟုတ် အန်းယွမ်လုကျင်ကို တကယ် ရှာမရှာ ဆိုတာကို မည်သူမှ အသေအချာ မပြောနိုင်ကြချေ။

သူတို့က ကျန်မော့ကို ထွက်ခွာရန် ကူညီပေးခဲ့သော်လည်း သူ ပြန်မလာခဲ့ပါက သူတို့၏ နတ်အငွေ့အသက်များ အလဟဿ ဖြစ်သွားပေလိမ့်မည်။

နတ်အငွေ့အသက်များ ဆုံးရှုံးရခြင်းက အရေးမကြီးလှသော်လည်း သူတို့ကူညီခဲ့ကြောင်းကို အမွေးဖြူမြို့၏ အရှင်သခင် သိသွားပါက မည်သို့သော ဒုက္ခများ ရောက်လာနိုင်မည်နည်း။

ကျန်မော့က

“မြို့တော်ဝန်မင် ခင်ဗျား ဘာတွေ ပြောနေတာလဲ။ ကျုပ် ပြန်မလာဘဲ မနေပါဘူး။ ရှေးဟောင်းဝိညာဉ်မြို့ကနေ ကျုပ် တစ်ယောက်တည်း ထွက်ခွာသွားတာပါ။ ကျုပ်၏ မိသားစုကတော့ ဒီမှာ ကျန်နေခဲ့မှာပါ။”

ထိုစကားကို ကြားလျှင် မင်ကွမ်းဟွာက စိတ်မပါသော်လည်း

“ကျုပ် မင်ကွမ်းဟွာ ဒီနေ့ ကိစ္စတွေကို မပေါက်ကြားစေဖို့ သစ္စာဆိုပါတယ်။ အကယ်၍ ဖောက်ဖျက်ခဲ့ရင် ကျုပ်ရဲ့ နတ်ဝိညာဉ် ချုပ်ငြိမ်းပြီး သေဆုံးရပါစေ။”

မင်ကွမ်းဟွာ သစ္စာဆိုသည်ကို မြင်သောအခါ ကျန်မော့ မတ်တပ်ရပ်လိုက်ပြီး

“အားလုံးက ကျုပ်ကို ယုံကြည်ကြတဲ့အတွက် အစီအစဉ်အတိုင်း ဆက်သွားကြတာပေါ့။ ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို ကျုပ် မြန်မြန်ရောက်လေလေ အန်းယွမ်လုကျင်ကို ဒီအကြောင်းတွေ မြန်မြန် သတင်းပို့နိုင်လေ‌ ဖြစ်မှာပါ။”

ထိုသို့ ပြောပြီးနောက် ကျန်မော့က မြို့တော်ဝန်များကို ရှေးဟောင်းဝိညာဉ်မြို့ ပြင်ပရှိ တောင်ကြားတစ်ခုသို့ ဦးဆောင်ခေါ်ဆောင်သွားသည်။ လွင့်စင်နေသော သဲများအကြားတွင် အမျိုးမျိုးသော နည်းဗျူဟာ ပုံစံများကို ရေးထွင်းထားသည့် မြင့်မားသော ကျောက်တိုင်များ မားမားမတ်မတ် ရပ်လျက် ရှိနေ၏။

ကျန်မော့

“ဒါကတော့ ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို တိုက်ရိုက် ရောက်နိုင်တဲ့ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံပဲ။”

တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို ကြည့်ရင်း လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြ၏။ နတ်အငွေ့အသက် ကင်းမဲ့နေသော ဤကဲ့သို့ နေရာမျိုး၌ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ တစ်ခု မည်သို့ ရှိနေနိုင်မည်နည်း။

သူတို့၏ အတွေးကို သိနေသကဲ့သို့ ကျန်မော့က ဆက်လက်၍

“ဒီ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံက သန်းပေါင်းများစွာ ကတည်းက ရှိနေခဲ့တာ။ သူ့ရဲ့ သက်တမ်းကြောင့် အသက်သွင်းဖို့အတွက် နတ်အငွေ့အသက်တွေ အမြောက်အမြား လိုအပ်တာပါ။”

ကောင်းဟုန်ပေါ်က

“မြို့တော်ဝန်ကျန်က ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို သွားဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ မြို့တော်ဝန်ကျန် စောစောသွားပြီး စောစောပြန်လာနိုင်အောင် အခုပဲ စလိုက်ကြရအောင်။”

ကောင်းဟုန်ပေါ်၏ စကားအဆုံးတွင် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံထဲသို့ သူ၏ နတ်အငွေ့အသက်များကို ချက်ချင်း ထည့်သွင်းလိုက်ရာ မကြာမီမှာပင် အခြားသူများကလည်း သက်ဆိုင်ရာ နေရာအသီးသီးမှ နတ်အငွေ့အသက်များကို ထည့်သွင်းပေးလိုက်ကြ၏။

ကျန်မော့ ပြောခဲ့သည့်အတိုင်းပင် ဤတည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံသည် မြောက်မြားစွာသော နတ်အငွေ့အသက်များကို တကယ်ပင် စုပ်ယူ အသုံးပြုခဲ့သည်။ ဤကောင်းကင်နတ်များပင် ခဏခန့်အတွင်း စွမ်းအားများစွာ ကုန်ခန်းသွားသလို ခံစားလိုက်ရသဖြင့် တစ်ယောက်တည်း ဤနည်းဗျူဟာပုံစံကို အသက်သွင်းပြီး စွမ်းအားချည့်နဲ့စွာနှင့် ခရီးဆုံးသို့ ရောက်ရှိသွားမည့် အခြေအနေကို စိတ်ပင် မကူးရဲကြချေ။

နောက်တစ်ခဏတွင် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး နည်းဗျူဟာ စင်မြင့်၏ အလယ်ဗဟို၌ ဝဲဂယက်တံခါး တစ်ခု ပေါ်လာ၏။

ကျန်မော့က ကောင်းဟုန်ပေါ်နှင့် အခြားသူများကို

“ခင်ဗျားတို့ အားလုံးရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို ရောက်လို့ အန်းယွမ်လုကျင်ကို တွေ့တဲ့အခါ ခင်ဗျားတို့ ကောင်းကြောင်းပြောပေးပါ့မယ်။”

ထိုသို့ ပြောပြီးနောက် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံအတွင်းရှိ ဝဲဂယက်ဆီသို့ ကျန်မော့ ခြေလှမ်း လှမ်းလိုက်သည်။ ဝဲဂယက်အတွင်းသို့ သူ၏ ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် ကောင်းဟုန်ပေါ်နှင့် အခြားသူများလည်း နတ်အငွေ့အသက်များ ထည့်သွင်းခြင်းကို ရပ်တန့်လိုက်ကြ၏။

သူတို့၏ နတ်အငွေ့အသက်များစွာ ကုန်ဆုံးသွားသည်ကို ခံစားမိသဖြင့် လူတစ်ဦးက

“ဒီလောက်အထိ နတ်အငွေ့အသက်တွေကို စုပ်ယူနိုင်တဲ့ ဒီ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံက ဘယ်အဆင့်ရှိလို့လဲ။”

………….

အခန်း (၁၆၄၁)

ထျန်းရှ နတ်ဘုရား နိုင်ငံတော်သို့ရောက်ရှိသွားသူ တစ်ဦး

နှစ်ပေါင်း ကုဋေကုဋာ ကြာအောင် သက်တမ်းရှည်ခဲ့ကြသည့် ကောင်းဟုန်ပေါ် အပါအဝင် သူတို့အားလုံးသည် ကောင်းကင်နတ်အဆင့် ရှိသူများ ဖြစ်ကြပြီး အမျိုးမျိုးသော တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံများကို မြင်ဖူးခဲ့ကြသည်။

ကြောက်မက်ဖွယ်ကောင်းလောက်အောင် နတ်အငွေ့အသက်များကို စုပ်ယူသည့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံများကိုလည်း သူတို့ ကြုံဖူးကြ၏။

သို့သော် များသောအားဖြင့် ထိုသို့သော စွမ်းအင် ဝါးမျိုမှုမျိုးက အလွန်ဝေးကွာသော ခရီးစဉ်များအတွက်သာ ဖြစ်လေ့ရှိသည်။ ထျန်းရှ နတ်ဘုရား နိုင်ငံတော်သည် ကစဉ့်ကလျား နယ်မြေနှင့် ဝေးကွာသည် ဆိုသော်ငြား အလွန်ဝေးကွာသည့် ခရီးတစ်ခုဟု မသတ်မှတ်နိုင်ပေ။

ထို့ကြောင့် ယုတ္တိဗေဒအရ ဤမျှအထိ နတ်အငွေ့အသက်များစွာ မကုန်ဆုံးသင့်ချေ။

ထိုအခိုက်အတန့်တွင် လွန်ခဲ့သော နှစ်ပေါင်း ကုဋေကုဋာက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တစ်ခုကို မင်ကွမ်းဟွာ ရုတ်တရက် သတိရလိုက်၏။

ထိုအချိန်က သူသည် ကစဉ့်ကလျား နယ်မြေတွင် မရှိခဲ့သော်လည်း ထိုသတင်းက ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့ခဲ့ရာ သူလည်း ကြားဖူးနားဝ ရှိခဲ့သည်။

ထျန်းရှ နတ်ဘုရား နိုင်ငံတော်မှ ချန်ဘုရင်သည် အင်အားကြီး အဖွဲ့အစည်း အသီးသီး၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံရချိန်တွင် ကစဉ့်ကလျား နယ်မြေသို့ လာရန် ရွေးချယ်ခဲ့ပြီး နောက်ဆုံးတွင် သွားစရာ မြေမရှိတော့သဖြင့် ကစဉ့်ကလျား ပင်လယ်ဆီသို့ ဦးတည်သွားခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

ဤတည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို ထိုစဉ်က ထိပ်တန်း အင်အားစုများက သူတို့၏ စစ်သည်များကို ရွှေ့ပြောင်းရန် အသုံးပြုခဲ့ခြင်း ဖြစ်နိုင်သည်။

တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံများသည် အလွန်ဝေးကွာသော ခရီးစဉ်များအတွက်သာမက လူများစွာ သို့မဟုတ် အရာဝတ္ထုများစွာကို ရွှေ့ပြောင်းသည့် အခါတွင်လည်း နတ်အငွေ့အသက် အမြောက်အမြား လိုအပ်တတ်၏။

ထို့ပြင် အချို့သော အဆင့်မြင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံများကို သုံးသည့်အခါ ရွှေ့ပြောင်းသည့် လူနှင့် ပစ္စည်း အရေအတွက် နည်းပါးလျှင်လည်း ၎င်း၏ မြင့်မားသော အဆင့်အတန်းကြောင့် တစ်ကြိမ် အသုံးပြုတိုင်း၌ နတ်အငွေ့အသက် အမြောက်အမြား ကုန်ဆုံးတတ်သည်။

ဤတည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံသည် အဆင့်မြင့်မားနေတာ ထင်ရှား၏။ ထို့ကြောင့် နတ်အငွေ့အသက်များစွာကို စုပ်ယူနေခြင်း ဖြစ်ပေလိမ့်မည်။

လွန်ခဲ့သော နှစ်ပေါင်း ကုဋေကုဋာက ဖြစ်ရပ်များကို တွေးတောရင်း မင်ကွမ်းဟွာ၏ စိတ်ထဲ တစ်ချက် တုန်လှုပ်သွား၏။ ချန်ဘုရင်က ထျန်းရှ နတ်ဘုရား နိုင်ငံတော်က ဖြစ်ပုံရကြောင်း သူ မှတ်မိနေခဲ့သည်။

ထျန်းရှ နတ်ဘုရား နိုင်ငံတော်မှ လူများက ချန်ဘုရင်ကြောင့် ကစဉ့်ကလျား နယ်မြေသို့ ရောက်ရှိလာကြခြင်း ဖြစ်နိုင်မလား။

သို့သော်လည်း ချန်ဘုရင် ကစဉ့်ကလျား နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ယခုဆိုလျှင် အရိုးပင် ကျန်တော့မည် မဟုတ်ပေ။ ထျန်းရှ နတ်ဘုရား နိုင်ငံတော်က ဤကဲ့သို့သော နေရာမျိုး၌ ချန်ဘုရင်ကို ရှာဖွေရန် လူများ အဘယ်ကြောင့် စေလွှတ်နေရသနည်း။

သို့သော် ဒါက သူ အတွေးလွန်နေခြင်းလည်း ဖြစ်နိုင်သည်။

မင်ကွမ်းဟွာက ကောင်းဟုန်ပေါ်နှင့် အခြားသူများကို

“မြို့တော်ဝန်ကျန်ကတော့ ခဏတဖြုတ်နဲ့ ပြန်လာမှာ မဟုတ်သေးဘူး။ ဒါကြောင့် ကျုပ် အန်းတာမြို့ကို အရင်ပြန်နှင့်ပါရစေဦး။ အားလုံးပဲ ဂရုစိုက်ကြပါ။”

ထိုစကားများနှင့်အတူ မင်ကွမ်းဟွာလည်း သူ၏ အန်းတာမြို့ဆီသို့ ပျံသန်း ထွက်ခွာသွား၏။ မင်ကွမ်းဟွာ ထွက်ခွာသွားသည်ကို မြင်ပြီးနောက် အခြားသူများကလည်း ထိုနည်းအတိုင်းပင် ထွက်ခွာသွားကြ တော့သည်။

အန်းတာမြို့သို့ မင်ကွမ်းဟွာ ပြန်ရောက်ပြီး လအနည်းငယ်အတွင်း၌ သူတို့၏ အရေးကိစ္စများ ပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့် အမွေးဖြူမြို့ကို သူ အမြဲ စောင့်ကြည့်နေခဲ့သည်။ ကံကောင်းသည့် အချက်က ထိုအတောအတွင်း အမွေးဖြူမြို့ဘက်မှ ထူးခြားသည့် လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

သို့သော်လည်း မင်ကွမ်းဟွာသည် အန်းတာမြို့သို့ ပြန်ရောက်ချိန်မှစ၍ ကြီးမားသော ဘေးအန္တရာယ်တစ်ခု ကျရောက်တော့မည့်အလား စိတ်မအေးစရာ ခံစားချက်တစ်ခုကို မဖျောက်ဖျက်နိုင်ပဲ ရှိနေသည်။

……..

အန်းတာမြို့။

လျှို့ဝှက်ခန်းမ အတွင်း၌။

ခန်းမ၏ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံ အလယ်ဗဟို၌ မျက်လုံးများကို တင်းတင်းပိတ်လျက် မင်ကွမ်းဟွာ တင်ပျဉ်ခွေ ထိုင်နေ၏။ ထိုစဉ် ရုတ်တရက် တစ်ခုခုကို သတိရလိုက်သည့်အလား သူ၏ မျက်လုံးများ ပွင့်လာပြီးနောက် မတ်တပ်ရပ်ကာ လျှို့ဝှက်ခန်းမ၏ အနက်ရှိုင်းဆုံးဆီသို့ လျှောက်သွားသည်။

အန်းတာမြို့၏ အောက်ခြေတွင် တစ်မြို့လုံးနီးပါးစာ ကျယ်ဝန်းသည့် မြေအောက်နန်းတော်တစ်ခု ရှိနေသည်။ ထိုမြေအောက်နန်းတော်၌ ရှည်လျားသော သမိုင်းကြောင်း ရှိ၏။

သူ အန်းတာမြို့သို့ ရောက်ရှိလာကတည်းက ထိုနန်းတော် ရှိနေနှင့်ပြီးသား ဖြစ်သည်။ လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် မြေအောက်နန်းတော်ထဲသို့ မင်ကွမ်းဟွာ ဝင်ရောက်လာပြီး အကြီးဆုံးသော ခန်းမသို့ ရောက်ရှိလာ၏။

ထိုခန်းမအတွင်း၌ နတ်များ၏ ရုပ်အကြွင်းများ ရှိနေသော ခေါင်းတလားများစွာ ရှိနေသည်။ သို့သော် အချိန်များစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်ရာ နတ်ရိုးများပင်လျှင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်နေပြီဖြစ်၏။

ထိုနတ်ရုပ်အလောင်းများသည် မင်ကွမ်းဟွာအတွက် တန်ဖိုးတစ်စုံတစ်ရာ မရှိသဖြင့် ရှင်းလင်းခြင်း မပြုခဲ့ပဲ ခန်းမထဲ၌သာ ဒီအတိုင်း ထားရှိခဲ့ခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ခန်းမ၏ ကျောက်တိုင်များပေါ်ရှိ အင်းကွက်များကို မင်ကွမ်းဟွာ၏ အကြည့် ရောက်ရှိသွား၏။ ၎င်းတို့သည် ကျန်မော့ အသုံးပြုခဲ့သည့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံမှ ကျောက်တိုင်များပေါ်ရှိ အင်းကွက်များနှင့် တစ်ထေရာတည်း တူညီနေ၏။

ထို့ကြောင့် ထိုကျောက်တိုင်များကို စတင် မြင်ဖူးစဉ်ကပင် ရင်းနှီးမှုကို သူ ခံစားခဲ့ရသည်။ ဤခန်းမသည်လည်း တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ တစ်ခု ဖြစ်နေမလားဟု မင်ကွမ်းဟွာ တွေးမိသွား၏။

ဤတည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို အသက်သွင်းရန် ကြိုးစားသင့်၊ မသင့် တွေဝေနေရင်း မင်ကွမ်းဟွာ တွန့်ဆုတ်နေမိသည်။ အကယ်၍ တစ်နေ့တွင် သူတို့က ကျန်မော့ကို ကစဉ့်ကလျား နယ်မြေမှ ထွက်ခွာရန် ကူညီပေးခဲ့သည်ကို သိသွားခဲ့ပါက ဤတည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံက သူ့ကို တိုက်ရိုက် ထွက်ခွာခွင့် ပေးနိုင်မည် ဖြစ်၏။

ဤတည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ၏ ကြောက်မက်ဖွယ် နတ်အငွေ့အသက် စုပ်ယူမှုကို ထည့်တွက်ရင်း မင်ကွမ်းဟွာ တွေဝေနေမိသည်။ ခန်းမထဲတွင် အတန်ကြာအောင် အတွေးထဲ နစ်မြောပြီးနောက် အခြေအနေကို သိနိုင်ရန် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို အသက်သွင်းကြည့်ဖို့ မင်ကွမ်းဟွာ နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်။

နောက်တစ်ခဏတွင် ခန်းမထဲရှိ ကျောက်တိုင်တစ်တိုင်ဆီသို့ သူ၏နတ်အငွေ့အသက်များကို ထည့်သွင်းလိုက်၏။

သူ၏ နတ်အငွေ့အသက်များ ကျောက်တိုင်ကို ထိတွေ့လိုက်သည်နှင့် ကြောက်လန့်ဖွယ်ကောင်းသော စုပ်ယူမှုတစ်ခု ပေါ်ပေါက်လာပြီး သူ၏ နတ်အငွေ့အသက်များကို အငမ်းမရ စုပ်ယူလိုက်သဖြင့် မင်ကွမ်းဟွာ၏ မျက်နှာမှာ သိသိသာသာ ပျက်သွားသည်။

ဘာတွေ ဖြစ်နေတာလဲ။

သူ၏ နတ်အငွေ့အသက်များကို ရုပ်သိမ်းရန် ချက်ချင်း ကြိုးစားလိုက်သော်လည်း မရပဲ သူ၏ တစ်ကိုယ်လုံးလည်း ကြမ်းပြင်တွင် အမြစ်တွယ်နေသည့်အလား ဖြစ်နေသည်ကိုသာ တွေ့လိုက်ရ၏။ သူ၏ ကိုယ်တွင်းရှိ နတ်အငွေ့အသက်များ ကြောက်မက်ဖွယ်ကောင်းသော နှုန်းဖြင့် လျင်မြန်စွာ ကုန်ဆုံးနေသည်ကို ခံစားရင်း မင်ကွမ်းဟွာက

“ကုန်ပြီ...”

ဟု မျှော်လင့်ချက် ကင်းမဲ့စွာ ညည်းတွားလိုက်မိသည်။

သို့‌သော် ကံကောင်းထောက်မစွာဖြင့် စုပ်ယူမှုက မကြာရှည်ခဲ့ပေ။ သူ၏ နတ်အငွေ့အသက်များ ကုန်ဆုံးလုနီးပါး အချိန်၌ သူ၏ ခြေထောက်အောက်မှ နည်းဗျူဟာ ပုံစံ၏ အလင်းတန်းများ ထွက်ပေါ်လာ၏။

ထိုအလင်းတန်းများ ပိုမိုတောက်ပလာသည်နှင့်အမျှ အာကာသ စွမ်းအား၏ လှိုင်းလုံးများကို မင်ကွမ်းဟွာ အာရုံခံမိလိုက်၏။ မင်ကွမ်းဟွာ၏ စိတ်ထဲ အကြီးအကျယ် တုန်လှုပ်သွား၏။

သွားပြီ...

တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ အတွင်းမှ မင်ကွမ်းဟွာ မထွက်ခွာနိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်သည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး အမြင်အာရုံများလည်း အမှောင်အတိ ကျသွားတော့သည်။

မင်ကွမ်းဟွာ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ ကျယ်ပြောလှသော တည်နေရာရွှေ့ပြောင်း ကွင်းပြင်ကြီးတစ်ခုပေါ်တွင် ရောက်ရှိနေတာကို တွေ့လိုက်ရ၏။ နောက်တစ်ခဏတွင် တည်နေရာရွှေ့ပြောင်း ကွင်းပြင်ပေါ်ရှိ စစ်သည်များက မင်ကွမ်းဟွာကို ဝိုင်းရံလိုက်ပြီး

“ခင်ဗျား ဘယ်သူလဲ”

မင်ကွမ်းဟွာ၏ မျက်နှာ ချက်ချင်းပင် ဖြူလျော့သွား၏။ ကွင်းပြင်ပေါ်ရှိ ဦးဆောင်နေသည့် နတ်ထံမှ ရွှေနတ် အဆင့်၏ ဖိအားကို သူ ရှင်းလင်းစွာ ခံစားနေရသည်။ မင်ကွမ်းဟွာက

“သခင်... သနားညှာတာပေးပါ။ ကျုပ် ကစဉ့်ကလျား နယ်မြေက လာတာပါ”

ဟု အလျင်အမြန် တောင်းပန်လိုက်၏။

မင်ကွမ်းဟွာ၏ စကားကို ကြားလျှင် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ၏ တပ်မှူး ခဏခန့် မှင်တက်သွား၏။

ကစဉ့်ကလျား နယ်မြေကလား။

အဲ့ဒီနေရာမှာ မြေအဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံတစ်ခု ဘယ်တုန်းက တပ်ဆင်ထားခဲ့လို့လဲ။

ဤသူသည် တစ်နေရာရာမှ လာသော သူလျှိုဖြစ်ရမည်။

ထိုအတွေးနှင့်အတူ ရှင်းရွှီက သူ၏ နောက်မှ စစ်သည်များကို

“သူ့ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းကြ”

မင်ကွမ်းဟွာ ထိတ်လန့်သွား၏။ သူပင် မသိလိုက်ပဲ နေရာစိမ်းတစ်ခုသို့ ရောက်ရှိကာ ဖမ်းဆီးခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထို့ကြောင့် အင်အားစုတစ်စု၏ သူလျှိုဟု ဧကန်မုချ အထင်ခံရမည်ဖြစ်ပြီး ထိုအတိုင်းသာ သူတို့အတည်ပြုလိုက်ပါက သူ မလွဲမသွေ သေရပေတော့မည်။

မင်ကွမ်းဟွာက

“သခင်... ကျုပ်ကို ချမ်းသာပေးပါ။ ကျုပ် ဒီကို ရောက်လာတာ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို မတော်တဆ အသက်သွင်းမိလို့ပါ”

ဟု အလျင်စလို ပြောလိုက်၏။

ရှင်းရွှီက သူ၏ ဖိအားများကို ချက်ချင်း ထုတ်လွှတ်လိုက်ရင်း ပြင်းထန်စွာ ဖိနှိပ်လိုက်ရာ မင်ကွမ်းဟွာလည်း ကြမ်းပြင်ပေါ်၌ ပက်လက်လန်သွားပြီး လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

“ မတော်တဆ ဟုတ် မဟုတ် ဆိုတာကိုတော့ စစ်ဆေးပြီးမှ သိရမှာပေါ့။”

သူတို့ တည်ဆောက်ထားသည့် မြေအဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံအား အရေးကြီး ပုဂ္ဂိုလ်များသာ အသုံးပြုနိုင်ပြီး တိကျစွာ သတ်မှတ်ထားသော နေရာအနည်းငယ်နှင့်သာ ဆက်သွယ်ထားခြင်း ဖြစ်သည်။

ယခု ကစဉ့်ကလျား နယ်မြေမှ တစ်စုံတစ်ယောက်က ဤနည်းဗျူဟာ ပုံစံကို အသုံးပြု၍ ရောက်ရှိလာ၏။ ထိုသူ သူလျှိုမဟုတ်ဟု သူ မယုံကြည်နိုင်ချေ။

မကြာမီမှာပင် မင်ကွမ်းဟွာကို ဖမ်းဆီးကာ ကောင်းကင်အကျဉ်းထောင်ထဲသို့ ပစ်ထည့်လိုက်သော်လည်း ရှင်းရွှီက သူ့ကို မဆင်မခြင် ကိုင်တွယ်ခြင်း မပြုခဲ့ပေ။ မည်သို့ပင်ဆိုစေ မင်ကွမ်းဟွာသည် အန်းယွမ်လုကျင်၏ ကိုယ်ပိုင် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံဖြစ်သည့် မြေအဆင့် နည်းဗျုဟာ ပုံစံကို အသုံးပြု၍ ရောက်ရှိလာခြင်း ဖြစ်၏။

အန်းယွမ်လုကျင်နှင့် သက်ဆိုင်နေသဖြင့် ဤကိစ္စကို အစီရင်ခံရန် လိုအပ်သည်။ ဝေခွဲမနေတော့ပဲ အန်းယွမ်လုကျင်၏ စံအိမ်တော်သို့ ရှင်းရွှီ တိုက်ရိုက် သွားလိုက်၏။

….

ခန်းမကြီးအတွင်း။

သူ၏ လက်ထဲမှ အသစ်ရရှိထားသော ထောက်လှမ်းရေး သတင်းကို ကြည့်ရင်း လုကျင် မျက်မှောင်ကြုတ်ထားသည်။

သူ၏ မျက်နှာအမူအရာသည် အလွန်ပင် တည်ကြည် လေးနက်နေ၏။

ထိုအခိုက်အတန့်တွင် တံခါးဝရှိ အစေခံက

“မင်းကြီး... တပ်မှူးရှင်းက တွေ့ခွင့်တောင်းနေပါတယ်။”

All Chapters