အခန်း (၁၆၄၈-၁၆၅၀)
Vol. 110 Ch. 1648-1650
အခန်း( ၁၆၄၈ )
ကွမ်းရန်ဘုရင်၏ သံတမန် ရောက်ရှိလာခြင်း
လုကျင် ပို့ပေးလိုက်သည့် အခြားသော ကျင့်စဉ်အရင်းအမြစ်များထက် ထိုဆေးပင်များကိုသာ လုကျန့်ကျီ ပို၍ စိတ်ဝင်စားနေ၏။ အဆင့်တက်လှမ်းရာတွင် အထောက်အကူပြုမည့် ဆေးလုံးများ ဖော်စပ်ရန်အတွက် ထိုဆေးပင်များကို အသုံးပြုရမည်ဟု လုချန်းက သူ့အား မကြာသေးမီကပင် ပြောကြားထားခဲ့ဖူးသည်။
ထိုဆေးပင်များ ရှိပါက သူတို့၏ သခင်သည် ကောင်းကင်အဆင့် အဆင့်တက်ဆေးလုံးနှင့် ဆင်တူသော ဆေးလုံးတစ်မျိုးကို ဖော်စပ်နိုင်ပေလိမ့်မည်။ ထိုအခါ သူနှင့် သူ၏ဇနီးဖြစ်သူတို့ပါ ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ ထိုအကြောင်းကို တွေးတောမိရင်း လုကျန့်ကျီ၏ ရင်ထဲတွင် ကြည်နူးဝမ်းသာမှုများဖြင့် ပြည့်နှက်သွားတော့၏။
စိတ်လှုပ်ရှားနေသော လုကျန့်ကျီကို ကြည့်ကာ လုချန်းက
“အဲ့ဒီဆေးပင်တွေကို ကျုပ်ကို ပေးပါ။ သက်စောင့်ဝိညာဉ်ဆေးလုံးတွေကို ကျုပ် ဖော်စပ်ပေးမယ်။”
လုကျန့်ကျီက စိတ်လှုပ်ရှားစွာဖြင့်
“ဟုတ်ကဲ့ပါ...သခင်”
ဆေးပင်များပါရှိသည့် အာကာသလက်စွပ်ကို လုချန်းထံသို့ လုကျန့်ကျီ ကမ်းပေးလိုက်၏။ လုကျန့်ကျီထံမှ အာကာသလက်စွပ်ကို လုချန်း ယူလိုက်ပြီးနောက် အတွင်းရှိ ဆေးပင်များကို တစ်ချက် ကြည့်လိုက်သည်။ ဆေးပင်အရေအတွက်က သူလိုအပ်သည့်စာရင်းထက် နည်းပါးနေသော်လည်း လုကျင်က အခြားဆေးပင်အချို့ကိုပါ ထည့်သွင်းပေးလိုက်သည်။
သက်စောင့်ဝိညာဉ်ဆေးလုံး ဖော်စပ်ရန် လိုအပ်သော ဆေးပင်များ အလွန် ရှားပါးလှကြောင်း ထင်ရှား၏။ လုကျင်၏ အဆင့်အတန်းနှင့်ဆိုလျှင် ထိုမျှများပြားသော ပမာဏကို ရရှိရန်က မဖြစ်နိုင်သလောက်ပင်။ သို့သော်လည်း ယခု အာကာသလက်စွပ်အတွင်းရှိ ဆေးပင်များသည် သက်စောင့်ဝိညာဉ်ဆေးလုံး တစ်ရာခန့် အခက်အခဲမရှိ ဖော်စပ်ရန်တော့ လုံလောက်၏။
လုချန်းက လုကျန့်ကျီကို
“ကျုပ် ဆေးဖော်စပ်နေတဲ့အချိန်မှာ အရေးကြီးတဲ့ကိစ္စ မရှိရင် မနှောင့်ယှက်ပါနဲ့ဦး။”
လုကျန့်ကျီက ရိုသေစွာဖြင့်
“ဟုတ်ကဲ့ပါ... သခင်”
“သခင် ခိုင်းစရာ တခြားကိစ္စမရှိရင် ကျုပ်ကို သွားခွင့်ပြုပါဦး”
လုချန်းက ခေါင်းတစ်ချက် ညိတ်ပြလိုက်သဖြင့် ခန်းမကြီးအတွင်းမှ လုကျန့်ကျီ ထွက်ခွာသွားတော့သည်။
ထို့နောက် သူ၏ အိပ်ဆောင်သို့ လုချန်း ဝင်လာခဲ့ပြီးနောက် အာကာသလက်စွပ်အတွင်းမှ ကျင့်စဉ်မီးဖိုကို ထုတ်လိုက်၏။ ထို့နောက် သက်စောင့်ဝိညာဉ်ဆေးလုံးအတွက် လိုအပ်သည့် ဆေးပင်များကိုပါ အစီအရီ ပြင်ဆင်လိုက်သည်။
ကောင်းကင်အဆင့် ဆေးလုံးကို သူ ပထမဆုံးအကြိမ် ဖော်စပ်ခြင်း ဖြစ်သည်။ သူ့တွင် အတွေ့အကြုံနှင့် အမွေရထားသည့် မှတ်ဉာဏ်များ ရှိနေသော်လည်း သတိထားရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် စမ်းသပ်ဆေးလုံး အနည်းငယ်ကို အရင်ဆုံး ဖော်စပ်ကြည့်ရန် သူ ကြိုးစားလိုက်သည်။
စမ်းသပ်ဆေးလုံး အဆင်ပြေသွားမှသာ တကယ့် ဆေးဖော်စပ်ခြင်းကို သူ ဆက်လက် လုပ်ဆောင်မည် ဖြစ်၏။ ကျင့်စဉ်မီးဖိုအတွင်းသို့ ဆေးပင်များကို လုချန်း ထည့်သွင်းကာ အဖုံးပိတ်လိုက်၏။ ထို့နောက် ချုံးဟွာပိလော့ မီးလျှံကို အသုံးပြု၍ သူ စတင် ဖော်စပ်လေတော့သည်။
ဆေးဖော်စပ်သည့် လုပ်ငန်းစဉ်သည် နှေးကွေးလှသော်လည်း ဆေးပင်များအတွင်းရှိ အာနိသင်များ တဖြည်းဖြည်း ကွဲထွက်လာသည်ကို လုချန်း သိသိသာသာ ခံစားနေရ၏။ ချုံးဟွာပိလော့ မီးလျှံ၏ အပူရှိန်အောက်တွင် ထိုအာနိသင်များ တဖြည်းဖြည်း ပေါင်းစပ်သွားပြီးနောက် ဓာတ်ပြုမှုများ ဖြစ်ပေါ်ကာ ဆေးလုံးများအဖြစ်သို့ စတင် ပြောင်းလဲလာခဲ့သည်။
မြေကမ္ဘာမှ ဗဟုသုတများအရ ဆေးဖော်စပ်ခြင်းဆိုသည်မှာ ဓာတုပစ္စည်းများကို သန့်စင်ပြီးနောက် အပူပေးကာ ဓာတ်ပြုမှုများမှတစ်ဆင့် ပစ္စည်းအသစ်များအဖြစ် ပြောင်းလဲခြင်း ဖြစ်သည်ဟု လုချန်း နားလည်ထား၏။
ထိုသို့ နားလည်ထားသည့်အတွက်ကြောင့် ဆေးဖော်စပ်ရာတွင် လုချန်း ပို၍ကျွမ်းကျင်လာပြီး မည်သည့် အခက်အခဲမှ မရှိတော့ပေ။ သူ၏ စွမ်းရည်ကို စမ်းသပ်သည့် တစ်ခုတည်းသော စိန်ခေါ်မှုကတော့ အချို့သော ပစ္စည်းများကို သန့်စင်ခြင်းဖြစ်သည်။
သို့သော်လည်း ကောင်းကင်အဆင့် ဆေးဖော်စပ်သူတစ်ဦး၏ စွမ်းရည်နှင့်ဆိုလျှင် ဤအရာက လုချန်းအတွက် ပြောပလောက်သည့် ကိစ္စ မဟုတ်ချေ။ မကြာမီမှာပင် ကျင့်စဉ်မီးဖိုအတွင်း၌ ဆေးလုံး ပုံကြမ်းများ ထွက်ပေါ်လာခဲ့၏။
ဆေးလုံးများ ဖြစ်တည်လာသည်ကို သိသည်နှင့် နတ်အငွေ့အသက်ကို အသုံးပြု၍ ကျင့်စဉ်မီးဖိုအဖုံးကို လုချန်း ဖွင့်လိုက်၏။ ထိုအခါ သက်စောင့်ဝိညာဉ်ဆေးလုံး လေးလုံး အပြင်သို့ ပျံထွက်လာသည်။ စိမ်းလန်းသော အလင်းတန်းများ ဖြာထွက်နေသည့် သက်စောင့်ဝိညာဉ်ဆေးလုံးများ၌ အသက်စွမ်းအားများဖြင့် ပြည့်နှက်နေ၏။
ဤဆေးလုံးများသည် အသက်စွမ်းအားများဖြင့် တသိမ့်သိမ့် တုန်ခါနေရာ အသက်ကယ်ဆေးလုံးများဟု အဘယ်ကြောင့် ခေါ်ဝေါ်ကြသည်ကို လုချန်း နားလည်သွား၏။ ဤကဲ့သို့သော အသက်စွမ်းအားဖြင့်ဆိုလျှင် အဆင့်တက်ရန် ကြိုးစားမှု မအောင်မြင်ခဲ့သည့်တိုင် နတ်များ၏ ဒဏ်ရာများကိုတော့ ကုသပေးနိုင်လိမ့်မည်။
စမ်းသပ်ဖော်စပ်မှုက ထင်ထားသည်ထက် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ထို့နောက်တွင်တော့ လုချန်း ပိုသတိထားကာ အဆင့်ဆင့် ခွဲခြားပြီး တကယ့် ဆေးလုံးကိုစတင် ဖော်စပ်လေတော့သည်။
ဆေးပင်အားလုံးကို သက်စောင့်ဝိညာဉ်ဆေးလုံးများအဖြစ် ဖော်စပ်ပြီးနောက် လုချန်းက လုကျန့်ကျီကို
“ဗိုလ်ချုပ်လု... ကျုပ်ဆီ ခဏ လာခဲ့ပါဦး”
လုချန်း၏ အသံကို ကြားလျှင် လုကျန့်ကျီ ခဏခန့် မှင်တက်သွား၏။ သူ၏ ဇနီးသည်ရှိရာ ခရမ်းရောင်လမင်းမြို့သို့ သတင်းကောင်း သွားပြောရန် သူ ပြင်ဆင်နေချိန်တွင်ပင် သခင်ဖြစ်သူက သူ့အား အလျင်အမြန်ပင် ခေါ်ယူလိုက်သည်။
ဆေးဖော်စပ်မည် ဖြစ်သဖြင့် မနှောင့်ယှက်ရန် ပြောထားသောကြောင့် သူ၏သခင် ဤမျှ မြန်ဆန်စွာ ပြီးစီးသွားလိမ့်မည်ဟု သူ မထင်ထားမိပေ။
ပုံမှန်အားဖြင့် ကောင်းကင်အဆင့် ဆေးဖော်စပ်သူတစ်ဦးသည် ကောင်းကင်အဆင့် ဆေးလုံးများကို ဖော်စပ်ရာတွင် အချိန်များစွာ ပေးရလေ့ရှိ၏။ ရှားပါးဆေးပင်များ ပါဝင်လျှင် ပို၍ပင် အချိန်ယူရမည် ဖြစ်သည်။
သက်စောင့်ဝိညာဉ်ဆေးလုံးအကြောင်းကို လုကျန့်ကျီ တစ်ခါမှ မကြားဖူးသော်လည်း လုချန်း ရှင်းပြထားသည့် အာနိသင်များအရ ဤဆေးလုံး ဖော်စပ်ရန် အလွန်ခက်ခဲမှာ သေချာလှ၏။ အချိန်တိုအတွင်း ပြီးမြောက်နိုင်မည့် ကိစ္စမဟုတ်ဟုလည်း သူ ယူဆထားမိခြင်းဖြစ်သည်။
လုချန်းရှိရာ အိပ်ဆောင်သို့ လုကျန့်ကျီ အမြန်ဆုံး ရောက်ရှိလာခဲ့၏။ ခန်းမကြီးအတွင်းသို့ ဝင်လိုက်သည်နှင့် အလယ်တွင် ချထားသော ကျင့်စဉ်မီးဖိုကို သူ တွေ့လိုက်ရသည်။ စိမ်းလန်းသော အလင်းများ ဖြာထွက်နေသည့် ဆေးလုံးတစ်လုံးကို ကိုင်လျက် ကျင့်စဉ်မီးဖိုဘေးတွင် လုချန်း ရပ်နေ၏။
ထိုဆေးလုံးကို မြင်လျှင် လုကျန့်ကျီ အံ့အားသင့်သွားပြီး
“ဒါက သက်စောင့်ဝိညာဉ်ဆေးလုံးများလား” ဟု တွေးတောမိလိုက်၏။
သို့သော်လည်း ထိုအတွေးကို သူ ချက်ချင်း ခေါင်းခါလိုက်မိသည်။ ထိုဆေးလုံးမျိုးကို ဤမျှ မြန်မြန်ဆန်ဆန် ဖော်စပ်နိုင်တာက မဖြစ်နိုင်ပေ။
တခြားဆေးလုံးသာ ဖြစ်လိမ့်မည်ဟု သူ ထင်လိုက်၏။
လုကျန့်ကျီက
“သခင်... ကျုပ်ကို တခြား ဘာများ ခိုင်းစရာ ရှိလို့လဲ”
နတ်အငွေ့အသက်ကို အသုံးပြု၍ သက်စောင့်ဝိညာဉ်ဆေးလုံး နှစ်လုံးကို လုကျန့်ကျီထံ ကမ်းပေးရင်း လုချန်းက
“ဆေးလုံးတွေ ဖော်စပ် ပြီးသွားပြီ။ ခင်ဗျားနဲ့ လျောင်ရှောင်ရွှမ်တို့ တစ်ယောက်တစ်လုံး သောက်ပြီး အဆင့်တက်ဖို့ ကြိုးစားကြည့်ကြပါ။”
ထိုအရာကို ကြားလျှင် လုကျန့်ကျီ တစ်ခဏခန့် ဆွံ့အသွားသည်။
ဤမျှ မြန်နိုင်လား။
သူတို့၏ သခင်သည် တကယ်ပင် ကောင်းကင်အဆင့် ဆေးဖော်စပ်သူတစ်ဦးသာ ဖြစ်ပါရဲ့လားဟု သူ သံသယ ဝင်မိသွားတော့သည်။
ဤဆေးလုံးများကို လုချန်း ကျုပ်တိုင် ဖော်စပ်ခဲ့သည် ဟုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေ၏။
စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် လုကျန့်ကျီက ကျေးဇူးတင်စွာဖြင့် ဒူးထောက်လိုက်ရင်း
“သခင်ရဲ့ ဆုလာဘ်အတွက် ကျုပ် ကျေးဇူးတင်ပါတယ်။”
သက်တမ်းကုန်ဆုံးခါနီး အချိန်ရောက်နေသဖြင့် ဤဆေးလုံးနှစ်လုံးသည် သူတို့၏ ဘဝကို ပြောင်းလဲပေးနိုင်ပေလိမ့်မည်။ ထို့ကြောင့် လုကျန့်ကျီ အလွန်ပင် စိတ်လှုပ်ရှားနေ၏။
လုချန်းက
“ကောင်းပြီ... ဒီဆေးလုံးကို လျောင်ရှောင်ရွှမ်ကို သွားပေးလိုက်ပါ။ အမွေးဖြူမြို့မှာ ခင်ဗျားတို့နှစ်ယောက် နှစ်ပေါင်း ကုဋေချီ သစ္စာရှိရှိ အလုပ်အကျွေး ပြုခဲ့ကြတာပဲ။ ဒါက ခင်ဗျားတို့အတွက် ကျုပ်ရဲ့ ဆုလာဘ်ပါ။”
“ခင်ဗျားတို့နှစ်ယောက်လုံး အဆင့်တက်နိုင်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်။”
လုကျန့်ကျီက
“သခင်ရဲ့ မျှော်လင့်ချက်တွေကို ကျုပ် မပျက်စီးစေရပါဘူး။”
ဆက်လက်၍ လုချန်းက
“ကစဉ့်ကလျား နယ်မြေက ကိစ္စတွေကို အရင်ဆုံး ရှင်းလင်းလိုက်ပါဦး။ အခုကစပြီး ဒီနေရာကို ကျုပ် ခဏ တာဝန်ယူထားလိုက်မယ်။ ခင်ဗျားနဲ့ လျောင်ရှောင်ရွှမ်တို့ကတော့ စစ်မှန်သောနတ် အဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် သင့်တော်တဲ့နေရာမှာ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်လို့ရပါပြီ။”
ကစဉ့်ကလျား နယ်မြေတွင် နတ်အငွေ့အသက်များ ကင်းမဲ့နေသဖြင့် အဆင့်တက်ရန် ကြိုးစားသူများအတွက်တော့ အဆိုးရွားဆုံး နေရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့သည် အဆင့်တက်ရန် လိုအပ်သည့်အခါတိုင်း နတ်အငွေ့အသက် ကြွယ်ဝသော နေရာများကို ရှာဖွေရန် ကစဉ့်ကလျား နယ်မြေမှ ထွက်ခွာသွားလေ့ရှိပြီး အောင်မြင်မှသာ အမွေးဖြူမြို့သို့ ပြန်လာတတ်ကြ၏။
ယခုလည်း စစ်မှန်သောနတ် အဆင့်သို့ တက်လှမ်းရန်အတွက် များပြားလှသော နတ်အငွေ့အသက်များကို စုပ်ယူရန် လိုအပ်သဖြင့် ကစဉ့်ကလျား နယ်မြေတွင် ရှိနေ၍ မဖြစ်ချေ။
လုကျန့်ကျီက
“ဟုတ်ကဲ့ပါ သခင်... ကျုပ် အခုပဲ အားလုံးကို စီစဉ်လိုက်ပါ့မယ်။”
ထိုသို့ပြောပြီးနောက် လုကျန့်ကျီ လှည့်ထွက်ကာ လုချန်း၏ အိပ်ဆောင်အတွင်းမှ ထွက်ခွာသွားတော့သည်။
သို့သော်လည်း လုကျန့်ကျီ အဝေးသို့ မရောက်သေးခင်မှာပင် စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ချက်ချင်း ပြန်ရောက်လာခဲ့သည်။
ထိုအရာကို တွေ့လျှင် လုချန်းက
“ဘာလို့ ဒီလောက်မြန်မြန် ပြန်လာတာလဲ” ဟု သိချင်စိတ်ဖြင့် မေးလိုက်၏။
လုကျန့်ကျီက
“သခင်... ကွမ်းရန်ဘုရင်က သံတမန် တစ်ယောက် လွှတ်လိုက်ပါတယ်”
ဟု အလန့်တကြား ရှင်းပြလိုက်တော့သည်။
……………..
အခန်း (၁၆၄၉ )
ကွမ်းရန်ဘုရင်ကို ကျေးဇူးတင်ကြောင်း ပြောပေးပါ
လုကျန့်ကျီ၏ စကားကို ကြားလျှင် လုချန်း မျက်မှောင်ကြုတ်လိုက်၏။
“ကွမ်းရန်ဘုရင်လား”
“လုကျင့်ဖူလား”
သူက ဘာလို့ ကစဉ့်ကလျားနယ်မြေကို လူလွှတ်ရတာလဲ။
သူပြန်ရောက်နေတာကို သူ သိသွားတာများလား။
ထိုသို့ဆိုလျှင်တော့ နည်းနည်း အလုပ်ရှုပ်သွားပြီဖြစ်၏။
သူ၏ရဲ့ စွမ်းအားများ အပြည့်အဝ ပြန်မကောင်းသေးသလို အချိန်ကလည်း စောလွန်းသေး၏။ အခုချိန် လုကျင့်ဖူက ကစဉ့်ကလျားနယ်မြေကို လာတိုက်မယ်ဆိုလျှင်တော့ သူ ဒီကနေ ထွက်သွားရုံသာ ရွေးစရာ ရှိတော့မည်။
တကယ်တော့ နတ်အငွေ့အသက်တောင် မရှိသော ဒီကစဉ့်ကလျားနယ်မြေကို စွန့်ခွာရတာက နှမျောစရာတော့ မဟုတ်ပေ။
သို့သော် အခုလောလောဆယ် သူ၏ အင်အားကို တည်ဆောက်ဖို့ တခြားနေရာ မရှိသေးပေ။ ကစဉ့်ကလျားနယ်မြေကနေ ထွက်သွားပြီး အာရုံစိုက်မခံရတဲ့ နေရာအသစ်တစ်ခုကို ရှာဖို့က တကယ်တမ်း မလွယ်လှချေ။
သတိပြန်ဝင်လာပြီးနောက် လုချန်းက
“အဲဒီလူက ဘာပြောသေးလဲ”
လုကျန့်ကျီက
“အမွေးဖြူမြို့ရဲ့ နောက်ကွယ်ကလူကို တွေ့ချင်တယ်လို့ပဲ ပြောပါတယ်။”
ထိုအရာကို ကြားလျှင် လုချန်း အတွေးထဲ နစ်မြောသွား၏။ ကစဉ့်ကလျားနယ်မြေလို နေရာမျိုးက လုကျင့်ဖူရဲ့ အာရုံစိုက်မှုကို မရသင့်ပေ။ အမွေးဖြူမြို့ နောက်ကွယ်ကလူဟာ သူဆိုတာကို လုကျင့်ဖူ သိနေတာလား။
အကယ်၍ ထိုသို့သာ တကယ်သိခဲ့မယ်ဆိုလျှင် လုကျင့်ဖူ၏ စရိုက်အရ သူကို သတ်ဖို့ စွမ်းအားကြီးသူတစ်ယောက်ကို ချက်ချင်း လွှတ်မည်ဖြစ်၏။
အခု ဘာလို့ သံတမန်တစ်ယောက်တည်း လွှတ်ရတာလဲ။
ဒါမှမဟုတ် အဲဒီသံတမန်ကပဲ သူ့ကို ရှင်းဖို့ လုကျင့်ဖူ လွှတ်လိုက်တဲ့ စွမ်းအားရှင်လား။
လုချန်း စကားမပြောပဲ ငြိမ်နေသည်ကို မြင်လျှင် လုကျန့်ကျီက
“သခင်... ကျုပ်တို့ အခု ဘာဆက်လုပ်ကြမလဲ”
လုချန်းက ခပ်အေးအေးပင်
“အဲ့ဒီသံတမန် ဘာအတွက် လာတာလဲဆိုတာ ကျုပ် အရင်သွားကြည့်လိုက်ဦးမယ်”
လုကျင့်ဖူက ချက်ချင်း အရေးမယူပဲ သံတမန်ကို အရင်လွှတ်လိုက်ကတည်းက သူမသိသေးသော အကြောင်းအရာတစ်ခုခု ရှိနေရမည်ဖြစ်သည်။
“အဲ့ဒီလူကို အစည်းအဝေးခန်းမထဲ ခေါ်လာခဲ့”
ထိုစကားများနှင့်အတူ လုချန်း အစည်းအဝေးခန်းမသို့ ချက်ချင်း ရောက်ရှိသွား၏။
ခဏအကြာတွင် လုကျန့်ကျီက ဝမ်ချီရွှမ်ကို အစည်းအဝေးခန်းမသို့ ခေါ်ဆောင်လာခဲ့၏။
သူ၏ မျက်နှာကို လုံးဝပြောင်းလဲရန် ရုပ်ဖျက်ပညာကို လုချန်း အသုံးပြုလိုက်၏။
လုချန်းကို မြင်လျှင် ဝမ်ချီရွှမ် နည်းနည်းမှ မမှတ်မိချေ။ သို့သော် သူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။
ရှေ့မှလူ၏ အငွေ့အသက်က သူ့ထက်ပင် အားနည်းနေပုံရပြီး မြေနတ်အဆင့် လောက်သာ ရှိပုံပေါ်နေသည်။ ထိုသူသည် နတ်ဘုရင်တစ်ပါးနှင့် လုံးဝ မတူချေ။
သူက ကျင့်စဉ်အဆင့်ကို ဖုံးကွယ်ထားတာလား။
ဒါပေမဲ့ သူ ဖုံးကွယ်ထားစရာ မလိုဘူး မဟုတ်လား။
စွမ်းအားကြီးတဲ့ ရန်သူမရှိပဲနဲ့ ဘာလို့ ဖုံးကွယ်ထားရမှာလဲ။
ခန်းမထဲသို့ ဝင်လာလျှင် ဝမ်ချီရွှမ်က အထက်တွင် ထိုင်နေသည့်လူကို ဂါရဝပြုလိုက်ရင်း
“ဝါရင့်စီနီယာကို ဂါရဝပြုပါတယ်”
ထိုအရာကို ကြားလျှင် လုချန်း အနည်းငယ် မှင်တက်သွား၏။
လုချန်းက
“စီနီယာ ဟုတ်လား”
“ခင်ဗျားက ဘယ်သူလဲ”
ဝမ်ချီရွှမ်က
“ကျုပ်နာမည်က ဝမ်ချီရွှမ်ပါ။ ထျန်းရှနတ်ဘုရားနိုင်ငံတော်က ကွမ်းရန်ဘုရင်ရဲ့ လက်အောက်ငယ်သားပါ။ ကစဉ့်ကလျားနယ်မြေမှာ စွမ်းအားကြီးတဲ့ နတ်ဘုရင်တစ်ပါး နားခိုနေတယ်လို့ ကွမ်းရန်ဘုရင် ကြားသိရတာကြောင့် လက်ဆောင်တချို့ ပေးအပ်ဖို့ ကျုပ်ကို လွှတ်လိုက်တာပါ။”
ထိုအရာကို ကြားလျှင် လုချန်း တုံ့ခနဲ ဖြစ်သွား၏။ ဝမ်ချီရွှမ်၏ စကားအရ လုကျင့်ဖူက သူ့ကို ဆွဲဆောင်ချင်နေတာလား။
လုကျင့်ဖူက သူ ဘယ်သူလဲဆိုတာ မသိပဲ ကစဉ့်ကလျားနယ်မြေမှာ စွမ်းအားကြီးတဲ့ နတ်တစ်ပါး ရှိနေတယ်လို့ပဲ သိနေတာလား။
လုချန်း သတိပြန်ဝင်လာပြီး
“ဘာလက်ဆောင်တွေလဲ”
“လက်ဆောင်” ဆိုတာ နှစ်မျိုးရှိ၏။ တချို့က တကယ်ပေးသည့် လက်ဆောင်ဖြစ်ပြီး တချို့ကတော့ ခြိမ်းခြောက်သည့် နည်းဗျူဟာများ ဖြစ်သည်။
ဝမ်ချီရွှမ်ပြောသည့် လက်ဆောင်များကို မမြင်ရသေးမီတွင် လုချန်းအနေနှင့် အစစ်အမှန် ဟုတ်မဟုတ် မဆုံးဖြတ်နိုင်သေး ပေ။ လက်ဆောင်များကို မမြင်ရပဲ လုကျင့်ဖူ၏ သူ့အပေါ်ထားရှိသည့် သဘောထားကို လုချန်း ခန့်မှန်း၍ မရနိုင်ပေ။
ဝမ်ချီရွှမ် ယူဆောင်လာသည့် လက်ဆောင်များသာ အစစ်အမှန်ဖြစ်ခဲ့လျှင် လုကျင့်ဖူက အမှန်တရားကို မသိပဲ သူ့ကို ဆွဲဆောင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် အကယ်၍ လက်ဆောင်များက သူ၏ အတိတ်နှင့် ဆက်စပ်နေပါက လုကျင့်ဖူက သူ့ကို မှတ်မိနေပြီး ခြိမ်းခြောက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
လုချန်း၏ စကားကို ကြားလျှင် ဝမ်ချီရွှမ်က လက်ဆောင်များပါသည့် အာကာသလက်စွပ်ကို ချက်ချင်းထုတ်လိုက်၏။
အာကာသလက်စွပ်ကို လက်ထဲသို့ ရောက်အောင် နတ်အငွေ့အသက်ကို အသုံးပြု၍ လုချန်း ဆွဲယူလိုက်ပြီးနောက် အတွင်းရှိ အရာများကို စစ်ဆေးလိုက်၏။
အာကာသလက်စွပ်အတွင်း၌ အဖိုးတန်ဆေးဖက်ဝင်အပင် ဆယ်ဂဏန်းကျော်ခန့်နှင့် နိယာမစွမ်းအားများ ပါဝင်သော သစ်ရွက်တစ်ရွက်ပင် ရှိနေ၏။
“ဒါက တကယ် လက်ဆောင်လာပေးတာပဲ” ဟု လုချန်း စိတ်ထဲ တွေးလိုက်၏။
လုကျင့်ဖူက သူ ဘယ်သူလဲဆိုတာကို တကယ် မသိပဲ စည်းရုံးရန် ကြိုးစားနေပုံရသည်။
အာကာသလက်စွပ်ကို သိမ်းဆည်းလိုက်ရင်း လုချန်းက
“ကျုပ် နည်းနည်းတော့ သိချင်မိတယ်။ ခင်ဗျားတို့ သခင်က ကျုပ်အကြောင်းကို ဘယ်လိုသိတာလဲ။”
ဝမ်ချီရွှမ်က အမှန်အတိုင်းပင်
“မကြာခင်ကပဲ တစ်ယောက်ယောက်ဟာ ကျုပ်တို့ သခင် ချန်ထားခဲ့တဲ့ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံကို သုံးပြီး ဘုရင်ကြီးရဲ့ နန်းတော်ကို ရောက်လာပါတယ်။ အန်းယွမ်လုကျင်က စီနီယာကို ဒုက္ခပေးဖို့ စွမ်းအားကြီးသူတစ်ယောက်ကို လွှတ်လိုက်တယ်ဆိုတာ သူ့ဆီကနေ သိခဲ့ရတာပါ။”
လုချန်းက
“ဒါကြောင့်ကိုး”
လုကျင်က ကစဉ့်ကလျားနယ်မြေကို လူလွှတ်ပြီး လာရောက် တိုက်ခိုက်ခဲ့ကြောင်း လုကျင့်ဖူ သိသွားပုံရသည်။ ထို့ကြောင့် သူ နှင့် လုကျင်အကြား ရန်ငြိုးရှိနေသည်ဟု လုကျင့်ဖူ ကောက်ချက်ချလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် ရှောင်ယွမ်ကျီကို သတ်လိုက်စဉ်က လုချန်းသည် နတ်ဘုရင်တစ်ပါးကဲ့သို့ စွမ်းအားကို ပြသခဲ့၏။ ထိုသူ၏ မှတ်ဉာဏ်မှတစ်ဆင့် ထိုအရာကို တွေ့မြင်ခဲ့သဖြင့် လုကျင့်ဖူက သူ့ကို စည်းရုံးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လိမ့်မည်။
လုချန်း ရယ်ချင်စိတ်ကို မနည်းအောင့်ထားရလိုက်ရ၏။
ယခု လုကျင့်ဖူက သူ့ကို ကျင့်စဉ်အရင်းအမြစ်များ လိုလိုလားလား ပေးအပ်လာသဖြင့် သူ၏ စေတနာကို အလဟဿတော့ မဖြစ်စေသင့်ပေ။
ထိုအတွေးနှင့်အတူ ဝမ်ချီရွှမ်ကို လုချန်းက
“ခင်ဗျားပြန်သွားတဲ့အခါ ကျုပ်ကိုယ်စား ကွမ်းရန်ဘုရင်ကို ကျေးဇူးတင်စကား ပြောပေးပါ။ ဒီဆေးဖက်ဝင်အပင်တွေက ကျုပ်အတွက် တကယ့်ကို လိုအပ်နေတာတွေပဲ။”
လုချန်း၏ စကားကို ကြားလျှင် ဝမ်ချီရွှမ်၏ စိတ်ထဲ၌ အလွန်ဝမ်းသာသွားသော်လည်း လုကျင့်ဖူကို ကူညီပေးရန် လုချန်းကို ချက်ချင်း တောင်းဆိုခြင်း မပြုခဲ့ပေ။
မည်သို့ပင်ဆိုစေ နတ်ဘုရင်တစ်ပါး ဖြစ်သဖြင့် ဒဏ်ရာရနေလျှင်ပင် မာနကတော့ ရှိနေဦးမည် မဟုတ်ပါလား။
ဆေးဖက်ဝင်အပင် အနည်းငယ်ပေးရုံဖြင့် ထျန်းရှနတ်ဘုရားနိုင်ငံတော်ထဲသို့ ဝင်ခိုင်းခြင်းက စော်ကားသလို ဖြစ်နေစေပြီး သူ့ကို ဒေါသထွက်သွားစေနိုင်သည်။
ဝမ်ချီရွှမ်က
“စီနီယာကြီး တစ်ခုခု အကူအညီ လိုအပ်တာရှိရင် လူလွှတ်ပြီး အသိပေးနိုင်တယ်လို့ ကျုပ်တို့ ဘုရင်ကြီးက ပြောလိုက်ပါတယ်။ သူ တတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးပါလိမ့်မယ်။”
လုချန်း ပြုံးလိုက်ရင်း
“ဒါဆိုရင်တော့ ကွမ်းရန်ဘုရင်ကို ကြိုတင် ကျေးဇူးတင်ရမှာပဲ။ အကယ်၍ သူ အကူအညီ လိုတာရှိရင်လည်း ကျုပ် တတ်နိုင်သမျှ ကူညီပေးပါ့မယ်။”
ထိုအရာကို ကြားလျှင် နတ်ဘုရင်တစ်ပါးကို ဤမျှလွယ်လွယ်ကူကူ ဆွဲဆောင်နိုင်လိမ့်မည်ဟု ဝမ်ချီရွှမ် မထင်ထားသဖြင့် ပို၍ပင် ဝမ်းသာသွား၏။
လုချန်းက
“ကောင်းပြီ။ ကျုပ်လည်း ကျင့်စဉ် ကျင့်ရတော့မယ်။ ခင်ဗျားလည်း ဆန္ဒရှိရင် ပြန်နိုင်ပါပြီ။”
ဝမ်ချီရွှမ်က
“ဟုတ်ကဲ့ စီနီယာ။ ကျုပ် မနှောင့်ယှက်တော့ပါဘူး”
ထို့နောက် စံအိမ်မှ ဝမ်ချီရွှမ် ထွက်ခွာသွား၏။
ဝမ်ချီရွှမ် ထွက်သွားပြီးနောက် ထူးဆန်းသော မျက်နှာပေးဖြင့် ခန်းမအပေါက်ဝကို လုကျန့်ကျီကြည့်နေမိ၏။
ခဏအကြာတွင် လုကျန့်ကျီက
“သခင်.. ကွမ်းရန်ဘုရင်က သခင့်ကို မသိတာ သေချာပါတယ်”
လုချန်းက ပြုံးလိုက်ရင်း
“သူက ဓားငှားပြီး လူသတ်ချင်နေတာ”
“ကျုပ်က လုကျင် လွှတ်လိုက်တဲ့သူကို သတ်လိုက်တာကို သူ သိတယ်လေ။ ဒါကြောင့် ကျုပ်နဲ့ လုကျင်ကြားမှာ ရန်ငြိုးရှိနေတယ်လို့ သူက တွေးနေတာ။ ဒါကို အခွင့်ကောင်းယူပြီး လုကျင်ကို တိုက်ဖို့ ကျုပ်ကို မဟာမိတ် ဖွဲ့ချင်နေတာပဲ။”
လုကျန့်ကျီက
“အကယ်၍ ကျုပ်တို့နှင့် ကွမ်းရန်ဘုရင် အဆက်အသွယ်ရှိတာကို အန်းယွမ်လုကျင် သိသွားရင် ကျုပ်တို့ သူ့ဘက်ပါသွားပြီလို့ သူ သံသယဝင်မှာ မဟုတ်ဘူးလား။”
လုချန်းက
“မဖြစ်နိုင်ပါဘူး... ကျုပ်ကို ကျဆုံးအောင် လုပ်ခဲ့တာက လုကျင့်ဖူလေ။ ကျုပ်က လုကျင့်ဖူနဲ့ ပြန်တည့်သွားလိမ့်မယ်လို့ လုကျင် ဘယ်တော့မှ တွေးမှာ မဟုတ်ဘူး။ ကျုပ်က အဲ့ဒီလောက်ကြီး သဘောထားကြီးတဲ့သူလို့လည်း သူ ထင်မှာ မဟုတ်ဘူး”
“ဒါပေမဲ့ လုကျင် ဒီအကြောင်းကို သိသွားရင်တော့ တစ်ယောက်ယောက်ကို လွှတ်ပြီး စုံစမ်းခိုင်းမှာ သေချာတယ်”
“ကောင်းပြီ။ ခင်ဗျားနဲ့ လျောင်ရှောင်ရွှမ်တို့ သွားပြင်ဆင်ကြတော့။ ကိစ္စတွေ လွှဲပြောင်းပေးပြီးတာနဲ့ ကစဉ့်ကလျားနယ်မြေကနေ ထွက်သွားပြီး အဆင့်တက်ဖို့ နေရာတစ်ခု သွားရှာကြပါ”
“ဟုတ်ကဲ့ပါ သခင်။”
…………..
အခန်း (၁၆၅၀ )
နတ်ဂိုဏ်းကြီးနှစ်ဂိုဏ်းကို တစ်ပြိုင်တည်း စစ်ခင်းမယ်
ကစဉ့်ကလျားနယ်မြေတွင် ဝမ်ချီရွှမ် ကြာရှည်စွာ မနေခဲ့ပေ။ ကျန်မော့ အသုံးပြုခဲ့သည့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံမှတစ်ဆင့် ထျန်းရှနတ်ဘုရားနိုင်ငံတော်သို့ သူ လျင်မြန်စွာ ပြန်လာခဲ့၏။
ထိုအချိန်တွင် တောင်ပေါ်ရှိ ဇရပ်တစ်ခု၌ သွေးရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ယောက်နှင့်အတူ လုကျင့်ဖူတို့ စစ်တုရင် ကစားနေကြ၏။
သွေးရောင်ဝတ်စုံနှင့်လူက
“မကြာခင်မှာ ကျုပ်တို့ သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချီယန်ဂိုဏ်းကို စစ်ကြေညာတော့မယ်။ ကွမ်းရန်ဘုရင်အနေနှင့် ကျုပ်တို့ကို အကူအညီတချို့ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
သွေးလင်းယုန်ခန်းမ၌ နတ်ဘုရင် သုံးပါးရှိပြီး တောင်ပိုင်းနယ်မြေတွင် အလတ်စားအင်အားစုတစ်ခုအဖြစ် သတ်မှတ်နိုင်သော်လည်း ခေတ်အဆက်ဆက် တည်တံ့လာသည့် ထျန်းရှနတ်ဘုရားနိုင်ငံတော်ကဲ့သို့သော နိုင်ငံနှင့် နှိုင်းယှဉ်ပါက သူတို့၏ အခြေခံအုတ်မြစ်က မနက်ရှိုင်းသေးချေ။
သွေးလင်းယုန်ခန်းမအနေနှင့် နတ်ဂိုဏ်းနှစ်ဂိုဏ်းကို တစ်ပြိုင်နက်တည်း စစ်ခင်းရန်အတွက် အရင်းအမြစ် အမြောက်အမြား လိုအပ်သည်။
ထိုအရာကို ကြားလျှင် စစ်တုရင်ရုပ်ကို ချရန်ပြင်နေသည့် လုကျင့်ဖူ၏ လက် တုံ့ခနဲ ရပ်တန့်သွား၏။ သူက နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးကို မော့ကြည့်လိုက်ရင်း
“နတ်ဂိုဏ်းကြီးနှစ်ဂိုဏ်းကို တစ်ပြိုင်နက် စစ်ခင်းမယ် ဟုတ်လား။ ခင်ဗျား ရူးနေတာလား။”
အတိတ်ကာလက သွေးလင်းယုန်ခန်းမသည် နတ်ဂိုဏ်းများကို တိုက်ခိုက်လျှင် တစ်ကြိမ်တွင် တစ်ဂိုဏ်းကိုသာ ပစ်မှတ်ထားလေ့ရှိ၏။ ထို့ပြင် ၎င်းတို့ ဖျက်ဆီးခဲ့သည့် နတ်ဂိုဏ်းအများစု၌ နတ်ဘုရင် အဆင့်ရှိသူ မရှိဖူးပေ။
အကယ်၍ ရှိခဲ့လျှင်ပင် ထိုနတ်ဘုရင်များသည် သေမင်း အငွေ့အသက်များ ဖုံးလွှမ်းကာ အသက်ကန့်သတ်ချက်သို့ ရောက်လုနီးပါး ဖြစ်နေကြသဖြင့် နတ်ဘုရင်တစ်ပါး၏ စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်ကြတော့ပေ။
သို့သော် ယွမ်ယုတိနှင့် ချီယန်နတ်ဘုရင် တို့သည် ထိပ်တန်းနတ်ဘုရင် အဆင့်တွင် ရှိနေကြသည်။ ထိုနတ်ဂိုဏ်းနှစ်ဂိုဏ်းကို တစ်ပြိုင်နက် တိုက်ခိုက်ခြင်းက များပြားလှသော ပေးဆပ်မှုများကို ဖြစ်ပေါ်စေလိမ့်မည်။
နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက တည်ငြိမ်စွာပင်
“ကျုပ်တို့ ဒီနေ့အတွက် ပြင်ဆင်လာတာ နှစ်ပေါင်း တစ်ရာကျော်ပြီ။ လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချီယန်ဂိုဏ်းကို ဖျက်ဆီးပြီး သူတို့ရဲ့ ကျင့်စဉ်အရင်းအမြစ်တွေနဲ့ နယ်မြေတွေကို သိမ်းပိုက်နိုင်မယ်ဆိုရင် ကျုပ်တို့ သွေးလင်းယုန်ခန်းမဟာ တောင်ပိုင်းနယ်မြေရဲ့ ထိပ်တန်းအင်အားစုတစ်ခု ဖြစ်လာနိုင်ပါတယ်။”
ထိုအရာကို ကြားလျှင် လုကျင့်ဖူက ရယ်မောလိုက်ပြီး
“နတ်သခင်တစ်ပါးတောင် မရှိပဲနဲ့ ထိပ်တန်းစွမ်းအားစု ဖြစ်မှာတဲ့လား။”
လုကျင့်ဖူ၏ လှောင်ပြောင်မှုကို နတ်ဘုရင်ခံ ပုံရိပ်ရောင်နတ်ဆိုးက စိတ်မဆိုးပဲ ခပ်အေးအေးပင်
“ကျုပ်တို့ ကျင့်ကြံတဲ့ နတ်နိယာမက နည်းနည်း ထူးခြားတယ်ဆိုတာ ခင်ဗျားလည်း သိမှာပါ။ ဒီနတ်ဂိုဏ်းနှစ်ဂိုဏ်းကို သိမ်းပိုက်ပြီးသွားရင် ကျုပ်တို့ နန်းတော်သခင် အဆင့်တက်သွားနိုင်တာမျိုးလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။”
နတ်ဘုရင်ခံ လင်ရင်၏ စကားကို ကြားလျှင် သွေးလင်းယုန်ခန်းမ၏ မိစ္ဆာကျင့်စဉ်အတွက် လူပေါင်းများစွာ၏ အသက်ကို လိုအပ်ကြောင်း လုကျင့်ဖူ ရိပ်မိလိုက်၏။ သွေးလင်းယုန်ခန်းမက နတ်ဂိုဏ်းနှစ်ဂိုဏ်းကို စစ်ခင်းလိုက်သည်နှင့် လူအမြောက်အမြား သေကျေကြမည်ဖြစ်သည်။
ထိုအခြေအနေသည် သွေးလင်းယုန်ခန်းမရှိ နတ်ဘုရင် သုံးပါးအတွက် ကျင့်ကြံရန် အခွင့်အရေး ဖြစ်လာပေလိမ့်မည်။ ထိုအချိန်ကျလျှင် သွေးစွမ်းအားများ မြင့်တက်လာမှုနှင့်အတူ ၎င်းတို့ သုံးယောက်ထဲမှ တစ်ယောက်ယောက် နတ်သခင် နယ်ပယ်သို့ အဆင့်တက်သွားနိုင်ခြေ ရှိသည်။
ထိုအတွေးနှင့်အတူ လုကျင့်ဖူ၏ မျက်နှာ အနည်းငယ် တင်းမာသွား၏။
သွေးလင်းယုန်ခန်းမ၌ နတ်ဘုရင်များသာ ရှိနေပါက သူကို့ ခြိမ်းခြောက်မှု အနည်းငယ်သာ ပေးနိုင်သေးသည်။ အကြောင်းမှာ ထျန်းရှနတ်ဘုရားနိုင်ငံတော်တွင်လည်း နတ်ဘုရင် တစ်ပါး၊ နှစ်ပါးမက ရှိနေခြင်းကြောင့်ပင်။
၎င်းတို့၏ တော်ဝင်မိသားစုတွင် နတ်ဘုရင်အဆင့် ဘိုးဘေးအချို့ ရှိသကဲ့သို့ နန်းတွင်း
စွမ်းအားရှင်များမှာလည်း နတ်ဘုရင် နယ်ပယ်တွင် ရှိကြသည်။
သို့သော် ထျန်းရှနတ်ဘုရားနိုင်ငံတော်တွင် ကြီးမားသော အားနည်းချက်တစ်ခု ရှိနေသည်။ ၎င်းမှာ နတ်သခင်တစ်ပါးမှ မရှိခြင်းပင်။
နတ်သခင်တစ်ပါး မရှိပါက နိုင်ငံ၏ အခြေခံအုတ်မြစ် မည်မျှပင် ခိုင်မာနေပါစေ နတ်သခင်ရှိသည့် အင်အားစုများကို ယှဉ်ပြိုင်ရန် ခက်ခဲလှသည်။
ကံကောင်းသည်က ထျန်းရှနတ်ဘုရားနိုင်ငံတော်သည် တောင်ပိုင်းနယ်မြေ၏ အကြီးဆုံး အင်အားစုဖြစ်သည့် ခမ်းနားသော ကောင်းကင်ခန်းမထံ နှစ်စဉ် ပဏ္ဍာဆက် ပစ္စည်းများ ဆက်သရသဖြင့် ထိုခန်းမ၏ အကာအကွယ်ကို ရရှိထားခြင်းပင်။
ထို့ကြောင့် နတ်သခင် မရှိသော်လည်း ထျန်းရှနိုင်ငံတော် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အကယ်၍ သွေးလင်းယုန်ခန်းမမှ နတ်သခင်တစ်ပါး တကယ် ပေါ်ထွက်လာခဲ့လျှင် ၎င်းတို့၏ စိတ်သဘောထားအရ ထျန်းရှနတ်ဘုရားနိုင်ငံတော် တစ်ခုလုံးကိုပင် လောဘတက်လာနိုင်သည်။
အတိတ်တွင် ထျန်းရှနတ်ဘုရားနိုင်ငံတော်သည် ခမ်းနားသော ကောင်းကင်ခန်းမကို အားကိုးနိုင်ခဲ့သော်လည်း ယခု ထိုခန်းမသည် နတ်ဆိုးဧကရာဇ်ကို နှိမ်နင်းရန်သာ အာရုံစိုက်နေရသဖြင့် ၎င်းတို့ကို ကာကွယ်ပေးရန် အာရုံ မရှိတော့ချေ။
အကယ်၍ သွေးလင်းယုန်ခန်းမက ထျန်းရှနတ်ဘုရားနိုင်ငံတော်ကို တိုက်ခိုက်လာလျှင် ၎င်းတို့ မည်သို့ ခုခံနိုင်မည်နည်း။
သွေးလင်းယုန်ခန်းမ၏ အင်အားက အလွန် ကြီးမားလှသဖြင့် ထျန်းရှနတ်ဘုရားနိုင်ငံတော်အတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေသည်။
သို့သော်...
သွေးလင်းယုန်ခန်းမက ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေကြောင်း သိသော်လည်း ယခုအချိန်တွင် သူ့၌ အခြားရွေးချယ်စရာ မရှိတော့ပေ။ ထျန်းရှနတ်ဘုရားနိုင်ငံတော်၏ အခြားသော မင်းသားများသည်လည်း ထိပ်တန်းအင်အားစုများကို ကျောထောက်နောက်ခံ ယူထားကြပြီးဖြစ်၏။ နိုင်ငံတော်အရှင်သခင် နေရာကို ယှဉ်ပြိုင်လိုပါက ထိပ်တန်းအင်အားစုများ၏ ထောက်ပံ့မှုကို မဖြစ်မနေ လိုအပ်သည်။
အကယ်၍ သွေးလင်းယုန်ခန်းမ၌ နတ်သခင်တစ်ပါး တကယ် ပေါ်ထွက်လာလျှင် သူ၏ ဖခင် ကွယ်လွန်ချိန်ကိုပင် စောင့်နေစရာ မလိုပဲ နိုင်ငံတော်အရှင်သခင် နေရာကို ရရှိနိုင်ပေလိမ့်မည်။
ခဏခန့် စဉ်းစားပြီးနောက် လုကျင့်ဖူက
“ဒီကိစ္စကို ကျုပ် ပြန်စဉ်းစားပါဦးမယ်။ ခမ်းနားသော ကောင်းကင်ခန်းမက နတ်အမိန့်တော် ထုတ်ပြန်ထားတယ်။ တောင်ပိုင်းနယ်မြေက အင်အားစုအားလုံးဟာ နတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်ဖို့အတွက်ပဲ အရင်းအမြစ်တွေကို အသုံးချရမယ်လို့ ဆိုထားတယ်။”
ခမ်းနားသော ကောင်းကင်ခန်းမအကြောင်းကို လုကျင့်ဖူ ပြောသည်ကို ကြားလျှင်
လုကျင့်ဖူ၏ စိုးရိမ်မှုကို နတ်ဘုရင်ခံ ပုံရိပ်ယောင်နတ်ဆိုး ချက်ချင်း နားလည်လိုက်သော်လည်း ထိုစိုးရိမ်မှုများ ပြေပျောက်သွားစေရန် ဘာမှ မပြောခဲ့ပေ။
အားလုံးသည် နှစ်ပေါင်း ကုဋေချီ၍ အသက်ရှင်လာကြသူများ ဖြစ်သဖြင့် လူအ များ မဟုတ်ကြချေ။ သွေးလင်းယုန်ခန်းမက ထျန်းရှနတ်ဘုရားနိုင်ငံတော်အပေါ် အကြံအစည် မရှိပါဟု သူ အခုပြောလိုက်လျှင်လည်း လုကျင့်ဖူကို ပို၍ပင် စိုးရိမ်သွားစေနိုင်သည်။
ရှင်းပြလွန်းခြင်းက တစ်ခုခုကို ဖုံးကွယ်ထားသလိုမျိုး ဖြစ်စေတတ်သဖြင့် သူ ဘာမှမပြောပဲ လုကျင့်ဖူကိုသာ ကိုယ်တိုင် ဆုံးဖြတ်ခိုင်းလိုက်၏။
အမှန်စင်စစ် လုကျင့်ဖူသည် ထျန်းရှနတ်ဘုရားနိုင်ငံတော်၏ တစ်ဦးတည်းသာ နယ်စားဘုရင် မဟုတ်ပေ။ သွေးလင်းယုန်ခန်းမအနေနှင့် မည်သူနှင့်မဆို ပူးပေါင်းနိုင်သည်။ နောက်ဆုံးတွင် မည်သို့ ရွေးချယ်ရမည်ကို လုကျင့်ဖူ သိလိမ့်မည်ဟု ပုံရိပ်ယောင်နတ်ဆိုး ယုံကြည်၏။
ထို့နောက် ပုံရိပ်ယောင်နတ်ဆိုးက မတ်တတ်ရပ်လိုက်ရင်း
“ဘုရင်ကြီးဆီက သတင်းကောင်းကို ကျုပ် စောင့်နေပါ့မယ်။”
ထိုစကားများ ပြောပြီးနောက် နတ်ဘုရင်ခံ ပုံရိပ်ယောင်နတ်ဆိုး လှည့်ထွက်သွား၏။ သူ၏ စိုးရိမ်မှုများကို ပြေပျောက်အောင်ပင် မပြောပဲ ထွက်သွားသည့် နတ်ဘုရင်ခံ ပုံရိပ်ယောင်နတ်ဆိုးကို ကြည့်ရင်း သွေးလင်းယုန်ခန်းမက ထျန်းရှနတ်ဘုရားနိုင်ငံတော်အပေါ် အခြားအစီအစဉ်များ ရှိနေနိုင်သည်ဟု လုကျင့်ဖူ ပို၍ ခံစားလာရသည်။
သို့သော် သွေးလင်းယုန်ခန်းမနှင့် သူမပူးပေါင်းလျှင် ၎င်းတို့က သူ၏ ညီအစ်ကိုများထဲမှ တစ်ယောက်ယောက်နှင့် သွားရောက် ပူးပေါင်းပေလိမ့်မည်။ အကယ်၍ ထိုသူများသာ သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းသွားပါက သူ နိုင်ငံတော်အရှင်သခင် ဖြစ်လာရန် အခွင့်အရေး လုံးဝ ရှိတော့မည် မဟုတ်ပေ။
ခဏတာအတွင်း လုကျင့်ဖူ၏ စိတ်ထဲ ဝေခွဲမရ ဖြစ်နေတော့၏။ သူသည် နိုင်ငံတော်အရှင်သခင် နေရာကို အမှန်တကယ် လိုချင်၏။ ထို့ပြင် ထိုနေရာကို ရရှိပြီးနောက် နိုင်ငံကို ကြာရှည်စွာ အုပ်ချုပ်ရသူလည်း ဖြစ်လိုသည်။
အရှင်သခင် ဖြစ်ပြီးကာမှ ချက်ချင်း ပြန်လည် ဖယ်ရှားခံရမည့် အခြေအနေမျိုးကို သူ မလိုလားချေ။ အကယ်၍ ရာထူးရပြီး ရက်အနည်းငယ်အတွင်း ဖယ်ရှားခံရမည်ဆိုလျှင် ထိုနေရာကို လုယူနေခြင်းက ဘာများ အဓိပ္ပာယ် ရှိတော့မည်နည်း။
မည်သို့ ရွေးချယ်ရမည်ကို လုကျင့်ဖူ စဉ်းစားနေစဉ်မှာပင် အဆောင်အပြင်ဘက်သို့ အစောင့်တစ်ယောက် ရောက်လာကာ
“အရှင်... တပ်မှူးဝမ် ပြန်ရောက်လာပါပြီ”
လုကျင့်ဖူ သတိပြန်ဝင်လာပြီး
“သူ့ကို တောင်ထိပ်ကို လာခိုင်းလိုက်”
ခဏအကြာတွင် ဝမ်ချီရွှမ် တောင်ထိပ်ဇရပ်သို့ ရောက်ရှိလာပြီး ဝမ်းသာအားရပင်
“အရှင်... သတင်းကောင်းပါဗျ”
လုကျင့်ဖူက
“အဲ့ဒီနတ်ဘုရင်က ဘာပြောလိုက်လဲ”
ဝမ်ချီရွှမ်က
“အဲ့ဒီနတ်ဘုရင်က ကျုပ်တို့ ပေးလိုက်တဲ့ လက်ဆောင်ကို လက်ခံလိုက်ပါတယ်။ နောက်ပြီး အကူအညီ လိုတာရှိရင်လည်း သူ့ကို ပြောနိုင်တယ်လို့ ပြောလိုက်ပါတယ်။”
လုကျင့်ဖူက
“ဒီဆေးဖက်ဝင် အပင်တွေက သူ့အတွက် အသုံးတည့်ပုံရတယ်။”
“သူ့ရဲ့ သက်တမ်းက ကုန်ဆုံးတော့မှာ ဒါမှမဟုတ် ရန်သူတွေရဲ့ လိုက်လံတိုက်ခိုက်တာကို ခံနေရလို့ ကစဉ့်ကလျားနယ်မြေမှာ ပုန်းနေတာလည်း ဖြစ်နိုင်တာပဲ။”
လုကျင့်ဖူသည် လက်ဆောင်ပေးရန် ပြင်ဆင်စဉ်က ကျင့်စဉ်ကို ပြန်လည်အားဖြည့်ပေးနိုင်သည့် ဆေးဖက်ဝင်အပင်အချို့ကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ကစဉ့်ကလျားနယ်မြေတွင် ပုန်းအောင်းနေသည့် ထိုနတ်ဘုရင်သည် ဒဏ်ရာရနေသဖြင့် သူ၏ စွမ်းအားကြီးရန်သူ မမြင်နိုင်အောင် ပုန်းနေခြင်းဖြစ်နိုင်သည်ဟု သူ သံသယဝင်ခဲ့၏။
မဟုတ်ပါက နတ်ဘုရင်တစ်ပါးက အဘယ်ကြောင့် ထိုကဲ့သို့သော နေရာမျိုးတွင် ပုန်းအောင်းနေမည်နည်း။
လုကျင့်ဖူ သက်ပြင်းချလိုက်မိ၏။ ထိုနတ်ဘုရင်ကို ဆွဲဆောင်နိုင်ခဲ့သော်လည်း လက်ရှိအခြေအနေအတွက် များစွာ အထောက်အကူ ဖြစ်ပုံမရချေ။
သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းကို စစ်ကြေညာမည်ဟု ဆိုထားရာ စစ်ပွဲက တကယ်ပင် ဖြစ်ပွားလာပေလိမ့်မည်။ အကယ်၍ သူ သွေးလင်းယုန်ခန်းမကို ယခု ငြင်းပယ်လိုက်လျှင် ၎င်းတို့ထဲမှ နတ်သခင်တစ်ပါး တကယ် ပေါ်ထွက်လာသည့်အခါ ပထမဆုံး ဒုက္ခရောက်မည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်လိမ့်မည်။
ထိုအတွေးနှင့်အတူ လုကျင့်ဖူလည်း လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းကို တိုက်ခိုက်ရာတွင် သွေးလင်းယုန်ခန်းမကို ကူညီပေးဖို့ နောက်ဆုံးတွင် ဆုံးဖြတ်လိုက်ရတော့၏။