← Chapters

အခန်း (၉၉၇-၉၉၉)

Vol. 67 Ch. 997-999

အခန်း (၉၉၇-၉၉၉)

Vol. 67 Ch. 997-999

အခန်း (၉၉၇) နင်ကသူမဟုတ်

ပဲပြာလှမ်းခေါ်သော်လည်း တုံ့ပြန်သံပေါ်မလာသဖြင့် မီးဖိုထဲသို့ သူလိုက်သွားသည်။

အစောပိုင်းက ညစာစားနေချိန်အတွင်း မုန်ကျင်းဇီ ဝိညာဉ်အာရုံဖြန့်ကြည့်ခဲ့လျှင် မီးဖိုထဲတွင် ပဲပြာတစ်‌ယောက်တည်းမဟုတ်ကြောင်း သိခဲ့ပေလိမ့်မည်။ နှစ်ယောက်ဖြစ်သည်။

မုန်ကျင်းဇီစားသည့် ဆန်ပြုတ်ကို ထိုလူကပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

မိုးပြာရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက် မီးဖိုကို သန့်ရှင်းရေးလုပ်နေသည်။ မီးဖိုချောင်သုံးပစ္စည်းများကို စနစ်တကျဆေးကြောသန့်စင်ပြီး မှော်လက်စွပ်ထဲသို့ ထည့်နေသည်။

တံခါးခန်းဆီးကို မ,၍ဝင်လာသည့် ပဲပြာကို သူခေါင်းလှည့်ကြည့်သည်။ သက်ပြင်းတစ်ချက်ချသည်။ သို့သော် သူ့လက်များက အလုပ်မပျက်။

"ဘာလို့သူ့ကို သွားတိုက်ခိုက်နေတာလဲ။ နင်မတိုက်ခိုက်ရင် နင့်ကိုမသေမျိုးဖြစ်မှန်း သူမသိနိုင်ဘူး"

ပဲပြာက ရှေ့တိုးလာပြီး ချင်ဟဲကို ပစ္စည်းများကူသိမ်းပေးသည်။

"သူ့ကိုမြင်တော့ ယန်ထန်မသေမျိုးအကြောင်း ပြန်တွေးမိတယ်။ တွေးရင်းနဲ့ အမြင်ကပ်လာလို့။ ငါက လွန်မြောက်ခြင်းအဆင့်ရောက်ဖို့ ကြိုးစားနေတာပဲ။ ငါ့ကိုယ်ငါ ဘာလို့ထိန်းချုပ်နေရမှာလဲ"

ချင်ဟဲက ဆားထည့်သည့် ပုလင်းငယ်ကို လှုပ်ခါကြည့်သည်။ ဘာမှမရှိတော့။

"အခုဘယ်ကိုပြောင်းကြမှာလဲ"

မုန်ကျင်းဇီကို ပဲပြာသတ်သတ်မသတ်သတ် ဤဆိုင်အကြောင်း အဖြစ်မှန်ပေါ်သွားပြီဖြစ်သည်။ ယွမ်ကျိမှလွဲလျှင် ပဲပြာ ဘယ်သူ့ကိုမှမကြောက်။ သို့‌သော် ဆက်နေလျှင် စိတ်ဒုက္ခများမည်။

အန္တရာယ်ရောက်လာသည်ထိ ထိုင်စောင့်နေခြင်းထက် တစ်ခြားနေရာသို့ ရွှေ့ပြောင်းပြီး ဆိုင်ကိုဆက်ဖွင့်သည်က ပိုကောင်းသည်။

မည်သို့ဆိုစေ ကျင့်ကြံသူလောကကြီးက ကျယ်ပြန့်သည်။ ဘယ်နေရာမဆို အဆင်ပြေသည်။

စကားပြောနေရင်းမှာပင် ပစ္စည်းအားလုံး မှော်လက်စွပ်ထဲ ရောက်သွားသည်။

အမှန်တာ့ ချင်ဟဲဆန္ဒရှိလျှင် လက်တစ်ချက်လှုပ်ရုံဖြင့် ပစ္စည်းအားလုံးကို လက်စွပ်ထဲရောက်သွားအောင် လုပ်နိုင်စွမ်းရှိသည်။ သို့သော် ပစ္စည်းများကို တစ်ခုချင်းသာ သူသိမ်းဆည်းသည်။ ထိုသို့လုပ်ရသည်ကို ဝတ္တရားတစ်ခုလို သူခံစားရသည်။

နတ်မယ်အစစ်သာ ဤနေရာတွင်ရှိနေလျှင်လည်း ထိုသို့ပင်လုပ်လိမ့်မည်။

(**ဤနေရာတွင် ချင်ဟဲက ထာဝရနတ်မယ်ကို adult ဟု ခေါ်ပါသည်။ အရွယ်ရောက်စ 'ကလေးကြီး'ဟူသည့် အဓိပ္ပါယ်မျိုး ဖြစ်မည်ထင်သည်။ နတ်မယ်က ဆယ့်ခြောက်နှစ်ဟု ကိုယ့်ဘာသာခံယူထားသောကြောင့်ဖြစ်မည်။

သို့‌သော် ဆက်လာမည်အခန်းများတွင် ပဲပြာနှင့်ပဲဝါ တိုက်ခိုက်ကြဦးမည်။ တစ်ချို့နေရာများတွင် 'က‌လေးကြီး'ဟုသုံး၍ အဆင်မပြေသဖြင့် တပြေးညီဖြစ်အောင် ဘာသာထားပြန်ပါသည်)

မိုးရေထဲတွင် သူတို့လျှောက်သွားကြသည်။ ကိုယ်ပျောက်အရိပ်များလို ဖြစ်နေသည်။ လမ်းသွားလမ်းလာများက သူတို့ခန္ဓာကိုယ်ထဲ ဖြတ်သန်းသွားသည်။ တင်းကြပ်သည့် မြို့တော်ဂိတ်တံခါး အစောင့်များရှိနေသည်။ သို့သော် ဘယ်သူမှ သူတို့ကိုမမြင်ကြ။

"ကောင်းကင်ဘုရင်မြို့တော်မှာ ငါတို့နေလာတာ အတော်ကြာပြီ။ နေရာအပြောင်းအလဲလုပ်ရတာ အတော်ကောင်းပါတယ်"

ပဲပြာက စကားစပြောသည်။

"ချင်ဟဲ၊ နင်ဗုဒ္ဓနိုင်ငံမှာ ဆက်နေချင်လား။ တစ်ခြားနေရာကို ပြောင်းချင်လား"

ချင်ဟဲက သူ့စကားကိုပြန်မဖြေဘဲ လှည့်မေးသည်။

"ဘာလို့ငါ့ကို ထားနေသေးတာလဲ။ လွန်မြောက်ခြင်းအဆင့်ကို ရောက်ဖို့ကြိုးစားနေတာပဲ။ ငါ့ကိုသတ်လိုက်ရင် ခြေတစ်လှမ်း ပိုနီးသွားမယ်မဟုတ်လား။ ငါ့ကို နောက်ဆုံးချိန်ထိထားဖို့ မလိုပါဘူး"

ပဲပြာ နည်းနည်းမျက်မှောင်ကျုံ့သွားသည်။ မှုန်ဝါးဝါး အရေးအကြောင်းများ ပေါ်လာသည်။ သူထိုအကြောင်းကို သိပ်မပြောချင်။

"ငါပြန်ရှင်သန်ပြီးနောက်ပိုင်း ငါနဲ့အတူအမြဲရှိခဲ့တာ နင်ပဲ။ နင်လည်း ထွက်ပြေးနိုင်တာမှမဟုတ်တာ။ ငါကဘာလို့အလျင်စလိုသတ်ရမှာလဲ"

သူစကားရပ်သည်။ ထို့နောက် အမည်မသိ စွမ်းအားတစ်ခုက ညှို့ငင်ဖမ်းစားခံထားရသကဲ့သို့ သူထပ်ပြောသည်။

"အားလုံးကိုသတ်ပြီးရင် လွန်မြောက်ခြင်းအဆင့်ကိုရောက်ဖို့ ငါအတော်နီးစပ်လာမယ်။ ဒါပေမယ့် လူသတ်သမားကို အနိုင်မယူနိုင်‌သေးဘူး။ သူ့ကိုအနိုင်ယူပြီးမှ နင့်ကိုသတ်ရင်လည်း နောက်မကျပါဘူး"

(**လူသတ်သမားက နတ်မယ်ကို ဆိုလိုပါသည်)

ချင်ဟဲ ခဏအသံတိတ်သွားသည်။ ထို့နောက် ရုတ်တရက်ပြောသည်။

"နင့်စကားကို ကြည့်ပြောပါ။ နင်က ပြန်ရှင်သန်လာတာမဟုတ်ဘူး။ နင်က သူမဟုတ်ဘူး။ ဘယ်တော့မှလည်း သူဖြစ်လာမှာမဟုတ်ဘူး"

"ဘာပြောတယ်"

ပဲပြာ ဒေါသထွက်သွားသည်။ ချင်ဟဲလည်ပင်းကို ဖမ်းချုပ်သည်။ မျက်လုံးတွင် ဒေါသရိပ်များ ဖုံးလွှမ်းနေသည်။ လက်ချောင်းများကို အားနည်းနည်းထည့်လိုက်သည်။ ချင်ဟဲလည်ပင်းကို အချိန်မရွေးချိုးပစ်နိုင်သည့် ဟန်ပန်မျိုးရှိဖြစ်သည်။

"ငါနင့်ကို နောက်ဆုံးချိန်ထိ ချန်ထားလိမ့်မယ်လို့လည်း တရားသေတွက်မထားနဲ့"

ချင်ဟဲကို ကာကွယ်ထားသည့် ဝိညာဉ်ချီစွမ်းအင်ဒိုင်းကို ပဲဝါအရှင် ဖျက်ဆီးလိုက်သည်။ မိုးများသည်းထန်စွာကျနေသဖြင့် ချင်ဟဲတစ်ကိုယ်လုံး ချက်ချင်းစိုရွှဲသွားသည်။

စိုစွတ်နေသည့် ဆံပင်များကြားမှ ချင်ဟဲက ပဲဝါကို လှောင်ပြုံးပြုံး၍ ကြည့်နေသည်။ ကြောက်ရွံ့သည့်အရိပ် လုံးဝမရှိ။

"နင်က ကိုယ့်နာမည်တောင် ကိုယ်မသိတဲ့လူပါ"

ပဲပြာ ချင်ဟဲကိုစိုက်ကြည့်နေပြီးနောက် လက်ကိုလွှတ်လိုက်သည်။ အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့၍

"ငါ့နာမည်ကို ငါ့ဘာသာရွေမယ်"

.......

မုန်ကျင်းဇီ လဲကျမတတ်ဖြစ်နေသည်။ မုန်မိသားစု ကူးဖြတ်ခြင်းအဆင့် မုန်ဘိုးဘေးတစ်ယောက်က သူ့ကိုတွဲကူ၍ အနောက်ပိုင်းမိုးပျံဘုံကျောင်းထဲသို့ လိုက်ပို့ပေးသည်။

"အားးး"

ကတင်ပေါ်ထိုင်ထိုင်ချင်းမှာပင် ဒဏ်ရာကိုအမှတ်မထင်ထိမိသည်။ ဝေဒနာကြောင့် သူချက်ချင်းပြန်ထရပ်လိုက်ရသည်။

ဗုဒ္ဓနိုင်ငံတွင် အစွမ်းပြပြီး အပူဇော်ခံဖို့ သူလာခဲ့သည်။ ဘာကြောင့်ယခုလိုအဖြစ်မျိုးကြုံရသည်မသိ။

သူ့အခြေအနေကို မြင်လိုက်ရသဖြင့် ကိုယ်တော်မိန်ယွဲ့ အကြီးအကျယ် အံ့အားသင့်သွားသည်။ မုန်ကျင်းဇီကို ထိုအခြေအနေရောက်အောင် နှိပ်ကွပ်နိုင်စွမ်းရှိသည့် စွမ်းအားရှင်သည့် ဘယ်အချိန်ကတည်းက ဗုဒ္ဓနိုင်ငံသို့ ရောက်နေသည်မသိ။

"ဘိုးဘေး၊ ဟိုစားသောက်ဆိုင်အကြောင်း သတင်းတွေရလာပါပြီ"

မုန်မိသားစုကူးဖြတ်ခြင်းအဆင့်ဘိုးဘေးက လေးလေးစားားပြောသည်။

ပိုင်ဟွမ်းကို ဖမ်းမိခဲ့သော်လည်း လောလောဆယ် သူ့ကိုအာရုံမစိုက်ကြ။ ရှေးဟောင်းခေတ်၏ ပထမမသေမျိုးဟု ကြေညာခဲ့သည့် စားဖိုမယ်အကြောင်းသာ အာရုံစိုက်နေကြသည်။

"ပြောပါဦး၊ ဘာတွေသိထားပြီလဲ"

"အိမ်နီးနားချင်းတွေနဲ့ အဲဒီ့နားတစ်ဝိုက်မှာ နေထိုင်တဲ့လူတွေရဲ့ ထွက်ဆိုချက်အရ ဒီဆိုင်ဒီနေရာရောက်တာ ဆယ်နှစ်ကြာပြီ။ အဲဒီ့ဆိုင်ကို သွားစားတဲ့လူ မရှိသလောက်ပဲ။ သွားစားတဲ့လူတွေကလည်း မှတ်ဉာဏ်ပျောက်သလို ဖြစ်သွားတယ်။

ဆိုင်ရှင်ဘယ်လိုပုံစံလဲ ဆိုင်မှာသူတို့ဘာတွေမှာစားခဲ့ကြလဲဆိုတာ လုံးဝမမှတ်မိကြဘူးလို့ပြောတယ်"

"မှတ်ဉာဏ်ပျောက်တယ်...ဟုတ်လား"

မုန်ကျင်းဇီ မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ စိတ်ဝင်စားလာသည်။ လူတစ်ယောက်က ချက်ချင်းလက်ငင်း ဘယ်လိုမှတ်ဉာဏ်ပျောက်နိုင်မည်နည်း။

စားဖိုမယ်က တမင်းထိုသို့ဖြစ်အောင် လုပ်ခဲ့ခြင်းလော...

ဘာကြောင့် ထိုသို့လုပ်ရသနည်း။

"ဒါတွေထားလိုက်ပါတော့၊ ဒီမှာရှိတဲ့ နှလုံးမဲ့ဂိုဏ်းအကြောင်း မင်းဆက်ပြီးစုံစမ်းပါ။ ငါအခု အိမ်ပြန်တော့မယ်"

ထိုကိစ္စကို ကျန်းပင်ကန်း ယွမ်ကျိတို့နှင့် တိုင်င်ဆွေးနွေးဖို့လိုမည်ဟု သူယူဆသည်။

.....

တာအိုလမ်းစဉ်ဂိုဏ်း။

"အဖြစ်အပျက်ကတော့ ဒါပါပဲ မိတ်ဆွေယွမ်။ ချီကျင့်ကြံမှုစနစ် တည်ထောင်တဲ့လူဟာ အလွန်ရှေးကျတဲ့ ပုဂ္ဂိလ်ပဲဖြစ်ရမယ်"

ယွမ်ကျိက မုန်ကျင်းဇီကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေသည်။

...ပဲပြာမသေမျိုးက ရှင့်အသက်ကို ချမ်းသာပေးလိုက်တာပါ...

မရှိသည့်ဖြစ်တည်မှုကို တကယ်အမှန်ဟု မုန်ကျင်းဇီယုံကြည်သဖြင့် ပဲပြာနှင့်သူ့ကြားတွင် ကံကြမ္မာဆက်စပ်မှုမျိုး ပေါ်မလာခြင်းဖြစ်သည်။

မုန်ကျင်းဇီကို ပဲပြာအရှင်အကြောင်း အမှန်အတိုင်း ထုတ်မပြောခြင်းက ပိုကောင်းသည်။ မုန်ကျင်းဇီသိသွားလျှင် ပဲပြာက သူ့ကိုပစ်မှတ်ထားလာနိုင်သည်။

စိတ်ခံစားချက်နည်းနည်းပါသည့်လေသံဖြင့် ယွမ်ကျိကပြောသည်။

"အ‌ရှေ့ပင်လယ်မှာ ကျွန်မကို တိုက်ခိုက်ခဲ့တဲ့မသေမျိုးက ချီစနစ်တည်ထောင်သူတဲ့လား။ သူဒီလောက်ရင်ဆိုင်ရခက်နေတာ မဆန်းတော့ပါဘူး"

မုန်ကျင်းဇီ"..."

...မင်းရင်ဆိုင်ရခက်တယ်ဆိုတာက သူဒဏ်ရာအပြင်းအထန်ရပြီး ခွေးပြေးဝက်ပြေး ပြေးသွားတာကို ပြောနေတာလား...

"ဪ ဒါနဲ့၊ သူ့ဆိုင်ကိုသွားစားတဲ့လူတိုင်း မှတ်ဉာဏ်တွေပျောက်သွားတယ်လို့ ရှင်ပြောခဲ့တယ်နော်"

မုန်ကျင်းဇီစကားထဲမှ အချက်တစ်ချက်ကို ယွမ်ကျိ ပြန်သတိရလာသည်။

"ဟုတ်ပါတယ်၊ အဲလိုဘာလို့ဖြစ်တာလဲသိလား"

ယွမ်ကျိ အင်ပါယာထိုင်ခုံတွင် နောက်ပြန်မှီလျက် ထိုင်ခုံလက်တန်းကို လက်ဖြင့်စည်းချက်ကျကျ လက်ဖြင့်ခေါက်နေသည်။ လက်ကောက်ဝတ်မှ ခေါင်းလောင်းငယ်များ တချွင်ချွင်မြည်သွားသည်။

ခေါင်းလောင်းသံတိတ်သွားချိန်တွင် ယွမ်ကျိ မျက်လုံးပြန်ပွင့်လာသည်။ အတွေးတစ်ချို့ ရလာသည်။

"ကျွန်မအမြင်အရ ဖြစ်နိုင်ခြေနှစ်ခုရှိတယ်။ ပထမဖြစ်နိုင်ခြေက သူဟင်းချက်တဲ့အချိန်မှာ အရိယဖလစွမ်းအားသုံးခဲ့လို့ပဲ။ ဒါကြောင့် သူ့အစားအသောက်ကို စားတဲ့လူတိုင်း မှတ်ဉာဏ်ပျောက်သွားတာ။

ဒါပေမယ့် ရှင်စားတဲ့အချိန်မှာ အရိယဖလစွမ်းအားကို အာရုံမခံမိဘူး။ ဒီတော့ ဒီအချက်က မဖြစ်နိုင်လောက်ဘူး"

"ဒါဆို ဒုတိယဖြစ်နိုင်ခြေကရော"

"ဒုတိယဖြစ်နိုင်ခြေက လွန်မြောက်ခြင်းအဆင့်ကို သူတဖြေးဖြေးနီးလာလို့ပဲ။ မသေမျိုးမေ့ပျောက်စွမ်းရည်ဗီဇ အားကောင်းလာတယ်။ အသေးအဖွဲကြောင်းကျိုးဆက်စပ်မှုတွေကို အလိုလိုဖျက်ဆီးတယ်။ ဒါကြောင့် သာမန်လူတွေသူ့အကြောင်း မေ့သွားတာဖြစ်မယ်"

မုန်ကျင်းဇီ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ ထိုအတိုင်းသာမှန်လျှင် ချီစနစ်တည်ထောင်သူ၏စွမ်းအားသည် ကြောက်စရာကောင်းလွန်းသည်။ သူမနိုင်ခဲ့သည်မှာ မဆန်းလှ။

"ဒါပေမယ့် ဒါတွေက ခန့်မှန်းချက်သက်သက်ပါ။ ကျွန်မလည်း ဒီလိုမသေမျိုးနဲ့ တစ်ခါမှမကြုံဖူးဘူး"

သူ့စကားကို လုံးဝအမှန်ဟု မယူဆသင့်ကြောင်း ယွမ်ကျိက သွယ်ဝိုက်သတိပေးသည်။

....

မသေမျိုးနှစ်ယောက်၏ တိုက်ပွဲသတင်းက ဗုဒ္ဓနိုင်ငံတစ်ခွင် ချက်ချင်းပျံ့နှံ့သွားသည်။

"ကောင်းကင်ဘုရင်မြို့တော်မှာ မသေမျိုးနှစ်ယောက် တိုက်ခိုက်ကြတယ်ပေါ့"

သတင်းကြားရချိန်တွင် လုယန် အတော်အံ့အားသင့်နေသည်။

မဟုတ်သေး။ အမှန်တိုင်ပြောရလျှင် သူအတော်ပျော်နေခြင်းဖြစ်သည်။

အနည်းဆုံးတော့ ထိုပြဿနာသည် သူရှိသည့်နေရာတွင် မဖြစ်ခဲ့။ ကောင်းကင်ဘုရင်မြို့တော်ကို သူကြားပင်မကြားဖူး။ ထို့ကြောင့် ထိုကိစ္စ သူနှင့်ဘာမှမဆိုင်။

"အဲဒီ့မသေမျိုးနှစ်ယောက်က ဘယ်သူတွေလဲ"

သတင်းယူလာသူ မုန်ကျင်းကျီုးကို သူပြန်မေးသည်။

"တစ်ယောက်က ငါ့ဘိုးဘေးပဲ။ နောက်တစ်ယောက်ကိုတော့ မသိဘူး။ ဘိုးဘေးက နှလုံးမဲ့ဂိုဏ်းသားတစ်ယောက်နောက်ကိုလိုက်ရင်း အဲဒီ့မသေမျိုးနဲ့ အမှတ်မထင်တွေ့တယ်။ နာလည်မှုလွဲပြီး တိုက်ခိုက်ကြတဲ့အဆင့်ကို ရောက်သွားတယ်"

"...မင်းဘိုးဘေး ဗုဒ္ဓနိုင်ငံကိုရောက်လာတာ ငါနဲ့တော့ ဘာမှမဆိုင်ဘူးမဟုတ်လား"

မုန်ကျင်းကျိုးက လုယန်ပုခုံးကိုပုတ်ပြီး အလေးအနက်ပြောသည်။

"မဆိုင်ပါဘူး။ ငါတို့နှစ်ယောက်လုံးနဲ့ ဘာမှမဆိုင်ပါဘူး"

*********************************

အခန်း (၉၉၈) ကျားနှင့်နဂါးတိုက်ပွဲ

မေလဆယ့်ငါးရက်။ ဗုဒ္ဓရေသဘင်ပွဲတော်နေ့ဖြစ်သည်။

ခိုင်ဟွမ်မြို့တော်တစ်ခုလုံး အပျော်ရိပ်များ ဖုံးလွှမ်းနေသည်။ အိမ်တော်များကို ရောင်စုံမီးပုံးများဖြင့် တန်ဆာဆင်ထားသည်။ မြို့သူမြို့သားများ မနက်စောစောထ၍ သူတို့အိမ်မှ ဗုဒ္ဓရုပ်ပွားတော်များကို ဦးခိုက်ရှိခိုးကြသည်။

တတ်နိုင်သူများက ခိုင်ဟွမ်ဘုံကျောင်းသို့သွား၍လည်း ဗုဒ္ဓကို အရိုအသေပြုပြီး ကိုယ်တော်များကို ဆွမ်းလှူကြသည်။ ဗုဒ္ဓအရှင်၏ မွေးနေ့ပွဲက ခိုင်ဟွမ်မြို့ခံတို့၏ ဗုဒ္ဓဝါဒအပေါ် ယုံကြည်သက်ဝင်မှုနှင့် ဗုဒ္ဓအရှင်အပေါ် ကြည်ညိုလေးစားမှုကို ဖော်ပြနေသည်။

ယုံကြည်မှုစွမ်းအားအကြောင်း ဘာမှနားမလည်သည့် လုယန်လိုလူပင် ထိုပွဲတော်၏ အ‌ရေးပါမှုကိူ ခံစားမိသည်။

ဗုဒ္ဓနိုင်ငံတွင် ပိုင်ရှင်မဲ့ဖြစ်နေသည့် ယုံကြည်မှုစွမ်းအား ထိုမျှသိပ်သည်းပေါများနေခြင်းမှာ ယခုလိုနေ့များတွင် ခေတ်အဆက်ဆက်စုစည်းခဲ့သောကြောင့် ဖြစ်သည်။

သို့သော် ထိုအဖြစ်ကို သိပ်အလိုမကျသူတစ်ယောက်တော့ရှိသည်။

"ဒီနေ့က ငါ့မွေးနေ့မှမဟုတ်တာ"

နတ်မယ် နှုတ်ခမ်းစူနေသည်။

လုယန် စိတ်မကောင်းဖြစ်သွားသည်။

"ဒါဆို ခင်ဗျားမွေးနေ့က ဘယ်နေ့လဲနတ်မယ်"

နတ်မယ်နှင့် အချိန်အတော်ကြာ သိကျွမ်းခဲ့သော်လည်း သူ့မွေးနေကို လုယန်မသိသေး။

"ဇွန်လ ၁ ရက်နေ့ပါ"

"ဒါဆို ဒီနေ့ကရော ဘယ်လိုထူးခြားတဲ့အဖြစ်တွေ ရှိခဲ့တာလဲ"

ပွဲတော်တစ်ခုသည် သမိုင်းကြောင်းမခိုင်မာဘဲ ဖြစ်ပေါ်လာမည်မဟုတ်။ နောက်ကွယ်တွင် ဂုဏ်ပြုထိုက်သည့် အကြောင်းရင်တစ်ခု ရှိရမည်။

နတ်မယ်က မေးစေ့ကိုပွတ်၍ စဉ်းစားသည်။ ‌ရှောင်ယန်၏မေးခွန်းက အတော်ဖြေရခက်သည်။

"မေလဆယ့်ငါးရက်...အင်း၊ နှစ်တွေကလည်း အများကြီးကြာပြီဆိုတော့ မှတ်မိဖို့ ဘယ်လွယ်ပါ့မလဲ...အဲ နေဦး၊ မဟုတ်သေးဘူး။ ငါက အခုမှ ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာလေ"

နတ်မယ် လုယန်ကို သေချာပြန်အကဲခတ်သည်။ သူ့ဘာသာရေရွတ်သည့်စကား လုယန်ကြားသွားမည်ကိုစိုးရိမ်

ဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် ကြားသင့်သည့်စကားနှင့် မကြားသင့်သည့်စကားကို လုယန်ကောင်းကောင်းသိသည်။ အူတူတူမျက်နှာဖြင့် သူပြန်မေးသည်။

"ခင်ဗျားဘာလို့ကျုပ်ကို စိုက်ကြည့်နေတာလဲ"

နတ်မယ် စိတ်သက်သာရာရသွားသည်။ လုယန် သူ့စကားကိုမကြားလိုက်သည်မှာ သေချာသည်။ ခဏစဉ်းစားပြီး သူပြန်ပြောသည်။

"ငါမှတ်မိပြီ။ ဒီနေ့က ငါမသေမျိုးဖြစ်ပြီးနောက်ပိုင်း ယင်ထန်တို့လေးယောက်ကို ပထမဆုံးအနိုင်ရခဲ့တဲ့နေ့ပဲ"

ရေသဘင်ဆင်နွှဲနေသည့် လူအုပ်များကို လုယန်လှမ်းကြည့်သည်။ သူ့မျက်နှာတွင် အတွေးနစ်သွားသည့် အမူအရာ ပေါ်လာသည်။

...ဒီလိုနေ့က တကယ်ရော ဂုဏ်ပြုထိုက်လို့လား...

ခိုင်ဟွမ်မြို့တော်၏လမ်းများ သက်ဝင်လှုပ်ရှားနေသည်။ မြို့တော်သမိုင်းတွင် အထင်ရှားဆုံးဖြစ်သည်။ အရင်က ရေသဘင်ပွဲများထက်ပို၍ လူစည်ကားသည်။

ကိူယ်တော်တွမ်ချန်းပင် အပျော်ကြီးပျော်နေသည်။ လုယန်တို့နှစ်ယောက် နာမည်ကျော်ကြားသည်ကို သူသိပါသည်။ သို့သော် ထိူမျှပွဲစည်အောင်လုပ်နိုင်မည်ဟု မထင်ခဲ့။ အရင်ကပွဲတော်များထက် အဆများစွာ သာလွန်သည်။

စည်းကမ်းထိန်းသိမ်းရေး ကိုယ်တော်များပင် မလုံလောက်၍ လူအင်အားနည်းနည်းထပ်ဖြည့်ရသည်။

လမ်းပေါ်လျှောက်နေရင်း ဆူညံနေသည့်စင်မြင့်တစ်ခုဆီ လုယန်တို့နှစ်ယောက် လှမ်းကြည့်သည်။ လူများဝိုင်းအုံနေသည်။

စင်မြင့်ထက်တွင် ချီသန့်စင်အဆင့်၊ အခြေတည်အဆင့်၊ ရွှေသန္ဓေအဆင့်ကျင့်ကြံသူများ စွမ်းအားကိုယ်စီပြနေကြသည်။ အကြိုပွဲစဉ်တွင် နေရာတစ်ခုရအောင် ကြိုးစားနေသည်။

လုယန်တို့က ပွဲတိုင်းကို အကဲဖြတ်ဒီုင်လုပ်ပေး၍မဖြစ်။ ကိုယ့်တန်ဖိုးကိုယ် ချရာရောက်မည်။

အကြိုပွဲများဖြတ်ကျော်လာပြီး ဆန်ခါတင် ထိပ်တန်းရှစ်ယောက်စာရင်းဝင်သူများကိူသာ သူတို့အကဲဖြတ်လမ်းညွှန်ပေးမည်။

ထို့ကြောင့် ကျင့်ကြံသူအားလုံးက ဆုကြေးကိုထည့်မစဉ်းစား။ ထိပ်တန်းစာရင်းဝင်ပြီး ဒိုင်နှစ်ယောက်၏ လမ်းညွှန်ချက်ရဖို့သာ ကြိုးစားကြသည်။

သူတို့နှစ်ယောက်ထဲမှ တစ်ယောက်ယောက်က နည်းနည်းချီးကျုးလိုက်ရုံဖြင့် ချီးကျူးခံရသူသည် နာမည်ကျော်ကြားသွားမည်။

"ကျင့်စဉ်စွမ်းအားတွေက သာမန်ပါပဲလား"

လုယန် ခဏအကဲခတ်သည်။ အားလုံးက သက်ဆိုင်ရာကျင့်စဉ်အဆင့်တွင် ပုံမှန်ရမီမျိုးသာဖြစ်သည်။ တော်သည်ဆိုသူများကလည်း ပုံမှန်ထက် နည်းနည်းသာသည်သာရှိသည်။ ကိုယ့်ထက် ကျင့်စဉ်အဆင့်မြင့်သူများကို စိန်ခေါက်တိုက်ခိုက်ဖို့ မဖြစ်နိုင်လောက်။

"ဒီလောက်ပဲရှိမှာပေါ့။ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းလို့ ပါရမီရှင်တွေချည်းပြည့်နေမယ်ထင်လို့လား"

ရုတ်တရက် လူအုပ်ကြီး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ တစ်ယောက်က စင်ပေါ်တက်လာသည့် ရွှေသန္ဓေအဆင့်ကျင့်ကြံသူကို လက်ညှိုးထိုး၍ တအံ့တဩပြောသည်။

"ကြည့်ကြဦး၊ အဲဒါ ဟော်ယင်ပဲ။ သူက ဇာမနီဘုံကျောင်းမှာ ဇာမနီငှက်စမ်းသပ်ပွဲကို ‌အောင်မြင်ပြီး မြေအဆင့် ကိုးဆယ့်ကိုးနေရာကို တက်သွားတာလို့ပြောတယ်။ သူဘာလို့ ဒီကိုရောက်လာတာလဲ"

လုယန် တွေးမရသဖြင့် မုန်ကျင်းကျိုးကို လှည့်မေးသည်။

"မြေအဆင့်ဆိုတာက ဘာကြီးလဲ"

မုန်ကျင်းကျိုးလည်း‌ ခေါင်းခါပြသည်။

"တစ်ခါမှ မကြားဖူးဘူး"

လုယန်က အပြင်စွန်းမှ အကျယ်လောင်ဆုံးအော်ဟစ်အားပေးနေသည့် လူတစ်‌ယောက်၏ ပုခုံးကို ပုတ်လိုက်သည်။ ထိုလူသိလောက်သည်။

"ဒီမှာခင်ဗျ၊ မြေအဆင့်ဆိုတာဘာလဲ ပြောပြလို့ရမလား"

ထိုလူက လုယန်ကို တအံ့တဩလှည့်ကြည့်သည်။

"မြေအဆင့်ဆိုတာတောင် မသိဘူးပေါ့"

"ကျုပ်တို့က မဟာရှားကျင့်ကြံသူတွေပါ။ ဒီကို ပြိုင်ပွဲဝင်ဖို့လာတာ"

လုယန် ရိုးသားစွာရှင်းပြသည်။

"ဪ အဲလိုလား။ ဒါက ကျုပ်တို့ဗုဒ္ဓနိုင်ငံရဲံ့ အနောက်ပိုင်းမိုးပျံဘုံကျောင်းက ကျင့်ကြံသူတွေကို စိတ်ဓာတ်လှုံ့ဆော်ဖို့ အဆင့်ခွဲတဲ့စနစ်တစ်ခု သတ်မှတ်ခဲ့တယ်။

အဆင့်သုံးမျိုးရှိတယ်။ အခြေတည်အဆင့်ဆို လူသားအဆင့်၊ ရွှေသန္ဓေအဆင့်ကို မြေအဆင့်၊ နတ်ဝိညာဉ်အဆင့်ကို ကောင်းကင်အဆင့်အဖြစ် သတ်မှတ်တယ်။

အဆင့်တိုင်းမှာ နံပတ်တစ်ရာစီ အဆင့်သတ်မှတ်တယ်။ စင်ပေါ်က ဟိုဟော်ယင်ကိုတွေ့လား။ သူက မြေအဆင့်ကိုးဆယ့်ကိုး ပါရမီရှင်ပဲ။ ရွှေသန္ဓေအဆင့်တွေကြားမှာ အဆင့်ကိုးဆယ့်ကိုးပေါ့။

သာမန်နတ်ဝိညာဉ်အခြေခံဆင့်ကျင့်ကြံသူတောင် သူ့ကိုမယှဉ်နိုင်ဘူးလို့ပြောကြတယ်။ တိုက်ပွဲမှတ်တမ်း မရှိသေးပေမယ့် သူ့စွမ်းအားဟာ ဝါရင့်နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူနဲ့ တန်းတူရှိတယ်လို့ ပြောကြတယ်"

ပြောရင်းပြောရင်း ထိုလူပိုံ၍စိတ်အားတက်ကြွလာသည်။ ဟော်ယင်ကို တကယ့်အဓိပဓိစွမ်းအားရှင်တစ်ယောက်ဟု ယုံကြည်ထားဟန်ရှိသည််။

"သူခိုင်ဟွမ်မြို့တော်ရေသဘင်ပွဲကိုလာမယ်လို့ ထင်မထားဘူး။ သူရောက်လာပြီဆိုတော့ တစ်ခြားကျင့်ကြံသူတွေ အခွင့်အရေးမရလောက်တော့ဘူး"

ဟော်ယင်ဘာကြောင့် နည်းနည်းထင်ရှားသည်ကို လုယန်နားလည်လာသည်။ ဗုဒ္ဓနိုင်ငံ၏ ရွှေသန္ဓေအဆင့်ပါရမီရှင်သည် အရိုးခေါင်းနတ်ဆိုးဂိုဏ်းချုပ် အရိုးဖြူသရဲနှင့် တန်းတူအဆင့်ရှိသည်။

"ကောင်းကင်အဆင့်ရဲ့အထက်မှာ သူတို့ဘာလို့အဆင့်ထပ်မခွဲတော့တာလဲ။ ငါ့ကိုယ်ငါ ဘယ်အဆင့်လောက်ရှိမလဲ သိချင်လိုက်တာ"

မုန်ကျင်းကျိုးက ခေါင်းခါ၍ အားမလိုအားမရပြောသည်။ ဗုဒ္ဓနိုင်ငံသို့ သူအလာနောက်ကျခဲ့သည်။ ထိုအဆင့်ခွဲစနစ်အကြောင်းသိလျှင် နတ်ဝိညဉ်အဆင့်ရောက်စဉ်ကတည်းက သူလာခဲ့ပေလိမ့်မည်။

ရုတ်တရက် လူအုပ်ကြီး၏ အော်ဟစ်အားပေးသံ ထွက်လာပြန်သည်။ အစောပိုင်းကထက် ပိုကျယ်သည်။

"ဖန်ဝူတိပဲ။ မြေအဆင့်ကိုးဆယ့်ငါး။ သူလည်း လာတယ်ပေါ့"

"ဘာရယ်၊ ဟန်ရှားလျှို့ဝှက်မြေမှာ အဓိပဓိူကျင့်စဉ်ကျမ်းရခဲ့တယ်ဆိုတဲ့ ဖန်ဝူတိလား၊ သူလည်းရောက်လာတယ်ပေါ့"

"ကျားနဲ့နဂါးတိုက်ပွဲတော့ ကြည့်ရပြီပေါ့ကွာ"

မြေအဆင့် ပါရမီရှင်ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်တော့မည်။ ကြုံရခဲသည့် ပြိုင်ပွဲမျိုးဖြစ်သည်။

"ဖန်ဝူတိ၊ မင်းရောက်လာမယ်လို့ ထင်မထားဘူး"

ဟော်ယင်က ပြောသည်။ သူ့မျက်နှာ လေးနက်တည်ကြည်လာသည်။ မဟာရန်သူတစ်ယောက်ကို ရင်ဆိုင်ရတော့မည့်ပုံမျိုး ဖြစ်သည်။ ဖန်ဝူတိအကြောင်း သူများစွာကြားဖူးသော်လည်း တစ်ခါမှလက်ရည်မယှဉ်ဖူး။

သူ့ထက်အဆင့်မြင့်နေသည်မှာ အကြောင်းမဲ့တော့မဖြစ်နိုင်။

"မင်းက အရဟတ်ဗုဒ္ဓခန္ဓာပိုင်ရှင်လို့ကြားတယ်။ ခန္ဓာကိုယ်ကို ရွှေနဂါးပတ်ပြီး မွေးလာတယ်။ အဲဒါက မွေးရာပါ အမှတ်အသားဖြစ်လာတယ်။ မွန်းတည့်ချိန်မှာ ယန်စွမ်းအင်ကို မင်းစုပ်ယူပြီး ချီအဆင့်ကို စခဲ့တယ်။

အခြေတည်အဆင့်ကို ရက်တစ်ရာအတွင်းရောက်ခဲ့တယ်။ ဟန်ရှားလျှို့ဝှက်မြေမှာ ရွှေသန္ဓေတည်ဆောက်တယ်။ အဆင့်မြင့်ခန္ဓာသန့်စဉ်ပညာနဲ့ မင်းခန္ဓာကိုယ်ကို သံမဏိလိုမာကျောအောင် ပြောင်းလဲပြီး ရုပ်ခန္ဓာကျင့်စဉ်တာအိုကို အဆုံးစွန်နီးပါးထိ မင်းလျှောက်ခဲ့တယ်"

"ငါကဒီမြို့နားကဖြတ်သွားရင်း ကံစမ်းကြည့်ရုံပါပဲ"

ဖန်တူတိက မှော်လက်စွပ်ထဲမှ သံမဏိတုတ်တစ်ချောင်းထုတ်ရင်း ပြောသည်။ ထိုသံမဏိတုတ်သည် နာကျည်းဝိညာဉ်ပေါင်းများစွာ၏အသက်ကို ချွေခဲ့သည်။

"မင်းလည်းမညံ့လှပါဘူး ဟော်ယင်။ မင်းအမေက ပဟေဠိလျှို့ဝှက်မြေရဲ့ တော်ဝင်သမီးတော်လို့ကြားတယ်။ မမွေးခင်ကတည်းက မင်းကိုစွမ်းအားမြင့်ဆေးတွေနဲ့ အဟာရဖြည့်ခဲ့တာ။

ခရမ်းရောင်ဗီဇချီတစ်စကိုင်ပြီး မင်းမွေးလာတယ်။ ပြီးတော့ ဝံပလွေသူခိုးတွေ အလောင်းပျံတွေနဲ့ မင်းတိုက်ခိုက်ခဲ့တယ်။ ကန္တာရထဲ မိုင်သုံးထောင်ခရီးဆန့်ခဲတယ်။

ဝူတိကို တိုက်ခိုက်ဖို့ ရှားပါးရတနာကို အာမခံပြီးပို့ဆောင်ခဲ့တယ်။ မင်းချစ်သူအတွက် ဒေါသထွက်ပြီး တော်ဝင်မြေကို အပြီးစွန့်လွှတ်ခဲ့တယ်။ မင်းက တကယ်လေးစားစရာပါပဲ"

ထိုနှစ်ယောက် အချင်းချင်းစိုက်ကြည့်နေသည်။ တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။

ဗုဒ္ဓရေသဘင်ပွဲအစမှာပင် ထိုတိုက်ပွဲမျိုးကြုံရသည်။ ပရိသတ်၏စိတ်လှုပ်ရှားမှုများ မြင့်တက်လာသည်။

ထိုနှစ်ယောက်တိုက်ပွဲကို လုယန်သေချာအကဲခတ်နေသည်။ လက်ရည်ညီနေကြောင်းတွေ့ရသည်။ အဆင့်သုံးဆင့်ကွာနေသူနှစ်ယောက်တိုက်ပွဲက ထိုသို့ဖြစ်နေသည်ကိုကြည့်၍ လုယန်အံ့အားသင့်မိသည်။

"ဗုဒ္ဓနိုင်ငံမှာ ကျွမ်းကျင်သူတွေတကယ်ရှိတာပဲ။ စွမ်းအားနည်းနည်းလေကွာတာကိုတောင် ရအောင်အဆင့်ခွဲနိုင်ကြတယ်"

မုန်ကျင်းကျိုး အတော်ကြာအောင် တိုက်ပွဲကို စောင့်ကြည့်သည်။ ထိုနှစ်ယောက်ကို ဘာမှထူးခြားသည်ဟုမမြင်။

"မဟုတ်သေးပါဘူး။ ဒီနှစ်ယောက်က နေ့တစ်ပိုင်းလောက်ကြာအောင် တစ်ယောက်အကြောင်းတစ်ယောက် ချီးမွှမ်းခန်းဖွင့်နေကြတာလေ။ အခုတော့ သူတို့အစွမ်းက ဒီလောက်ပဲလား။

ငါရွှေသန္ဓေအဆင့်တုန်းကသာဆိုရင် ဒီနှစ်ယောက်ကို တစ်ပြိုင်တည်းတိုက်နိုင်တယ်"

*******************************

အခန်း (၉၉၉) လောကအရှင်၏ကောင်းချီး

ထိုနှစ်ယောက် တစ်ယောက်အကြာင်းတစ်ယောက်မိတ်ဆက်နေသည်ကို မုန်ကျင်းကျိုး နား‌ထောင်ခဲ့သည်။ တစ်ယောက်နောက်ခံက တစ်‌ယောက်ထက်ပို၍ အံ့ဩစရာကောင်သည်။

ခန္ဓာသန့်စင်မှု အဆုံးစွန်၊...အမေဖြစ်သူက လျှို့ဝှက်မြေ၏ တော်ဝင်သမီးတော်...

သို့သော် တကယ်တမ်းလက်ရည်ယှဉ်ချိန်တွင် တိုက်ခိုက်စွမ်းအားက ခပ်ညံ့ညံ့။ တစ်ခြားကိစ္စမပြောနှင့်။ ရွှေသန္ဓေအဆင့်တွင် သူရခဲ့သည့် ခန္ဓာကိုယ်သည်ပင် လက်ရှိဖန်ဝူတိရုပ်ခန္ဓာထက် များစွာပိုအားကောင်းသည်။

ရွှေသန္ဓေအဆင့်တွင် သူ့ခန္ဓာကိုယ်ကို ဆံပင်မှအစ အရိပ်ထိ သန့်စင်ခဲ့သည်။ ဟာကွက်တစ်ကွက်မှမရှိ။

ယခု ဖန်တူတိ၏ခန္ဓာသန့်စင်မှုက ဟာကွက်များပြည့်နေသည်။ လုံးဝစိတ်ဝင်စားစရာမရှိ။

"ဘာလဲ။ မင်းက စင်ပေါ်တက်ပြီး သူတို့နဲ့လက်ရည်ယှဉ်ချင်တာလား"

လက်ယားနေသည့်မုန်ကျင်းကျိုးကို လုယန်လှည့်မေးသည်။

"ဒါတော့ မသင့်တော်ဘူးလေ"

မုန်ကျင်းကျိုး လက်ခါပြ၍ သိက္ခာထိန်းသည်။

"ဘာပဲပြောပြော အခုငါက တော်ဝင်လမ်းရဲ့ မဟာစွမ်းအားရှင်တစ်ယောက်လို့ သတ်မှတ်လို့ရနေပြီပဲ။ စင်ပေါ်တက်ပြီး လူငယ်မျိုးဆက်တွေနဲ့ တိုက်ခိုက်ရင် ငါသိက္ခာကျမှာပေါ့"

"ဟ... ဒီနှစ်ယောက်က မင်းထက်သုံးနှစ်လောက်ပဲ ငယ်မယ့်ပုံပါ"

"ဒါလည်း လူငယ်မျိုးဆက်ပဲကွ။ မင်းလည်းသိတာပဲ။ ငါတို့မသေမျိုးလမ်းစဉ်ကျင့်ကြံသူ‌တွေ ဒေါသထွက်လာရင် 'အတင့်ရဲလှချည်လား မျိုးဆက်သစ်ကောင်လေး'လို့ပဲ ပြောတယ်လေ။

'အတင့်ရဲလှချည်ချား မျိုးဆက်တူကောင်'လို့ ဘယ်တော့မှမပြောဘူး။ 'မျိုးဆက်သစ်'လို့ သူတို့ကိုခေါ်တာက ပိုပြီးတော့အလေးချိန်စီးတယ်"

လုယန် ခေါင်းငြိမ့်သည်။ မုန်ကျင်းကျိုးစကားကို သူထောက်ခံသည်။

ရွှေသန္ဓေတိုက်ပွဲများ ဆက်ကြည့်ဖို့ သူတို့စိတ်မဝင်စားတော့။ ထို့ကြောင့် ခွန်ဟိုင်ဘုံကျောင်းသို့ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးဆန်ကာတင်ရှစ်ယောက်အလှည့်ရောက်မှ ပြန်လာဖို့တွေးကြသည်။

"အဲ..သခင်လု၊ သခင်မုန်"

ရုပ်ဖျက်ထားကြသော်လည်း နာမည်ခေါ်သံကြားသဖြင့် သူတို့လှမ်းကြည့်ကြသည်။ ထင်သည့်အတိုင်း တန်ချောင်ချောင်နျင့် ကွေ့ချွဲအာဖြစ်နေသည်။

သူတို့လက်ရှိရုပ်သွင်ကို မြင်ဖူးသူ လူနည်းနည်းသာရှိသည်။

တန်ချောင်ချောင်နှင့် ကွေ့ချွဲအာကလက်ထဲတွင် ဟော်သွန်းသီးပုံ သကြားလုံးများ ကိုင်ထားသည်။ ထိုသကြားလုံးပေါ်တွင် လုယန်နှင့်မုန်ကျင်းကျိုးတို့၏ ရုပ်ပုံများပါသည်။

သကြားလုံးထုတ်လုပ်သူ ဖန်တီးလိုက်သည့်လက်ရာက နေ့ချင်းညချင်း ရေပန်းစားသွားသည်။ လက်မလည်နိုင်အောင် ရောင်းကောင်းသည်။

"သခင်တို့က အကဲဖြတ်ဒိုင်လုပ်ရမှာလို့ ပြောခဲ့တယ်မဟုတ်လား။ ဘာလို့ဒီမှာရှိနေတာလဲ"

"ငါတို့အလှည့်မရောက်သေးဘူး။ အချိန်အတော်ကြာဦးမယ်ထင်တယ်။ မင်းတို့နှစ်ယောက်ကရော ဘာလုပ်နေတာလဲ။ နှစ်ယောက်တည်းလား၊ ချန်ဝူက ဘယ်မှာလဲ"

"အကိုက ဆေးဆိုင်မှာ မနေ့ကလာပို့တဲ့တဲ့ ဆေးပစ္စည်းတွေ အဆင်မပြေလို့ ဆိုင်ရှင်နဲ့အတူ ကြာပန်းမြို့ကို ပစ္စည်းသွားဝယ်တယ်။ ဒီနေ့အချိန်မီပြန်ရောက်ဖို့ မသေချာဘူး‌"

တန်ချောင်ချောင် သက်ပြင်းချသည်။ ပွဲတော်ကို သူအကိုနှင့်အတူ ထွက်လည်ဖို့ တွေးထားခဲ့သည်။ ယခု ဖြစ်နိုင်တော့မည်မထင်။

"သဘောပေါက်ပြီ။ ဒါဆို မင်းတို့နှစ်ယောက် သွားပျော်လိုက်ကြဦး။ ကိုယ့်ကိုယ်ကိုတော့ ဂရုစိုက်ကြ"

လုယန် အကျင့်ပါနေသည့်အတိုင်း အကြံပေးလိုက်သည်။

လုယန်၏သွေးစက်ကိုရပြီးနောက် တန်ချောင်ချောင်နျင့် ကွေ့ချွဲအာတို့၏ခန္ဓာကိူယ်က များစွာပြောင်းလဲသွားသည်။ ပုံမှန်သိုင်းသမားများထက်ပင် များစွာပိုအားကောင်းလာသည်။

"ကျွန်မတို့ ဆက်လည်လို့မရတော့ဘူး။ ခဏနေရင် ဆန်ပြုတ်တွေဝေရမှာ"

ကွေ့ချွဲအာကပြောသည်။

လုယန် ပြန်သတိရလာသည်။ ငါးရက်၊ ဆယ့်ငါးရက်၊ နှစ်ဆယ့်ငါးရက်နေ့များတွင် ကွေ့သခင်က ဆန်ပြုတ်ဒါနပြုပေလိမ့်မည်။

"အဖေ့ကို မနက်ဖြန်မှ ဆန်ပြုတ်ဝေလို့မရဘူးလားလို့ မေးသေးတယ်။ ဒါပေမယ့် ဒီနေ့က ရေသဘင်ပွဲနေ့၊ လောကအရှင်ရဲ့မွေးနေ့ဖြစ်လို့ ဒီနေ့ပြုတဲ့ကုသိုလ်ကောင်းမှုက ပုံမှန်ထက်ဆယ်ဆပိုရတယ်လို့ပြောတယ်။ ဆန်ပြုတ်တွေ ခါတိုင်းထက်ပိုဝေရမယ်တဲ့"

"အဲလိုလား"

ဗုဒ္ဓရေသဘင်ပွဲအကြောင်း လုယန်နည်းနည်းနားလည်သော်လည်း သခင်ကွေ့လို နယ်ခံမဟုတ်သဖြင့် ရိုးရာယုံကြည်မှုများနှင့် သိပ်မရင်းနှီးသေး။

"ဒါဆိုရင် လောင်မုန်နဲ့ငါလည်း ကုသိုလ်ကောင်းမှု နည်းနည်းသွားလုပ်ဦးမှထင်တယ်"

လုယန် ပြုံး၍ပြောသည်။

"သွားတော့မယ် သခင်တို့။ လောကအရှင် ကောင်းချီးပေးပါစေ"

ကွေ့ချွဲအာနှင့် တန်ချောင်ချောင်တို့ နှုတ်ဆက်၍ထွက်သွားသည်။

လုယန် စဉ်းစားသည်။ နောက်ဆုံးစကားသည် မဖြစ်နိုင်။ လောကအရှင်က သူ့ကိုလုံးဝကောင်းချီးပေးနိုင်မည်မဟုတ်။

"ရှောင်ယန်၊ ငါ့ကြောင်း မကောင်းတာတွေတွေးနေတာလား"

နတ်မယ်က ဆဋ္ဌမအာရုံ ရုတ်တရက် ပေါ်လာပုံရသည်။

"မဟုတ်ပါဘူး။ လုံးဝမတွေးပါဘူး နတ်မယ်။ ခင်‌ဗျားက ကရုဏာကြီးမားပြီး မေတ္တာထားတတ်တဲ့လူပါ။ ကောင်းမှုကုသိုလ်တွေလည်း အများကြီးလုပ်တယ်။

ခင်ဗျားကိုအတုယူပြီး ကုသိုလ်ကောင်းမှုလုပ်ရင်ကောင်းမယ်လို့ တွေးနေတာပါ။ ဘာလို့မကောင်းတွေးရမှာလဲ"

"အဲလောက်တော့ ငါလည်းရိပ်မိပါတယ်။ နင့်စိတ်ဓာတ်အရ ငါမသေမျိုးကို မကောင်းတွေးမှာမဟုတ်ဘူး"

"ဒါပေါ့ ဒါပေါ့"

သူတို့နှစ်ယောက် လမ်းအတိုင်းလျှောက်သွားကြသည်။ လူအတော်မာျးများက သူတို့ရုပ်ပုံပါသည့် သကြားလုံးများကို လျှာဖြင့်လျက်၍စားနေသည်။ ထိုမြင်ကွင်းကိုကြည့်၍ သူတို့စိတ်ထဲ တစ်မျိုးတစ်မည်ခံစားရသည်။

ရုတ်တရက် ဝတ်ရုံနက်လူတစ်ယောက် သူတို့ရှေ့တွင်ပေါ်လာသည်။ ထူးဆန်းသည့်အသံဖြင့် ခြောက်ကပ်ကပ်ရယ်နေသည်။

ထို့နောက် သူတို့ကို လှည့်ကြည့်လာသည်။ လက်ထဲတွင် အနက်ရောင်အပ်တစ်ချောင်းကိုင်ထားသည်။ မျက်လုံးများက ရူးသွပ်သူတစ်ယောက်လိုဖြစ်သည်။ ရယ်သံကလည်း အရိုင်းဆန်သည်။ လုယန်နှင့်မုန်ကျင်းကျိုး မင်သက်မိနေကြသည်။

"ခိုင်ဟွမ်မြို့တော်ရဲ့ ကပ်ဆိုးကို မင်းတို့နှစ်ယောက်နဲ့ စလိုက်ကြတာပေါ့။ အပြစ်တင်ချင်ရင် မင်းတို့ကံဆိုးတာကိုပဲ အပြစ်တင်တော့"

ထိုသို့ပြောပြီးနောက် ဝတ်ရုံနက်က မုန်ကျင်းကျိုးလက်မောင်းကို အပ်ဖြင့်ထိုးချလိုက်သည်။

"ဖျောက်"

အပ်က ထက်ပိုင်းကျိုးသွားသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားသည်။

ဝတ်ရုံနက်က အပ်ကျိုးကိုကြည့်သည်။ မုန်ကျင်းကျိုးကိုကြည့်သည်။ ထို့နောက် လှည့်ထွက်ပြေးသည်။

မုန်ကျင်းကျိုးက လက်ဝါးဖြင့်ရိုက်လိုက်သည်။ ထိုလူ ချာလပတ်လိမ့်သွားပြီး ခန္ဓာကိုယ်တွန့်လိမ်၍ မြေပြင်ပေါ်လဲကျသွားသည်။

"ဒါကဘာလဲဟ"

မုန်ကျင်းကျိုး အပ်တစ်ပိုင်းကိုကိုင်ကြည့်၍ နားမလည်နိုင်အောင်ဖြစ်နေသည်။

"နတ်မယ်၊ ဒါဘယ်လိုပစ္စည်းလဲသိလား"

"ငါကြည့်ဦးမယ်။...အင်း...ဒီအပ်ကအဆိပ်ပါတယ်။ အဆိပ်မှာပါတဲ့ အာနိသင်တွေက အတော်ရှုပ်ထွေးတာပဲ။ အပ်နဲ့ထိုးခံရတဲ့လူက အသိစိတ်လွတ်ပြီး ဒေါသထွက်လာမယ်။ မြင်တဲ့လူတိုင်းကို လိုက်ကိုက်မယ်။ အကိုခံရတဲ့လူမှာလည်း အဲလိုလက္ခဏာတွေပေါ်လာလိမ့်မယ်"

လုယန် "..."

ဒီလက္ခဏာမျိုးကို ငါရင်းနှီးနေသလိုပဲ...အဲ...ဒါက ဖုတ်ကောင်လိုမျိုးပဲမဟုတ်လား...

အပ်၏အာနိသင်ကို သိပြီးနောက် လုယန်ညှာမနေတော့။ ဝတ်ရုံနက်ကို လမ်းကြားတစ်ခုသို့ ဆွဲခေါ်သွားပြီး ဝိညာဉ်မှတ်ဉာဏ်စစ်ဆေးသည်။ အခြေအနေကို နားလည်လာသည်။

တစ်ခြားဘုံကျောင်းမှ ကျောင်းထိုင်တစ်ယောက်က ခိုင်ဟွမ်မြို့တော် တိုးတက်နေသည်ကို မနာလိုဖြစ်၍ ပြဿနာဖြစ်အောင် ဖန်တီးခြင်းဖြစ်သည်။ ဝတ်ရုံနက်ကို လမ်းပေါ်လွှတ်၍ ကြုံရာလူသုံးလေးယောက်ကို အပ်ဖြင့်ထိုးခိုင်းသည်။ ကံဆိုးသည့်ထိုလူများက ဖုတ်ကောင်ကပ်ဆိုးကို အစပြုသူများ ဖြစ်လာလိမ့်မည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် မုန်ကျင်းကျိုးက ပထမဆုံးကံဆိုးသူဖြစ်သည်။

"တော်လောက်ပြီ၊ ကိုယ်တော်တွမ်ချန်းကို သတင်းပို့ကြစို့။ ဒီလူကို သူ့လက်ထဲ လွှဲလိုက်ကြတာပေါ့"

လုယန် အကြောတစ်ချက်ဆန့်လိုက်သည်။ ခိုင်ဟွမ်မြိူ့ကို ပစ်မှတ်ထားသည့် ပြဿနာဖြစ်သည်။ ထို့ကြောင့် ကိုယ်‌တော်တွမ်ချန်းကို အသိပေးသင့်သည်။ နောက်ဆက်တွဲကိစ္စများက သူတို့တာဝန်မဟုတ်။

"ကောင်းကင်က ငါတို့ကို မျက်နှာသာပေးနေတယ်ထင်တယ်။ ဒီနေ့က ကုသိုကောင်းမှုပြုဖို့ တကယ်ရက်ကောင်းရက်မြတ်ပဲ"

မုန်ကျင်းကျိုးက ပြုံး၍ပြောသည်။ လုယန်က ခေါင်းငြိမ့်ထောက်ခံသည်။ ယခုလုပ်ရပ်သည် မြို့ခံအားလုံးကို ကယ်တင်လိုက်သည့်သဘောပင်ဖြစ်သည်။ တကယ်ကြီးမားသည့် ကုသိုလ်ဖြစ်သည်။

ခိုင်ဟွမ်ဘုံကျောင်းသို့ ပြန်သည့်လမ်းတွင် သုခကိုယ်တော်ကျင့်စဉ် ကျင့်ကြံနေသည့် နှာဗူးဘုန်းကြီးတစ်ယောက်က သာမန်မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲ၍ နှစ်ဆယ့်ခြောက်ယောက်မြောက် ကိုယ်လုပ်တော်အဖြစ် သိမ်းသွင်းဖို့ကြံနေသည်နှင့် ကြုံရသည်။

သက်တမ်းကုန်ခါနီး၍ စိတ်ဓာတ်ကျပြီး ခန္ဓာကိုယ်ဖောက်ခွဲရန် ကြိုးစားနေသည့် ကျင့်ကြံသူတစ်ယောက်နှင့် ကြုံရသည်။ စိတ်ညှို့ပညာသုံး၍ ဟာရမ်ပွဲကျင်းပဖို့ ကြိုးစားနေသည့် ကျင့်ကြံသူတစ်ယောက်နှင့် ကြုံရသည်။ ပင့်ကူဘုရင်က ပင့်ကူကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်ပူးကပ်ပြီး ပင့်ကူကပ်ဆိုးဆိုက်အောင် ကြိုးစားနေသည်နှင့် ကြုံရသည်။

မကောင်းဆိုးဝါးစွမ်းအင်ရောင်လွှတ်ပြီး လူအများကြား ပြဿနာဖြစ်အောင်ဖန်တီးတော့မည့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်နှင့် ကြုံရသည်။ သားရဲဘုရင်၏သားငယ်ဖမ်းပြီး သားရဲကပ်ဆိုးဆိုက်အောင် ကြံနေသည့် ကျင့်ကြံသူတစ်ယောက်နှင့် ကြုံရသည်။

သိပ်မကြာမီ လုယန်လက်ထဲတွင် ကြိုးတစ်ချောင်းပေါ်လာသည်။ သူ့နောက်တွင် ကျင့်ကြံသူများ အတန်းလိုက်ပါလာသည်။

ကိုယ်တော်တွမ်ချန်း ဘုံကျောင်းဂိတ်တံခါးတွင် ထိုင်နေသည်။ အဆုံးကိုမမြင်ရသည့် ဖူးမျှော်သူလူတန်းကြီးကိုကြည့်၍ သူ့မျက်နှာ ပြုံးရွှင်နေသည်။ လုယန်တို့နှစ်ယောက်ကို ခိုင်ဟွမ်သို့ဖိတ်ခေါ်ခဲ့သည့်ဆုံးဖြတ်ချက်က တကယ်မှန်သည်ဟု ခံစားနေရသည်။

ဗုဒ္ဓရေသဘင်ပွဲပြီးလျှင် သူရည်မှန်းထားသည့်ပန်းတိုင်ရောက်ဖို့ များစွာပိုနီးစပ်သွားမည်ဟု ယုံကြည်ထားသည်။

"ဘယ်လိုလုပ်ပြီးပြန်ရောက်လာကြတာလဲ ဒကာတို့"

လုယန်တို့ပြန်လာမည်ကြားစဉ်က သူအံ့ဩသွားသည်။ ထို့ကြောင့်လည်း တံခါးဝတွင် ထွက်ကြိုနေခြင်းဖြစ်သည်။

ယခု လုယန်နှင့်မုန်ကျင်းကျိုးနောက်တွင် လူအ‌တော်များများ ပါလာသည်။

"ဒီလူတွေက ဘယ်ကလဲ"

လုယန် လက်ထဲမှကြိုးကို တွမ်ချန်းဆီ လှမ်းပေးပြီး အလေးအနက်လေသံဖြင့် ပြောသည်။

"ကုသိုလ်ကောင်းမှုပြုလို့ ရလာတဲ့အကျိုးကျေးဇူးပါ။ နောက်ပြီး...ခင်ဗျားတို့ခိုင်ဟွမ်မြို့တော် ပြည်သူ့လုံခြုံရေးစနစ်က အတော်လေးညံ့တာပဲ"

******************************

All Chapters