အခန်း (၉၉၄-၉၉၆)
Vol. 67 Ch. 994-996
အခန်းး (၉၉၄) အဆင့်အတန်းကြောင့်မဟုတ်
"ဒီအရိုးခေါင်းနတ်ဆိုးဂိုဏ်းက နာမည်သာဟန်ကြီးပန်ကြီးနဲ့ အဖိုးတန်ပစ္စည်းလည်း ဘာမှမရှိဘူး"
လုယန်တို့က ထန်ချန်ဝူတို့သုံးယောက်ကို ဂိုဏ်းရတနာများသိမ်းယူရန် ခေါ်လာသည်။ သို့သော် ရတနာတိုက်က သရဲကိုယ်တော်နှင့် အရိပ်သရဲတို့၏ ပိုင်ဆိုင်မှုလောက်ပင် မများ။
ပစ္စည်းများသိမ်းယူရင်း မုန်ကျင်းကျိုး မကျေမနပ်ရေရွတ်နေသည်။
"ဒါနဲ့များကိုယ့်ကိုယ်ကို နတ်ဆိုးဂိုဏ်းလို့ခေါ်နေကြသေးတယ်။ ငါ့စိတ်ထဲမှာ နှလုံးမဲ့ဂိုဏ်းတို့ ထာဝရဂိုဏ်းတို့နဲ့ယှဉ်တွေးပြီး အချီကြီးမိပြီတွက်ထားတာ။ အခုတော့ သူတို့ရှိတာ ဒါအကုန်ပဲတဲ့လား"
သူတို့နှစ်ယောက်သည် အပြင်လောကတွင် နေရာနှံ့ခဲ့သည်။ လောကအတွေ့အကြုံစုံသည်။ သူတို့မျက်စိကျလောက်သည့်အရာ သိပ်များများမရှိ။
သို့သော် ထန်ချန်ဝူတို့အတွက်က ထိုသို့မဟုတ်။ အရိုးခေါင်းနတ်ဆိုးဂိုဏ်း၏ ပစ္စည်းတိုင်းသည် သူတို့အတွက် အလွန်တန်ဖိုးကြီးသည့် ရတနာဖြစ်သည်။
ဥပမာ ထန်ချန်ဝူသောက်ခဲ့ဖူးသည့် ခြင်ဆီသန့်စင်ဆေးလုံး။ လုယန် ပုလင်းအတော်များများရထားသည်။ သို့သော် သူ့အတွက် ဘာမှသိပ်တန်ဖိုးမရှိလှ။
သူနှင့်လောင်မုန်တို့၏ သွေးတစ်စက်သည် ထိုဆေးများထက် ပို၍အာနိသင်ထက်မြက်သည်။
ခန္ဓာကိုယ်ကို အကြိမ်ကြိမ်သန့်စင်၍ ဝိညာဉ်ပြောင်းအဆင့်သို့ရောက်လာသည်။ လောကမှ သဘာဝအတိုင်း မွေးဖွားလာသကဲ့သို့ အညစ်အကြေးများ လုံးဝကင်းစင်နေသည်။
သူတို့အသွေးအသားနှင့်အရိုးများတွင် သိပ်သည်းသည့် ဝိညာဉ်သန္ဓေစွမ်းအားများပါဝင်သည်။ ချီသန့်စင်အဆင့် သို့မဟုတ် အခြေတည်အဆင့်များအတွက် အဖိုးဖြတ်မရသည့် ရတနာများဖြစ်သည်။
သူတို့ရုပ်ခန္ဓာက စုစည်းခြင်းအဆင့်သို့ပင် ရောက်နေသည်။ ဝိညာဉ်စွမ်းအားထက် ပိုအဆင့်မြင့်သည်။
"အဲ...သူတို့ဂိုဏ်းကနေ ပစ္စည်းတစ်ခု မင်းယူထားတယ်လို့ ကာကွယ်သူကျောင်းက ပြောသွားတယ်မဟုတ်လား"
ထန်ချန်ဝူ အခက်တွေ့သွားသည်။ အမှန်အတိုင်းပြောသင့်မပြောသင့် စိတ်ထဲတွင်လွန်ဆွဲနေသည်။ ခြင်ဆီသန့်စင်ဆေးက သိပ်ကိစ္စမရှိ။ သို့သော် ဤသတ္တုချွန်သည် မူလဇစ်မြစ်ကိုမသိရသော်လည်း အလွန်တရာခထက်မြက်သည်။ သာမန်ပစ္စည်း လုံးဝမဟုတ်နိုင်။
လုယန်တို့နှစ်ယောက်က နာမည်သတင်းကျော်ကြားသော်လည်း ထိုပစ္စည်းကိုမြင်လျှင် လောဘတက်မလာဟု မဆိုနိုင်။
တန်ချန်ဝူ အံတင်းတင်းကြိတ်၍ ဆုံးဖြတ်ချက်ချလိုက်သည်။ အကယ်၍ လုယန်တို့ သူ့ပစ္စည်းကို လောဘတက်ခဲ့လျှင်လည်း အချိန်ကို သူနောက်ပြန်ရစ်နိုင်သည်။
"တစ်ခါတုန်းက ဆေးမြစ်သွားရှာရင်း သေလုမျောပါးဖြစ်နေတဲ့ အရိုးခေါင်းနတ်ဆိုးဂိုဏ်းသားတစ်ယောက်နဲ့တွေ့တယ်။ သူ့ဆီကနေ သစ်သားသေတ္တာတစ်လုံးရတယ်။ သတ္တာထဲမှာ ခြင်ဆီသန့်စင်ဆေးတစ်လုံးနဲ့ ဒီသတ္တုချွန်ကိုတွေ့ခဲ့တာပါ"
"ဒါဆို အဲဒီ့သတ္တုချွန်က ဘယ်မလဲ"
"တစ်ခြားနေရာမှာမှာ ဝှက်ထားတယ်။ အခု ပါမလာဘူး"
တန်ချန်ဝူ အမှန်အအတိုင်းဝန်ခံသည်။ အရိုးခေါင်းခိုင်းမှလူများ သူ့ကိုတွေ့သွားပြီး သူ့ကိုယ်ပေါ်တွင် ချက်ချင်းရှာဖွေကြမည်ကို သူစိုးရိမ်သည်။
တစ်ခြားနေရာတွင် ဝှက်ထားလျှင် အချိန်နည်းနည်းဆွဲ၍ရသည်။
"ငါ့ကိုပြပါဦး"
ထိုသတ္တုချွန်ကြောင့် တန်ချန်ဝူ အန္တရာယ်တစ်ခုခုဖြစ်မည်ကို လုယန်စိုးရိမ်သည်။
အရိုးခေါင်းဂိုဏ်းကိစ္စ ရှင်းသွားပြီးနောက် သူတို့လူစု တန်ချန်ဝူခေါ်ရာနောက်သို့ လိုက်သွားသည်။ ခိုင်ဟွမ်မြို့တော်ထဲမှ ညောင်ပင်ကြီးတစ်ခုဆီ ရောက်လာသည်။
တန်ချန်ဝူက သစ်ပင်ပေါ်ရှိ ငှက်သိုက်ထဲမှ သတ္တချွန်ကို ချက်ချင်းသွားယူပေးသည်။ သတ္တုချန်၏ အတွင်းမျက်နှာပြင်တွင် ရှုပ်ထွေးသည့် ပုံစံကွက်များရှိသည်။ မှော်စက်ဝန်းတစ်မျိုးဖြစ်မည်။
လုယန် ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ နတ်မယ်ကို မေးကြည့်သည်။ မကြာမီ အဖြေထွက်လာသည်။
"ကြေးအိုးတစ်လုံးရဲ့ အစိတ်အပိုင်ဖြစ်မယ်။ ကောင်းကင်ကြယ်ကြေးနီကို အဓိကသုံးပြီး ဖန်တီးထားတာ။ ကြေးအိုးအပြည့်အစုံဆိုရင် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ မှော်လက်နက်ဖြစ်နိုင်တယ်"
မုန်ကျင်းကျိုးက လုယန်ကို တအံ့တဩကြည့်သည်။
...ဟေ့ကောင်၊ မင်းက ပစ္စည်းသွန်းပညာအကြောင်း မသိလောက်ပါဘူး။ ဒီလောက်ထိတောင် ခွဲခြားသုံးသပ်နိုင်တယ်ပေါ့...
အရိုးခေါင်းဂိုဏ်းသည် အဆင့်နိမ့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဂိုဏ်းချုပ်သည်ပင် နတ်ဝိညာဉ်အခြေခံဆင့်သာရှိသည်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်၏ ပစ္စည်းမျိုးကို ရနိုင်ခြေမရှိ။ အစိတ်အပိုင်းတစ်ခုပင် မရနိုင်။
လုယန် သတ္တုချွန်ကို တန်ချန်ဝူထံ ပြန်ပေးသည်။
"သိမ်းထားပါ။ ဒီသတ္ထုချွန်မှာ သမိုင်းကြောင်းတစ်ချို့ရှိတယ်။ မင်းက ပစ္စည်းကောင်းတစ်ခု ရှာတွေ့ထားတာပဲ။ တစ်ခြားအစိတ်အပိုင်းတွေကိုပါ မင်းရှာနိုင်ရင် ပြည့်စုံတဲ့ကြေးအိုးတစ်လုံး အလိုလိုပြန်ဖြစ်သွားလိမ့်မယ်"
ကူးဖြတ်ခြင်းအဆင့်မှော်ရတနာဖြစ်သည်။ သူဘာမှ အရေးစိုက်စရာမရှိ။ တန်ချန်ဝူအတွက် အန္တရာယ်မရှိဖို့သာလိုသည်။
တန်ချန်ဝူ သတ္တုချွန်ကို ဂရုတစိုက်သိမ်းလိုက်သည်။ ထိုပစ္စည်းသည် စွမ်းအားမြင့်မှော်ရတနာတစ်ခု၏ အစိတ်အပိုင်းဖြစ်သည်။ အလွန်တရာ တန်ဖိုးကြီးသည်။ ကံကောင်းလျှင် တစ်ခြားအစိတ်အပိုင်းများကို သူရလာနိုင်သည်။ ကြေးအိုးအပြည့်အစုံပင် ရလာနိုင်သည်။
"ကဲ..မိန်းကလးကွေ့၊ ညစာစားဖို့ ဆိုင်တစ်ခုခုကို လိုက်ပို့ပါ"
သူတို့အားလုံး အရိုးခေါင်းဂိုဏ်းကို အမြန်ရှင်းလင်းနေရသဖြင့် ထမင်းစားဖို့ အချိန်မရခဲ့။
ညရောက်လာချိန်ထိ ခိုင်ဟွမ်မြို့တော်က စည်းကားနေဆဲဖြစ်သည်။ ကွေ့ချွဲအာက ရောင်စုံမီးပုံးများ ထွန်းညှိထားသည့် ခမ်းနားထည်ဝါသည့် စားသောက်ဆိုင်တစ်ခုသို့ ခေါ်သွားသည်။
"ရောက်ပါပြီ"
ထို့နောက် သူတို့အားလုံး အဆင့်မြင့်ဆန်ပြုတ်(ယာဂု)ကို စားသောက်ကြသည်။
လုယန်တွေးနေသည်။
...မင်းတို့ဗုဒ္ဓနိုင်ငံကလူတွေ တစ်ခြားအစားအသောက်လေးများ မစဉ်းစားမိကြဘူးလား...ဒီဟာကြီးကတော့ လုံးဝကိုစားချင်စရာမရှိဘူး...
ညီမမုန်မုန်ကို ဒေသအစားအသောက်တယ်လာမယ်လို့တောင် ငါကတိပေးထားတယ်။ ဒီလိုဝက်စာမျိုးကို ပုံးနဲ့သယ်သွားရမှာလား...
ဤထိပ်တန်းဝက်စာသည် သိပ်တော့ကြည့်ရမဆိုးလှ။ အရသာလည်း အတော်ကောင်းသည်။ နေ့ခင်းပိုင်းက စားခဲ့သလောက် မျိုရမခက်။
စားသောက်ပြီးနောက် ကတိပေးထားသည့်အတိုင်း ကွေ့ချွဲအာက လုယန်ကို ခိုင်ဟွမ်မြို့ထဲ လိုက်ပို့ပေးသည်။ တန်မောင်နှမက သူ့တို့ဘေးမှ ပြောဆိုရယ်မောရင်းလိုက်လာသည်။
"ကဲ...ပြန်သင့်ပြီထင်တယ်"
လုယန်ကပြောသည်။ ခိုင်ဟွမ်မြို့တော်သည် အတော်ကျယ်ပြန့်သည်။ တစ်ညလောက်ဖြင့် နေရာစုံအောင် လည်ပတ်နိုင်မည်မဟုတ်။
သူနှင့်လောင်မုန်က လမ်းဆက်လျှောက်ဖို့ စွမ်းအင်များစွာကျန်သေးသည်။ သို့သော် ကွေ့ချွဲအာတို့က သူတို့လိုမဟုတ်။ စွမ်းအင်အကန့်အသတ်ရှိသည်။
အပြန်လမ်းတွင် ပြဿနာတစ်ခုခုကြုံမည်စိုးသဖြင့် သူတို့သုံးယောက်လုံးကို အိမ်ပြန်လိုက်ပို့ပေးသည်။
"ငါတို့ ခိုင်ဟွမ်ဘုံကျောင်းမှာ နည်းနည်းကြာဦးမှာ။ တစ်ခုခုကိစ္စပေါ်လာရင် ငါ့ကိုလာရှာလို့ရပါတယ်"
ထွက်မသွားမီ လုယန်ခဏစဉ်းစားသည်။ ထို့နောက် လက်ညှိုးကို ဖျတ်ခနဲခါလိုက်သည်။ သွေးသုံးစက် ထိုသုံးယောက်လက်ထဲသို့ ရောက်သွားသည်။
"မင်းတို့က ငါတို့ကို ခိုင်ဟွမ်းမြို့တော်ထဲ အလကားလိုက်ပို့ပေးတာမျိုး မဖြစ်ချင်ဘူး။ ဒီသွေးသုံးစက်ကို အဲဒီ့အတွက် အဖိုးအခလို့ သဘောထားပါ။။ အဲဒီ့သွေးတွေက ခြင်ဆီသန့်စင်ဆေးလုံးထက် ပိုအသုံးဝင်ပါတယ်။
ရေနဲ့ရောပြီးဖျော်စပ်ဖို့မမေ့နဲ့။ မဟုတ်ရင် မင်းတို့ခန္ဓာကိုယ်တွေက ဒဏ်ခံနိုင်မှာမဟုတ်ဘူး"
မုန်ကျင်းကျိုး၏သွေးက ပြင်းထန်သည့်ဘေးတွက် ဆိုးကျိုးရှိသဖြင့် လွယ်လွယ်ပေးမရ။ လုယန်၏သွေးက ထိုပြဿနာမျိုးမရှိ။
"နောက်မှတွေ့မယ်"
...
အနောက်ပိုင်းမိုးပျံဘုံကျောင်း။
နှလုံးမဲ့ဂိုဏ်းအကဲ၏အလောင်းကို မုန်ကျင်းဇီ ဟန်ပါပါချုပ်ကိုင်ထားသည်။ ကျောင်းထိုင်ကိုယ်တော်မိန်ယုရှေ့တွင် ကြွားလုံးထုတ်နေသည်။
"ငါမပြောဘူးလား။ မုန်မိသားစု ဗုဒ္ဓနိုင်ငံကိုဝင်ရင် နှလုံးမဲ့ဂိုဏ်းကလူတွေကို တွေ့အောင်ရှာနိုင်မှာပါလို့လေ"
ကိုယ်တော်မိန်ယု၏ မျက်လုံးထောင့်စွန်း တစ်ချက်ခါသွားသည်။ သူတကယ်အရှုံးပေးရသည်။ မုန်မိသားစု ဗုဒ္ဓနိုင်ငံသို့ဝင်လာကတည်းက အနောက်ပိုင်းဘုံကျောင်းကိုယ်တော်များနှင့် ပူးပေါင်းပြီး နှလုံးမဲ့ဂိုဏ်းကို အမဲလိုက်ခဲ့သည်။
ရလာဒ်ကလည်း အတော်ကောင်းသည်။ နှစ်ပေါင်းများစွာ မဖမ်းနိုင်ခဲ့သည့် နှလုံးမဲ့အကြီးအကဲကို ဖမ်းမိလာသည်။
"သိပ်ကောင်းပါတယ်။ ဒကာမုန်ကိုယ်တိုင် ဒီလိုလှုပ်ရှားမယ်လို့ ကျုပ်ထင်မထားခဲ့ဘူး"
ဒဏ္ဍာရီမသေမျိုးဖြစ်သည့် မုန်ကျင်းဇီက သိက္ခကာကိုထိန်း၍ ထိုကိစ္စထဲ ဝင်မပတ်သက်ဘဲ မုန်မျိုးဆက်သစ်လူငယ်များကိုသာ တာဝန်ပေးလိမ့်မည်ဟု ထင်ခဲ့သည်။
ယခုတော့ ကိုယ်တိုင်လှုပ်ရှားနေသည်။
မုန်ကျင်းဇီ နှလုံးမဲ့ဂိုဏ်းအကြီးအကဲ၏အလောင်းကို ဘေးသို့လွှင့်ပစ်လိုက်ပြီးနောက် ရဲရဲတင်းတင်းဝင်ထိုင်သည်။
"ရှောင်မိန်၊ အဲဒါ မင်းနားမလည်တာပဲ။ ငါအရင်က မလှုပ်ရှားခဲ့တာ ကွမ်းရှန်ဟိုင်ကို လှည့်စားနေရလို့ပါ။ အခု ကွမ်းရှန်ဟိုင်ကို ငါတို့ဖမ်းမိထားပြီ။ လောကထဲမှာ ငါလူလုံးထွက်ပြဖို့ အချိန်ရောက်လာပြီမဟုတ်လား"
မိန်ယု လက်အုပ်ချီသည်။ ဘာမှထပ်မပြော။
မုန်ကျင်းဇီဖမ်းဆီးသည့်ဖြစ်စဉ်ကို ဘုံကျောင်းကိုယ်တော်များက အသေးစိတ်သတင်းပို့ထားပြီးဖြစ်သည်။ တကယ်ကိန်းကြီးခန်းကြီးနိုင်ခဲ့သည်ဟု ပြောသည်။
နှလုံးမဲ့ဂိုဏ်းအကြီးအကဲကို ဖမ်းဆီးချိန်တွင် မိုးမြေကြားတွင် အံ့ဖွယ်စွမ်းအားမျိုးစုံကို သူပြခဲ့သည်။ တစ်လောကလုံးကို သူ့ကိုယ်ပိုင်နယ်မြေတစ်ခုလို ပြုမူခဲ့သည်။ မြို့ခံများက ဒူးထောက်ရှစ်ခိုးကြသည်။ လောကအရှင်ကိုယ်ထင်ပြလာသည့်အတွက် ချီးကျူးအော်ဟစ်ကြသည်။
ထိုအချိန်တွင် နှလုံးမဲ့ဂိုဏ်းအကြီးအကဲက မူးမေ့လဲကျမတတ်ဖြစ်နေသည်။ သူဘယ်လောက်ဆိုးသွမ်းသည်ဖြစ်စေ မသေမျိုးတစ်ယောက်ကိုယ်တိုင် သူ့နောက်သို့လိုက်လာမည်ဟုတော့ ထင်မထားခဲ့။
ပုံမှန်အားဖြင့် သူ့ကိုဖမ်းဆီးဖို့ သူနှင့်ကျင့်စဉ်အဆင့်တူများကိုသာ လွှတ်လေ့ရှိသည်။ သို့သော်ဤတစ်ကြိမ် သူ့ကိုလာဖမ်းသူက အဆင့်နှစ်ဆင့်ခုန်ကျော်တက်သွားသည်။ ကူးဖြတ်ခြင်းအဆင့်နှင့် မသေမျိုးတစ်ဝက်အဆင့်။
ဂိုဏ်းခွဲသခင်တစ်ယောက်ကိုဖမ်းဖို့ ထိုမျှအဆင့်မြင့်သူမျိုး မလိုအပ်ပါ။
မြို့ထဲမှလူများ၏ တုံ့ပြန်အားပေးမှုများကို ပြန်စဉ်းစားရင်း မုန်ကျင်းဇီ ပြုံးရွှင်နေသည်။
နှစ်တစ်သိန်းကြာအောင် သူသည်းခံခဲ့ရသည်။ ယနေ့မှ ပေါ်ပေါ်ထင်ထင် ဟန်ရေးပြခွင့်ရသည်။
မသေမျိုးသိက္ခာတို့ဘာတို့ဆိုသည်က ဘာမှအဓိပ္ပါယ်မရှိဟု သူယူဆသည်။
နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်းကျင့်ကြံခဲ့သည်မှာ ယခုလိုအချိန်ကို သာယာခံစားဖို့သာဖြစ်သည်။
"အားလုံးက မျိုးဆက်သစ်ယွမ်ကျိ အခွင့်အရေးပေးခဲ့တဲ့ ကျေးဇူးကြောင့်ပဲ"
************************************
အခန်း (၉၉၅) ရင်သပ်ရှုမောဖွယ် စားဖိုမယ်
ယခုလက်ရှိ ဗုဒ္ဓနိုင်ငံတွင် နာမည်အကျော်ကြားဆုံးလူကိုပြောပါဆိုလျှင် မုန်ကျင်းဇီမှလွဲ၍ တစ်ခြားလူမဖြစ်နိုင်။ ဗုဒ္ဓအဆုံးအမကို နှစ်ပေါင်းများစွာ သူတောင့်တခဲ့သည်။ လေးစားခဲ့သည်။ ယခု ဗုဒ္ဓနိုင်ငံသို့ရောက်လာသည်။
နှလုံးမဲ့ဂိုဏ်း၏ နောက်လိုက်များကိုဖမ်းဆီးနိုင်ဖို့ ဗုဒ္ဓနိုင်ငံတွင် မသေမျိုးစွမ်းအားကို ပြခဲ့သည်။ ဩဇာရိပ်ကို ဖြန့်ခဲ့သည်။ ဆက်သွယ်ရေးသိပ်အဆင်မပြေသည့် ဗုဒ္ဓနိုင်ငံမှာပင် ထိုသတင်းက တစ်နိုင်ငံလုံးသို့ ချက်ချင်းပျံ့နှံ့သွားသည်။
ထိုအဖြစ်နှင့်ယှဉ်လျှင် လုယန်နှင့်မုန်ကျင်းကျိုးတို့ ဗုဒ္ဓရေသဘင်ပွဲတက်သည့်သတင်းက ဘာမှမပြောပလောက်တော့။ အနီးအနားမြို့တော်လေးငါးခုလောက်သာ ပျံ့နှံ့သည့်သတင်းဖြစ်သည်။
ထိုအကြောင်းတွေးလေ သူ့ကိုဗုဒ္ဓနိုင်ငံသို့လွှတ်၍ အစွမ်းပြခွင့်ပေးခဲ့သည့် ယွမ်ကျိကို အလားအလာကောင်းသည့် မျိုးဆက်သစ်ရဲဘော်ရဲဘက်တစ်ယောက်အဖြစ် မြင်လာလေဖြစ်သည်။
"တာအိုရှင်ယွမ်ကျိသာ အနီးကပ်စောင့်ကြည့်မနေရင် ဘာပဲလုပ်ရလုပ်ရ ဟိုကောင်လေးကို မုန်မိသားစုထဲ ရအောင်စည်းရုံးမိမှာပဲ။ ...ထားပါတော့လေ။ ဒီကိစ္စတွေ မတွေးချင်တော့ပါဘူး"
မုန်ကျင်းဇီ ခေါင်းခါသည်။ စိတ်မသက်သာစရာအတွေးများကို ခေါင်းထဲမှထုတ်သည်။ ဗုဒ္ဓနိုင်ံမှဘဝကိုသာ အပြည့်အဝခံစားဖို့ ဆုံးဖြ်လိုက်သည်။
"ကဲ ရှောင်မိန်၊ မင်းလုပ်စရာရှိတာဆက်လုပ်ပါ။ ငါဆက်ပြီး ဖမ်းလိုက်ဦးမယ်"
အပူဇော်ခံဘဝကို သူတကယ်ကျေနပ်သည်။ တကယ်ယစ်မူးဖွယ်ကောင်းသည်။
နောက်ဆုံးအကြိမ် သူထိုသို့ဆက်ဆံခံရသည်က လွန်ခဲ့သည့်နှစ်တစ်သိန်း တိုက်နယ်တစ်ခွင့် စစ်ပွဲများနွှဲခဲ့စဉ်ကသာဖြစ်သည်။
မိန်ယုကလေည်း သူ့အချက်ကို ကောင်းကောင်းရိပ်မိသည်။ နှလုံးမဲ့ဂိုဏ်းသားများကို ဖမ်းဆီးဖို့ မုန်ကျင်းဇီ တကယ်စိတ်နှစ်ထားသည်။ ထိုသို့လုပ်ရင်း တစ်ခြားလူများရှေ့တွင် ကြွားလုံးထုတ်ခွင့်ရသည်ကို ပျော်နေသည်။
...ဒါလည်း ကောင်းတာပါပဲ။ ငါတို့အနောက်ပိုင်းမိုးပျံဘုံကျောင်းနဲ့ သူ့ကို ဝေးဝေးခွာထားလို့ရတာပေါ့။ မဟုတ်ရင် ဘုံကျောင်းရဲ့ တကယ့်နောက်ခံအင်အားအကြောင်း ရိပ်မိသွားပြီး မလိုအပ်တဲ့အရှုပ်အထွေးတွေ ဖြစ်လာနိုင်တယ်...
.....
ကောင်းကင်ဘုရင်မြို့တော်။
ဗုဒ္ဓနိုင်ငံ၏ ထိပ်တန်းမြို့တော်ဆယ့်နှစ်ခုထဲမှ တစ်ခုဖြစ်သည်။ ကောင်ကင်ဘုရင်ဘုံကျောင်း၏ ကျောင်းထိုင်သည် ကူးဖြတ်ခြင်းတစ်ဝက်အဆင့်ရှိသည်။ ဗုဒ္ဓကျမ်းစာအသိ မြင့်မားသည်။ ထူးခြားသည့်စွမ်း။ရည်ပိုင်ဆိုင်သည်။
တိမ်မည်းများ မြိူ့တော်အထက်တွင် အုံ့ဆိုင်းနေသည်။ မိုးများသည်းထန်စွာရွာသွန်းနေသည်။ မြို့တော်ထဲသို့ မုန်ကျွင်းဇိရောက်လာသည်။ မိုးရေကြားတွင် လျှောက်နေသော်လည်း မိုးရေလုံးဝမစို။
ဝိညာဉ်မှတ်ဉာဏ်ရှာဖွေ၍ရလာသည့် အချက်အလက်များကို ပြန်စဉ်းစားနေသည်။
ဝစီပိတ် ကူးဖြတ်ခြင်းအဆင့်တက်ပြိးနောက်ပိုင်း နှလုံးမဲ့ဂိုဏ်းဒုဂိုဏ်းချုပ်တစ်ယောက်ကို ဖမ်းမိခဲ့သည်။ မဟာရှားက အင်တိုက်အားတိုက် အမဲလိုက်သည်။ အခြေခံဆင့် အလတ်တန်းဆင့် ဂိုဏ်းဝင်များအားလုံးကို သုတ်သင်ရှင်းလင်းသည်။ ရှင်သန်ဖို့အတွက် အသည်းအသန်ရုန်းကန်နေသည့် ထိပ်တန်းဂိုဏ်းဝင်များသာ ကျန်ခဲ့သည်။
မဟာရှားက အမြစ်ပြုတ်ချေမှုန်းမည်ကို ကြောက်ကြသဖြင့် နှလုံးမဲ့ဂိုဏ်းထိပ်တန်းအဖွဲ့ဝင်များ တစ်လမ်းသွားဆက်သွယ်နည်းကိုလည်း ချမှတ်ကျင့်သုံးခဲ့သည်။ ဂိုဏ်းအမိန့်များကို ဂိုဏ်းချုပ်မှ ဒုဂိုဏ်းချုပ်များထံ ချပေးသည်။ ထိုမှတစ်ဆင့် ဂိုဏ်းအကြီးအကဲများထံ လက်ဆင့်ကမ်းသည်။
သို့သော် အကြောင်းအမျိုးမျိုးကြောင့် အကြီးအကဲများကြားတွင် သီးသန့်ဆွေးနွေးစရာကိစ္စများ ရံဖန်ရံခါ ကြုံလာတတ်သည်။
ဖမ်းမိထားသည့် နှလုံးမဲ့ဂိုဏ်းအကြီးအကဲတစ်ယောက်၏ ဝိညာဉ်မှတ်ဉာဏ်အရ ကောင်းကင်ဘုရင်မြို့တော်တွင် နောက်ထပ်နှလုံးမဲ့ဂိုဏ်းအကြီးအကဲတစ်ယောက် ပုန်းနေကြောင်း မုန်ကျင်းဇီ သိခဲ့သည်။
"ဒီနေရာကို ရွေးလိုက်မယ်"
မုန်ကျင်းဇီ လမ်းသွယ်တစ်ခုသို့ ချိုးဝင်သည်။ လမ်းသွယ်အဆုံးတွင် နာမည်တပ်မထားသည့် နုံချာချာဆိုင်ငယ်တစ်ခုရှိသည်။
အစားအသောက်ကောင်းရှာဖွေရာတွင် သူ့အတွေ့အကြုံအရ ဆိုင်တစ်ဆိုင်သည် လူသူအရောက်အပါက်နည်းလေ အရသာထူးကဲသည့်လက်ရာမျိုး တွေ့နိုင်ခြေများလေဖြစ်သည်။
မုန်မိသားစုအကြီးအကဲများကို သိစိတ်အာရုံမှ သူညွှန်ကြားလိုက်သည်။
"မင်းတို့တွေ သူတို့ကို ငါဆီရောက်အောင် ကျုံးသွင်းပေးကြ။ နောက်ပိုင်းကိစ္စ ငါ့တာဝန်ထား"
"နားလည်ပါပြီ"
မုန်မိသားစုအကြီးအကဲများ သိစိတ်အာရုံမှ သံပြိုင်ပြန်ဖြေကြသည်။
မုန်ကျင်းဇီ ဆိုင်ထဲသို့ ပြုံး၍လှမ်းဝင်သွားသည်။ အပြင်ပိုင်းက ညစ်ပေနေသော်လည်း ဆိုင်ထဲတွင် သန့်ရှင်းသပ်ရပ်သည်။ စိတ်သက်တောင်သက်သာဖြစ်စရာ ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။
ဆိုင်ထဲကို သူမျက်လုံးဝေ့ကြည့်သည်။ အစားအသောက်စာရင်းကပ်ထားသည့် ဘုတ်ပြားမျိုးကိုမတွေ့။ ဆိုင်ရှင်သည် တကယ်ကျွမ်းကျင်သည့်စားဖိုမယ်ဖြစ်ကြောင်း သူပိုယုံကြည်လာသည်။
"ဆိုင်ရှင်၊ ဒီမှာ အထူးဟင်းလျာ ဘာတွေရလဲ"
မုန်ကျင်းဇီ မီးဖိုချောင်ဆီ လှမ်းအော်လိုက်သည်။
ဖောက်သည်အော်သံ ကြား၍ထင်သည်။ မီးခိုးရောင်ဂါဝတ်ဝတ်ထားသည့် မိန်းကလေးစာဖိုမယ်တစ်ယောက် ခန်းဆီးကိုမ၍ မီးဖိုထဲမှ ထွက်လာသည်။ ယောက်ချိူဇွန်းကြီးတစ်ချောင်း ကိုင်ထားသည်။
နူးညံ့သည့်သူ့အသွင်က လက်မှုပညာရှင်တစ်ယောက် ထုဆစ်ထားသည့် ကျောက်စိမ်းရုပ်နှင့်တူသည်။ သူ့အလှက ရင်သပ်ရှုမောဖွယ်ကောင်းသည်။
မုန်ကျင်းဇီ ကျိတ်၍အံ့ဩမိသည် ထိုမျှစုတ်ချာသည့်နေရာတွင် ယခုလိုမိန်းမလှတစ်ယောက်ကို တွေ့ရမည်ဟု ထင်မထား။ လွန်ခဲ့သည့် နှစ်တစ်သိန်းက လောကနံပတ်တစ်အလှမယ် ကျွေးယွဲ့ပင် ဤစားဖိုမယ်ကို မမီ။ တာအိုရှင်ယွမ်ကျိသာ ယှဉ်နိုင်လောက်သည်။
ယွမ်ကျိလိုပင် ထိုစားဖိုမယ်လည်း မျက်နှာက အေးစက်စက်။
မုန်ကျင်းဇီ သူ့အဖြစ်သူ သဘောကျသွားသည်။ လှပသည့်မိန်းကလေးတစ်ယောက်ရှေ့တွင် မြင့်မားသည့်သူ့စွမ်းအားကို ပြသခွင့်ရတော့မည်ဖြစ်၍ သူအတော်ကျေနပ်နေသည်။
"ဆိုင်ရှင်၊ အစားအသောက်စာရင်းရှိလား"
"မရှိဘူး။ ကျွန်မစိတ်ကူးပေါ်တာကိုပဲချက်တယ်။ ရှင်စားမှာလား"
ရှားရှားပါးပါးရောက်လာသည့် ဖောက်သည်အပေါ် နွေးထွေးပျူငှာသည့်အရိပ်မျိုး လုံးဝမရှိ။
"ဒါဆို အဆင်ပြေတာပဲပေးပါ"
စားဖိုမယ်ဆက်ဆံကျဲသော်လည်း မုန်ကျင်းဇီ စိတ်ထဲမထား။
"ကောင်းပြီလေ"
စားဖိုမယ်က စကားသိပ်မပြော။ မီးဖိုချောင်ထဲ လှည့်ဝင်သွားသည်။ မကြာမီ ခုတ်သံစဉ်းသံများကြားရသည်။
ထို့နောက် မွေးပျံ့သည့် ရနံ့များ လွင့်ပျံလာသည်။ ဆန်ပြုတ်တစ်ပန်းကန်နှင့် ထမင်းခွက်တစ်ခုပါလာသည်။
မွှေးပျံ့သည့်ရနံ့က ဆန်ပြုတ်ပန်းကန်မှ ထွက်နေခြင်းဖြစ်သည်။
အရသာရှိသည့် အစားအသောက်ကို လေးစားသည့်အနေဖြင့် မုန်ကျင်းဇီ ခါးကိုနည်းနည်းမတ်လိုက်သည်။ ဆန်ပြုတ်များစွာ စားဖူးသော်လည်း ယခုလောက်တော့ အနံ့မမွှေး။
ဆန်ပြုတ်တစ်ဇွန်းခတ်ယူ၍ မြည်းကြည့်သည်။ သူ့မျက်နှာရှုံ့မဲ့သွားပြီး ချက်ချင်းပြန်ထွေးထုတ်သည်။
"ဘာလို့ဒီလောက်ငံတာလဲကွာ။ မင်းဆားတွေဘယ်လောက်များ ထည့်လိုက်တာလဲ"
နှစ်တစ်သိန်းကျော် သူရှင်သန်နေထိုင်ခဲ့သည်။ ထိုမျှဆိုးဝါးသည့် အစားအသောက်မျိုး တစ်ခါမှမကြုံဖူး။
စားဖိုမယ်က အေးစက်စက်နှာခေါင်းရှုံ့သည်။
"မြည်းမကြည့်ဘူး"
"ငါ..."
သေမျိုးများနှင့်ဖက်၍ ဒေါသထွက်ရန်ဖြစ်ရလျှင် သူ့သိက္ခာကျမည်။ သူ့အဝတ်အစားများကို သပ်ရပ်အောင်ဆွဲဆန့်၍ ခန္ဓာကိုယ်အနေအထား ပြင်လိုက်သည်။ သားကောင်ဝင်အလာကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
....
သည်းနေသည့်မိုးက မရပ်သေး။ နှလုံးမဲ့ဂိုစ်းအကြီးအကဲပိုင်ဟွမ်း မိုးရေကြားတွင် ကြောက်လန့်တကြားပြေးလွှားရင်း ဆိုးဝါးည့် သူ့ကံကြမ္မာကို ကျိန်ဆဲနေသည်။
ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများ သူ့ကိုဝိုင်းတိုက်ကြသည်။ သို့သော် အသက်ကယ်နည်းလမ်းတစ်ချို့ သိထားသဖြင့် သူကံကောင်းသွားသည်။ စွမ်းအင်များစွာ ဆုံရှုံးခဲ့သော်လည်း လွတ်အောင်ထွက်ပြေးနိုင်ခဲ့သည်။
သူ့နံရိုးအိမ်ကို လက်ဖြင့်ဖိထားသည်။ သွေးများက အဆက်မပြတ်စီးကျနေသည်။ ဒဏ်ရာကုသချိန်ပင်မရ။
ထိုကူးဖြတ်ခြင်းအဆင့်များသည် ကောင်းကင်ဘုရင်မြို့တော်ထဲမှ ထွက်သွားဦးမည်မဟုတ်။ ဝိညာဉ်အာရုံကိုဖြန့်၍ သူ့ကိုရှာနေကြလိမ့်မည်။ ထို့ကြောင့် သေမျိုးတစ်ယောက်လိုဟန်ဆောင်၍ ပုန်းခိုနိုင်မည့်နေရာကို ရှာဖွေနေသည်။
သိပ်ကြာမီ လမ်းသွယ်တစ်ခုထဲသို့ ဝင်ပုန်းလိုက်သည်။ ထိုလမ်းသွယ်အဆုံးတွင် နုံချာချာဆိုင်ငယ်လေးတစ်ခုရှိသည်။
တစ်ခြားထွက်လမ်းမရှိတော့သဖြင့် ကူးဖြတ်ခြင်းအဆင့်များ ရှာမတွေ့စေရန် ဆိုင်ငယ်ထဲသို့ သူအမြန်ဝင်လိုက်သည်။
ဆိုင်ထဲတွင် စားသောက်နေသည့်ဧည့်သည်တစ်ယောက်နှင့် မီးဖိုထဲတွင် စားဖိုမယ်တစ်ယောက်သာရှိသည်။ နှစ်ယောက်လုံး သာမန်သေမျိုးများဖြစ်သည်။
"အခုမှပဲ စိတ်ချရတော့တယ်"
ပိုင်ဟွမ်း နည်းနည်းစိတ်သက်သာရာရသွားသည်။ လောလောဆယ် ရန်သူများက သူ့ကို အာရုံခံနိုင်ဦးမည်မဟုတ်။
"တကယ်စိတ်ချရလို့လား"
ရုတ်တရက် စကားသံတစ်ခုက သူ့နားထဲသို့ မိုးချုန်းသံတစ်ခုလိုဝင်လာသည်။ သူအကြီးအကျယ်တုန်လှုပ်သွားသည်။
"ဘယ်သူလဲကွ"
သူချက်ချင်းခုန်ထသည်။ ဆိုင်ထဲမှ စားသောက်နေသည့်ဧည့်သည်ထံ ချက်ချင်းအကြည့်ရောက်သွားသည်။ အဝတ်အစားသန့်ပြန့်သည်။ ဧည့်သည်က ဇွန်းထဲမှဆန်ပြုတ်ကို ခပ်အေးအေးလေမှုတ်နေရင်း အပွင့်တပွင့်ပြုံး၍ လှမ်းကြည့်သည်။
"နှလုံမဲ့ဂိုဏ်းအကြီးအကဲ ပိုင်ဟွမ်း မဟုတ်လား"
သူ့အမူအရာက တည်ငြိမ်သည်။ ပိုင်ဟွမ်း ကျောရိုးထဲမှ စိမ့်တက်လာသည်။ ကမ္ဘာဦးသားရဲတစ်ကောင် စိုက်ကြည့်နေသလို ခံစားရသည်။
"မင်းဘယ်သူလဲ"
ပိုင်ဟွမ်းနဖူးတွင် ချွေးစေများပျံလာသည်။ နှလုံးမဲ့းအကြီးအကဲဖြစ်၍ သူသည်စိတ်ခံစားချက်ပယ်သတ်ထားသူ ဖြစ်သည်။ သို့သော်ယခု သူ့စိတ်ထဲတွင် အကြောက်တရားများ လွှမ်းမိုးလာသည်။
ဧည့်သည်က ဇွန်းကိုချ၍ ပါးစပ်ကိုသုတ်သည်။
"မင်းကြားဖူးမလားတော့မသိဘူး။ ငါ့နာမည် မုန်ကျင်းဇီပါ"
မသေမျိုး မုန်ကျင်းဇီ...
ပိုင်ဟွမ်း နောက်သို့ ခြေလှမ်းယိုင်သွားသည်။ သရဲတစ်ကောင် မြင်လိုက်ရသည့် ပုံစံမျိုးဖြစ်သည်။
"မင်း...မင်း...မင်းက..."
မုန်ကျင်းဇီကိုယ်တိုင် သူ့ကိုလာဖမ်းနေသလော....
"ပြဿနာရှိရင် အပြင်မှာရှင်းကြ။ ငါ့ဆိုင်ထဲမှာ လာမရှုပ်နဲ့"
စားဖိုမယ်က အေးစက်စက်အမိန့်ပေးသည်။
မုန်ကျင်းဇီကပြုံး၍ သူ့ကိုလှည့်ကြည့်သည်။
"မကြောက်ပါနဲ့ မိန်းကလေး။ ငါရှိနေရင် ဘာအန္တရာယ်မှမဖြစ်နိုင်ပါဘူး"
"ရှင်ရူးနေတာလား။ ရှလူစကားနားမလည်ဘူးလား။ ရှင့်ကို 'ထွက်သွား'လို့ ပြောနေတာ"
စကားဆုံးသည်နှင့် စားဖိုမယ်ကခြေတစ်ချက်ကန်ထုတ်လိုက်သည်။ မုန်ကျင်းဇီ မိုးရေထဲသို့ ချက်ချင်းလွင့်ထွက်သွားည်။
လေထဲတွင် ခန္ဓာကိုယ်လေးငါးပတ်လည်သွားပြီးမှ ကိုယ်ရှိန်သပ်နိုင်သည်။ ဆိုင်ထဲမှထွက်လာသည့် ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင်စားဖိုမယ်ကို မုန်ကျင်းဇီ တအံ့တဩပြန်ကြည့်နေသည်။
**********************************
အခန်း (၉၉၆) အထက်မှာကောင်းကင် အောက်မှာမြေပြင်၊ ငါသာလျှင်အမြတ်ဆုံး
မိုးရေများကိုဖြတ်၍ ဆိုင်ထဲမှထွက်လာသည့် စားဖိုမယ်ကို မုန်ကျင်းဇီ ကြည့်နေသည်။ မိုးရေထဲတွင်ရပ်နေသော်လည်း စားဖိုမယ်သည် သူ့လိုပင် မိုးရေလုံးဝမစို။
ခုနက သူအငိုက်မိသွားသည် ဆိုစေဦးတော့။ သာမန်ကျင့်ကြံသူများ ထိုသို့လုပ်နိုင်စွမ်းရှိမည်မဟုတ်။
မသေမျိုး။
စားဖိုမယ်က မသေမျိုးတစ်ယောက်ဖြစ်နေသည်။
"ဘိုးဘေး"
အခြေအနေမကောင်းသဖြင့် မုန်မိသားစုမှ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများ ကူညီရန်ပြေးလာသည်။
"မလာခဲ့နဲ့"
မုန်ကျင်းဇီ ခပ်တင်းတင်းအော်ဟစ်တားဆီးလိုက်သည်။ ယခုလိုအခြေအနေတွင် ထိုကူးဖြတ်ခြင်းအဆင့်များသည် ဘာမှအကူအညီရမည်မဟုတ်။
"မင်း.."
ထိုစားဖိုမယ်၏နောက်ခံကို မေးမြန်းရင်ပြင်နေစဉ် စားဖိုမယ် နေရာမှဖျတ်ခနဲပျောက်သွားပြီး သူ့ရှေ့တွင်ရုတ်တရက်ပေါ်လာသည်။ မယုံနိုင်လောက်အောင် မြန်ဆန်သည်။
စားဖိုမယ်က သူ့ဝမ်းဗိုက်ကို လက်သီးဖြင့်ထိုးချသည်။ သူ့ခန္ဓာကိုယ် ပုစွန်ကွေးလိုဖြစ်ပြီး ကောင်းကင်သို့ လွင့်တက်သွားသည်။ တိမ်မည်းများအထက်သို့ ရောက်လာသည်။
မုန်ကျင်းဇီ၏စိတ်များ မြင်းပြေးသလိုဒုန်းစိုင်းနေသည်။ စားဖိုမယ်၏သရုပ်မှန်ကို သူသိထားသမျှမသေမျိုးများနှင့် ဆက်စပ်စဉ်းစားကြည့်သည်။
ရှေးဟောင်းမသေမျိုးလေးယောက်ထဲတွင် အမျိုးသမီးမပါ။ မဟာချန်ကောင်းကင်အင်ပါယာသခင်နှင့် ထိန်းချု်သူသခင်တို့သည်လည်း မိန်းမမဟုတ်။
မဟာယု၏ဝူယော်နှင့် ကွမ်းရှန်ဟိုင်လည်း မိန်းမမဟုတ်။ ထိုမိန်းကလေး ဘယ်သူနည်း။ သူသိထားသည့်မသေမျိုးများနှင့် လုံးဝမကိုက်ညီ။
မဟုတ်သေး...အမည်မသိမသေမျိုးတစ်ယောက် ကျန်သေးသည်။
အရှေ့ပင်လယ်တိုက်ပွဲအကြောင်း မုန်ကျင်းဇီ ရုတ်တရက် သတိရလာသည်။ ယွမ်ကျိက မီးခိုးမြူလွှမ်းနေသည့် မသေမျိုးတစ်ယောက်နှင့် တိုက်ခိုက်ခဲ့သည်။
နောက်ပိုင်းတွင် သူနှင့်ကျန်းပင်ကန်း ထိုတိုက်ပွဲအကြောင်း အသေးစိတ်မေးသည်။ မြူခိုးမသေမျိုးအကြောင်းမေးခဲ့သည်။ သို့သော်ယွမ်ကျိက ထိုမသေမျိုး၏သရုပ်မှန်ကို ပြောပြ၍မရဟုဆိုသည်။
မီးခိုးမသေမျိုး...မီးခိုးရောင်ဂါဝန်...ဒါဆို အရှေ့ပင်လယ်မှာတိုက်ခိုက်ခဲ့တဲ့ မသေမျိုးဆိုတာ သူများလား..
"မင်းဘယ်သူလဲကွ"
မုန်ကျင်းဇီ ရင်ထိတ်လာပြီး အော်ဟစ်လိုက်သည်။ ပြိုင်ဘက်၏ အမြန်နှုန်းနှင့်စွမ်းအားက သူ့ထက်သာသည်။ ယွမ်ကျိနှင့် ယှဉ်ပြိုင်ခဲ့စဉ်ကလို ဖြစ်နေသည်။ ဘယ်ကလာသည့် မသေမျိုးမှန်းမသိ။
ပဲပြာ၏ မျက်လုံးများက ကန်ရေပြင်လို တည်ငြိမ်နေသည်။
"ချီကျင်ကြံမှုစနစ်တည်ထောင်သူ။ ရှေးဟောင်းခေတ်ရဲ့ ပထမဆုံးမသေမျိုး"
ခပ်လွယ်လွယ်နာမည်တစ်ခု ပြောလိုက်ခြင်းဖြစ်သည်။
"ဘာရယ်"
မုန်ကျင်းဇီ မင်သက်မိသွားသည်။ ချီကျင့်ကြံမှုစနစ်တည်ထောင်သူဆိုလျှင်...ဘယ်လောက်တောင် သက်တမ်းရင့်နေပြီမသိ။
မုန်ကျင်းဇီနောက်ထပ်ဘာမှမပြောနိုင်မီ ပဲပြာ၏လက်ဝါးထဲတွင် ကြောက်စရာကောင်းသည့် အနက်ရောင်လေဝဲတစ်ခု ပေါ်လာသည်ကိူ မြင်လိုက်ရသည်။
အထက်ကောင်းကင်အမြင့်မှ ဝိညာဉ်စွမ်းအင်နှင့် အောက်ဘက်မှအနက်ရောင်တိမ်တိုက်များကို အနက်ရောင်လေဝဲက ဝါးမျိုနေသည်။ လေဟာနယ်လည်း စတင်တုန်ခါလာသည်။
အနက်ရောင်အာခံတွင်းဖြင့် စုပ်ယူခံရသလိုပင်ဖြစ်သည်။
"သွားတော့.."
အနက်ရောင်လေဝဲကို ပဲပြာပစ်လွှတ်လိုက်သည်။ လေဟာနယ်ကိုဖြတ်၍ ဖြေးညှင်စွာ ရွှေ့လျားလာသည်။ မုန်ကျင်းဖီ ရှောင်ရန်ကြိုးစားသည်။ သို့သော် လေဝဲပေါ်လာသည်နှင့် အချိန်ကလည်း အလွန်တရာနှေးကွေးသွားမှန်း သတိထားမိသည်။
"ခြင်္သေ့နှင့်ကျား မှော်တံဆိပ်"
မုန်ကျင်းကျိုး လက်နှစ်ဘက်ကို မြှောက်လိုက်သည်။ ပုံရိပ်နှစ်ခု ထိုးထွက်လာသည်။ ဘယ်ညာနှစ်ဘက်မှ ကြမ်းတမ်းသည့် ခြင်္သေ့နှင့်ကျား အရိပ်နှစ်ခုပေါ်လာသည်။ ခြင်္သေ့က အနက်ရောင်ရှိသည်။ ကျားက အဖြရောင်ဖြစ်သည်။ ခံညားထည်ဝါပြီး မိုးမြေကြားတွင် အော်ဟစ်ဟိန်းဟောက်သည်။ သူတို့အသံကပင် လေဟာနယ်ကို ဖျက်ချေနိုင်စွမ်းရှိသည်။
ခြင်္သေ့နက်နှင့်ကျားဖြူ လေဟာနယ်ကိုချိုးဖျက်၍ အနက်ရောင်လေဝဲကို လှည့်ပတ်နေသည်။ ယင်နှင့်ယန်ကို ကိုယ်စားပြုသည်။ အနက်ရောင်လေဝဲကို တစ်စစီကိုက်ဖြတ်ရန် ကြိုးစာသည်။
သို့သော် လေဝဲက မုန်ကျင်းဇီထင်ထားသည်ထက် ပိုကြောက်စရာကောင်းသည်။ ခြင်္သေ့နှင့်ကျားရိပ် လေဝဲအနီးသို့ရောက်လာသည်နှင့် ရေစုပ်ဝဲတစ်ခုထဲ ဆွဲချခံရသည့် အရိုင်းသားရဲများလို့ ဖြစ်လာသည်။ ရှင်သန်နိုင်ခြေလုံးဝမရှိ။
ကျယ်ပြန့်သည့်ပင်လယ်က အညှာအတာကင်းမဲ့စွာ ဝါးမျိုသွားသည်။
"အမြန်နှုန်းအရိယဖလသန္ဓေစွမ်းအား ငှားသုံးမယ်"
မုန်ကျင်းဇီ အမြန်နှုန်းစွမ်းအားငှားယူ၍ သူ့အရှိန်ကိုမြှင့်သည်။ လေဝဲနှင့်ဝေးရာသို့ ရုန်းထွက်သည်။
"စုပ်ယူခြင်းအရိယဖလလား"
ကျားနှင့်ခြင်္သေ့တံဆိပ်ကို အလွယ်တူ ဖျက်ဆီးနိုင်သည်။ ထိုအနက်ရောင်လေဝဲသည် ပဲပြ၏အရိယဖသန္ဓေစွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။
"မင်းကိုယ်မင်း ပြိုင်ဘက်ကင်းထင်နေလားကွ"
မုန်ကျင်းဇီလည်း ဒေါသထွက်လာသည်။ သူသည် မဟာယုခေတ်နှောင်းပိုင်း၏ သွေးပင်လယ်ကို တိုက်ခိုက်ဖြတ်ကျော်ခဲ့သည့် မသေမျိုးတစ်ယောက်ဖြစ်သည်။ မဟာယုနိုင်ငံ့ဆရာကွမ်းရှန်ဟိုင်ကိုပင် အနိုင်ယူခဲ့သည်။ တိုက်ခိုက်စွမ်းအားချင်းယှဉ်လျှင် ဘယ်သူ့ကိုမှမကြောက်။
"တူတစ်ထောင်ဖန်သားခန္ဓာ"
သူ့တစ်ကိုယ်လုံး သတ္တုရောင်များဖုံးလွှမ်းသွားသည်။ နေရောင်ခြည်အလင်းထဲတွင် တလက်လက်တောက်ပနေသည်။ သူ့ကိုယ်ပိုင် ခန္ဓာသန့်စင်ပညာဖြစ်သည်။ အကြိမ်ပေါင်းထောင်ချီ ထုရိုက်သန့်စင်ခဲ့သည်။ ကောင်းကင်လျှပ်စီးသောင်းချီ ဖြတ်ကျော်ခဲ့သည်။ ကျန်းပင်ကန်းပင် ဤအခြေအနေမျိုးတွင် သူနှင့်ထိပ်တိုက်ရင်ဆိုင်ရဲမည်မဟုတ်။
ဒေါသထွက်နေသည့် မုန်ကျင်းဇီကို ပဲပြာကအရေးမစိုက်။ ကောင်းကင်သို့လက်တစ်ချောင်းထိုးသည်။ မြေပြင်သို့လက်တစ်ချောင်းညွှန်သည်။ တော်ဝင်မြင့်မြတ်သည့် လောကအရှင်၏စကားကို ကြွေးကြော်သည်။
"အထက်မှာ ကောင်းကင်၊ အောက်မှာ မြေပြင်၊ ငါသာလျှင် အမြတ်ဆုံးပဲ"
"မသေမျိုးသတ်လက်သီး"
သက်ရှိအားလုံးကို သူအထင်မကြီး။ လောကကို ထီမထင်သည့်အကြည့်ဖြင့် စိုက်ကြည့်သည်။ ပြိုင်ဘက်ကင်းအရှိန်အဝါမျိုး ထွက်ပေါ်နေသည်။ မရေမတွက်နိုင်သည့် အခက်အခဲများးကို ဖြတ်ကျော်၍ မသေမျိုးအဆင့်သို့ တက်ခဲ့သူတစ်ယောက်နှင့်တူသည်။ ဘယ်သူမှ သူ့ကိုယှဉ်နိုင်မည်မဟုတ်။
သူ့လက်သီးက ပြိုင်ဘက်ကင်းသည်။ လက်သီးရိပ်တစ်ချက် ထုတ်လွှတ်လိုက်သည်နှင့် မိုးမြေအရောင်ပြောင်သွားသည်။ အဆုံးစမရှိကြီးမားသည့် ဖျက်ဆီးခြင်းအရိယဖလစွမ်းအားကို သူ့လက်သီးထဲ အပြည့်အဝဖြည့်ထားသည်။
သူ့ကိုယ်သူ ပြိုင်ဘက်ကင်းဖြစ်ကြောင်း ယုံကြည်သည်။ မသေမျိုးလက်နက်တစ်ခုခုသုံး၍ တိုက်ခိုက်လျှင် သူ့ကိုယ်ပိုင်စွမ်းအားကို မယုံကြည်သလိုဖြစ်နေလိမ့်မည်။
"ဘုန်း"
တိမ်တိုက်များထက်တွင် နဂါးပေါင်းတစ်ထောင်အော်မြည်နေသကဲ့သို့ နားကွဲမတတ်အသံများ ဟိန်းထွက်နေသည်။
"ဝေါ့"
ဖန်သားခန္ဓာ ပျက်စီးသွားသည်။ မုန်ကျင်းဇီ၏ရင်ဘတ် ချိုင့်ဝင်သွားသည်။ ပဲပြာအရှင်၏လက်သီးက ထိုမျှပြင်းထန်မည်ဟု သူထင်မထား။ သူအားထားရသည့် ဖန်သားခန္ဓာ လုံးဝခံနိုင်ရည်မရှိ။
"ဒဏ်ရာငှားရမ်းမယ်"
ငှားယူခြင်းအရိယဖလကိုသုံး၍ သူ့ဒဏ်ရာများကို ပဲပြာဆီ အတင်းလွှဲပြောင်းလိုက်သည်။
ပဲပြာအရှင်၏ ရင်ဘတ်လည်း သူ့ကိုယ်သူ ထိုးချလိုက်သကဲ့သို့ ဒဏ်ရာအပြင်းထန်ရသွားသည်။
နန်းမြို့တော်တွင် ကွမ်းရှန်ဟိုင်နှင့် တိုက်ခိုက်စဉ်က ထိုနည်းလမ်းကို မုန်ကျင်းဇီသုံးခဲ့သည်။ ကွမ်းရှန်ဟိုင်က ဒဏ်ရာအဆက်မပြတ်ကုနေသဖြင့် အရေးနိမ့်သွားသည်။
သို့သော် ပဲပြာက ဒဏ်ရာကိုကုစားမည့်ဟန်မရှိ။ ဒဏ်ရာရထားသည့်ခန္ဓာကိုယ်ဖြင့် ဆက်တိုက်ခိုက်သည်။ တိုက်ခိုက်စွမ်းအားလည်း လျော့ပါးသွားခြင်းမရှိ။
မုန်ကျင်းဇီ အကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားသည်။ ပြိုင်ဘက်က ထိုတိုက်ကွက်၏ဟာကွက်ကို ထိုဖောက်မြင်သည်။
ငှားယူခြင်းအရိယဖလသန္ဓေဖြစ်သည်။ ငှားထားလျှင် ပြန်ပေးရသည်။ အချိန်တစ်ခုကြာလျှင် ဒဏ်ရာများ အလိုလိုပြန်ရောက်လာမည်။ အတိုးလည်းပါလာမည်။ ပြန်ရလာသည့်ဒဏ်ရာများက ပိုပြင်းထန်မည်။
ကွမ်းရှန်ဟိုင်က ထိုအချက်ကို နားမလည်ခဲ့။ ဒဏ်ရာများကို မျက်ကန်းလို ကုသသည်။ ပြန်ပေးရမည့်အဖြစ်ကို ရှောင်တိမ်းသလိုဖြစ်ခဲ့သည်။
ယခု သူ့ပြိုင်ဘက်က ဘယ်လိုခန့်မှန်းနိုင်သည်မသိ။
အမှန်တော့ ပဲပြာအရှင် ခန့်မှန်းနိုင်ခြင်းမဟုတ်။ မကုသသင့်ဟု ခံစားမိခြင်းသာဖြစ်သည်။ တိုက်ပွဲဗီဇစိတ်မှ မွေးဖွားလာသည့် ဆုံးဖြတ်ချက်ဖြစ်သည်။
တိမ်တိုက်ကြားမှ အထက်အာကာသသို့ သူတို့တက်ကြသည်။ သူတို့တိုက်ခိုက်မှုကြောင့် ကြယ်အရိပ်များ တုန်ခါလာသည်။
"အတိတ်နဲ့အနာဂတ်စွမ်းအားကို ဆွဲယူမယ်"
အရိပ်နှစ်ခုက အချိန်မြစ်ကြောင်းကိုဖြတ်သန်း၍ အတိတ်နှင့်အနာဂတ်မှရောက်လာပြီး မုန်ကျင်းဇီနှင့်အတူတိုက်ခိုက်သည်။
ထိုအရိပ်နှစ်ခုက နောက်ထပ်မုန်ကျင်းဇီတစ်ယောက်၏ စွမ်းအားနှင့်ညီသည်။ တိုက်ခိုက်စွမ်းအား နှစ်ဆတိုးလာသည်။
သို့သော် ပဲပြာအရှင်က ရှေးဟောင်းမသေမျိုးလေးယောက် ရောက်လာလျှင်ပင် ကြောက်မည်မဟုတ်။ မုန်ကျင်းဇီတစ်ယောက်ဖြစ်စေ နှစ်ယောက်ဖြစ်စေ သိပ်မကွာခြား။
"အချိန်စွမ်းအားကို ဖျက်ဆီးမယ်"
ချက်ချင်းဆိုသလိုပင် လောကတစ်ခုလုံး ပုံစံပျက်သွားသည်။ အချိန်ဟူသည့်အယူအဆ ပျောက်ဆုံးသွားသည်။ အတိတ်နှင့်အနာဂတ်မှ မုန်ကျင်းဇီတို့၏ပုံရိပ်များ ကြေမွပျောက်ကွယ်သွားသည်။ ထို့နောက် အချိန်စီးကြောင်း ပုံမှန်ပြန်ဖြစ်လာသည်။
ယွမ်ကျိကို ရင်ဆိုင်နေရလို မုန်ကျင်းဇီခံစားရသည်။ လုံးဝတန်ပြန်တိုက်ခိုက်နိုင်စွမ်းမရှိ။ ဆက်တိုက်ကျလာသည့် ပဲပြာအရှင်း၏ လက်သီးများကြောင့် တစ်ကိုယ်လုံးဖူးရောင်ညိုမည်းနေသည်။
"ခြေရာဖျောက်စွမ်းအား"
မုန်ကျင်းဇီ ဆက်မတိုက်ခိုက်ရဲတော့။ ထွက်ပြေးနည်းမှော်ပညာတစ်မျိုးသုံး၍ သူ့ဘာသာပေါက်ကွဲမည့် ကိုယ်ပွားတစ်ခုချန်ထားခဲ့သည်။ သူ့မူလခန္ဓာအစစ်က အမြန်ထွက်ပြေးသည်။
"ဘုန်း"
ထိုနေရာတစ်ခုလုံး ပေါက်ကွဲထွက်သွားသည်။ ဒြပ်မဲ့နေရာလွတ်တစ်ခုဖြစ်လာသည်။ ကြယ်အရိပ်များပင် ပျောက်ကွယ်သွားသည်။
ကိုယ်ပွားပေါက်ကွဲမှုကြောင့် ထွက်လာသည့် ဖုန်မှုန့်များကို ပဲပြာဖယ်ရှားလိုက်သည်။ မှေးမှိန်ပျောက်ကွယ်သွားသည့် မုန်ကျင်းဇီ၏သဏ္ဌာန်ဆီ လှမ်းကြည့်သည်။ ခဏအာရုံခံကြည့်သည်။ သူနှင့်ထိုလူကြားတွင် ကြောင်းကျိုးဆက်စပ်မှု လုံးဝမရှိကြောင်း သိလိုက်သည်။
"သူက ချီကျင့်ကြံမှုစနစ်တည်ထောင်သူဆိုတဲ့ ငါ့နာမည်ကို တကယ်ယုံကြည်ပုံပဲ။...ကောင်းပါတယ်လေ။ သူ့အသက်ကို ငါချမ်းသာပေးလို့ရတာပေါ့"
မုန်ကျင်းဇီအကြောင်း သူအရေးမစိုက်တော့။ ဆိုင်ငယ်လေးဆီသို့ ပြန်သည်။
နှလုံးမဲ့ဂိုဏ်းအကြီးအကဲ ပိုင်ဟွမ်းကလည်း အစောကြီးကတည်းက ဆိုင်မှထွက်ပြေးသွားပြီးဖြစ်သည်။ ဤနေရာတွင် မသေမျိုးနှစ်ယောက် ရှိနေသည်။ အပြင်ဘက်မှကူးဖြတ်ခြင်းအဆင့်များ လိုက်ဖမ်းခံရလည်း သိပ်အရေးမကြီးတော့။
ပဲပြာက မီးဖိုချောင်ထဲသို့ လှမ်းအော်သည်။
"ကြာလေး(ချင်ဟဲ)၊ သွားကြစို့"
**********************************