အခန်း (၇၁၇-၇၁၈)
Vol. 60 Ch. 717-718
အခန်း (၇၁၇) လောကကို တည်ငြိမ်စေမည့် နတ်ဘုရားကဲ့သို့
"သောင်းပြောင်း အထွတ်အထိပ် လက်ဝါး..."
အန်ကျီကျိုက်က ထိုလက်ဝါးသိုင်း၏ အမည်ကို တိုးတိုးလေး ရေရွတ်လိုက်သည်။ ပထမ လက်ဝါးကွက်က လောကကြီး၏ ဖရိုဖရဲ ဖြစ်မှု အားလုံးကို နှိမ်နှင်းနိုင်သည်ဟု ကုအန် ပြောခဲ့သည်ကို ကြားလိုက်ရသဖြင့် သူ၏ ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားပြီး ဝမ်းသာအံ့ဩ ဖြစ်သွား၏။
နာမည်လေး ကြားရုံနှင့်တင် အစွမ်းထက်မည်မှာ အသေအချာပင်။
"ဘိုးဘေး... ကျွန်တော့်ကို သင်ပေးပါ..."
အန်ကျီကျိုက်က ချက်ချင်း ဒူးထောက်လိုက်ပြီး မျှော်လင့်ချက် အပြည့်ရှိသော မျက်နှာဖြင့် ပြောလိုက်သည်။
ကုအန်က သူ့ကို ကြည့်၍ ပြုံးကာ ပြောလိုက်၏။ "သောင်းပြောင်း အထွတ်အထိပ် လက်ဝါး ဆိုတာ ငါ မဟာတာအိုကို နားလည်သဘောပေါက်ပြီးနောက် ဖန်တီးခဲ့တဲ့ လျှို့ဝှက်စွမ်းရည် တစ်ခုပဲ... အဲဒီမှာ လက်ဝါးကွက် ခုနစ်ကွက် ပါဝင်ပြီး နတ်ဘုရားစွမ်းရည် ခုနစ်မျိုးနဲ့ ညီမျှတယ်... ငါ မင်းကို ပထမဆုံး သင်ပေးမယ့် လက်ဝါးကွက် နာမည်ကတော့ 'လောကကို တည်ငြိမ်စေမည့် နတ်ဘုရားကဲ့သို့' လို့ ခေါ်တယ်..."
အန်ကျီကျိုက်က စိတ်ရှည်လက်ရှည်ဖြင့် နားထောင်နေ၏။ ကုအန်က သူ့ကို သင်ပေးခြင်းမှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်ပြီး သူ၏ ပါရမီကို သက်သေပြချင်နေသဖြင့် အလွန် အာရုံစိုက်နေသည်။
တဖြည်းဖြည်းနှင့် သူ၏ စိတ်က နစ်မြောသွားတော့၏။
သူက တာအိုထဲသို့ ဝင်ရောက်သွားခြင်း ဖြစ်သည်။
သူ၏ နားလည်နိုင်စွမ်းက အံ့မခန်း ဖြစ်နေခြင်းကြောင့်တော့ မဟုတ်ပေ။ ကုအန်က သူ၏ တာအိုဆန္ဒဖြင့် သူ့ကို လမ်းပြပေးနေခြင်းကြောင့် ဖြစ်၏။
အန်ရှင်း ကိုယ်တိုင်က အကူအညီ တောင်းထားပြီး အန်ကျီကျိုက်သည်လည်း သောင်းပြောင်း အထွတ်အထိပ် လက်ဝါးကို ပထမဆုံး ကျင့်ကြံမည့်သူ ဖြစ်သဖြင့် ကုအန်က သဘာဝကျကျပင် စိတ်အားထက်သန်စွာ သင်ကြားပေးနေခဲ့သည်။ အန်ကျီကျိုက်၏ သောင်းပြောင်း အထွတ်အထိပ် လက်ဝါးက သေချာပေါက် နာမည်ကျော်ကြားလာစေရန် သူက သေချာ ဂရုစိုက်ပေးရမည်သာ ဖြစ်၏။
အချိန် မည်မျှ ကြာသွားသည်ကိုတော့ မသိချေ။
အန်ကျီကျိုက် နိုးလာသောအခါ သူ၏ မျက်လုံးများက ကြည်လင်နေပြီး ညဘက်ပင် ရောက်နေခဲ့ပြီ ဖြစ်သည်။
သူက ပတ်ဝန်းကျင်ကို အလိုအလျောက် ဝေ့ကြည့်လိုက်သော်လည်း ဘိုးဘေး၏ ပုံရိပ်ကို မတွေ့ရချေ။ သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ စိတ်ထဲမှ အသိအမြင်များကို ပြန်လည် စဉ်းစားလိုက်ရာ သူ၏ ဝိညာဉ်မှာ တုန်ခါသွားတော့သည်။
ဤမျှ အစွမ်းထက်သော နတ်ဘုရားစွမ်းရည်မျိုးကို ယခင်က သူ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ သူက ကျွမ်းကျင်အောင်ပင် မလုပ်နိုင်သေးဘဲ လက်ခံရရှိထားသော မှတ်ဉာဏ်များကို ပြန်လည် စဉ်းစားကြည့်ရုံနှင့်တင် ဤနတ်ဘုရားစွမ်းရည်က လောကတွင် ပြိုင်ဘက်ကင်း ဖြစ်ကြောင်း သူ ခံစားနေရ၏။
ဤသည်မှာ ပထမဆုံး လက်ဝါးကွက်သာ ဖြစ်သေးသည်။ သတ္တမမြောက် လက်ဝါးကွက်တွင် မည်ကဲ့သို့သော မယုံနိုင်လောက်သည့် စွမ်းအားမျိုး ပါဝင်နေမည်နည်း။
ဘိုးဘေး၏ တာအိုကျင့်ကြံမှု အပေါ် သူက ပထမဆုံး အကြိမ်အဖြစ် ပြင်းပြင်းထန်ထန် စပ်စုချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
ဤကဲ့သို့သော နတ်ဘုရားစွမ်းရည်ကို ဖန်တီးနိုင်ရန် မည်ကဲ့သို့သော ကျင့်ကြံခြင်း အဆင့်မျိုး လိုအပ်မည်နည်း။
အန်ကျီကျိုက်က ကုအန်၏ ဘေးတွင် လိုက်ပါ၍ ကျင့်ကြံချင်စိတ်များ ရုတ်တရက် ဖြစ်ပေါ်လာ၏။ ယခင်က ကုအန်က စိတ်ရှုပ်စရာ ကောင်းသည်ဟု ထင်မှတ်ပြီး အကွာအဝေး တစ်ခုမှသာ နေခဲ့သော်လည်း ယခုအခါ ကုအန်နှင့် ပတ်သက်သည့် အရာအားလုံးကို သူ သိချင်နေပြီ ဖြစ်သည်။
ဘိုးဘေးရဲ့ တာအိုကျင့်ကြံမှုက ဘယ်လောက်တောင် မြင့်မားနေမလဲ...
သူက ဘယ်လို ဘဝမျိုးကို ဖြတ်သန်းခဲ့ရတာလဲ...
ဘိုးဘေးက ဘာလို့ လောကကြီးထဲကို ထွက်လာဖို့ ငြင်းဆန်နေရတာလဲ...
မေးခွန်းပေါင်းများစွာက အန်ကျီကျိုက်၏ အသစ်ပြန်လည် မွေးဖွားလာသည့် ခံစားချက်ကို လှုံ့ဆော်ပေးခဲ့ပြီး သူ၏ ရင်ထဲတွင် တိုက်ခိုက်လိုစိတ်များဖြင့်ပင် ပြည့်နှက်သွားစေ၏။
ထို့ကြောင့် နောက်ရက်များတွင် အန်ကျီကျိုက်က ကုအန်၏ အနားတွင်သာ အမြဲ ကပ်နေတော့သည်။ ကုအန် နယ်မြေတွင် ရှိနေသရွေ့ ကုအန်၏ ဘေးသို့ သွားရောက်ကာ သောင်းပြောင်း အထွတ်အထိပ် လက်ဝါးကို ကျင့်ကြံတော့၏။
အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ ဝူရှီ တပည့်များကလည်း ကုအန်သည် နတ်ဘုရားစွမ်းရည် တစ်ခုကို ဖန်တီးလိုက်ကြောင်း တဖြည်းဖြည်း သိလာကြသည်။ သို့သော်လည်း သောင်းပြောင်း အထွတ်အထိပ် လက်ဝါးကို မည်သို့ ကျင့်ကြံရမည် ဆိုသည်နှင့် ပတ်သက်၍ အန်ကျီကျိုက်အား သူတို့ မမေးမြန်းကြချေ။ ကုအန်၏ အမိန့်မပါဘဲ သူတို့က အလျင်စလို မလုပ်ရဲကြပေ။
ဤသည်က နှစ်တစ်သိန်းပေါင်းများစွာ အတွင်း ပျိုးထောင်ထားသော စည်းကမ်းချက် တစ်ခု ဖြစ်သည်။ တပည့်များသည် နတ်ဘုရားစွမ်းရည်များကို အချင်းချင်း ဖလှယ်လေ့ မရှိကြဘဲ မိမိတို့၏ ကိုယ်ပိုင် နတ်ဘုရားစွမ်းရည်များ အပေါ်တွင်သာ အပြည့်အဝ ယုံကြည်မှု ရှိကြ၏။
...
ဟင်းလင်းပြင် အတွင်း၌ မရေမတွက်နိုင်သော ဥက္ကာပျံများက အမှောင်ထုထဲတွင် တိတ်ဆိတ်စွာ ပေါလောပေါ်နေကြသည်။
သွေးကျဉ်းထောင် သူတော်စင်နှင့် ဖန်းရွှမ်တို့က ပခုံးချင်းယှဉ်လျက် အတူတကွ ကျင့်ကြံနေကြ၏။
ဖန်းရွှမ်က မျက်လုံးဖွင့်လိုက်ပြီး ညစ်ညမ်းသော လေတစ်ချက်ကို မှုတ်ထုတ်လိုက်ရာ သူ၏ မျက်လုံးများက ရှုပ်ထွေးသွားသည်။
"မင်းက ဝင်စားခြင်း ဘဝ ဘယ်လောက်များများ ဖြတ်သန်းပြီးပြီလဲ..." သွေးကျဉ်းထောင် သူတော်စင်၏ အသံက သူ၏ ဘေးမှ ထွက်ပေါ်လာပြီး ထိုလေသံတွင် ပင်ပန်းနွမ်းနယ်မှုများ ပါဝင်နေလေသည်။
ဖန်းရွှမ်က လှည့်ကြည့်လိုက်ရာ သွေးကျဉ်းထောင် သူတော်စင်၏ အမူအရာကလည်း အနည်းငယ် ခြောက်ကပ်နေကြောင်း မြင်တွေ့လိုက်ရပြီး သူက ပြန်ဖြေလိုက်သည်။ "၂၇ ဘဝ... အားလုံးက ခါးသီးလွန်းတယ်..."
သွေးကျဉ်းထောင် သူတော်စင်က သက်ပြင်းချ၍ ဆက်ပြောလိုက်၏။ "ငါကတော့ ၂၁ ဘဝပဲရှိသေးတယ်... ငါ့ဘဝတွေကလည်း ခါးသီးတာပဲ..."
နှစ်ယောက်စလုံးမှာ အတူတကွ တိတ်ဆိတ်သွားကြသည်။
အချိန်အတန်ကြာပြီးနောက်။
"ကျရှုံးမှု အလုံအလောက်ကို ဖြတ်သန်းလိုက်ရတာက အနာဂတ်ရဲ့ အခက်အခဲ အားလုံးအတွက် ကြိုတင် ပြင်ဆင်ပြီးသား ဖြစ်သွားနိုင်တယ်... မူလဘူတ တာအိုဧကရာဇ်ရဲ့ စွမ်းအားက ကျင့်ကြံခြင်း အဆင့်နဲ့ နတ်ဘုရားစွမ်းရည်တွေ အပေါ်မှာတင် မဟုတ်ဘဲ ကြံ့ခိုင်တဲ့ တာအိုနှလုံးသား အပေါ်မှာလည်း မူတည်တယ်..." ဖန်းရွှမ်က သက်ပြင်းချ၍ ပြောလိုက်၏။
အစစ်အမှန် မူလဘူတ တာအိုဧကရာဇ်သည် ဝင်စားခြင်း ဘဝ မည်မျှ ကြုံတွေ့ခဲ့ရမည်ကို သူ ခန့်မှန်း၍ပင် မရနိုင်ချေ။ မဟာတာအိုနှင့် အရာအားလုံးကို ကြည့်ရှုရာတွင် မည်ကဲ့သို့သော စိတ်နေသဘောထားမျိုး ရှိမည်နည်း။
မူလဘူတ တာအိုဧကရာဇ်သည် နာမည်ကျော်ကြားမှု သို့မဟုတ် အကျိုးအမြတ်ကို လိုလားသော ဆန္ဒ မရှိတော့ဘဲ လောကီအနှောင်အဖွဲ့များမှ ကင်းလွတ်နေပြီ ဖြစ်သောကြောင့် ယခင်က သူတို့ မကြားဖူးခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
သွေးကျဉ်းထောင် သူတော်စင်က ခေါင်းညိတ်၍ ပြောလိုက်သည်။ "ဒီလမ်းစဉ်ကို ကျင့်ကြံရင်းနဲ့ အောင်မြင်မှုတွေ ပိုများလာလေလေ၊ မူလဘူတ တာအိုဧကရာဇ် အပေါ် ပိုပြီး ကြည်ညိုလာလေလေပဲ... ငါ့ဆရာက ဒီလမ်းစဉ်ကို ကျင့်ကြံဖို့ ဘာလို့ လွှတ်လိုက်လဲ ဆိုတာ မအံ့ဩတော့ဘူး... မူလဘူတ တာအိုဧကရာဇ်က တာအိုဧကရာဇ်ထက် ပိုအစွမ်းထက်တယ်လို့ ငါ ခံစားရတယ်..."
ဖန်းရွှမ်က ပြုံး၍ ပြန်ဖြေလိုက်သည်။ "ဒါကတော့ ရှောင်လွှဲလို့ မရဘူး... တာအိုဧကရာဇ်က သတ်ဖြတ်ခြင်း သက်သက်ကိုပဲ အားကိုးပြီး နှလုံးသားကို မကျင့်ကြံဘူးလေ..."
သူတို့ နှစ်ယောက်က မူလဘူတ တာအိုဧကရာဇ် အပေါ် သူတို့၏ တောင့်တမှုများကို ဆက်တိုက် ဖော်ပြနေကြ၏။ ယခုအချိန်အထိ သူတို့ ကျင့်ကြံနေခဲ့သော်လည်း သူတို့၏ တာအိုလမ်းစဉ် ပြီးပြည့်စုံမည့် နေ့ကို မမြင်နိုင်သေးချေ။
သို့သော်လည်း တစ်ယောက်နှင့် တစ်ယောက် အဖော်ရနေသဖြင့် ပို၍ ယုံကြည်မှု ရှိလာပြီး စိတ်ရှုပ်ထွေးမှုများလည်း နည်းပါးသွားတော့သည်။
သူတို့ နှစ်ယောက် အပြန်အလှန် စကားပြောနေစဉ် အမှောင်ထု၏ အနက်ရှိုင်းဆုံး နေရာမှ တောက်ပသော အလင်းတန်း တစ်ခု ပေါက်ကွဲထွက်လာပြီး သူတို့၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
လွှမ်းမိုးနိုင်စွမ်း ရှိသော အငွေ့အသက် တစ်ခု လွင့်ပျံလာရာ သူတို့ နှစ်ယောက်စလုံး မျက်မှောင်ကြုတ်သွားကြသည်။
ဘုန်း...။
ထိတ်လန့်ဖွယ်ရာ အလင်းတန်း တစ်ခုက လျင်မြန်စွာ ပစ်ခတ်လာပြီး သွေးကျဉ်းထောင် သူတော်စင်နှင့် ဖန်းရွှမ်တို့ ရှိနေသည့် ဟင်းလင်းပြင်ကို နေ့ဘက်ကဲ့သို့ လင်းထိန်သွားစေ၏။
သူတို့ နှစ်ယောက် အပေါ်သို့ မော့ကြည့်လိုက်ရာ ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ အမည်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အတွင်းမှ သံကြိုးခွေ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးက ဟင်းလင်းပြင်တွင် ရပ်နေ၏။ သူ၏ မျက်နှာက တည်တင်းနေပြီး မျက်လုံးများက မြွေတစ်ကောင်ကဲ့သို့ ဖြစ်နေကာ သွေးကျဉ်းထောင် သူတော်စင်နှင့် ဖန်းရွှမ်တို့ကို မျက်မှောင်ကြုတ်၍ ငုံ့ကြည့်နေသည်။
သွေးကျဉ်းထောင် သူတော်စင်က အရင်ဆုံး မေးလိုက်၏။
"တစ်ခုခု အကူအညီ လိုလို့လား..."
တစ်ဖက်လူ၏ အငွေ့အသက်က အစွမ်းထက်နေသော်လည်း သူက လုံးဝ ကြောက်ရွံ့မနေချေ။ အဆိုးဆုံး အနေဖြင့် သူတို့က တိုက်ခိုက်ရမည်သာ ဖြစ်သည်။ သူ တိုက်ပွဲ မဝင်ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ဖန်းရွှမ်က သွေးကျဉ်းထောင် သူတော်စင်ကို တစ်ချက် ကြည့်လိုက်ပြီး ဤသွေးသောက်ညီအစ်ကိုက သူ ထင်ထားသည်ထက် ပို၍ စစ်သွေးကြွနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ အကြောင်းမှာ သွေးကျဉ်းထောင် သူတော်စင်၏ လေသံတွင် စိတ်အားထက်သန်မှုများ ပါဝင်နေသည်ကို သူ ကြားလိုက်ရသောကြောင့် ဖြစ်သည်။
ဖန်းရွှမ်သည် ပါရမီရှင် တစ်ဦးဟု သတ်မှတ်ခံထားရသော်လည်း သူက တိုက်ခိုက်ရသည်ကို မနှစ်သက်ချေ။ သူ့အမြင်တွင် အမတ ကျင့်ကြံခြင်း ဆိုသည်မှာ အမြဲတမ်း တိုက်ခိုက်ရန မလိုအပ်ပေ။ တိုက်ခိုက်ခြင်း ဆိုသည်မှာ အဆုံးစွန် နောက်ဆုံး ရွေးချယ်စရာ သက်သက်သာ ဖြစ်သည်။
"ကောင်းကင်နန်းတော်က ဧကရာဇ် လမ်းစဉ်ပေါ် လျှောက်လှမ်းနေတဲ့သူတွေကို ဖမ်းဆီးနေတယ်... မင်းတို့ နှစ်ယောက်ဆီမှာ တာအိုဧကရာဇ်ရဲ့ ကံကြမ္မာ မရှိပေမဲ့ မင်းတို့ဆီက ကံကြမ္မာက အတော်လေး ထူးခြားနေတယ်... ပြီးတော့ ကောင်းကင်နန်းတော်က မင်းတို့ကို ပစ်မှတ်ထားလာနိုင်တယ်... မဟာတာအို လမ်းစဉ်ကနေ မြန်မြန် ထွက်သွားကြတော့..."
အမည်းရောင် ဝတ်ရုံရှင်က သွေးကျဉ်းထောင် သူတော်စင်နှင့် ဖန်းရွှမ်တို့ကို ငုံ့ကြည့်ပြီးနောက် လှည့်ထွက်သွား၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဟင်းလင်းပြင်ကို ဖျက်ဆီး၍ အရိပ်အယောင်မျှပင် မကျန်အောင် ပျောက်ကွယ်သွားတော့သည်။
"ကောင်းကင်နန်းတော်လား..."
သွေးကျဉ်းထောင် သူတော်စင် မျက်မှောင်ကြုတ်သွား၏။ ဤနာမည်ကို သူ ယခင်က ကြားဖူးသော်လည်း များများစားစား မသိထားချေ။ ဒဏ္ဍာရီလာ အမတနတ်ဘုရားများက ကောင်းကင်နန်းတော်မှ လာကြောင်းနှင့် ၎င်းက ကောင်းကင်တာအိုကို ကိုယ်စားပြုကြောင်းလောက်သာ သူ သိထား၏။
ဖန်းရွှမ်က ကောင်းကင်ရုံးတော် အကြောင်းကို ပို၍ သိထားသဖြင့် သူ၏ မျက်နှာ အမူအရာက အကျည်းတန်သွား၏။ သူက တိုးတိုးလေး ပြောလိုက်သည်။ "မရှိဘူးလို့ ထင်နေတာထက်စာရင် ရှိတယ်လို့ ယုံလိုက်တာက ပိုကောင်းတယ်... ငါတို့ ပုန်းအောင်းဖို့ နေရာတစ်ခု ရှာသင့်တယ်... အနည်းဆုံးတော့ မဟာတာအို လမ်းစဉ်ရဲ့ အဓိက နေရာကနေ ဝေးဝေးမှာ နေသင့်တယ်"
သွေးကျဉ်းထောင် သူတော်စင်က စူးရဲစွာ ကြည့်၍ ပြောလိုက်၏။ "ကောင်းကင်နန်းတော် ဆိုရင်ကော ဘာဖြစ်လဲ... ဒါက မဟာတာအို လမ်းစဉ်လေ... ဒီနေရာကို တစ်ဦးတည်း ကြီးစိုးနိုင်တဲ့ အင်အားစု ရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး..."
အကယ်လို့ သူထွက်သွားရင် သူ၏ ဆရာသခင် ပေးအပ်ထားသော တာဝန်များကို မည်သို့ ဆက်လက် လုပ်ဆောင်ရမည်နည်း။
ဖန်းရွှမ်က ဆက်လက် ဖြောင်းဖျရန် ပြင်လိုက်စဉ်မှာပင် ကျယ်ပြန့်သော ဖိအားကြီး တစ်ခုက ရုတ်တရက် ကျဆင်းလာပြီး သူတို့ နှစ်ယောက်စလုံးကို လွှမ်းခြုံသွားရာ သူတို့၏ မျက်နှာ အမူအရာများ ပြောင်းလဲသွားကြ၏။ သူတို့က အလိုအလျောက် လှည့်ကြည့်လိုက်ကြသည်။
အမည်းရောင် ဝတ်ရုံရှင် ထွက်ပေါ်လာသည့် အရပ်မှ ရွှေရောင် အလင်းတန်း တစ်ခုက သူတို့ဆီသို့ လျင်မြန်စွာ ပြန့်ကျလာပြီး နားကွဲမတတ် ခြေသံများလည်း ထွက်ပေါ်လာ၏။ လူသောင်းနှင့်ချီ၍ အတူတကွ ချီတက်လာသကဲ့သို့ပင်။
သွေးကျဉ်းထောင် သူတော်စင်က သူ၏ တာအိုရတနာ ကောင်းကင်ခွဲသွေးငရဲဓားကို ချက်ချင်း ထုတ်ယူလိုက်သည်။ တာအိုရတနာ ထွက်ပေါ်လာသည်နှင့် သူ ရင်ဆိုင်နေရသော ဖိအားများက ချက်ချင်း အားနည်းသွားတော့၏။
ဖိအားများကြောင့် ရွေ့လျား၍ မရဘဲ ဖြစ်နေသော သူ့ဘေးရှိ ဖန်းရွှမ်ကို သူက ဆွဲကိုင်လိုက်ပြီး ထွက်ပြေးရန် လှည့်လိုက်သည်။
"ဟမ်... မင်းတို့က ဘယ်ကို သွားမလို့လဲ..."
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား၏ အေးစက်စက် နှာမှုတ်သံက အနောက်မှ ထွက်ပေါ်လာ၏။ သွေးကျဉ်းထောင် သူတော်စင် ခေါင်းမလှည့်ရသေးမီမှာပင် ဆန့်ကျင်၍ မရနိုင်သော ဆွဲငင်အား တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ တာအိုရတနာကပင် ဤဆွဲငင်အားကို အပြည့်အဝ မခုခံနိုင်ချေ။
သွေးကျဉ်းထောင် သူတော်စင်မှာ အလွန် ထိတ်လန့်သွားပြီး ခေါင်းကို အလိုအလျောက် လှည့်ကြည့်လိုက်ရာ ဧရာမ ချောက်နက် ပါးစပ်ကြီး တစ်ခုကဲ့သို့ အရာအားလုံးကို မျိုချနေသည့် အဆုံးမဲ့ အမှောင်ထုက သူ့ကို မျိုချတော့မည်ကို မြင်တွေ့လိုက်ရသည်။
အခန်း (၇၁၈) ခန့်မှန်းရခက်သော ဘိုးဘေး
သက်တမ်းတာအိုနယ်မြေ အတွင်း၌ ဆည်းဆာအချိန် ဖြစ်၏။
ကုအန်က ခြံဝင်းအတွင်း၌ သစ်သားရုပ်တု တစ်ခုကို ထုဆစ်နေပြီး ရှန်းကျန်က ရတနာ သန့်စင်မီးဖိုရှေ့တွင် ကျင့်ကြံနေသည်။ အန်ကျီကျိုက်က ခြံစည်းရိုး တံတိုင်းပေါ်တွင် နက်နက်ရှိုင်းရှိုင်း တွေးတောနေကာ နေဝင်ဆည်းဆာ အလင်းရောင်က ခြံဝင်းတစ်ခုလုံးကို ငြိမ်းချမ်းပြီး သဟဇာတဖြစ်သော အငွေ့အသက်ကို လွှမ်းခြုံထား၏။
ရုတ်တရက် ကုအန်က မျက်ခုံးများကို အနည်းငယ် ပင့်လိုက်သည်။ သွေးကျဉ်းထောင် သူတော်စင်နှင့် ဖန်းရွှမ်တို့ ဖမ်းဆီးခံလိုက်ရကြောင်း သူ အာရုံခံမိလိုက်ပြီး ကံကြမ္မာ ကြိုးမျှင်များက ရုတ်ခြည်း မှုန်ဝါးသွား၏။
ကောင်းကင်နန်းတော်
ကောင်းကင်နန်းတော်သာလျှင် ကံကြမ္မာကို ဤမျှ မှုန်ဝါးသွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။ ကံကောင်းထောက်မစွာဖြင့် သွေးကျဉ်းထောင် သူတော်စင်နှင့် ဖန်းရွှမ်တို့တွင် မူလဘူတ တာအိုဧကရာဇ်၏ ကံကြမ္မာ ပါရှိနေသဖြင့် သူတို့၏ ခြေရာကို လိုက်လံ ခြေရာခံနိုင်သေး၏။
ကုအန်က မူလဘူတ တာအိုဧကရာဇ်၏ ကံကြမ္မာမှတစ်ဆင့် သူတို့၏ လမ်းကြောင်းကို လိုက်လံ ခြေရာခံလိုက်ရာ သွေးကျဉ်းထောင် သူတော်စင်နှင့် ဖန်းရွှမ်တို့၏ ဒုက္ခကို မြင်တွေ့လိုက်ရသည်။
ဟင်...
ထိုက်ဝေ့ မဟာကမ္ဘာ အတွင်းရှိ နတ်ဘုရားနန်းတော်ကို ကုအန် ရုတ်တရက် သတိရသွား၏။
နတ်ဘုရားနန်းတော်ကလည်း အမတနတ်ဘုရားများကို သတ္တဝါများ ဖမ်းဆီးရာတွင် ကူညီပေးပြီး ၎င်းတို့ကို မီးဖိုထဲသို့ ပစ်ချလေ့ရှိသည်။ ယခုလည်း သွေးကျဉ်းထောင် သူတော်စင်နှင့် ဖန်းရွှမ်တို့မှာ ထိုကဲ့သို့သော ကံကြမ္မာမျိုးနှင့် ရင်ဆိုင်နေရ၏။
ဤအမတနတ်ဘုရားများက ကောင်းကင်ဧကရာဇ် နေရာအတွက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြခြင်းများ ဖြစ်နိုင်မည်လား။
ကုအန်က မတ်တတ်ထရပ်လိုက်ပြီး ပျင်းရိပျင်းတွဲ အကြောဆန့်လိုက်သည်။
သူက အန်ကျီကျိုက်ကို ကြည့်၍ ရုတ်တရက် အတွေးတစ်ခု ရသွား၏။
မည်သို့ပင်ဖြစ်စေကာမူ အန်ကျီကျိုက်သည် ဝူရှီ၏ တတိယမျိုးဆက် တပည့်များထဲတွင် အကြီးဆုံး တပည့်ဖြစ်သဖြင့် နောက်ဆုံးတွင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့် စွမ်းရည်နှင့် အသိအမြင်များ ရှိထားရမည်သာ ဖြစ်သည်။
လောလောဆယ်တွင် အန်ကျီကျိုက်၌ အသိအမြင်များ အလွန်အမင်း ကင်းမဲ့နေပြီး လွတ်ငြိမ်းရာအမတအဆင့်ကိုပင် အမတကျင့်ကြံခြင်း၏ အမြင့်ဆုံးအဆင့်ဟု သတ်မှတ်ထားဆဲ ဖြစ်၏။
"ကျီကျိုက်... ငါ အပြင်ထွက်ပြီး သွားကြည့်မလို့... အဲဒီမှာ တိုက်ပွဲတွေ ပါဝင်လာနိုင်တယ်... မင်း လိုက်ကြည့်ချင်လား..."
ကုအန်က ပြောလိုက်ရာ ထိုစကားကို ကြားသည်နှင့် အန်ကျီကျိုက်က စိတ်ဝင်စားသည့် အမူအရာဖြင့် သူ့ဘက်သို့ ခေါင်းလှည့်လာ၏။
သူတင်မကဘဲ ရှန်းကျန်ကပါ စပ်စုချင်စိတ် ပြည့်နှက်နေသော မျက်လုံးများဖြင့် ကုအန်ကို ကြည့်လာသည်။
"ဘိုးဘေး... ကျွန်တော် လိုက်သွားရင် ဘိုးဘေးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမှာကို စိုးရိမ်တယ်"
အန်ကျီကျိုက်က လိုက်သွားချင်သော်လည်း ယခင်က သူ၏ အပြင်ထွက်၍ အတွေ့အကြုံ ယူခဲ့သော အဖြစ်အပျက်များကို သတိရလိုက်မိသဖြင့် ချီတုံချတုံ ဖြစ်သွား၏။
ကုအန်က ပြုံး၍ ပြောလိုက်သည်။ "စိတ်မပူပါနဲ့... မင်း လှုပ်ရှားစရာ မလိုပါဘူး... ဒီလို အခွင့်အရေးမျိုးက ရှားတယ်... သေချာ စဉ်းစားကြည့်ပါ..."
ထိုစကားကို ကြားသောအခါ အန်ကျီကျိုက်မှာ တိတ်ဆိတ်သွား၏။ ထိုအခိုက်တွင် ရှန်းကျန်က ဝင်ပြောလိုက်သည်။ "မင်းရဲ့ ဘိုးဘေးက မင်းရဲ့ အမြင်ကျယ်လာအောင် လုပ်ပေးချင်တာ... မင်းက ဝူရှီရဲ့ ပထမဆုံး တတိယမျိုးဆက် တပည့်လေ... အနာဂတ်မှာ ဂျူနီယာ ညီအစ်ကို မောင်နှမတွေ အများကြီး ရှိလာမှာ သေချာတယ်... မင်းရဲ့ လက်ရှိ အခြေအနေနဲ့ အကြီးဆုံး တပည့်အဖြစ် အရည်အချင်း ပြည့်မီတယ်လို့ မင်း ထင်နေတာလား..."
သူမ၏ စကားများက နားဝင်ချို့ခြင်း မရှိလှဘဲ လှောင်ပြောင်မှု အနည်းငယ် ပါဝင်နေသော်လည်း အန်ကျီကျိုက်ကို ဒေါသ မထွက်စေခဲ့ချေ။
အန်ကျီကျိုက်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ရှန်းကျန်၏ စကားများတွင် အကြောင်းပြချက် ရှိကြောင်း တွေ့လိုက်ရ၏။ သူက ရှန်ကျန်းကို ကျေးဇူးတင်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ကုအန်အား ပြောလိုက်သည်။ "ဘိုးဘေး... ကျွန်တော် လိုက်ခဲ့ပါ့မယ်..."
ကုအန်က သူ့လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်ရာ အန်ကျီကျိုက်က သူ့ဆီသို့ ပြင်းထန်သော လေပြင်းတစ်ရပ် တိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး အလိုအလျောက် မျက်လုံးမှိတ်လိုက်မိ၏။
ထို့နောက် အန်ကျီကျိုက်မှာ မျက်လုံး ဖွင့်၍ မရတော့ဘဲ မိမိကိုယ်ကိုယ် ပြုတ်ကျနေသည်ဟုသာ ခံစားနေရကာ သူ၏ နတ်အာရုံကိုလည်း ဖြန့်ကျက်၍ မရသဖြင့် အလိုအလျောက် တင်းမာသွားမိသည်။
အချိန်အတန်ကြာပြီးနောက် အန်ကျီကျိုက်က သူ၏ ခြေထောက်များ မြေပြင်နှင့် ထိတွေ့သွားသည်ကို ခံစားလိုက်ရပြီး အလိုအလျောက် မျက်လုံးဖွင့်ကြည့်လိုက်ရာ ကုအန်၏ ကျောပြင်ကို မြင်တွေ့လိုက်ရ၏။
သူ့ရှေ့တွင် ဘိုးဘေး ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူ သက်ပြင်းချနိုင်သွားသည်။
သူက စကားမပြောဘဲ ပတ်ဝန်းကျင်ကို လေ့လာရန် ခေါင်းမော့ကြည့်လိုက်၏။ သူက မှိုင်းညို့နေသော ကမ္ဘာတစ်ခု အတွင်းသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ ကောင်းကင်ယံက ကြယ်ကင်းစင်သော ညကောင်းကင်ကဲ့သို့ မည်းမှောင်နေပြီး ပျက်စီးနေသော မြေပြင်နှင့် မီးလောင်ကျွမ်းထားသည့် မြေစာပုံများမှ မီးပွားများနှင့် အခိုးအငွေ့များ ထွက်ပေါ်နေကာ တဖြည်းဖြည်းဖြင့် အပူရှိန်ကို ခံစားလာရစေသည်။
"ဒီနေရာက ဘယ်နေရာလဲ..."
အန်ကျီကျိုက်၏ ရင်ထဲတွင် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်သွားပြီး သူ၏ ဘိုးဘေးထံသို့သာ လှမ်းကြည့်လိုက်ရ၏။
ကုအန်က ပြောလိုက်သည်။ "ငါတို့က ဧရာမ မီးဖိုကြီး တစ်ခုထဲမှာ ရောက်နေတာ... အဲဒီမှာ အမတလမ်းစဉ်ကိုးခု အထက်က သက်ရှိထောင်ပေါင်းများစွာ ဆင်းရဲဒုက္ခ ခံစားနေကြရတယ်"
အမတလမ်းစဉ်ကိုးခု အထက်ကလား။
ထောင်ပေါင်းများစွာတောင်လား။
အန်ကျီကျိုက်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့ဩလွန်း၍ ပါးစပ် အဟောင်းသား ဖြစ်သွားရကာ သူ၏ လောကအမြင်မှာ ပြင်းထန်သော ရိုက်ခတ်မှု တစ်ခုကို ခံစားလိုက်ရ၏။
သူ၏ နားလည်မှုအရ အမတလမ်းစဉ်ကိုးခု ဆိုသည်မှာ အမြင့်ဆုံး အဆင့်ဖြစ်ပြီး ၎င်းထက် ကျော်လွန်သော သူများမှာ မည်မျှ အစွမ်းထက်မည်ကို သူ မှန်းဆ၍ပင် မရနိုင်ချေ။
သို့သော်လည်း ထိုကဲ့သို့ အစွမ်းထက်သော သက်ရှိ ထောင်ပေါင်းများစွာက ဤနေရာတွင် ဖိနှိပ်ခံထားရသည်တဲ့လား။
"လွတ်ငြိမ်းရာအမတအဆင့်ရဲ့ အထက်မှာ တာအိုအသီး အဆင့် ရှိတယ်... ဒါကို အာကာပြင်တာအိုအမတ၊ မူလဘူတအနှောင်ဖွဲ့ကင်းအမတနဲ့ ကောင်းကင်တက်လှမ်းခြင်း နှောင်ဖွဲ့ကင်းအမတ အဆင့်ဆိုပြီး ခွဲခြားထားတယ်... သူ့ရဲ့ အထက်မှာ ရွှေအမတ တာအိုအသီး အဆင့် ရှိပြီး မူလဘူတရွှေအမတ၊ ဟန်ထျန်းရွှေအမတနဲ့ ထိုက်ချင်း ရွှေအမတ အဆင့်ဆိုပြီး ထပ်ခွဲထားတယ်..."
ကုအန်က အဝေးသို့ လှမ်းကြည့်ရင်း ညင်သာစွာ မိတ်ဆက်ပေးလိုက်ရာ အန်ကျီကျိုက်ကို ပို၍ပင် အံ့အားသင့်သွားစေ၏။
လွတ်ငြိမ်းရာအမတအဆင့်ရဲ့ အထက်မှာ ဒီလောက်တောင် အဆင့်တွေ အများကြီး ရှိနေတာလား။ ဘိုးဘေးကကော ဘယ်အဆင့်မှာ ရှိနေတာလဲ။
သူ၏ အလိုအလျောက် သိစိတ်က ဘိုးဘေးသည် ထိုက်ချင်း ရွှေအမတ အဆင့် ဖြစ်နိုင်ကြောင်း ပြောပြနေ၏။ သို့မဟုတ်လျှင် သူက ဤမျှလောက် များစွာကို မည်သို့ သိရှိနိုင်မည်နည်း။
အန်ကျီကျိုက်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ "ဘိုးဘေး... ရန်သူက ဘယ်သူလဲ၊ သူတို့က ဘယ်မှာလဲ..."
ကုအန်က ဖုံးကွယ်မထားဘဲ ပြန်ဖြေလိုက်၏။ "ဒီမီးဖိုကြီးရဲ့ ပိုင်ရှင်က ကောင်းကင်နန်းတော်က အမတနတ်ဘုရား တစ်ပါးပဲ... ငါ့ရဲ့ စီးတော်ယာဥ်က ဒီနေရာမှာ အဖမ်းခံထားရလို့ ငါတို့ သည်ကို ရောက်လာတာ..."
"ဦးလေး သွေးကျဉ်းထောင်လား..." အန်ကျီကျိုက်က မျက်လုံးများ အရောင်လက်သွားကာ မေးလိုက်သည်။
သွေးကျဉ်းထောင် သူတော်စင်က နွားတစ်ကောင် ဖြစ်သော်လည်း ဝူရှီ အတွင်းတွင် တပည့်တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး အန်ကျီကျိုက်မှာ သူ၏ နာမည်ကို ငယ်စဉ်ကတည်းက ကြားဖူးထား၏။
ဝူရှီ၏ တပည့်များထဲတွင် သွေးကျဉ်းထောင် သူတော်စင်က သူ၏ ဆရာပြီးလျှင် ဒုတိယ အစွမ်းအထက်ဆုံး ဖြစ်ပြီး ကြီးမားလှသော စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။
"ဟုတ်တယ်... သူပဲ..."
ကုအန်က ပြန်ဖြေလိုက်၏။ သူက သွေးကျဉ်းထောင် သူတော်စင်နှင့် ဖန်းရွှမ်တို့ မီးဖိုကြီး အတွင်း၌ ရှိနေကြောင်းကို အာရုံခံမိပြီး ဖြစ်သည်။ သူတို့က မီးဖိုထဲမှ ထွက်ပြေးရန် ကြိုးစားနေကြသော်လည်း မည်သို့ပင် နတ်ဘုရားစွမ်းရည်များကို အသုံးပြုစေကာမူ ရုန်းမထွက်နိုင်ကြချေ။
မီးဖိုကြီးထဲတွင် ပိတ်မိနေသော အခြားသူများမှာ မျှော်လင့်ချက် စွန့်လွှတ်ထားခဲ့သည်မှာ ကြာပြီ ဖြစ်ပြီး မီးဖို၏ မီးတောက်များကို တတ်နိုင်သမျှ ခုခံနိုင်ရန် တရားထိုင်ရန်သာ ရွေးချယ်ထားကြသည်။
"အခု သူ့ကို သွားကယ်တော့မလို့လား..." အန်ကျီကျိုက်က စိတ်လှုပ်ရှားစွာ မေးလိုက်၏။
သူက အကြောင်းရင်း နှစ်ခုကြောင့် စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။ တစ်ခုမှာ သွေးကျဉ်းထောင် သူတော်စင်နှင့် တွေ့ဆုံရမည် ဖြစ်ပြီး နောက်တစ်ခုမှာ အမတနတ်ဘုရားများနှင့် လွတ်ငြိမ်းရာအမတ အထက်ရှိ အဆင့်များကို တွေ့ကြုံရမည် ဖြစ်သောကြောင့်တည်း။ ဝိညာဉ်ကိုးပါး တိုက်ကြီးမှ ဝေးကွာစွာ လေ့ကျင့်ခဲ့ရသော သူ၏ အစောပိုင်း နေ့ရက်များကို ပြန်လည် သတိရစေသည့် စိတ်လှုပ်ရှားမှု တစ်ခုကို သူ ခံစားနေရ၏။
"အလျင်စလို မလုပ်ပါနဲ့..."
ကုအန်က လှည့်၍ လမ်းလျှောက်သွားရာ အန်ကျီကျိုက်က အလျင်အမြန် လိုက်သွားသည်။
သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ရန်သူ ဘယ်နေရာမှာ ရှိနေသည်ကို မသိသဖြင့် အလွန် စိုးရိမ်နေမိ၏။
ဒီကမ္ဘာကြီးက ဒီလောက်တောင် ကျယ်ပြန့်နေတာလား... ဒါက တကယ်ကြီး မီးဖိုတစ်ခုရော ဟုတ်ရဲ့လား...
အန်ကျီကျိုက်မှာ တိတ်တဆိတ် အံ့အားသင့်နေပြီး ထိုကဲ့သို့သော ဧရာမ မီးဖိုကြီးကို ကိုင်ဆောင်ထားနိုင်သည့် ကောင်းကင်နန်းတော်မှ အမတနတ်ဘုရား၏ အစွမ်းနှင့် အသွင်အပြင်ကို မမှန်းဆနိုင်အောင် ဖြစ်နေ၏။
သူတို့ ရှေ့ဆက်သွားသည်နှင့်အမျှ အရိုးခေါင်းများနှင့် အရိုးစုများကို အန်ကျီကျိုက် မြင်တွေ့လိုက်ရသည်။ လူသားများ၏ အကြွင်းအကျန်များနှင့် မိစ္ဆာများ၏ အကြွင်းအကျန်များက မြင်ရသည်မှာ ထိတ်လန့်ဖွယ် ကောင်းလှပြီး အချို့သော အရိုးစုများ၏ အနေအထားများက သူ၏ ဦးရေပြားကိုပင် ထုံကျင်သွားစေ၏။ သူတို့ အသက်ရှင်စဉ်က မည်မျှ မျှော်လင့်ချက်မဲ့ခဲ့မည်ကို သူ မှန်းဆကြည့်နိုင်သည်။
"ဘိုးဘေး... ကျွန်တော့်ကို ဘယ်လိုများ ခေါ်လာခဲ့တာလဲ..."
အန်ကျီကျိုက်က သူ၏ အကြည့်များကို ကုအန်ထံ ပြန်လွှဲကာ သတိထား၍ မေးလိုက်သည်။
အမတနတ်ဘုရား တစ်ပါး၏ ရတနာထဲသို့ ဝင်ရောက်ခြင်းကပင် အားစိုက်ထုတ်စရာ မလိုပုံရသည်။ အန်ကျီကျိုက်က သူ၏ ဘိုးဘေး၏ နက်နဲလှသော စွမ်းရည်များကို အမှန်တကယ် ခံစားလိုက်ရပြီး မကြာမီ ဖြစ်ပေါ်လာတော့မည့် တိုက်ပွဲအတွက် သူ၏ မျှော်လင့်ချက်ကို ပိုမို မြင့်မားလာစေ၏။
"ဒီအတိုင်း ဝင်လာတာပဲလေ..." ကုအန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ထိုပေါ့ပေါ့ပါးပါး စကားတစ်ခွန်းက သူ့အပေါ် အန်ကျီကျိုက်၏ လေးစားမှုကို ပိုမို တိုးပွားလာစေတော့၏။
"ဘိုးဘေး... အမတနတ်ဘုရားတွေနဲ့ တိုက်မှာလား..."
"ဒီနေရာမှာတော့ သူတို့ရဲ့ အစွမ်းစကို စမ်းသပ်ကြည့်ရတာ တန်ကောင်း တန်ပါလိမ့်မယ်..."
"ဒီနေရာက ဘယ်နေရာလဲ... ဒီမီးဖိုကြီးက ဘယ်နေရာမှာ ရှိနေတာလဲ... ကျွန်တော်တို့ ကမ္ဘာထဲမှာပဲ ရှိနေသေးတာလား..."
"ဒါက မဟာတာအို လမ်းစဉ်ပဲ... ကောင်းကင်ဝိညာဉ် မဟာကမ္ဘာနဲ့ မယုံနိုင်လောက်အောင် ဝေးကွာတယ်... ဘယ်လောက် ဝေးလဲဆိုရင် မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်နဲ့ဆို တစ်သက်လုံး ဒီနေရာကို လာနိုင်မှာ မဟုတ်ဘူး..."
ကုအန်၏ အဖြေကြောင့် အန်ကျီကျိုက် မျက်လုံးပြူးသွားပြန်သည်။ သူက ဤနေရာ၏ နာမည်ကို မှတ်သားထားလိုက်ပြီး အနာဂတ်တွင် ဖြစ်နိုင်ပါက ဤနေရာသို့ ခရီးသွားရန် ဆုံးဖြတ်လိုက်၏။
"ဘိုးဘေး... တကယ်လို့ တိုက်ပွဲ စဖြစ်ရင် သောင်းပြောင်း အထွတ်အထိပ် လက်ဝါးကို သုံးမှာလား..." အန်ကျီကျိုက်က မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်၍ မျှော်လင့်တကြီး မေးလိုက်သည်။
ကုအန်က ညင်သာစွာ ခေါင်းညိတ်လိုက်၏။ သူက နောက်သို့ လှည့်မကြည့်သော်လည်း ဤအမူအရာကပင် အန်ကျီကျိုက်ကို စိတ်လှုပ်ရှားသွားစေရန် လုံလောက်ပေသည်။ သောင်းပြောင်း အထွတ်အထိပ် လက်ဝါးကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း သူက ဤလျှို့ဝှက်စွမ်းရည်၏ စွမ်းအားကို အမှန်တကယ် မမြင်တွေ့ခဲ့ရဖူးချေ။