← Chapters

ကျန်းဝူနတ်ဘုရားရောက်လာခြင်း

Vol. 10 Ch. 974

ကျန်းဝူနတ်ဘုရားရောက်လာခြင်း

Vol. 10 Ch. 974

ဆန်းချင်းချင်းက ပြန်ပြောလိုက်သည်။

"ကောင်းပါပြီ… ကျွန်မ ကျိုးယီတောင်ကို သွားလိုက်ပါ့မယ်…"

ချင်ဆွေက…

"ကျိုးယီတောင်အောက်မှာ တာအိုဆရာသခင်ထိုက်ယီ ဖိနှိပ်နှိမ်နင်းထားတဲ့ လူတစ်ယောက်ရှိတယ် ၊ မင်းအဲဒီကိုသွားပြီး ထာဝရဓားကို ရသွားပြီဆိုရင် ကျိုးယီတောင်ရဲ့ ဝိညာဉ်စွမ်းအားသွေးကြောတွေကို ဖြတ်တောက်ပြီး အဲဒီလူကို လွှတ်ပေးလိုက်ပါ…"

ဆန်းချင်းချင်းက တာအိုဆရာလီချင်းဆွေစကားကိုနားထောင်ပြီးနောက် ညွှန်ကြားချက်တိုင်း ချင်းဆွေထျန်းကောင်းကင်ဘုံမှ ထွက်ခွာလာခဲ့လေတော့သည်။

……….

ချင်းရှတောင်တွင်တော့ နှင်းများထူထပ်စွာ ကျဆင်းနေလေသည်။

နှင်းမှုံနှင်းပွင့်လေးများသည် တောင်ခြေမှ ထောင်ထိပ်အထိ ဖုံးလွှမ်းနေသည်။

သစ်ပင်များ ၊ မြက်ပင်များ ၊ ကျောက်တုံးများ အရာအားလုံးသည် နှင်းများဖုံးလွှမ်းပြီး ဖွေးဖွေးဆွတ်လျှက် ရှိသည်။ သို့သော်…  မက်မွန်ပန်းနှင့်သစ်တော်ပန်းများကတော့ ပွင့်လန်းလျှက် ရှိလေသည်။

ပန်းများပေါ်တွင်လည်း နှင်းမှုံများကပ်နေပြီး ပန်းပွင့်လေးများက အဖြူရောင်ဆိုးလျှက်ရှိလေသည်။ သေသေချာချာ ဂရုတစိုက် မကြည့်ရှုမိလျှင် ပန်းပွင့်လေးများ၏ ပန်းရောင်ပွင့်ချပ်လေးများကို မြင်တွေ့နိုင်မည် မဟုတ်ပေ။

လေတိုက်ခတ်သည့်အခါတွင်တော့ ပန်းပွင့်လေးများထက်မှ နှင်းမှုံလေးများက လွင့်စင်ထွက်သွားပြီး အေးစိမ့်မှုကိုလည်း ခံစားရသည်။

ချင်းရှတောင်တစ်ခွင်ရှိ သတ္တဝါအားလုံးသည်လည်း ဝိညာဉ်စွမ်းအားနှင့် ပြည့်ဝလျှက်ရှိကြလေသည်။ ထိုသတ္တဝါများ အားလုံးတို့သည် နှင်းများကျဆင်းနေသည့်အတွက် ခြောက်သွေ့သည့် အမိုးအကာရှိသည့် နေရာလေးများတွင် ပုန်းအောင်းနေကြပြီး အပြင်သို့ ထွက်မလာကြပေ။

ထိုအချိန်မှာပင်… အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် လူရွယ်တစ်ယောက် တောင်တက်လမ်းအတိုင်း ချင်းရှတောင်ပေါ်သို့ တရွေ့ရွေ့ တက်လာလေသည်။

လူရွယ်က လမ်းလျှောက်လာခြင်း ဖြစ်သော်လည်း နှင်းများထက်တွင် ခြေရာထင်ကျန်ခဲ့ခြင်း မရှိပေ။ နှင်းပွင့်လေးများသည်လည်း သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းခြင်းမရှိဘဲ လွှဲဖယ်သွားကြလေသည်။

နောက်ဆုံးတော့ ထိုလူရွယ်သည် ချင်းရှတောင်ပေါ်သို့ ရှောက်ရှိလာလေ၏။

ယခု ချင်းရှတောင်၏ တံးခါးစောင့်မှာ ရဲ့မော်ထျန်း မဟုတ်တော့ပေ။ တစ်ကိုယ်လုံး အဖြူရောင်အမွှေးများဖြင့် ဆွတ်ဆွတ်ဖြူနေသည့် မျောက်ဝံကြီးတစ်ကောင် ဖြစ်နေလေသည်။

မျောက်ဝံကြီးက မျက်လုံးကို တင်းတင်းကျပ်ကျပ်မှိတ်ထားလေသည်။

တောင်ပေါ်သို့တက်လာသည့် လူရွယ်က  သူနှင့် ခြေလှမ်း (၁၀)လှမ်းအကွာသို့ ရောက်ရှိလာသည့်အခါတွင်တော့ မျောက်ဝံကြီးက မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။

သူက လူရွယ်ကို မြင်သည့်အခါတွင်တော့ အလွန်တရာအံ့သြသွားပြီး…

"ကျန်းဝူနတ်ဘုရား…"

ဟု ရေရွတ်လိုက်လေတော့၏။

မျောက်ဝံဖြူကြီးသည်ကား ဝူကျီးချီပင်ဖြစ်လေသည်။

လူစောယိက ထိုမျောက်ဝံကြီးကို သူနှင့်အတူခေါ်လာခဲ့ပြီး မည်သို့ပြုလုပ်ရမည်ကို ကြံရာမရဖြစ်ကာ နောက်ဆုံး ချင်းရှတောင်သို့ ပို့ပေးလိုက်ခြင်း ဖြစ်သည်။

ထို့နောက် ဆန်းလျန်က ဝူကျီးချီကို ချင်းရှတောင်၏ တံခါးစောင့်အဖြင့် တာဝန်ပေးလိုက်သည်။

နတ်မိစ္ဆာအဓိပတိကြီးနှင့် နတ်ဘုရားများစွာကို ဆန်းလျန် တစ်ယောက်တည်းဖြင့် အနိုင်ယူလိုက်သည်ကို သိရှိပြီးနောက် ဝူကျီးချီသည်လည်း ဆန်းလျန်ကို ကြောက်ရွံ့ထိတ်လန့်သွားပြီး ကလန်ကဆန်မလုပ်ရဲတော့ပေ။

သို့သော်… ချင်းရှကျောင်းတော်တွင် တံခါးစောင့်လုပ်ရခြင်းက အလွန်မှ အေးအေးဆေးဆေးရှိလေသည်။ အကြောင်းမှာ… မည်သူမှ ချင်းရှတောင်ကို လာရောက်ခြင်း မရှိကြသောကြောင့် ဖြစ်၏။

ယခု သူ့ရှေ့သို့ရောက်လာသည့် သက်လတ်ပိုင်းတာအိုဆရာမှာတော့ ကျန်းဝူနတ်ဘုရားဖြစ်လေသည်။ မျောက်ဝံကြီး တံခါးစောင့်ဖြစ်ပြီးနောက်ပိုင်း ပထမဆုံး ချင်းရှကျောင်းတော်သို့ ရောက်လာသည့် ဧည့်သည်ဖြစ်လေသည်။

ကျန်းဝူနတ်ဘုရားက အစပိုင်းကတည်းကပင် ကျော်ကြားသည့် နတ်ဘုရားတစ်ပါး ဖြစ်သည်။ ထို့ပြင်… ကျန်းဝူနတ်ဘုရားက စစ်နတ်ဘုရားယန်ကျန်းကဲ့သို့ ရှားပါးပြီးထူးခြားသည့် နတ်ဘုရားတစ်ပါးလည်း ဖြစ်သည်။

သူ၏မျိုးနွယ်ကလည်း ချင်းယွမ်မြောင်တောက်အရှင်ယန်ကျန်းထက်ပင် ပိုမို မြင့်မားပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကလည်း အလွန်နက်ရှိုင်းသည်။

ထို့ကြောင့်… ဝူကျီချီမှာ တန်ခိုးစွမ်းအားထိပ်တန်းအဆင့်ရှိသည့် မျောက်မင်းတစ်ပါးဖြစ်သော်လည်း ကျန်းဝူနတ်ဘုရားကဲ့သို့ အရှိန်အဝါကြီးမားသူများကို သွားရောက်ရန်စရဲခြင်း မရှိပေ။

ကျန်းဝူနတ်ဘုရား၏မျက်နှာတွင် မာန်မာကြီးမားဟန်များကို တွေ့မြင်ရလေသည်။

သူက ဝူကျီးချီကို တစ်ချက်ကြည့်လိုက်ပြီး…

"ဟဲ့ မျောက်စုတ် ၊ မင်းက အတော်ကံကောင်းတာပဲ ၊ ဆန်းလျန်ထျန်းကျွင်းလက်အောက်မှာ အလုပ်လုပ်နေတယ်ပေါ့ … ဟုတ်လား…"

ဝူကျီးချီက…

"ကျန်းဝူနတ်ဘုရားက သခင့်ကိုလာတွေ့တာလား ၊ ဒါဆိုရင် ကျုပ် သခင့်ကို သွားပြီး အကြောင်းကြားပေးပါ့မယ်…"

ဝူကျီးချီက မာန်မာနကြီးသူဖြစ်သော်လည်း ကျန်းဝူနတ်ဘုရားကိုတော့ လေးစားသူ ဖြစ်သည်။

ထို့ပြင်… ကျန်းဝူနတ်ဘုရား၏ ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်းက အလွန်ထင်ရှားကျော်ကြားသူ ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် နတ်မိစ္ဆာအတော်များများက ကျန်းဝူနတ်ဘုရား၏ စကားကို နားထောင်ကြလေသည်။ ထို့ကြောင့် အတော်အတန် အရှိန်အဝါ ကြီးမားသည်ဟု ဆိုနိုင်သည်။

ကျန်းဝူနတ်ဘုရားက ခေါင်းအသာ ညိတ်ပြလိုက်သည်နှင့် ဝူကျီးချီက ချက်ချင်းပင် အတွင်းသို့ ဝင်သွားလေသည်။

ထို့နောက် သူက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလိုက်သည်။

"ကျန်းဝူနတ်ဘုရားလိုလူတစ်ယောက်က သခင့်ကို လာတွေ့တာ အပြင်မှာစောင့်ပြီး တွေ့ခွင့်တောင်းနေရတယ်လို့ ၊ သူ့လိုလူမျိုးက သခင့်ကိုတွေ့ချင်ရင် ဒီအတိုင်းသွားတွေ့လိုက်လည်း ရတဲ့ဟာကို ၊ ကြည့်ရတာ ငါ့သခင်လက်အောက်မှာ အလုပ်လုပ်ရတာ အတော်လေး ဂုဏ်ရှိတယ် ထင်ရတာပဲ ၊ နောက်ကျရင် သခင့်လက်အောက်မှာ မလုပ်ချင်ဘူးဆိုတဲ့ အတွေးမျိုး မတွေးတော့ဘူး…"

ဝူကျီးချီက နှင်းလျှောစီးပြီးသွားလိုက်လေရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆန်းလျန်ရှိရာ တိမ်ဖြူစမ်းချောင်းလေးနံဘေးသို့ ရောက်ရှိလာလေသည်။

စမ်းချောင်းလေးနံဘေးတွင် ဆန်းလျန် ဗျပ်စောင်းတီးနေသည်ကို ဝူကျီးချီ တွေ့လိုက်ရ၏။

သို့သော်… ဗျပ်စောင်းတီးနေသည်ဟုလည်း ဆို၍မရပေ။ အကြောင်းမှာ… ဗျပ်စောင်းသံထွက်ပေါ်မလာသောကြောင့် ဖြစ်လေ၏။

ဆန်းလျန်က ဗျပ်စောင်းတီးသည့်အလား လက်ချောင်းများကို လေထဲတွင် လှုပ်ရှားနေသည့်ဟန်ပန်သာ ပြုလုပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ရုတ်တရက် ကြည့်မည်ဆိုလျှင် ဗျပ်စောင်းတီးနေသည်ဟု ထင်မှတ်မှားစရာရှိလေသည်။

ဝူကျီချီက ဆန်းလျန် အဘယ့်ကြောင့် ထိုသို့ ပြုလုပ်နေသည်ကို နားမလည်သော်လည်း မနှောက်ယှက်ရဲပေ။

ဆန်းလျန်က ဝူကျီးချီရောက်လာသည်ကို တွေ့သည့်အခါ သူ၏လက်ချောင်းများက ဆက်လက်လှုပ်ရှားနေသော်လည်း ပါးစပ်ကတော့ စကားပြောလိုက်သည်။

"ကျန်းဝူနတ်ဘုရားကို ဒီနေရာကို ဖိတ်ခေါ်လိုက်ပါ ၊ ကျုပ် သူ့ကို စောင့်နေတာ…"

ဝူကျီးချီ ခေါင်းညိတ်ပြလိုက်ပြီး ပြန်လည်ထွက်ခွာသွားလေသည်။

သိပ်မကြာမီ ဆန်းလျန်ရှိရာသို့ ကျန်းဝူနတ်ဘုရား ရောက်ရှိလာလေ၏။

အမှန်တော့ ကျန်းဝူနတ်ဘုရားအနေဖြင့် ဆန်းလျန်ကို တွေ့ချင်လျှင် ဝူကျီးချီကို လွှတ်ပြီး အကြောင်းကြားနေစရာ မလိုပေ။ သူ့အဆင့်အတန်းဖြင့်ဆိုလျှင် ဆန်းလျန်ရှိရာသို့ ချက်ချင်းလာရောက်ပြီး တိုက်ရိုက်တွေ့ဆုံနိုင်စွမ်း ရှိလေသည်။

သို့သော် ကျန်းဝူနတ်ဘုရားက ဆန်းလျန်အပေါ်ထားရှိသည့် လေးစားသမှုကို ပြသချင်သည့်အတွက် ယခုကဲ့သို့ အကြောင်းကြားပြီးမှ ရောက်ရှိလာခြင်း ဖြစ်သည်။

ကျန်းဝူနတ်ဘုရားက ဆန်းလျန်ကိုတွေ့သည်နှင့် ပြုံးပြလိုက်ပြီး…

"အသံက ကျယ်လောင်လွန်းလို့ ကြားတောင်မကြားရတော့ဘူး ၊ ဆင်ကြီးရဲ့ ခန္ဓာကိုယ်ကကြီးမားလွန်းလို့ ဆင်ကောင်ပေါ်အောင် မမြင်ရသလိုမျိုးပဲပေါ့ ၊ ထျန်းကျွင်းက တကယ် စိတ်ဝင်စားစရာကောင်းတာပဲ…"

ဝူကျီးချီ၏ ကျင့်ကြံခြင်းအဆင့်က ခပ်ပေါ့ပေါ့ မဟုတ်ပေ။

တန်ခိုးစွမ်းအားအရာ ပြောမည်ဆိုလျှင် ဝူကျီးချီက လောကတွင် အဆင့်တစ်နေရာပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့သော်… ဆန်းလျန်၏ အပြုအမူများကိုတော့ သူ နားလည်နိုင်စွမ်း မရှိပေ။

ထိုသို့ဖြစ်ရသည်မှာ ဝူကျီးချီက စတင်ကျင့်ကြံခဲ့စဉ်က ခန္ဓာကိုုယ်ကျင့်စဉ်နှင့် တန်ခိုးစွမ်းအားကျင့်စဉ်များကိုသာ အလေးထားကျင့်ကြံခဲ့ခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် သူက တရားအလင်းရခြင်းတစ်ဝက် ၊ တန်ခိုးစွမ်းအားကြီးမားခြင်းတစ်ဝက်ဖြင့် နတ်မိစ္ဆာတစ်ပါး ဖြစ်လာခဲ့သူ ဖြစ်သည်။ ထို့ပြင် သူက လူ့လောကအကြောင်းများကိုလည်း သိပ်ပြီးသိရှိသူ မဟုတ်ပေ။

တာအိုနတ်ဘုရားကျောင်းတော်များ ၊ ဗုဒ္ဓဘာသာကျောင်းတော်များတွင်လည်း သူက စနစ်တကျ ပညာသင်ယူခဲ့ရသူ မဟုတ်လေရာ နတ်မိစ္ဆာလမ်းစဉ်နှင့်ပတ်သက်သည့် အကြောင်းအရာအတော်များများကို နားလည်သဘောပေါက်သော်လည်း ပြန်လည်ပြောပြနိုင်လောက်အောင် မတတ်နိုင်ခဲ့ပေ။

ထိုသို့ဖြစ်ရသည်မှာ "ဘာလဲ" ဆိုသည့်အရာကိုနားလည်ပြီး "ဘာကြေင့်လဲ" ဆိုသည့်အရာကို နားမလည်ခြင်းကြောင့် ဖြစ်သည်။

ကျန်းဝူနတ်ဘုရားကတော့ ဝူကျီးချီနှင့် မတူညီပေ။

ကျန်းဝူနတ်ဘုရားက နတ်ဘုရားတစ်ပါးဖြစ်သလို နတ်မိစ္ဆာတစ်ပါးလည်းဖြစ်သည်။ ထို့ပြင် လူသိများကျော်ကြားသည့် ယွိကျင်းနတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက်လည်း ဖြစ်သည်။

နတ်ဘုရားများကို လက်ရှိအချိန်တွင် ရွှမ်တုတောက်ကျွင်းက အုပ်ချုပ်လေသည်။ သို့သော်… ကျန်းဝူနတ်ဘုရားက ဟွင့်ယွမ်ဝူကျီအဆင့် မရောက်သေးသည့်တိုင် သူက ရွှမ်တုတောက်ကျွင်းလက်အောက်တွင် ခိုလှုံခြင်း မရှိပေ။

သူက တစ်ချက်ကြည့်လိုက်သည်နှင့် ဆန်းလျန်ပြုလုပ်နေသည့် လက်ဟန်အမူအရာအကြောင်းကို ချက်ချင်းနားလည်လိုက်သည်။

ဆန်းလျန်က ချက်ချင်းပင်မတ်တတ်ရပ်လိုက်ပြီး ကျန်းဝူနတ်ဘုရားကို လက်နှစ်ဖက်ဆုပ် အရိုအသေပေးလိုက်ပြီး…

"တာအိုရောင်းရင်းက တော်ပါပေတယ်…"

ဟု ချီးကျူးလိုက်လေသည်။

ပြီးမှ ဆန်းလျန်က ကျန်းဝူနတ်ဘုရားလာရောက်ရသည့်အကြောင်းရင်းကို မေးလိုက်သည်။

"ဒါနဲ့ တာအိုရောင်းရင်းက ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ မသိဘူး…"

ကျန်းဝူနတ်ဘုရားမျက်တောင်တစ်ချက်ခတ်လိုက်ပြီး ဆန်းလျန်ကို ကြည့်လိုက်သည်။

"ထျန်းကျွင်း … ထျန်းကျွင်း ဒဏ်ရာရထားတယ် မဟုတ်လား…"

ဆန်းလျန်က ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်ပြီး…

"အမှန်ပဲ ၊ မိုးကောင်းကင်လမ်းစဉ်က အစကတည်းက ကျုပ်ကို သတ်ဖို့အထိ ကြံစည်ခဲ့တာ ၊ အခုလည်း ထပ်ပြီး ဒုက္ခပေးပြန်ပြီလေ…"

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်ခန့်က  ဆန်းလျန်သည် တာအိုအစစ်ဆေးခံရမှုနှင့် ဘေးအန္တရယ်ဆိုးကြီးကို ရင်ဆိုင်ခဲ့ရသည်။ ထိုဘေးအန္တရယ်က ယခုလက်ရှိ ဆန်းလျန်ကိုပါ အကျိုးသက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ယခင်ဆန်းလျန်က အတိတ်ကို ဖြတ်တောက်လိုက်ပြီး အတိတ်အချိန်မှ ဆန်းလျန်ကို အနာဂတ်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်လေသည်။

သူတို့ (၂)ယောက်က တစ်ယောက်တည်း မဟုတ်တော့ပေ။ သို့သော်… ဆက်နွယ်မှုရှိနေသည်ကတော့ ငြင်းဆန်မရသည့် ကိစ္စတစ်ခု ဖြစ်သည်။

ကျန်းဝူနတ်ဘုရားက သက်ပြင်းတစ်ချက်ချလိုက်ပြီး…

"ဘာပဲဖြစ်ဖြစ် ထျန်းကျွင်းက လောကပထမ နတ်ဘုရားတစ်ပါးပါပဲလေ…"

ဆန်းလျန်ကပြုံးလိုက်ရင်း…

"တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်မလာသရွေ့ အဲဒီအရာတွေက အလကားပါပဲ ၊ ဘာမှ မဟုတ်ပါဘူး ၊ ကဲ… တာအိုရောင်းရင်း ရောက်လာရတဲ့အကြောင်းရင်းကို လင်းပါဦးဗျာ…"

ကျန်းဝူနတ်ဘုရားက  ဆန်းလျန်၏ စကားကို သဘောတူသည့်အနေဖြင့် တစ်ချက်ခေါင်းညိတ်လိုက်သည်။

ပြီးမှ သူက တည်ကြည်သည့်မျက်နှာထားဖြင့်…

"ကျုပ် ဒီနေ့ရောက်လာရတာကတော့ တာအိုဆရာသခင်ထိုက်ယီက အမှာစကားရှိလိုက်လို့ပါ…"

ဆန်းလျန်က တည်ငြိမ်စွာဖြင့်…

"တာအိုရောင်းရင်းနဲ့ တာအိုဆရာသခင်ထိုက်ယီတို့ ဟိုးအရင်ကတည်းက ရင်းနှီးကျွမ်းဝင်ကြတယ်ဆိုတာ ကျုပ်သိပါတယ် ၊ တာအိုဆရာသခင်ထိုက်ယီက ကျုပ်အတွက် ဘာများ အမှာရှိလိုက်ပါသလဲ…"

ကျန်းဝူနတ်ဘုရားက…

"အနှေးနဲ့အမြန်ပဲ ထျန်းကျွင်း လွတ်မြောက်တော့မှာပါ ၊ အခြားတာအိုဆရာသခင်ကြီးတွေနဲ့ တစ်တန်းတည်း အတူထိုင်ခွင့် ရရှိတော့မှာပါ ၊ တာအိုဆရာသခင်ထိုက်ယီက ဘာမှတော့ ထူးပြီး မမှာလိုက်ပါဘူး ၊ ဒါပေမဲ့ သူက ထျန်းကျွင်းကို တာအိုဆရာလီချင်းဆွေရဲ့ တာအိုလက်တွဲဖော်ဖြစ်လာစေဖို့ ဆန္ဒရှိတယ် ၊ ထျန်းကျွင်းသာလက်ခံမယ်ဆိုရင် ထိုက်ရှီ ၊ ထိုက်ချူး ၊ ထိုက်စု ကိုုယ်ခွဲတွေကို ကျင့်ကြံအောင်မြင်ဖို့ ဟွင့်ယွမ်တာအိုသစ်သီးကို ဖွင့်ပြပေးမယ်လို့ ပြောတယ်…"

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"တာအိုဆရာသခင်ကြီးက တကယ်စေတနာကောင်းတာပဲ ၊ ကျုပ်သာ သူပြောတဲ့စကားကို သဘောတူလိုက်မယ်ဆိုရင် နှစ်အနည်းငယ်အတွင်းမှာပဲ ရှန်းထျန်းဝူထိုက်ကျင့်စဉ်ကို ကျင့်ကြံအောင်မြင်သွားမှာပဲ ၊ အဲဒီလိုသာဆိုရင် သံသရာကို ကျော်လွန်ဖို့ အေးအေးဆေးဆေး ထိုင်စောင့်နေရုံပဲပေါ့ ၊ ဟုတ်တယ်မလား…"

ကျန်းဝူနတ်ဘုရားက…

"ထျန်းကျွင်းဘက်က သဘောတူတယ်ဆိုရင် ဒီအတိုင်း ဖြစ်လာပါလိမ့်မယ် ၊ ဒါပေမဲ့ ထျန်းကျွင်း သဘောမတူဘူးဆိုရင်တော့ သံသရာကိုကျော်လွန်ဖို့ အချိန်စောင့်ရပါလိမ့်ဦးမယ်…"

"သဘောမတူစရာအကြောင်းတော့ မရှိပါဘူး ၊ ဒါပေမဲ့ ကြည့်ရတာ… တာအိုဆရာသခင်ထိုက်ယီက ကျန်းဝူနတ်ဘုရားကနေတစ်ဆင့် ကျုပ်ကို အမှာစကားရှိလိုက်တယ်ဆိုတော့ … တာအိုဆရာသခင်ကြီးတွေဟာ ဒီလောကကနေ လုံး၀ လွတ်မြောက်သွားခြင်းမရှိသေးဘူးပေါ့ ၊ ပြီးတော့ သူတို့က ဘာလို့ လောကီရေးရာတွေကို လိုက်ပြီး ဝင်စွက်ဖက်နေရသေးတာလဲ ၊ ကျုပ်နားလည်ထားတာက စကြာဝဠာကြီးက မရှိမှုအဖြစ် ပြောင်းလဲသွားတဲ့အခါမှာ ချည်နှောင်ထားတဲ့ အကြောင်းအကျိုးတွေအားလုံးလည်း ပျက်သုဉ်းသွားလိမ့်မယ် ၊ အဲဒီအချိန်ကျမှ အရာအားလုံးက လွတ်မြောက်သွားနိုင်မယ် ထင်ပါတယ်…"

ထိုစကားကို ပြောလိုက်ချိန်တွင် ဆန်းလျန်၏ မျက်ဝန်းများက  အသိပညာဉာဏ်များဖြင့် ပြည့်ဝလျှက်ရှိပြီး တောက်ပလင်းလက်လျှက် ရှိလေသည်။

နောက်ဆုံးတော့ သူသိချင်သည့်အရာကို အတည်ပြုနိုင်ခဲ့ပြီ မဟုတ်ပါလား။

တာအိုဆရာသခင်ကြီးများ၏ လွတ်မြောက်ခြင်းသည် လုံး၀ ပြီးပြည့်စုံသည့် လွတ်မြောက်သွားခြင်းမျိုး မဟုတ်သေးပေ။

ဤသည်မှာ တာအိုဆရာသခင်ကြီးများ၏ အရည်အချင်းကင်းမဲ့မှုကြောင့် မဟုတ်ဘဲ  ပြင်ပအခြေအနေများကြောင့် ဖြစ်လေသည်။

အကြောင်းမှာ … စကြာဝဠာကြီး မပျက်သုဉ်းသရွေ့ သူတို့အားလုံးလည်း မလွတ်မြောက်နိုင်သေးဘဲ စောင့်ဆိုင်းနေကြရခြင်း ဖြစ်ဟန်တူသည်။

ဆန်းလျန်က အတိတ်ကို ဖြတ်တောက်ပစ်ခဲ့သော်လည်း အမှန်တော့ သူက အတိတ်ကို မျက်နှာပြင်တစ်ခု အသုံးပြုကာ ဖုံးကွယ်ခဲ့ခြင်းသာ ဖြစ်လေသည်။ ထို့ကြောင့် အတိတ်နှင့်ပတ်သက်သည့် အကြောင်းအရာများ ပျောက်ကွယ်သွားသည့်တိုင် သဲလွန်စများကတာ့ ကျန်ရှိနေဆဲ ဖြစ်သည်။

သဲလွန်စလုံးဝမကျန်အောင် အရာအားလုံးကို ဖြတ်တောက်ပစ်ချင်လျှင်တော့ သဲလွန်စများအားလုံး ကျန်ရှိနေသည့် စကြာဝဠာကြီးတစ်ခုလုံးကို ဖျက်စီးပစ်မှ ရပေလိမ့်မည်။

နောက်ဆုံးရင်ဆိုင်ရမည့် စကြာဝဠာပျက်သုဉ်းမည့် ဘေးအန္တရယ်ကပ်ဘေးကြီးသည် တာအိုမဟာလမ်းစဉ် ပြန်လည်အသစ်ဖြစ်တည်ခြင်းနှင့် သံသရာလည်ခြင်း၏ အစိတ်အပိုင်းဖြစ်သည်သာမက တာအိုဆရာသခင်ကြီး (၈)ပါးလုံး မျှော်လင့်နေကြသည့်အရာဖြစ်ကြောင်း ဆန်းလျန် သိရှိလိုက်ရပြီ ဖြစ်သည်။

ဤသို့သာ ဖြစ်လာမည်ဆိုလျှင် စကြာဝဠာတစ်ခုလုံး ပျက်သုဉ်းခြင်းနောက်ကွယ်တွင် များစွာသော အကြောင်းအရာများ ရှိနေသည်ဟု ဆိုနိုင်မည်ဖြစ်လေတော့သည်။

***

All Chapters