← Chapters

အခန်း (၇၁၅-၇၁၆)

Vol. 60 Ch. 715-716

အခန်း (၇၁၅-၇၁၆)

Vol. 60 Ch. 715-716

အခန်း (၇၁၅) ကောင်းကင်သားတော်အား ဖယ်ရှားခြင်း

အန်ကျီကျိုက်က ကုအန်၏ စကားများကြောင့် အချိန်အတန်ကြာအောင် တုန်လှုပ်သွားခဲ့သည်။ သတိပြန်ဝင်လာသောအခါ သူက ဘိုးဘေး၏ စကားများကို တည်ကြည်လေးနက်စွာ စဉ်းစားသုံးသပ်တော့၏။

သူက အသက်ပြန်ရှင်လာစေရန် ရွေးချယ်သင့်လား...

အခြားသူများကို တစ်သက်လုံး ကာကွယ်ပေးနိုင်မည်ဟု ပြောရန် သူ့မှာ သတ္တိမရှိသည်မှာ အမှန်ပင်။ နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့ပြီး ဝင်စားခြင်း သံသရာထဲသို့ပင် ရောက်ရှိသွားလောက်ပြီ ဖြစ်သော မိတ်ဆွေဟောင်းများကို ဆိုလျှင် ပို၍ပင် ပြောစရာ မလိုတော့ချေ။

ဝင်စားခြင်း ဆိုသည်မှာ သဘာဝတရားပင် ဖြစ်ပြီး မဟာစွမ်းအားရှင် အများစုက ကျင့်ကြံရန်အတွက် ဝင်စားခြင်း သံသရာကိုပင် အားကိုးကြကြောင်း ဆရာဖြစ်သူ တစ်ခါက ပြောခဲ့ဖူးသည်ကို သူ သတိရလိုက်သည်။

သူ၏ မိတ်ဆွေဟောင်းများ ဝင်စားခြင်း သံသရာထဲသို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ့အတွက် အတော်လေး စိတ်သက်သာရာ ရသွားစေ၏။

မူလက သူ၏ မိတ်ဆွေဟောင်းများမှာ ဝင်စားခြင်းအတွက် မျှော်လင့်ချက် မရှိတော့ဘဲ ထာဝရ ပျောက်ကွယ်သွားပြီဟု သူ ထင်မှတ်ထားခဲ့မိသည်။

အချိန်အတန်ကြာအောင် စဉ်းစားသုံးသပ်ပြီးနောက်။

အန်ကျီကျိုက်က ကုအန်ကို ကြည့်၍ ပြန်ဖြေလိုက်သည်။ "အရာအားလုံးကို သဘာဝအတိုင်းပဲ ဖြစ်ခွင့်ပေးလိုက်ပါတော့မယ်... သူတို့ရဲ့ ဘဝတွေထဲကို ကျွန်တော် ထပ်ပြီး ဝင်မစွက်ဖက်ချင်တော့ဘူး... ဒါပေမဲ့ ကျွန်တော်က ကြိုးကြိုးစားစား ကျင့်ကြံပြီး သူတို့အတွက် ကလဲ့စားချေပေးမယ်... ပြီးတော့ ကျွန်တော့်ရဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ပါ့မယ်..."

သူနှင့် အရင်းနှီးဆုံး ညီအစ်ကိုက သေဆုံးခါနီးတွင် သူသည် ပေတောက်ဂိုဏ်းကို ဖြုတ်ချနိုင်မည့် မျှော်လင့်ချက် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း၊ သူသည် ကယ်တင်ရှင် ဖြစ်လာလိမ့်မည်ဟု ပြောခဲ့ဖူး၏။

ထိုလူများ၏ အမြင်တွင် ပေတောက်ဂိုဏ်းက ကောင်းကင်ကို လက်တစ်ဖက်တည်းဖြင့် ဖုံးကွယ်ထားနိုင်လောက်အောင် အစွမ်းအထက်ဆုံး တည်ရှိမှု ဖြစ်ပြီး အန်ကျီကျိုက်ကလည်း ပေတောက်ဂိုဏ်း၏ အင်အားကို ခံစားသိရှိခဲ့ပြီး ဖြစ်သည်။ လက်ရှိအချိန်တွင်တော့ ပေတောက်ဂိုဏ်းကို မည်သို့ ဖြုတ်ချရမည်ကို သူ စဉ်းစား၍ မရသေးချေ။

လူသားကမ္ဘာက ကျယ်ပြောလှပြီး သူရောက်ခဲ့ဖူးသော နေရာတိုင်းလိုလိုက ပေတောက်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ချမ့်ခွန်းဂိုဏ်းမှ ကျင့်ကြံသူများနှင့် ဆုံတွေ့ရသည့် အချိန်တွင်ပင် သူတို့က ပေတောက်ဂိုဏ်းကို အလွန်အမင်း ကြောက်ရွံ့နေကြ၏။

ငယ်ရွယ်စဉ်ကတည်းက အန်ကျီကျိုက်သည် ဘိုးဘေးက အစွမ်းအထက်ဆုံး ဖြစ်သည်ဆိုသည့် အတွေးမျိုး ရိုက်သွင်းခံခဲ့ရသည်။ သို့သော်လည်း တစ်ကြိမ် အပြင်ထွက်ပြီးနောက် ထိုအတွေးက ယိမ်းယိုင်သွားခဲ့၏။ ဘိုးဘေးသည် ဝင်စားခြင်း သံသရာထဲသို့ ဝင်ရောက်နိုင်စွမ်း ရှိကြောင်း သိထားလျှင်တောင် သူ၏ ကိုယ်ပိုင် စွမ်းအား သက်သက်ဖြင့် ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟု သူ မခံစားရချေ။

အန်ကျီကျိုက်၏ ရွေးချယ်မှုကို ကြားပြီးနောက် ကုအန်က ဘာမှ ထပ်မပြောတော့ပေ။ ထို့နောက် အန်ကျီကျိုက်က အရိုအသေပေးကာ လှည့်ထွက်သွားတော့သည်။

အန်ကျီကျိုက်၏ ချီစွမ်းအင် အငွေ့အသက်က နယ်မြေတွင်းရှိ တပည့်များ၏ အာရုံကို ဆွဲဆောင်သွားခဲ့သဖြင့် သူတို့က တံခါးပိတ် ကျင့်ကြံနေရာမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကာ အန်ကျီကျိုက်ကို လာရှာကြ၏။

ကုအန်က ဆက်လက် ငါးမျှားနေသော်လည်း သူ၏ နားများကတော့ သူတို့၏ စကားပြောသံများကို ခိုးနားထောင်နေခဲ့သည်။

ဝူရှီ တပည့်များက အန်ကျီကျိုက်၏ အတွေ့အကြုံများကို သိလိုက်ရသောအခါ သူတို့မှာ တရားမျှတမှုအတွက် ဒေါသထွက်သွားကြသည်။ ထျန်းယောင်အာကပင် ပေတောက်ဂိုဏ်းသို့ သွားရောက်ချင်နေခဲ့သော်လည်း နောက်ဆုံးတွင် အန်ရှင်း၏ တားမြစ်ခြင်းကို ခံလိုက်ရ၏။

"ဦးလေးတို့... ဒီကလဲ့စားချေမှုကို ကျွန်တော် ကိုယ်တိုင် လုပ်ပါ့မယ်... အခုကစပြီး ကျွန်တော် ကြိုးကြိုးစားစား ကျင့်ကြံပါမယ်... လူသားကမ္ဘာရဲ့ လောကီရေးရာတွေကို မြင်တွေ့ခဲ့ပြီးပြီမလို့ ဦးလေးတို့ကို ထပ်ပြီး စိတ်ပျက်အောင် မလုပ်တော့ပါဘူး..."

ဘိုးဘေး အပါအဝင် အခြားသော သင်ဆရာများနှင့် စကားပြောပြီးနောက် သူ၏ တိုက်ခိုက်လိုစိတ်များ ပြန်လည် နိုးကြားလာခဲ့ပြီ ဖြစ်သဖြင့် အန်ကျီကျိုက်က တည်ကြည်လေးနက်စွာ ပြောလိုက်၏။

သူက အရာများစွာ ဆုံးရှုံးခဲ့ရသော်လည်း ဘာတစ်ခုမှ မရှိတော့သည်တော့ မဟုတ်ချေ။ သူက ကလဲ့စားချေရန်သာမက ဝူရှီကိုလည်း ကာကွယ်ရဦးမည် ဖြစ်သည်။

ထျန်းဟုန် ဧကရာဇ်က နှာမှုတ်၍ ပြောလိုက်သည်။ "ဘာ ပေတောက်ဂိုဏ်းလဲ... နောင်တစ်ချိန် မင်း ကလဲ့စားချေချင်တဲ့အခါ ငါ လိုက်ခဲ့ပေးမယ်... စိတ်ချပါ... မင်းရဲ့ ရန်သူတွေ ခေါင်းကို မင်း ဖြတ်ယူနိုင်ရပါမယ်..."

အန်ကျီကျိုက်က ထျန်းဟုန် ဧကရာဇ်ကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွား၏။ ဦးလေးများ အားလုံးထဲတွင် ထျန်းဟုန် ဧကရာဇ်သည် သူ အလေးစားဆုံးနှင့် အကြောက်ရဆုံးသူ ဖြစ်သည်။ အကြောင်းမှာ ထျန်းဟုန် ဧကရာဇ်သည် စကားပြောဆိုလေ့ သိပ်မရှိဘဲ သူ့ကို တိတ်ဆိတ်စွာ ကြည့်နေတတ်သောကြောင့် ဖြစ်သည်။

ထျန်းဟုန် ဧကရာဇ်က သူ့ကို စကားပြောရသည်ကို မနှစ်သက်သော်လည်း သိုင်းပညာများသင်ကြားပေးခဲ့သဖြင့် အန်ကျီကျိုက်၏ ရင်ထဲတွင် မိသားစုဝင် တစ်ဦးကဲ့သို့ ဖြစ်နေသည်။

ထို့ပြင် ဝူရှီ အဖွဲ့အတွင်းတွင် ဘိုးဘေးပြီးလျှင် ထျန်းဟုန် ဧကရာဇ်က ဒုတိယ အစွမ်းအထက်ဆုံး ဖြစ်နိုင်ကြောင်း အန်ကျီကျိုက်က ယုံကြည်ထားပြီး ထျန်းဟုန် ဧကရာဇ်ထံမှ ထွက်ပေါ်နေသော အငွေ့အသက်က သူ့ကို အားကျစေ၏။

ထျန်းဟုန် ဧကရာဇ်ထံမှ ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော စကားများကို ကြားရသောအခါ အန်ကျီကျိုက်က သံသယ မဝင်မိချေ။ ထိုအစား သူ၏ ရင်ထဲတွင် နွေးထွေးသွားပြီး နက်ရှိုင်းသော လုံခြုံမှု ခံစားချက် တစ်ခုဖြင့် ပြည့်နှက်သွားစေ၏။

ထိုကဲ့သို့သော ဆရာသမားများ အနားတွင် ရှိနေသဖြင့် ပေတောက်ဂိုဏ်းကြောင့် ဖြစ်ပေါ်လာရသော မအီမသာ ခံစားချက်များက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

အန်ရှင်းက ထျန်းဟုန် ဧကရာဇ်ကို တစ်ချက် ကြည့်လိုက်ပြီး "မင်းက ကြိုးကြိုးစားစား ဆက်ကျင့်ကြံဖို့ လိုသေးတယ်..." ဟု ပြောလိုက်၏။

ထျန်းဟုန် ဧကရာဇ်က သူ၏ အကြည့်များကို လွှဲဖယ်သွားပြီး ပြန်လည် မချေပတော့ပေ။

"တူလေး... လက်ရှိ လူသားကမ္ဘာကြီးက ဘယ်လိုမျိုးလဲ ဆိုတာ ငါတို့ကို ပြောပြပါဦး..." ထျန်းချင်က အန်ကျီကျိုက်ကို ကြည့်၍ စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

အန်ကျီကျိုက်က ခေါင်းညိတ်လိုက်ပြီး ချန်ချွမ် တည်ထောင်ခဲ့သော ဓားဂိုဏ်း အပါအဝင် သူ မြင်တွေ့ခဲ့ရသည့် ရှုခင်းများကို စတင် ဖော်ပြတော့သည်။

ဝူရှီ တပည့်များကလည်း ယခင်က လေ့ကျင့်ရန်အတွက် အပြင်ထွက်ခဲ့ဖူးသဖြင့် သူတို့၏ မှတ်ဉာဏ်များကို အန်ကျီကျိုက်၏ ဖော်ပြချက်များနှင့် နှိုင်းယှဉ်ကြည့်လိုက်ရာ လောကကြီးက ကြီးမားစွာ ပြောင်းလဲသွားပြီဟု ခံစားလိုက်ရ၏။ ကံမကောင်းစွာဖြင့် အန်ကျီကျိုက်၏ စကားများမှတစ်ဆင့် လက်ရှိ လူသားကမ္ဘာ၏ အမြင့်ဆုံး ကျင့်ကြံခြင်း အဆင့်က မည်သည်ဖြစ်ကြောင်းကိုတော့ သူတို့ မခန့်မှန်းနိုင်ကြချေ။

အမတလမ်းစဉ်ကိုးခု ဆိုသည်မှာ လွတ်ငြိမ်းရာအမတအဆင့် ဖြစ်ကြောင်း အန်ကျီကျိုက်က ပြောလိုက်သောအခါ သူ၏ မျက်နှာပေါ်တွင် အားကျ တောင့်တနေသည့် အမူအရာများဖြင့် ပြည့်နှက်နေ၏။ ၎င်းက လူအများကို ရယ်မောချင်စိတ် ဖြစ်သွားစေသော်လည်း သူတို့က မိမိကိုယ်ကိုယ် ထိန်းချုပ်လိုက်ပြီး လိမ္မာပါးနပ်စွာဖြင့် ထုတ်မပြောဘဲ နေလိုက်ကြသည်။

မဟာတာအို လမ်းစဉ်၏ ချီပင်လယ် အတွင်း၌ ကြယ်များက တောက်ပစွာ လင်းလက်နေပြီး ချီပင်လယ်၏ အပေါ်ဘက်တွင် ရွှေရောင် အလင်းတန်း တစ်ခုက ဖြတ်သန်း တိုက်ခတ်သွား၏။ ထိုအလင်းတန်း အတွင်း၌ မရေမတွက်နိုင်သော ပုံရိပ်များက ရှေ့သို့ ချီတက်နေကြပြီး အားလုံးက ရွှေရောင် စစ်သည်တော် အဝတ်အစားများကို ဝတ်ဆင်ထားကာ ကြီးကျယ်ခမ်းနား၍ တားဆီး၍ မရနိုင်သော အငွေ့အသက်များ ရှိနေသည်။

ကျန်းပုခုနှင့် ရွှီယိုတို့က ကောင်းကင်စစ်တပ် အတွင်းတွင် လျှောက်လှမ်းနေကြပြီး အတော်လေး သတိပြုမိရန် ခက်ခဲနေ၏။

သူတို့၏ အကြည့်များက စစ်တပ်၏ အရှေ့ဆုံးတွင် ရှိနေသော ဧရာမ ပုံရိပ်ကြီးထံတွင် စူးစိုက်နေကြသည်။

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား။

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားသည် လေးလံပြီး ခမ်းနားထည်ဝါသော ကောင်းကင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ ဧရာမ ဓားမကြီး တစ်လက်ကို ကိုင်ဆောင်ထား၏။ သူ လမ်းလျှောက်သွားစဉ် သူ့ပတ်ပတ်လည်တွင် ဓမ္မပုံရိပ်များက အတက်အကျ ဖြစ်ပေါ်နေသည်။

"ဒီတစ်ခါလည်း ဖရိုဖရဲ မိစ္ဆာဆိုးနဲ့ ရင်ဆိုင်ရပြန်ပြီလား..."

ကျန်းပုခုက ရွှီယိုကို တိုးတိုးလေး မေးလိုက်သည်။ တစ်ချိန်တည်းမှာပင် အခြားသော ကောင်းကင်စစ်သည်များကလည်း ဆွေးနွေးပြောဆိုနေကြပြီး အားလုံးက အလွန် စိတ်လှုပ်ရှားနေကြ၏။

ကောင်းကင်စစ်တပ်ထဲသို့ ဝင်ရောက်နိုင်ရန် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ဖြစ်ရမည် ဖြစ်ပြီး နယ်ပယ်အသီးသီးမှ မဟာစွမ်းအားရှင်များ ဖြစ်ကြရာ သူတို့က တိုက်ပွဲအတွက်သာ စိတ်လှုပ်ရှားကြသည်။

တိုက်ပွဲကြီးများတွင် ကံကြမ္မာကို ဆုပ်ကိုင်ရန်နှင့် ကုသိုလ်ကံ စုဆောင်းရန် အလွယ်ကူဆုံး ဖြစ်၏။ သူတို့၏ ရည်မှန်းချက်မှာ ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားကဲ့သို့ ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်လာရန်ပင်။

ရွှီယိုက ပြန်ဖြေလိုက်သည်။ "ဖြစ်နိုင်ချေ မရှိဘူး... အကယ်လို ဖရိုဖရဲ မိစ္ဆာဆိုးသာ ဆိုရင် ကြာလှပြီကတည်းက သတင်း ထွက်နေလောက်ပြီ... အခုက ဘာသံမှ မကြားရဘူး ဆိုတော့ နောက်လာမယ့် အဖြစ်အပျက်က ချန်ထျန်းရဲ့ ဆန္ဒကြောင့် မဟုတ်ဘဲ အမတနတ်ဘုရားတွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ ဖြစ်နိုင်တယ်..."

သူ၏ အကြည့်များက ဘယ်ညာသို့ ဝေ့ဝဲသွားပြီး တစ်စုံတစ်ယောက်ကို ရှာဖွေနေသကဲ့သို့ ရှိနေ၏။

"အမတနတ်ဘုရားတွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလား..." ကျန်းပုခုမှာ ပို၍ပင် နားမလည်နိုင်အောင် ဖြစ်သွားသည်။

"အမတနတ်ဘုရားတွေက သက်ရှိအားလုံးအတွက်ပဲ လုပ်ဆောင်ပေးတယ်လို့ မမှတ်ယူလိုက်နဲ့... သူတို့မှာလည်း အကျိုးစီးပွားအတွက် ရုန်းကန်နေရတာတွေ ရှိတယ်..." ရွှီယိုက အလွန်တရာ တည်ငြိမ်သော မျက်နှာဖြင့် ပြောလိုက်၏။

သူ့သူတောင်းစား ပုံစံကို စွန့်ပယ်ပြီး ကောင်းကင်စစ်သည်များ၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားလျှင်ပင် သူက မလိုက်ဖက်သကဲ့သို့ ဖြစ်နေ၏။ ခမ်းနားထည်ဝါပြီး ကြီးကျယ်ပုံရသော ကျန်းပုခုနှင့် မတူညီချေ။

"ဘာလို့ အမတနတ်ဘုရားတွေအတွက် ရတနာ ရှာဖွေတာမျိုး မဖြစ်ရမှာလဲ... ဒါက အမတနတ်ဘုရားတွေကြားက အတွင်းရေး ပြဿနာလို့ မင်းက ဘယ်လိုလုပ် ကောက်ချက်ချလိုက်တာလဲ..." ကျန်းပုခုက ဆက်လက် မေးမြန်းလိုက်သည်။

ရွှီယိုက သာမန် မဟုတ်ကြောင်း သူ သတိထားမိခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ထိုက်ကျယ် မဟာကမ္ဘာတွင် ရွှီယိုက အရာအားလုံးကို သိရှိနေသူ တစ်ယောက်ကဲ့သို့ ပြုမူခဲ့ပြီး ဖြစ်၏။ ယခု ကောင်းကင်စစ်တပ် အတွင်း၌ ရှိနေစဉ်မှာပင် ရွှီယိုက သူ၏ မေးခွန်းများကို ဖြေဆိုနိုင်ဆဲ ဖြစ်သဖြင့် သူ့မှာ အတော်လေး နားမလည်နိုင် ဖြစ်နေရသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ နှစ်သောင်းပေါင်းများစွာသော ရှင်သန်ခြင်းနှင့် သေဆုံးခြင်း သံယောဇဉ်များအပေါ် အခြေခံ၍ ရွှီယိုက သူ့ကို ဒုက္ခပေးမည် မဟုတ်ကြောင်း သူ ယုံကြည်ထားလေသည်။

"ဘာလို့လဲဆိုတော့ ဒီနေရာက တွက်ဆလို့ မရနိုင်တဲ့ နေရာဖြစ်တဲ့ မဟာတာအို လမ်းစဉ် ဖြစ်နေလို့ပဲ... ပြီးတော့ ကောင်းကင်နန်းတော်ရဲ့ ကံကြမ္မာက ဒီနေရာအထိ မလွှမ်းခြုံနိုင်ဘူး... ဒီ​နေရာမှာ လှုပ်ရှားတာကို ကောင်းကင်နန်းတော်က သိနိုင်မှာ မဟုတ်ဘူး... အကယ်လိုအမတနတ်ဘုရား တစ်ပါး ဒီနေရာမှာ ကျဆုံးသွားခဲ့ရင်တောင် တကယ့် တရားခံ အစစ်ကို ရှာဖွေဖို့ ခက်ခဲလိမ့်မယ်..."

ရွှီယို၏ စကားများကြောင့် ကျန်းပုခု မျက်မှောင်ကြုတ်သွား၏။ ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ ကောင်းကင်စစ်သည်များကလည်း ရွှီယိုထံ မေးမြန်းလာကြသည်။

သူတို့ နှစ်ယောက် ကောင်းကင်စစ်တပ်သို့ ဝင်ရောက်ခဲ့သည်မှာ နှစ်သိန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး မိတ်ဆွေများစွာ ရရှိထား၏။ ရွှီယိုက မည်သည့် ခြွင်းချက်မှ မရှိဘဲ သူ့ကို မေးသူတိုင်းအား ပြန်လည် ဖြေကြားပေးနေ၏။ အရှေ့ဆုံးမှ ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားက သူ့ကို သတိပြုမိပုံ မရဘဲ တစ်ခါမှ လှည့်မကြည့်ခဲ့ချေ။

အချိန်များက လျင်မြန်စွာ ကုန်လွန်သွားသည်။

ရွှေရောင် အလင်းတန်းက အဆုံးမဲ့စွာ ရှည်လျားသွားပြီး ကောင်းကင်စစ်တပ်၏ ခြေလှမ်းများက တစ်ခါမှ မရပ်တန့်ခဲ့ဘဲ အဆုံးမဲ့ လမ်းခရီး တစ်ခုကို ဖြတ်သန်းနေရသကဲ့သို့ ရှိနေ၏။

အချိန်အတန်ကြာပြီးနောက်။

ကျယ်ပြန့်ပြီး ကြီးမားလှသော ဖိအားကြီး တစ်ခုက အရှေ့ဘက်မှ ထွက်ပေါ်လာပြီး စစ်တပ်အတွင်းရှိ သောင်းနှင့်ချီသော ကောင်းကင်စစ်သည်များကို လွှမ်းခြုံသွားရာ သူတို့ အားလုံး၏ မျက်နှာ အမူအရာများ ပြောင်းလဲသွားကြသည်။

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားက ခြေလှမ်းများကို ရပ်တန့်လိုက်၏။ သူ ရပ်တန့်လိုက်သည်နှင့် ကောင်းကင်စစ်သည်များ အားလုံးကလည်း လိုက်လံ ရပ်တန့်လိုက်ကြပြီး အရှေ့ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားနေရသဖြင့် တည်ကြည်လေးနက်စွာ ရပ်နေကြကာ စကားပြောရန်ပင် မဝံ့မရဲ ဖြစ်နေကြသည်။

"ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား... မင်းက ငါတို့ကို အမြစ်ပြတ် သုတ်သင်ဖို့ တကယ် ရည်ရွယ်ထားတာလား..."

သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အသံတစ်ခုက အရှေ့ဘက်မှ ထွက်ပေါ်လာပြီး ထိုလေသံတွင် မကျေမချမ်း ဖြစ်မှုများ ပါဝင်နေ၏။

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား၏ မျက်နှာက ခံစားချက် ကင်းမဲ့နေပြီး သူက ပြောလိုက်သည်။ "အဖွဲ့မှား ရွေးမိပြီး အုပ်စုမှား ရွေးမိတာနဲ့ ဘယ်ကိုပဲ ထွက်ပြေးပြေး အဆုံးမဲ့ ကပ်ဘေး ကံကြမ္မာကို ရင်ဆိုင်ရမှာပဲ... ဟိုအမတအရှင် မလာဘဲ ငါ လာတာကိုပဲ မင်း ကျေးဇူးတင်သင့်တယ်..."

ထိုလျှို့ဝှက်ဆန်းကြယ်သော အသံက ဆက်လက် ထွက်ပေါ်လာ၏။ "ရယ်စရာပဲ... ကောင်းကင်သားတော်ကတောင် မင်းကို ဖယ်ရှားပစ်ဖို့ ရဲတင်းနေတာပဲ... မင်းနဲ့ ဟွမ်ဖုန်း အမတအရှင်ရဲ့ ကံကြမ္မာက ငါ့ထက်တောင် ပိုဆိုးရလိမ့်မယ်..."

အခန်း (၇၁၆) သောင်းပြောင်း အထွတ်အထိပ် လက်ဝါး

ကောင်းကင်သားတော်လား...

ဟွမ်ဖုန်း အမတအရှင်လား...

ကျန်းပုခုက ထိုအမည် နှစ်ခုကို ကြားလိုက်ရသောအခါ အမတနတ်ဘုရားများကြားရှိ ကြောက်မက်ဖွယ်ကောင်းသော ပဋိပက္ခ တစ်ခုထဲသို့ ဆွဲသွင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော်လည်း ဤကိစ္စတွင် သူ့အတွက် ရွေးချယ်စရာ မရှိသဖြင့် သူ ကြောက်ရွံ့မနေချေ။

"ကောင်းကင်မှာ ကိုယ်ပိုင် တရားမျှတမှု ရှိတယ်... ကောင်းကင်အပြစ်ပေးခြင်းကို ခံယူလိုက်စမ်း..."

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားက ဧရာမ ဓားကြီး တစ်လက်ကို မြှောက်လိုက်ရာ အဆုံးမဲ့ မှော်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဓားမကြီး ကိုင်ဆောင်ထားသော ပေသောင်းချီ မြင့်မားသည့် ဓမ္မပုံရိပ်ကြီး တစ်ခု ဖြစ်ပေါ်လာ၏။

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား၏ အမိန့်ကိုပင် မစောင့်တော့ဘဲ ထိုဓမ္မပုံရိပ်ကြီးက ဓားကြီးကို ဝှေ့ယမ်းလိုက်သည်။ ပန်ကုက ကောင်းကင်နှင့် မြေကြီးကို ခွဲထုတ်လိုက်သကဲ့သို့ တောက်ပသော အဖြူရောင် အလင်းတန်းကြီး တစ်ခုက ထွက်ပေါ်လာပြီး ရှေ့မှ ဟင်းလင်းပြင်ကို ထက်ပိုင်း ပိုင်းဖြတ်ချင်နေသကဲ့သို့ ရှိနေ၏။ မဟာတာအို အောက်မှ ချီပင်လယ်ကလည်း ပြင်းထန်စွာ လှိုင်းထန်လာပြီး ပြိုင်ဘက်ကင်းလောက်အောင် ခမ်းနားကြီးကျယ်သည့် မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။

ကောင်းကင်စစ်သည်များ အားလုံးက အသက်ရှူအောင့်ထားလိုက်ကြပြီး သူတို့၏ အကြည့်များက ရှေ့သို့ စူးစိုက်နေကြ၏။

တောက်ပသော အလင်းရောင်က သူတို့၏ မျက်နှာများပေါ်တွင် ရောင်ပြန်ဟပ်နေပြီး သူတို့၏ အမူအရာများမှာ အလွန် တည်ကြည်လေးနက်ကာ ခိုင်မာပြတ်သားနေသည်။

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား လှုပ်ရှားသည်ကို သူတို့ မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သဖြင့် သူတို့မှာ အံ့အားသင့် မသွားကြချေ။ သို့သော်လည်း ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား၏ ကြီးမားလှသော စွမ်းအားကို ခံစားရတိုင်း သူတို့၏ ရင်ထဲတွင် သွေးပူစေသော ရည်မှန်းချက်များက နိုးကြားလာတတ်၏။

သူတို့လည်း ထိုကဲ့သို့ လွှမ်းမိုးနိုင်စွမ်း ရှိပြီး အစွမ်းထက်သော ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်လာချင်ကြသည်။

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား၏ ဓမ္မပုံရိပ်က ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် အဖြူရောင် အလင်းတန်းထဲတွင် အရှေ့ဘက်မှ ဟင်းလင်းပြင်က အက်ကွဲသွားပြီး အမှောင်ထုထဲမှ မယုံနိုင်လောက်အောင် ကြီးမားလှသည့် ပုံရိပ်ကြီး တစ်ခု ထွက်ပေါ်လာ၏။ ထိုပုံရိပ်ကြီးက အမည်းရောင် ချီစွမ်းအင် အငွေ့အသက်များဖြင့် လုံးဝ ဖုံးလွှမ်းနေပြီး ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား၏ ပေသောင်းချီ မြင့်မားသော ဓမ္မပုံရိပ်ထက် များစွာ ပိုမို ကြီးမားနေကာ ကောင်းကင်စစ်သည်များ အားလုံးကို မိမိကိုယ်ကိုယ် သေးငယ်သွားသကဲ့သို့ ခံစားလိုက်ရစေသည်။

ကောင်းကင်စစ်သည်များစွာ အံ့အားသင့်သွားကြ၏။ ထိုပုံရိပ်ကြီး၏ အပြုအမူက ကောင်းကင်ရုံးတော်နှင့် ပတ်သက်ဆက်နွှယ်နေပုံ ရသော်လည်း သူ၏ အသွင်အပြင်က ဖရိုဖရဲ မိစ္ဆာဆိုး တစ်ကောင်နှင့် တူနေသဖြင့် ကောင်းကင်ရုံးတော်နှင့် ပတ်သက်၍ ထင်ကြေးပေးမှုများကို ပိုမို ဖြစ်ပေါ်လာစေသည်။

"တပ်ဖြန့်ပြီး ရန်သူကို သတ်..."

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား၏ အသံက မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာပြီး သူက တုံ့ဆိုင်းခြင်း မရှိဘဲ ရှေ့သို့ ခုန်ထွက်ကာ ထိုကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ကြီးဆီသို့ ဦးဆောင်၍ တိုက်ခိုက်တော့သည်။

သောင်းနှင့်ချီသော ကောင်းကင်စစ်သည်များကလည်း ချက်ချင်းပင် သိုင်းပညာများကို အသုံးပြု၍ တပ်ဖြန့်လိုက်ကြရာ ကြီးမားသော ကောင်းကင်တာအို ကံကြမ္မာများက တစ်စုတစ်စည်းတည်း ဖြစ်သွားပြီး ပိုမို မြင့်မားလာသော ဖိအားကြီးတစ်ခုကို ဖန်တီးလိုက်ကာ ကောင်းကင်၏ ကြီးကျယ်ခမ်းနားသော စွမ်းအားက နိုးထလာသကဲ့သို့ ရှိနေတော့သည်။

...

အချိန်များက လျင်မြန်စွာ ကုန်လွန်သွားပြီး အန်ကျီကျိုက် ပြန်ရောက်လာသည်မှာ နှစ်တစ်သောင်း ရှိနေခဲ့ပြီ ဖြစ်သည်။

အန်ကျီကျိုက်က သူ၏ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေခဲ့ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်မှာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သို့သော်လည်း အမတ ကျင့်ကြံခြင်း လမ်းစဉ်က ရှည်လျားလှပေသည်။ နှစ်တစ်သောင်း အတွင်း သူ မည်မျှပင် လျင်မြန်စွာ ကျင့်ကြံစေကာမူ အခြား ဝူရှီ တပည့်များကို သူ မမီနိုင်သေးချေ။

ထိုရှစ်ရာနှစ်တာ အတွေ့အကြုံများဖြင့် သူ၏ တာအိုနှလုံးသားက ပိုမို တည်ငြိမ်လာပြီး အတွေ့အကြုံ ရယူရန် အပြင်ထွက်လိုစိတ် မရှိတော့ပေ။ သူက နေ့ရောညပါ ကြိုးစားပမ်းစား ကျင့်ကြံနေသဖြင့် အန်ရှင်းမှာ အလွန် ကျေနပ်နေ၏။

သို့သော်လည်း ကုအန်ကတော့ အန်ကျီကျိုက်ကို စိတ်ဝင်စားစရာ သိပ်မကောင်းတော့ဟု ထင်မြင်ပြီး အနည်းငယ် မကျေမနပ်ပင် ဖြစ်နေသေးသည်။

သူက အခြား တပည့်များ တပည့်လက်ခံလာမည့် အချိန်ကို စတင် စောင့်မျှော်နေမိ၏။ အန်ရှင်းက တပည့်လက်ခံပြီးနောက် အခြားသူများကလည်း တပည့်လက်ခံရန် အမှန်တကယ် ပြင်ဆင်လာကြသည်။ သို့သော်လည်း အန်ကျီကျိုက်၏ ထူးချွန်သော ပါရမီကြောင့် ချမ့်ခွန်းဂိုဏ်း သို့မဟုတ် ဝိညာဉ်ကိုးပါး တိုက်ကြီးထဲတွင် သင့်တော်သော လူများကို မရှာတွေ့သေးသဖြင့် သူတို့က စောင့်ဆိုင်းနေခဲ့ကြသည်။

လောကကြီးက ကျယ်ပြောလှပြီး ပါရမီရှင်များစွာ ရှိသော်လည်း ဝိညာဉ်ကိုးပါး တိုက်ကြီးအတွက်မူ အန်ကျီကျိုက်ကဲ့သို့သော ပါရမီရှင်မျိုးမှာ နှစ်တစ်သောင်းနေမှ တစ်ယောက်သာ ပေါ်ပေါက်နိုင်သည့် အလွန် ရှားပါးသူ ဖြစ်ပေသည်။

နေ့ရက်များက တိတ်ဆိတ်စွာ ကုန်လွန်သွားပြီး ကုအန်က မဟာတာအို လမ်းစဉ်၏ အခြေအနေကို ရံဖန်ရံခါ အာရုံစိုက်နေတတ်၏။ မူလဘူတ တာအိုဧကရာဇ်၏ လွှမ်းမိုးမှုက ကြီးမားလာပြီး တာအိုကို ရှာဖွေသူ အရေအတွက်က သုံးထောင်ထက် ကျော်လွန်လာခဲ့သည်။ မူလဘူတ တာအိုဧကရာဇ် ဖြစ်ချင်သူ အများအပြား ရှိနေသော်လည်း များစွာသော သူများမှာ ခရီးစဉ်တွင် သေဆုံးသွားခဲ့ကြသည်။

မဟာတာအို လမ်းစဉ်တွင် ကျန်းပုခုနှင့် ပတ်သက်သည့် အချို့သော ကိစ္စရပ်များက ကုအန်၏ အာရုံကို ဆွဲဆောင်သွားခဲ့၏။

ကောင်းကင်နန်းတော်၏ ကံကြမ္မာ လွှမ်းခြုံထားမှုကြောင့် ကျန်းပုခု၏ လှုပ်ရှားမှုများကို အပြည့်အဝ ကြိုတင် ခန့်မှန်းရန် ခက်ခဲသော်လည်း သူ၏ ကျယ်ပြန့်သော လှုပ်ရှားမှုများက အမြဲတမ်း ခြေရာများ ကျန်ရစ်နေတတ်သဖြင့် သူ၏ လမ်းကြောင်းကို လိုက်လံ ခြေရာခံနိုင်သည်။

ကျန်းပုခု ပါဝင်သော ကောင်းကင်စစ်တပ်က မဟာတာအို လမ်းစဉ်တွင် လှုပ်ရှားနေပြီး အရပ်မျက်နှာ အနှံ့အပြားကို အောင်နိုင်နေသဖြင့် အင်အားစု အများအပြားမှာ စိုးရိမ်နေကြ၏။

မူလဘူတ တာအိုဧကရာဇ်၏ နောက်လိုက် တစ်ဦးက ယခင်က သူတို့၏ အပြုအမူများနှင့် မတူဘဲ ကောင်းကင်နန်းတော်က အဘယ်ကြောင့် ဤမျှ ကြွားဝါနေရသနည်းဟု အခြားသူများအား သူ၏ နားမလည်နိုင်မှုကို ဖော်ပြခဲ့သည်။

သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်သရွေ့ ကုအန်က ကောင်းကင်နန်းတော်၏ လုပ်ရပ်များကို ဝင်ရောက် စွက်ဖက်မည် မဟုတ်ချေ။

ယနေ့တွင် ကုအန်က သက်တမ်းတာအိုနယ်မြေသို့ ပြန်ရောက်လာပြီး ချောက်ကမ်းပါး တစ်ခုပေါ်တွင် ထိုင်ကာ ရွှေဂူ အမတ ၇၂ ပါးမှ ဖန်တီးထားသော သစ်သားပြားကို ဆော့ကစားနေရင်း သူ၏ အကြည့်များက ထိုက်ရီ အမတအရှင်၏ ဝင်စားသူထံသို့ ကျရောက်သွား၏။

ယခုဘဝမှ ထိုက်ရီ အမတအရှင်သည် နှစ်ပေါင်း တစ်သောင်းကျော်ကြာ အသက်ရှင်နေထိုင်ခဲ့ပြီး လူသားကမ္ဘာရှိ ဂိုဏ်းပေါင်းတစ်ရာ အနက်မှ ဂိုဏ်းတစ်ဂိုဏ်း၏ တပည့်ဖြစ်ကာ ထူးချွန်သော ပါရမီ ရှိသည်ဟု သတ်မှတ်ခံထားရပြီး လောလောဆယ်တွင် သူ၏ ကိုယ်ပိုင်ဘဝကို ဖြတ်သန်းနေ၏။

ယခု ထိုက်ရီ အမတအရှင်သည် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာနှင့် လုံးဝ ပေါင်းစပ်သွားပုံ ရသော်လည်း သူ၏ ကောင်းကင်တာအို အမတရာထူးက နောက်ဆုံးတွင် ဤကမ္ဘာမှ ထွက်ခွာသွားစေလိမ့်မည် ဖြစ်၏။

ကောင်းကင်နန်းတော်က ထိုက်ရီ အမတအရှင်ကို လာရောက် ရှာဖွေမည့်အပြင် ဖရိုဖရဲ နာကြည်းချက် လော့၏ ဝင်စားသူ ယွမ်လော့ကလည်း ဤကမ္ဘာတွင် ဘေးဒုက္ခ မျိုးစေ့များကို ချထားပြီး ဖြစ်သည်။

ကောင်းကင်နန်းတော်ကို မည်သို့ ရင်ဆိုင်ရမည်နှင့် ပတ်သက်၍ ကုအန် စဉ်းစားနေ၏။ တစ်နေ့တွင် သူသည် ရွေးချယ်မှု တစ်ခုကို ပြုလုပ်ရမည် ဖြစ်ကြောင်း သူ သိထားသည်။ ကောင်းကင်နန်းတော်နှင့် ပူးပေါင်းမည်လား၊ ဆန့်ကျင်မည်လား၊ သို့မဟုတ် နေရာအနှံ့ ပုန်းအောင်းနေထိုင်မည်လား ဆိုသည်ကိုပင်။

ကုအန်က အနာဂတ်အကြောင်း စဉ်းစားနေစဉ် အန်ရှင်းက သူ၏ နောက်တွင် ထွက်ပေါ်လာ၏။

"ဆရာ... ကျီကျိုက်ကို မဟာနတ်ဘုရားစွမ်းရည် တစ်ခုလောက် သင်ပေးလို့ ရမလား..." အန်ရှင်းက ကုအန်ကို အရိုအသေပေးပြီးနောက် မေးလိုက်သည်။ သူမ ကျွမ်းကျင်သော အစွမ်းအထက်ဆုံး မှော်စွမ်းရည်မှာ အမတဧကရာဇ် မျက်လုံး ဖြစ်သော်လည်း ဤမှော်စွမ်းရည်ကို လက်ဆင့်ကမ်းရန် ကုအန်က တင်းကျပ်စွာ တားမြစ်ထားသဖြင့် အန်ကျီကျိုက်အား သူမ မပြောရဲချေ။

အန်ကျီကျိုက်၏ ပါရမီနှင့် နားလည်နိုင်စွမ်း နှစ်ခုစလုံးက ထူးချွန်ပြီး သူ၏ လက်ရှိ ကျင့်ကြံခြင်း အောင်မြင်မှုများကလည်း အထင်ကြီးစရာ ကောင်းကာ ဘက်စုံ ထူးချွန်သည်။ သို့သော်လည်း ၎င်းက သူ့အတွက် သီးသန့် စွမ်းရည် ကင်းမဲ့နေစေသဖြင့် အန်ရှင်းမှာ အနည်းငယ် မကျေနပ်သလို ခံစားနေရ၏။

သက်တမ်းတာအိုနယ်မြေတွင် လူတိုင်း၌ မိမိတို့၏ အဆုံးစွန် လက်နက်အဖြစ် မဟာနတ်ဘုရားစွမ်းရည် တစ်ခုစီ ရှိကြသည်။

ကုအန်က ပြန်ပြောလိုက်သည်။ "သူတောင် သူ့ဘာသာ ပူပန်မနေတာကို မင်းက ဘာလို့ ဒီလောက် စိုးရိမ်နေရတာလဲ..."

အန်ရှင်းက အကူအညီမဲ့စွာ ပြန်ဖြေလိုက်၏။ "နောက်ဆုံးကျရင် သူက အစွမ်းထက်တဲ့သူတွေ၊ ပါရမီရှင်တွေ အများကြီးရှိတဲ့ ပေတောက်ဂိုဏ်းကို သွားပြီး ကလဲ့စားချေရမှာလေ... သူ့စွမ်းရည်နဲ့ဆို ကလဲ့စားချေဖို့ ခက်တယ်... ဘယ်လိုပဲဖြစ်ဖြစ် သူက ပေတောက်ဂိုဏ်းကို ရင်ဆိုင်ရမှာပဲဆိုတော့ ဘာလို့ ကြိုပြီး မသင်ပေးရမှာလဲ..."

"ဟုတ်လား..."

ကုအန်က ပျင်းရိပျင်းတွဲ ပြောလိုက်ပြီး ထိုကောင်လေး အန်ကျီကျိုက်ကို သင်ပေးရန် သိပ်စိတ်ဝင်စားပုံ မပေါ်ချေ။

အန်ရှင်းက သူ့ဘေးတွင် ထိုင်ချလိုက်ပြီး သူ၏ လက်မောင်းကို ဆွဲကာ ချွဲနွဲ့၍ ဆက်တိုက် တောင်းဆိုတော့သည်။ ယင်းက သူမ၏ ပုံမှန် တည်ကြည်လေးနက်သော အမူအရာကို စွန့်ပယ်လိုက်ခြင်းပင်။ အကယ်၍ ဤမြင်ကွင်းကို အန်ကျီကျိုက်သာ မြင်တွေ့သွားပါက အံ့အားသင့်သွားမည်မှာ အသေအချာပင်။

"ကောင်းပါပြီ... ကောင်းပါပြီ..."

သူ၏ အချစ်ရဆုံး တပည့်၏ ချွဲနွဲ့မှုကို မခံနိုင်တော့သဖြင့် ကုအန်က သဘောတူလိုက်ရတော့သည်။

"အခုထက် ပိုကောင်းတဲ့ အချိန် မရှိတော့ဘူး... ဒီနေ့ပဲ သူ့ကို သင်ပေးလိုက်မယ်..."

အန်ရှင်းမှာ ဝမ်းသာသွားပြီး မတ်တတ်ထရပ်ကာ သူနှင့်အတူ ထိုနေရာမှ ပျောက်ကွယ်သွား၏။

အမွှေးတိုင် တစ်တိုင်စာ အချိန် ကြာပြီးနောက် အဝတ်အစား သစ်လွင်စွာ ဝတ်ဆင်ထားပြီး လန်းဆန်းနေသော အန်ကျီကျိုက်က ကုအန်၏ နောက်သို့ ရောက်လာပြီး ရိုသေစွာ အရိုအသေ ပေးလိုက်သည်။ ငယ်စဉ်ကလို ကုအန်ကို မလေးမစား မလုပ်ဝံ့တော့ချေ။ အချို့သော အရာများကို ဖြတ်သန်းပြီးမှသာ ယခု သူပိုင်ဆိုင်ထားသည့် အရာတိုင်းက ရရှိရန် မည်မျှ ခက်ခဲကြောင်းကို သူ နားလည်လာခဲ့သည်။

ထို့ပြင် သူ ယခု ပိုင်ဆိုင်ထားသော အရာအားလုံးက ဘိုးဘေးကြောင့်သာ ဖြစ်သည်။

ဆရာဖြစ်သူက သူ့ကို တပည့်အဖြစ် လက်ခံသည့် အချိန်ကပင် ဘိုးဘေး၏ သဘောတူညီချက်ကို ရယူခဲ့ရ၏။

"မင်း ဘယ်လိုနတ်ဘုရားစွမ်းရည် သင်ချင်လဲ..."

ကုအန်က မတ်တတ်ထရပ်ပြီး သူ့ဘက်သို့ လှည့်ကာ မေးလိုက်သည်။

လေပြည်လေးက ကုအန်၏ အမည်းရောင် အဝတ်အစားကို ပွတ်တိုက်သွားပြီး လောကီ အနှောင်အဖွဲ့များမှ ကင်းလွတ်နေသော အနှောင်ဖွဲ့ကင်းသည့်အမတ အငွေ့အသက်ကို ထုတ်လွှတ်နေဆဲ ဖြစ်၏။

လမ်းတစ်လျှောက်တွင် အန်ကျီကျိုက်က ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သဖြင့် တုံ့ဆိုင်းခြင်း မရှိဘဲ ပြန်ဖြေလိုက်သည်။

"ကျွန်တော် လောကကြီးကို တရားမျှတမှု ယူဆောင်လာပေးနိုင်တဲ့၊ မတရားမှု အားလုံးကို အတင်းအကျပ် ဖိနှိပ်နိုင်တဲ့ နတ်ဘုရားစွမ်းရည်မျိုး သင်ချင်ပါတယ်..."

ကုအန်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားပြီး ရယ်ချင်စိတ်ဖြင့် ပြောလိုက်၏။ "မင်းစကားက သိပ်ကို တရားမျှတနေတာပဲ... လုံလောက်တဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ နတ်ဘုရားစွမ်းရည် တစ်ခု လိုချင်တယ်လို့ ပြောတာ မဟုတ်ဘူးလား..."

ထိုစကားကို ကြားသောအခါ အန်ကျီကျိုက်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်သည်။

ထိုအမူအရာကို ကြည့်၍ ကုအန်မှာ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိ၏။ ၎င်းက ပင်ပန်းနွမ်းနယ်ပြီး တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ ယခင်က သူ့ပုံစံနှင့် ပိုတူလာသည်။

"ငါ မကြာသေးခင်ကမှ မင်းကို ကျေနပ်စေနိုင်မယ့် လက်ဝါးသိုင်း တစ်ခုကို ဖန်တီးထားတယ်..." ကုအန်က ဆက်ပြောလိုက်၏။

"မကြာသေးခင်က ဖန်တီးလိုက်တာလား..."

အန်ကျီကျိုက်က အနည်းငယ် ချီတုံချတုံ ဖြစ်သွားပြီး ဘိုးဘေးက သူ့ကို အသုံးချ၍ စမ်းသပ်ချင်နေသည်လားဟု သံသယ ဝင်သွားသည်။ သူ့စရိုက်က အတော်လေး ပြောင်းလဲသွားသော်လည်း သူ၏ မှတ်ဉာဏ်က ကျန်ရှိနေဆဲ ဖြစ်သည်။ ဘိုးဘေးက အရာအားလုံးတွင် ကြီးကျယ်ခမ်းနားသော်လည်း သူ့ကို စနောက်ရသည်ကိုတော့ အလွန် သဘောကျပေသည်။

ကုအန်က မိတ်ဆက်ပေးလိုက်၏။ "ဒီလက်ဝါးသိုင်းကို သောင်းပြောင်း အထွတ်အထိပ် လက်ဝါးလို့ နာမည်ပေးထားတယ်... လက်ဝါးကွက် ခုနစ်ကွက် ပါဝင်တယ်... ပထမ လက်ဝါးကွက်ကို ကျွမ်းကျင်တာနဲ့တင် လောကကြီးရဲ့ ဖရိုဖရဲ ဖြစ်မှု အားလုံးကို နှိမ်နှင်းဖို့ လုံလောက်နေပြီ..."

All Chapters