အခန်း (၈၈-၉၀)
Vol. 6 Ch. 88-90
အခန်း ၈၈ - ကံကြမ္မာနယ်ပယ် သန်မာသူတစ်ဦး၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒ
“လူငယ်လေးတို့... မင်းတို့နှစ်ယောက်လုံးက ငယ်ရွယ်ကြသေးသလို အနာဂတ်ကလည်း အကန့်အသတ်မရှိ တောက်ပနေတာပဲ... ဒီကိစ္စကို သေသေချာချာ ထပ်ပြီး မစဉ်းစားချင်ဘူးလား...”
ငွေရောင်မျက်နှာဖုံး ဝတ်ဆင်ထားသော စောင့်ရှောက်သူသည် ဟင်းလင်းပြင်တွင် ရပ်နေပြီး သူ၏မျက်ဝန်းများမှာ ကြယ်တာရာများ ပျက်စီးမှုနှင့် ဖြစ်တည်မှုများကို ရောင်ပြန်ဟပ်နေသကဲ့သို့ နက်နဲလှသည်။
သူ၏ပတ်ဝန်းကျင်တွင် တောက်ပလှသော ဓားဆန္ဒများမှာ ဟိန်းထွက်နေပြီး ကောင်းကင်ယံသို့ ဦးတည်နေသည့် အလင်းတိုင်ကြီးတစ်ခုပမာ လင်းလက်နေ၏။
ထိုအခိုက်အတန့်တွင် သူသည် ကံကြမ္မာနယ်ပယ် အဆင့် ၁၀ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် သန်မာသူတစ်ဦး၏ အားကောင်းလှသော ဓားဆန္ဒကို အပြည့်အဝ ထုတ်လွှတ်လိုက်ခြင်းပင်။
ဖြူဖွေးသော ဓားအလင်းတန်းမှာ ကောင်းကင်ယံသို့ တဟုန်ထိုး ပြေးဝင်သွားပြီး မိုင်ပေါင်း ထောင်ချီအတွင်းရှိ မည်းမှောင်နေသော တိမ်တိုက်များကို အပိုင်းပိုင်း ပြတ်တောက်သွားစေခဲ့သည်။ ၎င်း၏ အရှိန်အဝါမှာ အလွန်ပင် ကြီးမားကျယ်ပြန့်လှသဖြင့် အကြီးအကျယ် ထိတ်လန့်စရာ ကောင်းလှသည်။
အသိဉာဏ်ပွင့်ရင်ပြင်ရှိ လူတိုင်းမှာ ချွေးစေးများ ထွက်လာကြပြီး ထိုဓားဆန္ဒက သူတို့၏ လည်ပတ်ကို အချိန်မရွေး ပိုင်းဖြတ်သွားနိုင်သကဲ့သို့ ခံစားနေကြရသည်။
‘ဒီနယ်ဝေးက လူနှစ်ယောက်ကတော့ တကယ်ကို အကောင်းအဆိုး မသိတာပဲ... သူတို့ကြောင့် ငါတို့ပါ ဒီဒုက္ခထဲ ပါကုန်ပြီ... တကယ်ကို အားနာရမှန်း မသိတဲ့သူတွေပဲ...’
အသိဉာဏ်ပွင့်ရင်ပြင်ပေါ်ရှိ ရှန်ဖုန်းမင်းဆက်မှ ကျင့်ကြံသူများမှာ သူတို့၏ စိတ်ထဲမှနေ၍ ဒေါသတကြီး ဆဲရေးတိုင်းထွာနေကြသည်။
‘အစွမ်းထက်လှတဲ့ စောင့်ရှောက်သူက ဓားဘုရင်နန်းတော်ကို တည်ထောင်ခဲ့သလို သူက ကံကြမ္မာနယ်ပယ် အဆင့် ၁၀ က ကျင့်ကြံသူကြီး တစ်ဦးပဲ။ သူ့ဆီကို ဝင်ခွင့်ရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ... ဒီလို ရှားပါးလှတဲ့ အခွင့်အရေးကောင်းမျိုးက မီးအိမ်ထွန်းပြီး ရှာရင်တောင် ရဖို့ခက်တာကို...’
လူအတော်များများမှာ ဤနယ်ဝေးက လူငယ်နှစ်ယောက်ကို လူအတွေဟု အော်ဟစ်ဆဲဆိုချင်နေကြသည်။
သို့သော်လည်း ကောင်းကင်ယံမှ ဖိနှိပ်ထားသော ဓားဆန္ဒအောက်တွင် မည်သူမျှ ကိုယ်လက်အင်္ဂါကို မလှုပ်ရှားနိုင်ကြသလို စကားပြောရန် ပါးစပ်ဟဖို့ပင် မစွမ်းသာကြပေ။ သူတို့မှာ စိတ်ထဲမှသာ တိတ်ဆိတ်စွာ ဆဲဆိုနေနိုင်ကြတော့သည်။
“စောင့်ရှောက်သူစီနီယာ... ကျွန်တော်တို့ သေသေချာချာ စဉ်းစားပြီးပါပြီ၊ ကျွန်တော်တို့ ဘယ်ဂိုဏ်းကိုမှ ဝင်မှာ မဟုတ်ပါဘူး...”
ကျွင်းမော့ရှောင်က လက်သီးလက်ဝါးဆုပ်လျက် ရိုသေစွာဖြင့် ပြတ်သားသောလေသံနှင့် ပြောလိုက်သည်။
စောင့်ရှောက်သူမှာ ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ရာ ထိုအသံမှာ ဟိန်းထွက်သွားပြီး မြေပြင်ကိုပင် တုန်ခါသွားစေခဲ့သည်။
“မိန်းကလေး... မင်းကရော... ဆန္ဒရှိလား...”
သူ၏အသံမှာ အလွန်ပင် သိမ်မွေ့နေပြီး ကြင်နာတတ်သည့် လူကြီးသူမတစ်ဦးကဲ့သို့ ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစား၍ ပြောဆိုနေခြင်း ဖြစ်သည်။
လူငယ်လေးက ခေါင်းမာနေသဖြင့် ဤမိန်းကလေးကတော့ သူ၏ အစွမ်းပြမှုကို ထိတ်လန့်သွားပြီး သူ၏ ဓားဘုရင်နန်းတော်သို့ ဝင်ရန် သဘောတူလိမ့်မည်ဟု သူ မျှော်လင့်နေခြင်းပင်။
သူ၏ အတွေ့အကြုံအရဆိုလျှင် မိန်းကလေးများမှာ ယေဘုယျအားဖြင့် ပို၍ စိတ်ပျော့တတ်ကြသည် မဟုတ်ပါလား။
“စောင့်ရှောက်သူစီနီယာ... ကျွန်မ စီနီယာ့ကို စိတ်ပျက်အောင် လုပ်မိတဲ့အတွက် စိတ်မကောင်းပါဘူး... ကျွန်မလည်း ဘယ်ဂိုဏ်းကိုမှ ဝင်မှာ မဟုတ်ပါဘူး...”
လော့လီက ခပ်ဖွဖွ ပြုံးလျက် ပြန်လည် ဖြေကြားလိုက်သည်။
‘ငါက နဂါးနတ်ဘုရားဂိုဏ်းရဲ့ လက်ရှိ ဂိုဏ်းချုပ်ပဲ၊ ဘယ်လိုလုပ်ပြီး တခြားဂိုဏ်းကို ဝင်နိုင်ပါ့မလဲ... သေရင်တောင်မှ ငါ ဝင်မှာ မဟုတ်ဘူး...’
လော့လီမှာ ဓားသွားပေါ်တွင် လမ်းလျှောက်နေရသည့် ဘဝမျိုးကို ကျင့်သားရနေသူ ဖြစ်သဖြင့် ခြိမ်းခြောက်မှုများမှာ သူမအား ထိတ်လန့်သွားအောင် လုပ်နိုင်သည့် နောက်ဆုံးအရာသာ ဖြစ်ပေသည်။
“မင်း... မင်း...”
စောင့်ရှောက်သူမှာ လော့လီ၏ စကားကြောင့် အလွန်ပင် ဒေါသထွက်သွားသဖြင့် မျက်နှာမှာ ဖြူလျော့သွားခဲ့ရသည်။ သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေပြီး စကားပင် မဆိုနိုင်ဘဲ ဖြစ်နေ၏။
သူ၏ ကြိုးပမ်းအားထုတ်မှုများ အားလုံးမှာ အချည်းနှီး ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤ နယ်ဝေးက လူငယ်နှစ်ယောက်မှာ တကယ်ကို အကြောမာလှပြီး သူ၏ ဖြောင့်ဖျမှုရော၊ ဖိအားပေးမှုများကိုပါ လုံးဝ ဂရုမစိုက်ကြပေ။
‘ဒါက ငါလို ကံကြမ္မာနယ်ပယ် အဆင့် ၁၀ အထွတ်အထိပ်က သန်မာသူတစ်ဦးက သူတို့ရဲ့ ဆရာဖြစ်ဖို့ မထိုက်တန်ဘူးလို့ ဆိုလိုတာလား...’
သူသည် ခပ်ဖွဖွ သက်ပြင်းချလိုက်ပြီး သူ၏နောက်က ကြီးမားလှသော ဓားဆန္ဒများကို ရုတ်သိမ်းကာ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ထည့်သွင်းလိုက်သည်။
အသိဉာဏ်ပွင့်ရင်ပြင်ရှိ လူတိုင်းမှာ ဖိနှိပ်ထားသော စွမ်းအားများ ကွယ်ပျောက်သွားသည်ကို ခံစားလိုက်ရသဖြင့် အသက်ကို ဝအောင် ရှူလိုက်ကြရသည်။
“စောင့်ရှောက်သူစီနီယာ... ဒီလူအနှစ်ယောက်က စီနီယာ့ရဲ့ စေတနာကို အသိအမှတ် မပြုတာပဲဗျာ...”
“စီနီယာ... သူတို့ကို ပေးထားတဲ့ ဓားဘုရင်ကျောက်တုံး အမွေအနှစ်တွေကို ပြန်ပြီး သိမ်းဆည်းလိုက်ပါလား...”
“ဒါက ငါတို့ ရှန်ဖုန်းမင်းဆက်ရဲ့ ကောင်းမွန်တဲ့အခွင့်အရေးပဲလေ... ဘယ်လိုလုပ်ပြီး နယ်ဝေးကလူတွေက ယူသွားလို့ ရမှာလဲ... စီနီယာ... ကျေးဇူးပြုပြီး အမွေအနှစ်တွေကို ပြန်သိမ်းပေးပါ...”
ခဏချင်းမှာပင် အသိဉာဏ်ပွင့်ရင်ပြင်ရှိ လူတိုင်းမှာ ဒူးထောက်လိုက်ကြသည်။
လီရှောင်ပိုင်သည်လည်း ဒူးထောက်နေရသော်လည်း သူ၏နှလုံးသားမှာမူ ဗလာနတ္ထိ ဖြစ်နေပေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် လော့လီနှင့် ကျွင်းမော့ရှောင်တို့ကို သိနေသဖြင့် ဤကဲ့သို့ အရှက်မရှိသော စကားများကိုတော့ သူ မပြောနိုင်ပေ။
သို့တိုင်အောင် သူသည်လည်း ‘ဒီနှစ်ယောက်က ဘာဖြစ်လို့ ဒီလောက်အထိ အံ့ဩစရာ ကောင်းတဲ့ အခွင့်အရေးကို လက်လွှတ်လိုက်ရတာလဲ...’ ဟု လုံးဝ နားမလည်နိုင်ဘဲ ရှိနေသည်။
လီရှောင်ပိုင်မှာ အခွင့်အရေးကောင်းကြီးတစ်ခု အလဟဿ ဖြစ်သွားသည်ကို ကြည့်နေရသည့်သူတစ်ဦးပမာ အလွန်ပင် စိတ်မကောင်း ဖြစ်နေရပေသည်။
“စီနီယာအစ်မ...”
ကျွင်းမော့ရှောင်က လော့လီအား ကြည့်ကာ ခါးသီးသော အပြုံးတစ်ခုနှင့် ပြောလိုက်သည်။ အခြေအနေတွေက ဒီလောက်အထိ ဖြစ်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
ဓားကြာပန်း ဆယ်ပွင့်မှာ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားခဲ့ပြီဖြစ်သလို အနှိုင်းမဲ့ ဓားသိုင်းပညာမှာလည်း သူတို့၏ စိတ်အာရုံထဲတွင် အမြစ်တွယ်နေခဲ့ချေပြီ။ ဤအရာကို မည်သို့လျှင် ပြန်ထုတ်၍ ရနိုင်ပါ့မည်နည်း။ သူတို့ ငါတို့နှစ်ယောက်လုံးကို သတ်ပစ်မှပဲ ရလိမ့်မည်။
“မကြောက်ပါနဲ့...”
လော့လီက ပြတ်သားသော မျက်ဝန်းများနှင့် ပြောလိုက်သည်။
“ဘာပဲဖြစ်လာဖြစ်လာ ငါတို့ ရင်ဆိုင်ကြတာပေါ့...”
သူမသည် ကောင်းကင်ယံက စောင့်ရှောက်သူအား စိုက်ကြည့်ရင်း သူ ဘာဆက်လုပ်မလဲဆိုသည်ကို သိလိုစိတ် ပြင်းပြနေ၏။
“ငါ နောက်ဆုံးတစ်ခါ ထပ်မေးမယ်... မင်းတို့တွေ ငါ့ရဲ့ ဓားဘုရင်နန်းတော်ကို ဝင်ဖို့ တကယ်ပဲ အဆင်မပြေဘူးလား...”
စောင့်ရှောက်သူမှာ စိတ်မလျှော့နိုင်သေးဘဲ ထပ်မံ မေးမြန်းလိုက်ပြန်သည်။
“စီနီယာ... စီနီယာ့ရဲ့ စေတနာကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်ဂိုဏ်းကိုမှ ဝင်မှာ မဟုတ်ပါဘူး...”
လော့လီနှင့် ကျွင်းမော့ရှောင်တို့မှာ တစ်ပြိုင်နက်တည်းနီးပါး ပြန်လည် ဖြေကြားလိုက်ကြသည်။
“ကောင်းပြီလေ...”
စောင့်ရှောက်သူ၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အမူအရာများ ဖုံးလွှမ်းသွားသည်။ သူသည် တုန်ယင်နေသော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဖြည်းညင်းစွာ အောက်သို့ ချလိုက်၏။
ဟင်းလင်းပြင်ထက်တွင် သူ၏လက်မှာ ဧရာမ မဟာစွမ်းအား လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။ ၎င်းမှာ နေမင်းကြီးကိုပင် ဖုံးကွယ်သွားပြီး ၎င်း၏ ကြီးမားလှသော အရွယ်အစားနှင့် စွမ်းအားများက ကမ္ဘာပျက်တော့မည့်အလား ဖြစ်ပေါ်နေခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အသိဉာဏ်ပွင့်ရင်ပြင်ရှိ အခြားသူများမှာ အလွန်အမင်း ထိတ်လန့်သွားကြသဖြင့် မြေပြင်ပေါ်သို့ ပြိုလဲကျသွားကြတော့သည်။
ကံကြမ္မာနယ်ပယ် အဆင့် ၁၀ က သန်မာသူတစ်ဦးမှာ တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ကြောက်မက်ဖွယ်ကောင်းလှသော လက်ဝါးကြီးမှာ တရွေ့ရွေ့နှင့် အောက်သို့ ဆင်းသက်လာခဲ့သည်။
၎င်းမှာ အောက်က လူငယ်နှင့် အမျိုးသမီးအား ထပ်မံ စဉ်းစားရန် အချိန်ပေးနေသကဲ့သို့ပင်။
သို့သော်လည်း လော့လီနှင့် ကျွင်းမော့ရှောင်တို့မှာမူ မတ်တပ်ရပ်လျက် ကောင်းကင်ယံသို့ တောက်ပသော မျက်ဝန်းများနှင့် စိုက်ကြည့်နေကြပြီး သူတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု အစအနမျှပင် မရှိကြပေ။
ဤနှစ်ဦးမှာ သူ၏ ဓားဘုရင်နန်းတော်သို့ ဝင်မည့်အစား သေခြင်းတရားကိုသာ ရင်ဆိုင်လိုကြသည်ကို မြင်ရသည့်အခါ စောင့်ရှောက်သူက နှာခေါင်းရှုံ့လိုက်သည်။ သူ၏မျက်ဝန်းများအတွင်း ဒေါသအလင်းတန်းများ ဖျတ်ခနဲ ပေါ်လာ၏။ သူသည် သူ၏လက်ဝါးကို အောက်သို့ ဖိချလိုက်ပြီး သူ့အောက်က လူငယ်နှင့် အမျိုးသမီးကို ချေမှုန်းရန် ပြင်ဆင်လိုက်သည်။
ရုတ်တရက် သူ၏မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး မဟာစွမ်းအားဖြင့် ဖွဲ့စည်းထားသော ဧရာမ လက်ဝါးကြီးမှာ ဟင်းလင်းပြင်တွင် ရပ်တန့်သွားခဲ့၏။
ဝတ်စုံဖြူနှင့် ပုံရိပ်တစ်ခုမှာ အသိဉာဏ်ပွင့်ရင်ပြင်၏ အထက်တွင် ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာခဲ့သည်။
“ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်...”
လော့လီနှင့် ကျွင်းမော့ရှောင်တို့၏ မျက်နှာများမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး အလျင်အမြန်ပင် ဒူးထောက်လိုက်ကြသည်။
“ထကြ...”
ရီယွင်က တည်ငြိမ်သော အပြုံးနှင့် ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်လုံး ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ကြတယ်၊ ငါ့ကို စိတ်မပျက်စေခဲ့ဘူး...”
စွမ်းအားလှိုင်းလုံးတစ်ခု ထွက်ပေါ်လာပြီး သူတို့နှစ်ဦးအား မြေပြင်မှ အသာအယာ မယူလိုက်သည်။
လော့လီနှင့် ကျွင်းမော့ရှောင်တို့သည် ရွှေရောင်ဓားကြာပန်း ဆယ်ပွင့်ကို နားလည်နိုင်ခဲ့ကြပြီပင်။ ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းကတည်းက ဤကမ်းပါးယံပေါ်တွင် ရီယွင် စီစဉ်ထားခဲ့သော အရာတစ်ခုပင် ဖြစ်သည်။
ကိုးပွင့်မှာ အကန့်အသတ် မဟုတ်ပေ။ ဆယ်ပွင့်မှသာ အကန့်အသတ် ဖြစ်ပေသည်။
ရွှေရောင်ဓားကြာပန်း ဆယ်ပွင့်ကို နားလည်ခြင်းက ထိုဓားရာနှစ်ခုအတွင်း၌ ဝှက်ထားသော ဓားသိုင်းပညာကို ဖော်ထုတ်နိုင်စေမည် မဟုတ်ပါလား။
ဤဓားသိုင်းပညာမှာ ရီယွင်တစ်ဦးတည်း ဖန်တီးထားခြင်း မဟုတ်ပေ။ သူသည် သူ၏အတိတ်ဘဝက အလွန်တန်ဖိုးထားရသော အမျိုးသမီး မိတ်ဆွေတစ်ဦးနှင့်အတူ ရုတ်တရက် ရရှိခဲ့သော စိတ်ကူးစိတ်သန်းများမှတစ်ဆင့် ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။
“မင်းက ဘယ်သူလဲ...”
စောင့်ရှောက်သူသည် အသိဉာဏ်ပွင့်ရင်ပြင်ပေါ်က ဝတ်စုံဖြူနှင့် လူငယ်အား သူ၏မျက်သူငယ်များ ကျုံ့သွားသည်အထိ စိုက်ကြည့်နေမိသည်။ သူသည် သူ၏နှလုံးသားထဲက ထိတ်လန့်မှုကို ဖုံးကွယ်မထားနိုင်တော့ပေ။
သူ၏ လက်ဝါးချက်မှာ သူ၏ စွမ်းအားအပြည့်၏ ဆယ်ပုံတစ်ပုံမျှသာ ပါဝင်သော်လည်း ၎င်းမှာ သာမန်လူတစ်ဦး တောင့်ခံနိုင်သည့် အရာမျိုး မဟုတ်ပေ။
သို့သော်လည်း ကျင့်ကြံမှုအဆင့်ကို သူ ခန့်မှန်း၍မရနိုင်သော ဤဝတ်စုံဖြူနှင့် လူငယ်မှာမူ ၎င်းကို အလွယ်တကူပင် ပျယ်ပြယ်သွားအောင် လုပ်နိုင်ခဲ့သည်။
‘ဒီလူငယ်ရဲ့ ကျင့်ကြံမှုအဆင့်က ငါ့ထက်တောင် ပိုပြီး မြင့်နေတာလား... ဒါပေမဲ့ အဲ့ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ရှန်ဖုန်းမင်းဆက်မှာ မဆိုထားနှင့် ခုနစ်စဉ်ကြယ်မင်းဆက် မှာတောင် ငါ့ထက် ကျင့်ကြံမှုအဆင့် မြင့်တဲ့သူက သိပ်ကို ရှားတာပဲကို...’
ရီယွင်က စောင့်ရှောက်သူအား အမူအရာ ကင်းမဲ့စွာဖြင့် လှမ်းကြည့်လိုက်သည်။
သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ ခဏချင်းမှာပင် စောင့်ရှောက်သူ၏ ဆန့်ကျင်ဘက် ဟင်းလင်းပြင်ထက်သို့ ရောက်ရှိသွားခဲ့သည်။
“မင်းက ဘယ်နှစ်ဆက်မြောက် စောင့်ရှောက်သူလဲ...”
ရီယွင်သည် မည်သည့် ဓားဆန္ဒမျှ မကျန်ရှိတော့သော ဓားဘုရင်ကျောက်တုံးပေါ်က ဓားရာနှစ်ခုကို လှမ်းကြည့်လိုက်သည်။ သူ၏အမူအရာမှာ တည်ငြိမ်နေပြီး သူ၏အသံအတွင်း၌ နက်နဲလှသော ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များဖြင့် မေးမြန်းလိုက်လေတော့သည်။
အခန်း ၈၈ ပြီးပါပြီ။
အခန်း ၈၉ - နှစ်ပေါင်း ၅၀၀ ချုပ်နှောင်ခြင်း
“မင်းက ဘယ်သူလဲ...”
စောင့်ရှောက်သူသည် ရီယွင်၏ မေးခွန်းကို ပြန်လည်ဖြေကြားခြင်း မရှိဘဲ မျက်မှောင်ကြုတ်လိုက်ကာ သူ၏ မျက်ဝန်းအိမ် နက်ရှိုင်းရာမှ အံ့ဩဖွယ်ရာ ဓားအလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာသည်။ သူသည် တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ သူ့ရှေ့က ဝတ်စုံဖြူနှင့် လူငယ်မှာ သူ့အား နက်နဲလှသော ကြောက်ရွံ့မှုကို ပေးစွမ်းနေပြီး သူ၏နှလုံးသားကို မတည်မငြိမ် ဖြစ်စေသည်။ ဓားကို ဆွဲထုတ်လိုက်မှသာ သူ၏စိတ်မှာ အေးချမ်းမှုကို ရရှိနိုင်မည် ဖြစ်သည်။
ရီယွင်က သူ့ရှေ့က မျက်နှာဖုံးနှင့် အမျိုးသားကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“မင်းက ငါ့နာမည်ကို သိဖို့ မထိုက်တန်သေးဘူး...”
“ရဲတင်းလှချည်လား...”
စောင့်ရှောက်သူ၏ စိတ်ထဲက ဒေါသမီးမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ဟုန်းခနဲ ထွက်ပေါ်လာသည်။ သူသည် မသိနားမလည်နိုင်သော ဤခြိမ်းခြောက်မှုကို ဆက်လက်၍ သည်းမခံနိုင်တော့သည့်အတွက် ဝန်လေးခြင်းမရှိဘဲ ဓားကို လွှဲခုတ်ချလိုက်သည်။ ထိုဓားအလင်းတန်းမှာ ကျယ်ပြောလှသော ကြယ်တာရာစုထဲမှ ပေါ်ထွက်လာသကဲ့သို့ ရှိနေပြီး ၎င်းသည် ဆင်းသက်လာသည်နှင့်အမျှ ကောင်းကင်ယံတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
“တကယ်ကို အစွမ်းထက်တဲ့ ဓားပဲ...”
“သေချာပေါက် ကံကြမ္မာနယ်ပယ်က ကျင့်ကြံသူကြီးပဲ... သူက တာအိုနယ်ပယ်ထဲကို ခြေတစ်ဖက်တောင် လှမ်းနေပြီနော်...”
ထိုအခိုက်အတန့်တွင် အသိဉာဏ်ပွင့်ရင်ပြင်ရှိ မရေတွက်နိုင်သော ကျင့်ကြံသူများမှာ ကောင်းကင်ယံသို့ မော်ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။
သို့သော်လည်း ထိုအံ့ဩဖွယ်ရာ ဓားအလင်းတန်းမှာ ဟင်းလင်းပြင်ထက်၌ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
“မင်းက ငါ့ကိုတောင် တိုက်ခိုက်ရဲတယ်ဆိုတော့ တကယ်ကို ရဲတင်းတာပဲ...”
အေးစက်သော အသံတစ်ခုမှာ ဟင်းလင်းပြင်အတွင်း၌ ရုတ်တရက် ဟိန်းထွက်သွားသည်။
ရီယွင်သည် ဟင်းလင်းပြင်တွင် ရပ်တန့်နေသော ဓားအလင်းတန်းကို စိုက်ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖျတ်ခနဲ ပေါ်လာသည်။ အကယ်၍ မိတ်ဆွေဟောင်းတစ်ဦး၏ မျိုးဆက် ဖြစ်မနေခဲ့လျှင် ဤစောင့်ရှောက်သူမှာ အသက်ရှင်နိုင်ဦးပါမည်လော။
“ဒါ... ဒါမဖြစ်နိုင်ဘူး...”
စောင့်ရှောက်သူသည် သူ၏ဓားအလင်းတန်းမှာ ဟင်းလင်းပြင်တွင် ရပ်တန့်နေပြီး လက်မဝက်မျှပင် ရှေ့သို့ မတိုးနိုင်သည်ကို မြင်ရသည့်အခါ အကြီးအကျယ် ထိတ်လန့်သွားသဖြင့် သူ၏ဝိညာဉ်ပင် လွင့်စင်လုနီးပါး ဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် သူ၏စိတ်ထဲ၌ အကြံတစ်ခု ရုတ်တရက် လက်ခနဲ ပေါ်လာသည်။ သူ့ရှေ့က သန်မာသူမှာ အနည်းဆုံးတော့ တာအိုနယ်ပယ်သို့ ရောက်ရှိနေရမည် ဖြစ်သည်။
ရီယွင်က လေတစ်ချက် အသာအယာ မှုတ်ထုတ်လိုက်သည်။ ထိုအသာအယာ မှုတ်ထုတ်လိုက်သော လေသည် တောက်ပအေးစက်လှသော ဓားအလင်းတန်းပေါ်သို့ ကျရောက်သွားပြီး ၎င်းသည် ခဏချင်းမှာပင် အစိမ်းရောင် မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားခဲ့လေသည်။
“တကယ်ကို ရယ်စရာကောင်းတာပဲ လျိုယီယီ... မင်းရဲ့မျိုးဆက်က ငါ့ကိုတောင် တိုက်ခိုက်ရဲတယ်ပေါ့... မင်းလည်း ဒါမျိုး ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ ထင်ထားမှာ မဟုတ်ဘူး မဟုတ်လား...”
ရီယွင်သည် သူ၏လက်နှစ်ဖက်ကို နောက်ပစ်လျက် စောင့်ရှောက်သူထံသို့ အေးအေးလူလူ လျှောက်သွားလိုက်သည်။
“မင်း... မင်းက ငါတို့ ဘိုးဘေးကြီးရဲ့ နာမည်ကို ဘယ်လိုလုပ်ပြီး သိနေတာလဲ...”
စောင့်ရှောက်သူသည် လျိုယီယီ ဟူသော နာမည်ကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် မျက်နှာဖြူလျော့သွားသည်။ စောင့်ရှောက်သူ မျိုးဆက်တစ်ခုပြီးတစ်ခုသာ ထိုဘိုးဘေးကြီး၏ နာမည်ကို သိကြခြင်း ဖြစ်သည်။ လောကတွင် အခြားမည်သူမျှ ဤနာမည်ကို မသိနိုင်ပေ။ သို့သော်လည်း ဤဝတ်စုံဖြူနှင့် လူငယ်မှာမူ သူတို့ဘိုးဘေးကြီး၏ နာမည်ကို သိနေခဲ့သည်။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မည်နည်း။
စောင့်ရှောက်သူ၏ နှလုံးသားထဲတွင် ဆူပွက်နေသော လှိုင်းလုံးများ ထွက်ပေါ်နေရင်း ဝတ်စုံဖြူနှင့် လူငယ် တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို ကြည့်နေမိသည်။ သူသည် သူ၏ခန္ဓာကိုယ်မှာ လုံးလုံးလျားလျား အချုပ်အနှောင် ခံထားရသည်ကို တွေ့ရှိလိုက်ရ၏။ သူသည် လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်တော့ပေ။
“ကံကြမ္မာနယ်ပယ် အဆင့် ၁၀ က စောင့်ရှောက်သူက ဒီလောက်လွယ်လွယ်နဲ့ အနိုင်ပိုင်း ခံလိုက်ရတာလား...”
အသိဉာဏ်ပွင့်ရင်ပြင်ရှိ ကျင့်ကြံသူ အတော်များများမှာ ဤသည်ကို မြင်တွေ့လိုက်ရသည့်အခါ အကြီးအကျယ် ထိတ်လန့်သွားကြပြီး အချို့မှာမူ နောက်သို့လှည့်၍ ထွက်ပြေးရန်ပင် ကြိုးပမ်းကြသည်။
ရီယွင်က အောက်ဘက်သို့ အေးစက်စွာ လှမ်းကြည့်လိုက်သည်။ လူတိုင်းမှာ ဆန်းကြယ်သော စွမ်းအားတစ်ခုကြောင့် ချက်ချင်းပင် အချုပ်အနှောင် ခံလိုက်ရပြီး အချုပ်အနှောင် မန္တန်တစ်ခု၏ ဖမ်းစားခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။ လူတိုင်းမှာ ကောင်းကင်ယံက ဝတ်စုံဖြူနှင့် လူငယ်ကို မှင်တက်မိကာ ထိတ်လန့်တကြား စိုက်ကြည့်နေကြ၏။ ဤပုဂ္ဂိုလ်မှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိနေသည်ကို သူတို့ စိတ်ကူးပင် မယဉ်နိုင်ကြတော့ပေ။
ရီယွင်သည် စောင့်ရှောက်သူ၏ ရှေ့သို့ လျှောက်သွားပြီး လက်ကို မြှောက်လိုက်ကာ ဖြန်းခနဲ မြည်အောင် ရိုက်ချလိုက်သည်။ ငွေရောင်မျက်နှာဖုံးမှာ ချက်ချင်းပင် အပိုင်းပိုင်း ပြတ်တောက်သွားပြီး အိုမင်းနေသော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။ ထိုအိုမင်းနေသော မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး သူ၏မျက်ဝန်းများအတွင်း၌လည်း ဖော်ပြမရနိုင်သော မျှော်လင့်ချက် ကင်းမဲ့မှုများ ရှိနေသည်။
“မင်းက... တကယ်ပဲ ဘယ်သူလဲ...”
စောင့်ရှောက်သူမှာ ခက်ခဲစွာဖြင့် မေးမြန်းလိုက်သည်။
“ရီယွင်...”
ရီယွင်က ထိုနာမည်နှစ်လုံးကို ခပ်တိုးတိုး ဆိုလိုက်သည်။
“ရီယွင်လား...”
စောင့်ရှောက်သူမှာ မျက်မှောင်ကြုတ်လျက် ထိုနာမည်ကို ဖြည်းညင်းစွာ စဉ်းစားကြည့်သည်။ ရုတ်တရက် သူသည် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ ဖြစ်သွားပြီး သူ၏မျက်နှာမှာ ချက်ချင်းပင် ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့သည်။
“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...” သူသည် ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်သည်။ “မင်းက ဘယ်လိုလုပ်ပြီး အသက်ရှင်နေနိုင်သေးတာလဲ...” သူ၏ စကားအဆုံးတွင်မူ လေသံမှာ လုံးဝ ပြောင်းလဲသွားခဲ့ချေပြီ။
အဘယ်ကြောင့်ဆိုသော် ဤနာမည်သည်လည်း စောင့်ရှောက်သူ မျိုးဆက်များအတွင်း လက်ဆင့်ကမ်းလာခဲ့သော နာမည်ဖြစ်သောကြောင့်ပင်။
ရီယွင်နှင့် လျိုယီယီ။
သူတို့နှစ်ဦးမှာ ဓားဘုရင်ကျောက်တုံးပေါ်တွင် ဓားရာနှစ်ခုကို ဖန်တီးခဲ့သူများ ဖြစ်ကြသည်။ ယခုအချိန်အထိ စောင့်ရှောက်သူ မျိုးဆက်များသာ ဤနာမည်နှစ်ခုကို သိရှိကြခြင်း ဖြစ်သည်။
“မင်း မှတ်မိပုံရသားပဲ...”
ရီယွင်က တည်ငြိမ်စွာ ပြုံးလိုက်သည်။
“ဒါက မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်တာ... ငါတို့ ဘိုးဘေးကြီး သေဆုံးသွားတာ နှစ်ပေါင်း တစ်သိန်းလောက် ရှိနေပြီ။ မင်းက ဘယ်လိုလုပ်ပြီး အသက်ရှင်နေနိုင်ဦးမှာလဲ...”
စောင့်ရှောက်သူ၏ စိတ်အာရုံများမှာ ပြိုလဲသွားခဲ့ပြီး သူသည် မိမိဘာသာ ရူးသွပ်စွာဖြင့် တတွတ်တွတ် ရေရွတ်နေတော့သည်။ သူ့ရှေ့က ဤဝတ်စုံဖြူနှင့် လူငယ်မှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက ထာဝရဂိုဏ်းတစ်ခုဖြစ်သည့် နဂါးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး ချန်းနန်ကုန်းမြေကြီး၏ ထာဝရနယ်ပယ်မှ ထိပ်တန်းသန်မာသူအဖြစ် ကျော်ကြားခဲ့သူ ဖြစ်သည်ကို သူ လုံးဝ စိတ်ကူးပင် မယဉ်နိုင်ဘဲ ရှိနေသည်။ သို့သော်လည်း သူက ဘယ်လိုလုပ်ပြီး အသက်ရှင်နေခဲ့သနည်း။
ထာဝရနယ်ပယ်က သန်မာသူတစ်ဦးကို မဆိုထားနှင့် ဒဏ္ဍာရီလာ စစ်မှန်သောနတ်ဘုရားနယ်ပယ်က သန်မာသူတစ်ဦးပင်လျှင် နှစ်ပေါင်း တစ်သိန်းတိုင်အောင် အသက်ရှင်နိုင်ခြင်း မရှိချေ။
“လောကမှာ မဖြစ်နိုင်ဘူးဆိုတာ ဘယ်အရာမှ မရှိဘူး...”
ရီယွင်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ဟင်းလင်းပြင်သို့ လက်ညှိုးတစ်ချက် ထိုးလိုက်သည်။ သူ၏ရှေ့တွင် အလွန်ပင် လှပသော အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ပေါ်ပေါက်လာခဲ့သည်။
“ဒါက... ငါတို့ ဘွားဘေးကြီးပဲ...”
ထိုအမျိုးသမီး၏ မျက်နှာကို မြင်လိုက်ရသည့်အခါ စောင့်ရှောက်သူ၏ စိတ်မှာ အကြီးအကျယ် ထိတ်လန့်သွားရသည်။ သူ၏ ဒူးများမှာ ပျော့ခွေသွားပြီး သူသည် အလိုအလျောက် ဒူးထောက်ရန် ကြိုးပမ်းလိုက်သော်လည်း သူ၏ခန္ဓာကိုယ်မှာ အချုပ်အနှောင် ခံထားရသဖြင့် လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်ဘဲ ဖြစ်နေသည်။
ရုတ်တရက် ရီယွင်သည် သူ၏မဟာစွမ်းအားများကို ရုတ်သိမ်းလိုက်သည်။ ထိုအမျိုးသမီး၏ ပုံရိပ်မှာလည်း ပျောက်ကွယ်သွားခဲ့သည်။ သူသည် ဤပုံရိပ်ကို ဖော်ဆောင်လိုက်သည့် အချိန်တွင် သူနှင့် စောင့်ရှောက်သူ နှစ်ဦးတည်းသာ မြင်နိုင်ရန်အတွက် ထိုနေရာကို သီးခြား ခွဲထုတ်ထားခဲ့ခြင်းပင်။
ထိုမြင်ကွင်းက နာကျင်စရာကောင်းလှသော အတိတ်မှတ်ဉာဏ်များကို ပြန်လည် နိုးထစေခဲ့ခြင်းကြောင့်လားမသိ။ ရီယွင်၏ အမူအရာမှာ ဝမ်းနည်းမှုများ ဖုံးလွှမ်းသွားသည်။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ရီယွင်၏ အမူအရာမှာ ရှေးဟောင်း ရေတွင်းတစ်တွင်းပမာ လှိုင်းအစအနမျှပင် မရှိတော့ဘဲ ပြန်လည် တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။ အစောပိုင်းက ဝမ်းနည်းမှု အရိပ်အယောင်များမှာလည်း လုံးဝ ကွယ်ပျောက်သွားခဲ့သည်။ ရီယွင်သည် ဤဟင်းလင်းပြင်အတွင်း၌ နှစ်ပေါင်း တစ်သိန်းတိုင်တိုင် ‘ဝင်ရောက်မှု’ ပြုလုပ်ခဲ့ခြင်းဖြစ်ရာ သူ၏ တာအိုနှလုံးသားမှာလည်း အနှိုင်းမဲ့ ခိုင်မာနေခဲ့ပြီ ဖြစ်သည်။
သူသည် စောင့်ရှောက်သူအား ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“မင်းရဲ့ ပြစ်ဒဏ်အတွက် သေဒဏ်ကိုတော့ ငါ ချမ်းသာခွင့် ပေးမယ်၊ ဒါပေမဲ့ ပြစ်ဒဏ်ကတော့ မင်း မလွတ်နိုင်ဘူး... မင်းကို နှစ်ပေါင်း ငါးရာအထိ ငါ ချုပ်နှောင်ထားမယ်...”
ဤသို့ ပြောပြီးနောက် ရီယွင်က စောင့်ရှောက်သူအား အသာအယာ တို့ထိလိုက်သည်။ သူ၏ရှေ့တွင် စောင့်ရှောက်သူမှာ ခဏချင်းမှာပင် ကျောက်ရုပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရီယွင်က ထိုကျောက်ရုပ်အား ဆန်းကြယ်သော ဟင်းလင်းပြင်အတွင်းသို့ ဖျတ်ခနဲ ပစ်လွှတ်လိုက်သည်။ ထိုကျောက်ရုပ် ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဓားဘုရင်နန်းတော်က တပည့်များ အားလုံးသည်လည်း ကျောက်ရုပ်များအဖြစ် ပြောင်းလဲသွားကြတော့သည်။
ရီယွင်က သူ၏လက်နှင့် အသာအယာ ဝှေ့ယမ်းလိုက်သည်။ ဧရာမ တောင်တန်းကြီးတစ်ခုလုံးမှာ ချက်ချင်းပင် ဟိန်းထွက်သွားပြီး မြေကြီးထဲသို့ နက်ရှိုင်းစွာ နစ်မြုပ်သွားခဲ့သည်။ သူသည် ဟင်းလင်းပြင်ထက်တွင် စာလုံးတစ်လုံးကို ရေးသားလိုက်၏။
“တံဆိပ်ခတ်ခြင်း...”
ထိုစာလုံးကြီးမှာ မြင့်မြတ်သော အလင်းတန်းများနှင့်အတူ လင်းလက်နေပြီး မြေကြီးအတွင်းသို့ ဆင်းသက်ကာ လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။
တကယ့် နတ်ဘုရားတစ်ပါးပမာ ဖြစ်နေသည့် ဤဝတ်စုံဖြူနှင့် လူငယ်ကို မြင်တွေ့လိုက်ရသည့်အခါ အသိဉာဏ်ပွင့်ရင်ပြင်ရှိ ကျင့်ကြံသူ အားလုံးမှာ သူတို့၏ အရိုးထဲအထိ အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရပြီး ရေခဲလှိုဏ်ဂူတစ်ခုအတွင်းသို့ ကျရောက်သွားသကဲ့သို့ပင် ဖြစ်နေကြသည်။ ကံကြမ္မာနယ်ပယ် အဆင့် ၁၀ က ကျင့်ကြံသူတစ်ဦးကို ဤမျှလွယ်လွယ်နှင့် ချုပ်နှောင်နိုင်ခဲ့သလို နှစ်ပေါင်း ငါးရာတိုင်ရှိမှာ ဖြစ်ပေသည်။ ဤကဲ့သို့သော အံ့ဖွယ် ချုပ်နှောင်ခြင်း စွမ်းရည်မျိုးကို သူတို့တစ်ခါမျှ မကြားဖူးခဲ့ကြချေ။
“မင်းတို့ အားလုံးကလည်း... သေသင့်တဲ့သူတွေပဲ...”
ရီယွင်က အောက်ဘက်က ထောင်နှင့်ချီသော ကျင့်ကြံသူများကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် ဤကျင့်ကြံသူများမှာ ပုရွက်ဆိတ်များပမာ အရေးမပါလှပေ။
သူ၏ ပါးစပ်မှ လေတစ်ချက် မှုတ်ထုတ်လိုက်ရုံနှင့်ပင် ထိုထောင်နှင့်ချီသော ကျင့်ကြံသူများမှာ သူတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်နေလျက် အပြာရောင် မြူခိုးငွေ့များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြတော့သည်။ ထိုအထဲတွင် လီရှောင်ပိုင်လည်း ပါဝင်ပေသည်။ ရီယွင်၏ နှလုံးသားထဲတွင် ထိုကဲ့သို့သော ကျင့်ကြံသူများမှာ ပုရွက်ဆိတ်များနှင့် မခြားနားလှပေ။ စစ်မှန်သောနတ်ဘုရား၏ အောက်တွင်ရှိသော အရာအားလုံးမှာ ပုရွက်ဆိတ်များသာ ဖြစ်သည်။ လီရှောင်ပိုင်မှာ ကျွင်းမော့ရှောင်နှင့် အနည်းငယ် ရင်းနှီးသည်ဟု ဆိုရုံမျှနှင့် ရီယွင်က သူ့အား ချမ်းသာခွင့် ပေးမည် မဟုတ်ပေ။ ကျွင်းမော့ရှောင်ထံမှ အခွင့်အရေးကို အပြည့်အဝ ရယူခဲ့သည့် ဤလီရှောင်ပိုင်မှာလည်း လူကောင်းတစ်ဦး မဟုတ်ချေ။ သို့သော်လည်း စောင့်ရှောက်သူကိုမူ ရီယွင်က သူ၏မိတ်ဆွေဟောင်းအတွက် ငဲ့ညှာကာ နှစ်ပေါင်း ငါးရာအထိသာ ချုပ်နှောင်ထားခြင်း ဖြစ်သည်။
...
ဧရာမ တောင်တန်းကြီးမှာ မျက်စိတစ်မှိတ်အတွင်း မြေကြီးထဲသို့ နစ်မြုပ်သွားသည်ကို ကြည့်ရင်း လော့လီနှင့် ကျွင်းမော့ရှောင်တို့မှာ ကူယွဲ့မင်းဆက်ရှိ ဓားနတ်ဘုရားဂိုဏ်း၏ အောက်ခြေမှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည့် ငရဲ ၁၈ ထပ်ကို ပြေးသတိရမိကြတော့သည်။ သူတို့၏ ကျောပြင်များမှာလည်း အလိုအလျောက် အေးစိမ့်သွားကြရသည်။ သူတို့၏ ဘိုးဘေးကြီးက အရေးယူလိုက်လျှင် အန္တရာယ်ရှိသည့် အရာအားလုံးကို အမြစ်ပြတ်အောင် အမြဲတမ်း ရှင်းလင်းလေ့ရှိသည် မဟုတ်ပါလား။ ကျူပင်ခုတ် ကျူငုတ်ကို ချန်ထားလေ့မရှိပေ။
“ဘိုးဘေးကြီး...”
ကျွင်းမော့ရှောင်က ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်သည်။
“ဓားဘုရင်ကျောက်တုံးပေါ်မှာ ပေါ်လာခဲ့တဲ့ ပုံရိပ်က... တကယ်ပဲ ဘိုးဘေးကြီးလား...”
ရီယွင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ဟင်းလင်းပြင်အတွင်းသို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ကျွင်းမော့ရှောင်နှင့် လော့လီတို့မှာ တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများအတွင်း၌ ဖော်ပြမရနိုင်သော အံ့ဩမှုများ ပြည့်နှက်နေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးစလုံး၏ နှလုံးသားထဲ၌ မေးခွန်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုအနှိုင်းမဲ့လှပသော အမျိုးသမီးမှာ သူတို့၏ ဘိုးဘေးကြီးနှင့် မည်သို့ပတ်သက်မှုမျိုး ရှိနေရသနည်း။
အခန်း ၈၉ ပြီးပါပြီ။
အခန်း ၉၀ - အပြင်ပန်းခက်ထန်သော်လည်း စိတ်ထားနူးညံ့သော ကြောင်နက်ကြီး
တစ်လအကြာတွင်…
အဝေးမှနေ၍ အနက်ရောင် ရထားလုံးတစ်စီးသည် တရွေ့ရွေ့ ချဉ်းကပ်လာသည်။ ရထားလုံးအတွင်း၌ ရီယွင်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။
ထိုအခိုက်အတန့်တွင် သူ၏မျက်ဝန်းများအတွင်း၌ မရေတွက်နိုင်သော စကြဝဠာများနှင့် ကြယ်တာရာများမှာ ဖြစ်တည်လိုက်၊ ပျက်စီးလိုက်နှင့် အဆုံးမဲ့သော ဖျက်ဆီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း သံသရာများ လည်ပတ်နေသကဲ့သို့ ရှိနေသည်။
ဓားဘုရင်ကျောက်တုံးမှ ထွက်ခွာလာပြီးနောက် ရီယွင်သည် မြင်းနက်ကြီးအား ခရီးကို အလျင်စလို မနှင်ခိုင်းခဲ့ပေ။ ထိုအစား သူသည် လော့လီနှင့် ကျွင်းမော့ရှောင်တို့အား ဗဟုသုတ ရှာဖွေရန်နှင့် သူတို့၏ ကျင့်ကြံမှုကို မြှင့်တင်ရန် အခွင့်အရေး ပေးခဲ့သည်။
သူ၏ ကျင့်ကြံမှုနယ်ပယ်မှာလည်း ဤတစ်လအတွင်း ပုံမှန်တိုးတက်လာခဲ့ပြီး စစ်မှန်သောနတ်ဘုရားနယ်ပယ် အဆင့် ၁၀ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
သူသည် နတ်ဘုရားဘုရင်နယ်ပယ်သို့ ရောက်ရှိရန် စက္ကူတစ်ချပ်စာမျှသာ လိုတော့သည်။
အကယ်၍ ရီယွင်သာ ဆန္ဒရှိလျှင် မည်သည့်အချိန်တွင်မဆို ထိုနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပေသည်။ သို့သော်လည်း ထိုကဲ့သို့သော ချိုးဖျက်မှုမျိုးမှာ ကြီးမားလှသော ကောင်းကင်ဖြစ်စဉ်များကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး ဖော်ပြမရနိုင်လောက်သော ဖျက်ဆီးအားများကို ထုတ်လွှတ်ပေးလိမ့်မည်။
ချန်းနန်ကုန်းမြေကြီး တစ်ခုလုံးမှာ ၎င်းကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရီယွင်သည် သူ၏ကျင့်ကြံမှုကို ဖိနှိပ်ထားပြီး ချိုးဖျက်ဝင်ရောက်ခြင်း မပြုရန် ရွေးချယ်ခဲ့သည်။
“ထူးဆန်းလိုက်တာ... ဒီရထားလုံးမှာ ရထားမောင်းသမား မပါဘဲနဲ့ ရထားမောင်းခုံပေါ်မှာ ကြောင်နက်ကြီးတစ်ကောင် အိပ်နေတာပဲ...”
“ဒီကြောင်နက်ကြီးက တကယ်ပဲ ရထားမောင်းနိုင်လို့လား...”
“တကယ်ကို ထူးဆန်းတာပဲ...”
“ဒါက ပိုင်ရှင်မဲ့ပစ္စည်း ဖြစ်ရမယ်...”
ဖြတ်သွားဖြတ်လာ ကျင့်ကြံသူအချို့မှာ အနက်ရောင် ရထားလုံးကို ဝိုင်းကြည့်ရင်း တိုးတိုးဖော်ဖော် ပြောဆိုနေကြသည်။
“ဖယ်ကြစမ်း...”
ကြောင်နက်ကြီးက ခေါင်းထောင်လိုက်ပြီး ဟိန်းဟောက်လိုက်၏။
စကားပြောတတ်သော ကြောင်နက်ကြီးကြောင့် ထိုကျင့်ကြံသူများမှာ ထိတ်လန့်သွားကြပြီး လဲကျလုနီးပါး ဖြစ်သွားကြသည်။ သူတို့၏ ကျင့်ကြံမှုမှာ မမြင့်မားလှဘဲ မူလပင်လယ်နယ်ပယ် ကျင့်ကြံသူများသာ ဖြစ်ကြသည်။
ကြောင်နက်ကြီး၏ ခြောက်လှန့်မှုကြောင့် သူတို့မှာ ဝိညာဉ်ပင် လွင့်စင်မတတ် ထိတ်လန့်သွားကြရသည်။
ကျင့်ကြံသူများမှာ အနက်ရောင် ရထားလုံးအနီးမှ သူ့ထက်ငါ ထွက်ပြေးသွားကြသဖြင့် ပတ်ဝန်းကျင်မှာ ချက်ချင်းပင် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။
“ကြောင်ပေါက်လေး... မင်း ဒီတစ်လအတွင်း အတော်လေး အမြတ်ထွက်ခဲ့တယ် မဟုတ်လား... သခင်ကြီး ဆုချတဲ့ ဆေးလုံးတွေကို စားပြီး မင်း ကံကြမ္မာနယ်ပယ်ကို ရောက်ဖို့ နီးစပ်နေပြီ မဟုတ်လား...”
“ဦးလေးမြင်း... ကျွန်တော်က အဲ့ဒီလောက် မမြန်သေးပါဘူး... အခုလောလောဆယ်တော့ ကျွန်တော်က ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၁၀ မှာပဲ ရှိပါသေးတယ်...”
ကြောင်နက်ကြီးက ရှက်ရွံ့စွာပြုံးပြလိုက်ပြီး သူ၏လက်သည်းကို လျက်နေလေသည်။
မထင်မှတ်ဘဲ သခင်ကြီးက သူ့အား ဧကရာဇ်အဆင့် ဝိညာဉ်ဆေးလုံး တစ်အိတ်ကို လက်ဆောင်ပေးခဲ့သည်။ ထိုအိတ်ထဲတွင် ဆေးလုံးပေါင်း ၁,၀၀၀ တိတိ ပါဝင်ပေသည်။ တစ်လအတွင်း သူသည် တစ်ရက်လျှင် တစ်လုံးစီ စားခဲ့ရာ သူ၏ကျင့်ကြံမှုနယ်ပယ်မှာ တဟုန်ထိုး မြင့်တက်လာခဲ့သည်။
ဤသည်က ကြောင်နက်ကြီးအတွက် အလွန်ပင် ပျော်ရွှင်စရာ ကောင်းလှသည်။ သူ၏ နှစ်ပေါင်း ထောင်ချီသော ကျင့်ကြံမှု သမိုင်းတစ်လျှောက်တွင် အဆင့်တက်ရခြင်းမှာ ယခုလောက် ကျေနပ်စရာ မကောင်းခဲ့ဖူးပေ။ ဧကရာဇ်အဆင့် ဝိညာဉ်ဆေးလုံးများကို သကြားလုံးပမာ စားရလိမ့်မည်ဟု သူ အိမ်မက်ပင် မမက်ခဲ့ဖူးချေ။ ဧကရာဇ်အဆင့် ဆေးလုံးများကို မဆိုထားနှင့် သူ၏ တစ်သက်တာလုံးတွင် ထိုကဲ့သို့သော ဆေးလုံးမျိုးကို နှစ်လုံး၊ သုံးလုံးမျှသာ စားခဲ့ဖူးခြင်း ဖြစ်သည်။
ကြောင်နက်ကြီးမှာ ယခုအခါတွင် သူ၏ ရွေးချယ်မှု မှန်ကန်ကြောင်း ပို၍ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။
‘ဒဏ်ရာက ပိုပြင်းထန်လေ ဆုလာဘ်က ပိုများလေပဲ...’ ဟူသော သူ၏ယုံကြည်ချက်မှာ ပို၍ ခိုင်မာလာခဲ့သည်။
နောက်တစ်ကြိမ် သခင်ကြီးက တိုက်ခိုက်ခိုင်းလာလျှင် သူသည် ပို၍ ပြင်းပြင်းထန်ထန် အသက်စွန့်တိုက်ခိုက်မည်ဟု သစ္စာဆိုထားပေသည်။ ထိုအခါ ဆုချမည့် ဝိညာဉ်ဆေးလုံး အရေအတွက်မှာ နှစ်ဆ ဖြစ်လာနိုင်သည် မဟုတ်ပါလား။ ဆေးလုံးများ စားသုံးခြင်းဖြင့် သူ၏ကျင့်ကြံမှုကို လျင်မြန်စွာ မြှင့်တင်ကာ နောက်ဆုံးတွင် ကံကြမ္မာနယ်ပယ်က အနှိုင်းမဲ့ မိစ္ဆာကြီးတစ်ကောင် ဖြစ်လာပြီး သူ၏ ယခင်သခင်ဟောင်းကို ကျော်လွန်သွားနိုင်မည်ဟု တွေးလိုက်မိသည့်အခါ ကြောင်နက်ကြီးမှာ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။
သူသည် ယခုအခါတွင် ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၁၀ သို့ ရောက်ရှိနေပြီဖြစ်ရာ ကံကြမ္မာနယ်ပယ်နှင့် သိပ်မဝေးတော့ပေ။ ဝန်ခံရမည်မှာ ဤဧရာမ ဧကရာဇ်အဆင့် ဆေးလုံးများမှာ တကယ်ကို အစွမ်းထက်လှပေသည်။ ခုနစ်စဉ်ကြယ်မင်းဆက်တွင် ဧကရာဇ်အဆင့် ဆေးလုံးတစ်လုံး ပေါ်လာလျှင်ပင် အလုအယက် လုယူကြပေလိမ့်မည်။ သို့သော်လည်း ယခုအခါတွင်မူ သူသည် ၎င်းတို့ကို သကြားလုံးပမာ စားနေရခြင်းပင်။ ကြောင်နက်ကြီးမှာ သခင်ကြီးနောက်သို့ လိုက်လာခဲ့သည့် အချိန်မှစ၍ သူ၏ဘဝမှာ ပိုမို သက်သောင့်သက်သာ ရှိလာသည်ဟု ခံစားနေရသည်။
“ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၁၀ တောင် ရောက်ပြီလား... ဒါဆိုရင် ကံကြမ္မာနယ်ပယ်နဲ့ နီးနေပြီပေါ့...”
မြင်းနက်ကြီးက သူ့အား မထီမဲ့မြင် အကြည့်နှင့် ကြည့်လိုက်သည်။
“ဝှစ်...”
ထူထဲလှသော မြင်းမြီးမှာ ဝှေ့ယမ်းလာပြီး ကြောင်နက်ကြီး၏ မျက်နှာကို ဖြတ်ခနဲ ရိုက်လိုက်၏။
မြင်းမြီးမှာ ပေါ့ပါးပုံရသော်လည်း ကြောင်နက်ကြီး၏ ဦးခေါင်းကို ရိုက်လိုက်သည့်အခါ တောင်တစ်လုံးပမာ လေးလံလှသဖြင့် ကြောင်နက်ကြီးမှာ မျက်စိထဲတွင် ကြယ်စင်များ ဝဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ဦးလေးမြင်း... ကျွန်တော့်ကို ချမ်းသာပေးပါဦး... ကျွန်တော့်ရဲ့ ခန္ဓာကိုယ်လေးက အဲ့ဒီလောက် မသန်မာပါဘူး...”
ကြောင်နက်ကြီးက သူ၏ဦးခေါင်းကို လက်နှင့်အုပ်လျက် အော်ဟစ်လိုက်သည်။
မြင်းနက်ကြီးက တဟားဟား ရယ်မောလိုက်ပြီး သူ့အား ဂရုမစိုက်တော့ဘဲ ရုတ်တရက် ခေါင်းထောင်လိုက်သည်။
အစိမ်းရောင် လျှပ်စီးတန်းတစ်ခုမှာ ကောင်းကင်ယံထက်တွင် လျင်မြန်စွာ ဖြတ်သန်းသွားသည်။
မြင်းနက်ကြီးက မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည့်အခါ ထိုအစိမ်းရောင် လျှပ်စီးအတွင်း၌ ဧရာမ အစိမ်းရောင် ငှက်ကြီးတစ်ကောင်ကို တွေ့လိုက်ရ၏။
‘ဪ... မိုးကြိုးကန်က ငှက်ပဲကိုး...’
မြင်းနက်ကြီးက နှာခေါင်းရှုံ့လျက် ခေါင်းခါလိုက်သည်။ ထိုမိုးကြိုးကန်က ငှက်၏ သွေးမျိုးဆက်မှာ မစစ်မှန်လှသလို ကျင့်ကြံမှုနယ်ပယ်မှာလည်း နိမ့်ကျလွန်းလှသည်။ ကောင်းကင်တံတားနယ်ပယ် အဆင့် ၁၀ အထွတ်အထိပ်မှာသာ ရှိသေးသည်။ ထို့ပြင် ၎င်းမှာ ဒဏ်ရာရရှိထားပြီး အလျင်အမြန် ထွက်ပြေးနေခြင်း ဖြစ်သည်။
ထိုမိုးကြိုးကန်က ငှက် ပျောက်ကွယ်သွားပြီးနောက် မကြာမီမှာပင် ကောင်းကင်ယံထက်၌ လူသားပုံရိပ်များမှာ ထိုမိစ္ဆာသားရဲနောက်သို့ လိုက်လံ ဖမ်းဆီးနေကြသည်ကို တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် ကြောင်နက်ကြီးသည်လည်း ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။ ထိုပုံရိပ်များအကြား၌ ချီထျန်းဓားဂိုဏ်းနှင့် ယွီမိုဂိုဏ်းက တပည့်များကို သတိပြုမိလိုက်သည့်အခါ သူသည် အော်ဟစ်လိုက်မိသည်။
“သခင်ကြီး... ထိပ်သီးဂိုဏ်းကြီး သုံးခုက တပည့်တွေက ဟိုမိုးကြိုးကန်က ငှက်နောက်ကို လိုက်နေကြတာ ထင်တယ်...”
“ကြောင်ပေါက်လေး... မင်းက စကားများလွန်းတာပဲ... သခင်ကြီးက ဒါတွေကို မသိဘူးလို့ မင်း ထင်နေတာလား...”
မြင်းနက်ကြီးက ခေါင်းလှည့်ကာ ကြောင်နက်ကြီးအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများအတွင်းမှ လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာပြီး ကြောင်နက်ကြီးအား ချက်ချင်း ထိမှန်သွားခဲ့၏။
“ဟုန်း...”
ကြောင်နက်ကြီးမှာ မီးကျွမ်းသလို ဖြစ်သွားပြီး တစ်ကိုယ်လုံးလည်း မည်းတူးသွားခဲ့ရသည်။ သူ၏အမွှေးများမှာလည်း လောင်ကျွမ်းသွားပုံ ရပေသည်။
ရီယွင်က မရယ်ဘဲ မနေနိုင်တော့ပေ။ တကယ်ကို အဖိုးတန်တဲ့ အတွဲအဖက်ပေပဲ...။ မြင်းနက်ကြီးမှာ ကြောင်နက်ကြီးအား အနိုင်ကျင့်သည့်အခါ တကယ်ကို ဝန်လေးခြင်း မရှိချေ။ ကံကောင်းစွာဖြင့် သူက အနည်းငယ် ထိန်းထားခဲ့ခြင်းဖြစ်ပြီး မဟုတ်လျှင်တော့ ကြောင်နက်ကြီးမှာ တစ်ကိုယ်လုံး မီးကျွမ်းသွားလောက်ပေသည်။
“ဦးလေးမြင်း... ဦးလေးက တကယ်ကို ရက်စက်တာပဲ... ကျွန်တော့်ရဲ့ အမွေးတွေ အကုန် လောင်သွားပြီ...”
ကြောင်နက်ကြီးမှာ ငိုတော့မည့် အမူအရာနှင့် အော်ဟစ်နေတော့သည်။
တစ်ချိန်က နူးညံ့ချောမွေ့ပြီး တောက်ပခဲ့သော သူ၏ အနက်ရောင် အမွှေးများမှာ ယခုအခါတွင်တော့ အကွက်လိုက် လောင်ကျွမ်းသွားပြီး အောက်က အညိုရောင် အရေပြားများ ပေါ်ထွက်နေတော့သည်။ ဤသည်ကို ကြည့်ရသည်မှာ အလွန်ပင် အရုပ်ဆိုးလှပေသည်။
ရီယွင်သည် ရထားလုံးအတွင်းမှ ရုတ်တရက် ထွက်လာခဲ့ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏အကြည့်မှာ ကြောင်နက်ကြီးထံသို့ ရောက်ရှိသွားပြီး ခပ်ဖွဖွ ရယ်မောလိုက်၏။
သူ၏လက်ချောင်းကို အသာအယာ တောက်လိုက်သည့်အခါ အစိမ်းရောင် အရည်တစ်စက်မှာ ကြောင်နက်ကြီးပေါ်သို့ ကျရောက်သွားသည်။
“မြောင်... ဟူး...”
ကြောင်နက်ကြီးမှာ အလွန်အမင်း သက်သောင့်သက်သာရှိလှသော အသံတစ်ခုကို ထုတ်ဖော်လိုက်မိသည်။
“ကြောင်ပေါက်လေး... မင်း မြူးနေတာလား... နည်းနည်းလောက် ထိန်းစမ်းပါဦး...”
မြင်းနက်ကြီးက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
ကြောင်နက်ကြီးမှာ ဦးလေးမြင်းက နောက်ထပ် လျှပ်စီးတန်းနှင့် ပစ်မည်ကို စိုးရိမ်သဖြင့် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်တော့သည်။
ထိုဆန်းကြယ်လှသော အစိမ်းရောင် အရည်တစ်စက်ကို စုပ်ယူပြီးနောက် ကြောင်နက်ကြီးမှာ အားအင်များ ပြည့်ဝလာသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ အနက်ရောင် အမွှေးများမှာလည်း လျင်မြန်စွာ ပြန်လည် ပေါက်လာခဲ့တော့သည်။
“ကျေးဇူးတင်ပါတယ် သခင်ကြီး...”
ကြောင်နက်ကြီးမှာ ဒူးထောက်လိုက်ပြီး ဝမ်းသာလွန်းသဖြင့် မျက်ရည်များ စီးကျလာခဲ့သည်။
သူ၏ အနက်ရောင် အမွှေးများ ပြန်လည် ထွက်ပေါ်လာခြင်းက သူ့အား အံ့ဩစေသလို အလွန်ပင် ပျော်ရွှင်စေခဲ့သည်။
ထိုစဉ်မှာပင် ရထားလုံးအတွင်းမှ အလင်းတန်း နှစ်ခု ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ရာ လော့လီနှင့် ကျွင်းမော့ရှောင်တို့ ပေါ်လာကြသည်။
“ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်...”
ရီယွင် ရထားလုံးပေါ်တွင် ရပ်နေသည်ကို မြင်ရသည့်အခါ ထိုနှစ်ဦးမှာ အလျင်အမြန်ပင် ဦးညွှတ်လိုက်ကြသည်။
ရီယွင်က ထိုနှစ်ဦးအား ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်၏။
လော့လီနှင့် ကျွင်းမော့ရှောင်တို့မှာ တစ်လတိုင်တိုင် ကြိုးစားကျင့်ကြံအားထုတ်ခဲ့ကြပြီး ရွှေရောင်ဓားကြာပန်း ဆယ်ပွင့်ကို အစဉ်တစိုက် ပြုစုပျိုးထောင်ကာ နဂါးကျားဆေးလုံးများကို စားသုံးခဲ့ကြသဖြင့် သူတို့၏ ကျင့်ကြံမှုနယ်ပယ်မှာ ထပ်မံ မြင့်တက်လာခဲ့သည်။
ယခုအခါတွင်တော့ သူတို့သည် ကောင်းကင်တံတားနယ်ပယ် အဆင့် ၃ သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
တစ်ချိန်က ကျင့်စဉ်အခြေခံအဆင့်မျှသာ ရှိခဲ့သော ဤနှစ်ဦးမှာ ယခုအခါတွင်တော့ အမူအရာများ လုံးဝ ပြောင်းလဲသွားပြီး အစွမ်းထက်လှသော ကောင်းကင်တံတားနယ်ပယ် ကျင့်ကြံသူများအဖြစ် ပြောင်းလဲသွားသည်ကို မြင်ရသည့်အခါ ရီယွင်မှာ အလွန်ပင် ကျေနပ်မိသည်။
“ရှန်ဖုန်းမင်းဆက်ရဲ့ ထိပ်သီးဂိုဏ်းကြီး သုံးခုနဲ့ တခြား ထိပ်တန်းဂိုဏ်းအချို့ဟာ အဲ့ဒီမိုးကြိုးကန်က ငှက်ကို ဖမ်းဖို့အတွက် သူတို့ရဲ့ တပည့်တွေကို လျှပ်စီးတောင်တန်းဆီကို လွှတ်လိုက်ကြပြီ...” ရီယွင်က အေးအေးလူလူပင် ပြောလိုက်သည်။ “မင်းတို့နှစ်ယောက်လည်း သွားပြီးတော့ အတွေ့အကြုံ ယူလိုက်ကြဦး...”
“ဟုတ်ကဲ့ပါ ဘိုးဘေးကြီး...” ကျွင်းမော့ရှောင်နှင့် လော့လီတို့မှာ ချက်ချင်းပင် သဘောတူလိုက်ကြသည်။
“ဒါနဲ့... ငါ ချန်းနန်ကုန်းမြေကြီး ကနေ ခဏလောက် ထွက်သွားလိုက်အုံးမယ်...”
ရီယွင်က ထိုနှစ်ဦးအား ကြည့်ကာ ရုတ်တရက် ပြောလိုက်သည့် စကားမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ပင်တည်း။
အခန်း ၉၀ ပြီးပါပြီ။