← Chapters

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း ၇၆ - ဟင်းလင်းပြင်ကို ဆွဲဖြဲခြင်းနှင့် ကလဲ့စားချေခြင်း

ဤပန်းချီကားမှာ အလွန်ပင် ရှေးကျလှပြီး နှစ်ပေါင်းသောင်းချီ၍ အချိန်ပင်လယ်အတွင်း စိမ်ထားသကဲ့သို့ သမိုင်းကြောင်း အငွေ့အသက်များ ကိန်းအောင်းနေပေသည်။

ပန်းချီကားအတွင်း၌ ဝတ်စုံဖြူနှင့် လူငယ်တစ်ဦးသည် တောင်တန်းပေါင်းများစွာ၏ အလယ်တွင် တစ်ဦးတည်း ရပ်နေ၏။ သူ၏ မျက်နှာသွင်ပြင်မှာ ထင်ရှားပြတ်သားပြီး မျက်ဝန်းများမှာ ကြယ်တာရာများကဲ့သို့ တောက်ပနေကာ အရှိန်အဝါမှာလည်း ထူးခြားလွန်းလှပေသည်။

နတ်မိစ္ဆာတစ်ပါးကဲ့သို့ သူ၏ အမူအရာမှာ ဝါကျင်ကျင် ရှေးဟောင်းစက္ကူပေါ်မှနေ၍ ဖျော့တော့စွာ ထွက်ပေါ်နေသကဲ့သို့ပင်။

ဝတ်စုံဖြူနှင့် ဤလူငယ်သည် သူ၏ အင်္ကျီစများ တလွင့်လွင့်နှင့် မြင့်မားသော တောင်ထိပ်ပေါ်တွင် ရပ်နေပုံမှာ ကောင်းကင်နှင့် မြေကြီးကို အုပ်စိုးနေသော အထွတ်အထိပ် နတ်ဘုရားဘုရင်တစ်ပါးကဲ့သို့ ရှိနေပေသည်။ တစ်ချက်ကြည့်လိုက်ရုံမျှနှင့် သူ၏ အနှိုင်းမဲ့ ပုံရိပ်ကို လူတစ်ဦး၏ မှတ်ဉာဏ်အတွင်း၌ ထာဝရ စွဲထင်သွားစေရန် လုံလောက်လှပေသည်။

ရှေးဟောင်းပန်းချီကားထဲက ဝတ်စုံဖြူနှင့် လူငယ်မှာ အံ့ဩစရာကောင်းလောက်အောင်ပင် သူတို့ရှေ့က ဝတ်စုံဖြူနှင့် သခင်ကြီးကို ပုံစံတူ ထွင်းထုထားသကဲ့သို့ ရှိနေ၏။ အသွင်အပြင်ဖြစ်စေ၊ အမူအရာဖြစ်စေ တစ်ပုံစံတည်း တူညီနေခြင်းပင် ဖြစ်သည်။

ဆဋ္ဌမငါးလေးမှာ မှင်တက်မိသွားရ၏။ သူသည် ရှေးဟောင်းပန်းချီကားကို လက်နှစ်ဖက်နှင့် ကိုင်ထားရင်း သူ၏ ခန္ဓာကိုယ်မှာလည်း မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေလေသည်။

ပန်းချီကားကို မြင်လိုက်ရသည့်အခါ အိုမင်းနေသော မျိုးနွယ်စုခေါင်းဆောင်၏ မျက်ဝန်းအတွင်း၌ ချက်ချင်းပင် မျက်ရည်များ ဝဲတက်လာတော့သည်။ သူ ဤအရာကို အိပ်မက်ပင် မမက်ဖူးခဲ့ပေ။ နှစ်ပေါင်း တစ်သိန်း၊ အချိန်ကာလ နှစ်ပေါင်း တစ်သိန်း အပြည့်ပင် ဖြစ်၏။ ချန်းနန်ကုန်းမြေကြီး၏ ထိပ်တန်းက သန်မာသူ၊ ထာဝရအဆင့်ရှိ နဂါးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်မှာ အမှန်တကယ်ပင် အသက်ရှင်နေဆဲ ဖြစ်ပေသည်။

“ဘုန်း...”

သူသည် ဒူးထောက်ချလိုက်ပြီး ထပ်တလဲလဲ ဦးတိုက်ကာ ငိုယိုလျက် ကျယ်လောင်စွာ အရိုအသေပြုလိုက်၏။

“နဂါးကန်ရဲ့ ၅၄ ဆက်မြောက် မျိုးဆက်ဖြစ်တဲ့ လုံချင်းက ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ်...”

အိုမင်းနေသော မျိုးနွယ်စုခေါင်းဆောင် ဒူးထောက်လိုက်သည်ကို မြင်ရသည့်အခါ ဆဋ္ဌမငါးလေးမှာလည်း မှင်တက်မိသွားရပြီး မသိစိတ်ဖြင့် လိုက်၍ ဒူးထောက်လိုက်လေသည်။

ရီယွင်သည် သူ၏ခြေရင်း၌ ဒူးထောက်နေသော အဘိုးအိုကို ကြည့်ရင်း ခပ်ဖွဖွ ပြုံးလိုက်၏။

သူသည် ဤငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုနှင့် တွေ့ဆုံရန် အမြဲ ဆန္ဒရှိခဲ့သဖြင့် လမ်းတစ်လျှောက်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးဗီဇ အရှိန်အဝါကို ထိန်းချုပ်ထားခဲ့ပေသည်။ ချန်းလန်မြစ်အတွင်းသို့ ဝင်ရောက်ပြီးနောက် မည်သူမျှ သူ၏ နဂါးဘိုးဘေး သွေးဗီဇ အရှိန်အဝါကို အာရုံမခံနိုင်ခဲ့ကြပေ။

“ထကြ...”

တည်ငြိမ်သော မျက်နှာထားနှင့်အတူ ရီယွင်သည် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။ စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး အဘိုးအိုနှင့် ဆဋ္ဌမငါးလေးတို့ကို ချက်ချင်းပင် မြေပြင်မှနေ၍ မယူလိုက်လေသည်။

“နဂါးကန်ရဲ့ ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုက ၅၄ ဆက်အထိ လက်ဆင့်ကမ်းလာခဲ့တာပဲ... မင်းတို့အတွက် တကယ်ကို လွယ်ကူခဲ့မှာမဟုတ်ပါဘူး...”

ရီယွင်က ညင်သာစွာ ပြောလိုက်၏။

“မှန်လှပါ ဂိုဏ်းချုပ်ကြီး...”

အိုမင်းနေသော မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေဆဲဖြစ်ပြီး သူ၏နှလုံးသားမှာလည်း လွန်စွာ လှုပ်ရှားနေရာ သူသည် စကားပင် ဆက်မပြောနိုင်တော့ပေ။

သူတို့ရှေ့က ဝတ်စုံဖြူနှင့် လူငယ်မှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက နဂါးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် ရီယွင်ပင် မဟုတ်ပါလား။ သူသည် ချန်းနန်ကုန်းမြေကြီးပေါ်တွင် အသက်အငယ်ဆုံးသော ထာဝရနယ်ပယ်က သန်မာသူဖြစ်ပြီး ခေတ်တစ်ခုကို လွှမ်းမိုးခဲ့သည့် ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။ သူ၏ရှေ့တွင် အသက်ကြီးလှသော ထာဝရနယ်ပယ်က ကျင့်ကြံသူများပင် ခေါင်းမော့မကြည့်ဝံ့ကြချေ။

သူတို့ မျိုးနွယ်စု၏ ကနဦးဘိုးဘေးမှာ နဂါးနတ်ဘုရားဂိုဏ်းအတွင်းရှိ နဂါးကန်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုစဉ်က ဂိုဏ်းချုပ်ကြီးသည် ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း စုစုပေါင်း တစ်ရာကို နဂါးကန်အတွင်း ထည့်သွင်းပေးခဲ့သည်။

ရီယွင်သည် အဘိုးအိုအား ကြည့်ကာ မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ခပ်ဖွဖွ ပြုံးလျက် ပြောလိုက်၏။

“အခု ငါက နဂါးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်တော့ပါဘူး... လက်ရှိဂိုဏ်းချုပ်က တခြားလူဖြစ်နေပါပြီ...”

အဘိုးအိုမှာ အံ့အားသင့်သွားရ၏။ နှစ်ပေါင်းများစွာအတွင်း သူသည် သူ၏ မျိုးနွယ်စုဝင်များကို ဦးဆောင်ကာ ချန်းနန်ကုန်းမြေကြီးအနှံ့ လှည့်လည်သွားလာခဲ့သော်လည်း နဂါးနတ်ဘုရားဂိုဏ်းနှင့် ပတ်သက်သော သတင်းများကို မကြားသိခဲ့ရပေ။ အချိန်တွေက အတော်လေး ကုန်ဆုံးသွားခဲ့ချေပြီ။ နှစ်ပေါင်း တစ်သိန်းအတွင်း နဂါးနတ်ဘုရားဂိုဏ်းမှာ အချိန်ပင်လယ်အတွင်း၌ သမိုင်းအဖြစ်သို့ ကွယ်ပျောက်သွားခဲ့သည်မှာ ကြာခဲ့ပြီပင်။

“နောင်ကို ငါ့ကို ‘သခင်ကြီး’ လို့ပဲ ခေါ်ပါ...”

ရီယွင်က လုံချင်းကို ကြည့်ကာ ပြောလိုက်၏။

“ဟုတ်ကဲ့ပါ သခင်ကြီး...”

လုံချင်းက အလျင်အမြန် ခေါင်းညိတ်လိုက်ရင်း သူ၏ မျက်ဝန်းထောင့်က မျက်ရည်များကို သုတ်လိုက်လေသည်။

ရီယွင်က လုံချင်းကို တစ်ချက် ကြည့်လိုက်ရာ သူ၏မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးသွားပြီး တိုးညင်းစွာ မေးလိုက်၏။

“မင်းရဲ့ ခန္ဓာကိုယ်က လွန်ခဲ့တဲ့ အချိန်ကတည်းက အပိုင်းပိုင်း ပိုင်းဖြတ်ခံထားရတာပဲ... မင်းက အဲ့ဒါကို အတင်းအဓမ္မပဲ ပြန်ထိန်းထားတာကိုး... ဘယ်သူကများ ဒီလောက်အထိ ရက်စက်ရတာလဲ...”

သခင်ကြီး၏ စကားကို ကြားလိုက်ရသည့်အခါ ရှေးဟောင်းပန်းချီကားကို ကိုင်ထားဆဲဖြစ်သော ဘေးနားရှိ ဆဋ္ဌမငါးလေးမှာ ချက်ချင်းပင် မှင်တက်မိသွားရလေသည်။ အိုမင်းနေသော မျိုးနွယ်စုခေါင်းဆောင်၏ ဒဏ်ရာများမှာ ထိုမျှအထိ ပြင်းထန်နေခြင်း ဖြစ်ပေသည်။ သူ၏ ခန္ဓာကိုယ်ကိုယ် အခြားသူများက အပိုင်းပိုင်း ပိုင်းဖြတ်ခဲ့သည်တဲ့လား။ အပိုင်းပိုင်း ပြတ်နေသော ခန္ဓာကိုယ်ကို စွမ်းအားများဖြင့် အတင်းအဓမ္မ ထိန်းချုပ်ကာ နှစ်ပေါင်းများစွာအတွင်း တောင့်ခံလာခဲ့ရသော ဆင်းရဲဒုက္ခများကို သူ တွေးပင် မတွေးရဲတော့ပေ။

လုံချင်း၏ မျက်လုံးများ နီမြန်းလာပြီး နာကျည်းမှုများနှင့်အတူ ပြောလိုက်၏။

“အရင်က ကျွန်တော်တို့ လော့ထျန်းမင်းဆက်ကနေ ရှန်ဖုန်းမင်းဆက်ကို ခိုလှုံဖို့ ထွက်ပြေးလာတဲ့ အချိန်မှာ ချီထျန်းဓားဂိုဏ်းက သန်မာသူတစ်ယောက်နဲ့ တွေ့ခဲ့တာပါ... သူက ကျွန်တော့်ထက် နယ်ပယ်တစ်ခု ပိုပြီး သန်မာသလို သူ့ရဲ့ ဓားသိုင်းကလည်း တော်တော်လေးပြောင်မြောက်လှပါတယ်... ကျွန်တော် သူ့ကို မယှဉ်နိုင်ခဲ့ပါဘူး...”

“ချီထျန်းဓားဂိုဏ်းကကိုး...”

ရီယွင်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၏။

သူ့ရှေ့က လုံချင်းမှာလည်း သူ၏ ကျင့်ကြံမှုအဆင့် မကျဆင်းမီက ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၁ ရှိသော သန်မာသူတစ်ဦး ဖြစ်ခဲ့ဖူးပေသည်။ ယခုမူ သူသည် ကောင်းကင်တံတားနယ်ပယ် အဆင့် ၁၀ ၏ အထွတ်အထိပ်သို့ ကျဆင်းနေခဲ့ပြီ ဖြစ်သည်။

ချီထျန်းဓားဂိုဏ်းက ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၂ ရှိသူ တစ်ဦးဆိုလျှင် အနည်းဆုံးတော့ ဒုတိယဂိုဏ်းချုပ် သို့မဟုတ် အမြင့်ဆုံးအဆင့်ရှိ အကြီးအကဲ တစ်ဦးဦး ဖြစ်ပေလိမ့်မည်။

ကူယွဲ့မင်းဆက်တွင်လည်း ချီထျန်းဓားဂိုဏ်းက ကောင်းကင်တံတားနယ်ပယ် အကြီးအကဲ တစ်ဦးမှာ သူတို့၏ ကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခဲ့သဖြင့် လော့လီနှင့် ကျွင်းမော့ရှောင်တို့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရဖူးပေသည်။ ငွေလမင်းမြို့တော်တွင်လည်း ချီထျန်းဓားဂိုဏ်းက အကြီးအကဲ တစ်ဦးနှင့် တွေ့ဆုံခဲ့ဖူး၏။

ယခုမူ သူ တစ်ချိန်က ချန်းလန်မြစ် ရေပြင်အောက်၌ မွေးမြူခဲ့သော ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုများပင်လျှင် ချီထျန်းဓားဂိုဏ်း၏ ဖိနှိပ်ခြင်း ဒဏ်ရာများကို ခံစားနေကြရချေပြီ။ ဤသည်က ရီယွင်၏ နှလုံးသားအတွင်း၌ ဒေါသ အရိပ်အယောင်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

စစ်မှန်သော နတ်ဘုရားတစ်ပါး ဒေါသထွက်သည့်အခါ သွေးချောင်းစီးဆင်းရပေလိမ့်မည်။ ရီယွင်သည် လုံချင်းအား တစ်ချက် ကြည့်လိုက်ရာ သူ၏ သူငယ်အိမ်မှာ အနည်းငယ် ကျုံ့သွားလေသည်။

ထိုအခိုက်အတန့်တွင် လုံချင်းသည် မယုံနိုင်စရာကောင်းသော စွမ်းအားတစ်ခုက သူ၏ စိတ်အာရုံ တစ်ခုလုံးကို ပြင်းထန်စွာ လှန်လှောပစ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး ခဏအကြာတွင်တော့ ပုံမှန် ပြန်ဖြစ်သွားခဲ့၏။ သူသည် အလွန်ပင် ထိတ်လန့်သွားရပေသည်။

နောက်တစ်ခဏတွင် လုံချင်းမှာ သခင်ကြီး၏ လက်မောင်းမှနေ၍ ဆန်းကြယ်လှသော အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရ၏။ ထိုအလင်းတန်းမှာ ဖော်ပြမရနိုင်လောက်သော မြင့်မြတ်သည့် တောက်ပမှုများဖြင့် ပြည့်နှက်နေပေသည်။

ရီယွင်၏ လက်မောင်း အရှေ့ပိုင်းမှာ ဟင်းလင်းပြင်အတွင်းသို့ ထိုးဝင်သွားလေတော့သည်။

“ဒါက...”

လုံချင်းသည် ဤမြင်ကွင်းကို မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေမိပြီး ကျောက်ရုပ်တစ်ခုပမာ ထိတ်လန့်နေခဲ့၏။

‘ဒါဆို... သခင်ကြီးက နတ်ဘုရားတစ်ပါး ဖြစ်နေပြီလား...’

ဤ အံ့ဩစရာကောင်းလှသော ဖြစ်နိုင်ခြေမှာ လုံချင်း၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းကပင် သခင်ကြီးမှာ ထာဝရနယ်ပယ်၌ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့ပြီးသား ဖြစ်ပေသည်။ နှစ်ပေါင်း တစ်သိန်း ကြာပြီးနောက်တွင် သခင်ကြီးမှာ ဤကမ္ဘာပေါ်၌ မသေနိုင်သော ခန္ဓာနှင့် တည်ရှိနေဆဲဖြစ်ရာ သူသည် နတ်ဘုရားနယ်ပယ်သို့ ခြေချနိုင်ခဲ့ပြီမှာ အသေအချာပင်။ စစ်မှန်သော နတ်ဘုရားတစ်ပါးလော။ ဤသည်ကို တွေးလိုက်မိသည်နှင့် လုံချင်း၏ ခန္ဓာကိုယ်မှာ မထိန်းချုပ်နိုင်ဘဲ တုန်ယင်လာလေတော့သည်။

နဂါးနတ်ဘုရားဂိုဏ်း ဆုတ်ယုတ်လာခဲ့ပြီးကတည်းက နဂါးကန်မှာလည်း ကြီးမားလှသော ဂိုဏ်းပေါင်းစုံစစ်ပွဲအတွင်း ဖျက်ဆီးခြင်း ခံခဲ့ရပေသည်။ အနည်းငယ်သော ငါးကြင်းများသာ လွတ်မြောက်ခဲ့ကြပြီး နှစ်ပေါင်း သောင်းချီအတွင်းမှာတော့ သူတို့သည် မတူညီသော မျိုးနွယ်ခွဲများကို ဖြစ်ပေါ်စေခဲ့၏။ ချန်းနန်ကုန်းမြေကြီး၏ နေရာအနှံ့အပြားတွင် သူတို့သည် လူတိုင်း၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရကာ ဆိုးရွားလှသော ဘဝများကို ဖြတ်သန်းခဲ့ကြရပေသည်။ ကျင့်ကြံသူ အများအပြားမှာ ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းကို ဖမ်းဆီးရန် ကြိုးစားခဲ့ကြသည် မဟုတ်ပါလား။

သို့သော်လည်း သူတို့ မျိုးနွယ်စုမှာ လွန်ခဲ့သော နှစ်ပေါင်း သောင်းချီက ဂုဏ်သိက္ခာကြီးမားသည့် အချိန်တစ်ခု ရှိခဲ့ဖူးပေသည်။ သူတို့၏ အရေအတွက်မှာ တစ်ချိန်က တစ်သောင်းကျော်အထိပင် တိုးပွားခဲ့ဖူးသည်။

...

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရီယွင်သည် သူ၏လက်မောင်းကို ပြန်လည် ဆွဲထုတ်လိုက်ရာ သူ၏လက်ထဲတွင် လူတစ်ဦး ပါလာခဲ့ပြီး ထိုလူအား မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။

ဤသူမှာ လေးထောင့်စပ်စပ် မျက်နှာနှင့်အတူ ဆံပင်များ အနည်းငယ် ဖြူနေသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်ပေသည်။ ဓားကဲ့သို့သော မျက်ခုံးများနှင့် ကြယ်တာရာများကဲ့သို့ မျက်ဝန်းများမှာ သူရဲကောင်းဆန်သော အရှိန်အဝါများ ထွက်ပေါ်နေပေသည်။

သူသည် မြေပြင်မှနေ၍ လူးလဲထလိုက်ရင်း အလွန်ပင် ထိတ်လန့်နေလျက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ သူသည် ချီထျန်းဓားဂိုဏ်း၏ နောက်ဘက်တောင်ကုန်းပေါ်တွင် ကျင့်ကြံနေစဉ်မှာပင် အားကောင်းလှသော စွမ်းအားတစ်ခုက သူ့ကို ရုတ်တရက် ဖမ်းဆီးလိုက်ခြင်း ဖြစ်ပြီးနောက် ဤနေရာသို့ တိုက်ရိုက်ရောက်ရှိလာခြင်းပင်။

“ကုန်းစွန်းလီ... လူယုတ်မာကောင်... မင်း ဒီလိုနေ့မျိုးနဲ့ တွေ့ရမယ်လို့ တစ်ခါမှ မထင်ထားဘူး မဟုတ်လား...”

အံ့အားသင့်နေသော ကုန်းစွန်းလီကို ကြည့်ရင်း လုံချင်း၏ မျက်နှာပေါ်တွင် ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာလေသည်။

သခင်ကြီးမှာ အမှန်တကယ်ပင် အစွမ်းထက်လွန်းလှပေသည်။ ချီထျန်းဓားဂိုဏ်းမှာ ဤနေရာနှင့် အနည်းဆုံး မိုင်ပေါင်း သိန်းချီ ဝေးကွာသော်လည်း သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနှင့် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ကုန်းစွန်းလီကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ချေပြီ။

“လုံ... လုံချင်း... မင်းလား...”

ကုန်းစွန်းလီသည် လုံချင်းအား မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားပြီး တိုက်ခိုက်ရန် ချက်ချင်းပင် ပြင်ဆင်လိုက်၏။

“ချီထျန်းဓားဂိုဏ်းက လူတစ်ယောက်က ငါ့ရှေ့မှာ ဒီလောက်အထိ ရဲတင်းလွန်းလှချေလား...”

အေးစက်သော အသံတစ်ခု ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် ကုန်းစွန်းလီမှာ သူ၏ ကျင့်ကြံမှုအဆင့်မှာ လုံးဝ ချိပ်ပိတ်ခံလိုက်ရကြောင်း သိလိုက်ရသဖြင့် ထိတ်လန့်သွားရ၏။ သူ၏လက်ထဲက ဓားမှာလည်း မြေပြင်ပေါ်သို့ ချွမ်းခနဲ ပြုတ်ကျသွားလေတော့သည်။

ကုန်းစွန်းလီသည် လှည့်ကြည့်လိုက်ရာ ဝတ်စုံဖြူနှင့် လူငယ်ကို မြင်တွေ့လိုက်ရ၏။ ထိုသို့ မြင်လိုက်ရသည်နှင့် သူသည် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားရ၏။

ထိုအခိုက်အတန့်တွင် သူသည် အထွတ်အထိပ် နတ်ဘုရားတစ်ပါးကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ထိုသူထံမှ ထွက်ပေါ်နေသော တောက်ပသည့် အလင်းတန်းများမှာ လောကပေါင်းစုံကို လင်းထိန်သွားစေပြီး သူ့အား ပြန်လည် ခုခံလိုစိတ်များ လုံးဝ ပျောက်ကွယ်သွားစေလေတော့သည်။

“လုံချင်း... လုပ်လိုက်တော့” ရီယွင်က သူ၏ လက်နှစ်ဖက်ကို နောက်ပစ်လျက် အေးဆေးစွာ ပြောလိုက်၏။

သူ့အား တစ်ချိန်က အပိုင်းပိုင်း ပိုင်းဖြတ်ခဲ့သော ရန်သူကို မြင်ရသည့်အခါ လုံချင်းမှာ နာကျည်းမှုကြောင့် သွားကို တင်းတင်းကြိတ်လိုက်မိ၏။ အကယ်၍သာ သူ၏ ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း ခန္ဓာကိုယ်၏ အံ့ဩဖွယ်ရာ ခံနိုင်ရည်နှင့် ပြန်လည် ကုသနိုင်စွမ်းသာ မရှိခဲ့လျှင် သူသည် ယနေ့တိုင် အသက်ရှင်နေနိုင်မည် မဟုတ်ပေ။ နှစ်ပေါင်းများစွာအတွင်း စုဆောင်းလာခဲ့သော နာကျင်မှုနှင့် ဆင်းရဲဒုက္ခများကြောင့် လုံချင်း၏ မျက်လုံးများမှာ ဒေါသကြောင့် နီမြန်းလာလေတော့သည်။

သူသည် ဓားကို ဆွဲထုတ်လိုက်ပြီး ရှေ့သို့ လှမ်းတက်လိုက်ကာ ကုန်းစွန်းလီအား ပြင်းထန်လှသော ဓားချက်များဖြင့် မုန်တိုင်းသဖွယ် ထိုးနှက်ခုတ်ပိုင်း တိုက်ခိုက်လိုက်တော့သည်။

ကုန်းစွန်းလီမှာ ပြန်လည် ခုခံနိုင်စွမ်း လုံးဝ မရှိပေ။ နာကျင်စွာ အော်ဟစ်နေသံများနှင့်အတူ ကုန်းစွန်းလီမှာ ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ပြီး နေရာမှာတင် သေဆုံးသွားလေတော့သည်။

“သခင်ကြီးကို အများကြီး ကျေးဇူးတင်ပါတယ်...”

ကုန်းစွန်းလီအား သတ်ဖြတ်ပြီးနောက် မျက်ရည်များဖြင့် ပြည့်နှက်နေသော လုံချင်းမှာ သူ၏ဓားကို ချလိုက်ပြီး ရီယွင်၏ ခြေရင်း၌ နောက်တစ်ကြိမ် ဒူးထောက်လိုက်ပြန်သည်။

“ထပါ... ခုနစ်ရောင်ခြယ် ရွှေကြာပန်းကို မြန်မြန် မှီဝဲပြီးတော့မင်းရဲ့ ပျက်စီးနေတဲ့ ခန္ဓာကိုယ်ကို ပြန်ပြီး ကုသလိုက်ပါဦး...”

ရီယွင်က တည်ငြိမ်သော အပြုံးနှင့် ပြောလိုက်၏။ စွမ်းအားတစ်ခုမှာ ထွက်ပေါ်လာပြီး လုံချင်းအား မတ်တပ်ရပ်အောင် ကူညီပေးလိုက်လေသည်။

အနားတွင် ရပ်နေသော ဆဋ္ဌမငါးလေးမှာမူ လုံးဝကို မှင်တက်မိနေ၏။

‘ဒါ... သခင်ကြီးက ဘယ်လို ကျင့်ကြံမှု နယ်ပယ်ကိုများ ရောက်နေလို့လဲ... လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ ဟင်းလင်းပြင်ကို ဆွဲဖြဲပြီး မိုင်ပေါင်း သိန်းချီ ဝေးတဲ့နေရာက ပြန်လည်မွေးဖွားခြင်းနယ်ပယ် သန်မာသူတစ်ယောက်ကို ဖမ်းလာနိုင်တာလား...’ အကယ်၍သာ သူ၏မျက်စိနှင့် တပ်အပ် မမြင်ခဲ့ရလျှင် ဤကမ္ဘာပေါ်တွင် ဤမျှအထိ အစွမ်းထက်သောသူ ရှိနိုင်မည်ဟု ဆဋ္ဌမငါးလေးအနေနှင့် လုံးဝ ယုံကြည်နိုင်မည် မဟုတ်ပေ။

အခန်း ၇၆ ပြီးပါပြီ။

အခန်း ၇၇ - ရှေးဟောင်းအကြွင်းအကျန်နယ်မြေ၏ တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲ

လုံချင်းသည် ခုနစ်ရောင်ခြယ် ရွှေကြာပန်းကို စားသုံးပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာဟောင်းများမှာ လျင်မြန်စွာပင် ကျန်းမာလာခဲ့ပြီး သူ၏မျက်နှာပေါ်တွင်လည်း သွေးရောင်များ ပြန်လည်လွှမ်းမိုးလာခဲ့သည်။

ရီယွင်သည် ခေတ္တမျှ တိတ်ဆိတ်စွာ အကဲခတ်နေမိ၏။ ဤခုနစ်ရောင်ခြယ် ရွှေကြာပန်းမှာ လုံချင်း၏ ဒဏ်ရာ ထက်ဝက်ခန့်ကိုသာ ကုသပေးနိုင်သည်ကို သူ တွေ့ရှိလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ ထိုဒဏ်ရာများမှာ အချိန်အတော်ကြာအောင် တည်ရှိနေခဲ့ခြင်းကြောင့်ပင်။

ဤသည်ကို တွေးလိုက်မိရင်း ရီယွင်သည် ပုလင်းငယ်လေးတစ်လုံးကို ထုတ်ယူလိုက်၏။

စိမ်းစိုလှသော ဆန်းကြယ်သည့် အရည်တစ်စက်မှာ လုံချင်းထံသို့ ပျံသန်းသွားလေသည်။ ထိုခဏမှာပင် လျှို့ဝှက်ခန်းတစ်ခုလုံးမှာ အားကောင်းလှသော အသက်ဝိညာဉ်စွမ်းအင်များဖြင့် ရုတ်တရက် ပြည့်နှက်သွားလေတော့သည်။

“ဒါက ဘာလဲ...”

ဘေးနားရှိ ဆဋ္ဌမငါးလေးမှာ ထိုလေထုကို အငမ်းမရ ရှူရှိုက်လိုက်မိ၏။ သူ၏ ဝိညာဉ်ပင်လျှင် မြင့်တက်သွားသကဲ့သို့ သူ ခံစားလိုက်ရပေသည်။

“မြိုချလိုက်...”

ရီယွင်၏ အသံမှာ လုံချင်း၏ နားထဲတွင် ဖျော့တော့စွာ ပဲ့တင်ထပ်သွား၏။

လုံချင်းသည် မျက်လုံးများကို ဖွင့်လိုက်၏။ ဆန်းကြယ်လှသော အစိမ်းရောင် အရည်စက်ကို စိုက်ကြည့်ရင်း သူ၏စိတ်အာရုံမှာ ထိတ်လန့်မှုကြောင့် တုန်လှုပ်သွားရပြီးနောက် ထိုအရာကို အလျင်အမြန်ပင် မြိုချလိုက်လေသည်။

“ဘုန်း...”

မယုံနိုင်စရာကောင်းလှသော အသက်ဝိညာဉ်စွမ်းအားတစ်ခုမှာ သူ၏ခန္ဓာကိုယ်အတွင်း၌ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသွားပြီး သွေးကြောတိုင်းနှင့် အသားမျှင်တိုင်းအတွင်းသို့ စိမ့်ဝင်သွားလေတော့သည်။

တောက်ပလှသော အစိမ်းရောင်အလင်းတန်းတစ်ခုမှာ လုံချင်း၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသဖြင့် သူသည် ပို၍ပင် မြင့်မြတ်သောအသွင် ဆောင်နေပေသည်။

အသက်တရှူမျှ အချိန်အတွင်းမှာပင် လုံချင်း၏ လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဒဏ်ရာများနှင့် အတွင်းပိုင်း ဝေဒနာများမှာ လုံးဝ ပျောက်ကင်းသွားခဲ့သည်။

သူသည် ထိုင်နေရာမှ လူးလဲထလိုက်ရင်း ရီယွင်၏ ခြေရင်း၌ ဒူးထောက်လိုက်၏။

“သခင်ကြီးကို အများကြီး ကျေးဇူးတင်ပါတယ်...”

လုံချင်းမှာ စိတ်လှုပ်ရှားမှုများကြောင့် နောက်တစ်ကြိမ် မျက်ရည်ကျမိပြန်၏။ နှစ်ပေါင်း တစ်သိန်း ကြာပြီးနောက်တွင် နဂါးကန်မှ ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သော သူသည် သခင်ကြီး၏ ကရုဏာတော်ကို နောက်တစ်ကြိမ် ပြန်လည် ရရှိလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ဘေးနားရှိ ဆဋ္ဌမငါးလေးမှာ ဤအရာအားလုံးကို မှင်တက်မိကာ ကြည့်နေ၏။ ဆန်းကြယ်လှသော အစိမ်းရောင် အရည်တစ်စက်က အိုမင်းနေသော မျိုးနွယ်စုခေါင်းဆောင်ကို မျက်တောင်တစ်ခတ်အတွင်း ပြန်လည် ကျန်းမာလာစေရုံတင်မကဘဲ သူ၏ကျင့်ကြံမှုမှာလည်း ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၁ သို့ ပြန်လည်ရောက်ရှိသွားစေခဲ့၏။ ထို့ပြင် ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၂ သို့ တက်လှမ်းတော့မည့် အရိပ်အယောင်များပင် ရှိနေပေသည်။

ဆဋ္ဌမငါးလေးမှာ သူ၏နှုတ်ခမ်းကို သပ်လိုက်ရင်း ဝတ်စုံဖြူနှင့် သခင်ကြီးကို ကြည့်ကာ သူ၏မျက်ဝန်းများအတွင်း၌ အလွန်ပင် အားကျနေသော အကြည့်များဖြင့် ရူးသွပ်ဖွယ် ပြည့်နှက်သွားလေတော့သည်။

“မျိုးနွယ်စုခေါင်းဆောင်... မကောင်းတော့ဘူး... ရှေးဟောင်းကျင့်ကြံသူ ပုံရိပ်ယောင်တွေ အများကြီး ရင်ပြင်မှာ စုရုံးနေကြတယ်... သူတို့ တစ်ခုခုကို ပူဇော်နေကြသလိုပဲ...”

လူငယ်တစ်ဦးမှာ ရုတ်တရက် အပြေးအလွှား ဝင်ရောက်လာပြီး ထိတ်လန့်တကြား ပြောလိုက်၏။

ရီယွင်က ခပ်ဖွဖွ ပြုံးလိုက်သည်။ ဤရှေးဟောင်းအကြွင်းအကျန်နယ်မြေအတွင်း၌ ထူးဆန်းသော အရာအချို့ ပုန်းခိုနေကြောင်း သူ သိထားပြီးသားပင်။ ယခုမူ သူတို့သည် နောက်ဆုံးတော့ ကိုယ်ထင်ပြလာကြချေပြီ။

လုံချင်းက မတ်တပ်ရပ်လိုက်ပြီး ရီယွင်အား ရိုသေစွာ ကြည့်လိုက်ရင်း တိုးညင်းစွာ ပြောလိုက်၏။

“သခင်ကြီး... ကျွန်တော် အခြေအနေကို အရင်သွားကြည့်လိုက်ဦးမယ်...”

“အတူတူ သွားကြတာပေါ့...”

ရီယွင်က ခပ်ဖွဖွ ပြုံးလိုက်၏။ နှစ်ပေါင်းများစွာ အိပ်မောကျနေခဲ့သော ဤမိစ္ဆာများသည် ဤငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းများ ကိုင်တွယ်နိုင်မည့် အရာမျိုး မဟုတ်ပေ။

လူအုပ်စုမှာ အပြင်သို့ ထွက်လာခဲ့ကြ၏။

လျှို့ဝှက်ခန်းအတွင်း၌ ကျန်ရှိနေသော ကုန်းစွန်းလီ၏ ပျက်စီးနေသော အသားနှင့် သွေးစများကို မြေအောက်မှ တက်လာသည့် မီးခိုးရောင် မြူခိုးများက ရုတ်တရက် ဖုံးလွှမ်းသွားပြီးနောက် ပျောက်ကွယ်သွားလေတော့သည်။

လမ်းတစ်ဝက်သို့ ရောက်နေပြီဖြစ်သော ရီယွင်မှာ သူ၏ခေါင်းကို အနည်းငယ် လှည့်ကြည့်လိုက်ရင်း ထိုနေရာကို အဓိပ္ပာယ်ပါပါ ဝေ့ကြည့်လိုက်၏။

ထိုအခိုက်အတန့်တွင် မြင်းနက်ကြီးမှာလည်း ဤနေရာ၏ ထူးဆန်းမှုများကို သတိပြုမိသွားပုံရသဖြင့် တစ်ချက် နှစ်ချက်ခန့် သွားဖြီးလိုက်၏။

“ဦးလေးမြင်း... ဘာတွေများ တွေ့လို့လဲဗျ... ဦးလေးရဲ့ အပြုံးက တကယ်ကို ကြောက်စရာကြီး...”

ကြောင်နက်ကြီးမှာ တစ်ကိုယ်လုံး တုန်ယင်သွားရပြီး ပတ်ဝန်းကျင်ကို အဆက်မပြတ် ဝေ့ကြည့်နေမိ၏။ သူ၏ ကျောရိုးပေါ်ရှိ အမွှေးအမျှင်များမှာလည်း ထောင်ထနေပေသည်။ ဤရေအောက်က ရှေးဟောင်းအကြွင်းအကျန်နယ်မြေမှာ သူ့အား ဖော်ပြမရနိုင်လောက်သော ထူးဆန်းသည့် ခံစားချက်ကို ပေးစွမ်းနေပေသည်။

“ငါက မင်းလို စကားများတဲ့ ကြောင်ပေါက်စလေးမျိုး မဟုတ်ဘူး... ဦးလေးမြင်းက အလုပ်လုပ်ရမယ့် အချိန်ရောက်ရင် ဘယ်တော့မှ ပျက်ကွက်တာ မရှိဘူး... ဒီလို သာမာန်ကိစ္စတွေကိုတော့ မင်းဦးလေးက လျှောက်ပြောနေမှာ မဟုတ်ဘူး...”

မြင်းနက်ကြီးက သူ၏ခေါင်းကို လှည့်၍ ရယ်မောလိုက်၏။ ၎င်း၏ ဖုန်ခါတံပမာ အမြီးကြီးဖြင့် ဖြောင်းခနဲ အသံနှင့်အတူ ကြောင်နက်ကြီးအား အသာအယာ ခတ်လိုက်လေသည်။

ကြောင်နက်ကြီးမှာ ရထားလုံးပေါ်သို့ ရိုက်ချခံလိုက်ရသဖြင့် အော်ဟစ်လိုက်ရပြီး ကြောင်မုန့်ပြားကြီး တစ်ပြားကဲ့သို့ ဖြစ်သွားတော့မတတ်ပင်။

“ဦးလေးမြင်း... သက်ညှာပါဦး... ကျွန်တော့်ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်လေးက ဦးလေးရဲ့ အမြီးဒဏ်ကို မခံနိုင်ပါဘူးဗျာ...” ကြောင်နက်ကြီးက အလွန်ပင် ဝမ်းနည်းဟန်နှင့် ထပ်တလဲလဲ အသနားခံလိုက်ရ၏။

“စောင့်ကြည့်နေလိုက်... သခင်ကြီးက တစ်ယောက်ယောက်ကို ကိုင်တွယ်ဖို့ မင်းကို တာဝန်ပေးလိမ့်မယ် ထင်တယ်...”

မြင်းနက်ကြီးက သူ၏သွားများကို ကာရင်း ပြုံးလိုက်၏။

“ကျွန်တော် လှုပ်ရှားရမယ့် အခွင့်အရေး နောက်တစ်ကြိမ် ရဦးမှာလား...”

ကြောင်နက်ကြီးမှာ ချက်ချင်းပင် ထရပ်လိုက်ပြီး သူ၏မျက်လုံးများမှာလည်း စိမ်းဖန့်ဖန့် အလင်းတန်းများဖြင့် တဖျတ်ဖျတ် တောက်ပလာလေသည်။ နောက်ဆုံးအကြိမ် သူ လှုပ်ရှားခဲ့စဉ်က သခင်ကြီး၏ ဆုလာဘ်ကို ရရှိခဲ့ဖူးသည် မဟုတ်ပါလား။ အကယ်၍သာ ယခုတစ်ကြိမ် နောက်ထပ် အခွင့်အရေး ရဦးမည်ဆိုပါက ကြောင်နက်ကြီးမှာ အစွမ်းကုန် ကြိုးစားမည် ဖြစ်သည်။ သူ ပိုပြီး ကြိုးစားလေလေ ရရှိမည့် ဆုလာဘ်က ပို၍ ကြီးမားလေလေ ဖြစ်လိမ့်မည်။

စောစောက ကြောက်လန့်နေသည်ကို မေ့လျော့ကာ စိတ်ဓာတ်တက်ကြွနေသော ကြောင်နက်ကြီးကို မြင်ရသည့်အခါ မြင်းနက်ကြီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း သူ့ကို လျစ်လျူရှုလိုက်၏။

ရီယွင်သည် လုံချင်း၏နောက်မှနေ၍ ရင်ပြင်ဆီသို့ လိုက်ပါလာခဲ့၏။

သူတို့၏ ပတ်လည်တွင် လူအသွင် ပြောင်းလဲထားကြသော ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုဝင်အချို့မှာ သူတို့ရှေ့က ကျင့်ကြံသူ ပုံရိပ်ယောင်များကို ကြည့်ကာ အံ့ဩနေကြလေသည်။

လုံချင်းသည် ရင်ပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ချက်ချင်းပင် မှင်တက်မိသွားရ၏။ ရှေးဟောင်းကျင့်ကြံသူ ထောင်ပေါင်းများစွာ၏ ပုံရိပ်ယောင်များမှာ ရင်ပြင်ပေါ်တွင် စုရုံးနေကြပေသည်။ ဤသည်မှာ ယခင်က တစ်ခါမျှ မဖြစ်ပျက်ခဲ့ဖူးသော ကိစ္စပင် ဖြစ်၏။ အတိတ်က ကျင့်ကြံသူများအကြား စစ်ပွဲများ ဖြစ်ပေါ်သည့်တိုင်အောင် အနည်းငယ်သော အရေအတွက်သာ ပေါ်လာလေ့ ရှိခဲ့သည်။

ဤကျင့်ကြံသူများသည် ဝိညာဉ်များကဲ့သို့ပင် ရင်ပြင်၏ အလယ်ဗဟိုတွင် စုဝေးနေကြပြီး လေထဲက တစ်စုံတစ်ခုကို ပူဇော်နေသကဲ့သို့ သူတို့၏ လက်မောင်းများကို အဆက်မပြတ် မြှောက်နေကြလေသည်။

လုံချင်းမှာ မျက်မှောင်ကြုတ်လိုက်မိ၏။ ဤရှေးဟောင်းအကြွင်းအကျန်နယ်မြေမှာ သူတို့ ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုကို ဆယ်စုနှစ်များစွာ ကာကွယ်ပေးလာခဲ့ကြသည်။ ယနေ့ကဲ့သို့ တစ်ခါမျှ ထူးဆန်းခြင်း မရှိခဲ့ဖူးပေ။ ဤအရာများမှာ စိတ်ဆန္ဒကြောင့် ဖြစ်ပေါ်လာသည့် ပုံရိပ်ယောင်များသာ ဖြစ်ကြောင်း သူ၏ မျိုးနွယ်စုဝင်များကို သူ ပြောပြခဲ့ဖူးလေသည်။ သို့သော်လည်း ယနေ့တွင်မူ သူ၏ အစောပိုင်း စကားများမှာ မှားယွင်းနေနိုင်ကြောင်း သူ ရုတ်တရက် ခံစားလိုက်ရ၏။ သူတို့ရှေ့တွင် ဖြစ်ပျက်နေသည့် အရာမှာ စိတ်ဆန္ဒကြောင့် ဖြစ်ပေါ်လာသည့် ပုံရိပ်ယောင်မျှသာဟု ပြော၍ မရနိုင်တော့ပေ။

“လုံချင်း... ဒီမှာ အရင်က ဘယ်လိုဂိုဏ်းမျိုး ရှိခဲ့တာလဲ...”

ရီယွင်က တစ်ချက် ရယ်မောရင်း မေးလိုက်၏။

“ထိုက်ရွှမ်ဂိုဏ်းလို့ ခေါ်ပုံရပါတယ်... အရင်က ဆိုင်းဘုတ်အပိုင်းအစတစ်ခု ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပျက်စီးသွားခဲ့ပါပြီ...” လုံချင်းက ရိုသေစွာ ပြန်လည် ဖြေကြားလိုက်လေသည်။

ရီယွင်၏ အကြည့်မှာ ခေတ္တမျှ လှုပ်ခတ်သွား၏။ ဤထိုက်ရွှမ်ဂိုဏ်း၏ ဇာစ်မြစ်ကို သူ ရုတ်တရက် သတိရလိုက်မိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀,၀၀၀ ခန့်က ချန်းနန်ကုန်းမြေကြီးပေါ်တွင် ‘ထိုက်ရွှမ်ဂိုဏ်း’ အမည်ရှိ ထိပ်သီးဂိုဏ်းကြီး တစ်ခု အမှန်တကယ်ပင် ရှိခဲ့ဖူးပေသည်။ ထိုဂိုဏ်းမှာ ထိုစဉ်က အလွန်ပင် လျင်မြန်စွာ တိုးချဲ့ခဲ့ပြီး အခြားသော ဂိုဏ်းပေါင်းများစွာကို ဝါးမြိုခဲ့၏။ နောက်ပိုင်းတွင်တော့ ၎င်း၏ များပြားလှသော ရန်သူများ၏ ပူးပေါင်း တိုက်ခိုက်ခြင်းကို ခံရကာ ပျက်စီးသွားခဲ့သည်။ ဤအကြောင်းကို ချန်းနန်ကုန်းမြေကြီး၏ သမိုင်းမှတ်တမ်းများတွင် ရေးသားထားခဲ့ပေသည်။ သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်း ၁၂၀,၀၀၀ က အဖြစ်အပျက်များကို သူကဲ့သို့ ရှေးကျသောသူမှသာ မှတ်မိနိုင်မည် ဖြစ်သည်။

“ဟင်...”

ရီယွင်သည် မြေအောက်က တစ်နေရာသို့ အမှတ်မထင်ဘဲ ဝေ့ကြည့်လိုက်ရာ သူ၏နှုတ်ခမ်းပေါ်တွင် ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာလေသည်။

ရုတ်တရက် ရင်ပြင်ပေါ်တွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာ၏။

ထို ရှေးဟောင်းကျင့်ကြံသူ ထောင်ပေါင်းများစွာ၏ ပုံရိပ်ယောင်များမှာ ကောင်းကင်ယံသို့ ရုတ်တရက် ပျံတက်သွားကြပြီး တစ်ခုတည်းအဖြစ် စုစည်းသွားကြသည်။ နောက်ဆုံးတွင် သူတို့မှာ အစိမ်းရောင် စစ်သူကြီးဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ ပုံရိပ်အဖြစ် ပေါင်းစပ်သွားကြ၏။ ထိုသက်လတ်ပိုင်း အမျိုးသား၏ ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်လည်းမက အစစ်အမှန်လည်းမကျ ထိုကဲ့သို့ ရှိနေပေသည်။ သို့သော်လည်း သူ၏ မဟာနဂါးနတ်ဘုရား အရှိန်အဝါမှာ အလွန်ပင် အားကောင်းလှ၏။ သူသည် ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၇ သို့ပင် ရောက်ရှိနေခဲ့ချေပြီ။

အားကောင်းလှသော ပြန်လည်မွေးဖွားခြင်းနယ်ပယ် သန်မာသူ၏ ဖိနှိပ်ထားသော အရှိန်အဝါများမှာ ဒီရေပမာ လွှမ်းမိုးလာခဲ့ပြီး အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ အားနည်းသော ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုဝင်များမှာ ယိုင်နဲ့သွားကြပြီး အကြိမ်ကြိမ် နောက်သို့ ဆုတ်သွားကြရ၏။

ဤသည်ကို မြင်လိုက်ရသည့်အခါ လုံချင်းမှာ ရှေ့သို့ ပြေးထွက်လိုက်ပြီး သူ၏ လက်မောင်းများကို ကျယ်ပြန့်စွာ ဆန့်ထုတ်ကာ ကျရောက်လာသော မဟာနဂါးနတ်ဘုရား အရှိန်အဝါ ဖိအားများကို ဟန့်တားလိုက်သည်။

အစိမ်းရောင် စစ်သူကြီးဝတ်စုံနှင့် သက်လတ်ပိုင်း အမျိုးသားမှာ သူ၏မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်ပြီး သူ၏အသံမှာလည်း အက်ရှရှနှင့် ထွက်ပေါ်လာ၏။

“အားလုံးပဲ... ငါ့ဆီကို လာကြစမ်း... မင်းတို့ ဘာကို စောင့်နေကြတာလဲ...”

ထိုအခိုက်အတန့်တွင် လုံချင်း၏နောက်ကွယ်ရှိ အိုမင်းသောသူဖြစ်စေ၊ လူငယ်ဖြစ်စေ၊ ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုဝင်များ၏ မျက်ဝန်းအတွင်း၌ ရူးသွပ်သော အကြည့်များ ဖျတ်ခနဲ ပေါ်လာလေသည်။ တစ်စုံတစ်ယောက်၏ ခေါ်ယူခြင်းကို ခံလိုက်ရသကဲ့သို့ပင် သူတို့ အားလုံးမှာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး ရင်ပြင်၏ အလယ်ဗဟိုဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြသည်။

“ဒါက တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ...”

လုံချင်းမှာ ထိတ်လန့်သွားရ၏။

သူသည် လှည့်ကြည့်လိုက်သည့်အခါ သူ၏ မျိုးနွယ်စုဝင်များအနက် ဆဋ္ဌမငါးလေး တစ်ဦးသာ သူ၏ဘေးတွင် ကျန်ရှိတော့သည်ကို တွေ့လိုက်ရပေသည်။ ရှေးဟောင်းအကြွင်းအကျန်နယ်မြေနယ်မြေအတွင်း၌ အမြဲတစေ နေထိုင်လာခဲ့ကြသော အခြားသော သူ၏ မျိုးနွယ်စုဝင်များမှာမူ ထိုအခိုက်အတန့်တွင် ရူးသွပ်သွားကြပုံ ရပေသည်။

အခန်း ၇၇ ပြီးပါပြီ။

အခန်း ၇၈ - ကြောင်ကြီးသခင်နှင့် စိတ်မိစ္ဆာတို့၏ တိုက်ပွဲ

ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုဝင်များသည် ရင်ပြင်ဗဟိုဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြသည်။ သူတို့သည် အပြာရောင် စစ်သူကြီးဝတ်စုံနှင့် သက်လတ်ပိုင်း အမျိုးသားကို ဝန်းရံကာ အလွန်ပင် ရူးသွပ်အားကျနေသော အမူအရာများဖြင့် ကိုးကွယ်ယုံကြည်သူများပမာ ဒူးထောက်လိုက်ကြ၏။

“ပြန်လာခဲ့ကြစမ်း...”

လုံချင်းသည် သူ၏ မျိုးနွယ်စုဝင်များ ထိုသို့ ပြုမူနေသည်ကို မြင်ရသည့်အခါ ဟိန်းဟောက်လိုက်သည်။

ကံမကောင်းသည်မှာ ထိုမျိုးနွယ်စုဝင် တစ်ဦးတစ်ယောက်မျှ ဂရုမစိုက်ကြဘဲ ရူးသွပ်နေသော အခြေအနေမှ ရုန်းမထွက်နိုင်ဘဲ ရှိနေကြပေသည်။

“ဒါက...”

ဆဋ္ဌမငါးလေးမှာ သူ၏မျက်စိရှေ့တွင် ဖြစ်ပျက်နေသည့် မြင်ကွင်းကို ကြည့်ကာ မှင်တက်မိနေ၏။

သူ၏ မျိုးနွယ်စုဝင်များ တစ်နေ့တွင် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ပေ။

‘ဒါဆို... ရှေးဟောင်းအကြွင်းအကျန်နယ်မြေရဲ့ ထူးဆန်းမှုတွေက ဒီနှစ်တွေအတွင်းမှာ မျိုးနွယ်စုဝင်တွေကို သက်ရောက်မှု ရှိနေခဲ့တာလား...’

‘ငါကတော့ ပုံမှန်အားဖြင့် အပြင်ဘက်မှာ ခုနစ်ရောင်ခြယ် ရွှေကြာပန်းကို လိုက်ရှာနေရတာကြောင့် ဒီဒဏ်ကနေ လွတ်မြောက်နေခဲ့တာလား...’

အိုမင်းနေသော မျိုးနွယ်စုခေါင်းဆောင်က စိတ်ကြည်လင်နေတာဟာ သခင်ကြီးဆီက ဆန်းကြယ်တဲ့ အစိမ်းရောင် ရေစက်ကလေးကို ရရှိခဲ့ပြီး ထူးဆန်းမှုတွေကို မောင်းထုတ်နိုင်ခဲ့လို့လား။

ဆဋ္ဌမငါးလေး၏ စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေပေသည်။

ရီယွင်သည် မည်သို့မျှ မဖြစ်သကဲ့သို့ အရာအားလုံးကို တည်ငြိမ်စွာ ကြည့်နေ၏။

ထိုစဉ် ရင်ပြင်ပေါ်က အပြာရောင် စစ်သူကြီးဝတ်စုံနှင့် အမျိုးသားမှာ သူ၏မျက်လုံးများကို ရုတ်တရက် အပြူးသား ဖွင့်လိုက်သည်။ သူ၏မျက်ဝန်းများအတွင်းမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး လုံချင်းထံသို့ လျှပ်စီးပမာ ကျရောက်လာ၏။

“မင်း တိုက်ဝံ့သလား...”

သူက ပြောပြောဆိုဆိုနှင့်ပင် လက်ကို ဝှေ့ယမ်းလိုက်ရာ ဧရာမ ဓားရှည်ကြီးတစ်လက်မှာ သူ၏လက်ထဲ၌ ရုတ်တရက် ပေါ်လာသည်။

ထိုဓားမှာ သာမန်ဓားထက် သုံးဆခန့် ပိုမိုကျယ်ပြန့်ပြီး နှစ်ဆခန့် ပိုမိုရှည်လျားလှ၏။

တောက်ပသော ဓားသွားမှာ တဖျတ်ဖျတ် တောက်နေပြီး အေးစက်လှသော အငွေ့အသက်များကို ထုတ်လွှတ်နေပေသည်။

ခဏချင်းမှာပင် မြေပြင်ပေါ်၌ ဒူးထောက်နေကြသော ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုဝင်များ၏ ခန္ဓာကိုယ်ပေါ်တွင် ရေခဲလွှာပါးပါးလေးများ ဖုံးလွှမ်းသွားတော့သည်။

အပြာရောင် စစ်သူကြီးဝတ်စုံနှင့် အမျိုးသားမှာ ဤမျှအထိ ရဲတင်းနေသည်ကို မြင်ရသည့်အခါ လုံချင်းမှာ ဒေါသကြောင့် သွေးများ ဆူပွက်လာပြီး ရှေ့သို့ ပြေးထွက်ရန် ပြင်လိုက်၏။

ရီယွင်၏ မျက်ခုံးမှာ အနည်းငယ် လှုပ်ခတ်သွားသည်။

လုံချင်းမှာ ချက်ချင်းပင် နေရာမှာတင် တားဆီးခြင်း ခံလိုက်ရ၏။

လုံချင်းမှာ ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၂ မျှသာ ရှိသေးပြီး ထိုလူသားမဟုတ်သော ပုဂ္ဂိုလ်မှာမူ ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၇ သို့ပင် ရောက်ရှိနေခဲ့ချေပြီ။ အကယ်၍ လုံချင်းသာ ရှေ့သို့ ပြေးထွက်သွားမည်ဆိုလျှင် သူ၏အသက်ကို အချည်းနှီး ပေးလိုက်ရသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

ရီယွင်သည် လှည့်ကာ တစ်စုံတစ်ရာသော ဘက်သို့ ခပ်ဖွဖွ ဝေ့ကြည့်လိုက်၏။

မြင်းနက်ကြီးမှာ တစ်စုံတစ်ခုကို အာရုံခံမိသွားလေသည်။

“ကြောင်ပေါက်လေး... မင်း လှုပ်ရှားရမယ့် အချိန်ရောက်ပြီ... သလုမျောပါး မဖြစ်မချင်း ပြန်မလာရဘူးနော်...”

မြင်းနက်ကြီးက သွားဖြီးကြီးဖြင့် ပြုံးလိုက်၏။

“ဦးလေးမြင်း... စိတ်ချပါဗျ... ကျွန်တော့်မှာ အသက်ကိုးချောင်း ရှိတာပါ... ဒီနေ့တော့ အဲ့ဒီ အသက်တွေအားလုံးကို လောင်းကြေးထပ်ဖို့ ပြင်ထားပြီးသား... လူလည်းမဟုတ် တစ္ဆေလည်းမဟုတ်တဲ့ အဲ့ဒီအကောင်ကို အသေအလဲ တိုက်ပြမယ်လို့ ကျိန်ဆိုပါတယ်ဗျာ...”

ကြောင်နက်ကြီးက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး သူ၏လက်သည်းများဖြင့် ရင်ဘတ်ကို ပုတ်ကာ ကြွေးကျော်လိုက်၏။

သူ၏ စကားလုံးများမှာ ကြမ်းတမ်းလှသော်လည်း သူ၏မျက်လုံးများမှာမူ ရှားပါးရတနာတစ်ခုကို တွေ့လိုက်ရသကဲ့သို့ စိမ်းဖန့်ဖန့် တောက်နေပေသည်။

“ဟားဟား... သွားတော့လေ... သခင်ကြီး အကြာကြီး မစောင့်ရစေနဲ့...”

ကြောင်နက်ကြီး ဤမျှအထိ စိတ်အားထက်သန်နေသည်ကို မြင်ရသည့်အခါ မြင်းနက်ကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူ၏ အမြီးမှာ အသာအယာ လိပ်တက်သွားပြီး ကြောင်နက်ကြီးကို ပုတ်လိုက်ရာ ပဲအိတ်တစ်အိတ်ပမာ လွင့်ထွက်သွားလေ၏။

“ရှူး...”

မှောင်မည်းသော အရိပ်တစ်ခုမှာ ရေစီးကြောင်းကို ဖြတ်သန်းသွားပြီး အဝေးမှနေ၍ လျင်မြန်စွာ တိုးဝင်လာကာ အပြာရောင် စစ်သူကြီးဝတ်စုံနှင့် သက်လတ်ပိုင်း အမျိုးသားကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

“ဒါက ဘာလဲ...”

သက်လတ်ပိုင်း အမျိုးသားမှာ အံ့အားသင့်သွားရ၏။

အနက်ရောင်အရိပ်မှာ အလွန်ပင် လျင်မြန်လှသဖြင့် သူသည် ဓားကို မြှောက်၍ ကာကွယ်ရန်သာ တတ်နိုင်လိုက်ပေသည်။

“ဘုန်း...”

ကြောင်နက်ကြီး၏ ရှေ့လက်သည်းများမှာ ဓားပေါ်သို့ ကျရောက်သွား၏။ မယုံနိုင်စရာကောင်းလှသော စွမ်းအားတစ်ခုမှာ ဓားသွားမှတစ်ဆင့် သူ၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားလေသည်။

သက်လတ်ပိုင်း အမျိုးသားမှာ ခြေလှမ်းပင် မတ်မတ်မရပ်နိုင်တော့ဘဲ နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားရ၏။

ကြောင်နက်ကြီးမှာလည်း ပြင်းထန်လှသော တုံ့ပြန်မှုကြောင့် ရေထဲတွင် နောက်သို့ လွင့်ထွက်သွားပြီး အကြိမ်ကြိမ် လူးလိမ့်သွားပြီးနောက်မှသာ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းသိမ်းနိုင်တော့သည်။

“ဟားဟား... တကယ်ကို အားရစရာပဲ... ဦးလေးမြင်းရဲ့ အမြီးကူညီမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ...”

ကြောင်နက်ကြီးက ဟင်းလင်းပြင်တွင် ဝဲပျံနေရင်း တစ်စုံတစ်ရာသော ဘက်သို့ သူ၏ရှေ့လက်သည်းများဖြင့် ဦးညွှတ်ပြလိုက်၏။

အလင်းတန်းတစ်ခုနှင့်အတူ သူသည် အသွင်ပြောင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ တောင်ငယ်တစ်ခုပမာ ဧရာမ ကြီးမားသွားပြီး အမြီးကိုးချောင်းဝိညာဉ်ကြောင်အဖြစ် အစစ်အမှန် အသွင်အပြင်ကို ဖော်ပြလိုက်ပေသည်။

“ဒါက ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၇ မှာ ရှိတဲ့ အမြီးကိုးချောင်းဝိညာဉ်ကြောင် ပါလား...”

လုံချင်းမှာ နေရာမှာတင် ရပ်နေရင်း ကြောင်နက်ကြီးကို မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေမိ၏။

‘ဒီကြောင်က ဘယ်ကနေ ရောက်လာတာလဲ...’

‘သူက ဘာဖြစ်လို့ ငါတို့ ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုကို ကူညီရတာလဲ...’

လုံချင်းမှာ ထိတ်လန့်နေစဉ်မှာပင် ဆဋ္ဌမငါးလေးမှာမူ ပို၍ပင် အံ့အားသင့်နေခဲ့၏။ သူ၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး ကျောက်ရုပ်တစ်ခုပမာ မလှုပ်မယှက် ရပ်နေမိလေသည်။

‘ဒီကြောင်က ရထားလုံးပေါ်မှာ အမြဲတမ်း အိပ်နေတတ်သည့် ကြောင်နက်ကြီး မဟုတ်လား... သူက ပြန်လည်မွေးဖွားခြင်းနယ်ပယ်က ဒီလောက်အထိ အစွမ်းထက်တဲ့ မိစ္ဆာတစ်ကောင် ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ...’

မူလအသွင်အပြင်ကို ဖော်ပြလိုက်သည့်အခါ လွန်စွာ ကြောက်စရာကောင်းလှပေသည်။

ဆဋ္ဌမငါးလေးမှာ ယွင်မုန်တောင်တုန်းက အစီရင်ကို ဖျက်ဆီးပေးခဲ့သည့် မြင်းနက်ကြီးကိုလည်း မတွေးဘဲ မနေနိုင်တော့ပေ။

‘တကယ်လို့ ကြောင်နက်ကြီးက ဒီလောက်အထိ သန်မာနေမယ်ဆိုရင်... တစ်လမ်းလုံးမှာ ကြောင်နက်ကြီးက ရိုသေနေခဲ့ရတဲ့ မြင်းနက်ကြီးကရော ဘယ်လောက်အထိ စွမ်းအားကြီးနေလိမ့်မလဲ...’

ဆဋ္ဌမငါးလေးမှာ ဆက်၍ပင် မတွေးရဲတော့ပေ။

ထိုအခိုက်အတန့်တွင် သူသည် ရီယွင်၏နောက်တွင် ရပ်နေရင်း နတ်ဘုရားတစ်ပါးကဲ့သို့သောရီယွင်၏ ကျောပြင်ကို ငေးကြည့်နေမိ၏။ သူ၏မျက်ဝန်းအတွင်းက အားကျနေသော အကြည့်များမှာ ပို၍ပင် ရူးသွပ်စွာ လင်းလက်လာလေတော့သည်။

အပြာရောင် စစ်သူကြီးဝတ်စုံနှင့် အမျိုးသားမှာ ယခုအခါ ယိုင်နဲ့နေပြီး သူ၏ပုံစံမှာလည်း အနည်းငယ် ဝေဝါးနေသည်။ သူသည် ကြောင်နက်ကြီးအား အကဲခတ်လိုက်ရာ သူ၏မျက်ဝန်းအတွင်း၌ အေးစက်သော အလင်းတန်းများ လက်သွား၏။

“ထူးခြားတဲ့ မိစ္ဆာတစ်ကောင်ပဲ... ဒါပေမဲ့ မင်းက ငါ့အတွက် ပြိုင်ဘက် မဟုတ်ဘူး...”

သက်လတ်ပိုင်း အမျိုးသားသည် ဤသို့ပြောပြီးနောက် ဓားကို ကိုင်ဆွဲကာ ကြောင်နက်ကြီးထံသို့ တိုးဝင်လာသည်။

ခဏချင်းမှာပင် တောက်ပလှသော ဓားအလင်းတန်းများမှာ ရင်ပြင်တစ်ခုလုံးကို ပြည့်နှက်သွားစေပြီး အရပ်ရပ်မှနေ၍ ကြောင်နက်ကြီးကို လွှမ်းခြုံလာတော့၏။

ဓားအလင်းတန်းများမှာ အံ့ဩဖွယ်ကောင်းလှပြီး ပြန်လည်မွေးဖွားခြင်းနယ်ပယ် သန်မာသူတစ်ဦး၏ ကြီးမားလှသော စွမ်းအားများ ကိန်းအောင်းနေပေသည်။

တိုက်ပွဲဝင်စိတ်ဓာတ်များ ပြည့်နှက်နေသော ကြောင်နက်ကြီးကလည်း သူ၏ဧရာမ လက်သည်းကြီးများဖြင့် သက်လတ်ပိုင်း အမျိုးသားကို တန်ပြန် တိုက်ခိုက်လေသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

သူ၏ ကြီးမားလှသော လက်သည်းကြီးများမှာ မရေတွက်နိုင်သော ဓားအလင်းတန်းများကို ရိုက်ခွဲပစ်လိုက်၏။ သို့သော်လည်း ဓားအလင်းတန်းများမှာ စူးရှလှပြီး အေးစက်သော အငွေ့အသက်များ ပါဝင်နေသဖြင့် ကြောင်နက်ကြီး၏ လက်သည်းများကို ဒဏ်ရာရရှိသွားစေသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် မိစ္ဆာကြီးတစ်ကောင် ဖြစ်သည့်အတိုင်း သူ၏ ခန္ဓာကိုယ်မှာ အလိုလိုပင် သန်မာလှပေသည်။ ဒဏ်ရာအနည်းငယ် ရရှိခြင်းမှာ သူ့အတွက် အရေးကြီးသည့် ကိစ္စမဟုတ်ပေ။

သူတို့နှစ်ဦးမှာ ဟင်းလင်းပြင်ထက်၌ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

အပြာရောင်စစ်သူကြီးဝတ်စုံနှင့်အမျိုးသားမှာ ရင်ပြင်ပေါ်က ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုဝင်များကို ထိခိုက်မှု မရှိစေချင်ပုံရသဖြင့် သူ၏တိုက်ခိုက်မှုအားလုံးကို ရင်ပြင်အထက်ရှိ ဟင်းလင်းပြင်အတွင်းမှာသာ ကန့်သတ်ထား၏။

သို့သော်လည်း သူတို့၏ တိုက်ပွဲမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ ရိုက်ခတ်မှုများမှာ အောက်က ရင်ပြင်ဆီသို့ ပျံ့နှံ့သွားလေသည်။

တစ်ချိန်တည်းမှာပင် ရီယွင်၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွား၏။

ဟင်းလင်းပြင်ထက်၌ မမြင်နိုင်သော အကာအကွယ် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုဝင် အားလုံးကို ဘေးကင်းအောင် ကာကွယ်ပေးလိုက်လေသည်။

“ဘုန်း...”

တိုက်ပွဲမှာ ပို၍ပင် ပြင်းထန်လာ၏။ သက်လတ်ပိုင်း အမျိုးသားမှာ လူသားဟုတ်ပုံမရပေ။ ကြောင်နက်ကြီး၏ လက်သည်းများက သူ၏ခန္ဓာကိုယ်ကို ထိမှန်သည့်တိုင်အောင် သွေးထွက်ခြင်း သို့မဟုတ် ဒဏ်ရာရသည့် အရိပ်အယောင်များ မပြဘဲ သူ၏ပုံရိပ်မှာ အနည်းငယ် ပို၍ ဝေဝါးသွားစေရုံသာ ရှိပေသည်။

သူတို့နှစ်ဦး ခေတ္တမျှ တိုက်ခိုက်ပြီးနောက် သက်လတ်ပိုင်း အမျိုးသားမှာ ကြောင်နက်ကြီး၏ ကြမ်းတမ်းမှုကို မြင်လိုက်ရသဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး မီတာတစ်ရာခန့်သို့ လျင်မြန်စွာ ဆုတ်ခွာသွား၏။

ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုဝင်များ၏ ဦးခေါင်းများထက်မှနေ၍ မွဲပြာရောင် အလင်းတန်း ဒါဇင်ပေါင်းများစွာ ရုတ်တရက် ထွက်ပေါ်လာလေသည်။

ဤ ထူးဆန်းသော အလင်းတန်းများမှာ အေးစက်လှသော အော်ဟစ်ငိုယိုသံများ ထွက်ပေါ်နေပြီး ဧရာမ မိစ္ဆာဦးခေါင်းကြီးများအဖြစ် ပြောင်းလဲသွားကာ ထိုအမျိုးသား၏ ခန္ဓာကိုယ်အတွင်းသို့ ပျံသန်း ဝင်ရောက်သွားကြသည်။

ထိုအခိုက်အတန့်တွင် သူ၏ကျင့်ကြံမှုမှာ နောက်တစ်ကြိမ် မြင့်လည်တက်လာပြီး အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၈ သို့ ရောက်ရှိသွားခဲ့သည်။

“ဒါက စိတ်မိစ္ဆာ ပါလား...”

လုံချင်းမှာ ထို မွဲပြာရောင် မိစ္ဆာဦးခေါင်းကြီးများကို မြင်လိုက်ရသည့်အခါ မျက်နှာဖြူလျော့သွားလျက် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

‘ဒါဆို မျိုးနွယ်စုဝင်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်နည်းနည်းနဲ့ စိတ်မိစ္ဆာတွေ မွေးဖွားနေခဲ့တာကိုး... စောစောက သူတို့အားလုံး ရူးသွပ်သွားတာဟာ အံ့သြစရာ မဟုတ်တော့ဘူးပဲ...’

ဤစိတ်မိစ္ဆာများမှာ အလွန်ပင် သန်မာပုံမရဘဲ ကွဲအက်နေသော စိတ်အာရုံ အမျှင်တန်းလေးများသဖွယ်သာ ရှိနေပေသည်။

ထို့နောက် လုံချင်းမှာ သက်လတ်ပိုင်း အမျိုးသားထံသို့ တက်ချက်ကြည့်လိုက်၏။

‘သူက စိတ်မိစ္ဆာတွေကို စုပ်ယူနိုင်တယ်ဆိုရင်... သူက စစ်မှန်တဲ့ စိတ်မိစ္ဆာကြီး ဖြစ်နေတာလား...’

လုံချင်း၏ အသက်ရှူသံများမှာ မြန်ဆန်လာတော့သည်။

စိတ်မိစ္ဆာနှင့် ပတ်သက်သော ဒဏ္ဍာရီများမှာ ချန်းနန်ကုန်းမြေကြီးပေါ်တွင် ကာလရှည်ကြာစွာ ပျံ့နှံ့နေခဲ့သည်။ စိတ်မိစ္ဆာ ဆိုသည်မှာ အမြဲတမ်း ဆန်းကြယ်လှ၏။ ပုံသဏ္ဍာန် မရှိ၊ ဒြပ်ထည်မရှိဘဲ ၎င်း၏ ဇာစ်မြစ်ကိုလည်း မည်သူမျှ မသိရှိကြပေ။

စိတ်မိစ္ဆာတစ်ခုသည် ကျင့်ကြံသူတစ်ဦးအား ထိန်းချုပ်လိုက်သည်နှင့် ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် ချီစွမ်းအင်များကို အဆက်မပြတ် ဝါးမြိုပစ်မည်ဖြစ်ပြီး စိတ်မိစ္ဆာကို ပိုမိုသန်မာလာစေမည် ဖြစ်သည်။ စိတ်မိစ္ဆာများကို အာရုံခံရန် ခက်ခဲလှသည်။ အလွန်ပင် အစွမ်းထက်သော သန်မာသူများမှသာ ၎င်းတို့ တည်ရှိနေခြင်းကို သိရှိနိုင်ကြ၏။

စိတ်မိစ္ဆာ အမျိုးအစားများစွာ ရှိသော်လည်း အားလုံးမှာ ပုံရိပ်ပွားများ ဖန်တီးရာတွင် ကျွမ်းကျင်ကြလေသည်။ ၎င်းတို့မှာ ခဏချင်းမှာပင် ပုံရိပ်ပွားပေါင်း ထောင်ချီ၍ ဖန်တီးနိုင်ပြီး ကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်နိုင်ကြ၏။

ဤပုံရိပ်ပွားများသည် ချီစွမ်းအင်နှင့် သွေးသားများကို ဝါးမြိုကာ မိမိကိုယ်မိမိ သန်မာအောင် ပြုလုပ်ကြသည်။ ၎င်းတို့ မူလခန္ဓာကိုယ်ထံသို့ ပြန်လည် ရောက်ရှိသွားသည့်အခါတွင်တော့ စိတ်မိစ္ဆာ၏ အစစ်အမှန်အသွင်မှာ ပို၍ပင် အစွမ်းထက်လာမည် ဖြစ်သည်။

‘ဒီနှစ်တွေအတွင်းမှာ မျိုးနွယ်စုဝင်တွေရဲ့ ကျင့်ကြံမှုမှာ တိုးတက်မှု နှေးကွေးနေခဲ့တာ အံ့သြစရာ မရှိတော့ဘူး... သူတို့ဟာ ဒီစိတ်မိစ္ဆာရဲ့ ပူးကပ်ခြင်းကို ခံနေကြရတာကိုး...’

လုံချင်းမှာ မိမိဘာသာ တိုးညင်းစွာ ရေရွတ်လိုက်မိလေတော့သည်။

အခန်း ၇၈ ပြီးပါပြီ။

All Chapters