← Chapters

အခန်း (၁၆၄၂-၁၆၄၄)

Vol. 110 Ch. 1642-1644

အခန်း (၁၆၄၂-၁၆၄၄)

Vol. 110 Ch. 1642-1644

အခန်း (၁၆၄၂)

မမျှော်လင့်သော တိုက်ဆိုင်မှု

တံခါးစောင့်၏ စကားကို ကြားလျှင် လက်ထဲရှိ ထောက်လှမ်းရေး အစီရင်ခံစာကို လုကျင် ချထားလိုက်၏။ တံခါးဝဆီသို့ လှမ်းကြည့်လိုက်ရင်း လုကျင်၏ စိတ်ထဲတွင်

“သူက ဘာလို့ ဒီကို ရောက်နေတာလဲ”

ဟု သံသယများ ဝင်ရောက်လာသည်။

မြေအဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို ပျက်စီးမှု မရှိအောင် စောင့်ကြပ်ရန်က ရှင်းရွှီ၏ အဓိက တာဝန်ဖြစ်၏။ ထိုတာဝန်က အရေးကြီးသည်ဟု ဆိုနိုင်သလို အရေးမကြီးဟုလည်း ဆိုနိုင်၏။

အကယ်၍ တစ်နေ့တွင် စွမ်းအားကြီးမားသော ရန်သူနှင့် လုကျင် ထိပ်တိုက်တွေ့ခဲ့ပါက ထိုမြေအဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ၏ အခန်းကဏ္ဍက သိသာထင်ရှားလာမည် ဖြစ်သည်။ သို့သော် လောလောဆယ်တွင် သူ၏ နယ်မြေအတွင်း၌ သူ့အသက်ကို ခြိမ်းခြောက်နိုင်လောက်သည့် ရန်သူမျိုး မရှိသဖြင့် ထိုနည်းဗျူဟာ ပုံစံကို အသုံးမပြုစရာ မလိုပေ။

လုကျင်က

“ဝင်ခဲ့”

လုကျင်၏ စကားအဆုံးတွင် ပင်မဆောင်အတွင်းသို့ ရှင်းရွှီ ဝင်လာ၏။

ရှင်းရွှီက

“ဘုရင်ကြီးကို ဂါရဝပြုပါတယ်”

လုကျင်က ရှင်းရွှီကို

“ထုံးစံတွေ ထားလိုက်ပါ... ဘာကိစ္စရှိလို့လဲ”

ရှင်းရွှီက

“မင်းကြီး... ဒီနေ့ မြေအဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို သုံးပြီး နတ်တစ်ပါး နန်းတော်ကို ရောက်လာပါတယ်။”

ထိုစကားကို ကြားလျှင် လုကျင် အံ့အားသင့်သွား၏။

သူ၏ မြေအဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံသည် သူ၏ ပုဂ္ဂလိကပိုင် နည်းဗျူ ပုံစံ ဖြစ်ပြီး သွားလာနိုင်သည့် နေရာများကိုလည်း တိတိကျကျ သတ်မှတ်ထားသည့်အပြင် သူ၏ လူများကသာ စောင့်ကြပ်နေခြင်း ဖြစ်သည်။ သူ၏ အမိန့်မပါပဲ မည်သူမှ ထိုနည်းဗျူဟာ ပုံစံကို အသုံးပြုခွင့် မရှိချေ။

လုကျင်က

“အဲ့ဒါ ဘယ်သူလဲ... ဘယ်ကနေ ရောက်လာတာလဲ”

ရှင်းရွှီက

“သူက ကစဉ့်ကလျား နယ်မြေကနေ လာတာလို့ ပြောပါတယ်”

“ဟင်...”

ရှင်းရွှီ၏ အဖြေကို ကြားလျှင် လုကျင် ခဏခန့် မှင်တက်သွားမိသည်။

ကစဉ့်ကလျား နယ်မြေ ဟုတ်လား။

လွန်ခဲ့သော ဆယ်နှစ်ခန့်က သူသည် ရှောင်ယွမ်ကျီကို ကစဉ့်ကလျား နယ်မြေသို့ စေလွှတ်ခဲ့သော်လည်း ယနေ့တိုင် မည်သည့် သတင်းစကားမှ ပြန်မရခဲ့ချေ။ ယခုမူ မမျှော်လင့်ပဲ ကစဉ့်ကလျား နယ်မြေမှ တစ်စုံတစ်ယောက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ကစဉ့်ကလျား နယ်မြေဟူသော အသံကို ကြားသည်နှင့် လုကျင် အခြေအနေကို ချက်ချင်း ရိပ်မိလိုက်၏။ လွန်ခဲ့သော နှစ်ပေါင်း သန်းထောင်ချီက သူထားရစ်ခဲ့သည့် မြေအဆင့် နည်းဗျူဟာ ပုံစံကို ထိုသူက ရှာတွေ့သွားပြီး နန်းတော်သို့ ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။

ထိုစဉ်က လုချန်း ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်ပြီးနောက် အပြန်လမ်းက အလွန်ဝေးကွာလှသဖြင့် ကစဉ့်ကလျား နယ်မြေ၌ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံတစ်ခုကို တည်ဆောက်ကာ သူ၏ နယ်မြေသို့ ပြန်လာခဲ့ခြင်း ဖြစ်၏။ သူထွက်ခွာသွားပြီးနောက် မည်သူကမှ ထိုနည်းဗျူဟာ ပုံစံကို မဖျက်ဆီးခဲ့သဖြင့် ထိုနေရာ၌ပင် ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် မည်သည့် ပြုပြင်ထိန်းသိမ်းမှုမျှ မရှိပဲ နှစ်ပေါင်း သန်းထောင်ချီ ကြာပြီးတာအောင် ထိုနည်းဗျူဟာ ပုံစံ အလုပ်လုပ်နေဆဲ ဖြစ်တာက အံ့သြစရာပင်။ ထိုသူ၏ ကံကောင်းမှုကြောင့်လားဟုလည်း သူ မဝေခွဲနိုင်တော့ချေ။

လုကျင်က ရှင်းရွှီကို

“သူ့ရဲ့ ကျင့်စဉ်အဆင့်က ဘာလဲ”

ရှင်းရွှီက

“ကောင်းကင်နတ် အဆင့်ပါ”

လုကျင်က

“ကောင်းကင်နတ် တစ်ယောက်က မြေအဆင့် နည်းဗျူဟာ ပုံစံကို အသက်သွင်းလိုက်တယ်ဆိုတော့ သူ့ရဲ့ နတ်အငွေ့အသက်တွေ အကုန်လုံး ကုန်ခန်းသွားလောက်မှာပေါ့”

“သူ့ကို ဒီခေါ်ခဲ့... မေးစရာတွေ ရှိတယ်”

ဆယ်နှစ်ကျော်တိုင် သတင်းအစအန ပျောက်နေသော ရှောင်ယွမ်ကျီ တစ်ခုခု ဖြစ်သွားတာ သေချာသလောက် ရှိသည်။ ကစဉ့်ကလျား နယ်မြေမှ လူတစ်ယောက် နန်းတော်သို့ ရောက်ရှိလာခြင်းက ထိုနယ်မြေ၏ လက်ရှိ အခြေအနေကို စုံစမ်းရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်၏။

ရှင်းရွှီက

“အမိန့်တော်အတိုင်းပါ မင်းကြီး”

ထိုသို့ ပြောပြီးနောက် ခန်းမအတွင်းမှ ရှင်းရွှီ ထွက်ခွာသွားပြီး မကြာမီမှာပင် ကောင်းကင်အကျဉ်းထောင်သို့ ရောက်ရှိသွားသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်အကျဉ်းထောင်အတွင်း၌ နတ်အငွေ့အသက်များ ချိပ်ပိတ်ခံထားရသော မင်ကွမ်းဟွာတစ်ယောက်ကတော့ အလွန်ပင် စိတ်ပျက်အားငယ်နေသည်။ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ အလုပ် လုပ်မလုပ် စမ်းသပ်ကြည့်ရုံ သက်သက်သာ သူ ရည်ရွယ်ခဲ့သော်လည်း မတော်တဆ အသက်ဝင်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

နှစ်ပေါင်း များစွာ ကြာမြင့်နေပြီ ဖြစ်သဖြင့် နည်းဗျူဟာ ပုံစံ၏ အင်းကွက်များတွင် ချို့ယွင်းချက် ရှိနေကာ အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် အလိုလို စတင်သွားခြင်း ဖြစ်နိုင်သည်။

သို့သော်လည်း ထိုသို့ ဖြစ်ရသည့် အကြောင်းရင်းကို သိသွားသည့်တိုင် ဘာမှ ထူးခြားတော့မည် မဟုတ်တော့ချေ။

သူသည် အကျဉ်းထောင်ထဲသို့ ရောက်နေပြီ ဖြစ်ကာ သူ့စကားများကိုလည်း သူတို့ကယုံကြည်မည် မဟုတ်သဖြင့် သူလျှိုတစ်ယောက်ကဲ့သို့ ကွပ်မျက်ခံရတော့မည် ဖြစ်သည်။ သူ၏ ကံကြမ္မာကို တွေးတောရင်း မင်ကွမ်းဟွာ လေးလံစွာ သက်ပြင်းကို ချနေမိ၏။

သူသည် ကောင်းကင်နတ် တစ်ယောက် ဖြစ်သော်လည်း လောကီရေးရာများနှင့် ကင်းဝေးသော ကစဉ့်ကလျား နယ်မြေသို့ ထွက်ပြေးခဲ့ရ၏။

ဒါတောင် ယခုလို အခြေအနေဆိုးနှင့် ထပ်မံ ရင်ဆိုင်နေရပြန်သည်။

မင်ကွမ်းဟွာ သက်ပြင်းချလိုက်စဉ် အကျဉ်းခန်း အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။

ရှင်းရွှီက

“လိုက်ခဲ့... ဘုရင်ကြီးက တွေ့ချင်နေတယ်။”

ခဏအကြာတွင် အကျဉ်းခန်း တံခါး ပွင့်သွားသည်။

မင်ကွမ်းဟွာ အံ့သြသွား၏။

ဘုရင်ကြီး ဟုတ်လား။

ဘယ်ဘုရင်ကြီးပါလိမ့်။

မင်ကွမ်းဟွာက

“လူကြီးမင်း... ခင်ဗျားပြောတဲ့ ဘုရင်ကြီးက ဘယ်သူလဲဆိုတာ သိပါရစေ။”

ရှင်းရွှီက မင်ကွမ်းဟွာကို

“ခင်ဗျား ဘယ်ကို ရောက်နေလဲဆိုတာတောင် မသိဘူးလို့ မပြောနဲ့နော်။”

မင်ကွမ်းဟွာက

“လူကြီးမင်း... အဲ့ဒီ နည်းဗျူဟာ ပုံစံကို ကျုပ် မတော်တဆ အသက်သွင်းလိုက်မိတာပါ... ဒီနေရာက ဘယ်နေရာလဲဆိုတာ တကယ်မသိလို့ပါ။”

ရှင်းရွှီက

“စကားတွေ များမနေနဲ့... လိုက်ခဲ့”

ထိုသူကို စစ်ဆေးမေးမြန်းခြင်း သို့မဟုတ် ဝိညာဉ်ရှာဖွေခြင်း မပြုလုပ်ရသေးသဖြင့် သူ့ကို သူလျှိုတစ်ယောက်ဟု ရှင်းရွှီ သံသယဝင်နေဆဲ ဖြစ်၏။ မင်ကွမ်းဟွာလည်း ရွေးချယ်စရာ မရှိသဖြင့် တိတ်ဆိတ်စွာသာ လိုက်ပါလာရတော့သည်။

ရှင်းရွှီ၏ နောက်မှ လိုက်လာရင်း ခမ်းနားထည်ဝါသော ပင်မဆောင်ကြီးသို့ သူတို့ ရောက်ရှိလာကြ၏။ ခန်းမအတွင်းရှိ သိပ်သည်းလှသော နတ်အငွေ့အသက်များကို ခံစားမိသည်နှင့် နတ်ဘုရား နိုင်ငံတော်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မင်ကွမ်းဟွာ ချက်ချင်း သိလိုက်ရသည်။

သို့သော် ဤနေရာက မည်သည့် နိုင်ငံထဲမှာလဲ။

မင်ကွမ်းဟွာကို ခေါ်ဆောင်လာပြီးနောက်

ရှင်းရွှီက

“ဘုရင်ကြီး... နည်းဗျူဟာ ပုံစံမှာ ပေါ်လာတဲ့သူကို ခေါ်လာပါပြီ။”

လုကျင်၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ခံစားလိုက်ရသည်နှင့် မင်ကွမ်းဟွာလည်း မည်သူမှန်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ဂရုမစိုက်တော့ပဲ ချက်ချင်းပင် ဒူးထောက်လိုက်ကာ

“ဘုရင်ကြီးကို ဂါရဝပြုပါတယ်”

မင်ကွမ်းဟွာက ဆက်လက်၍

“အသက်ချမ်းသာပေးပါ ဘုရင်ကြီး... အဲဒီ နည်းဗျူဟာ ပုံစံက ဘုရင်ကြီးပိုင်တာမှန်း ကျုပ် တကယ်မသိခဲ့ပါဘူး... မတော်တဆ အသက်သွင်းလိုက်မိတာပါ။”

ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်၌ ဝပ်တွားနေသော မင်ကွမ်းဟွာကို ကြည့်ကာ လုကျင်က ခပ်အေးအေးပင် မေးမြန်းလိုက်သည်။

“ခင်ဗျားက ကစဉ့်ကလျား နယ်မြေကနေ လာတာလို့ ကြားတယ်”

မင်ကွမ်းဟွာက

“ဟုတ်ပါတယ်။”

လုကျင်က

“ဒါဆိုရင် ကစဉ့်ကလျား နယ်မြေမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ခင်ဗျား ကောင်းကောင်း သိမှာပေါ့။”

နတ်အငွေ့အသက်များ မရှိသော ကစဉ့်ကလျား နယ်မြေတွင် နေထိုင်သော ကောင်းကင်နတ် တစ်ယောက်အနေဖြင့် ထိုနေရာ၌ အဆင့်အတန်း တစ်ခုခု ရှိမှာ သေချာလှသဖြင့် ထိုနယ်မြေ၏ အဖြစ်အပျက်များကိုလည်း သူ သိမည် ဖြစ်သည်။ လုကျင်၏ စကားကို ကြားလျှင် မင်ကွမ်းဟွာ တုန်လှုပ်သွား၏။

သူသည် ကစဉ့်ကလျား နယ်မြေ၏ အကြောင်းများကို သိထားသော်လည်း ယခုကဲ့သို့ တိုက်ရိုက် မေးမြန်းခံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

မင်ကွမ်းဟွာ အတွေးထဲ နစ်မြောနေစဉ် လုကျင်က ဆက်လက် မေးမြန်းပြန်သည်။

“လွန်ခဲ့တဲ့ ဆယ်နှစ်က ကစဉ့်ကလျား နယ်မြေကို စစ်မှန်သောနတ် တစ်ယောက် စေလွှတ်ခဲ့တယ်... ဒါပေမဲ့ သူ့ရဲ့သတင်း အစအနပျောက်သွားတယ်... အဲ့ဒီလူအကြောင်း ခင်ဗျား သိလား။”

ကစဉ့်ကလျား နယ်မြေကဲ့သို့ နေရာမျိုးတွင် စစ်မှန်သောနတ် တစ်ယောက် ပေါ်လာခြင်းက အာရုံစိုက်မှုကို ခံရမည် ဖြစ်သဖြင့် မင်ကွမ်းဟွာအနေနှင့် ထိုသူ၏ အကြောင်းကို ကြားဖူးလိမ့်မည်ဟု လုကျင် ယုံကြည်နေသည်။

လုကျင်၏ စကားကို ကြားလျှင် မင်ကွမ်းဟွာ ထပ်မံ မှင်တက်သွားရပြန်သည်။ သို့ဆိုလျှင် လွန်ခဲ့သော ဆယ်နှစ်က စစ်မှန်သောနတ်ကို စေလွှတ်ခဲ့သူက ဤပုဂ္ဂိုလ် ပဲလား။

ကျန်မော့၏ စကားများအရ ဆိုလျှင် ဤသူက အန်းယွမ်လုကျင်သာ ဖြစ်ရမည်။ မမျှော်လင့်ပဲ အန်းယွမ်လုကျင်၏ နန်းတော်ထဲသို့ သူ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

ကျန်မော့ကော...

ကျန်မော့က သူ့ ထက် အရင် ရောက်နေရမှာ မဟုတ်လား။

စီစဉ်ထားသည့်အတိုင်း ဆိုပါက ကျန်မော့သည် ကစဉ့်ကလျား နယ်မြေ၏ အခြေအနေကို အန်းယွမ်လုကျင်အား အကြောင်းကြားပြီး ဖြစ်နေရမည်။ သို့သော် အဘယ်ကြောင့် အန်းယွမ်လုကျင်က သူ့ကို မေးမြန်းနေရပါသနည်း။

ကျန်မော့၏ စကားကို အန်းယွမ်လုကျင်က မယုံကြည်သဖြင့် သူ့ထံမှ အတည်ပြုချက် ရယူလိုခြင်းများလား။

သူ၏ စကားအပြီးတွင် အတွေးထဲ နစ်မြောနေသော မင်ကွမ်းဟွာကို ကြည့်ကာ ထိုသူ ရှောင်ယွမ်ကျီအကြောင်း သိထားကြောင်း လုကျင် ရိပ်မိလိုက်သည်။

သတိပြန်ဝင်လာပြီးနောက် မင်ကွမ်းဟွာက လုကျင်ကို

“မင်းကြီး... အဲ့ဒီလူအကြောင်း ကျုပ် တကယ်ပဲ ကြားဖူးပါတယ်။”

ထိုသို့ ပြောရင်း မင်ကွမ်းဟွာက သူ၏ မှတ်ဉာဏ်များထဲမှ မှတ်ဉာဏ်ပုလဲ တစ်လုံးကို ထုတ်ယူလိုက်သည်။ သူ၏ ရှေ့တွင် လွင့်မျောနေသော မှတ်ဉာဏ်ပုလဲကို တွေ့လျှင် လုကျင်က မဆိုင်းမတွပင် လက်ကို ဆန့်ကာ ဖမ်းယူလိုက်၏။

မှတ်ဉာဏ်ပုလဲ လုကျင်၏ လက်ထဲသို့ ရောက်ရှိသွားပြီးနောက် မကြာမီမှာပင် မင်ကွမ်းဟွာနှင့် အခြားသူများ ရှောင်ယွမ်ကျဲနှင့် ပူးပေါင်းကာ ခရမ်းရောင်လမင်းမြို့ကို တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်များကို လုကျင် သိလိုက်ရတော့သည်။w

အခန်း( ၁၆၄၃ )

မင်ကွမ်းဟွာ အထူးသံတမန် ဖြစ်လာခြင်း

ရှောင်ယွမ်ကျီသည် သူ၏ အမိန့်ကို ဖီဆန်ကာ ချန်ဘုရင်၏ လက်အောက်ငယ်သားဟောင်းများကို ကိုယ့်သဘောဖြင့်ကိုယ် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း မှတ်ဉာဏ်ပုလဲမှတစ်ဆင့် လုကျင် သိလိုက်ရ၏။ ထိုအကြောင်းကို သိလျှင် လုကျင်၏ မျက်နှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

အမွေးဖြူမြို့ကို စောင့်ကြည့်ရန်နှင့် ချန်ဘုရင်နှင့် ပတ်သက်သည့် သတင်းရလျှင် ချက်ချင်း အစီရင်ခံရန်သာ ရှောင်ယွမ်ကျီကို အမိန့်ပေးခဲ့ခြင်းဖြစ်၏။ သို့သော် ရှောင်ယွမ်ကျီက အမွေးဖြူမြို့ကို သူ့သဘောဖြင့်သူ အရေးယူဆောင်ရွက်ခဲ့သည်။

ရှောင်ယွမ်ကျီ၏ ရည်ရွယ်ချက်ကို လုကျင် ချက်ချင်း ရိပ်မိလိုက်သည်။ ချန်ဘုရင်ကို ရှာဖွေပြီးနောက် ထိုသတင်းကို အသုံးချကာ ကွမ်းရန်ဘုရင်ထံ ခိုလှုံဖို့ ကြိုးပမ်းနေခြင်းဖြစ်လိမ့်မည်။

ထိုသို့ တွေးမိရင်း လုကျင် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။

လုကျင်၏ တုံ့ပြန်မှုကို မြင်လျှင် သူကြောင့် လုကျင် အမျက်ထွက်သွားသည်ဟု မင်ကွမ်းဟွာ ထင်မှတ်သွားကာ သူ၏ ခေါင်းကို ပို၍ပင် နှိမ့်ချကာ ဦးညွှတ်လိုက်၏။

လုကျင် ကြည့်ရှုနိုင်ရန် သူ၏ မှတ်ဉာဏ်များကိုပင် ထုတ်ပေးထားခဲ့သော်လည်း အဘယ်ကြောင့် လုကျင် ဤမျှ ဒေါသထွက်နေရသနည်း။

အမွေးဖြူမြို့၏ နောက်ကွယ်ရှိ လူကြောင့်များ ဒေါသပေါက်ကွဲနေခြင်းလား။

ထိုအတွေးနှင့်အတူ မင်ကွမ်းဟွာက

“ဘုရင်ကြီး... ကျုပ်အသက်ကို ချမ်းသာပေးပါ။ အမွေးဖြူမြို့ နောက်ကွယ်ကလူဆီမှာ ဟန်ဆောင်ပြီး လက်နက်ချဖို့ ကျုပ် အတင်းအကျပ် ခိုင်းစေခံခဲ့ရတာပါ။”

လုကျင်က မင်ကွမ်းဟွာ၏ စကားများကို ဂရုမစိုက်ပဲ သူ့ဘာသူ ရေရွတ်လိုက်၏။

“သူပြန်လာတာကို ကျုပ်သိနေပြီဆိုတာ သူရိပ်မိသွားပုံပဲ။ သူသိနေမှတော့ ဖုံးကွယ်ထားဖို့ မလိုတော့ဘူးပေါ့။”

မင်ကွမ်းဟွာက လုကျင် ဝေ့ဝဲကြည့်ကာ

“ခင်ဗျားကို ကျုပ်ဆီမှာ ခိုလှုံခွင့်ပေးမယ်”

ထိုစကားကို ကြားလျှင် မင်ကွမ်းဟွာ မှင်တက်သွား၏။ အမှန်အတိုင်းပြောရလျှင် သူ ငြင်းပယ်ချင်နေသည်။

ကစဉ့်ကလျား နယ်မြေကဲ့သို့သော နေရာမျိုးသို့ ထွက်ပြေးလာခြင်းကပင် သူသည် ပဋိပက္ခများကို မနှစ်သက်သူဖြစ်ကြောင်း သက်သေပြနေသည်။ ထို့ပြင် သူ၏ ကန့်သတ်များရှိသော စွမ်းဆောင်ရည်ကိုလည်း သူကိုယ်တိုင် ကောင်းစွာ သိထားသည်။

နောင်အနာဂတ်တွင် ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ သူ ဘယ်သောအခါမှ တက်လှမ်းနိုင်မည်မဟုတ်ချေ။ သူ၏ ဘဝကို အေးအေးချမ်းချမ်းသာ ကုန်ဆုံးလိုပေသည်။

ထျန်းရှနတ်ဘုရား နိုင်ငံတော်၏ ဘုရင်တစ်ပါးထံ ခိုလှုံရန် ရွေးချယ်လိုက်ပါက နန်းလုပွဲအတွင်း မလွဲမသွေ ပါဝင်ပတ်သက်ရပေလိမ့်မည်။ ကောင်းကင်နတ်တစ်ဦးအနေနှင့် နိုင်ငံတော်၏ အာဏာလုပွဲတွင် အမြောက်စာအဖြစ်သာ အဆုံးသတ်ရဖို့ များသည်။

ဤအတိုင်း နေပါက နှစ်သန်းပေါင်းများစွာ ဆက်လက်ရှင်သန်နိုင်သော်လည်း အန်းယွမ်ဘုရင်ထံ ခိုလှုံလိုက်ပါက နှစ်တစ်ထောင်ပင် ခံလိမ့်မည်မဟုတ်ပေ။

စိတ်မပါသော်လည်း လက်ရှိအခြေအနေအရ သူ သဘောတူရန်သာ ရှိတော့သည်။ အန်းယွမ်ဘုရင်ထံ ခိုလှုံခြင်း မပြုပါက သူ ယခုပင် သေဆုံးရပေလိမ့်မည်။

ထိုသို့တွေးတောရင်း မင်ကွမ်းဟွာက လုကျင်ကို

“ဘုရင်ကြီးထံ ခိုလှုံဖို့ ကျုပ် အသင့်ပါပဲ။ ဘုရင်ကြီးအတွက်ဆိုရင် မီးထဲပဲဖြစ်ဖြစ်၊ ရေထဲပဲဖြစ်ဖြစ် ဆင်းရဲဒုက္ခတွေကို မတွန့်မတို ရင်ဆိုင်ပါ့မယ်။”

လုကျင်က တည်ငြိမ်သော မျက်နှာထားဖြင့်

“မီးထဲရေထဲ ဆင်းဖို့ မလိုပါဘူး။ ကစဉ့်ကလျား နယ်မြေကို စေလွှတ်မယ့် အထူးသံတမန်အဖြစ် ဆောင်ရွက်ပေးရင် ရပြီ။”

“သူပြန်လာတာကို ငါသိနေပြီဆိုတာ သူ သိသွားမှတော့ သူ့နဲ့ ယာယီပူးပေါင်းလိုက်တာ ပိုကောင်းမယ်”

ဟု လုကျင် တွေးတောလိုက်၏။

ချန်ဘုရင် ပြန်လာပြီးနောက် ကလဲ့စား ချေချင်ပါက သူ၏ စွမ်းအားကို အမြန်ဆုံး ပြန်လည်တည်ဆောက်ပြီး အင်အားစုများကို ချဲ့ထွင်ရမည်။ ယခုအချိန်တွင် လုကျင့်ဖူသည် ထျန်းရှနတ်ဘုရား နိုင်ငံတော်၏ အရှင်သခင် မဖြစ်သေးသဖြင့် ချန်ဘုရင်အဖို့ ကလဲ့စားချေစားရန် ပိုလွယ်ကူပေလိမ့်မည်။

အကယ်၍ လုကျင့်ဖူသာ နိုင်ငံတော်တစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် အရှင်သခင် ဖြစ်သွားပါက ကလဲ့စားချေရန် မလွယ်ကူတော့ချေ။

လုကျင်၏ စကားကို ကြားလျှင် မင်ကွမ်းဟွာ မှင်တက်သွားသည်။

အထူးသံတမန်တဲ့လား။

ရှောင်ယွမ်ကျီ၏ အဆုံးသတ်ကို တွေးမိလျှင် မင်ကွမ်းဟွာ စိုးရိမ်ပူပန်လာ၏။

အန်းယွမ်ဘုရင်၏ အထူးသံတမန် ဖြစ်လာပါက ရှောင်ယွမ်ကျီကဲ့သို့ပင် သူ အဆုံးသတ်ရမှာလား။

သို့သော် လက်ရှိအခြေအနေအရ သဘောတူရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။ မင်ကွမ်းဟွာက

“ဘုရင်ကြီးကို ကျုပ် စိတ်ပျက်အောင် မလုပ်ပါဘူး”

လုကျင်က

“ကောင်းပြီ... အခု ကစဉ့်ကလျား နယ်မြေကို ပြန်သွားပြီး အမွေးဖြူမြို့ နောက်ကွယ်ကလူကို ကျုပ်ကိုယ်စား သတင်းစကား တစ်ခု ပါးလိုက်ပါ။”

ထိုသို့ပြောပြီးနောက် မှတ်ဉာဏ်ပုလဲတစ်ခုကို လုကျင် ထုတ်ယူလိုက်ပြီး

“ချန်ဘုရင်... မတွေ့တာ ကြာပြီနော်။ ခင်ဗျား ပြန်လာပြီဆိုတာ ကြားလို့ ကစဉ့်ကလျား နယ်မြေကို ကိုယ်တိုင်လာပြီး စကားပြောချင်ပေမဲ့ ထျန်းရှနတ်ဘုရား နိုင်ငံတော်ရဲ့ အခြေအနေတွေက ရှုပ်ထွေးနေလို့ အခွင့်အရေး မသာခဲ့ဘူး။”

“ထျန်းရှနတ်ဘုရား နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ခင်ဗျားနဲ့ ဆွေးနွေးဖို့ လူလွှတ်ဖို့ ပြင်နေတုန်းမှာပဲ အဲ့ဒီခွေးသား လက်ပါးစေက ခွင့်ပြုချက်မရှိပဲ ခင်ဗျားရဲ့လူတွေကို သွားတိုက်ခိုက်ခဲ့တယ်။ ဒီကိစ္စအတွက် ကျုပ် တောင်းပန်ပါတယ်။”

“အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကိုတော့ ကျုပ် အများကြီး မပြောတော့ပါဘူး။ ခင်ဗျားလည်း နားလည်မှာပါ။ အဲဒီတုန်းက ကွမ်းရန်ဘုရင်က အင်အားကြီးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ခင်ဗျားကို ကစဉ့်ကလျား ပင်လယ်ထဲ ရောက်အောင် တွန်းပို့ခဲ့တာ။ ခင်ဗျား မတရားခံရတာကို ကျုပ်သိပေမဲ့ အဲ့ဒီတုန်းက ကျုပ်မှာ ဘာစွမ်းအားမှ မရှိလို့ မကူညီနိုင်ခဲ့ဘူး။”

“ခင်ဗျား ခုမှ ပြန်လာတာဆိုတော့ စွမ်းအားတွေ ပြန်ပြည့်ဖို့ ကျင့်စဉ်အရင်းအမြစ်တွေ လိုအပ်မှာပဲ။ လိုအပ်တာရှိရင် ကျုပ်ရဲ့ အထူးသံတမန်ကိုသာ ပြောပါ။ ကျုပ် အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်။”

လုကျင်၏ စကားကို ကြားလျှင် မင်ကွမ်းဟွာ တုန်လှုပ်ချောက်ချားသွားသည်။

ချန်ဘုရင်...။

အမွေးဖြူမြို့၏ နောက်ကွယ်ရှိလူက လွန်ခဲ့သော နှစ်ပေါင်းသန်းပေါင်းများစွာက ထျန်းရန်နတ်ဘုရား နယ်မြေတစ်ခုလုံးတွင် ကျော်ကြားခဲ့သည့် ချန်ဘုရင် ဖြစ်နေတာလား။

သူ အသက်ရှင်နေတုန်းလား။

ကြီးမားသော ဝဲဂယက်ကြီးတစ်ခုအတွင်း သူ ပိတ်မိနေပြီဟု မင်ကွမ်းဟွာ ခံစားလိုက်ရသည်။ ထိုစဉ်က ထျန်းရန်နတ်ဘုရား နယ်မြေရှိ အင်အားကြီးအဖွဲ့အစည်းများသည် ချန်ဘုရင်ကို သုတ်သင်ရန် နတ်သခင်အဆင့် ကျင့်ကြံသူများကိုပင် စေလွှတ်ခဲ့ကြ၏။

အကယ်၍ ချန်ဘုရင် ပြန်လာသည့် သတင်းသာ ပေါက်ကြားသွားပါက ထိုအဖွဲ့အစည်းများက ကစဉ့်ကလျား နယ်မြေသို့ ပညာရှင်များကို ထပ်မံစေလွှတ်၍ ချန်ဘုရင်ကို နှိမ်နင်းကြပေလိမ့်မည်။

အန်းယွမ်ဘုရင်၏ အထူးသံတမန်တစ်ဦးအနေနှင့် သူသည် ချန်ဘုရင်နှင့် ပတ်သက်ဆက်နွှယ်သွားပြီဖြစ်၏။ ထိုအဖွဲ့အစည်းများမှ ပညာရှင်များက သူ့ကို အလွယ်တကူ သုတ်သင်ပစ်လာနိုင်သည်။

ထိုသို့ တွေးမိရင်း မင်ကွမ်းဟွာ ချွေးစေးများ ပြန်လာတော့၏။

စကားပြောပြီးနောက် မှတ်ဉာဏ်ပုလဲကို မင်ကွမ်းဟွာ၏ ရှေ့သို့ရောက်အောင် နတ်အငွေ့အသက်ဖြင့် လုကျင် ထိန်းချုပ်လိုက်ကာ

“ကဲ... ဒီမှတ်ဉာဏ်ပုလဲကို ယူပြီး ကစဉ့်ကလျား နယ်မြေကို ပြန်တော့။”

ယိုင်တိုင်တိုင်ဖြင့် မင်ကွမ်းဟွာ ထရပ်ကာ

“ဟုတ်ကဲ့ပါ... ဘုရင်ကြီး”

မှတ်ဉာဏ်ပုလဲကို ယူ၍ လှည့်ထွက်မည်အပြုတွင် တစ်စုံတစ်ခုကို လုကျင် သတိရသွားသည်။

“နေဦး... ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သွေးသစ္စာဆိုရမယ်။”

မင်ကွမ်းဟွာက မတွန့်ဆုတ်ပဲ ချက်ချင်းပင် ကျိန်ဆိုလိုက်၏။

“ကျုပ် မင်ကွမ်းဟွာသည် ဒီနေ့ကြားခဲ့ရသမျှကို ဘယ်သူ့ကိုမှ ထုတ်မပြောဖို့ ကျိန်ဆိုပါသည်။ အကယ်၍ ဖောက်ဖျက်ခဲ့ရင် ကျုပ်ရဲ့အသက် သေပါစေ။ ကျုပ်ရဲ့ လမ်းစဉ်ဟာလည်း ရပ်တန့်ပြီး နတ်ဝိညာဉ်ပါ ပျက်စီးပါစေ။”

သွေးသစ္စာဆိုပြီးနောက် လုကျင်က

“ကောင်းပြီ... ရပြီ”

မင်ကွမ်းဟွာက

“ကျုပ်ကို... သွားခွင့်ပြုပါဦး”

ထို့နောက် မြေအဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို အသုံးပြု၍ မင်ကွမ်းဟွာ အန်းတာမြို့သို့ ပြန်သွား၏။ အန်းတာမြို့သို့ ရောက်လျှင် ရောက်ချင်းပင် အမွေးဖြူမြို့သို့ သူ အပြေးအလွှား သွားတော့သည်။

ထိုအခိုက်အတန့်တွင် အမွေးဖြူမြို့ရှိ လုချန်း၏ ကိုယ်ပွားသည် လျှို့ဝှက်ခန်းမအတွင်း ကျင့်စဉ်ကျင့်နေ၏။ ကစဉ့်ကလျား နယ်မြေသည် ကျင့်ကြံရန် မသင့်တော်သော်လည်း ဤကဲ့သို့ လူသူကင်းမဲ့၍ ဝေးလံခေါင်သီသော နယ်မြေတွင် လုပ်စရာ သိပ်မရှိသဖြင့် သူ၏ ကိုယ်ပွား အားလပ်နေသောကြောင့် ဖြစ်သည်။

အမွေးဖြူမြို့သို့ ကောင်းကင်နတ်တစ်ဦး၏ အငွေ့အသက် လျင်မြန်စွာ ချဉ်းကပ်လာသည်ကို လုချန်း ခံစားမိသော်လည်း ဂရုမစိုက်ခဲ့ချေ။ အမွေးဖြူမြို့က ကစဉ့်ကလျား နယ်မြေကို စိုးမိုးထားနိုင်သည့် အချိန်မှစ၍ ကောင်းကင်နတ်များ တစ်ခါတစ်ရံ လာရောက်လေ့ရှိသောကြောင့် ဖြစ်သည်။

ထိုစဉ် လုကျန့်ကျီ၏ အသံ လုချန်း၏ စိတ်ထဲသို့ ရောက်ရှိလာ၏။

“သခင်... မင်ကွမ်းဟွာက တွေ့ခွင့်တောင်းနေပါတယ်။ အစီရင်ခံစရာ အရေးကြီးတဲ့ ကိစ္စတွေ ရှိတယ်လို့ ပြောနေပါတယ်။”

ထိုအရာကို ကြားလျှင် လုချန်း ဇဝေဇဝါ ဖြစ်သွားသည်။

အရေးကြီးတဲ့ ကိစ္စတဲ့လား။

ကစဉ့်ကလျား နယ်မြေမှာ ဘယ်လို အရေးကြီးတဲ့ ကိစ္စတွေ ရှိနိုင်မှာလဲ။

ထို့နောက် လုချန်း၏ ကိုယ်ပွား လျှို့ဝှက်ခန်းမမှ ထွက်လာပြီး မြို့တော်ဝန် စံအိမ်ရှိ အစည်းအဝေးခန်းမသို့ ရောက်လာ၏။

လုချန်းကို မြင်လျှင် မင်ကွမ်းဟွာက မတွန့်ဆုတ်ပဲ ဒူးထောက်လိုက်ကာ

“ဘုရင်ကြီးကို ဂါရဝပြုပါတယ်”

မင်ကွမ်းဟွာ၏ ခေါ်ဝေါ်ပုံကို ကြားလျှင် လုချန်း၏ မျက်နှာထား တည်ကြည်သွားသည်။

ဘုရင်ကြီးတဲ့လား။

မင်ကွမ်းဟွာက သူ့ကို ‘ဘုရင်ကြီး’ လို့ ခေါ်နေပါလား။

သူက ဘုရင်တစ်ပါးဆိုတာကို မင်ကွမ်းဟွာ ဘယ်လိုသိသွားတာလဲ။

လုချန်းက

“ကျုပ်ဆီက ဘာလိုချင်တာလဲ”

မင်ကွမ်းဟွာက မှတ်ဉာဏ်ပုလဲကို ထုတ်လိုက်ပြီး

“ဒါက ထျန်းရှနတ်ဘုရား နိုင်ငံတော်ရဲ့ အန်းယွမ်ဘုရင်ကြီးက အရှင့်အတွက် ပေးလိုက်တာပါ။”

ထိုအရာကို ကြားလျှင် မင်ကွမ်းဟွာက သူ့ကို အဘယ်ကြောင့် ‘ဘုရင်ကြီး’ ဟု ခေါ်သည်ကို လုကျင် နားလည်သွားသည်။ သူ၏ မည်သူမည်ဝါဖြစ်ကြောင်း မင်ကွမ်းဟွာ သိသွားပုံရ၏။

……………

အခန်း (၁၆၄၄ )

လူမှားနေရာမှား

မင်ကွမ်းဟွာ၏ လက်ထဲမှ မှတ်ဉာဏ်ပုလဲကို လုချန်း တိုက်ရိုက်ယူကာ ဖွင့်လိုက်၏။ ထို့နောက် မှတ်ဉာဏ်ပုလဲအတွင်းရှိ မြင်ကွင်းများ အစည်းအဝေးခန်းမအတွင်း ပေါ်လာတော့သည်။

လုကျင်၏ စကားများကို ကြားပြီးနောက် လုချန်း ခပ်တိုးတိုး ရယ်လိုက်သည်။ လုကျင့်ဖူကို နှိမ်နင်းရန်အတွက် လုကျင်က နည်းလမ်းမျိုးစုံကို တကယ် အသုံးချနေပြီဖြစ်သည်။

လုချန်းသည် အင်အားကြီးအဖွဲ့အစည်းများကပင် သတ်ဖြတ်လိုသည့် လူတစ်ဦး ဖြစ်သည်။ အကယ်၍ လုကျင်က သူ့ကို ခိုလှုံခွင့်ပေးထားကြောင်း ထိုအဖွဲ့အစည်းများ သိသွားပါက လုကျင်ကိုယ်တိုင်လည်း ပစ်မှတ်ထားခံရပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ဘေးနားမှ မင်ကွမ်းဟွာကတော့ တုန်တုန်ရင်ရင် ဖြစ်နေ၏။ သတင်းပေါက်ကြားမှုကို တားဆီးရန်အတွက် လုချန်းက သူ့ကို သတ်ပစ်မှာ စိုးရိမ်နေသည်။

မှတ်ဉာဏ်ပုလဲကို ဖျက်ဆီးပြီးနောက် မင်ကွမ်းဟွာကို လုချန်း တစ်ချက်ကြည့်ကာ

“ခင်ဗျား အန်းယွမ်ဘုရင်နဲ့ ဘယ်လိုဆက်သွယ်မိလဲဆိုတာကိုတော့ ကျုပ် စုံစမ်းမနေတော့ပါဘူး။ အခု ခင်ဗျားက အန်းယွမ်ဘုရင်ရဲ့ လက်အောက်ခံ ဖြစ်နေပြီဆိုတော့ ကစဉ့်ကလျား နယ်မြေမှာပဲ အေးအေးဆေးဆေး နေပါ။ ခင်ဗျားမှာ တခြားရည်ရွယ်ချက်တွေ ရှိတယ်လို့ ကျုပ်သိရရင်တော့ ခင်ဗျား ဘယ်သူ့ဆီ ခိုလှုံနေပါစေ... ကျုပ် ခင်ဗျားကို ရှင်းပစ်ဖို့ နည်းလမ်းရှာမှာပဲ။”

မင်ကွမ်းဟွာက

“စိတ်ချပါ သခင်... ကျုပ် အန်းတာမြို့မှာပဲ အေးအေးဆေးဆေး နေပါ့မယ်”

ဟု အလျင်အမြန် ပြောလိုက်၏။

လုချန်းက

“ကောင်းပြီ... တခြားကိစ္စမရှိရင် အန်းတာမြို့ကို ပြန်တော့။”

မင်ကွမ်းဟွာက လုချန်းကို ထပ်မံ ဦးညွှတ်ကာ

“ သွားခွင့်ပြုပါဦး သခင်”

ထိုစကားများနှင့်အတူ မင်ကွမ်းဟွာလည်း အမွေးဖြူမြို့မှ ထွက်သွားတော့သည်။ မင်ကွမ်းဟွာ ထွက်သွားပြီးနောက် လုကျန့်ကျီက လုချန်း၏ အနားသို့ ချဉ်းကပ်လာကာ

“သခင်... ကျုပ်တို့ အခု ဘာဆက်လုပ်သင့်လဲ”

လုချန်း၏ မည်သူဖြစ်ကြောင်းကို သိသူများပို၍ များလာပြီဖြစ်၏။ အကယ်၍ ဤသတင်းသာ ပေါက်ကြားသွားပါက အင်အားကြီးအဖွဲ့အစည်းများက သူတို့၏ စွမ်းအားရှင်များကို ကစဉ့်ကလျား နယ်မြေသို့ စေလွှတ်လာနိုင်သည်။

လုချန်းက

“အန်းယွမ်ဘုရင်က တခြားသူရဲ့ဓားကို ငှားပြီး လူသတ်ဖို့ ဆုံးဖြတ်ထားမှတော့ သူ့ကို စိတ်ပျက်အောင် လုပ်လို့မဖြစ်ဘူးပေါ့။”

“ဒါပေမဲ့ အန်းယွမ်ဘုရင်က ဓားငှားချင်တယ်ဆိုရင်တော့ ဒီဓားကို ကျုပ်တို့ ကောင်းကောင်း သွေးပေးဖို့ လိုတယ်။ ကျုပ်တို့ဆီမှာ ဘာကျင့်စဉ်အရင်းအမြစ် လိုအပ်လဲဆိုတာ စာရင်းတွက်ပြီး မင်ကွမ်းဟွာဆီ ပို့လိုက်ပါ။”

အန်းယွမ်ဘုရင်က သူ့ဓားကို အသုံးချချင်နေသဖြင့် အဖိုးအခ မရှိပဲတော့ မရနိုင်ပေ။ ထို့ပြင် ကျင့်စဉ်အရင်းအမြစ်များ လိုအပ်ပါက အားမနာတမ်းပြောရန် အန်းယွမ်ဘုရင်က မှတ်ဉာဏ်ပုလဲအတွင်း၌ ရှင်းလင်းစွာ ပြောထားခဲ့၏။

အန်းယွမ်ဘုရင်ကိုယ်တိုင် ထိုသို့ပြောထားမှတော့ အရင်းအမြစ်အချို့ကို မတောင်းခံပဲ နေခြင်းက ညီအစ်ကိုချင်း ရင်းနှီးမှုကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

လုကျန့်ကျီလည်း လုချန်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားကာ

“ဟုတ်ကဲ့ပါ သခင်... ကျုပ် အခုချက်ချင်း စိီစဉ်လိုက်ပါ့မယ်”

အန်းတာမြို့သို့ အပြန်လမ်းတွင် မင်ကွမ်းဟွာစိတ်ထဲ မေးခွန်းတစ်ခုကို အဖန်ဖန် စဉ်းစားနေမိသည်။ ကျန်မော့သည် သူ၏ ရှေ့တွင်ပင် အန်းယွမ်ဘုရင်၏ နယ်မြေဆီသို့ တည်နေရာရွှေ့ပြောင်းသွားခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့် အန်းယွမ်ဘုရင်က ကျန်မော့ကို သံတမန်အဖြစ် မခန့်အပ်ပဲ သူ့ကို ခန့်အပ်ရသနည်း။

ထိုတည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာ ပုံစံ၌ ချို့ယွင်းချက်ရှိ၍ ကျန်မော့ကို အခြားတစ်နေရာသို့ ပို့ဆောင်လိုက်ခြင်းများလား။

သွေးသစ္စာသာ မဆိုထားခဲ့ပါက ကျန်မော့ကို တွေ့ခဲ့သလားဟု အန်းယွမ်ဘုရင်ကို သူ မေးမြန်းမိမည်ဖြစ်သည်။

အကယ်၍ ကျန်မော့သာ အခြားတစ်နေရာသို့ ရောက်သွားပြီး ကစဉ့်ကလျား နယ်မြေအကြောင်းကို ပေါက်ကြားစေခဲ့ပါက လူအချို့ကို သံသယ ဝင်စေနိုင်သည်။

လုချန်း မည်သူဖြစ်ကြောင်း ကျန်မော့ မသိနိုင်သော်လည်း တစ်စုံတစ်ယောက်က သဲလွန်စများကို စုစည်းမိသွားနိုင်သည်။

ကစဉ့်ကလျား နယ်မြေသည် နတ်အငွေ့အသက် အလွန်နည်းပါးသည့် နေရာတစ်ခု ဖြစ်သည်။

စစ်မှန်သောနတ်တစ်ပါးကို စေလွှတ်ရသည်အထိ ထိုနေရာမှ လူတစ်ယောက်က အန်းယွမ်ဘုရင်၏ အာရုံစိုက်မှုကို အဘယ်ကြောင့်ခံနေရသနည်း။

မင်ကွမ်းဟွာ သက်ပြင်းချလိုက်မိ၏။ ကျန်မော့ အန်းယွမ်ဘုရင်နှင့် မတွေ့ဆုံမီ ကစဉ့်ကလျား နယ်မြေအကြောင်းကို အခြားသူများအား မပြောမိဖို့သာ သူ မျှော်လင့်နေတော့သည်။

……

ထိုအခိုက်အတန့်တွင်။

ကွမ်းရန်ဘုရင်၏ နယ်မြေ။

ကောင်းကင်အကျဉ်းထောင်။

နည်းဗျူဟာ ပုံစံတစ်ခုအတွင်း၌ သွေးအလိမ်းလိမ်းဖြင့် နတ်တစ်ပါးကို ချိပ်ပိတ်ထား၏။ သူသည် အပြင်းအထန် စစ်ဆေးမေးမြန်းခြင်းကို ခံထားရသဖြင့် အသက်မျှင်မျှင်သာ ကျန်တော့သည်။

ထိုစဉ် အနက်ရောင် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး တောင်ဘက်တံခါးသို့ ရောက်ရှိလာ၏။ အသက်ငင်နေသော ကျန်မော့ကို ကြည့်ကာ သူက

“ပြောစမ်း... ခင်ဗျား အန်းယွမ်ဘုရင်ကြီးကို ဘာလို့ လာရှာတာလဲ”

ကျန်မော့က အားနည်းစွာဖြင့်

“လူကြီးမင်း... ကျုပ်ကို အရင်ဆုံး အန်းယွမ်ဘုရင်ကြီးနဲ့ တွေ့ခွင့်ပေးပါ။ ပြီးမှ ကျုပ်တို့ စကားပြောကြတာပေါ့။”

ကွမ်းရန်ဘုရင်၏ နန်းတော်သို့ ရောက်ရှိလာကတည်းက ကျန်မော့ အဖမ်းခံရပြီး အပြင်းအထန် အရိုက်ခံခဲ့ရသည်။ အထူးသဖြင့် သူက အန်းယွမ်ဘုရင်ကို ရှာဖွေနေကြောင်း စစ်သည်များ ကြားသောအခါ ကောင်းကင်နတ်တစ်ဦးပင် မခံမရပ်နိုင်လောက်သည့် ရက်စက်သော စစ်ဆေးမေးမြန်းနည်းများဖြင့် သူ့ကို နှိပ်စက်ခဲ့ကြ၏။

ယခုအချိန်အထိ သူ နေရာမှားရောက်နေသည်ကို ကျန်မော့ သတိမထားမိသေးပေ။ သူ့ကို အခြားနေရာမှ သူလျှိုတစ်ဦးဟု ထင်မှတ်၍ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်ဟုသာ သူ တွေးနေမိသည်။

ကျန်မော့က စကားမပြောလိုသဖြင့် ထိုအမျိုးသားက

“ကောင်းပြီ... ခင်ဗျားက ဘုရင်ကြီးနဲ့ တွေ့ချင်နေမှတော့ တွေ့ခွင့်ပေးရတာပေါ့။ ကစဉ့်ကလျား နယ်မြေက နတ်တစ်ပါးက ဘာတွေများ အရေးတကြီး ပြောစရာရှိလဲဆိုတာ ကျုပ် သိချင်သေးတယ်။”

ထိုသို့ပြောကာ ဝမ်ချီရွှမ်က အကျဉ်းထောင်တံခါးဝရှိ စစ်သည်များကို

“သူ့ကို ဆွဲထုတ်ပြီး ဘုရင်ကြီးဆီ ခေါ်သွားလိုက်”

ဟု ညွှန်ကြားလိုက်၏။

ထိုစကားများနှင့်အတူ ဝမ်ချီရွှမ်လည်း ကွမ်းရန်ဘုရင် လုကျင့်ဖူ၏ နန်းတော်သို့ ဦးတည်သွားတော့သည်။ ထိုအခိုက်အတန့်တွင် နန်းတော်၏ အစည်းအဝေးခန်းမအတွင်း ထိုင်နေသော လုကျင့်ဖူသည် ကောင်းကင်အကျဉ်းထောင် စစ်သည်များ၏ အစီရင်ခံမှုကို နားထောင်ရင်း ဇဝေဇဝါ ဖြစ်နေ၏။

အန်းယွမ်ဘုရင်ကို ရှာနေတာလား။

သူ၏ ရန်ဘက်ကို ရှာဖို့ သူ၏ နန်းတော်ထဲကို ရောက်နေတာလား။

ဒီလူက ဘာတွေ တွေးနေတာလဲ။

ဤမျှ ဉာဏ်နည်းသူတစ်ဦး သူလျှိုတစ်ဦး မဖြစ်နိုင်တာ ထင်ရှားသည်။

လုကျင့်ဖူ စဉ်းစားနေစဉ် ဝမ်ချီရွှမ် ခန်းမထဲသို့ ဝင်လာကာ

“သခင်... ကျုပ် အဲ့ဒီလူကို ခေါ်လာပါပြီ”

နောက်တစ်ခဏတွင် စစ်သည်နှစ်ဦး ကျန်မော့ကို ခန်းမထဲသို့ ဆွဲခေါ်လာကြ၏။ ပလ္လင်ပေါ်တွင် ထိုင်နေသော လုကျင့်ဖူကို မြင်လျှင် ကျန်မော့ စိတ်လှုပ်ရှားသွားသည်။

နောက်ဆုံးတော့ သူ အန်းယွမ်ဘုရင်ကို တွေ့လိုက်ရပြီ။

သူက မတွန့်ဆုတ်ပဲ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကာ

“သခင်က အန်းယွမ်ဘုရင်ကြီးလား... ကျုပ်ဂါရဝပြုပါတယ် သခင်”

ထိုစကားများကို ကြားလျှင် လုကျင့်ဖူလည်း ဝမ်ချီရွှမ်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။ ဝမ်ချီရွှမ်က

“သခင်... သူက သခင့်ကို တွေ့ချင်တယ်လို့ ဇွတ်အတင်း ပြောနေတာပါ”

လုကျင့်ဖူလည်း ဝမ်ချီရွှမ်၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားကာ

“ပြောစမ်း... ဘာကိစ္စနဲ့ ကျုပ်ရှေ့ကို ရောက်လာတာလဲ”

ကျန်မော့က မတွန့်ဆုတ်ပဲ သူ၏ အတိတ်မှတ်ဉာဏ်များကို မှတ်ဉာဏ်ပုလဲအဖြစ် ထုတ်ယူကာ လုကျင့်ဖူထံသို့ ပေးပို့လိုက်ရင်း

“သခင်... လွန်ခဲ့တဲ့ ဆယ်နှစ်က ကစဉ့်ကလျား နယ်မြေကို သခင်စေလွှတ်လိုက်တဲ့ သံတမန် အသတ်ခံလိုက်ရပါပြီ။”

သံတမန်တဲ့လား။

လုကျင့်ဖူ တစ်ကိုယ်တည်း တွေးတောနေမိ၏။

သူက ကစဉ့်ကလျား နယ်မြေသို့ မည်သည့်အချိန်တွင် သံတမန် စေလွှတ်ခဲ့သနည်း။

နေဦး...

ဤလူက သူ့ကို အန်းယွမ်ဘုရင်ဟု ထင်မှတ်နေခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင် လွန်ခဲ့သော ဆယ်နှစ်က အန်းယွမ်ဘုရင်က ကစဉ့်ကလျား နယ်မြေကို သံတမန်တစ်ဦး စေလွှတ်ခဲ့တယ်လို့ ဆိုလိုခြင်းလား။

ကစဉ့်ကလျား နယ်မြေကို တွေးမိသည်နှင့် လုကျင့်ဖူ မျက်မှောင်ကြုတ်လိုက်မိသည်။ အန်းယွမ်ဘုရင်က အဘယ်ကြောင့် ထိုကဲ့သို့ ခေါင်ခိုက်သော နေရာသို့ သံတမန် စေလွှတ်ရသနည်း။

ထိုအခိုက်အတန့်တွင် ကျန်မော့ ထုတ်ပေးထားသော မှတ်ဉာဏ်ပုလဲ လုကျင့်ဖူထံသို့ ပျံသန်းရောက်ရှိလာ၏။ မတွန့်ဆုတ်ပဲ မှတ်ဉာဏ်ပုလဲအတွင်းရှိ မှတ်ဉာဏ်များကို လုကျင့်ဖူ ဖတ်ရှုလိုက်သည်။

မြေနတ်တစ်ပါးက စစ်မှန်သောနတ်တစ်ပါးကို သတ်ဖြတ်လိုက်သည်ကို မြင်လျှင် သူ ပို၍ပင် မျက်မှောင်ကြုတ်သွားတော့သည်။

ကစဉ့်ကလျား နယ်မြေကဲ့သို့သော နေရာတွင် ထိုမျှ စွမ်းအားကြီးသူ ရှိနေလား။

နေဦး...

ထိုမြေနတ် ထုတ်ဖော်ပြသလိုက်သည့် နောက်ဆုံးစွမ်းအားက မြေနတ်တစ်ပါး၏ စွမ်းအားမျိုး မဟုတ်ပဲ နတ်ဘုရင်တစ်ပါး၏ စွမ်းအားမျိုး ဖြစ်နေသည် မဟုတ်ပါလား။

ကစဉ့်ကလျား နယ်မြေတွင် နတ်ဘုရင်တစ်ပါး ပုန်းအောင်းနေသလား။

နတ်အငွေ့အသက် မရှိသော နေရာတွင် နတ်ဘုရင်တစ်ပါးက ဘာလုပ်နေသနည်း။

အန်းယွမ်ဘုရင်က ထိုနတ်ဘုရင်ကို သိမ်းသွင်းရန်အတွက် သံတမန် စေလွှတ်ခဲ့ခြင်းများလား။

ထိုအချိန်အထိ ထိုနတ်ဘုရင်နှင့် လုချန်းကို ဆက်စပ်၍ လုကျင့်ဖူ မတွေးမိသေးပေ။ ကစဉ့်ကလျား နယ်မြေအကြောင်းကို ကြားလျှင် လုချန်းကို တွေးမိသော်လည်း လုချန်းသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကပင် ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ လုချန်း၏ အရိုးများပင် ပျောက်ကွယ်သွားပြီဟု လုကျင့်ဖူ ယူဆထားသည်။

လုကျင့်ဖူက ခပ်ဖွဖွ ပြုံးလိုက်ကာ

“စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ကစဉ့်ကလျား နယ်မြေလို နေရာမျိုးမှာ နတ်ဘုရင်တစ်ပါး ဖြစ်နေနိုင်သူတစ်ယောက် ပုန်းအောင်းနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

အန်းယွမ်ဘုရင် စေလွှတ်လိုက်သော သံတမန်သည် ထိုနတ်ဘုရင်နှင့် ပြဿနာတက်ပြီး အသတ်ခံလိုက်ရပြီဖြစ်၏။

ထိုသို့ဆိုလျှင် အန်းယွမ်ဘုရင်နှင့် ထိုနတ်ဘုရင်တို့ ရန်ဘက်များ ဖြစ်သွားကြပြီဖြစ်သည်။ ဤအခြေအနေတွင် သူ့အနေနှင့် ထိုနတ်ဘုရင်ကို သိမ်းသွင်းရန် အခွင့်အရေး ယူနိုင်မည် မဟုတ်ပါလား။

ရန်သူ၏ ရန်သူက မိတ်ဆွေ ဖြစ်သည်။ အကယ်၍ သူသာ ထိုနတ်ဘုရင်ကို သိမ်းသွင်းနိုင်ပါက ထိုရာထူးကို ရယူနိုင်ရန် အခွင့်အလမ်း ပိုများလာပေလိမ့်မည်။

All Chapters