အခန်း (၇၉-၈၁)
Vol. 6 Ch. 79-81
အခန်း ၇၉ - သန်မာသူ၏ စိတ်ဆန္ဒနှင့် ရှေးဟောင်းသူရဲကောင်း
“ဒါက စိတ်မိစ္ဆာ မဟုတ်ဘူး...”
ရီယွင်၏ အကြည့်မှာ အနည်းငယ် လှုပ်ခတ်သွားပြီး သူက တည်ငြိမ်သော လေသံနှင့် ပြောလိုက်၏။
“သခင်ကြီး... ဒါဆိုရင် အဲ့ဒါက ဘာလဲ...”
လုံချင်းသည် နောက်သို့ လှည့်ကြည့်ကာ ရိုသေစွာ မေးမြန်းလိုက်သည်။
ရီယွင်က အစိမ်းရောင် စစ်သူကြီးဝတ်စုံနှင့် အမျိုးသားကို ကြည့်လိုက်ရင်း ညင်သာစွာ ပြောလိုက်၏။
“ဒါက ရှေးဟောင်းသူရဲကောင်း တစ်ဦးပဲ...”
“ရှေးဟောင်းသူရဲကောင်း ဟုတ်လား...”
လုံချင်းမှာ အနည်းငယ် မှင်တက်မိသွားရ၏။ သူသည် ‘ရှေးဟောင်းသူရဲကောင်း’ ဟူသော အခေါ်အဝေါ်ကို ယခင်က တစ်ခါမျှ မကြားဖူးခဲ့ပေ။
ရီယွင်က ပြုံးလျက် ရှင်းပြလိုက်သည်။
“ဒီရှေးဟောင်းအကြွင်းအကျန်နယ်မြေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀,၀၀၀ က ထိုက်ရွှမ်ဂိုဏ်းက ကျန်ခဲ့တာပဲ။ အဲ့ဒီအချိန်တုန်းက ဂိုဏ်းဟာ နယ်မြေတွေ ချဲ့ထွင်ပြီး အထွတ်အထိပ် ရောက်နေတဲ့ အချိန်မှာပဲ တစ်ဂိုဏ်းလုံး သုတ်သင်တာ ခံလိုက်ရတာ။ သေဆုံးသွားတဲ့ သန်မာသူတွေထဲမှာ ကံကြမ္မာနယ်ပယ်နဲ့ တာအိုနယ်ပယ်က သန်မာသူတွေ အများကြီး ပါဝင်ခဲ့တယ်။ သူတို့ရဲ့ စိတ်ဆန္ဒတွေဟာ သေပြီးတဲ့နောက်မှာ ပျောက်ကွယ်မသွားဘဲ ဂိုဏ်းရဲ့ အကြွင်းအကျန်တွေမှာပဲ ကပ်ညှိနေခဲ့ကြတာပေါ့...”
“ဒီ ရေအောက် ဧရိယာဟာ အလွန်ကို ယင်ဓာတ်အေးစက်တဲ့ နေရာဖြစ်ပြီးတော့ သူ့ရဲ့ အောက်မှာလည်း ဆန်းကြယ်တဲ့ ယင်ဝိညာဉ်ကြော တစ်ခု ရှိနေတယ်... ဒီသန်မာသူတွေရဲ့ စိတ်ဆန္ဒတွေဟာ ယင်ဝိညာဉ်ကြောဆီက ယင်စွမ်းအင်တွေကို အစဉ်တစိုက် စုပ်ယူရင်းနဲ့ တဖြည်းဖြည်း သန်မာလာခဲ့ကြတာပဲ... သူတို့ဟာ ပုံရိပ်ယောင်မျိုးစုံကို ပြသလာရုံတင်မကဘဲ မင်းရဲ့ မျိုးနွယ်စုဝင်တွေကိုပါ စတင် လွှမ်းမိုးလာခဲ့ကြတာပေါ့...”
‘ဪ...’ လုံချင်းမှာ တစ်စုံတစ်ခုကို နားလည်သွားဟန်နှင့် ခေါင်းညိတ်လိုက်မိ၏။
ရီယွင်က ဆက်လက်ပြောကြားလိုက်သည်။
“ဒီအမျိုးသားဟာ အဲ့ဒီထိပ်သီးဂိုဏ်းကြီးထဲမှာ အစွမ်းအထက်ဆုံးသူ ဖြစ်ပုံရတယ်... ဒါကြောင့် သူရဲ့ စိတ်ဆန္ဒဟာလည်း အပြင်းထန်ဆုံးပဲ... ဒီလောကမှာ ရှေးဟောင်းသူရဲကောင်း တစ်ဦးအနေနဲ့ ရှင်သန်နိုင်ဖို့အတွက် သူဟာ လျှို့ဝှက်အတတ်တစ်ခုကို သုံးပြီးတော့ မင်းရဲ့ မျိုးနွယ်စုဝင်တွေရဲ့ ခန္ဓာကိုယ်ထဲကို ဆန်းကြယ်တဲ့ ယင်မိစ္ဆာမျိုးစေ့တွေ ထည့်သွင်းကာ ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းတွေရဲ့ ကြွယ်ဝလှတဲ့ သွေးစွမ်းအင်တွေကို စုပ်ယူခဲ့တာပဲ...”
“ဒါပေမဲ့ ဒါတင် မလုံလောက်သေးဘူး... နောက်ဆုံးမှာတော့ သူဟာ ထိုထိပ်သီးဂိုဏ်းက သန်မာသူအားလုံးရဲ့ စိတ်ဆန္ဒတွေကို စုပ်ယူလိုက်ပြီးတော့ အခု သူဖြစ်နေတဲ့ အစစ်အမှန်တစ်ဝက် ပုံရိပ်ယောင်တစ်ဝက် ပုံစံအဖြစ် ပြောင်းလဲသွားခဲ့တာပဲ...”
“သခင်ကြီး... ဒါဆိုရင် ဒီရှေးဟောင်းသူရဲကောင်းက တစ္ဆေလား... မိစ္ဆာလား...”
လုံချင်းက သူ၏ဦးခေါင်းကို ကုတ်ရင်း မေးလိုက်၏။
“တစ္ဆေလည်း မဟုတ်ဘူး... မိစ္ဆာလည်း မဟုတ်ဘူး... ဒါက သန်မာသူတွေရဲ့ စိတ်ဆန္ဒကြောင့် ဖြစ်ပေါ်လာတဲ့ ထူးခြားတဲ့ အခြေအနေတစ်ခုပဲ... ရှေးဟောင်းကာလမှာတောင် ဒါမျိုးက သိပ်မရှိခဲ့ဘူး...”
ရီယွင်က ပြုံးလျက် ရှင်းပြလိုက်ပေသည်။
ထိုအခါမှသာ လုံချင်းမှာ နောက်ဆုံးတွင် နားလည်သွားတော့၏။ သူသည် ဟိန်းဟောက်သံများ အဆက်မပြတ် ထွက်ပေါ်နေသည့် ကောင်းကင်ယံထံသို့ လှမ်းကြည့်လိုက်သည်။
ဧရာမ မှောင်မည်းသော ပုံရိပ်ကြီးနှင့် မရေတွက်နိုင်သော ဓားအလင်းတန်းများမှာ ထပ်တလဲလဲ ရိုက်ခတ်နေကြ၏။ သန်မာသူ နှစ်ဦးအကြား တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်လှပေသည်။
ဆန်းကြယ်သည့် ယင်မိစ္ဆာမျိုးစေ့ကို စုပ်ယူပြီးနောက်တွင် သက်လတ်ပိုင်း အမျိုးသား၏ စွမ်းအားမှာ ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၈ သို့ တဟုန်ထိုး မြင့်တက်သွားခဲ့ပြီး ကြောင်နက်ကြီးအား စွမ်းအားပိုင်းတွင် အပြည့်အဝ ဖိနှိပ်ထားလေသည်။
ဤသည်မှာ လုံချင်းအား အနည်းငယ် စိုးရိမ်မိစေ၏။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ယံမှ ဆင်းသက်လာသော ဤကြောင်နက်ကြီးမှာ သူတို့အား ကူညီရန် ရောက်ရှိနေခြင်း ဖြစ်သောကြောင့်ပင်။
“သခင်ကြီး... ကျွန်တော် သွားပြီးတော့ ကြောင်နက်ကြီးကို ကူညီပေးရမလား...”
လုံချင်းက လက်သီးလက်ဝါးဆုပ်ကာ ရီယွင်ထံမှ တိုက်ခိုက်ရန် ခွင့်တောင်းလိုက်၏။
“မလိုဘူး...”
ရီယွင်က ခပ်ဖွဖွ ပြုံးလိုက်ရင်း တိုက်ရိုက် ငြင်းပယ်လိုက်သည်။
ကြောင်နက်ကြီးမှာ ဒဏ်ရာရထားသော်လည်း သူသည် ပို၍ ပို၍ ကြမ်းတမ်းစွာ တိုက်ခိုက်နေပြီး ရှုံးနိမ့်တော့မည့် အရိပ်အယောင်လည်း မရှိပေ။ ထို့ပြင် ဤကဲ့သို့သော တိုက်ပွဲအတွင်းမှာ ကြောင်နက်ကြီး၏ ခန္ဓာကိုယ်အတွင်း သိုလှောင်ထားသော နတ်ဘုရားစွမ်းအားတစ်မျှင်မှာ လျင်မြန်စွာ ပျော်ဝင်နေပြီး သူ၏ စွမ်းအားကို အစဉ်တစိုက် မြှင့်တင်ပေးနေခဲ့ပေသည်။
အဝေးတစ်နေရာမှနေ၍ မြင်းနက်ကြီးမှာ တိုက်ပွဲကို အာရုံစိုက် ကြည့်နေ၏။ ရုတ်တရက် သူ၏ ကြီးမားလှသော သွားဖြူကြီးများကို ပေါ်အောင် ဖြဲပြလျက် ရေရွတ်လိုက်လေသည်။
“ဟဲဟဲ... ကြောင်ပေါက်လေး စွမ်းအားနယ်ပယ်အဆင့် ကျော်ဖြတ်တော့မယ်...”
သူပြောပြီး မကြာမီမှာပင် သွေးများ စိုရွှဲနေသော ကြောင်နက်ကြီးမှာ ရုတ်တရက် တုန်ယင်သွားပြီး သူ၏ မဟာနဂါးနတ်ဘုရား အရှိန်အဝါမှာလည်း ရုတ်တရက် မြင့်တက်သွားပေသည်။ ထိုအခိုက်အတန့်တွင် ၎င်းသည် အမှန်တကယ်ပင် ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၈ သို့ ကျော်ဖြတ်နိုင်ခဲ့ချေပြီ။
‘ငါ ကျော်ဖြတ်နိုင်သွားပြီလား...’
ကြောင်နက်ကြီးသည် ဟင်းလင်းပြင်ထက်၌ မီတာရာပေါင်းများစွာသို့ ရုတ်တရက် ဆုတ်ခွာသွားပြီး သူ၏ ဧရာမ ကြောင်လက်သည်းကြီးများကို မြှောက်ကာ စိတ်လှုပ်ရှားစွာ ဟစ်အော်လိုက်၏။
သူသည် နှစ်ပေါင်းများစွာအတွင်း ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၇ မှာပင် ပိတ်မိနေခဲ့ရာ တိုက်ပွဲအလယ်၌ ရုတ်တရက် ကျော်ဖြတ်နိုင်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ ဤသည်က တကယ့်ကို စုဝမ်ယီတုန်းက ကဲ့သို့ပင်ဖြစ်၏။
ကြောင်နက်ကြီးမှာ အလွန်ပင် စိတ်လှုပ်ရှားနေသည်။ ရုတ်တရက် သူ၏ခေါင်းကိုနောက်သို့ ပြန်လှည့်ကြည့်လိုက်သည့်အခါ နောက်ထပ် အမြီးတစ်ချောင်း ထပ်မံ ထွက်ပေါ်လာသည်ကို တွေ့ရှိလိုက်ရ၏။ ဤအံ့ဩစရာကောင်းလှသော တွေ့ရှိမှုက သူ့အား မှင်တက်မိသွားစေခဲ့သည်။
သူသည် သခင်ကြီး ပြောခဲ့သည်များကို ရုတ်တရက် သတိရလိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ ဆန်းကြယ်သော စွမ်းအားကို အလျင်အမြန် အာရုံခံကြည့်လိုက်ရာ ထက်ဝက်ကျော်ခန့် ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရပေသည်။ ကြောင်နက်ကြီးမှာ ချက်ချင်းပင် နားလည်သွားတော့၏။
ဤတိုက်ပွဲမှာ သူ့အတွက် များစွာ အကျိုးရှိခဲ့ပေသည်။ ဆန်းကြယ်သော စွမ်းအား အစိတ်အပိုင်း အများအပြားကို သန့်စင်နိုင်ခဲ့သလို နယ်ပယ်တစ်ခုလည်း တိုးတက်ခဲ့ပြီး အရေးကြီးဆုံးမှာ နောက်ထပ် အမြီးတစ်ချောင်း ထွက်လာခဲ့ခြင်းပင်။ သူသည် အမြီးကိုးချောင်းဝိညာဉ်ကြောင် မဟုတ်ပါလား။ အမြီးတစ်ချောင်း ပိုထွက်လာတိုင်း သူ၏ စွမ်းအားမှာလည်း လျင်မြန်စွာ မြင့်တက်လာမည် ဖြစ်ပေသည်။
“ဟားဟား... ငါ့မှာ အမြီးတစ်ချောင်း ပိုထွက်လာပြီပဲ...”
ကြောင်နက်ကြီးမှာ ရုတ်တရက် စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏ ဝိုင်းစက်ပြီး ဖောင်းကားနေသော တင်ပါးကို အားရပါးရ ခါယမ်းကာ သူ၏ အမြီးလေးချောင်းကိုလည်း ဟိုဘက်ဒီဘက် ဝှေ့ယမ်းနေလေသည်။
“အမြီးကိုးချောင်းဝိညာဉ်ကြောင်... မင်းလည်း ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး...”
သက်လတ်ပိုင်း အမျိုးသားသည် သူ့ရှေ့က ကြောင်မိစ္ဆာကြီးကို ကြည့်ကာ သူ၏မျက်ဝန်းအတွင်း၌ လေးနက်သော အမူအရာများ ပေါ်လာ၏။ မည်သို့ပင်ဆိုစေကာမူ သူသည် အသက်ရှင်စဉ်က အနှိုင်းမဲ့ သန်မာသူတစ်ဦး ဖြစ်ခဲ့ဖူးပေသည်။ ဤရှေးဟောင်းသူရဲကောင်း အသွင်အပြင်မှာ သူ၏ ကျန်ရှိနေသော စိတ်ဆန္ဒကို သုံး၍ ကျန်ရှိနေသော စိတ်အာရုံမှ ပေါင်းစည်းထားခြင်းမျှသာ ဖြစ်ပေသည်။ သူ၏ လက်ရှိ စိတ်အာရုံမှာ မှတ်ဉာဏ်အနည်းငယ်ကိုသာ ဆက်ခံထားခြင်း ဖြစ်၏။ သို့သော်လည်း သူ့ရှေ့က မိစ္ဆာကြီးမှာ အမြီးကိုးချောင်းဝိညာဉ်ကြောင် ဖြစ်ကြောင်းကိုမူ သူ သိနေဆဲပင်။
“ဒဏ်ရာတွေ မလုံလောက်သေးဘူးလား...”
ကြောင်နက်ကြီးသည် သူ၏ လက်သည်းပေါ်က ဒဏ်ရာတစ်ခုကို လျက်လိုက်ရာ သူ၏ ပါးစပ်အတွင်း၌ သွေးများဖြင့် ပြည့်နှက်သွားလေသည်။ သူသည် မျက်နှာချင်းဆိုင်က အစိမ်းရောင် စစ်သူကြီးဝတ်စုံနှင့် အမျိုးသားထံသို့ သူ၏ လှမ်းကြည့်လိုက်ရာ သူ၏ ဧရာမ ကြောင်မျက်လုံးကြီး နှစ်လုံးမှာ နောက်တစ်ကြိမ် စိမ်းဖန့်ဖန့် တောက်လာပြန်၏။
ယခုတစ်ကြိမ် ရရှိခဲ့သော ဒဏ်ရာများမှာ ရှောင်ထျန်းငွေရောင်ဝံပုလွေ တိုက်ခိုက်စဉ်ကထက် များစွာ သက်သာနေပေသည်။ ထို့ကြောင့် ကြောင်နက်ကြီးမှာ မျှော်လင့်ထားသော ဆုလာဘ်မှာ အန္တရာယ်ရှိနိုင်မည်ဟု စိုးရိမ်နေမိ၏။ ဤသည်ကို တွေးလိုက်မိသည်နှင့် သူသည် ထိုအမျိုးသားထံသို့ ကြမ်းတမ်းစွာ ပြေးဝင်သွားပြီး အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်လေတော့သည်။
ကြောင်နက်ကြီး၏ စိတ်ထဲတွင်တော့ သူသည် ထိုအမျိုးသားကို ဦးလေးမြင်း ဝင်ရောက် စွက်ဖက်စရာ မလိုဘဲ လုံးဝ သတ်ပစ်နိုင်ရမည်၊ သို့မဟုတ်လျှင် သခင်ကြီး၏ ဆုလာဘ်ကို ရရှိရန်အတွက် ပိုမို ပြင်းထန်သော ဒဏ်ရာများကို ရယူရမည် ဖြစ်ပေသည်။ ဆုလာဘ်အတွက် ကြောင်နက်ကြီးမှာ အမှန်တကယ်ပင် အစွမ်းကုန် ကြိုးစားနေခဲ့ချေပြီ။
ရီယွင်သည် ကြောင်နက်ကြီး၏ ကြိုးစားမှုကို ကြည့်ကာ ခပ်ဖွဖွ ခေါင်းညိတ်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ ဤကြောင်မှာ လမ်းတွင် သူ မွေးစားခဲ့သော အိမ်မွေးတိရစ္ဆာန် မဟုတ်ပါလား။ အကယ်၍သာ ထိုကြောင်က အသက်ကိုပင် စွန့်လွှတ်ရန် ဆန္ဒမရှိခဲ့လျှင် ထိုကဲ့သို့သော အိမ်မွေးတိရစ္ဆာန်မျိုးက သူ့အတွက် ဘာအသုံးဝင်ပါ့မည်နည်း။ ကံကောင်းထောက်မစွာဖြင့် ကြောင်နက်ကြီးမှာ သူ့အား စိတ်ပျက်အောင် မလုပ်ခဲ့ပေ။ တိုက်ပွဲတွင် အလွန်အမင်း ကြိုးစားရုံတင်မကဘဲ သူ၏ ပုံမှန် အမူအရာများမှာလည်း အလွန်ပင် ရယ်စရာ ကောင်းလှပေသည်။ သူနှင့် မြင်းနက်ကြီးမှာ တကယ့်ကို အပေးအယူမျှသော အတွဲအဖက် ဖြစ်ပေသည်။
ထို့နောက် ရီယွင်သည် အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်၏။
‘မြေအောက် အနက် မီတာ သောင်းဂဏန်းခန့်သော နေရာတွင်...’
ငွေရောင် ခေါင်းတလားတစ်ခုမှာ ဆန်းကြယ်သော ယင်ဝိညာဉ်ကြောအတွင်း၌ တိတ်ဆိတ်စွာ ဝေ့ဝဲနေပြီး ၎င်းထံမှ ဝိညာဉ်စွမ်းအင်များကို ဖြည်းညင်းစွာ စုပ်ယူနေပေသည်။ ခေါင်းတလားပေါ်တွင် ကျန်ရှိနေသော သွေးအရှိန်အဝါ ဖျော့ဖျော့လေးများကို မြင်တွေ့နိုင်၏။ ထိုသွေးအရှိန်အဝါမှာ ကုန်းစွန်းလီ၏ အသားနှင့် သွေးများထံမှ လာခြင်းပင်။ ကုန်းစွန်းလီ၏ လျှို့ဝှက်ခန်းအတွင်းမှ ပျောက်ကွယ်သွားသော အသားနှင့် သွေးစများမှာ ဤခေါင်းတလားအတွင်းက သက်ရှိ၏ တိတ်တဆိတ် စုပ်ယူခြင်းကို ခံလိုက်ရခြင်း ဖြစ်ပေသည်။
ရီယွင်က ခပ်ဖွဖွ ပြုံးလိုက်မိ၏။ ခေါင်းတလားအတွင်းက သက်ရှိမှာ အပြင်သို့ ထွက်လာရန် အဆင်သင့် ဖြစ်နေခဲ့ချေပြီ။ သူ ထွက်လာရန် သတ္တိ ရှိ၊ မရှိကိုသာ သူ မသိပေ။ ဆန့်ကျင်ဘက်အနေနှင့် မြေပြင်ပေါ်က ရှေးဟောင်းသူရဲကောင်းမှာ ထိုသက်ရှိ၏ နယ်ရုပ်များထဲက တစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါမှာတော့ ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့ပြီး ၎င်း၏ အမိန့်များကို နာခံခြင်း မရှိတော့ပေ။
‘စိတ်ဝင်စားစရာပဲ...’
ရီယွင်သည် သူ၏ လက်နှစ်ဖက်ကို နောက်ပစ်လျက် အထက်က တိုက်ပွဲကို စိတ်ဝင်တစားနှင့် စောင့်ကြည့်နေ၏။
တစ်ခုမှာ ရှေးဟောင်းသူရဲကောင်း ဖြစ်ပြီး အခြားတစ်ခုမှာမူ နှစ်ပေါင်း သောင်းချီရှိသော ရုပ်အလောင်းမိစ္ဆာ ဖြစ်ပေသည်။ ဤအရာ နှစ်ခုစလုံးတွင် ကိုယ်ပိုင် အခြေခံများ ရှိကြရာ တစ်ဦးက တစ်ဦးကို ထိန်းချုပ်ရန်မှာ ခက်ခဲပေလိမ့်မည်။ အထူးသဖြင့် ဤရှေးဟောင်းသူရဲကောင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀,၀၀၀ က တာအိုနယ်ပယ် သန်မာသူတစ်ဦး ဖြစ်ခဲ့ရာ ရုပ်အလောင်းမိစ္ဆာ၏ ယခင် ဘဝထက် အနည်းဆုံးတော့ အဆင့်ကြီးတစ်ခု ပို၍ သန်မာပေသည်။
ထို့ကြောင့် ရီယွင်သည် မကြာမီ ဖြစ်ပေါ်လာတော့မည့် အခြအနေကို မျှော်လင့်တကြီး စောင့်ကြည့်နေခဲ့သည်။
“ဂျိမ်း...”
ပြင်းထန်လှသော တိုက်ပွဲမှာ အဆုံးသတ်သို့ နီးကပ်လာခဲ့ချေပြီ။ ကြောင်နက်ကြီးမှာ အသက်နှင့်လဲ၍ တိုက်ခိုက်သော ပုံစံကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး ထိုအမျိုးသား၏ ခန္ဓာကိုယ်မှာလည်း လုံးဝနီးပါး ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားခဲ့၏။ ကြည့်ရသည်မှာ သူသည် ဆက်လက် တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွားပုံ ရသည်။
ထိုစဉ်မှာပင်...
“ဘုန်း...”
ရှေးဟောင်းအကြွင်းအကျန်နယ်မြေ တစ်ခုလုံးမှာ ရုတ်တရက် တုန်ယင်သွားပြီး မြေအောက်က ဧရာမ သတ္တဝါကြီး တစ်ကောင်က ရုတ်တရက် လူးလွန့်လိုက်သကဲ့သို့ပင်။
အခန်း ၇၉ ပြီးပါပြီ။
အခန်း ၈၀ - ရှေးဟောင်းသူရဲကောင်း ကျရှုံးခြင်းနှင့် နှစ်သောင်းချီ ရုပ်အလောင်းမိစ္ဆာ ပေါ်ထွက်လာခြင်း
“ဘာတွေ ဖြစ်ကုန်တာလဲ...”
လုံချင်းသည် သူ၏ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး သူ၏ နတ်ဘုရားအာရုံကို မြေပြင်အောက်သို့ ပို့လွှတ်လိုက်သော်လည်း မည်သည့် သဲလွန်စ အစအနမျှ ရှာမတွေ့နိုင်ခဲ့ပေ။
“သခင်ကြီး... ဘာတွေ ဖြစ်နေတာလဲ...”
လုံချင်းသည် နောက်ဆုံးတွင် ဘာမျှမတတ်နိုင်တော့ဘဲ ရီယွင်အား မေးမြန်းလိုက်တော့သည်။
“စိတ်မပူပါနဲ့... စိတ်ရှည်ရှည်နဲ့ပဲ စောင့်ကြည့်နေလိုက်စမ်းပါ...”
ရီယွင်က တည်ငြိမ်သော အပြုံးနှင့် ပြန်လည် ဖြေကြားလိုက်၏။
လုံချင်း၏ ကျင့်ကြံမှုနယ်ပယ်မှာ မမြင့်မားသေးသဖြင့် ဆန်းကြယ်သော ယင်ဝိညာဉ်ကြော အနက်ပိုင်းတွင် ရှိနေသည့် ငွေရောင်ခေါင်းတလားကို မြင်နိုင်စွမ်း မရှိပေ။
သခင်ကြီးက သူ့အား ပြောပြခြင်းမရှိသဖြင့် လုံချင်းမှာ ခါးသီးစွာ ပြုံးလိုက်မိရင်း စိတ်မရှည်မှုကို အောင့်အည်းကာ အဝေးက ရှေးဟောင်းသူရဲကောင်းကိုသာ ကြည့်နေမိတော့သည်။
ဟင်းလင်းပြင်ထက်တွင် အပြာရောင် စစ်သူကြီးဝတ်စုံနှင့် အမျိုးသား၏ တစ္ဆေပမာ ပုံရိပ်မှာ ရုတ်တရက် ဝဲဂယက်တစ်ခုကဲ့သို့ လှည့်ပတ်သွားသည်။ သူသည် အပြာရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေအောက်ထဲသို့ ထိုးဆင်းသွားကာ မည်သည့် အစအနမျှ မကျန်ဘဲ ပျောက်ကွယ်သွား၏။
‘သူက တကယ်ပဲ ထွက်ပြေးသွားတာလား...’
ကြောင်နက်ကြီးသည် သူ၏ပြိုင်ဘက် ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် ကြောင်တောင်တောင် ဖြစ်သွားရ၏။
သူသည် သူ၏ နတ်ဘုရားအာရုံကို မြေအောက်ထဲသို့ အလျင်အမြန် ပို့လွှတ်ကာ ရှာဖွေလိုက်သော်လည်း သူ၏ပြိုင်ဘက်မှာ လုံးဝ ပျောက်ကွယ်သွားသဖြင့် အလွန်ပင် အံ့အားသင့်သွားရပေသည်။ ဤသည်က သူ့အား စိတ်ပျက်သွားစေခဲ့၏။ သူသည် အပြာရောင် စစ်သူကြီးဝတ်စုံနှင့် အမျိုးသားကို တစ်ခါတည်း အပြတ်ရှင်းပစ်ချင်ခဲ့သော်လည်း နောက်ဆုံးတွင် ထိုသူ ထွက်ပြေးသွားလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။
ကြောင်နက်ကြီးသည် သူ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ ကျုံ့လိုက်ပြီး အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရီယွင်၏ ခြေရင်းသို့ ဆင်းသက်လိုက်သည်။ ထို့နောက် သူသည် ဒူးထောက်လိုက်ပြီး ငိုယိုလျက် ပြောလိုက်၏။
“သခင်ကြီး... ကျွန်တော် သူ့ကို တမင် လွှတ်လိုက်တာ မဟုတ်ပါဘူးဗျာ...”
“ငါ သိပါတယ်... အရင် ပြန်နားလိုက်တော့...”
ရီယွင်က ခပ်ဖွဖွ ပြုံးလျက် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ကြောင်နက်ကြီးမှာ နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
‘ဒါဆိုရင်... ဒီအနှိုင်းမဲ့ ကြောင်မိစ္ဆာကလည်း သခင်ကြီး မွေးထားတာကိုး...’
လုံချင်းမှာ ထိုအခါမှ သဘောပေါက်သွားပြီး သူ၏မျက်နှာတွင် နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာ၏။ သူသည် မိမိကိုယ်မိမိ အသုံးမကျလွန်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သခင်ကြီး မွေးထားသည့် ကြောင်ကပင် သူ့ထက် များစွာ သန်မာနေသည် မဟုတ်ပါလား။
ရီယွင်သည် သူ၏ လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်သော အမူအရာနှင့် ရပ်နေ၏။ သူ၏ အကြည့်များမှာ အချိန်နှင့်ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ မြေအောက် ယင်ဝိညာဉ်ကြောအတွင်း ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို အကဲခတ်နေခဲ့၏။
ထိုအခိုက်အတန့်တွင် ရှေးဟောင်းသူရဲကောင်းသည် ယင်ဝိညာဉ်ကြောအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပြီး ငွေရောင်ခေါင်းတလားဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။
တစ်ချိန်တည်းမှာပင် ငွေရောင်ခေါင်းတလားမှ မီးခိုးရောင် မြူခိုးများ ထွက်ပေါ်လာပြီး ရှေးဟောင်းသူရဲကောင်းကို တိုက်ခိုက်တော့၏။
ရှေးဟောင်းသူရဲကောင်းသည် လျှို့ဝှက်စွမ်းရည်တစ်ခုကို အသုံးပြုကာ တားဆီးနေသော မီးခိုးရောင် မြူခိုးများကို အံ့ဩဖွယ်ရာ ဖောက်ထွက်လိုက်ပြီး ငွေရောင်ခေါင်းတလားအတွင်းသို့ ခေါင်းစိုက်ဝင်သွားလေသည်။
ထို့နောက်တွင် ခေါင်းတလားမှာ စတင် တုန်ယင်လာတော့၏။
“မင်းက လူအ မဟုတ်ဘူးပဲ...”
ခေါင်းတလားအတွင်းမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
ခေါင်းတလားအတွင်း၌ လဲလျောင်းနေသော နှစ် သောင်းချီ ရုပ်အလောင်းမိစ္ဆာမှာ ပြင်ပစွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသကဲ့သို့ ပြင်းထန်စွာ တုန်ယင်လာလေတော့သည်။
ဤသည်ကို မြင်ရသည့်အခါ ရီယွင်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၏။ သည်အတိုင်းဆိုလျှင် ဤရှေးဟောင်းသူရဲကောင်းသည် တစ်ချိန်လုံး သူ၏ အစစ်အမှန်ကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်ပေသည်။ သူသည် မှတ်ဉာဏ် ဆက်ခံမှု အတော်များများကို ရရှိထားခဲ့ပြီး တစ်လျှောက်လုံး ဟန်ဆောင်နေခဲ့ခြင်းပင်။ အစောပိုင်းက သူသည် ဤ နှစ်သောင်းချီ ရုပ်အလောင်းမိစ္ဆာ၏ ကြိုးကိုင်မှုကို တမင် ခံယူခဲ့ခြင်း ဖြစ်ပေသည်။ သူသည် ရှေးဟောင်းအကြွင်းအကျန်နယ်မြေအတွင်း၌ နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ပြီး ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုဝင်များ၏ ခန္ဓာကိုယ်ထဲသို့ စိတ်မိစ္ဆာကို အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပေသည်။
ဤအရာအားလုံးမှာ နောက်ကွယ်က နှစ်သောင်းချီ ရုပ်အလောင်းမိစ္ဆာ၏ စီစဉ်မှုများပင်။ ဤရုပ်အလောင်းမိစ္ဆာသည် နောက်ဆုံးတွင် သူ၏ နတ်ဘုရားစွမ်းရည်ကို မြှင့်တင်ရန်နှင့် ကံကြမ္မာနယ်ပယ်သို့ တစ်ဟုန်ထိုး ကျော်ဖြတ်နိုင်ရန်အတွက် ရှေးဟောင်းသူရဲကောင်းကို ဝါးမြိုပစ်ချင်နေခဲ့ခြင်း ဖြစ်ပေသည်။ ကံကြမ္မာနယ်ပယ်က ရုပ်အလောင်းမိစ္ဆာ တစ်ကောင်သည် ဤလောကကို လွှမ်းမိုးနိုင်ပြီး မသေနိုင်သော ခန္ဓာနှင့် အနှိုင်းမဲ့နီးပါး ဖြစ်လာမည် မဟုတ်ပါလား။
သို့သော်လည်း ဤ သက်တမ်း နှစ်ပေါင်းသောင်းချီရှိသည့် ရုပ်အလောင်းမိစ္ဆာသည်လည်း အတွက်အချက် မှားသွားခဲ့ချေပြီ။ အတွက်အချက် ကျွမ်းကျင်လှသော ဤရှေးဟောင်းသူရဲကောင်းသည်လည်း ဟန်ဆောင်နေခဲ့ခြင်း ဖြစ်ရာ သူပင်လျှင် ၎င်းကို ဖောက်ထွင်း မမြင်ခဲ့မိပေ။ သူ၏ တွက်ကိန်းအရ နှစ်သောင်းချီ ရုပ်အလောင်းမိစ္ဆာမှာ အပြင်သို့ ထွက်လာတော့မည့် အခြေအနေတွင် ရှိနေခဲ့သည်။ သူသည် အပြင်သို့ ထွက်လာပြီးနောက်တွင် ကံကြမ္မာနယ်ပယ်သို့ ကျော်ဖြတ်နိုင်ရန်အတွက် ဤနယ်ရုပ်ဖြစ်သော ရှေးဟောင်းသူရဲကောင်းကို ဝါးမြိုရပေလိမ့်မည်။
ရီယွင်က ခပ်ဖွဖွ သက်ပြင်းချလိုက်မိ၏။ ဤ ရှေးဟောင်းသူရဲကောင်းသည် ဉာဏ်ကြီးရှင်ဖြစ်သော်လည်း လူအပမာ ဟန်ဆောင်နေသူများထဲမှ တစ်ဦးဖြစ်ပြီး နှစ်သောင်းချီ ရုပ်အလောင်းမိစ္ဆာ၏ လက်အောက်တွင် ထိုမျှအထိ အချိန်အကြာကြီး တောင့်ခံနိုင်ခဲ့ပေသည်။ သို့သော်လည်း နှစ်သောင်းချီ ရုပ်အလောင်းမိစ္ဆာကို အနိုင်ယူရန်မှာ အလွန်ပင် ခက်ခဲနေဦးမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုသတ္တဝါသည် တစ်လျှောက်လုံး စီစဉ်လာခဲ့ခြင်း မဟုတ်ပါလား။ သူသည် အသက်ရှင်စဉ်ကတည်းက သူ၏ သင်္ဂြိုဟ်မည့်နေရာကို ရွေးချယ်ခဲ့ပြီး သေခါနီးအချိန်တွင် သူ၏ဝိညာဉ် ပျက်စီးသွားမည်ဆိုလျှင်ပင် သူ၏ကိုယ်ကို ယင်ဝိညာဉ်ကြောအတွင်း မြှုပ်နှံခဲ့ပေသည်။ အကယ်၍ ဤခန္ဓာကိုယ်က ရုပ်အလောင်းမိစ္ဆာအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့မည်ဆိုလျှင် သူ၏ အတိတ်ဘဝက ကျန်ရှိနေသော မှတ်ဉာဏ်အချို့ကိုပင် ပြန်လည် ရရှိနိုင်ပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုသော် ဤသည်မှာ လောကတွင် ဆက်လက် တည်ရှိနေခြင်း ပုံစံတစ်ခုပင်။
နှစ်သောင်းချီ ရုပ်အလောင်းမိစ္ဆာနှင့် ရှေးဟောင်းသူရဲကောင်း နှစ်ဦးစလုံးသည် တစ်ချိန်က သေဆုံးသွားခဲ့သူများ ဖြစ်ကြသည်ဟု ဆိုနိုင်ပေသည်။ လူလည်းမဟုတ် တစ္ဆေလည်းမဟုတ်သော ဤအရာနှစ်ခုသည် နှစ်ပေါင်းများစွာအတွင်း အချင်းချင်း ဉာဏ်ချင်းပြိုင်နေခဲ့ကြပြီး ယခုအခါတွင်တော့ အဆုံးအဖြတ်ပေးမည့် အချိန်သို့ ရောက်ရှိလာခဲ့ချေပြီ။
“ဝူး... ဝူး...”
ငွေရောင်ခေါင်းတလားမှာ ပြင်းထန်စွာ တုန်ခါနေ၏။
နှစ်သောင်းချီ ရုပ်အလောင်းမိစ္ဆာ၏ ခန္ဓာကိုယ်အတွင်း၌ စွမ်းအားနှစ်ရပ်မှာ ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး တစ်ဦးက တစ်ဦးကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြသည်။
ရုပ်အလောင်းမိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင် ချီစွမ်းအင် အလွှာတစ်ခု ပေါ်လာခြင်းက ရှေးဟောင်းသူရဲကောင်းမှာ ခေတ္တမျှ အသာစီးရနေသည့် သဘောပင်။
နောက်တစ်ခဏတွင် အစိမ်းရောင် ချီစွမ်းအင်များ ပျောက်ကွယ်သွားပြီး မွဲပြာရောင် ချီစွမ်းအင် အလွှာတစ်ခုနှင့် အစားထိုးလိုက်ပြန်သည်။
ဤကဲ့သို့ အပြန်အလှန် ဖြစ်ပေါ်နေသည်မှာ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သည့် အချိန်အထိ ကြာမြင့်ခဲ့ပေသည်။
နောက်ဆုံးတွင် မွဲပြာရောင် ချီစွမ်းအင်များက အစိမ်းရောင် ချီစွမ်းအင်များကို လုံးဝ အနိုင်ယူသွားခဲ့ပြီး ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
“ရှူး...”
ဤနှစ်သောင်းချီ ရုပ်အလောင်းမိစ္ဆာသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ သူသည် ပြင်းထန်လှသော လေပြင်းတစ်ခုကို မှုတ်ထုတ်လိုက်ရာ ငွေရောင်ခေါင်းတလား အဖုံးမှာ လွင့်ထွက်သွားလေတော့သည်။
ထို့နောက် သူသည် ထိုင်လိုက်ကာ ထိုရှေးဟောင်းသူရဲကောင်း၏ မဟာနဂါးနတ်ဘုရား အရှိန်အဝါကို လုံးဝ ဝါးမြိုလိုက်ပြီး သူ၏စွမ်းအားများမှာလည်း တဟုန်ထိုး မြင့်တက်လာတော့၏။ ယင်ဝိညာဉ်ကြော အနက်ပိုင်းမှ ဝိညာဉ်စွမ်းအင်များမှာလည်း သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပြုံ၍ စုပ်ယူခြင်း ခံလိုက်ရပေသည်။
“ကံကြမ္မာနယ်ပယ်... ပွင့်စမ်း...”
သူ၏ မဟာနဂါးနတ်ဘုရား အရှိန်အဝါမှာ ပို၍ ပို၍ သန်မာလာတော့သည်။ ရုပ်အလောင်းမိစ္ဆာသည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်နှင့် ငွေရောင်ခေါင်းတလားမှာ ချက်ချင်းပင် အပိုင်းပိုင်း ကွဲအက်သွားပြီး သူသည် ထိုအခိုက်အတန့်မှာပင် ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၁၀ အထွတ်အထိပ်မှ ကံကြမ္မာနယ်ပယ်သို့ ကျော်ဖြတ်နိုင်ခဲ့ပေသည်။
သူသည် ယင်ဝိညာဉ်ကြောအတွင်းရှိ ဝိညာဉ်စွမ်းအင် အားလုံးကို စုပ်ယူလိုက်သဖြင့် ၎င်းမှာ လုံးဝ ဗလာဖြစ်သွားခဲ့ပေသည်။
ရုပ်အလောင်းမိစ္ဆာသည် မြေအောက်တွင် ရပ်နေရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူ၏မျက်နှာပေါ်တွင် ရူးသွပ်သော အပြုံးတစ်ခု ပေါ်လာပေသည်။ သူသည် မွဲပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဧရာမ ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထား၏။ သူ၏ အသားအရည်မှာ စိမ်းဖန့်ဖန့်နှင့် အနက်ရောင် သန်းနေပြီး မျက်လုံးနှစ်လုံးမှာ သွေးရောင်ကဲ့သို့ နီမြန်းနေသဖြင့် လွန်စွာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သူ၏ လက်ချောင်းဆယ်ချောင်းပေါ်က လက်သည်းများမှာ ရှည်လျားပြီး အဖြူရောင် ငွေရောင် အလင်းတန်းများ လက်နေပေသည်။ သူ၏ ဆံပင်များမှာလည်း ရှုပ်ပွနေပြီး မျက်နှာပေါ်တွင်လည်း ကြမ်းတမ်းသော အမူအရာများ ရှိနေပေသည်။
“လီကူတင်း... မင်းက ငါ့ရဲ့ ခန္ဓာကိုယ်ကို လုယူနိုင်လုနီးပါးအထိ လုပ်ဆောင်နိုင်ခဲ့တာပဲ။ မင်းက တကယ်ကို စိတ်ရှည်တယ်...” ရုပ်အလောင်းမိစ္ဆာက ဆို၏။ သူသည် သူ၏အထက်က ဧရိယာသို့ မော့ကြည့်လိုက်ရာ သူ၏မျက်ဝန်းများအတွင်း၌ ရူးသွပ်မှုများ ရုတ်တရက် ပြည့်နှက်သွားလေသည်။
သူသည် မိမိဘာသာ တိုးညင်းစွာ ရေရွတ်လိုက်၏။
“ဒီငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းတွေကို ငါ ဒီလောက် အချိန်အကြာကြီး မွေးမြူလာခဲ့တာ။ အခု သူတို့အားလုံးကို ငါ စားလိုက်မယ်ဆိုရင် ငါ့ရဲ့ ကျင့်ကြံမှုကလည်း ဧကန်မုချ ထပ်ပြီး မြင့်တက်လာမှာပဲ...”
ဤသို့ ပြောပြီးနောက် သူ၏ခန္ဓာကိုယ်ကို ပြင်းထန်စွာ လှုပ်ခါလိုက်ရာ မီးခိုးရောင် မြူခိုးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ လျင်မြန်စွာ ပြေးတက်သွားလေတော့သည်။
ရင်ပြင်ပေါ်တွင် ပင့်ကူအိမ်သဖွယ် အက်ကြောင်းများ ပေါ်လာပြီး ၎င်းတို့အတွင်းမှ မွဲပြာရောင် မြူခိုးများ ပန်းထွက်လာပေသည်။ ထိုမြူခိုးများသည် လေထုထဲတွင် ဧရာမ ရုပ်အလောင်းမိစ္ဆာကြီး တစ်ခုအဖြစ် ပြန်လည် ပေါင်းစည်းသွားခဲ့၏။
လုံချင်းမှာ ဤအရာအားလုံးကို ကြည့်ကာ မှင်တက်မိသွားရပေသည်။ စိမ်းဖန့်ဖန့် အသားအရည်နှင့် သွေးရောင်မျက်လုံးများကို ပိုင်ဆိုင်ထားသော ထိုသူအိုကြီးမှာ ရုပ်အလောင်းမိစ္ဆာ တစ်ကောင်ဖြစ်ကြောင်း သူ သေချာပေါက် ပြောနိုင်ပေသည်။ ထို့ပြင် ဤရုပ်အလောင်းမိစ္ဆာ၏ ကျင့်ကြံမှုမှာလည်း အလွန်ပင် မြင့်မားလှပေသည်။ ၎င်းသည် ကံကြမ္မာနယ်ပယ်သို့ပင် ရောက်ရှိနေခဲ့ချေပြီ။
လုံချင်းသည် ဤရေအောက် ရှေးဟောင်းအကြွင်းအကျန်နယ်မြေတွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော်လည်း ကံကြမ္မာနယ်ပယ်က ရုပ်အလောင်းမိစ္ဆာ တစ်ကောင် မြေအောက်အနက်ပိုင်းတွင် ပုန်းအောင်းနေလိမ့်မည်ဟု လုံးဝ မသိရှိခဲ့ပေ။
‘ငါ တကယ်ကို ကျောချမ်းမိတယ်...’ လုံချင်းက တွေးလိုက်မိ၏။ အစောပိုင်းက သူသည် ဤရှေးဟောင်းအကြွင်းအကျန်နယ်မြေမှာ အလွန်ပင် ဘေးကင်းသည်ဟု ထင်မှတ်ခဲ့ပေသည်။ သို့သော်လည်း ရှေးဟောင်းသူရဲကောင်းကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများအပြီးတွင် မြေအောက်အနက်ပိုင်း၌ နှစ်သောင်းချီ ရုပ်အလောင်းမိစ္ဆာ တစ်ကောင် မြှုပ်နှံထားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ ဤနေရာမှာ တကယ်ကို ဆန်းကြယ်လှပေသည်။ အကယ်၍ သခင်ကြီးသာ ရုတ်တရက် ပေါ်မလာခဲ့လျှင် ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုတစ်ခုလုံးမှာ ဤနေရာ၌ သုတ်သင်ခြင်း ခံနေရလောက်ပေသည်။
ရုပ်အလောင်းမိစ္ဆာသည် လုံချင်းအား တစ်ချက် ဝေ့ကြည့်လိုက်သော်လည်း သူ့အား ဂရုမစိုက်ဘဲ ရင်ပြင်ပေါ်ရှိ ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုဝင် ဒါဇင်ပေါင်းများစွာထံသို့သာ သူ၏အကြည့်များ ရောက်သွားပေသည်။ ဤလူများမှာ သူနှင့် အနီးဆုံးတွင် ရှိနေကြခြင်းပင်။ ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုဝင်များသည် အသက်စွမ်းအားများဖြင့် ပြည့်နှက်နေကြပေသည်။ သူတို့၏ ကြွယ်ဝလှသော သွေးနှင့် ချီစွမ်းအင်များ၏ ချိုမြိန်လှသော ရနံ့မှာ သူ့အား ဤငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းများကို ဝါးမြိုရန် ဆွဲဆောင်နေခဲ့သည်။ အဝေးက ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၂ ရှိသော ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းမှာမူ သူ၏ စားဖွယ်ပင် မဟုတ်ပါလား။ သူသည် အစဦးတွင် ဤကောင်းကင်တံတားနယ်ပယ်က ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းများကို အရင်စားမည်ဖြစ်ပြီး၊ ထို့နောက်တွင်တော့ ထိုပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၂ ရှိသော ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းကို စားပစ်ရပေမည်။
ဘေးနားတွင် ရပ်နေသော ရီယွင်ကိုမူ သူ လုံးဝ လျစ်လျူရှုထားခဲ့သည်။
အခန်း ၈၀ ပြီးပါပြီ။
အခန်း ၈၁ - ရုပ်အလောင်းမိစ္ဆာကို သုတ်သင်ခြင်းနှင့် နဂါးကန်မျိုးဆက်များကို ခေါ်ယူခြင်း
ခေါင်းတလားအတွင်း၌ အချိန်အတော်ကြာအောင် လဲလျောင်းနေခဲ့ခြင်းကြောင့်လားမသိ။ နှစ်သောင်းချီ ရုပ်အလောင်းမိစ္ဆာ၏ ခန္ဓာကိုယ်အတွင်း၌ အသစ်မွေးဖွားလာသော စိတ်အာရုံမှာ သူ၏အတိတ်ဘဝနှင့် များစွာကွဲပြားနေပေသည်။ ဤသည်မှာ သူသည် ရီယွင်အား ကြည့်သည့်အခါ သူ၏ကျင့်ကြံမှုအဆင့်ကို မဟာနတ်ဘုရား အရှိန်အဝါ တစ်ခုတည်းအပေါ်တွင်သာ အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။ ရုပ်အလောင်းမိစ္ဆာ၏ မျက်လုံးထဲတွင် ရီယွင်မှာ ကျင့်ကြံမှုအဆင့် မရှိသူတစ်ဦးပမာ ထင်မှတ်ရသဖြင့် ထိုအချိန်တွင် သူ့အား လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။
ရီယွင်က ခပ်ဖွဖွ ပြုံးလိုက်၏။
ရုပ်အလောင်းမှတစ်ဆင့် ပြန်လည်မွေးဖွားလာသော ဤသူ၏စိတ်အာရုံမှာ သာမန်လူသားတစ်ဦးနှင့် များစွာကွဲပြားလှပေသည်။ အချိန်အတော်များများတွင် သူ၏ခန္ဓာကိုယ်မှာ ကြမ်းတမ်းသော ဗီဇစိတ်ဖြင့်သာ မောင်းနှင်နေခြင်း ဖြစ်ပေသည်။
ရုပ်အလောင်းမိစ္ဆာသည် အောက်ဘက်သို့ လှမ်းကြည့်လိုက်၏။ ရင်ပြင်ပေါ်တွင် ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုဝင်တစ်စုမှာ သူတို့၏ခန္ဓာကိုယ်ပေါ်၌ ရေခဲလွှာပါးပါးလေးများ ဖုံးလွှမ်းလျက် ဒူးထောက်နေကြပေသည်။ သူတို့မှာ လတ်ဆတ်ပြီး ချိုမြိန်ကာ စားချင်စဖွယ် ကောင်းနေကြ၏။
သူသည် နှုတ်ခမ်းကို လျှာဖြင့် တစ်ချက်လျက်လိုက်သည်။
ဤငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်းများကို အချိန်အတော်ကြာအောင် မွေးမြူထားခဲ့ရသည်။ သူတို့သည် ရှေးဟောင်းသူရဲကောင်းများအတွက် ယင်မိစ္ဆာမျိုးစေ့ကို ပျိုးထောင်ရန် နယ်ရုပ်များအဖြစ် အသုံးတော်ခံခဲ့ရရုံတင်မကဘဲ သူတို့၏ ကိုယ်ပိုင်အသက်စွမ်းအားများမှာလည်း များစွာလျော့ပါးသွားခြင်း မရှိပေ။ ယခုအခါ သူတို့မှာ သူ၏ကြီးမားလှသော အာဟာရများ ဖြစ်လာတော့မည်ဖြစ်ရာ ဤသည်မှာ သူ့အား အနည်းဆုံးတော့ ကံကြမ္မာနယ်ပယ် အဆင့် ၂ သို့ ကျော်ဖြတ်နိုင်ရန် လုံလောက်စေပေသည်။
သူသည် ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း တစ်ကောင်ကို ဖမ်းဆီးစားသောက်ရန် လက်ကို ဆန့်ထုတ်လိုက်၏။
ရုတ်တရက် သူ၏လက်မှာ ဟင်းလင်းပြင်ထက်၌ ရပ်တန့်သွားသည်။
ရုပ်အလောင်းမိစ္ဆာမှာ မျက်လုံးအပြူးသား ဖြစ်သွားရ၏။ ဆန်းကြယ်သော မြင်းနက်ကြီးတစ်ကောင်မှာ ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာပြီး သူ့ရှေ့တွင် ဝဲပျံနေသည်ကို သူ တွေ့ရှိလိုက်ရလေသည်။
“သူငယ်လေး... မင်းက တကယ်ကို ရဲတင်းလှချည်လား...”
မြင်းနက်ကြီးသည် သူ၏နှုတ်ခမ်းကို မဲ့လိုက်ရင်း တောက်ပသော အပြုံးနှင့်အတူ သွားဖြူဖြူကြီးများပေါ်အောင် ဖြီးပြလိုက်၏။ သူသည် နှာခေါင်းဖြင့် အနံ့ခံလိုက်ပြီးနောက် စိတ်ပျက်လက်ပျက်နှင့် မှုတ်ထုတ်လိုက်ကာ ဆို၏။
“တောက်... မင်းက တကယ်ကို နံစော်နေတာပဲ...”
အဝေးက ရထားလုံးပေါ်တွင် လဲလျောင်းနေသော ကြောင်နက်ကြီးသည် ဤရင်းနှီးနေသော စကားလုံးများကို ကြားလိုက်ရသည့်အခါ သူ၏လည်ပင်းကို ဆန့်ထုတ်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်လေတော့သည်။
“ဟုတ်တယ်... ဟုတ်တယ်... ဦးလေးမြင်း ပြောတာ မှန်တယ်... မင်း မြန်မြန်သွားပြီး ရေချိုးလိုက်တာ ပိုကောင်းမယ်...”
မြင်းနက်ကြီးသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ လွန်ခဲ့သော အတိတ်ကာလက မြူခိုးတောင်ကြားတွင် ကြောင်နက်ကြီးအား သူ၏ခွာနှင့် တစ်ချက်ကန်၍ ရေကန်ထဲသို့ လွင့်စင်သွားအောင် လုပ်ခဲ့သည့် မြင်ကွင်းကို သူ ပြန်လည်သတိရသွားဟန် ရှိပေသည်။
ရီယွင်က ပြုံးလိုက်မိ၏။ ဤမြင်းနက်ကြီးမှာ သန့်ရှင်းမှုကို အလွန်နှစ်သက်သူ ဖြစ်ပေသည်။ ဤနှစ်သောင်းချီ ရုပ်အလောင်းမိစ္ဆာထံမှ ထွက်ပေါ်နေသော ပုပ်စော်နံလှသည့် အနံ့အသက်များမှာ သူ့အတွက်တော့ တကယ်ကို သည်းမခံနိုင်စရာ ဖြစ်ပေလိမ့်မည်။
“မင်း သေချင်နေတာပဲ...”
ဤနှစ်သောင်းချီ ရုပ်အလောင်းမိစ္ဆာမှာ ဉာဏ်သိပ်မကောင်းသော်လည်း မြင်းနက်ကြီး၏ လှောင်ပြောင်မှုကိုမူ အာရုံခံမိနေဆဲပင်။ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး မြင်းနက်ကြီးထံသို့ လက်သည်းနှင့် ကုတ်ခြစ်လိုက်လေသည်။ စူးရှသော အလင်းတန်းများ လက်နေသည့် သူ၏ရှည်လျားသော လက်သည်းများမှာ ထိုအခိုက်အတန့်တွင် အနှိုင်းမဲ့ နတ်ဘုရားအဆင့် လက်နက်များကဲ့သို့ပင် ဖြစ်နေပေသည်။
“မင်းက အားနည်းလွန်းပါတယ်...”
မြင်းနက်ကြီးက နှာခေါင်းရှုံ့လိုက်ပြီး သူ၏ပါးစပ်မှ အပြာရောင် လျှပ်စီးတန်းတစ်ခုကို မှုတ်ထုတ်လိုက်၏။ ဤလျှပ်စီးတန်းမှာ တုံ့ပြန်ရန်ပင် အချိန်မရလောက်အောင် လျင်မြန်လှပြီး နှစ်သောင်းချီ ရုပ်အလောင်းမိစ္ဆာ၏ လက်ကို ထိမှန်သွားလေသည်။
“ဘုန်း...”
ရုပ်အလောင်းမိစ္ဆာ၏ လက်မောင်းတစ်ဝက်မှာ ချက်ချင်းပင် ပေါက်ကွဲသွားတော့၏။
သူသည် ချက်ချင်းပင် ထိတ်လန့်သွားရပြီး မျက်နှာဖြူလျော့လျက် ထပ်တလဲလဲ နောက်သို့ ဆုတ်ကာ ခန္ဓာကိုယ်မှာလည်း မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေပေသည်။ စောစောက အပြာရောင် လျှပ်စီးတန်းမှာ သူ့အား ဖော်ပြမရနိုင်လောက်သော ဖျက်ဆီးလိုသည့် စိတ်ဆန္ဒတစ်ခုကို ခံစားရစေခဲ့၏။ ထိုအခိုက်အတန့်တွင် သူသည် ကောင်းကင်ဘေးဒဏ်ကို ရင်ဆိုင်နေရသကဲ့သို့ပင် ခံစားလိုက်ရပေသည်။
“ဝှစ်...”
မြင်းနက်ကြီးသည် သူ၏ပါးစပ်ကို ဖွင့်လိုက်ပြန်ရာ နောက်ထပ် အပြာရောင် လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာပြန်သည်။ နှစ်သောင်းချီ ရုပ်အလောင်းမိစ္ဆာမှာ နောက်သို့ လှည့်၍ ထွက်ပြေးလေတော့၏။
သို့သော်လည်း သူသည် ဤအပြာရောင် လျှပ်စီးတန်း၏ သက်ရောက်မှုမှ မည်သို့ ထွက်ပြေးနိုင်ပါ့မည်နည်း။ ဤလျှပ်စီးတန်းမှာ ယခင်တစ်ခုထက်ပင် ပို၍ ကြမ်းတမ်းလှပေသည်။ ၎င်းမှာ ရုပ်အလောင်းမိစ္ဆာ၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ပေါက်ကွဲသွားကာ သူ့အား ခဏချင်းမှာပင် အပိုင်းပိုင်း ပြတ်တောက်သွားစေခဲ့သည်။
လုံချင်းမှာ မှင်တက်မိကာ ကြည့်နေမိ၏။ မြင်းနက်ကြီး၏ ကျင့်ကြံမှုနယ်ပယ်မှာ မည်မျှအထိ မြင့်နေသည်နည်း။ သူက တကယ်ကို သန်မာလွန်းလှသည် မဟုတ်ပါလား။ အစောပိုင်းက ကြောင်နက်ကြီးမှာ သူ့အား အလွန်ပင် ထိတ်လန့်စေခဲ့သော်လည်း ဤမြင်းနက်ကြီးမှာမူ သူ့အား လုံးဝ မှင်တက်မိသွားစေခဲ့ချေပြီ။ ကံကြမ္မာနယ်ပယ်က ရုပ်အလောင်းမိစ္ဆာ တစ်ကောင်တွင် မယုံနိုင်စရာကောင်းလောက်အောင် သန်မာသော ခန္ဓာကိုယ် ရှိပေသည်။ သို့သော်လည်း မြင်းနက်ကြီး မှုတ်ထုတ်လိုက်သော လျှပ်စီးတန်း နှစ်ခုမျှနှင့်ပင် ၎င်းမှာ လုံးဝ ပျက်စီးသွားခဲ့ရချေပြီ။ မြင်းနက်ကြီး၏ ကျင့်ကြံမှုအဆင့်မှာ မည်မျှအထိ မြင့်မားနေကြောင်း ထင်ရှားလှပေသည်။
မြင်းနက်ကြီးသည် သူ၏အမြီးကို ခါယမ်းလိုက်ပြီး အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရထားလုံးထံသို့ ပြန်သွားပြီး ဇက်ကြိုးများကို သူ၏ကိုယ်ပေါ်၌ ပြန်လည် ချည်နှောင်လိုက်လေတော့သည်။
“ဒါမှ ငါ့တို့ ဦးလေးမြင်းကွ... ပါးစပ်ဟလိုက်ရုံနဲ့ နှစ်သောင်းချီ ရုပ်အလောင်းမိစ္ဆာကို ပြာချပစ်လိုက်တာပဲ...”
ကြောင်နက်ကြီးက သူ၏လက်သည်းများကို ဆုပ်၍ ဂါရဝပြုရင်း မြှောက်ပင့်သောအမူအရာနှင့် ပြောလိုက်၏။
“မြှောက်ပင့်နေတာ တော်စမ်းပါကွာ...”
မြင်းနက်ကြီးက ဘာမျှမဖြစ်သကဲ့သို့ ခပ်တည်တည်ပင် ရေရွတ်လိုက်၏။
ကံကြမ္မာနယ်ပယ်က ရုပ်အလောင်းမိစ္ဆာ တစ်ကောင်မျှသာ ဖြစ်ပေသည်။ သူ့ရှေ့တွင်တော့ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘဲ အလွယ်တကူ ချေမှုန်းနိုင်ရုံသာ ရှိပေသည်။ ဤကုန်းမြေကြီးပေါ်တွင် သူ အလွယ်တကူ မချေမှုန်းနိုင်သည့် ထာဝရနယ်ပယ်မှလွဲ၍ ကျန်သည့်အရာအားလုံးမှာ သူ့အတွက် ဘာမျှမဟုတ်ပေ။
ရီယွင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ရင်ပြင်ပေါ်ရှိ ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုဝင်များကို ဖုံးလွှမ်းထားသော ရေခဲလွှာပါးပါးလေးမှာ ခဏချင်းမှာပင် ပျောက်ကွယ်သွားပေသည်။ သူတို့ အားလုံး သတိပြန်ဝင်လာကြချေပြီ။
“ဘာတွေ ဖြစ်သွားတာလဲ...”
သူတို့သည် ဇဝေဇဝါနှင့် အချင်းချင်း လှည့်ကြည့်လိုက်ကြ၏။ သူတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်သွားခဲ့သော အရာများကို သူတို့ မသိရှိကြသေးပုံ ရပေသည်။
လုံချင်း၏နောက်မှ လူငယ်လေးဖြစ်သော ဆဋ္ဌမငါးလေးသည် အပြေးအလွှား ရောက်လာပြီး မကြာမီက ဖြစ်ပျက်ခဲ့သော ထိတ်လန့်စရာကောင်းလှသည့် တိုက်ပွဲနှစ်ခုအကြောင်းကို အလျင်အမြန် ပြောပြလိုက်၏။ သူ၏ ပြောပြချက်ကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးတွင်လည်း ချွေးစေးများ ထွက်လာရပေသည်။
“ငါတို့ သတိမေ့နေတဲ့ အချိန်မှာ သေမင်းရဲ့ တံခါးဝကို နှစ်ကြိမ်တိုင်တိုင် ရောက်ခဲ့ပြီး အသက်ပျောက်လုနီးပါး ဖြစ်ခဲ့တာကိုး...”
လူငယ်လေးသည် မျိုးနွယ်စုဝင်များကို ဦးဆောင်ကာ ရီယွင်၏ရှေ့တွင် ဒူးထောက်လိုက်ကြ၏။
“ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး...”
သူတို့သည် ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်များ စီးကျလျက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြပေသည်။
ရီယွင်က သူ၏လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ စွမ်းအားတစ်ခုက ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုဝင်များကို မြေပြင်မှ မယူလိုက်လေသည်။
“မင်းတို့ ဒီမှာ ဆက်နေဖို့ မလိုတော့ဘူး... မင်းတို့ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး ဒီမှာ ပြန်စုရုံးကြစမ်း...”
ရီယွင်က လုံချင်းအား ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
“ဟုတ်ကဲ့ပါ သခင်ကြီး...”
လုံချင်းက ရိုသေစွာ ပြန်လည် ဖြေကြားလိုက်သည်။ သူသည် မျိုးနွယ်စုဝင်များကို လက်ဝှေ့ယမ်းပြလိုက်ရာ သူတို့ အားလုံးမှာ နေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားကြတော့၏။
ခဏအကြာတွင် လူတိုင်း နေရာဟောင်းမှာပင် ပြန်လည် စုရုံးမိကြသည်။
ရီယွင်သည် လူအုပ်ကြီးကို ကြည့်ကာ ဖြည်းညင်းစွာ စတင် ပြောကြားလိုက်၏။
“မင်းတို့ဟာ နဂါးနတ်ဘုရားဂိုဏ်းရဲ့ နဂါးကန်က ဆင်းသက်လာတဲ့ ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးဆက်တွေပဲ... နဂါးနတ်ဘုရားဂိုဏ်းကို ပြန်လည် တည်ဆောက်တော့မှာ ဖြစ်သလို နဂါးကန်ကိုလည်း ပြန်လည် ပြင်ဆင်တော့မှာပဲ... ဒါကြောင့် အခုလောလောဆယ်တော့...”
ဤနေရာသို့ ရောက်သည့်အခါ ရီယွင်သည် အဖြူရောင် ပုလင်းငယ်လေးတစ်လုံးကို ထုတ်ယူလိုက်၏။ သူက ခပ်ဖွဖွ ပြုံးလိုက်ရင်း ဆို၏။
“ဒီပုလင်းထဲမှာ ကိုယ်ပိုင်ကမ္ဘာတစ်ခု ရှိပြီးတော့ ဧရာမ သမုဒ္ဒရာကြီး တစ်ခုလည်း ပါဝင်တယ်... မင်းတို့ အခုလောလောဆယ် အဲ့ဒီနေရာမှာပဲ အနားယူပြီး ပြန်လည် ပြုစုပျိုးထောင်ကြပါ...”
“ကျေးဇူးတင်ပါတယ် သခင်ကြီး...”
သူတို့၏ သခင်ကြီးမှာ သူတို့အား ဘိုးဘေးများ နေထိုင်ရာ နဂါးကန်သို့ ပြန်ခွင့်ပေးလိမ့်မည်ဟု ကြားလိုက်ရသည့်အခါ လုံချင်းမှာ အလွန်ပင် စိတ်လှုပ်ရှားသွားရပြီး မျက်ရည်များ စီးကျလျက် အဆက်မပြတ် ငိုကြွေးလေတော့သည်။ သူတို့၏ မျိုးနွယ်စုခေါင်းဆောင်ကြီး ငိုနေသည်ကို မြင်ရသည့်အခါ အခြားသော ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း မျိုးနွယ်စုဝင်များမှာလည်း သူတို့၏ မျက်နှာကို အုပ်ကာ လိုက်၍ ငိုကြွေးကြတော့သည်။
“ရှူး...”
ရီယွင်သည် ပုလင်းငယ်လေးကို မြှောက်လိုက်၏။ ၎င်းသည် စုပ်ယူနိုင်သော စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ငါးရောင်ခြယ် နဂါးတစ်ပိုင်းငါးကြင်း အားလုံးကို ချက်ချင်းပင် အတွင်းသို့ ဆွဲယူလိုက်လေတော့သည်။
ပုလင်းကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် သူသည် ရေထဲက အကြွင်းအကျန်များကို ကြည့်ကာ အသာအယာ လေတစ်ချက် မှုတ်ထုတ်လိုက်သည်။ ခဏချင်းမှာပင် ဧရာမ ထိုက်ရွှမ်ဂိုဏ်း အကြွင်းအကျန်များမှာ သေးငယ်သော အမှုန်အမွှားများအဖြစ် လုံးဝ ပြိုကွဲသွားပြီး ပျောက်ကွယ်သွားခဲ့ပေသည်။
သူ၏ ပြန်လည်မွေးဖွားခြင်း နောက်ပိုင်းတွင် ရီယွင်သည် မရေတွက်နိုင်သော နတ်ဘုရားစွမ်းရည်များနှင့် ကျင့်စဉ်များကို ကျွမ်းကျင်ခဲ့ပေသည်။ နှစ်ပေါင်း တစ်သိန်းတိုင်တိုင် ဝင်ရောက်မှုများမှ ရရှိခဲ့သော ကျင့်စဉ်များနှင့် ပတ်သက်သည့် ဆုလာဘ်များမှာ သိုလှောင်ရုံ တစ်ခုလုံးကို ပြည့်နှက်နေသော်လည်း ရီယွင်မှာမူ ၎င်းတို့အနက် အနည်းငယ်သော အစိတ်အပိုင်းကိုသာ လေ့လာသင်ယူရသေးပေသည်။
ရှန်ဖုန်းမင်းဆက်ရှိ နဂါးနတ်ဘုရားဂိုဏ်းမှ ထွက်ခွာလာခဲ့ကတည်းက သူသည် လမ်းတစ်လျှောက်တွင် သူ၏ရထားလုံးအတွင်း၌ အစဉ်တစိုက် ကျင့်ကြံကာ အသိဉာဏ်များကို ရှာဖွေနေခဲ့သည်။ သူ၏ လက်ရှိကျင့်ကြံမှုနယ်ပယ်မှာ ယခုအခါတွင် စစ်မှန်သောနတ်ဘုရားနယ်ပယ် အဆင့် ၁၀ သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုတော့ပေသည်။
ရီယွင်သည် ရထားလုံးပေါ်တွင် ပေါ်လာ၏။ သူသည် ရထားလုံးပေါ်တွင် ဒဏ်ရာများဖြင့် သနားစဖွယ် လဲလျောင်းနေသော ကြောင်နက်ကြီးအား ကြည့်လိုက်သည့်အခါ သူ၏မျက်ခုံးများမှာ ပြေလျော့သွားခဲ့သည်။
ကြောင်နက်ကြီးက ရှက်ကိုးရှက်ကန်းနှင့် ပြုံးပြလိုက်၏။
‘ငါ သခင်ကြီးဆီက ဆုလာဘ်ကို တကယ် လိုချင်ပေမဲ့လည်း တောင်းဖို့တော့ မဝံ့ရဲဘူး...’
“ကြောင်ပေါက်လေး... မင်း ဒီတစ်ခါ တကယ်ကို ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တယ်...”
ရီယွင်က သူ၏လက်ကို မြှောက်လိုက်ရာ အနက်ရောင် အိတ်ငယ်လေးတစ်လုံးမှာ ကြောင်နက်ကြီး၏ရှေ့သို့ ကျရောက်သွားပေသည်။ ထို့နောက် သူသည် ရထားလုံး၏ လိုက်ကာကို မယူကာ အတွင်းဘက်သို့ ဝင်သွားလေတော့၏။
ကြောင်နက်ကြီး၏ မျက်နှာမှာ အလွန်ပင် ဝမ်းသာအားရ ဖြစ်သွား၏။ သူသည် တုန်ယင်နေသော သူ၏လက်သည်းများဖြင့် အနက်ရောင် အိတ်ငယ်လေးကို ကောက်ယူလိုက်ပြီး ဂရုတစိုက် ဖွင့်ကြည့်လိုက်လေသည်။
“ဒါက...”
အိတ်အတွင်းက အရာကို မြင်လိုက်ရသည့်အခါ ကြောင်နက်ကြီးမှာ မျက်လုံးများ ပြူးသွားရပြီး အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် နေရာမှာတင် မေ့လဲသွားတော့သည်။
အခန်း ၈၁ ပြီးပါပြီ။