အခန်း (၇၂၁-၇၂၂)
Vol. 60 Ch. 721-722
အခန်း (၇၂၁) အစစ်အမှန် အမတနတ်ဘုရားများ
ရွှီယို၏ အသံမှာ ဟင်းလင်းပြင် အတွင်းမှ ဟိန်းဟောက်သံများအောက်တွင် နစ်မြုပ်သွားပြီး သူ၏ ဘေးရှိ ကျန်းပုခုကလည်း မျက်လုံးများ ပြူးကျယ်သွား၏။ သူ၏ မျက်လုံးများထဲတွင် ရွှေရောင် အလင်းစက်များက လျင်မြန်စွာ ထွက်ပေါ်လာပြီး တစ်ဆက်တည်း ဖြစ်သွားသည်။
ကောင်းကင်စစ်သည် တစ်သိန်းခန့်က အပေါ်သို့ မော့ကြည့်လိုက်ကြပြီး အားလုံး၏ မျက်နှာပေါ်တွင် အလွန်တရာ အံ့အားသင့်နေသည့် အမူအရာများ ပေါ်လွင်နေ၏။
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားက အပေါ်သို့ မော့ကြည့်လိုက်ရာ ထိုနည်းတူပင် တုန်လှုပ်သွားသည်။ သူက ချက်ချင်းပင် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဓားမကြီးကို မြှောက်ကာ အပေါ်သို့ ခုတ်ပိုင်းလိုက်၏။ ဟန်ထျန်းရွှေအမတအဆင့်၏ အထွတ်အထိပ်နီးပါး ရောက်ရှိနေသော သူ၏ မှော်စွမ်းအင်များက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
ကောင်းကင်စစ်သည် တစ်သိန်းခန့် ပူးပေါင်း ဖန်တီးထားသော ရွှေရောင် ခေါင်းလောင်း ပုံရိပ်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ထိုရွှေရောင် နဂါးများနှင့် မီးဖီးနစ်ငှက်များမှာ သဘာဝ ရန်သူနှင့် ကြုံတွေ့လိုက်ရသကဲ့သို့ လုံးဝ ရပ်တန့်သွားကာ ကောင်းကင်ယံသို့ မော့၍ ဟိန်းဟောက်လိုက်ကြ၏။
ကုအန်၏ အနောက်ရှိ ဖမ်းဆီးခံထားရသူ ထောင်ပေါင်းများစွာကလည်း အပေါ်သို့ မော့ကြည့်လိုက်ကြပြီး အားလုံးက မှင်တက်စွာ စိုက်ကြည့်နေကြရာ ရွှေရောင် အလင်းတန်းက သူတို့၏ တုန်လှုပ်နေသော အမူအရာများကို လင်းထိန်သွားစေသည်။
အရွယ်အစား အမျိုးမျိုးရှိသော ရွှေရောင် လက်ဝါးပုံရိပ်များက ကောင်းကင်ယံမှ ဆင်းသက်လာ၏။ အဆုံးအစမရှိ၊ ကုန်ခမ်းသွားခြင်းမရှိဘဲ အားလုံးက စူးရှသော ရွှေရောင် အလင်းတန်းများဖြင့် တောက်ပနေကာ ဟင်းလင်းပြင် အထက်ရှိ ကောင်းကင်ယံ တစ်ခုလုံးကို နေရာယူထားသဖြင့် အခြား ကမ္ဘာတစ်ခု ကျဆင်းလာသကဲ့သို့ ဖိအားများဖြင့် ပြည့်နှက်နေတော့သည်။
မည်သည့် အရပ်မျက်နှာသို့ ကြည့်လိုက်စေကာမူ တောင်တန်းများကဲ့သို့ ကြီးမားလှသော ရွှေရောင် လက်ဝါးပုံရိပ်ကြီးများကို မြင်တွေ့ရပြီး အချို့မှာ ကောင်းကင်နှင့် မြေကြီးထက်ပင် ပို၍ ကြီးမားနေကာ မှန်းဆ၍ မရနိုင်သော ကြီးမားလှသည့် ဖိအားကြီးကြောင့် ကောင်းကင်စစ်တပ်၏ ဝင်္ကပါ အကွာအဝေးမှ လွတ်မြောက်ရန် မဖြစ်နိုင်အောင် ရှိနေ၏။
ကောင်းကင်တက်လှမ်းခြင်း နှောင်ဖွဲ့ကင်းအမတအဆင့် ရှိသော ရွှမ်ကျိ ဧကရာဇ် ပင်လျှင် ရွှေရောင် လက်ဝါးပုံရိပ် မည်မျှ ရှိသည်ကို ရေတွက်၍ မရနိုင်ချေ။ ဤကဲ့သို့သော နတ်ဘုရားစွမ်းရည်များ ရှေ့တွင် ကောင်းကင်နန်းတော် အမတများမှာ သာမန် လူသားများကဲ့သို့ အရေးမပါဘဲ ပျက်စီးလွယ်နေသယောင် ထင်ရသည်။
အန်ကျီကျိုက်က ပါးစပ် အဟောင်းသားဖြင့် ဆက်တိုက် ကျဆင်းလာသော ရွှေရောင် လက်ဝါးပုံရိပ်များကို ငေးမောကြည့်နေပြီး ဤမြင်ကွင်းကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် ဗလာကျင်းသွားတော့၏။
အချိန်များက နှေးကွေးသွားသကဲ့သို့ ထင်ရပြီး ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားမှလွဲ၍ မည်သူမျှ တုံ့ပြန်ရန် အချိန်မရလိုက်ကြချေ။
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားက သူ၏ ဓားမကြီးဖြင့် ခုတ်ပိုင်းလိုက်ရာ အပေါ်သို့ တက်သွားသည့် လမ်းကြောင်းတစ်လျှောက်တွင် ကြီးမားလှသော မှော်စွမ်းအင်များက ကောင်းကင်မိုးကြိုးများ ရစ်ပတ်နေသည့် အနီရောင် ချီလင် တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ ၎င်းက ဝိညာဉ်သန့်စင် မီးဖိုထက်ပင် ပိုမို ကြီးမားနေသော်လည်း 'လောကကို တည်ငြိမ်စေမည့် နတ်ဘုရားကဲ့သို့' လက်ဝါးကွက်၏ အဆုံးမဲ့ လက်ဝါးပုံရိပ်များ အောက်တွင်မူ မုန်တိုင်းထဲတွင် ပိတ်မိနေသော ခြင်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး အချိန်မရွေး မျိုချခံရတော့မည့် အနေအထားတွင် ရှိနေသည်။
'လောကကို တည်ငြိမ်စေမည့် နတ်ဘုရားကဲ့သို့' လက်ဝါးကွက်၏ ကျဆင်းလာမှုက အလွန် မြန်ဆန်လှပြီး ထွက်ပေါ်လာချိန်မှစ၍ ကျရောက်လာသည်အထိ နှလုံးခုန်သံ တစ်ဝက်ပင် မကြာလိုက်ချေ။
မရေမတွက်နိုင်သော ရွှေရောင် လက်ဝါးပုံရိပ်များက ရွှေရောင် ခေါင်းလောင်း ပုံရိပ်ပေါ်သို့ ရိုက်ချလိုက်ရာ မျက်စိကျိန်းမတတ် တောက်ပသော ရွှေရောင် အလင်းတန်းက ဟင်းလင်းပြင် တစ်ခုလုံးကို အရောင်အသွေး ကင်းမဲ့သွားစေ၏။
ကျန်းပုခုက မျက်လုံးပြူး၍ အပေါ်သို့ မော့ကြည့်လိုက်၏။ သူက နတ်ဘုရားစွမ်းရည်များကို အလိုအလျောက် အသုံးပြုလိုသော်လည်း သူ၏ လှုပ်ရှားမှုများက မမြန်ဆန်လောက်သဖြင့် နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ရွှေရောင် အလင်းတန်းထဲတွင် နစ်မြုပ်သွားတော့သည်။
ဘုန်း... ဘုန်း... ဘုန်း...
ဟင်းလင်းပြင် တစ်ခုလုံး အရောင်အသွေး ကင်းမဲ့သွားသည်နှင့်အမျှ နားကွဲမတတ် ဟိန်းဟောက်သံများ ဆက်တိုက် ပေါက်ကွဲထွက်လာ၏။ အန်ကျီကျိုက်ကလည်း မမြင်နိုင်တော့သဖြင့် မျက်လုံးများ မှိတ်ထားလိုက်ရပြီး ဝင်ရောက်လာသော အသံများကြောင့် တာအိုစကြဝဠာ တစ်ခုလုံး တုန်လှုပ်နေသကဲ့သို့ ခံစားလိုက်ရကာ သူ၏ ချီနှင့် သွေးများ အေးခဲသွားပြီး အလွန် နေရထိုင်ရ ခက်လာစေသည်။
ကုအန်၏ အနောက်တွင် ရပ်နေသည့် သူပင်လျှင် ဤမျှခံစားနေရပါက အခြားသူများကို ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
သွေးကျဉ်းထောင် သူတော်စင်က နေရထိုင်ရ ခက်ခဲမှုနှင့် စိတ်လှုပ်ရှားမှု နှစ်ခုစလုံးကို ခံစားနေရ၏။ သူ မမြင်နိုင်သော်လည်း 'လောကကို တည်ငြိမ်စေမည့် နတ်ဘုရားကဲ့သို့' လက်ဝါးကွက်၏ ကြီးကျယ်ခမ်းနားသော မြင်ကွင်းက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
ဒီလို နတ်ဘုရားစွမ်းရည်မျိုး ငါလည်း သင်ယူချင်လိုက်တာ...
ငါပြန်ရောက်သွားရင် ဆရာကို ဒီနတ်ဘုရားစွမ်းရည် သင်ပေးဖို့ ပူဆာရမယ်...
ရွှမ်ကျိ ဧကရာဇ်ကလည်း သူကိုယ်တိုင် နတ်ဘုရားစွမ်းအားများကို အသုံးပြု၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသော်လည်း ထူးခြားသော ကံကြမ္မာ တစ်ခုကို သူ အာရုံခံမိလိုက်၏။ သန့်စင်ပြီး အစွမ်းထက်သော ကျင့်ကြံခြင်းကြောင့်သာမကဘဲ ၎င်းကို ထောက်ပံ့ပေးနေသည့် ထူးခြားသော ကံကြမ္မာ တစ်ခု ပါဝင်နေသည်။
ဤကံကြမ္မာက တာအို ဧကရာဇ်၏ ကံကြမ္မာနှင့် ဆင်တူပြီး မဟာတာအိုနှင့် နှိုင်းယှဉ်နိုင်သော်လည်း မဟာတာအိုနှင့် သီးခြား ကင်းလွတ်နေ၏။
ဤသည်က ရွှမ်ကျိ ဧကရာဇ်ကို အလွန် အံ့အားသင့်သွားစေသည်။
မဟာတာအို လမ်းစဉ်မှာ တာအို ဧကရာဇ်ထက် ပိုအစွမ်းထက်တဲ့ မဟာတာအို ကံကြမ္မာ မျိုး ရှိနေတာလား...
သူက ဆက်လက် တွေးတောရန် အချိန်မရတော့ဘဲ သူ၏ အသိစိတ်က အိပ်မောကျခြင်းထဲသို့ ဆွဲသွင်းခံနေရကြောင်း လျင်မြန်စွာ သဘောပေါက်လိုက်၏။
...
အန်ကျီကျိုက်က အိပ်မက်တစ်ခု မက်လိုက်၏။ အိပ်မက်ထဲတွင် ဘိုးဘေးက ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများကြားတွင် ခွဲခြားမှု မရှိဘဲ သတ်ဖြတ်နေပြီး မည်သည့် အမတ၊ မည်သည့် နတ်ဘုရား လက်တစ်ချက်ကိုပင် မခုခံနိုင်ဘဲ လုံးဝ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး ဖြစ်နေသည်။
ရုတ်တရက် ဘိုးဘေးက သူ့ထံသို့ ချဉ်းကပ်လာရာ သူ့မှာ လန့်ဖျပ်၍ ရုတ်တရက် နိုးလာပြီး မျက်လုံးပြူးကာ ထထိုင်လိုက်ပြီး အသက်ရှူ မဝသကဲ့သို့ ဖြစ်နေတော့၏။
နံနက်ခင်း နေရောင်ခြည်က ကမ္ဘာမြေ၏ တောင်တန်းများနှင့် မြစ်များကို ဖြတ်သန်း၍ သူ့အပေါ်သို့ ကျရောက်နေပြီး ဘဝတစ်ခု ဖြတ်သန်းခဲ့ရသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေသည်။ သူက အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်ရာ ဘိုးဘေး၏ ခြံဝင်းထဲတွင် ရောက်နေကြောင်း တွေ့လိုက်ရ၏။
ရှန်းကျန်နှင့် အန်ရှင်းတို့က မှော်ရတနာ သန့်စင်မီးဖိုရှေ့တွင် ထိုင်ကာ တိုးတိုးလေး စကားပြောနေကြပြီး အခြားမည်သူ့ကိုမျှ မတွေ့ရချေ။
သူက မနေနိုင်ဘဲ မေးလိုက်သည်။ "ဆရာ... ဦးလေး ရှန်းကျန်... ဘိုးဘေးကော ဘယ်မှာလဲ..."
"မင်းရဲ့ ဘိုးဘေးက အပြင်ထွက်လည်သွားတယ်... ညနေလောက်မှ ပြန်ရောက်မယ် ထင်တယ်..." အန်ရှင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
ရှန်းကျန်က သူ့ဘက်သို့ ခေါင်းလှည့်လာပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "ဘယ်လိုလဲ... မင်းရဲ့ ဘိုးဘေးရဲ့ လက်စွမ်းကို မြင်တွေ့ခဲ့ရလား..."
အန်ကျီကျိုက်က အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ စိတ်ထဲမှ မှတ်ဉာဏ်များကို ပြန်လည် သတိရရင်း လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။ သူက မနေနိုင်ဘဲ လက်သီးများကို ဆုပ်ထားလိုက်ပြီး သူ၏ မျက်လုံးများက အရောင်လက်နေကာ ပြန်ဖြေလိုက်သည်။ "ဘိုးဘေးက ကျွန်တော့်ကို သင်ပေးထားတဲ့ နတ်ဘုရားစွမ်းရည်ကို သုံးသွားတာ... အရမ်းကို အစွမ်းထက်တယ်... ကောင်းကင်နန်းတော် အမတ အနည်းဆုံး တစ်သိန်းလောက် ရှိမယ်... တစ်ယောက်မှ ဘိုးဘေးရဲ့ လက်ဝါးတစ်ချက်ကို မခံနိုင်ဘူး..."
အန်ရှင်းကလည်း စိတ်ဝင်စားသွားပြီး အစောပိုင်းက တိုက်ပွဲအကြောင်း သူ ဖော်ပြသည်ကို နားထောင်ရန် လှည့်လာ၏။
တစ်ချိန်တည်းမှာပင် ကုအန်က ထိုက်ချန်း တိုက်ကြီးရှိ တောင်စောင့်နတ်ကျောင်းတွင် ရှိနေ၏။ ရင့်မှည့်နေသော ဆေးအပင်များကို ခူးဆွတ်ပြီးနောက် သူက ခြံဝင်းထဲသို့ ဝင်လာပြီး သက်တမ်း အတားအဆီးကို တိတ်တဆိတ် အသက်သွင်းလိုက်ကာ ဝိညာဉ်သန့်စင် မီးဖိုထဲမှ သူ ယူဆောင်လာခဲ့သော မိစ္ဆာနတ်ဘုရား ခန္ဓာကိုယ်ကို ထုတ်ယူလိုက်သည်။ ၎င်းက ဥကြီး တစ်လုံး အတွင်း၌ ရှိနေဆဲ ဖြစ်၏။
သူက ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားနှင့် ကောင်းကင်စစ်သည် တစ်သိန်းခန့်ကို မသတ်ဖြတ်ခဲ့ချေ။ ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားကို သတ်ဖြတ်၍ မရနိုင်သကဲ့သို့ ထိုကောင်းကင်စစ်သည်များကလည်း အမိန့်ကိုသာ နာခံရသဖြင့် အပြစ်ကင်းကြသည်။ အကယ်၍ သူတို့ အားလုံးကိုသာ သတ်ဖြတ်လိုက်ပါက ပါဝင်လာမည့် အကြောင်းအကျိုး ကံကြမ္မာများက မဟာကမ္ဘာ သုံးထောင်နှင့် အမျိုးမျိုးသော လျှို့ဝှက်ဆန်းကြယ်သည့် စကြဝဠာများကိုပင် လွှမ်းခြုံသွားပေလိမ့်မည်။ သူတို့ထဲတွင် ကျန်းပုခု ပါဝင်နေသည်ကိုတော့ ပြောစရာပင် မလိုတော့ချေ။
သေချာသည်က ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားကို ခြိမ်းခြောက်ခြင်း အပြင် ဤတိုက်ပွဲက ဖမ်းဆီးခံထားရသူ ထောင်ပေါင်းများစွာနှင့် ကောင်းကင်စစ်သည် တစ်သိန်းခန့် အပေါ် မူလဘူတ တာအိုဧကရာဇ်၏ စွမ်းအားကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။
ဤဖမ်းဆီးခံထားရသူများနှင့် ကောင်းကင်စစ်သည်များ အားလုံးက ထိပ်တန်း ကျင့်ကြံသူများနှင့် ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့က မူလဘူတ တာအိုဧကရာဇ်၏ ကံကြမ္မာကို သေချာပေါက် အာရုံခံမိကြမည် ဖြစ်ပြီး သူတို့၏ သက်ဆိုင်ရာ စကြဝဠာ အသီးသီးတွင် မူလဘူတ တာအိုဧကရာဇ် အကြောင်းကို ပြန့်နှံ့သွားစေနိုင်သည်။
ယခုအချိန်တွင် ကုအန်က ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား သန့်စင်ဖန်တီးထားသော မိစ္ဆာနတ်ဘုရား ခန္ဓာကိုယ်ကို ပို၍ အာရုံစိုက်နေမိ၏။
သူက သေချာစွာ လေ့လာကြည့်လိုက်ရာ ဤမိစ္ဆာနတ်ဘုရား ခန္ဓာကိုယ်သည် မဟာတာအို သုံးထောင် အပေါ် ခံနိုင်ရည် စွမ်းအား မြင့်မားကြောင်း တွေ့ရှိလိုက်ရသည်။ ၎င်းမှာ အမျိုးမျိုးသော မဟာတာအိုများကို အလွယ်တကူ ကျင့်ကြံနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်၏။
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားက ဒီခန္ဓာကိုယ်ကို ဘယ်သူ့အတွက် ပြင်ဆင်နေတာလဲ...
ဤခန္ဓာကိုယ်တွင် ကောင်းကင်နန်းတော်၏ ကံကြမ္မာ မရှိချေ။ ထို့ကြောင့် မဟာကမ္ဘာ သုံးထောင် အတွင်းတွင် ထိုကဲ့သို့သော ခန္ဓာကိုယ် ရာပေါင်းများစွာ ရှိနေပြီး တစ်ခုမှာ ထိုက်ဝေ့ မဟာကမ္ဘာ၏ နတ်ဘုရားနန်းတော် အတွင်း၌ ပုန်းကွယ်နေကြောင်း ကုအန် သဘောပေါက်လိုက်၏။
မိစ္ဆာနတ်ဘုရား ခန္ဓာကိုယ်တွေ အများကြီးကို အမတနတ်ဘုရားတွေက သန့်စင်ဖန်တီးနေကြတာ... ကောင်းကင်ဧကရာဇ် နေရာ လုတဲ့ကိစ္စနဲ့ ဆက်စပ်နေရမယ်...
လက်ရှိ ကောင်းကင်ဧကရာဇ်ရဲ့ အုပ်ချုပ်မှုကို ဖြုတ်ချဖို့ မိစ္ဆာနတ်ဘုရားတွေ ဒီလောက် အများကြီး လိုအပ်လို့လား...
ယနေ့ခေတ် ကောင်းကင်ဧကရာဇ်က တကယ်တမ်း ဘယ်လောက်တောင် အစွမ်းထက်နေသလဲ ဆိုသည်ကို ကုအန် အလွန် စပ်စုချင်နေမိ၏။
ကောင်းကင်တာအို အပေါ် သူ၏ အမြင် သဘောတရားက မည်သို့ ရှိမည်နည်း။ အမတနတ်ဘုရားများက သက်ရှိအားလုံး အပေါ် ဂရုမစိုက်ခြင်းမှာ ကောင်းကင်ဧကရာဇ် နေရာအတွက် တိုက်ပွဲနှင့် ဆက်စပ်နေခြင်းများ ဖြစ်နိုင်ပေသည်။
ကုအန်က မိစ္ဆာနတ်ဘုရား ခန္ဓာကိုယ်ကို ကြည့်၍ တိတ်တဆိတ် တွေးတောနေ၏။
သူတော်စင်ရွှမ်မြှောင်က သူ၏ ဘေးတွင် ထိုင်နေပြီး ကုအန် ရှေ့ရှိ ဧရာမ ဥကြီးကို စပ်စုချင်စိတ်ဖြင့် ကြည့်နေသည်။ ဥကြီးက အတော်လေး သေးငယ်သွားသော်လည်း အတွင်း၌ ကွေးကွေးလေး ရှိနေသော ပုံရိပ်က ကြီးမားနေဆဲ ဖြစ်၏။
ဧရာမ ဥကြီး အတွင်းရှိ ပုံရိပ်ကို စိုက်ကြည့်ရင်း သူတော်စင်ရွှမ်မြှောင်က အလွန် နေရထိုင်ရ ခက်လာပြီး ဤခန္ဓာကိုယ်က ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားနေရသဖြင့် ကုအန်ကို အနှောင့်အယှက် မပေးဝံ့ချေ။
အချိန်အတန်ကြာပြီးနောက် ကုအန်က သူတော်စင်ရွှမ်မြှောင် ကို တစ်ချက် ကြည့်၍ ပြုံးကာ ပြောလိုက်သည်။ "ဒီခန္ဓာကိုယ်ကို မင်းကို ပေးမယ်... မင်း ဝင်စားနိုင်ဖို့ အကူအညီပေးမယ် ဘယ်လိုလဲ "
ထိုစကားကို ကြားသောအခါ ရွှမ်မြှောင် ကျိန်းရန်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွား၏။ သူကချက်ချင်း သဘောတူခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုဘဲ သတိထား၍ မေးလိုက်သည်။
"ဒီခန္ဓာကိုယ်ရဲ့ မူလ ဇာစ်မြစ်က ဘာလဲ..."
"ဒီခန္ဓာကိုယ်ကို အမတနတ်ဘုရားတွေ၊ အစစ်အမှန် အမတနတ်ဘုရားတွေက သန့်စင်ဖန်တီးထားတာ... အကယ်လို့ မင်းက ဒီခန္ဓာကိုယ်ကို ဝင်ပူးလိုက်မယ် ဆိုရင် ဖန်ဆင်းခြင်း အားလုံးထက် သာလွန်တဲ့ ပါရမီကို ရရှိလိမ့်မယ်... ဒါပေမဲ့ ကြိုမမြင်နိုင်တဲ့ အကြောင်းအကျိုး ကံကြမ္မာတွေကိုလည်း မင်း ခံစားရလိမ့်မယ်... အနာဂတ်မှာ ကြီးမားတဲ့ ဒုက္ခတွေဆီကို ဆွဲသွင်းခံရနိုင်တယ်..."
ကုအန်က ရှင်းပြလိုက်ရာ ယင်းက သူတော်စင်ရွှမ်မြှောင်ကို ပို၍ပင် စိုးရိမ်သွားစေ၏။
အစစ်အမှန် အမတနတ်ဘုရားတွေလား...
သူတော်စင်ရွှမ်မြှောင် ကုအန်၏ နောက်သို့ လိုက်ပါရခြင်း အကြောင်းရင်းမှာ သူက အမတနတ်ဘုရားများကို ရိုသေယုံကြည်သောကြောင့် ဖြစ်သည်။ ယခု ကုအန်ထံမှ အစစ်အမှန် အမတနတ်ဘုရားများ အကြောင်းကို ကြားလိုက်ရသောအခါ သူ၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာတော့၏။
အခန်း (၇၂၂) အမြင့်ဆုံး ကောင်းကင်ဧကရာဇ်
"ကျွန်တော့်ကို ဘယ်လို ရွေးချယ်စေချင်လဲ..."
အသေအချာ တွေးတောပြီးနောက် သူတော်စင်ရွှမ်မြှောင်က ကုအန်၏ သဘောထားကို မေးမြန်းရန် ဆုံးဖြတ်လိုက်၏။
သူ၏ လက်ရှိ အောင်မြင်မှုများက ကုအန်၏ ထောက်ပံ့မှုကြောင့်သာ ဖြစ်ပြီး ကုအန်က သူ့ကို ဒုက္ခပေးမည် မဟုတ်ကြောင်း သူ ယုံကြည်ထားသည်။ အကယ်၍ သူက ကုအန်အတွက် နယ်ရုပ်လေး တစ်ရုပ်မျှသာ ဖြစ်နေမည် ဆိုလျှင်တောင် လိုလိုလားလား လက်ခံမည်သာ ဖြစ်၏။
ကုအန်က ပြန်ဖြေလိုက်သည်။ "သဘာဝကျကျပဲ မင်းကို လက်ခံစေချင်တယ်... ပြီးတော့ အနာဂတ်မှာ ဒီခန္ဓာကိုယ်ကို အသုံးပြုပြီး အမတအဆင့်ကို ဝင်ရောက်နိုင်ကောင်း ဝင်ရောက်နိုင်လိမ့်မယ်..."
သူတော်စင်ရွှမ်မြှောင် က မျက်လုံးမှေး၍ မေးလိုက်၏။ "ကျွန်တော့်ကို ကောင်းကင်နန်းတော်ထဲ စိမ့်ဝင်စေချင်တာလား..."
ကုအန်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ "အမတနတ်ဘုရားတွေ တည်ရှိပေမဲ့ သူတို့က သက်ရှိအားလုံးကို ဂရုမစိုက်ကြဘူး... တချို့က လူသားကမ္ဘာမှာ ဆိုးယုတ်တဲ့ လုပ်ရပ်တွေကိုတောင် ကျူးလွန်ကြသေးတယ်... အမတနတ်ဘုရားတွေကို ဖန်တီးပေးတဲ့ ကောင်းကင်နန်းတော် အတွင်းမှာ ပြဿနာတွေ ရှိနေနိုင်တယ်လို့ ငါ ထင်တယ်..."
မိစ္ဆာနတ်ဘုရား ခန္ဓာကိုယ်ကို သူတော်စင်ရွှမ်မြှောင် အား ပေးရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းမှာ နှစ်ခု ရှိသည်။ တစ်ခုက သူ၏ ကံကြမ္မာကို အမှန်တကယ် ပြောင်းလဲနိုင်ရန် ကူညီပေးခြင်း ဖြစ်ပြီး နောက်တစ်ခုမှာ သူတော်စင်ရွှမ်မြှောင် က အမတနတ်ဘုရားများကို တောင့်တနေသဖြင့် သူ့ကို ကောင်းကင်နန်းတော်သို့ သူလျှိုအဖြစ် စေလွှတ်နိုင်သောကြောင့် ဖြစ်၏။
ကောင်းကင်ရုံးတော်၏ ကံကြမ္မာက ရှုပ်ထွေးပြီး ကြိုတင် ခန့်မှန်း၍ မရနိုင်သော်လည်း သူလျှို တစ်ယောက်ကို စိုက်ပျိုးထားနိုင်ပါက ကောင်းကင်နန်းတော်၏ အတွင်းရေး အခြေအနေများကို စုံစမ်းနိုင်သေးသည်။
ထိုစကားကို ကြားပြီးနောက် သူတော်စင် ရွှမ်မြှောင်က ယုတ္တိရှိသည်ဟု တွေးလိုက်၏။ လက်ရှိ အမတနတ်ဘုရားများက အမှန်တကယ်ပင် ထူးဆန်းနေကြသည်။ သူတို့က လောကကြီးကို ကယ်တင်နေသည်ကို မတွေ့ရဘဲ သူတို့ကြောင့်သာ ကပ်ဘေးများစွာ ဖြစ်ပေါ်လာရပေသည်။
"ဒါဆို ကျွန်တော် ဒီခန္ဓာကိုယ်ကို ဝင်ပူးဖို့ လိုလားပါတယ်... ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်..."
သူတော်စင်ရွှမ်မြှောင် က ချက်ချင်း ဒူးထောက်၍ ကုအန်ကို ဦးချ ကန်တော့လိုက်၏။
ကုအန်၏ ဂရုစိုက်မှုသာ မရှိခဲ့လျှင် သူက ဤမျှ ကြာရှည်စွာ အသက်ရှင်နိုင်မည် မဟုတ်ချေ။ သူသည် အသက် သိန်းပေါင်းများစွာ ကြီးရင့်နေပြီ ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်း လမ်းစဉ်က မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ရာ အားလုံးက ကုအန်၏ ကျေးဇူးကြောင့်ပင်။
ထို့ပြင် ကုအန်သည် ကြီးမြတ်သော သီလရှိသူဟု သူ ယုံကြည်ထားသည်။ ကုအန်သာ မရှိလျှင် သူ နေထိုင်သော ကမ္ဘာကြီးသည် အကြိမ်ကြိမ် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
နောက်ကွယ်က အကြောင်းရင်းများ မည်သို့ပင် ရှိစေကာမူ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာတွင် မွေးဖွားလာသူပီပီ သူက ၎င်း၏ ဘက်မှ ရပ်တည်သင့်ပေသည်။ ၎င်းကို ကာကွယ်ပေးသူ မည်သူမဆို သူ၏ ရင်ထဲတွင် အစစ်အမှန် အမတနတ်ဘုရားပင် ဖြစ်သည်။
သူ့ရှေ့တွင် ဒူးထောက်နေသော သူတော်စင်ရွှမ်မြှောင်ကို ကြည့်ရင်း လွန်ခဲ့သော နှစ်ပေါင်း ငါးသောင်းခြောက်ထောင်ခန့်က သူတော်စင်ရွှမ်မြှောင် ဤကဲ့သို့ ဒူးထောက်ခဲ့ဖူးသည်ကို ကုအန် သတိရလိုက်မိသည်။
ဤအစီအစဉ်က ရွှမ်မြှောင် ကျိန်းရန် အတွက် ကောင်းချီး တစ်ခုလား၊ ဒါမှမဟုတ် ကျိန်စာ တစ်ခုလား ဆိုသည်ကို သူ တွေးတောနေမိသည်။
ကုအန်က တုံ့ဆိုင်းမနေချေ။ သူက အကောင်းအဆိုးများနှင့် သူ၏ ရည်ရွယ်ချက်များကို သူတော်စင်ရွှမ်မြှောင်အား ရှင်းပြခဲ့ပြီး ဖြစ်ကာ ၎င်းမှာ တစ်ဖက်လူ ရှာဖွေနေသည့် အရာလည်း ဖြစ်၏။
သူတော်စင်ရွှမ်မြှောင်က သူ၏ စွမ်းအားကြောင့် အတင်းအကျပ် ခိုင်းစေခံရခြင်း မဟုတ်ကြောင်း သူ ယုံကြည်သည်။
အကယ်၍ ကုအန်ကို ငြင်းဆိုခဲ့လျှင်တောင် ကုအန်က သူ့ကို ဒုက္ခပေးမည် မဟုတ်ကြောင်းကို သူတော်စင်ရွှမ်မြှောင် ကျိန်းရန်က သေချာပေါက် သိထားသည်။
"ဒါဆို စကြတာပေါ့..."
...
မဟာတာအို လမ်းစဉ်ရှိ လူသူကင်းမဲ့သော ဥက္ကာပျံ တစ်ခုပေါ်တွင် ကျန်းပုခုက မျက်လုံးဖွင့်လိုက်ပြီး လျင်မြန်စွာ မတ်တတ်ထရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ ကောင်းကင်စစ်သည်များက သူ့ကို ဝိုင်းရံထားကြောင်း သူ တွေ့လိုက်ရသည်။ ရွှီယိုက သူ၏ ဘေးတွင် ရပ်နေပြီး မျက်မှောင်ကြုတ်လျက် အဝေးသို့ လှမ်းကြည့်နေ၏။
ကျန်းပုခုက မနေနိုင်ဘဲ မေးလိုက်သည်။ "ဟိုလူ ထွက်သွားပြီလား..."
ရွှီယိုက ခေါင်းညိတ်၍ ပြောလိုက်၏။ "တစ်ဖက်လူက ငါတို့ကို ဒုက္ခမပေးခဲ့ဘူး... တစ်ယောက်ယောက်ကို ကယ်ပြီး ထွက်သွားတာ ဖြစ်မယ်..."
သူ၏ အကြည့်တစ်လျှောက် မိုးကုပ်စက်ဝိုင်းဆီသို့ ကြည့်လိုက်ရာ ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားက ကောင်းကင်စစ်သည် တစ်သိန်းခန့်ကို ကျောခိုင်း၍ ချောက်ကမ်းပါး တစ်ခုပေါ်တွင် တရားထိုင်နေသည်ကို တွေ့လိုက်ရသည်။
"သူ ဘာဖြစ်သွားတာလဲ..." ကျန်းပုခုက တိုးတိုးလေး မေးလိုက်ပြီး ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားကို စိုက်ကြည့်နေ၏။
ရွှီယိုက ပြန်ဖြေလိုက်သည်။ "သူက သတင်းအချက်အလက်တွေ ပို့နေတာ ဖြစ်နိုင်တယ်..."
သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး ကျန်းပုခုဘက်သို့ လှည့်ကာ မေးလိုက်၏။ "အစောက တိုက်ပွဲကြီးမှာ မင်း တစ်ခုခုကို ခံစားမိလိုက်လား..."
ထိုစကားကို ကြားသောအခါ ကျန်းပုခုက သေချာစွာ ပြန်လည် စဉ်းစားလိုက်ပြီး လောကကြီးကို ဖိနှိပ်ထားသကဲ့သို့ ထင်ရသော ကြောက်မက်ဖွယ် မြင်ကွင်းကို တွေးမိကာ သူ ကြောက်ရွံ့နေဆဲ ဖြစ်၏။
အချိန်အတန်ကြာပြီးနောက် ကျန်းပုခုက ချီတုံချတုံဖြင့် ပြောလိုက်သည်။ "အဲဒီလူဆီမှာ တာအိုဧကရာဇ်နဲ့ ဆင်တူပေမဲ့ ကွဲပြားတဲ့ ကံကြမ္မာ တစ်မျိုး ရှိနေတယ်..."
မဟာတာအို ကံကြမ္မာက သူ့အတွက် လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ချေ။ လက်ရှိတွင် သူသည် ကောင်းကင်တာအို ကံကြမ္မာနှင့် တာအိုဧကရာဇ် တို့ကိုသာ လက်လှမ်းမီသေးသည်။ ကောင်းကင်တာအို အမတနတ်ဘုရား ဖြစ်လာသည်ဖြစ်စေ၊ တာအိုဧကရာဇ် ဖြစ်လာသည်ဖြစ်စေ အဆင့်တူတွင် ပြိုင်ဘက်ကင်းနတ်စွမ်းအားကို ပိုင်ဆိုင်နိုင်မည် ဖြစ်၏။
အခု ကံကြမ္မာ အမျိုးအစားသစ် တစ်ခု ရှိလာပြီပဲ...
ကုအန်၏ မဟာတာအို ကံကြမ္မာက ဝိညာဉ်နှင့် တာအိုနှလုံးသားကို တိုက်ရိုက် ရင်ဆိုင်လာသည့် အလွန်တရာ ကြမ်းတမ်းသော အငွေ့အသက် တစ်ခုကို သူ့အား ခံစားလိုက်ရစေသည်။
"အမှန်ပဲ... ဒါက နောက်ထပ် မဟာတာအို ကံကြမ္မာ တစ်မျိုးပဲ... ကောင်းကင်ကြီး ပြောင်းလဲတော့မယ်..." ရွှီယိုက တိုးတိုးလေး ပြောလိုက်ပြီး သူ၏ စကားများတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေ၏။
ကျန်းပုခုက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ "ပြောင်းလဲတော့မယ် ဟုတ်လား..."
"လွန်ခဲ့တဲ့ အချိန်အကြာကြီးက တာအိုဧကရာဇ် ပေါ်ထွက်လာတဲ့ အချိန်မှာ မဟာကမ္ဘာ သုံးထောင်နဲ့ ကောင်းကင်ဘုံ အားလုံးကို တိုက်ခတ်သွားတဲ့ ကပ်ဘေးတစ်ခုကို ဖြစ်ပေါ်စေခဲ့ဖူးတယ်... ကောင်းကင်နန်းတော်ကိုတောင် သက်ရောက်မှု ရှိခဲ့တယ်... ကောင်းကင်နန်းတော်က တာအိုဧကရာဇ်တွေကို အထင်အမြင် သေးခဲ့ပေမဲ့ တာအိုဧကရာဇ်တွေ အများကြီး ရှိလာတဲ့အခါ သူတို့က ကောင်းကင်ရုံးတော်ရဲ့ အုပ်ချုပ်မှုကို ဖြုတ်ချဖို့ ကြိုးစားခဲ့ကြတယ်... အကယ်လို ဒီမဟာတာအို ကံကြမ္မာကလည်း ကြီးပွားလာမယ် ဆိုရင် ကောင်းကင်နန်းတော်ရဲ့ ဘုန်းတန်ခိုးကို သေချာပေါက် စိန်ခေါ်လာလိမ့်မယ်..."
ရွှီယို၏ အသံက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။
"မင်း ဆိုလိုတာက ကောင်းကင်နန်းတော်က ဒီကံကြမ္မာ မျိုးကို လိုက်လံ ဖမ်းဆီးလိမ့်မယ်လို့ ပြောတာလား..."
"မဟုတ်ဘူး... ကောင်းကင်နန်းတော်က မာနကြီးတယ်... သူတို့က သက်ရှိသတ္တဝါ အားလုံးကို အထင်အမြင် သေးကြတယ်... အထူးသဖြင့် အမြင့်ဆုံးဖြစ်တဲ့ ကောင်းကင်ဧကရာဇ်ပေါ့... သူက အင်အားစု အားလုံးကို ကြီးထွားခွင့် ပေးနိုင်တယ်... ကောင်းကင်နန်းတော်နဲ့ ကောင်းကင်ဘုံတွေ အကြားက ပဋိပက္ခတွေ ဆိုတာ အခြေခံအားဖြင့် ကောင်းကင်နနတော် တစ်ခုလုံးရဲ့ ဆန္ဒကြောင့် မဟုတ်ဘဲ အမတနတ်ဘုရား တစ်ပါးပါးကို စော်ကားမိတာကြောင့် ဖြစ်တာများတယ်..."
ကောင်းကင်ဧကရာဇ် အကြောင်းကို ပြောလိုက်သောအခါ ရွှီယို၏ မျက်လုံးများတွင် ကျန်းပုခု ယခင်က တစ်ခါမှ မမြင်ဖူးသော အလင်းရောင် တစ်ခု တောက်ပသွား၏။
ကျန်းပုခုက ကောင်းကင်ဧကရာဇ် အပေါ် ရွှီယို၏ အလွန်အမင်း ရိုသေလေးစားမှုကို ခံစားလိုက်ရပြီး သူ့အကြောင်းကို အဆုံးမဲ့ စပ်စုချင်စိတ် ဖြစ်ပေါ်လာစေသည်။
ကောင်းကင်ဧကရာဇ် ဆိုတာ ဘယ်လို တည်ရှိမှုမျိုးလဲ...
တစ်ချိန်တည်းမှာပင် မဟာတာအို လမ်းစဉ်၏ အခြား ဟင်းလင်းပြင် တစ်ခုတွင် သွေးကျဉ်းထောင် သူတော်စင်နှင့် ဖန်းရွှမ်တို့ကို လူတစ်စုက ပိတ်ဆို့ထားကြ၏။
"မင်းတို့လည်း မူလဘူတ တာအိုဧကရာဇ်ကို လိုက်လံ ရှာဖွေချင်နေကြတာလား..." သွေးကျဉ်းထောင် သူတော်စင်က မျက်ခုံးပင့်၍ မေးလိုက်သည်။
မူလဘူတ တာအိုဧကရာဇ်က မဟာတာအို လမ်းစဉ်တွင် အမြစ်တွယ်၍ ကြီးထွားနေပြီ ဖြစ်သည်။ ဤသည်က လျှို့ဝှက်ချက် တစ်ခုဟု သွေးကျဉ်းထောင် သူတော်စင်က မထင်ထားသကဲ့သို့ မူလဘူတ တာအိုဧကရာဇ် ဆိုသည်မှာ ကုအန် စတင် တီထွင်ခဲ့သည့် အရာ ဖြစ်ကြောင်းကိုလည်း သူ မသိထားချေ။
အစောပိုင်းက တိုက်ပွဲကြီး ပြီးနောက် ကုအန်သည်လည်း မူလဘူတ တာအိုဧကရာဇ် ဖြစ်မည်ဟု သူ ယူဆလိုက်၏။ ၎င်းက ယုတ္တိရှိပေသည်။ အကယ်၍ ကုအန်က မူလဘူတ တာအိုဧကရာဇ် မဟုတ်ပါက အဘယ်ကြောင့် သူတို့ကို မူလဘူတ တာအိုဧကရာဇ် အဖြစ် ကျင့်ကြံစေမည်နည်း။
ကုအန်က သူ့ကို သတင်းအချက်အလက်များ စုဆောင်းရန် စေလွှတ်ခြင်းကိုမူ သူ နားလည်သည်။ သူသည် ဝင်စားခြင်း ပုံရိပ်ထင်ဟပ်ခြင်းကို စတင်ခဲ့ပြီး ဖြစ်သော်လည်း မူလဘူတ တာအိုဧကရာဇ် အပေါ် သူ၏ နားလည်မှုက မလုံလောက်သေးချေ။
မူလဘူတ တာအိုဧကရာဇ်ကို ထားလိုက်ဦး။ မိမိတို့၏ ကိုယ်ပိုင် မဟာတာအို ကံကြမ္မာကို အောင်မြင်ခဲ့သော ထိုတာအိုဧကရာဇ်များပင်လျှင် ၎င်းအကြောင်းကို လုံလောက်အောင် သိရှိမည် မဟုတ်ပေ။
ရွှမ်ကျိ ဧကရာဇ်က ခေါင်းညိတ်၍ ပြောလိုက်သည်။ "အမှန်ပဲ... ဒီလောက် ကြမ်းတမ်းပြီး အစွမ်းထက်တဲ့ မဟာတာအို ကံကြမ္မာက ငါနဲ့ ပိုကိုက်ညီတယ်..."
ကုအန်၏ စွမ်းအားကို မြင်တွေ့ခဲ့ရပြီးနောက် သူသည် ဤမျှ အစွမ်းထက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်၏ ဖမ်းစားခြင်းကို ခံလိုက်ရ၏။ သူသည် တာအိုဧကရာဇ် ဖြစ်လာရန် နီးစပ်နေပြီ ဖြစ်သော်လည်း ၎င်းကို စွန့်လွှတ်ရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။
သူ့အမြင်တွင် တာအိုဧကရာဇ် ဆိုသည်မှာ စွမ်းအား ပုံစံတစ်မျိုးသာ ဖြစ်ပြီး သူ၏ တစ်သက်တာ ရည်မှန်းချက် မဟုတ်ချေ။ ယခု ပိုမို အစွမ်းထက်ပြီး ဆွဲဆောင်မှုရှိသော စွမ်းအားတစ်ခု ပေါ်ထွက်လာရာ သူက မည်သို့ ချီတုံချတုံ ဖြစ်နေနိုင်မည်နည်း။
ရွှမ်ကျိ ဧကရာဇ်၏ နောက်သို့ လိုက်ပါလာသူများကလည်း အလားတူ အတွေးမျိုး ရှိကြ၏။ သူတို့က မူလဘူတ တာအိုဧကရာဇ် အကြောင်းကို အလွန် စပ်စုချင်နေကြသည်။
"မူလဘူတ ဧကရာဇ် လမ်းစဉ်ပေါ် လျှောက်လှမ်းဖို့ မူလဘူတ သလင်းကျောက်ကို မင်းတို့ ရှာဖွေရမယ်... အဲဒါက မင်းတို့ကို လမ်းစဉ်ထဲ ဝင်ရောက်ဖို့ လမ်းပြပေးလိမ့်မယ်..." သွေးကျဉ်းထောင် သူတော်စင်က မူလဘူတ သလင်းကျောက် အကြောင်းကို စတင် မိတ်ဆက်ပေးတော့သည်။
ရွှမ်ကျိ ဧကရာဇ်၏ အနောက်မှ ပါရမီရှင် တစ်ဦး၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ အကြောင်းမှာ သူသည် မူလဘူတ သလင်းကျောက်ကို ယခင်က ကြုံတွေ့ခဲ့ဖူးသော်လည်း များများစားစား ဂရုမစိုက်ခဲ့သဖြင့် သူ့ကိုယ်သူ မျက်ကန်း တစ်ယောက်အဖြစ် တိတ်တဆိတ် အပြစ်တင်နေမိသည်။
အချိန်အတန်ကြာ စကားပြောပြီးနောက် နောက်ဆုံးတွင် ရွှမ်ကျိ ဧကရာဇ်က သူတို့ကို ကျေးဇူးတင်စကား ဆိုကာ ထွက်ခွာသွားတော့သည်။
သွေးကျဉ်းထောင် သူတော်စင်နှင့် ဖန်းရွှမ်တို့ နှစ်ယောက်စလုံးက သူ့ထံမှ ကောင်းကင်နှင့် မြေကြီး ရတနာများကို လက်ခံရရှိခဲ့သဖြင့် သူ့အပေါ် သဘောကျသွားကြသည်။
ဤသူက ဧကရာဇ် လမ်းစဉ်ပေါ်ရှိ အခြားသော ပါရမီရှင်များနှင့် ကွဲပြားပေသည်။ သူက ထိုမျှလောက် မာနမကြီးဘဲ စာနာထောက်ထားစွာ ပြုမူတတ်၏။
သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဖန်းရွှမ်က ပြုံး၍ သက်ပြင်းချလိုက်သည်။ "ငါတိုရဲ့ လမ်းစဉ်က အထီးမကျန်တော့ဘူး... မူလဘူတ တာအိုဧကရာဇ်က တာအိုဧကရာဇ်ကို လွှမ်းမိုးသွားမယ့် နေ့ကို ငါ တကယ် မျှော်လင့်နေမိပြီ..."
သွေးကျဉ်းထောင် သူတော်စင်က ရယ်မောလိုက်၏။ "အဲဒီနေ့က သေချာပေါက် ရောက်လာမှာပါ... အဆိပ်ပြင်းတဲ့ သတ္တဝါတွေကို မွေးမြူသလိုမျိုး တာအိုဧကရာဇ်ရဲ့ တာအို သက်သေပြတဲ့ လမ်းစဉ်က သဘာဝ တာအို နည်းစနစ်နဲ့ ဆန့်ကျင်နေပြီး နောက်ဆုံးမှာတော့ ဖယ်ရှားခံရမှာပါပဲ..."