အခန်း (၈၅-၈၇)
Vol. 6 Ch. 85-87
အခန်း ၈၅ - ဓားကြာပန်း ရှစ်ပွင့်နှင့် တစ်ကွင်းလုံးကို တုန်လှုပ်စေခြင်း
“ဒီနယ်ဝေးက လူငယ်နှစ်ယောက်ကတော့ တကယ်ကို ထူးခြားတာပဲ... ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာတင် ဓားကြာပန်း တစ်ပွင့်ကို နားလည်နိုင်ခဲ့ကြတယ်...”
အသိဉာဏ်ပွင့်ရင်ပြင်အတွင်း၌ ဖြစ်သည်။
အဝေးက မူလပင်လယ်နယ်ပယ် ကျင့်ကြံသူများသည် ကျွင်းမော့ရှောင်နှင့် လော့လီတို့၏ ဦးခေါင်းအထက်တွင် ရွှေရောင်ဓားကြာပန်း ပေါ်ပေါက်လာသည်ကို ကြည့်ကာ သူတို့၏ မျက်ဝန်းများအတွင်း၌ မနာလိုမှုများ ပြည့်နှက်နေကြသည်။
ဓားဘုရင်ကျောက်တုံးပေါ်တွင် ကျင့်ကြံနိုင်သည့် အချိန်မှာ သုံးရက်သာ ရှိပေသည်။ အကယ်၍ ဓားကြာပန်း တစ်ပွင့်တည်းကိုသာ နားလည်နိုင်လျှင်ပင် သူတို့၏ နောင်လာမည့် ဓားတာအို ကျင့်ကြံမှုအတွက် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိစေနိုင်မည် မဟုတ်ပါလား။
မူလပင်လယ်နယ်ပယ် ကျင့်ကြံသူများ၏ အာမေဍိတ်သံများအကြား အသိဉာဏ်ပွင့်ရင်ပြင်၏ ရှေ့ဆုံးတန်းတွင် ရှိနေသူများ၏ ဦးခေါင်းအထက်တွင်လည်း ရွှေရောင်ဓားကြာပန်းများမှာ အဆက်မပြတ် ပေါ်ပေါက်လာနေသည်။
ပထမဆုံး ဓားကြာပန်း သုံးပွင့်မှာမူ များစွာ မခက်ခဲလှပေ။ အရည်အချင်း အသင့်အတင့် ရှိသည့် မည်သည့်ကျင့်ကြံသူမဆို ၎င်းတို့ကို နားလည်နိုင်ပေသည်။ စတုတ္ထမြောက် ဓားကြာပန်းမှ စတင်ကာ ပိုမို ခက်ခဲလာမည် ဖြစ်သည်။ အသိဉာဏ်ပွင့်ရင်ပြင်၏ ရှေ့ဆုံးတန်းကို နေရာယူထားကြသော ထိပ်တန်း ပါရမီရှင်တပည့် အများစုမှာ ဓားကြာပန်း နှစ်ပွင့် သို့မဟုတ် သုံးပွင့်အထိသာ နားလည်နိုင်ကြပေသည်။ အကယ်၍ လေးပွင့်နှင့် ထို့ထက်ပို၍ နားလည်နိုင်မည်ဆိုလျှင် သူတို့၏ နောင်လာမည့် ဓားတာအို အောင်မြင်မှုများမှာ အံ့ဩစရာ ကောင်းပေလိမ့်မည်။
အမွှေးတိုင် ၁၀ ခုစာ ကြာပြီးနောက် ကျွင်းမော့ရှောင်နှင့် လော့လီတို့၏ ဦးခေါင်းအထက်တွင် ရွှေရောင်ဓားကြာပန်း သုံးပွင့်စီ ပေါ်ပေါက်လာခဲ့ချေပြီ။ ထိုအချိန်တွင် ရှေ့ဆုံးတန်းရှိ လူပေါင်း နှစ်ရာ၊ သုံးရာခန့်ထဲတွင် ရွှေရောင်ဓားကြာပန်း သုံးပွင့် ပိုင်ဆိုင်ထားသူမှာ ငါးယောက်ထက် မပိုပေ။
ရှောက်ယန်ဓားဂိုဏ်းက လင်းယဲ့သည် မျက်လုံးတစ်ဖက်ကို ဖွင့်ကာ ကျွင်းမော့ရှောင်အား အေးစက်စွာ လှမ်းကြည့်လိုက်သည်။ သူနှင့်အတူ ထိုနှစ်ယောက်မှာလည်း ဓားကြာပန်း သုံးပွင့်စီ ရှိနေသည်ကို မြင်ရသည့်အခါ သူသည် နှာခေါင်းရှုံ့လိုက်မိသည်။
“စီနီယာအစ်ကို လင်း... ဆက်ပြီးတော့ ကြိုးစားပါဦး... အစ်ကိုက ကျွန်တော်တို့ ရှောက်ယန်ဓားဂိုဏ်းရဲ့ အထူးချွန်ဆုံး ပါရမီရှင်တပည့်ပဲ၊ အစ်ကို သေချာပေါက် ရွှေရောင်ဓားကြာပန်း ခြောက်ပွင့်အထိ နားလည်နိုင်မှာပါ...”
ဘေးနားက လူငယ်တစ်ဦးက အားပေးစကား ဆိုလိုက်သည်။
“အင်း...”
လင်းယဲ့က မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး ဆက်လက်၍ ကျင့်ကြံလေတော့သည်။
လွန်ခဲ့သော ရာစုနှစ်အနည်းငယ်အတွင်း ဓားဘုရင်ကျောက်တုံးပေါ်တွင် ရွှေရောင်ဓားကြာပန်း ခြောက်ပွင့်အထိ နားလည်နိုင်သူ မည်သူမဆို ပထမနေရာကို ရရှိနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ဓားဘုရင်ကျောက်တုံးပေါ်က ဓားရာနှစ်ခုမှာ ရှေးဟောင်းကာလမှ ယခုအထိ ဆင်းသက်လာခဲ့ခြင်းဖြစ်ရာ ၎င်းတို့၏ စွမ်းအားများမှာ သိသိသာသာ အားနည်းနေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် လင်းယဲ့၏ ယခုတစ်ကြိမ် ရည်မှန်းချက်မှာ ရွှေရောင်ဓားကြာပန်း ခြောက်ပွင့် ရရှိရန်ပင် ဖြစ်သည်။
နောက်ထပ် အမွှေးတိုင် ၅ ခုစာ ကုန်ဆုံးသွားခဲ့ပြန်သည်။
ထိုအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ အရုဏ်ဦးမှာ ရောက်မလာသေးဘဲ ကမ္ဘာကြီးမှာ မှောင်မိုက်နေဆဲပင်။ သို့သော်လည်း အချို့သော ကျင့်ကြံသူများမှာ လင်းလက်တောက်ပသော ပုလဲများကို ထုတ်ယူကာ သူတို့၏ ရှေ့တွင် ထားရှိလိုက်ကြသဖြင့် ထိုနေရာ တစ်ဝိုက်မှာ အလင်းရောင်များဖြင့် လွှမ်းခြုံနေခဲ့သည်။
“ဝှစ်...”
ထိုစဉ် လင်းယဲ့၏ ဦးခေါင်းအထက်တွင် စတုတ္ထမြောက် ဓားကြာပန်းမှာ ရုတ်တရက် ပေါ်ပေါက်လာသည်။ သူသည် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ကျွင်းမော့ရှောင်ထံသို့ လှမ်းကြည့်လိုက်သည်။
နောက်တစ်ခဏတွင် သူ၏မျက်လုံးများမှာ ပြူးသွားရပြီး သူ၏မျက်နှာပေါ်တွင် မယုံနိုင်လောက်အောင် အံ့ဩသွားသည့် အရိပ်အယောင်များ ပေါ်လာပေသည်။
‘ဘာ...’
‘အဲ့ဒီကောင်က ပဉ္စမမြောက် ဓားကြာပန်းကိုတောင် နားလည်သွားပြီလား...’
လင်းယဲ့မှာ မယုံကြည်နိုင်ဘဲ ရှိနေသည်။ သူတို့၏ တိုးတက်မှုနှုန်းမှာ အစပိုင်းတွင် တူညီနေခဲ့သည်။ မထင်မှတ်ဘဲ အမွှေးတိုင် ၅ ခုစာ အတွင်းမှာပင် ကျွင်းမော့ရှောင်က ပဉ္စမမြောက် ဓားကြာပန်းကို နားလည်သွားခဲ့ပြီး သူကတော့ စတုတ္ထမြောက်ကိုသာ နားလည်နိုင်သေးပေသည်။
လင်းယဲ့သည် အခြားသူများကိုပါ လှည့်ပတ်ကြည့်လိုက်သည့်အခါ လူပေါင်း ဆယ်ယောက်နီးပါးခန့်မှာလည်း ရွှေရောင်ဓားကြာပန်း ငါးပွင့်စီ နားလည်ထားကြသည်ကို တွေ့ရှိလိုက်ရသည်။ ဤအသိက သူ့အား ကြီးမားသော ဖိအားများကို ဖြစ်ပေါ်စေခဲ့၏။ သူသည် မျက်လုံးများကို ပြန်မှိတ်လိုက်ကာ ဓားဆန္ဒကို နားလည်နိုင်ရန်အတွက် လုံးလုံးလျားလျား အာရုံစိုက်လိုက်တော့သည်။
နောက်ထပ် အချိန်အပိုင်းအခြား အနည်းငယ် ကြာပြီးနောက်…
လင်းယဲ့သည်လည်း ပဉ္စမမြောက် ရွှေရောင်ဓားကြာပန်းကို နားလည်သွားခဲ့ချေပြီ။ သူသည် မျက်လုံးများကို ဖွင့်ကာ ကျွင်းမော့ရှောင်အား ထပ်မံကြည့်လိုက်သည့်အခါ နောက်တစ်ကြိမ် ထိတ်လန့်သွားရပြန်သည်။
ကျွင်းမော့ရှောင်သည် ခုနစ်ပွင့်မြောက် ရွှေရောင်ဓားကြာပန်းကို အမှန်တကယ်ပင် နားလည်သွားခဲ့ပြီ ဖြစ်သည်။
‘တောက်...’
ထိုအခိုက်အတန့်တွင် လင်းယဲ့မှာ အလွန်ပင် ဒေါသထွက်သွားသဖြင့် ဆဲရေးတိုင်းထွာချင်စိတ်များပင် ပေါ်လာခဲ့သည်။
‘နယ်ဝေးက လာတဲ့ ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ပါရမီ ထူးခြားနေရတာလဲ...’
‘သူ့ရဲ့ ကျင့်ကြံမှုနှုန်းက တကယ်ကို မြန်လွန်းနေတာပဲလား...’
လွန်ခဲ့သော ရာစုနှစ်အနည်းငယ်အတွင်း ရွှေရောင်ဓားကြာပန်း ခုနစ်ပွင့်အထိ နားလည်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးပေ။
ကျွင်းမော့ရှောင်၏ ဘေးက မိန်းကလေးထံသို့ အကြည့်ကို လွှဲလိုက်သည့်အခါတွင်မူ သူ၏မျက်လုံးများမှာ အပြင်သို့ ထွက်ကျမတတ် ဖြစ်သွားရပြန်သည်။ အလွန်ပင် လှပသော ထိုမိန်းကလေး၏ ဦးခေါင်းအထက်တွင်လည်း ရွှေရောင်ဓားကြာပန်း ခုနစ်ပွင့်မှာ ဝဲပျံနေခဲ့ပေသည်။ ထိုနှစ်ယောက်မှာ တစ်ဦးနှင့်တစ်ဦး အပေးအယူ ညီမျှနေကြပြီး သူတို့၏ ကျင့်ကြံမှုနှုန်းမှာလည်း ခွဲခြားမရနိုင်လောက်အောင်ပင် ဖြစ်ပေသည်။
လင်းယဲ့သည် အခြားသူများကိုပါ လှည့်ကြည့်လိုက်သော်လည်း မည်သူတစ်ဦးမျှ ဓားကြာပန်း ခြောက်ပွင့်အထိ မရောက်သေးသည်ကို တွေ့ရသည်။ ဤသည်က သူ့အား ပို၍ ဒေါသထွက်စေခဲ့၏။ နယ်ဝေးက လာသည့် ဤနှစ်ယောက်က လူအများ၏ အာရုံစိုက်မှုကို အကုန် ရယူသွားသည်ကို သူ မယုံကြည်နိုင်ဘဲ ရှိနေသည်။
ထိုအခိုက်အတန့်တွင် ကျွင်းမော့ရှောင်နှင့် လော့လီတို့၏ ဦးခေါင်းအထက်က ခုနစ်ပွင့်မြောက် ရွှေရောင်ဓားကြာပန်းမှာ ပေါ်လာကာစပင် ရှိသေးသည်။ သို့သော်လည်း ကျင့်ကြံသူ အများအပြားမှာ သတိထားမိသွားကြပြီ ဖြစ်သည်။ လူတိုင်း၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားကြပြီး သူတို့၏ အံ့ဩမှုမှာလည်း ဖော်ပြမရနိုင်လောက်အောင်ပင်။
နှစ်ပေါင်း ငါးရာအတွင်း ရှန်ဖုန်းမင်းဆက်တွင် ရွှေရောင်ဓားကြာပန်း ခုနစ်ပွင့်အထိ နားလည်နိုင်သူ မရှိခဲ့ပေ။ ယခုအခါတွင်တော့ အချိန်တစ်ရက်နှင့် တစ်ဝက်မျှသာ ကုန်ဆုံးသေးပေသည်။ ဤလူငယ်ကျင့်ကြံသူ နှစ်ဦးမှာ ထို့ထက်ပိုသော အောင်မြင်မှုများကိုပင် ရရှိနိုင်ပေလိမ့်မည်။
အားနည်းသော အင်အားစုများမှ မူလပင်လယ်နယ်ပယ် ကျင့်ကြံသူ အများအပြားမှာ ထိုနှစ်ယောက်ကို ကြည့်ကာ မျှော်လင့်ချက်များ ဖြစ်ပေါ်နေကြသည်။ သို့သော်လည်း ရှေ့ဆုံးတန်းရှိ အချို့သော နတ်ဝိညာဉ်အာရုံနယ်ပယ် ကျင့်ကြံသူများမှာမူ ကျွင်းမော့ရှောင်နှင့် လော့လီတို့ကို မနာလိုစိတ်များဖြင့် စိုက်ကြည့်နေကြပေသည်။ ရှန်ဖုန်းမင်းဆက်ရှိ ဂိုဏ်းပေါင်းစုံ၏ အာရုံစိုက်မှုကို နယ်ဝေးက လာသည့် ဤနှစ်ယောက်က ရယူသွားသဖြင့် သူတို့မှာ မနာလို ဖြစ်နေကြခြင်းပင်။
ထိုအချိန်တွင် ကျွင်းမော့ရှောင်သည်လည်း သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည့်အခါ စီနီယာအစ်မ လော့လီနှင့် သူမှလွဲ၍ အခြားသူများမှာ အများဆုံး ရွှေရောင်ဓားကြာပန်း ငါးပွင့်အထိသာ ရောက်ရှိနေကြသည်ကို တွေ့ရှိလိုက်ရသည်။ ဤသည်က သူ့အား သက်ပြင်းချနိုင်စေခဲ့၏။ အစပိုင်းတွင် ပထမဆုံး ကြာပန်း သုံးပွင့်ကို နားလည်သည့်နှုန်းမှာ အခြားသူများနှင့် တူညီနေခဲ့သည်။ ဤသည်က ကျွင်းမော့ရှောင်အား နောက်ကျကျန်ခဲ့မည်ကို စိုးရိမ်စိတ်များ ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း ယခုအခါတွင်တော့ သူနှင့် စီနီယာအစ်မမှာ အခြားသူများကို အဝေးကြီးမှာ ထားရစ်ခဲ့ပြီ ဖြစ်သည်။
ဘေးနားတွင် ထိုင်နေသော လီရှောင်ပိုင်သည်လည်း မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ကျွင်းမော့ရှောင်အား မှင်တက်မိကာ ကြည့်လိုက်ပြီး တုန်လှုပ်စွာနှင့် ပြောလိုက်၏။
“မင်းတို့က တကယ်ကို သန်မာတာပဲ... ဓားဘုရင်ကျောက်တုံးပေါ်က ဓားရာတွေ အားနည်းနေတာတောင် မင်းတို့က ရွှေရောင်ဓားကြာပန်း ခုနစ်ပွင့်အထိ နားလည်နိုင်သေးတယ်... တကယ်ကို အံ့ဩစရာပဲ...”
“အစ်ကိုလီလည်း မဆိုးပါဘူး...”
ကျွင်းမော့ရှောင်က ပြုံးလိုက်သည်။ လီရှောင်ပိုင်၏ ဦးခေါင်းအထက်တွင် ရွှေရောင်ဓားကြာပန်း လေးပွင့် ဝဲပျံနေခဲ့ရာ ၎င်းမှာ မူလပင်လယ်နယ်ပယ် ကျင့်ကြံသူ အများစုထက် များစွာ သာလွန်နေပေသည်။
“ဂျူနီယာမောင်လေး... အာရုံမပျံ့လွင့်စေနဲ့၊ ငါတို့ ကျင့်ကြံတာကို ဆက်လုပ်ကြရအောင်...”
ထိုအခိုက်အတန့်တွင် မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်သော လော့လီက ကျွင်းမော့ရှောင်ထံသို့ စိတ်ချင်းဆက်သွယ်ကာ သတိပေးလိုက်သည်။
“ဟုတ်ကဲ့ပါ စီနီယာအစ်မ...”
ကျွင်းမော့ရှောင်၏ အမူအရာမှာ တည်ကြည်သွားသည်။ သူသည် မျက်လုံးများကို ချက်ချင်း ပြန်မှိတ်လိုက်ပြီး ဓားဆန္ဒကို ဆက်လက် နားလည်နိုင်ရန် ကြိုးစားလေတော့သည်။
နောက်ထပ် အချိန်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြန်သည်။
ကောင်းကင်မှာ လင်းထိန်လာခဲ့ချေပြီ။ အရှေ့ဘက်မှ ထွက်ပေါ်လာသော နေမင်းကြီး၏ တောက်ပလှသော ရွှေရောင် အလင်းတန်းများမှာ အသိဉာဏ်ပွင့်ရင်ပြင်ရှိ ကျင့်ကြံသူတိုင်းကို လွှမ်းခြုံထားသည်။
“မြန်မြန် ကြည့်ကြစမ်းဦး...”
“ဟို နယ်ဝေးကလာတာဆိုတဲ့ လူငယ်နှစ်ယောက်လေ... သူတို့ ရှစ်ပွင့်မြောက် ရွှေရောင်ဓားကြာပန်းကို နားလည်သွားကြပြီ...”
မျက်စိလျင်သော ကျင့်ကြံသူတစ်ဦးက လော့လီနှင့် ကျွင်းမော့ရှောင်တို့၏ ဦးခေါင်းအထက်တွင် ရှစ်ပွင့်မြောက် ရွှေရောင်ဓားကြာပန်း ပေါ်ပေါက်လာသည်ကို ပထမဆုံး မြင်တွေ့လိုက်ခြင်း ဖြစ်သည်။
“ဝူး...”
ဤသည်က လူအုပ်ကြီးအတွင်းသို့ ဆူညံမှုလှိုင်းလုံးကြီး တစ်ခုကို ချက်ချင်းပင် ရိုက်ခတ်စေခဲ့သည်။ လူတိုင်းမှာ ကျွင်းမော့ရှောင်နှင့် လော့လီတို့အား စိုက်ကြည့်ကာ အပြင်းအထန် ဆွေးနွေးလာကြပြီး သူတို့၏ မျက်နှာများပေါ်တွင်လည်း မနာလိုမှု၊ ငြူစူမှုများနှင့် မကျေနပ်မှုများမှာ ရောပြွမ်းနေကြပေသည်။
အချို့သော ကျင့်ကြံသူများမှာမူ ဓားဘုရင်ကျောက်တုံးကို အသိဉာဏ် ရှာဖွေကျင့်ကြံခြင်းမှ လက်လျှော့လိုက်ကြပြီ ဖြစ်သည်။ တတိယမြောက်နေ့မှာလည်း အလျင်အမြန် ရောက်ရှိလာတော့မည် မဟုတ်ပါလား။ သူတို့မှာ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြပြီး ဖြစ်သော်လည်း မည်မျှပင် အာရုံစိုက်ပါစေ နောက်ထပ် ဓားကြာပန်း တစ်ပွင့်ကိုမျှ ထပ်မံ နားလည်နိုင်ခြင်း မရှိကြတော့ပေ။
“တောက်... ဒီနှစ်ယောက်က တကယ်ရော လူသားတွေ ဟုတ်ရဲ့လား...”
လင်းယဲ့က သူ၏မျက်လုံးများကို ဖွင့်ကာ ကျွင်းမော့ရှောင်အား ကြည့်ပြီး သွားကြိတ်ကာ ပြောလိုက်သည်။ သူသည် ပဉ္စမမြောက် ရွှေရောင်ဓားကြာပန်းမှာပင် ရှိနေဆဲဖြစ်ပြီး ခြောက်ပွင့်မြောက်သို့ ရောက်ရန် အဝေးကြီး လိုနေသေးပေသည်။ သူ ကိုယ်တိုင်ပင် ခြောက်ပွင့်မြောက်သို့ ကျော်ဖြတ်နိုင်မလားဆိုသည်ကို မသေချာဘဲ ရှိနေသည်။
လင်းယဲ့သည် ပတ်ဝန်းကျင်ရှိ လူများကိုပါ ဝေ့ကြည့်လိုက်သည်။ လော့လီနှင့် ကျွင်းမော့ရှောင်တို့မှ လွဲ၍ အခြားမည်သူမျှ ခြောက်ပွင့်မြောက် ရွှေရောင်ဓားကြာပန်းကို နားမလည်နိုင်ကြသေးပေ။
‘တကယ့် မိစ္ဆာကောင်တွေပဲ...’
ထိုအခိုက်အတန့်တွင် လင်းယဲ့သည်ပင် နယ်ဝေးက လာသည့် ဤနှစ်ယောက်မှာ သူ့ထက် များစွာ သာလွန်သော ဓားတာအို ပါရမီကို ပိုင်ဆိုင်ထားကြောင်း ဝန်ခံလိုက်ရပေသည်။ သုံးရက် မပြည့်သေးသည့် အချိန်အတွင်းမှာပင် သူတို့၏ တိုးတက်မှုနှုန်းအရဆိုလျှင် ဤနှစ်ယောက်မှာ သမိုင်းဝင် စံချိန်တင်ထားသည့် ဓားကြာပန်း ကိုးပွင့်ကိုပင် စိန်ခေါ်နိုင်ပေလိမ့်မည်။
ဓားဘုရင်ကျောက်တုံး ကမ်းပါးယံရှိ ထိုလျှို့ဝှက် ဟင်းလင်းပြင်အတွင်း၌...
“သခင်ကြီး... အဲ့ဒီလူငယ်နှစ်ယောက်က တကယ်ကို အံ့ဩစရာပဲနော်...”
ကြေးဝါမျက်နှာဖုံး ဝတ်ဆင်ထားသော လူငယ်တစ်ဦးက အံ့ဩတကြီး မှတ်ချက်ပြုလိုက်သည်။
“ဒီလူငယ်နှစ်ယောက်မှာ အနှိုင်းမဲ့ ဓားတာအို ပါရမီ ရှိနေကြတာပဲ... သူတို့တွေ ကိုးပွင့်မြောက် ဓားကြာပန်းကိုတောင် စိန်ခေါ်နိုင်မယ့် အလားအလာ ရှိနေကြတယ်...”
ငွေရောင်မျက်နှာဖုံး ဝတ်ဆင်ထားသော အမျိုးသားက သူ၏မျက်ဝန်းများအတွင်း တည်ငြိမ်သော အပြုံးများနှင့်အတူ ပြောလိုက်ပေသည်။
ထိုအခိုက်အတန့်တွင် သူသည် မည်မျှပင် ပေးဆပ်ရပါစေ ဤလူငယ်နှစ်ယောက်ကို သူ၏အနားသို့ ခေါ်ယူရန် ဆုံးဖြတ်လိုက်တော့သည်။
အခန်း ၈၅ ပြီးပါပြီ။
အခန်း ၈၆ - မိုင်ပေါင်း သုံးထောင်အထိ လင်းလက်သွားသော အလင်းတန်း
တဟုန်ထိုး စီးဆင်းနေသော မြစ်ကမ်းဘေးတွင် ဖြစ်သည်။
အနက်ရောင် ရထားလုံးတစ်စီးမှာ ရပ်တန့်နေပြီး ရီယွင်သည် အတွင်း၌ ထိုင်လျက် မြစ်ရေများကို ကြည့်ကာ တိတ်ဆိတ်စွာ အတွေးနက်နေ၏။
သူသည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သဖြင့် အရပ်မျက်နှာတစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။
‘ဓားကြာပန်း ရှစ်ပွင့်ဆိုတာက ဘယ်လိုလုပ်ပြီး လုံလောက်ပါ့မလဲ... အနည်းဆုံးတော့ ကိုးပွင့် ရှိရမယ်... တကယ်လို့ ဆယ်ပွင့်အထိ ဖြစ်နိုင်မယ်ဆိုရင် ပိုတောင် ကောင်းသေးတာပေါ့...’
ရီယွင်က ခပ်ဖွဖွ ပြုံးလိုက်သည်။
ထိုဓားရာနှစ်ခုအနက် တစ်ခုမှာ သူကိုယ်တိုင် ချန်ထားခဲ့ခြင်း ဖြစ်သည်။
လော့လီနှင့် ကျွင်းမော့ရှောင်တို့မှာ နဂါးနတ်ဘုရားဂိုဏ်း၏ တပည့်များ ဖြစ်ကြသည့်အလျောက် ရီယွင်၏ ဓားတာအိုကို နားလည်နိုင်ရန်အတွက် သဘာဝအရပင် အသာစီးရမှုများ ရှိနေကြသည်။
ထို့ပြင် ဓားရာနှစ်ခုအနက် အခြားတစ်ခုမှာလည်း ရီယွင်၏ ဓားရာကိုသာ အခြေခံထားခြင်း ဖြစ်ရာ တစ်ခုမှာ ဧကရာဇ်ဖြစ်လျှင် အခြားတစ်ခုမှာ ကြင်ယာတော် ဖြစ်နေသကဲ့သို့ပင်။
‘နှစ်ပေါင်း တစ်သိန်းတောင် ကုန်ဆုံးသွားခဲ့ပြီပဲ... ရှေးဟောင်းကာလကနေ ယခုအထိ လောကကြီးက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ... အချို့သောလူတွေ မရှိတော့ဘူးဆိုရင်တောင် ဒီလောကထဲမှာ အချို့သော အမှတ်အသားတွေကတော့ ကျန်ရှိနေဆဲပဲ...’
ရီယွင်သည် ခပ်ဖွဖွ သက်ပြင်းချလိုက်မိပြီး သူ၏မျက်ဝန်းများအတွင်း၌ ဆွေးမြေ့ဖွယ် အမူအရာများ ပြည့်နှက်သွားသည်။
တာအိုလမ်းစဉ်ပေါ်တွင် တစ်ဦးတည်း လျှောက်လှမ်းနေရခြင်းပင်။
ထိုအခိုက်အတန့်တွင် ရီယွင်၏ နှလုံးသားထဲက အထီးကျန်မှုကို မည်သူမျှ နားလည်နိုင်မည် မဟုတ်ပေ။ အစဉ်တစိုက် ကျင့်ကြံအားထုတ်ခြင်းနှင့် ပိုမို သန်မာလာခြင်းတို့ကသာ ဤအထီးကျန်မှုကို သက်သာစေနိုင်ပေလိမ့်မည်။ သူသည် မျက်လုံးများကို အသာအယာ မှိတ်လိုက်သည်။
တတိယမြောက်နေ့၊ မွန်းတည့်ချိန်တွင် လူအုပ်ကြီး၏ စောင့်ကြည့်နေမှုအောက်တွင် ကျွင်းမော့ရှောင်နှင့် လော့လီတို့၏ ဦးခေါင်းအထက်တွင် ရွှေရောင်ဓားကြာပန်း တစ်ပွင့်စီ ထပ်မံ ပေါ်ပေါက်လာပြန်သည်။
“မဖြစ်နိုင်တာ... ဒီနှစ်ယောက်က ဘယ်လို မိစ္ဆာမျိုးတွေလဲ... သူတို့တွေ ကိုးပွင့်မြောက် ရွှေရောင်ဓားကြာပန်းကို တစ်ပြိုင်နက်တည်း နားလည်နိုင်ကြတယ်လား...”
“ဒါက တကယ်ကို မယုံနိုင်စရာပဲ... လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာအတွင်းမှာ ဒီဓားရာနှစ်ခုရဲ့ စွမ်းအားတွေက သိသိသာသာ အားနည်းလာခဲ့တာလေ... အဲ့ဒါကို ဒီနယ်ဝေးက လူငယ်နှစ်ယောက်က ရွှေရောင်ဓားကြာပန်း ကိုးပွင့်အထိ နားလည်နိုင်တယ်ဆိုတာ စိတ်ကူးထဲမှာတောင် မရှိနိုင်တဲ့ အရာပဲ...”
“ငါတို့ ရှန်ဖုန်းမင်းဆက်မှာသာ သူတို့လို ကျင့်ကြံသူတွေ ရှိခဲ့မယ်ဆိုရင်...”
ခဏချင်းမှာပင် အသိဉာဏ်ပွင့်ရင်ပြင် တစ်ခုလုံးမှာ ဆူပွက်နေသော ရေအိုးတစ်လုံးပမာ ဖြစ်သွားပြီး လူတိုင်းမှာ စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားကြသည်။
ရှေးဟောင်းကာလမှ ယခုအထိ နှစ်ပေါင်း တစ်သိန်း တိတိ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဓားကြာပန်း ကိုးပွင့်အထိ နားလည်နိုင်သူများကို လက်ချိုးရေတွက်ကြည့်လျှင်ပင် အလွန်နည်းပါးလှ၏။
သို့သော်လည်း ယခုအခါတွင်မူ အမည်မသိသည့် နယ်ဝေးက လူငယ်နှစ်ယောက်မှာ ၎င်းကို တစ်ပြိုင်နက်တည်း ရရှိခဲ့ကြချေပြီ။ ဤနှစ်ယောက်၏ ဓားတာအို ပါရမီမှာ တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့မှာ မိစ္ဆာကောင်များသဖွယ်ပင်။
ရှောက်ယန်ဓားဂိုဏ်းက လင်းယဲ့သည် ကျွင်းမော့ရှောင်၏ ဦးခေါင်းအထက်က ရွှေရောင်ဓားကြာပန်း ကိုးပွင့်ကို မြင်လိုက်ရသည့်အခါ သူ၏မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားသည်။
သူသည် မိမိဘာသာ တိုးညင်းစွာ ရေရွတ်လိုက်၏။
“သူတို့တွေက... တကယ်ရော လူသားတွေ ဟုတ်ရဲ့လား...”
ထိုအခိုက်အတန့်တွင် သူသည် မိမိကိုယ်မိမိ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း နောက်ဆုံးတွင် ဝန်ခံလိုက်ရသည်။
သူသည် ခြောက်ပွင့်မြောက် ရွှေရောင်ဓားကြာပန်း ရရန်ပင် အနည်းငယ် လိုနေသေးသော်လည်း ကျွင်းမော့ရှောင်ကမူ ဓားကြာပန်း ကိုးပွင့်အထိ နားလည်သွားခဲ့ပြီ မဟုတ်ပါလား။
ဤသည်မှာ ကွာဟချက်ပင် ဖြစ်သည်။
အသိဉာဏ်ပွင့်ရင်ပြင်၏ ရှေ့ဆုံးတန်းက ပါရမီရှင်များမှာလည်း ဤသည်ကို ကြည့်ကာ တစ်ယောက်ပြီးတစ်ယောက် ခေါင်းခါလျက် သက်ပြင်းချနေကြသည်။
ကျွင်းမော့ရှောင်နှင့် လော့လီတို့၏ ရှေ့တွင် သူတို့မှာ အရေးမပါသူများပမာ ခံစားလိုက်ရပေသည်။ သူတို့ထဲတွင် မည်သူတစ်ဦးမျှ ဓားကြာပန်း ခြောက်ပွင့်အထိပင် မနားလည်နိုင်ခဲ့ကြပေ။
သူတို့ အများအပြားမှာ လော့လီနှင့် ကျွင်းမော့ရှောင်တို့၏ နောက်တွင် လုံးဝ ကျန်ရစ်ခဲ့ကြချေပြီ။
လော့လီနှင့် ကျွင်းမော့ရှောင်တို့မှာမူ ဆန်းကြယ်သော အခြေအနေတစ်ခုအတွင်းသို့ ရောက်ရှိနေပုံ ရသည်။ သူတို့သည် မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး ဓားဘုရင်ကျောက်တုံးပေါ်က ဓားရာနှစ်ခုကို ဆက်လက် ကျင့်ကြံနေကြသည်။
သူတို့၏ ဦးခေါင်းအထက်တွင် ရွှေရောင်ဓားကြာပန်း ကိုးပွင့်မှာ ဖြည်းညင်းစွာ လည်ပတ်နေပြီး ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေခြင်းက အလွန်ပင် မြင့်မြတ်သော ခံစားချက်ကို ပေးစွမ်းနေသည်။
“သူတို့တွေ ဆက်ပြီးတော့ နားလည်ဖို့ ကြိုးစားနေတုန်းပဲ...”
“ဘုရားရေ... သူတို့ ဘာတွေလုပ်ဖို့ ကြံနေတာလဲ...”
“ဓားကြာပန်း ကိုးပွင့်ဆိုတာက အကန့်အသတ်ပဲ မဟုတ်လား...”
မရေတွက်နိုင်သော လူများမှာ မျက်လုံးအပြူးသားနှင့် သူတို့ရှေ့က ပုံရိပ်နှစ်ခုကို စိုက်ကြည့်နေကြသည်။
ထိုအခိုက်အတန့်တွင် လီရှောင်ပိုင်သည်လည်း သူ၏ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်၏။ သူသည် မိမိ၏ အကန့်အသတ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အာရုံခံမိလိုက်ခြင်းပင်။
သို့သော်လည်း ကျွင်းမော့ရှောင်နှင့် လော့လီတို့၏ ကျောပြင်ကို မြင်လိုက်ရသည့်အခါ သူ၏ အသက်ရှူနှုန်းများ မြန်လာခဲ့ပြီး အကြီးအကျယ် ထိတ်လန့်သွားရသည်။
သိသာလှသည်မှာ သူတို့၏ အသိဉာဏ် ရှာဖွေကျင့်ကြံမှုမှာ မပြီးဆုံးသေးပေ။
‘သူတို့တွေ ထပ်ပြီးတော့ ချိုးဖျက်နိုင်ဦးမှာလား...’
ဒါပေမဲ့ နှစ်ပေါင်း တစ်သိန်းအတွင်းမှာ ဆယ်ပွင့်မြောက် ရွှေရောင်ဓားကြာပန်းအထိ ချိုးဖျက်နိုင်သူ တစ်ဦးမှ မရှိခဲ့ဖူးဘူး မဟုတ်လား။
လီရှောင်ပိုင်မှာ အလွန်ပင် စိတ်လှုပ်ရှားနေသည်။ သူသည် အသက်ကို အောင့်ထားပြီး အံ့ဖွယ်အမှုတစ်ခု ဖြစ်ပေါ်လာရန် တိတ်ဆိတ်စွာ စောင့်မျှော်နေ၏။
ထိုအခိုက်အတန့်တွင် ဓားဘုရင်ကျောက်တုံး ကမ်းပါးယံအတွင်းရှိ ဆန်းကြယ်သော ဟင်းလင်းပြင်အတွင်း၌ ငွေရောင်မျက်နှာဖုံး ဝတ်ဆင်ထားသော အမျိုးသားမှာ အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေပေသည်။
နှစ်ပေါင်း တစ်သောင်းတိတိ ရှိသွားခဲ့ပြီ မဟုတ်ပါလား။
ယခုအခါတွင်တော့ ဓားကြာပန်း ကိုးပွင့်နှင့်အတူ ထူးခြားသူ နှစ်ဦး ထပ်မံ ပေါ်ထွက်လာခဲ့ချေပြီ။
သူသည် ဓားဘုရင်ကျောက်တုံး၏ စောင့်ရှောက်သူတစ်ဦးအဖြစ် နှစ်ပေါင်း တစ်ထောင်တိတိ စောင့်ကြပ်လာခဲ့ခြင်းမှာ ဤကဲ့သို့ ဓားကြာပန်း ကိုးပွင့် ရရှိမည့်သူများ ထပ်မံ ပေါ်လာလိမ့်မည်ဟူသော မျှော်လင့်ချက်နှင့် ဖြစ်ပေသည်။
ဤစောင့်ရှောက်သူများသည် ရှေးဟောင်းကာလမှစ၍ မျိုးဆက်တစ်ခုပြီးတစ်ခု တာဝန်လွှဲပြောင်းလာခဲ့ကြသည်မှာ နှစ်ပေါင်း တစ်သိန်းတိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်း အနည်းငယ်အတွင်း ဓားဘုရင်ကျောက်တုံးပေါ်က ဓားရာများမှာ အစဉ်တစိုက် အားနည်းလာခဲ့သဖြင့် ဤစောင့်ရှောက်သူများမှာလည်း စိုးရိမ်ပူပန်မှုများကို ခံစားနေကြရသည်။
နောက်ထပ် နှစ်ပေါင်း ရာချီ ကြာသွားလျှင် ဓားဘုရင်ကျောက်တုံးပေါ်က ဓားရာများမှာ ပျောက်ကွယ်သွားပေလိမ့်မည်။ စောင့်ရှောက်သူများအနေနှင့် ထိုအခါတွင် စောင့်ရှောက်စရာ ဘာမျှ ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် ဤစောင့်ရှောက်သူသည် ဓားဘုရင်ကျောက်တုံး၌ အသိဉာဏ် ရှာဖွေသူများထဲမှ စောင့်ရှောက်သူများ တည်ထောင်ခဲ့သည့် ဓားဘုရင်နန်းတော်ကို ဆက်ခံမည့်သူတစ်ဦးအား ရှာဖွေရန် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။
သူတို့၏ ဓားဘုရင်နန်းတော်မှာ ရှန်ဖုန်းမင်းဆက်၏ အင်အားစုများအတွင်း၌ ပါဝင်ခြင်း မရှိပေ။ ၎င်းမှာ အဖွဲ့ဝင် ဒါဇင်အနည်းငယ်သာရှိသော လူသိနည်းလှသည့် မြေအောက်အင်အားစုတစ်ခု ဖြစ်ပေသည်။
သို့သော်လည်း သူသည် ဓားဘုရင်နန်းတော်၏ ပထမဆုံးသော အရှင်သခင်အဖြစ် ကျင့်ကြံမှုမှာ ကံကြမ္မာနယ်ပယ် အဆင့် ၁၀ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤကဲ့သို့သော ကျင့်ကြံမှုမျိုးနှင့်ဆိုလျှင် ခုနစ်စဉ်ကြယ်မင်းဆက်တွင်ပင် သူသည် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်။
အချိန်များမှာ ဖြည်းညင်းစွာ ကုန်ဆုံးနေ၏။
ထိုအချိန်တွင် အသိဉာဏ်ပွင့်ရင်ပြင်ရှိ လူတိုင်းမှာ လော့လီနှင့် ကျွင်းမော့ရှောင်တို့၏ နောက်ထပ် စွမ်းဆောင်ရည်ကို စောင့်ကြည့်နေကြသည်။
မှောင်ရီပျိုးစအချိန်တွင် ဓားဘုရင်ကျောက်တုံးပေါ်က ဓားရာနှစ်ခုမှာ ရုတ်တရက် တောက်ပစွာ လင်းလက်လာပြီး ပတ်ဝန်းကျင် မိုင်ပေါင်း ထောင်ချီအထိ အလင်းတန်းများ ဖြာထွက်သွားရာ အရာအားလုံးမှာ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားလေသည်။
ဤအံ့ဩဖွယ်ရာ ဖြစ်စဉ်က လူတိုင်းကို ခဏချင်းမှာပင် မှင်တက်မိသွားစေခဲ့သည်။
ဓားဘုရင်ကျောက်တုံးမှာ တောက်ပသော အလင်းတန်းများ ထုတ်လွှတ်နေပြီး မိုင်ပေါင်း ထောင်ချီအထိ လင်းလက်သွားစေခဲ့သည်။
လူတိုင်းမှာ မျက်မှောင်ကြုတ်လျက် ဓားဘုရင်ကျောက်တုံးဆီသို့ လှမ်းကြည့်လိုက်ကြသည့်အခါ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။
ထိုတောက်ပလှသော အလင်းတန်းများအတွင်း၌ ပုံရိပ်နှစ်ခု ပေါ်ထွက်လာသည်။
ဝတ်စုံဖြူကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏ကျောပြင်မှာ လူသားအားလုံးဘက်သို့ လှည့်နေ၏။
သူ့ထံမှ ထူးကဲလှသော အရှိန်အဝါများ ထွက်ပေါ်နေပြီး အနှိုင်းမဲ့ နတ်ဘုရားဘုရင်တစ်ပါးကဲ့သို့ ကောင်းကင်ကိုးထပ်၏ အထွတ်အထိပ်တွင် ရပ်နေကာ လူသားအားလုံးကို ငုံ့ကြည့်နေသကဲ့သို့ ခံစားရသည်။
သူ၏ဘေးတွင်မူ အနှိုင်းမဲ့လှပသော အမျိုးသမီးတစ်ဦး ရှိနေ၏။ သူမ၏ ကျောပြင်ကို ခဏမျှ မြင်လိုက်ရရုံနှင့်ပင် သူမ၏ အနှိုင်းမဲ့ အလှတရားကို ခန့်မှန်းနိုင်ပေသည်။
“ဘိုးဘေးကြီး... အဲ့ဒါ ဘိုးဘေးကြီးပဲ...”
ကမ်းပါးယံ ဟင်းလင်းပြင်အတွင်းက ငွေရောင်မျက်နှာဖုံးနှင့် အမျိုးသားမှာ ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ဒူးထောက်လိုက်ကာ ဝမ်းသာလွန်းသဖြင့် မျက်ရည်များ စီးကျလာခဲ့သည်။
ထို အနှိုင်းမဲ့လှပသော အမျိုးသမီးမှာ သူတို့ စောင့်ရှောက်သူ မျိုးနွယ်စု၏ တည်ထောင်သူပင် ဖြစ်ပေသည်။
ထိုတည်ထောင်သူကပင် သူတို့အား ဓားရာများ ပျောက်ကွယ်သွားပြီး သူတို့၏ စောင့်ရှောက်ခြင်း တာဝန်ပြီးဆုံးမည့် နေ့အထိ ဓားဘုရင်ကျောက်တုံးကို ထာဝရ စောင့်ကြပ်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
စောင့်ရှောက်သူ မျိုးဆက်တစ်ခုပြီးတစ်ခုမှာ တည်ထောင်သူ၏ ရှေးဟောင်းသွန်သင်ချက်များကို လိုက်နာကာ ဓားဘုရင်ကျောက်တုံးကို တိတ်ဆိတ်စွာ စောင့်ကြပ်လာခဲ့ကြပြီး သူတို့၏ တစ်သက်တာလုံး ထိုနေရာမှ ထွက်ခွာခဲ့ခြင်း မရှိကြပေ။
သူ၏နောက်က ကြေးဝါမျက်နှာဖုံးများနှင့် တပည့်များမှာ သူတို့၏ အရှင်သခင် ရုတ်တရက် ဒူးထောက်ကာ ငိုကြွေးနေသည်ကို မြင်ရသည့်အခါ အကြီးအကျယ် တုန်လှုပ်သွားကြပြီး သူ၏နောက်တွင် လိုက်၍ ဒူးထောက်လိုက်ကြသည်။
“ဒါက တကယ်ပဲ ဘာလဲဟင်...”
“ဒါတွေက ဓားဘုရင်ကျောက်တုံးပေါ်မှာ ဓားရာနှစ်ခုကို အစောဆုံး ချန်ထားခဲ့တဲ့ တာအိုနယ်ပယ်က သန်မာသူတွေလား...”
“ဒီရှေးဟောင်းက ဆန်းကြယ်လှတဲ့ ပုဂ္ဂိုလ်ကြီးတွေက တကယ်ကို သန်မာလွန်းတာပဲ... သူတို့ ချန်ထားခဲ့တဲ့ ဓားရာနှစ်ခုက နှစ်ပေါင်း တစ်သိန်းတိုင်အောင် တည်ရှိနေနိုင်တာကိုး...”
အသိဉာဏ်ပွင့်ရင်ပြင်ပေါ်တွင် ကျင့်ကြံသူ အားလုံးမှာ အကြီးအကျယ် ထိတ်လန့်သွားကြသဖြင့် မတ်တပ်ရပ်လိုက်ကြပြီး ထို အထွတ်အထိပ် ပုဂ္ဂိုလ်နှစ်ဦးကို မှင်တက်မိကာ ငေးကြည့်နေကြ၏။ ထိုအခိုက်အတန့်တွင် သူတို့မှာ ကျောက်ရုပ်များအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
ထိုစဉ်မှာပင် ကျွင်းမော့ရှောင်နှင့် လော့လီတို့၏ ဦးခေါင်းအထက်တွင် အလင်းတန်းများ ထပ်မံ ဖျတ်ခနဲ ပေါ်လာပြီး သူတို့၏ ဆယ်ပွင့်မြောက် ရွှေရောင်ဓားကြာပန်းများမှာ အသီးသီး ပေါ်ပေါက်လာလေတော့သည်။
ဓားကြာပန်း ဆယ်ပွင့်...။
သူတို့သည် ဓားဘုရင်ကျောက်တုံးတွင် အသိဉာဏ် ရှာဖွေကျင့်ကြံခဲ့ကြသည့် ကျင့်ကြံသူ အားလုံး၏ နှစ်ပေါင်း တစ်သိန်းအတွင်းက စံချိန်ကို ချိုးဖျက်လိုက်ကြချေပြီ။
အခန်း ၈၆ ပြီးပါပြီ။
အခန်း ၈၇ - ဆန်းကြယ်သော စောင့်ရှောက်သူ ပေါ်ထွက်လာခြင်း
“ငါ မျက်စိမှားနေတာပဲ ဖြစ်ရမယ်... ဆယ်ပွင့်မြောက် ဓားကြာပန်းက တကယ်ပဲ ပေါ်လာတာလား...”
အသိဉာဏ်ပွင့်ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူ အားလုံးမှာ သူတို့ရှေ့က ပုံရိပ်နှစ်ခုကို မျက်လုံးအပြူးသားနှင့် မယုံနိုင်လောက်အောင် စိုက်ကြည့်နေကြသည်။ လူတစ်ဦးစီ၏ ဦးခေါင်းအထက်တွင် ရွှေရောင်ဓားကြာပန်း ဆယ်ပွင့်စီ ဝဲပျံနေပြီး တစ်ပွင့်ချင်းစီတိုင်းမှာလည်း အံ့ဩဖွယ်ရာ ဓားချီများကို ထုတ်လွှတ်နေ၏။
“ဒါက အမြင်မှားတာပဲ ဖြစ်ရမယ်... ရှေးဟောင်းကာလကနေစပြီး ခုချိန်ထိ နှစ်ပေါင်း တစ်သိန်းအတွင်းမှာ ဆယ်ပွင့်မြောက် ရွှေရောင်ဓားကြာပန်းကို နားလည်နိုင်သူ တစ်ယောက်မှ မရှိခဲ့ဖူးဘူး...”
အချို့သော ကျင့်ကြံသူများမှာ သူတို့ရှေ့တွင် ဖြစ်ပျက်နေသည်ကို မယုံကြည်နိုင်သဖြင့် ခေါင်းကို တရစပ်ခါယမ်းကာ မျက်လုံးများကို အတင်းပွတ်နေကြသည်။
‘ကိုးပွင့်ဆိုသည်မှာပင် အကန့်အသတ် ဖြစ်နေခဲ့ပြီ မဟုတ်ပါလား... အခု ဘယ်လိုလုပ်ပြီး ဆယ်ပွင့်အထိ ရှိနေရသနည်း...’
“ဘုရားရေ... ညီလေးကျွင်းက ပါရမီရှင်တင် မကဘူး... ပါရမီရှင်တွေထဲက နတ်ဘုရားတစ်ပါးလိုပဲ...”
လီရှောင်ပိုင်က အော်ဟစ်လိုက်သည်။ သူသည် ဆယ်ပွင့်မြောက် ရွှေရောင်ဓားကြာပန်း ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ထိတ်လန့်တကြားနှင့် မြေပြင်ပေါ်သို့ ဘုန်းခနဲ ထိုင်ချလိုက်မိသည်။ သူသည် ကျွင်းမော့ရှောင်နှင့် လော့လီတို့နှင့် အနီးဆုံး၊ ပေတစ်ဆယ်ခန့်အကွာမှာသာ ရှိနေသဖြင့် ဆယ်ပွင့်မြောက် ဓားကြာပန်းထံမှ ထွက်ပေါ်နေသော အံ့ဩဖွယ်ရာ ဓားဆန္ဒများကို အထင်အရှား ခံစားနေရခြင်းပင်။ ၎င်းမှာ ရှေ့က ကိုးပွင့်ထက် များစွာ သာလွန်နေပေသည်။
‘ဒါက တကယ်ကို မယုံနိုင်စရာပဲ... အကြီးအကျယ် တုန်လှုပ်စရာပဲ...’
အစောပိုင်းက ထွက်ပေါ်ခဲ့သော ဆူညံသံများအပြီးတွင် အသိဉာဏ်ပွင့်ရင်ပြင်တစ်ခုလုံးမှာ တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်မထားဘဲ တိတ်ဆိတ်သွားခဲ့သည်။ လော့လီနှင့် ကျွင်းမော့ရှောင်တို့၏ ဦးခေါင်းအထက်တွင် လည်ပတ်နေသော ရွှေရောင်ဓားကြာပန်း ဆယ်ပွင့်ကို လူတိုင်းက မှင်တက်မိကာ ငေးကြည့်နေကြ၏။ ခေတ္တမျှအထိ သူတို့မှာ ဤအရာအားလုံးက လက်တွေ့ဖြစ်နေသည်ကို မယုံကြည်နိုင်ဘဲ ရှိနေကြဆဲပင်။
ထိုအခိုက်အတန့်တွင် လော့လီနှင့် ကျွင်းမော့ရှောင်တို့သည်လည်း သူတို့၏ ကျင့်ကြံမှုမှ နိုးထလာခဲ့ကြသည်။ ခဏချင်းမှာပင် သူတို့နှစ်ဦးစလုံးမှာ တောက်ပစွာ လင်းလက်နေသော ဓားဘုရင်ကျောက်တုံးကို မြင်တွေ့လိုက်ရသည်။ ၎င်းအပြင် ဓားဘုရင်ကျောက်တုံးပေါ်က ကောင်းကင်ကိုးထပ်၏ နတ်ဘုရားဘုရင်များပမာ အနှိုင်းမဲ့ ပုဂ္ဂိုလ်နှစ်ဦးကိုလည်း မြင်လိုက်ရ၏။
လော့လီ၏ မျက်လုံးများမှာ ပြူးသွားရပြီး သူ၏ နှလုံးခုန်သံများမှာလည်း မထိန်းချုပ်နိုင်ဘဲ မြန်လာခဲ့သည်။
‘ငါ့ရှေ့က ဒီအထွတ်အထိပ် ပုဂ္ဂိုလ်က... ငါတို့ ဘိုးဘေးကြီးနဲ့ ဘာလို့ ဒီလောက်တောင် တူနေရတာလဲ... တကယ်ကို တူလွန်းတယ်...’ လော့လီမှာ အံ့ဩလွန်းသဖြင့် ထိုစကားကိုပင် လွှတ်ခနဲ ပြောမိလုနီးပါး ဖြစ်သွားရသည်။
“စီနီယာအစ်မ... အစ်မ မြင်... မြင်လား... ဟိုအမျိုးသားက ငါတို့ ဘိုးဘေးကြီး မဟုတ်ဘူးလား...”
ကျွင်းမော့ရှောင်က ထစ်ထစ်ငေါ့ငေါ့နှင့် မေးလိုက်သည်။
“ငါ... ငါထင်တာတော့... ဟုတ်လိမ့်မယ်ထင်တယ်...”
လော့လီသည်လည်း ထစ်ထစ်ငေါ့ငေါ့နှင့်ပင် ပြောရင်း ခေါင်းကို အပြင်းအထန် ညိတ်လိုက်မိ၏။
သူတို့၏ စကားများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဓားဘုရင်ကျောက်တုံးပေါ်က ပုံရိပ်နှစ်ခုမှာ ရုတ်တရက် တောက်ပလှသော အလင်းတန်း နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး လော့လီနှင့် ကျွင်းမော့ရှောင်တို့၏ ခန္ဓာကိုယ်အတွင်းသို့ အသီးသီး ဝင်ရောက်သွားကြသည်။ ခဏချင်းမှာပင် မိုင်ပေါင်း သုံးထောင်အထိ လင်းထိန်နေသော အလင်းတန်းများမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။ ဓားဘုရင်ကျောက်တုံးပေါ်က ဓားရာနှစ်ခုမှာလည်း သူတို့၏ စွမ်းအားများ အားလုံး ဆုံးရှုံးသွားခဲ့ပြီး ဓားဆန္ဒ အစအနမျှပင် ထွက်ပေါ်ခြင်း မရှိတော့ပေ။
ထိုအလင်းတန်း နှစ်ခုမှာ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားပြီး အလွန်ပင် အစွမ်းထက်လှသော ဓားဆန္ဒများအဖြစ် ပြောင်းလဲသွားကာ သူတို့၏ ခန္ဓာကိုယ်အတွင်း၌ ဧရာမ မြစ်ကြီးများသဖွယ် တဟုန်ထိုး စီးဆင်းနေရင်း သူတို့၏ ဓားနှလုံးသားနှင့် ပဲ့တင်ထပ်နေကြသည်။
“ဘုန်း...”
သူတို့၏ ခန္ဓာကိုယ်မှာ တစ်ပြိုင်နက်တည်း တုန်ယင်သွားခဲ့ပြီး ခဏချင်းမှာပင် သူတို့နှစ်ဦးစလုံးမှာ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၂ သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့ကြသည်။
“စီနီယာအစ်မ... ငါတို့ နောက်တစ်ဆင့် ချိုးဖျက်နိုင်ခဲ့ပြန်ပြီ...”
ကျွင်းမော့ရှောင်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
“ဟုတ်တယ်...”
လော့လီသည်လည်း သူမ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်တော့ပေ။ သူမ၏ မျက်နှာလေးမှာ နီမြန်းနေပြီး ခေါင်းကို တရစပ် ညိတ်ပြလိုက်မိသည်။
“ဝှစ်...”
သူတို့၏ ဦးခေါင်းအထက်တွင် ဝဲပျံနေသော ရွှေရောင်ဓားကြာပန်း ဆယ်ပွင့်မှာ အောက်သို့ ဆင်းသက်လာခဲ့ပြီး လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။ သူတို့နှစ်ဦးစလုံးမှာ အလွန်ပင် နက်နဲလှသော ဓားသိုင်းပညာတစ်ခု သူတို့၏ စိတ်အာရုံထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသည်ကို အာရုံခံမိလိုက်ကြသည်။
“ဒါက... ကောင်းကင်ကိုးထပ် ကြာပန်းကျမ်းပဲ...”
ကျွင်းမော့ရှောင်က ထိုဓားသိုင်း၏ အမည်ကို တိုးညင်းစွာ ရေရွတ်လိုက်မိပြီး သူ၏မျက်နှာမှာ အံ့ဩမှုများ ဖုံးလွှမ်းနေ၏။
ဤဓားသိုင်းပညာမှာ တစ်ဦးတည်း ထုတ်ဖော်လျှင်ပင် အလွန် သန်မာလှပြီး အကယ်၍ သူတို့နှစ်ဦး၏ ဓားများကို ပေါင်းစပ်လိုက်မည်ဆိုလျှင် စိတ်ကူးထဲမှာပင် မရှိနိုင်လောက်အောင် ကြီးမားသော စွမ်းအားကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။
ကျွင်းမော့ရှောင်နှင့် လော့လီတို့မှာ အတူတူ မတ်တပ်ရပ်လိုက်ကြသည်။ သူတို့၏ ကျင့်ကြံမှုမှာ ယခုအခါတွင် လုံးဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
“ဟူး...”
သူတို့နှစ်ဦးမှာ ဓားဘုရင်ကျောက်တုံးဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ဓားရာနှစ်ခုမှာ မည်သည့် ဓားဆန္ဒမျှ ကိန်းအောင်းနေခြင်း မရှိတော့သည်ကို တွေ့ရှိလိုက်ရသည်။ သူတို့၏ အမူအရာများမှာ ညှိုးငယ်သွားခဲ့ပြီး ခပ်ဖွဖွ သက်ပြင်းချလိုက်မိကြ၏။ ဓားဘုရင်ကျောက်တုံးတွင် ကျန်ရှိနေသော ဓားဆန္ဒ အားလုံးကို သူတို့နှစ်ဦးက အညီအမျှ ခွဲဝေယူလိုက်ကြခြင်းပင်။
“ညီလေးကျွင်း... ဂုဏ်ယူပါတယ်ဗျာ...”
လီရှောင်ပိုင်က ပြုံးပျော်လျက် အနားသို့ ပြေးလာပြီး လက်သီးလက်ဝါးဆုပ်ကာ ဂါရဝပြုလိုက်သည်။
“မလုပ်ပါနဲ့ဗျာ...”
ကျွင်းမော့ရှောင်က အားနာဟန်နှင့် ပြုံးလျက် ပြန်လည် ဖြေကြားလိုက်၏။
ထိုအခိုက်အတန့်တွင် သူသည် ပတ်ဝန်းကျင် တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်နေသည်ကို သတိပြုမိလိုက်သည်။ ကျင့်ကြံသူ အားလုံးမှာ သူတို့၏ အမြတ်နိုးဆုံး အရာကို အလုခံလိုက်ရသကဲ့သို့ ထူးဆန်းသော အမူအရာများနှင့် သူ့အား စိုက်ကြည့်နေကြပေသည်။ ကျွင်းမော့ရှောင်ကမူ များစွာ ဂရုမစိုက်ဘဲ ခပ်ဖွဖွ ပြုံးလိုက်ရုံသာ ပြုလုပ်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူနှင့် စီနီယာအစ်မမှာ ဓားဘုရင်ကျောက်တုံးဆီမှ ဓားဆန္ဒ အားလုံးကို စုပ်ယူလိုက်ကြခြင်း ဖြစ်သည်။ အကြီးမားဆုံး အကျိုးခံစားခွင့် ရရှိသူများအနေနှင့် လူအုပ်ကြီး၏ ခံစားချက်ကို သူတို့ နားလည်နိုင်ပေသည်။
“မင်းတို့နှစ်ယောက်က ဓားဘုရင်ကျောက်တုံးဆီက ဓားဆန္ဒ အားလုံးကို စုပ်ယူလိုက်ကြတာပဲ... ငါတို့ ရှန်ဖုန်းမင်းဆက်က တခြားကျင့်ကြံသူတွေအတွက်ကျတော့ ဘယ်လိုလုပ်မလဲ...”
ကျင့်ကြံသူတစ်ဦးက ကျွင်းမော့ရှောင်အား ဒေါသတကြီး စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။
“ဟုတ်တယ်...”
အခြားသော ကျင့်ကြံသူတစ်ဦးကလည်း မကျေမနပ်နှင့် ဝင်ပြောလိုက်၏။
တစ်စုံတစ်ယောက်က စတင်လိုက်သည်နှင့် နောက်ဆက်တွဲ တုံ့ပြန်မှုများမှာ ကွင်းဆက်သဖွယ် ဖြစ်ပေါ်လာတော့သည်။ လူတိုင်းမှာ ဒေါသထွက်လာကြပြီး ကျွင်းမော့ရှောင်နှင့် လော့လီတို့ကို မကျေမနပ် အမူအရာများနှင့် စတင် အပြစ်တင်လာကြသည်။ မည်သို့ပင်ဆိုစေကာမူ နယ်ဝေးက လာသည့် ဤနှစ်ယောက်မှာ ရှန်ဖုန်းမင်းဆက်၏ အခွင့်အရေးများကို လုယူသွားသည် မဟုတ်ပါလား။
“ဝှစ်...”
ရုတ်တရက် ကြီးမားလှသော ဖိအားတစ်ခုမှာ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ရာ အသိဉာဏ်ပွင့်ရင်ပြင်ရှိ ကျင့်ကြံသူ အားလုံးမှာ အသက်ရှူရုံပင် ခက်ခဲသွားပြီး စကားပင် မပြောနိုင်တော့ပေ။ ဓားဘုရင်ကျောက်တုံး ကမ်းပါးယံပေါ်တွင် အလင်းတန်းတစ်ခု ဖျတ်ခနဲ ပေါ်လာပြီး ရှေးဟောင်း ကြေးဝါတံခါးကြီးတစ်ခု ပေါ်ပေါက်လာသည်။
ထိုကြေးဝါတံခါးကြီးမှာ ဖြည်းညင်းစွာ ပွင့်လာခဲ့၏။
ဝတ်စုံဖြူနှင့် ငွေရောင်မျက်နှာဖုံး ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် ဟင်းလင်းပြင်ကို နင်းလျှောက်လျက် ထွက်လာခဲ့သည်။ သူသည် သူ၏လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေ၏။ သူ၏မျက်ဝန်းများမှာ စကြဝဠာက ကြယ်တာရာများပမာ ဖြစ်တည်မှုနှင့် ပျက်စီးမှုများမှာ အစဉ်တစိုက် လည်ပတ်နေပုံ ရပေသည်။ သူ့ထံမှ ဖော်ပြမရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် မဟာနဂါးနတ်ဘုရား အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
“ဒါက ကံကြမ္မာနယ်ပယ်က သန်မာသူတစ်ဦးပဲ...”
ထိပ်တန်းဂိုဏ်းတစ်ခုမှ ပါရမီရှင်လူငယ်တစ်ဦး၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားခဲ့၏။
“ဓားဘုရင်ကျောက်တုံးထဲက ထွက်လာတယ်... ငွေရောင်မျက်နှာဖုံး ဝတ်ထားတယ်... ဒါဆိုရင် ဒါက ဓားဘုရင်ကျောက်တုံးရဲ့ စောင့်ရှောက်သူလား...”
သက်ကြီးပိုင်း ကျင့်ကြံသူတစ်ဦးက ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်သည်။
ဓားဘုရင်ကျောက်တုံးတွင် စောင့်ရှောက်သူတစ်ဦး ရှိသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်သော်လည်း ရှေးဟောင်းကာလမှ ယခုအထိ သူ ပေါ်လာခဲ့ခြင်းမှာ အလွန် ရှားပါးလှသည်။ အမြော်အမြင်မရှိသော အချို့သော ဂိုဏ်းများက ဓားဘုရင်ကျောက်တုံးကို သိမ်းပိုက်ရန် ကြိုးပမ်းသည့် အခါမျိုးတွင်သာ စောင့်ရှောက်သူမှာ ပေါ်လာပြီး ထိုသူများကို နှင်ထုတ်လေ့ရှိခြင်း ဖြစ်ပေသည်။
ဒဏ္ဍာရီများအရ ဓားဘုရင်ကျောက်တုံး စောင့်ရှောက်သူ၏ ကျင့်ကြံမှုမှာ ရှန်ဖုန်းမင်းဆက်ရှိ ထိပ်သီးဂိုဏ်းကြီး သုံးခုက ဂိုဏ်းချုပ်ကြီးများနှင့် အလားတူသည်ဟု ဆိုကြသည်။ သို့သော်လည်း ယခုအခါတွင်မူ ဤစောင့်ရှောက်သူမှာ ကံကြမ္မာနယ်ပယ် အဆင့် ၁၀ သို့ ရောက်ရှိနေပြီဖြစ်ရာ ထိုဂိုဏ်းချုပ်ကြီးများထက် များစွာ သာလွန်နေပေသည်။ မည်သို့ပင်ဆိုစေကာမူ ထိပ်သီးဂိုဏ်းကြီး သုံးခုက ဂိုဏ်းချုပ်ကြီးများမှာ ကံကြမ္မာနယ်ပယ်ကို အမှန်တကယ် ကျော်လွန်နိုင်ခြင်း မရှိကြသေးဟု ဆိုကြသည် မဟုတ်ပါလား။
ငွေရောင်မျက်နှာဖုံးနှင့် စောင့်ရှောက်သူမှာ ခေါင်းကို အသာအယာ ငုံ့လိုက်ပြီး အသိဉာဏ်ပွင့်ရင်ပြင်ဘက်သို့ ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
“မင်းတို့ရဲ့ ပါရမီတွေက တကယ်ကို ထူးခြားလှတယ်... အရင်က မရှိခဲ့ဖူးတဲ့ ရွှေရောင်ဓားကြာပန်း ဆယ်ပွင့်ကို ဖော်ဆောင်နိုင်ခဲ့ပြီး ဓားဘုရင်ကျောက်တုံးရဲ့ အမွေအနှစ်ကိုလည်း ရရှိခဲ့ကြတယ်... အခု... မင်းတို့အနေနဲ့ ငါ့ရဲ့ ဓားဘုရင်နန်းတော်ကို ဝင်ရောက်ပြီး ဒီဓားသိုင်းပညာကို ဆက်လက် လက်ဆင့်ကမ်းဖို့ ဆန္ဒရှိကြလား...”
သူ၏အသံမှာ တည်ငြိမ်နေသော်လည်း လူတိုင်း၏ နားထဲတွင်တော့ မိုးကြိုးပစ်သံပမာ ဟိန်းထွက်သွားခဲ့သည်။ လူတိုင်းမှာ မှင်တက်မိသွားကြရ၏။ ကံကြမ္မာနယ်ပယ်က သန်မာသူတစ်ဦး... တကယ်ကို အနိုင်ယူရန် မဖြစ်နိုင်သော ပုဂ္ဂိုလ်ပင်။
“တောင်းပန်ပါတယ် စောင့်ရှောက်သူစီနီယာ... ကျွန်တော်နဲ့ စီနီယာအစ်မက ဘယ်ဂိုဏ်းကိုမှ ဝင်ဖို့ ဆန္ဒမရှိပါဘူး...” ကျွင်းမော့ရှောင်က သူ၏မျက်ဝန်းများအတွင်း တောင်းပန်သည့် အမူအရာများနှင့်အတူ ခေါင်းခါပြလိုက်သည်။
ငြင်းပယ်လိုက်သည်လား...။
စောင့်ရှောက်သူမှာ ဤသို့ဖြစ်လာမည်ဟု ထင်မထားခဲ့သည်မှာ ထင်ရှားလှပေသည်။ သူသည် သူ၏ ကံကြမ္မာနယ်ပယ် အဆင့် ၁၀ ရှိသော မဟာနဂါးနတ်ဘုရား အရှိန်အဝါကို ထုတ်လွှတ်ထားခဲ့သည်ကိုပင် အောက်က လူငယ်နှစ်ယောက်က ဤအရာကို အာရုံမခံမိကြသည်လား။ ရှန်ဖုန်းမင်းဆက် တစ်ခုလုံးတွင် ထိပ်သီးဂိုဏ်းကြီး သုံးခုမှာ သူ၏မျက်လုံးထဲ၌ ပုရွက်ဆိတ်များမျှသာ ဖြစ်ပေသည်။ သို့သော်လည်း သူသည် သူ၏ ဘိုးဘေးများ၏ နောက်ဆုံး သွန်သင်ချက်များကို လိုက်နာကာ ဓားဘုရင်ကျောက်တုံးကို အချိန်အကြာကြီး စောင့်ကြပ်နေခဲ့ခြင်းဖြစ်ရာ လောကတွင် သူ၏ တည်ရှိမှုကို သိသူမှာ အလွန်ပင် နည်းပါးလှပေသည်။
ကျွင်းမော့ရှောင်၏ ပြတ်သားစွာ ငြင်းပယ်မှုကို မြင်လိုက်ရသည့်အခါ အသိဉာဏ်ပွင့်ရင်ပြင်ရှိ လူတိုင်းမှာ သူတစ်ပါး ဘေးတွေ့သည်ကို ဝမ်းသာသည့် အမူအရာများ ပေါ်လာကြသည်။ ကံကြမ္မာနယ်ပယ်က သန်မာသူတစ်ဦးကို ပြစ်မှားရဲသည်ဆိုမှတော့... ဤ နယ်ဝေးက လူငယ်နှစ်ယောက်က တကယ်ကို ရဲတင်းလွန်းလှသည် မဟုတ်ပါလား။
အခန်း ၈၇ ပြီးပါပြီ။