အခန်း (၁၀၀၃-၁၀၀၅)
Vol. 67 Ch. 1003-1005
အခန်း (၁၀၀၃) မဆုံးသေးသည့်သံသရာ
ပေါ်လာသည့်လူနှစ်ယောက်ကိုကြည့်၍ တွမ်ချန်း ရင်ထိတ်သွားသည်။
ထိုထဲမှတစ်ယောက်ကို သရဲကိုယ်တော်၏မှတ်ဉာဏ်ထဲတွင် သူမြင်ဖူးသည်။ ပိုင်လီထန်။ နှလုံးမဲ့ဂိုဏ်းအကြီးအကဲတစ်ယောက်ဖြစ်သည်။ စုစည်းခြင်းအဆင့်ရှိသည်။
နောက်တစ်ယောက်ကလည်း ပိုင်လီထန်နှင့်အတူရပ်နေသဖြင့် စုစည်းခြင်းအဆင့်သာဖြစ်လိမ့်မည်။
စုစည်းခြင်းအဆင့်နှစ်ယောက် ခိုင်ဟွမ်မြို့တော်ကို ဒုက္ခပေးဖို့ ကြံနေသည်။
ဒကာလုနှင့် ဒကာမုန် ရင်ဆိုင်နိုင်ပါ့မည်လော...အကယ်၍ရင်မဆိုင်နိုင်လျှင် သူဘာလုပ်ရမည်မသိ။
"လောကအရှင် ကူညီစောင့်ရှောက်ပေးပါ"
တွမ်ချန်း အသံတိတ် ကျမ်းစာရွတ်နေသည်။ ခိုင်ဟွမ်မြိုတော်အတွက် လုယန်တို့အတွက် ဆုတောင်းနေသည်။
"မေ့ပျောက်ဆေးအဆိပ်တဲ့လား။ ဟား၊ အဲလိုခေါ်လည်း မမှားပါဘူးလေ"
ပိုင်လီထန်ဘေးမှ နှလုံးမဲ့ဂိုဏ်းအကြီးအကဲက ပြောသည်။ သူ့နာမည် ဝူရွှေ့ဖြစ်သည်။
"ခင်ဗျားတို့ဘာလို့ အဆိပ်ဖြန့်တာလဲ"
လုယန် ဒေါသတကြီးအော်ဟစ်လိုက်သည်။ ထိုနှလုံးမဲ့ဂိုဏ်း၏ ရည်ရွယ်ချက်ကို သူစဉ်းစားမရ။
"ဘာလို့ဖြန့်တာလဲ..ဟုတ်လား။ မေ့ပျောက်ဆေးဖော်ဖို့ပဲပေါ့"
ဝူရွှေ့က အောင်နိုင်သူလေသံဖြင့် ပြောသည်။ ထိုနှစ်ယောက်ကို အမှန်အတိုင်းထုတ်ပြောရလည်း သအရေးမစိုက်။
မုန်မျိုးရိုးမသေမျိုးကိုတော့ သူတို့မယှဉ်နိုင်။ သို့သော် လူငယ်မျိုးဆက်သစ်ပါရမီရှင်နှစ်ယောက်ကို မနိုင်စရာအကြောင်းမရှိ။
"သူသားတွေဟာ ဉာဏ်ရည်အမြင့်ဆုံးသတ္တဝါတွေပါ။ လောကမှာ သဘာဝဆေးဖော်ဖို့ အကောင်းဆုံးဆေးလုံခွက်ဟာ လူသားခန္ဓာပဲ"
ဝူရွှေ့က ပြောသည်။
လုယန်စိတ်ထဲ ခြောက်ခြားစရာအတွေးတစ်ခုဝင်လာသည်။ မေ့ပျောက်ဆေးသည် လူသားခန္ဓာကိုယ်ကို အသုံးပြု၍ သန့်စင်ရခြင်းလားမသိ။
ဆေးဖော်နည်းကို နတ်မယ်မခန့်မှန်းနိုင်သည်မှာ မဆန်းလှ။ သူတစ်ခါမှမကြုံဖူးသည့် နည်းလမ်းဖြစ်သည်။
"မုန်မိသားစုဝင်တွေက ဗုဒ္ဓနိုင်ငံမှာရှိတဲ့ ငါတို့အစီအစဉ်တွေကိူ တစ်ခုပြီးတစ်ခုဖျက်ဆီးတယ်။ ငါတို့ဆက်မနေနိုင်အောင်လုပ်တယ်။ ငါတို့ဘက်က တစ်ခုခုပြန်မလုပ်ရင် ကြောက်တယ်လို့ ထင်ကြမယ်မဟုတ်လား။
ခိုင်ဟွမ်မှာရှိတဲ့ ငါတို့ဂိုဏ်းရဲ့ သဲလွန်စတွေကို မင်းတို့ရှာတွေတာက ကံအကြောင်းတိုက်ဆိုင်သွားလို့ပါ။ အခု မင်းတို့အားလုံး မြို့ထဲမှာရှိနေတယ်။ ငါတို့တစ်ခုခုမလုပ်လို့ ဘယ်ဖြစ်မလဲ"
လုယန်မျက်လုံးများ နည်းနည်းမှေးစင်းသွားသည်။
"ဪ...ဒါဆို ခင်ဗျားတို့က မြို့ခံတွေကို ဒုက္ခပေးရုံတင်မဟုတ်ဘဲ ကျုပ်တို့နှစ်ယောက်ကိုပါ ရှင်းပစ်ဖို့ ရည်ရွယ်ထားတယ်ပေါ့"
"ရှင်းရမှာပေါ့။ ငါတို့ဂိုဏ်းရဲ့တည်နေရာကို ဖော်ကောင်လုပ်တဲ့တရားခံက မင်းတို့ပဲလေ။ ဒါတောင် မဟာရှားမှာသွားမပုန်းဘဲ ဒီမှာဆက်နေရဲတာ တကယ်အံ့ဩစရာပဲ။ သေခြင်းတရားဆိုတာကို နားမလည်ဘူးထင်တယ်"
နှလုံးမဲ့ဂိုဏ်းအကြီးအကဲနှစ်ယောက်လုံး ခံစားချက်မဲ့သည့်အဆင့်ကို ရောက်နေပြီးဖြစ်၍ သူတို့စကားသံက အတက်အကျမရှိ တသမတ်တည်းဖြစ်နေသည်။ ခံစားချက်အရိပ်မျိုး လုံးဝမရှိ။ ကြားရသည်ပင် ကြက်သီးထစရာကောင်းသည်။
"သေခြင်းတရားဆိုတာကို ကျုပ်တကယ်ဘာမှန်းမသိပါဘူး"
လုယန် ချင်ဖုန်းဓားကိုမြှောက်၍ တိုက်ခိုက်ရန်ပြင်သည်။ ထိုအကြီးအကဲနှစ်ယောက်သည် စုစည်းခြင်းအလတ်တန်းဆင့်ဖြစ်ကြောင်း နတ်မယ်ထံက အတည်ပြုထားပြီးဖြစ်သည်။
အရင်က စုစည်းခြင်းအဆင့် နှလုံးမဲ့ဂိုဏ်းအကြီးအကဲတစ်ယောက်ကို သူသတ်ဖူးသည်။ သို့သော် ထိုစဉ်က အရိုးရိုင်းနှင့်လန်ထင်ကြောင့် ထိုအကြီးအကဲ စွမ်းအားနည်းနည်းလျော့နေသည်။ ထို့ကြောင့် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
ယခုအကြီးအကဲနှစ်ယောက်က စွမ်းအားအပြည့်ဆုံးအခြေအနေတွင် ရှိနေသည်။ ရင်ဆိုင်ဖို့ တကယ်မလွယ်လှ။
သို့သော် ကြိုးစားကြည့်ရမည်။
"ဘဝင်လေဟပ်နေတဲ့ မျိုးဆက်သစ်တွေပဲ"
ပိုင်လီထန်က အေးစက်စက်ပြောသည်။ သူ့ဘဝတွင် ပါရမီရှင်များစွာ တွေ့ဖူးသည်။ သို့သော် စုစည်းခြင်းအလတ်တန်းဆင့်တစ်ယောက်က သူ့ကိုခြိမ်းခြောက်သည့်အဖြစ်မျိုးတော့ တစ်ခါမှမကြုံဖူး။
"ဓားတစ်သောင်းဌာနေပြန်စွမ်းအား"
လုယန် မာန်သွင်းအော်ဟစ်လိုက်သည်။ ရွှေရောင်ဓားနယ်မြေသန္ဓေ သူ့ခြေထောက်အောက်တွင် ပေါ်လာသည်။ ချင်းဖုန်းဓားရိပ်တစ်သောင်းက လေထဲတွင် အတန်းလိုက်ရှိနေသည်။ အလွန်ခမ်းနားသည့်မြင်ကွင်းဖြစ်သည်။
လုယန် နီးရာဓားတစ်ချောင်းကို ဆွဲယူပြီး ပိုင်လီထန်ကို ခုတ်လိုက်သည်။ ဓားအလင်း ချက်ချင်းတောက်ပလာပြီး လေထုကိုထိုးခွဲသွားသည်။
ပိုင်လီထန် ခုနက လုယန်ကိုသိပ်အရေးမစိုက်ခဲ့သော်လည်း ယခု သူ့ဆံပင်များ အဆုံးထိထောင်သွားသလို ခံစားလိုက်ရသည်။ ကျလာသည့်ဓားအရှိန်က မြန်လွန်းသဖြင့် သူအံ့ဩနေသည်။ လိပ်ခွံတစ်ခု မှော်လက်စွပ်ထဲမှ ချက်ချင်းထုတ်၍ ဓားရိပ်ကိုကာကွယ်သည်။
ဓားချက်ထိသည့် လိပ်ခွံပေါ်တွင် ခပ်မှိန်မှိန်အဖြူရောင်ခြစ်ကြောင်းတစ်ခုသာ ကျန်ခဲ့သည်။
အကဲစမ်းတိုက်ခိုက်ခြင်းသာဖြစ်၍ ပိုင်လီထန်ဒဏ်ရာမရသည်ကို လုယန်မအံ့ဩ။ သို့သော် သူအံ့ဩသည်က ပိုင်လီထန်သုံးသည့် လိပ်ခွံဖြစ်သည်။
"လိပ်နက်မျိုးနွယ်ရဲ့ လိပ်ခွံလား"
လုယန် အေးစက်စက်နှာခေါင်းရှုံ့သည်။ နှလုံးမဲ့ဂိုဏ်းအကြီးအကဲသည် လောက၏တားမြစ်ချက်စည်းမျဉ်းများကို နားလည်ဟန်မတူ။ ထိုလိပ်ခွံကို မှော်လက်နက်အဖြစ်သုံးရဲသည်။ လိပ်နက်မျိုးနွယ် ထိုအကြောင်းသိသွားမည်ကို စိုးရိမ်ပုံမပေါ်။
လုယန် စကားမပြောတော့။ ဓားနယ်မြေ တုန်ခါလာသည်။ ချင်ဖုန်းဓားများ မြေပြင်မှပျံတက်၍ လေထဲတွင် ငြိမ်သက်သွားသည်။ ဓားဦးချွန်များက ပိုင်လီထန်ကို ချိန်ရွယ်ထားသည်။
"သွားတော့"
"ဝှီး ဝှီး ဝှီး"
ဓားရိပ်များက ဓားအလင်းအဖြစ်ပြောင်း၍ ပိုင်လီထန်ကို တိုက်ခိုက်သည်။ ပိုင်လီထန် လိပ်ခွံဖြင့်ကာကွယ်ရင်း နောက်သို့ဆက်တိုက်ဆုတ်နေရသည်။ ဓားရိပ်များက စွမ်းအားကြီးသည်။ တရကြမ်းဝင်လာသည်။
"အတော်အားပြင်းတာပဲ"
ပိုင်လီထန် တီးတိုးရေရွတ်သည်။ သူမပေါ့ဆရဲတော့။ သရဲကိုယ်တော်နှင့် အရိပ်သရဲသည် သူ့လက်အောက်ခံများဖြစ်သည်။ လုယန်က သရဲကိုယ်တော်ကို တိုက်ခိုက်ခဲ့ကြောင်း သူများပြောသံကြားသည်။ သရဲကိုယ်တော်က စုစည်းခြင်းအဆင့်ရှိသည်ဟု ကောလဟာလများပေါ်နေသည်။
ထို့ကြောင့် လုယန်စွမ်းအားကို လူအများက တမင်တကာချဲ့ကားပြောကြခြင်းသာဖြစ်မည်ဟု သူထင်ခဲ့သည်။
သို့သော်ယခု လုယန်က ကောလဟာလကြားရသည်ထက်ပင် ပိုစွမ်းအားကြီးနေသည်။
ဒကာလု၏စွမ်းရည်အစစ်ကို မြင်ရသဖြင့် ကိုယ်တော်တွမ်ချန်း ပျော်ရွှင်နေသည်။
"ဒါပေမယ့် ဘာအရေးစိုက်စရာရှိလဲ။ စုစည်းခြင်းအဆင့်ရဲ့စည်းမျဉ်းစွမ်းအားကို မင်းဘယ်တော့မှ မဆန့်ကျင်နိုင်ပါဘူး။
ဒီနေရာမှာ ငါစည်းမျဉ်းသတ်မှတ်မယ်။-'ငါ့ခန္ဓာကိုယ်စွမ်းအား လိပ်ခွံနဲ့တန်းတူး တိုးလာစေ'"
စည်းမျဉ်းစွမ်းအားရလာသည်နှင့် ပိုင်လီထန်တစ်ကိုယ်လုံး စွမ်းအားတိုးလာသည်။ ယခု လိပ်ခွံမသုံးလျှင်ပင် ဓားရိပ်များက သူ့ကိုထိခိုက်အောင် မလုပ်နိုင်တော့။ သူ့ကိုယ်ပေါ်ကျလာသည့် ဓားချက်များက အယားပြေရုံလောက်သာရှိသည်။ လုံးဝထိခိုက်အောင်မလုပ်နိုင်။
"ဝစီပိတ်ရဲ့တပည့်လေး၊ မင်းအခုဘာလုပ်မှာလဲ"
ပိုင်လီထန် ဓားနယ်မြပေါ်တွင် ရပ်နေသည်။ ကြေးနီလှံနှင့် လိပ်ခွံဒိုင်းကို ကိုင်ထားသည်။ တိုက်စစ်နှင့်ခံစစ် အပြည့်အဝပေါင်းစပ်ထားသည်။
အနီးကပ်တိုက်ခိုက်မှုကို ဓားကျင့်ကြံသူများ အားထားကြသည်။ အနီးကပ်တိုက်ခိုက်ချိန်တွင် ပြင်းထန်သည့်ဓားချီစွမ်းအားကို ထုတ်နိုင်သောကြောင့်ဖြစ်သည်။ သို့သော် ပိုင်လီထန်၏ခံစစ် တိုးတက်လာချိန်တွင် လုယန်အသာစီးမယူနိုင်တော့။ အလျင်စလိုဖန်တီးထားသည့် ဓားချီများက ယခု ပိုင်လီထန်ကို ထိခိုက်အောင်မလုပ်နိုင်တော့။
လှံရှည်က ထင်မထားသည့်နေရာများမှ ဝင်လာသည်။ လုယန် ပြန်မတိုက်ခိုက်နိုင်ဘဲ အသေအလဲခုခံနေရသည်။ လေးလံသည့်လိပ်နက်အခွံက တိုက်ခိုက်ဖို့အတွက်လည်း အသုံးဝင်သည်။ အသွားတုံးလက်နက်အဖြစ် သုံးနိုင်သည်။
"မြွေနဲ့လိပ် ပေါင်းစည်းမယ်"
လှံရှည်နှင့်လိပ်ခွံ အတူပေါင်းစပ်သွားသည်။ လိပ်နက်သေတစ်ကောင်၏ ခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းသွားပြီး လုယန်ကို ပြင်းထန်စွာရိုက်ချသည်။
"ဘုန်း"
လုယန် မြေပြင်ဆီ ထိုးကျသွားသည်။
ထိုတိုက်ကွက်ကြောင့် လုယန် ဒဏ်ရာအပြင်းအထန်ရသွားမည်ဟု ပိုင်လီထန်တွက်ထးသည်။ သို့သော် သူထင်သလိုဖြစ်မလာ။ လုယန်က မြေအောက်သို့ အောင်းဖို့ ရည်ရွယ်ထားခြင်းဖြစ်သည်။ သိပ်မကြာမီ မြေပင်မှ သစ်ပင်တစ်ခု ထိုးထွက်လာသည်။ လုယန်နှစ်ယောက်ပေါ်လာသည်။
အစောပိုင်းက ကောင်းကင်တွင် တိုက်ခိုက်နေရသဖြင့် သစ်ပင်စိုက်မှော်ပညာ သုံးခွင့်မရခဲ့။ သူတမင်အရိုက်ခံ၍ အခွင့်အရေးယူခဲ့ရသည်။
မူလဝိညာဉ်က ကိုယ်ပွားထဲသို့ဝင်၍ မွေခံဓားကိုကိုင်သည်။ ပြည့်စုံသည့် ကိုယ်ပွား။ သို့မဟုတ် ပြည့်စုံသည့် သီးခြားလုယန်တစ်ယောက် ဖြစ်လာသည်။
လုယန်နှစ်ယောက် ကောင်းကင်သို့ထိုးတက်သွားသည်။ စကားပြောစရာမလို။ သူတို့ပူးပေါင်းလှုပ်ရှားမှုက ဟာကွက်လုံးဝမရှိ။
"ဓားတစ်သောင်းဌာနေပြန်"
ကိုယ်ပွားကလည်း ဓားနယ်မြေတစ်ခု ဖန်တီးသည်။ အဆုံးစမရှိသည့် မွေခံဓားရိပ်များ ပေါ်လာသည်။ ရွှေကျီးကန်းအော်သံနှင့်အတူ ဓားနယ်မြေတစ်ခုလုံး ကြောက်စရာမီးတောက်များ ပေါ်လာသည်။
ရသာသုံးမျိုးမီးတောက်။ ရွှေကျိးကန်းမီးတောက်။
မီးတောက်စစ်နှစ်ခုက ဓားနယ်မြေနှင့်ပူးပေါင်းသည်။
ချင်ဖုန်းဓားထဲမှ ကမ္ဘာငယ်တွင် ခုနစ်စဉ်ကြယ်ဓားများ အတူစုစည်းနေသည်။
ဓားတစ်သောင်းဌာနေပြန်စွမ်းအား။ မသေမျိုးသတ်ဓားစက်ဝန်း။
လုယန် ဓားဦးကို ပိုင်လီထန်ဆီချိန်ရွယ်ပြီး အော်ဟစ်လိုက်သည်။
"ဒီနေရာမှာ ငါစည်းမျဉ်းသတ်မှတ်မယ်။- 'ဒူးထောက်စေ'"
ပိုင်လီထန် မျက်လုံးပြူးလာပြီး ဘုတ်ခနဲ ချက်ချင်းဒူးထောက်ကျသွားသည်။
ယုံနိုင်စရာမရှိ။ လုယန်က ဝိညာဉ်ပြောင်းအလတ်တန်းဆင့်သာဖြစ်သည်။ စည်းမျဉ်းစွမ်းအားကို ဘယ်လိုသုံးနိုင်မည်နည်း...
တစ်ခြားတိုက်ပွဲကွင်းတွင် အကြီးအကဲဝူရွှေ့က အရိုးလှေပျံတစ်စင်းထုတ်သည်။ လှေဦးတွင် ဝိညာဉ်တစ်ထောင်အလံကိုင်၍ ရပ်နေသည်။ သရဲဝိညာဉ်များစွာ ထိုးထွက်လာသည်။ လေပျံတစ်ခုလုံး ြည့်သွားသည်။
ဝိညာဉ်များက သင်္ဘောသားများကဲ့သို့ တာဝန်ကိုယ်စီထမ်းဆောင်သည်။ လေပေါ်မှ အမြှောက်များကို မုန်ကျင်းကျိုးဆီ ချိန်ရွယ်သည်။
"ဝိညာဉ်တွေတဲ့လား။ တကယ့်ဟာသပဲ"
မုန်င်းကျိုး အော်ဟစ်မာန်သွင်းလိုက်ည်။ ရွှေရာင်ဓမ္မခန္ဓာတစ်ခု သူ့နောက်ဘက်တွင် ဖြေးညှင်းစွာပေါ်လာသည်။ ကမ္ဘာဦးနေမင်း ထွက်ပေါ်လာသလိုထင်ရသည်။ ကြမ်းတမ်းသည်။ အထိန်းအကွယ်မရှိ။
ဓမ္မခန္ဓာမှ ဖြာထွက်လာသည့် အလင်းရောင်ကြောင့် ဝိညာဉ်များ နာကျင်စွာအော်ဟစ်ကြသည်။ သူတို့ခန္ဓာကိုယ်မှ မီးခိုးဖြူများ ထွက်ပေါ်လာသည်။
သန်စင်ယန်ဓမ္မခန္ဓာရှေ့တွင် ဝိညာဉ်အားလုံးသည့် ပုံရိပ်ယောင်မျှသာဖြစ်သည်။
"ဒီနေရာမှာ ငါစည်းမျဉ်းသတ်မှတ်မယ်။- ငါ့ဝိညာဉ်တွေ သန့်စင်ယန်စွမ်းအားကို မကြောက်စေရ'"
"ကြောက်ကြောက် မကြောက်ကြောက်ပါ။ ငါ့ဓမ္မခန္ဓာက ရောင်ခြည်ထုတ်လွှတ်ရုံပဲ သုံးလို့ရတယ်ထင်နေတာလား"
မုန်ကျင်းကျိုး လေပေါ်ခုန်တက်သည်။ လက်နှစ်ဘက်ကို အတူပူး၍ အရိုးလှေပျံကို ရိုက်ချလိုက်သည်။ ပေတစ်ရာမြင့်သည့် ဓမ္မခန္ဓာကလည်း သူလုပ်သလို လိုက်လုပ်သည်။ တစ်ချက်ရိုက်ရုံဖြင့် လေပျံတုန်ခါသွားသည်။
"လောင်လု၊ ငါ့ကို မီးတောက်နည်းနည်းငှားဦး"
သန့်စင်ယန်ဓမ္မခန္ဓာက လက်ကိုဆန့်ထုတ်ပြီး လုယန်၏ ဓားနယ်မြေမှ စွမ်းအားတစ်ချို့ ဆွဲယူသည်။ ရွှေကျီးကန်းမီးတောက်နှင့် ဓမ္မခန္ဓာပေါင်းစပ်သွားသည်။ နေအစစ်နှင့်ပို၍တူလာသည်။
ဓမ္မခန္ဓာလက်သီးတွင် ထက်မြက်သည့်ဓားစွမ်းအင်ကို ဆုပ်ကိုင်ထားသည်။ စွမ်းအားလည်းတိုးလာသည်။
"ကောင်းကင်တုန်ရှစ်ကွက်"
တတိယအကြီးအကဲသည် ကောင်းကင်တုန်ခြောက်ကွက်ကိုသာ တီထွင်နိုင်ခဲ့သည်။ မုန်ကျင်းကျိုး မုန်မိသားစုသို့ ပြန်၍ မုန်ကျင်းဇီထံမှ လမ်းညွှန်မှုခံယူသည်။ မုန်ကျင်းဇီက မူလကောင်းကင်တုန်ပညာပေါ်အခြေခံ၍ မုန်ကျင်းကျိုးနှင့် ပိုသင့်တော်သည့် လက်သီးပုံစံနှစ်မျိုးကို ထပ်ဖြည့်ပေးခဲ့သည်။
လက်သီးစွမ်းအား အရင်ကထက် များစွာပိုတိုးလာသည်။
"ခင်ဗျားလှေ ဘယ်လောက်မာသလဲကြည့်ရသေးတာပေါ့"
"မောက်မာရိုင်းစိုင်းတဲ့ကောင်"
ဝူရွှေ့ လက်နှစ်ဘက်ကို ဘေးသို့ဖြန့်လိုက်သည်။ ပင်လယ်လှိုင်းများ သူနောက်တွင် ပေါ်လာသည်။ ရေလှိုင်းများ ပေတစ်ရာမြင့်သည့် လူ့ဘီလူးတစ်ယောက်အဖြစ် အသွင်ပြောင်းသွားသည်။ မုန်ကျင်းကျိုးကို ရင်ဆိုင်သည်။
မီးနှင့်ရေ ရင်ဆိုင်တွေ့သည်။ မုန်ကျင်းကျိုးမျက်လုံးများက မီးထွက်မတတ်နီရဲလာသည်။ တစ်ကိုယ်တော်ဝိညာဉ်မြစ်၏ သန့်စင်ယန်စွမ်းအားများ ထိုးတက်လာသောကြောင့်ဖြစ်သည်။
"ဆန္ဒတွေကြောင့် အာရုံလွင့်တာက တကယ်ဆိုးဝါးတာပဲ"
ထိုသို့ပြောပြီးနောက် မေ့ပျောက်ဆေးတစ်ပုလင်းထုတ်၍ အကုန်မော့သောက်လိုက်သည်။
ထိုဆေးပုလင်းများကို သရဲကိုယ်တော်ထံမှ ရခဲ့ခြင်းဖြစ်သည်။ ပုလင်းအများစုကို သူယူထားသည်
ဝူရွှေ့ ခဏမင်သက်မိနေသည်။ မုန်ကျင်းကျိုးကို သူတို့နှလုံးမဲ့ဂိုဏ်းဝင်များလားဟု တွေးမိမတတ်ဖြစ်သွားသည်။
ထို့နောက် သူချက်ချင်းပြန်အသိဝင်သည်။ သန့်စင်ယန်ဓမ္မခန္ဓာက ပို၍စွမ်းအားတိုးလာသည်။ သူ့ကိုယ်ပိုင်ဓမ္မခန္ဓာဖြစ်သည့် လူ့ဘီလူးပုံရိပ်က ပျက်စီးခါနီးဖြစ်လာသည်။
တစ်ခါမှမကြုံဖူးသည့် အခြေအနေမျိုး မုန်ကျင်းကျိုးခံစားရသည်။ သ့စိတ်များ ကြည်လင်ရှင်းလင်းနေသည်။ ခန္ဓာကိုယ်အတွက် စိုးရိမ်စရာမလိုဘဲ စိတ်နှစ်ကိုယ်နှစ် တိုက်ပွဲဝင်နိုင်ပြီဖြစ်သည်။
"သေလိုက်စမ်း"
သူတို့လေးယောက် အပြင်းအထန်တိုက်ခိုက်နေသည်။
ထိုစဉ် ရုတ်တရက် ပို၍ပြင်းထန်သည့်စွမ်းအင်ဖိအားတစ်ခု ခိုင်ဟွမ်မြို့တော်ပေါ်သို့ ကျလာသည်။ တိုက်ပွဲလည်း ရပ်သွားသည်။
"ဒီနေ့ခေတ်လူငယ်မျိုးဆက်တွေက အတော်စွမ်းရည်ရှိပုံပဲ။ စုစည်းခြင်းအဆင့်ကိုတောင် စိန်ခေါက်တိုက်ခိုက်နေတယ်ပေါ့"
အဘိုးအိုတစ်ယောက် ပေါ်လာသည်။ မပွင့်တပွင့်ပြုံးသည်။ သူ့အကြည့်က လုယန်ဆီရောက်လာသည်။
"မင်းက ယဲ့ဇီကျင်းရဲ့ ဆရာတူညီလေးလား"
"ဒုဂိုဏ်းချုပ်"
ပိုင်လီထန်နှင့်ဝူရွှေ့တို့ ချက်ချင်းတိုက်ခိုက်မှုရပ်ပြီး ထိုလူဆီပျံသန်းသွားသည်။ လေးလေးစားစားဦးညွှတ်အရိုအသေပြုကြသည်။
နှလုံးမဲ့ဂိုဏ်း၏ ဒုဂိုဏ်းချုပ်ဖြစ်သည်။
"အချိန်ကိုက်ပါပဲ။ ငါတို့ထွက်သွားတဲ့အချိန်မှာ ဗုဒ္ဓနိုင်ငံကနေ တစ်ခုခုတော့ယူသွားရမှာပဲ။ ဒါမှ ဗုဒ္ဓနိုင်ငံရော မဟာရှားရော ဒီသင်ခန်းစာကို ရေရှည်မှတ်မိနေမှာ။ ခိုင်ဟွမ်မြို့တော်ကိုလည်း သယ်သွားရမယ်"
အဘိုးအိုက အေးစက်စက်လေသံဖြင့်ပြောသည်။ ခိုင်ဟွမ်မြို့တော် အဆက်မပြတ်တုန်ခါလာသည်။ မြေကြီးထဲမှကြွတက်လာသည်။ ထို့နောက် ကောင်းကင်သို့ တက်သွားသည်။
ထို့နောက် လုယန်၏မြင်ကွင်းများ အမှောင်ကျသွားသည်။
"လောင်လု၊ ဟိုနှစ်ယောက်တိုက်ခိုက်တာ ကြည့်ကြမလား"
မုန်ကျင်းကျိုးကပြိုင်ပွဲစင်ဆီ လက်ညှိုးထိုး၍ပြောသည်။
*********************************
အခန်း (၁၀၄) ယုံပါတယ်
လုယန် အသက်ကို ဝအောင်ရှူသည်။ စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်သည်။
ခုနက သူအသေအကြေတိုက်ခိုက်နေခဲ့သည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်း အချိန်က ပြောင်းပြန်ရစ်သွားသည်။ ငြိမ်းချမ်းသည့်အချိန်ကို ပြန်ရောက်လာသည်။ ကွာခြားချက်က ကြီးလွန်းသဖြင့် ကမ္ဘာသစ်တစ်ခုသို့ ရောက်လာသလို လုယန်ခံစားရသည်။
အနည်းဆုံးတော့ အပေါ်ယံအမြင်တွင် ငြိမ်းချမ်းနေသည်။
အချိန်အရတွေးကြည့်လျှင် ယခု နှလုံးမဲ့ဂိုဏ်းအကြီးအကဲနှစ်ယောက် တူးမြောင်းကို အဆိပ်ခတ်ပြီးဖြစ်မည်။ မေ့ပျောက်ခြင်းအဆိပ်ပါသည့် ရေများကို လမ်းပေါ်တွင် ပက်ဖြန်းနေကြသည်။ အပြည့်အဝတော့ အငွေ့မပျံသေး။
ဥပမာ ပင့်ကူဘုရင်က ပင်ကူကျင့်ကြံသူကို တိုက်ခိုက်၍ပူးကပ်ခြင်းသည် မေ့ပျောက်ဆေးငွေ့ကို ရှူမိ၍ဖြစ်သည်။
ကလေးတစ်ချို့လည်း အဆိပ်သင့်ပြီးဖြစ်မည်။ သို့သော် ကလေးများက ခံစားချက်လွှမ်းမိုးမှုနည်းသဖြင့် ဘယ်သူမှသတိထားမိကြမည်မဟုတ်။
"နတ်မယ်။ ဟိုအကြီးအကဲနှစ်ယောက်နဲ့ ဒုဂိုဏ်းချုပ်က မြို့ထဲမှာရှိလား"
နတ်မယ် ဝိညာဉ်အာရုံဖြန့်ကြည့်ပြီးနောက် ပြန်ပြောသည်။
"မရှိဘူး"
လုယန် ခေါင်းငြိမ့်သည်။ သူလည်း ထိုသို့ပင် ထင်ထားသည်။ နှလုံးမဲ့ဂိုဏ်းအကြီးအကဲနှစ်ယေက် ခိုင်ဟွမ်မြို့တွင် ရှိနေလျှင် သူနှင့်လောင်မုန်ကို မြို့ထဲလှည့်လည်၍ 'ပွဲက'ခွင့်ပေးမည်မဟုတ်။ ပွဲပြီးသွားမှသာ ပေါ်လာကြသည်။
ယခု ထိုနှစ်ယောက် တစ်ခြားတစ်နေရာသို့ ရောက်နေလိမ့်မည်။
သူ့နှုတ်ခမ်းတွင် အပြုံးရိပ်ပေါ်လာသည်။
အကြီးအကဲနှစ်ယောက်ကို ရှင်ဆိုင်ဖို့အတော်ကြိုးစားခဲ့ရသည်။ ထို့နောက် ဒုဂိုဏ်းချုပ်ပေါ်လာသည်။ ထိုဂိုဏ်းက လူအင်အားများ၍ မာန်ဝင့်နေကြဟန်တူသည်။
"လောင်မုန်၊ အခုလောလောဆယ် ပြိုင်ပွဲကို ကြည့်မနေနဲ့တော့။ မင်းကိုစောင့်နေတဲ့ ကုသိုလ်ပြုစရာတွေ အများကြီးရှိတယ်"
"ဘာကုသိုပြုစရာလဲ"
လုယန်ကောက်ကာငင်ကာ ပြောလိုက်သည့်စကားကို မုန်ကျင်းကျိုး နားမလည်။
"အခု ကျောက်ဝါလမ်းကိုသွားပါ။ အဲဒီ့လမ်းမှာ ဝတ်ရုံနက်နဲ့လူတစ်ယောက် အရူးလိုရယ်ပြီး အပ်တစ်ချောင်းကိုင်ထားလိမ့်မယ်။ သူ့ကိုဖမ်းလိုက်။
ပြီးရင် မြို့ခံစားသောက်ဆိုင်တံခါးဆီကိုသါား။ ဝတ်ရုံသားသားနားနားနဲ့ ဖက်တီးကိုယ်တော်တစ်ယောက်ရှိတယ်...
ပြီးတော့ နောက်တစ်လမ်းကို ဖြတ်ပြီးရင် ခန္ဓာကိုယ်ဖောက်ခွဲဖို့ ပြင်နေတဲ့ အဘိုးကြီးတစ်ယောက်တွေ့လိမ့်မယ်..ပြီးရင်...."
လုယန်ပြောသည့် အသေးစိတ်အချက်အလက်များကို မုန်ကျင်းကျိုး နားထောင်နေသည်။ လုယန်ပုံစံက လိမ်နေဟန်လည်းမရှိ။
"မင်းကရော ဘာလုပ်မှာလဲ"
"ငါအကူအညီသွားခေါ်မယ်"
ထိုသို့ပြောပြီးနောက် လူအုပ်ကြားထဲသို့ တိုးဝှေ့ထွက်ပြီး ခိုင်ဟွမ်ဘုံကျောင်းမှ သူ့အခန်းသို့ပြန်သည်။ ထို့နောက် လှဲအိပ်လိုက်သည်။
....
တာအိုလမ်းစဉ်ဂိုဏ်း။ မစ်ရှင်ခန်းမ။ ဝိညာဉ်မီးအိမ်ခန်း။
လုယန်၏ဝိညာဉ်မီးအိမ်က ပေါ်လိုက်ပျောက်လိုက် တဖျတ်ဖျတ်ခါနေသည်။ ကုကျန်ယဲ့ တိုင်ပုဖန်ကို ပြေးခေါ်သည်။
တိုင်ပုဖန်က မီးတောက်လက္ခဏာကိုကြည့်၍ လုယန်ပို့သည့်သတင်းကို စကားဝှက်ပြန်ဖော်သည်။
"ညီလေးလုက ခဏပြန်လာမယ်တဲ့။ ခိုင်ဟွမ်မြို့နဲ့ ငါတို့ဂိုဏ်းကို လေဟာနယ်လမ်းကြောင်းတစ်ခုဖွင့်ဖို့ တာအိုသခင်ကို တောင်းဆိုပေးဖို့ပြောနေတယ်"
.....
ကျယ်ပြန့်သည့်ကန္တာရကို လူတစ်စု ကုလားအုပ်စီး၍ ဖြတ်သန်းနေသည်။ လူသူကင်းဝေးသည့်ကန္တာရအလယ်တွင် သူတို့အုပ်စုက မြင်သာထင်သာရှိနေသည်။
"မလုပ်နဲ့..."
တန်ချန်ဝူ ရုတ်တရက် အော်ဟစ်၍ လန့်နိုးလာသည်။ မျက်လုံးတွင် ထိတ်လန့်ရိပ်များ ပြည့်နေသည်။
"ရှောင်တန်၊ ဘာဖြစ်တာလဲ"
မုတ်ဆိတ်ရှည်သက်လတ်ပိုင်းလူတစ်ယောက်က တန်ချန်ဝူအမူအရာကို သတိထားမိသဖြင့် အားလုံးရပ်ဖို့ အချက်ပြလိုက်သည်။
"ထပ်ဖြစ်ပြန်ပြီ"
တန်ချန်ဝူ သူ့ဘာသာရေရွတ်သည်။ အိပ်မက်တစ်ခုမှနိုးလာသလို သူခံစားရသည်။ တစ်ကိုယ်လုံး ချွေးများစိုရွှဲနေသည်။ အချိန်စက်ဝန်းကို ဘယ်နှစ်ကြိမ်ဖြတ်သန်းခဲ့ပြီမသိ။ ခြောက်ကြိမ် သို့မဟုတ် ခုနစ်ကြိမ်ဖြစ်မည်။
နောက်ဆုံးတစ်ကြိမ်၏ အဆုံးသတ်က ခြောက်ခြားစရာကောင်းလွန်းသည်။ ယခု သူ့စိတ်များ ရှုပ်ထွေးနေသည်။ အဖြစ်အပျက်များကို သူခွဲခြားစိစစ်ဖို့လိုသည်။
သူတို့အားလုံး ခိုင်ဟွမ်မြို့တော်၏ ဆေးဆိုင်တစ်ခုမှ လူများဖြစ်သည်။ လက်ရှိတွင် ဆေးပစ္စည်းပြတ်လပ်နေသဖြင့် ကုန်ကြမ်းဝယ်ရန် ကြာပန်းမြို့တော်သို့ သွားနေခြင်းဖြစ်သည်။
အားလုံး သိုင်းပညာတတ်ကျွမ်းသည်။ တန်ချန်ဝူ၏ သိုင်းစွမ်းအားက အမြင့်ဆုံးဖြစ်သည်။
သို့သော် ကြိုတင်ပြင်ဆင်ထားသည့် ဝံပုလွေဘုရင်၏ တိုက်ခိုက်မှုမှ သူတို့မလွတ်မြောက်နိုင်။
တန်ချန်ဝူ အချိန်စက်ဝန်း ငါးကြိမ်လှည့်ခဲ့သည်။ ဉာဏ်နှင့်သတ္တိကို အသုံးချ၍ ဝံပုလွေဘုရင်ကို ရင်ဆိုင်ခဲ့သည်။ သို့သော် သူမနိုင်။ ယခုလည်း သူတို့တစ်ဖွဲ့လုံး ဝံပုလွေအုပ်၏ သတ်ဖြတ်မှုကို ခံရတော့မည်။
ငါးကြိမ်မြောက် အချိန်စက်ဝန်းတွင် သူသေချာစီစဉ်ခဲ့သည်။ ဝံပုလွေဘုရင် သူဆင်ထားသည့်ထောင်ချောက်ထဲ ကျခဲ့သည်။ သို့သော် အခြေတည်အဆင့်သို့ ချက်ချင်းတက်သွားပြီး သူ့အစီအစဉ်အားလုံး ဟာသဖြစ်ခဲ့ရသည်။
သူရူးမတတ်ဖြစ်နေသည်။ ဝံပုလွေဘုရင်သည် သူရင်ဆိုင်နိုင်သည့် ပြိုင်ဘက်မျိုးမဟုတ်။ အရင်က ကျင့်ကြံသူများနှင့် သူရင်ဆိုင်ဖူးသည်။ သို့သော် မြို့ထဲတွင်သာဖြစ်သည်။
ပြဿနာမျိုးစုံအကွက်ချစီစဉ်၍ အချင်းချင်းတိုက်ခိုက်အောင် သွေးထိုးပေးနိုင်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်က သဲကန္တာရတွင် ဖြစ်နေသည်။ ခရီးလမ်း၏ ရှေ့ဘက်နောက်ဘက်တွင် လူနေအိမ်မရှိ။ စားသောက်ဆိုင်မရှိ။ ဝံပုလွေဘုရင်ကို ယှဉ်နိုင်မည့်လူမျိုး တစ်ယောက်မှ ရှာမတွေ့။
ခြောက်ကြိမ်မြောက်စက်ဝန်းတွင် ထိုစိတ်ဖိစီးမှုကို မခံနိုင်တော့။ သူ့အဖွဲ့ကို မကယ်တော့ဘဲ အကူအညီတောင်းရန် ခိုင်ဟွမ်သို့ ကုလားအုပ်စီး၍ တစ်ယောက်တည်းပြန်သည်။ တစ်ယောက်နှစ်ယောက် ကယ်နိုင်လျှင်ပင် မဆိုးလှဟု သူတွေးသည်။
သို့သော် မြိုတော်သို့ ပြန်ရောက်ချိန်တွင် ခံစားချက်မဲ့နေသည့်လူများက သူ့ကိုဆီးကြိုနေသည်။ ဘာအကူအညီမှတောင်း၍မရ။ သခင်နှစ်ယောက်ကလည်း နှလုံးမဲ့ဂိုဏ်းအကြီးအကဲနှစ်ယောက်နှင့် တိုက်ခိုက်နေဆဲဖြစ်သည်။
သူ့ညီမအခြေအနေကြည့်ဖို့ စိတ်ပျက်လက်ပျက် အိမ်ပြန်လာသည်။
ထိုအချိန်က မွန်းတည့်ချိန်ဖြစ်သည်။ ကွေ့ချွဲ့အာ ဆန်ပြုတ်ဝေပြီးသော်လည်း မြို့စွန်ရပ်ကွက်မှ မပြန်သေး။ အမည်မသိရွှေသန္ဓေကျင့်ကြံသူတစ်ယောက်က ကွေ့ချွဲအာအလှကို စွဲလန်းနေသဖြင့် တစ်မြို့လုံးကပ်ဆိုက်နေချိန်တွင် ပြန်ပေးဆွဲသည်။ တန်ချန်ဝူ ထိုအဖြစ်နှင့်တည့်တည့်တိုးသည်။ အော်ဟစ်အကူအညီတောင်းသည်။ အပြေးလိုက်သည်။ သို့သော် ဘာမှအရာမထင်။
အိမ်သို့ပြန်ရောက်ချိန်တွင် သူ့ကိုသူစိမ်းတစ်ယောက်လိုကြည့်နေသည့် သူ့ညီမကိုတွေ့ရပြန်သည်။ ထိုအကြည့်က သူ့ရင်ကို ဓားနှင့်ခွဲသလိုပင်ဖြစ်သည်။
ထို့နောက် နှလုံးမဲ့ဂိုဏ်း၏ ဒုဂိုဏ်းချုပ် ပေါ်လာသည်။ မြို့တော်တစ်ခုလုံးကို နေရာပြောင်းဖို့ကြိုးစားသည်။
နောက်ဆုံးတွင် သူဆက်သည်းမခံနိုင်တော့သဖြင့် ကိုယ့်ကိုယ်ကို သတ်သေလိုက်သည်။ ခုနစ်ကြိမ်မြောက် အချိန်စက်ဝန်းသို့ ရောက်လာသည်။
သူအကြီးအကျယ်စိတ်ပျက်နေသည်။ ဝံပုလွေဘုရင် ခြုံခိုတိုက်ခိုက်ရန် စောင့်နေသည်မှန် သူသိသည်။ ရွှေသန္ဓေကျင့်ကြံသူက ခိုင်ဟွမ်တွင် ကွေ့ချွဲအာကို ပြန်ပေးဆွဲထားသည်။ နတ်ဆိုးဂိုဏ်းစွမ်းအားရှင်က မြို့တော်တစ်ခုလုံးကို နေရာရွှေ့ဖို့ စီစဉ်နေသည်။
သို့သော် ဘယ်သူ့ကိုမှ သူမယှဉ်နိုင်။
ဘာလုပ်ရမည်မသိ။ ဘာလုပ်ခဲ့သင့်သည်မသိ။
"ရှောင်တန်"
သက်လတ်ပိုင်းလူက တန်ချန်ဝူကို အကဲခတ်နေသည်။ ပုံမှန်ဆိုလျှင် ဉာဏ်အတော်ထက်သည့်ကောင်လေးက ယနေ့ဘာဖြစ်နေသည်မသိ။
မြို့တော်သို့ပြန်လျှင် ပြဿနာကိုဖြေရှင်းနိုင်မည်ဟု ပြီးခဲ့သည့်အချိန်စက်ဝန်းတွင် တန်ချန်ဝူတွေးခဲ့သည်။ သို့သော် သူနားလည်သွားသည်။ ယခု ခိုင်ဟွမ်သည် ဤကန္တာရထက်ပင် ပိုအန္တရာယ်များသည့်နေရာ ဖြစ်နေလိမ့်မည်။
အချိန်မီပြန်သွားနိုင်သည်ထားဦး။ သူဘာတတ်နိုင်မည်နည်း။ ဘယ်သူ့ကိုမှ ကယ်နိုင်မည်မဟုတ်။ သူ့ကိုယ်သူသာ ကယ်နိုင်လိမ့်မည်။ နောက်ဆုံးအချိန်စက်ဝန်းမှ အဖြစ်အပျက်များ သူ့အာရုံတွင် တရိပ်ရိပ်ပေါ်လာသည်။
သူ့အဖွဲ့ကို ဝံပုလွေအုပ်ကသတ်သည်။ ကွေ့ချွဲအာပြန်ပေးဆွဲခံရသည်။ သူ့ညီမက သူစိမ်းဆန်သွားသည်။ ခိုင်ဟွမ်မြို့တော် လေပေါ်ပျံတက်သွားသည်...
"အားးး"
ကောင်းကင်သို့မော့ကြည့်၍ စိတ်ပျက်လက်ပျက် အာခေါင်ခြစ်၍ သူအော်ဟစ်လိုက်သည်။ ဖြေရှင်းနိုင်မည့်နည်းလမ်းကို လုံးဝစဉ်းစားမရတော့။
ထိုစဉ် ရုတ်တရက် သခင်လုပြောခဲ့သည့် စကားတစ်ခွန်းကို သူပြန်သတိရလာသည်။
"ငါတို့ ခိုင်ဟွမ်ဘုံကျောင်းမှာ အတော်ကြာကြာနဦးမှာ။ မင်းတို့ ကိစ္စတစ်ခုခုရှိရင် ငါ့ကိုလာရှာလို့ရပါတယ်"
.......
လေဟာနယ်လမ်းကြောင်း ပိတ်သွားသည်။ လုယန်ချင်ဖုန်းဓားကိုကိုင်၍ ခိုင်ဟွမ်ဘုံကျောင်းမှ သူ့အခန်းသို့ ပြန်ရောက်လာသည်။
ချင်ဖုန်းဓားကိုသိမ်း၍ ခိုင်ဟွမ်ဘုံကျောင်းမှ ထွက်လာသည်။ မုန်ကျင်းကျိုးနှင့်သွားတွေ့ရန်ပြင်နေသည်။
ကုလားအုပ်စီးလာသည့်လူတစ်ယောက် မြို့တော်လမ်းများကို လျင်မြန်စွာဖြတ်သန်းနေသည်။
ဘုံကျောင်းတံခါးဝတွင် နည်းနည်းငေးငိုင်၍ရပ်နေသည့် လုယန်ကို တန်ချန်ဝူ လှမ်းမြင်ရသည်။ ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့သွားသလို ခံစားလိုက်ရသည်။ ကုလားအုပ်ပေါ်မှ အမြန်လျှောဆင်းသည်။
အချိန်စက်ဝန်းခြောက်ကြိမ်ဖြတ်ခဲ့သည့် အတွေ့အကြုံကြောင့် ဝံပုလွေဘုရင်ကို သူရှောင်ထွက်ပြီး တစ်လမ်းလုံးအရှိန်ကုန်တင်လာခဲ့သည်။ ယခုမှ လုယန်ကိုတွေ့ရသည်။ သခင်လုသည် မေ့ပျောက်ဆေးအဆိပ် အပြည့်အဝမပျံ့နှံ့ီ တစ်ခုတည်းသော အားကိုးရာဖြစ်သည်။
လုယန် အမြန်ရှေ့တက်လာပြီး မြေပေါ်လဲကျမလိုဖြစ်သွားသည့် တန်ချန်ဝူကို ဖမ်းထိန်းပေးသည်။
တန်ချန်ဝူ စိတ်ပျက်လက်ပျက် ပြောပြသည်။
"သခင်လု၊ ဒီမြို့တော် အန္တရာယ်ကြုံတော့မယ်။ နှလုံးမဲ့ဂိုဏ်းကလူတွေ ဒီမြို့ကိုလာတော့ယ်။ လူတိုင်း ခံစားချက်မဲ့တဲ့လူတွေ ဖြစ်လာမယ်။ ဘယ်လိုလုပ်သလဲမသိပေမယ့် နှလုံးမဲ့ဂိုဏ်းလက်ချက်ပဲဖြစ်မယ်။ ပထမပေါ်လာတဲ့ လူနှစ်ယောက်ကို သခင်တို့ဖြေရှင်းနိုင်တယ်။ နောက်ဆုံးပေါ်လာတဲ့လူကိုတော့ သခင်ရော သခင်မုန်ရော နိုင်မှာမဟုတ်ဘူး။
သခင်လု ကျုပ်ပြောတာကို ယုံချင်မှယုံမယ်။ ဒါပေမယ့် ကျုပ်ပြောနေတာတွေက အမှန်ပါပဲ။ အားလုံးအမှန်တွေပါ"
ပြောရင်းပြောရင်း တန်ချန်ဝူ ပို၍ဂဏာမငြိမ်ဖြစ်လာသည်။ နောက်ဆုံးတွင် သူ့စိတ်ဓာတ်များ ပြိုလဲသွားသည်။ အဆက်အစပ်မရှိသည့်စကားများ သူပြောသည်။။ ထို့နောက် ငိုချလိုက်သည်။ သူဘာလုပ်ရမှန်း တကယ်မသိတော့။ သခင်လု သူ့ကိုယုံမည်မယုံမည်မသိ။ ဖြေရှင်းဖို့နည်းလမ်းရှိမရှိ မသိ။
"ငါမင်းကို ယုံပါတယ်"
******************************
အခန်း (၁၀၀၅) ငါရောက်ပြီ
"သခင်ဘာပြောလိုက်တာလဲ"
နားကြားမှာသည်ဟု တန်ချန်ဝူထင်လိုက်မိသည်။ သူပြောသည့်စကားများက အဆီအငေါ်မတည့်။ အဆက်အစပ်မရှိ။ သခင်လုအနေဖြင့် ယုံနိုင်စရာမရှိ။
လုယန်က တန်ချန်ဝူမျက်လုံးကို စိုက်ကြည့်၍ အလေးအနက်ထပ်ပြောသည်။
"ငါယုံတယ်"
တန်ချန်ဝူနှုတ်ခမ်းများ တုန်ရင်လာသည်။ ငိုရမည် ရယ်ရမည် သေချာမသိတော့။
"ကျုပ်ကိုယုံတယ်ပေါ့။ ကျုပ်ကိုယုံကြည်တဲ့လူ တကယ်ရှိတယ်ပေါ့။ ကျုပ်တကယ်မလိမ်ပါဘူး..."
သူ့ညီမကို တိုက်ခိုက်ခံရမှ အချိန်စက်ဝန်းလှည့်နိုင်သည့် သူ့စွမ်းရည်ကို ကိုယ့်ကိုယ်ကို သတိထားမိလာခြင်းဖြစ်သည်။ ဒုတိယအချိန်စက်ဝန်းတွင် သူ့ညီမပုခုံးကိုင်၍ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောခဲ့သည်။
အပြင်ထွက်လျှင် အန္တရယ်ဖြစ်မည်။ အသတ်ခံရမည်။ ထို့ကြောင့် အပြင်မသွားရ။
သို့သော် သူ့ညီမက အံ့ဩသည့်အကြည့်ဖြင့်သာ ကြည့်နေသည်။
သူ့စကားကိုမယုံသဖြင့် ဒုတိယအချိန်စက်ဝန်းတွင် သူ့ညီမသေခဲ့သည်။
ထို့နောက် တစ်ခြားလူများကိုလည်း အချိန်စက်ဝန်းစွမ်းရည်ဖြင့် ကယ်တင်ရန် သကြိုးစားခဲ့သည်။ အန္တရာယ်ကို ကြိုတင်သတိပေးခဲ့သည်။
တစ်ချို့ကိစ္စများကို မလုပ်ဖို့ အကြံပေးခဲ့သည်။ အနာဂတ်အဖြစ်အပျက်များက သူ့စကားအတိုင်းဖြစ်လာသည်တိုင် တစ်ခြားလူများက သူ့အပေါ်သာ သံသယပွားလာကြသည်။
နောက်ပိုင်းဆက်ကြုံရသည့် အချိန်စက်ဝန်းများတွင် သူစိတ်တည်ငြိမ်သွားသည်။ အချိန်စက်ဝန်းများကြားမှ အချက်အလက်များကိုသုံးသပ်ပြီး အလိမ်အညာများသုံး၍ လူကယ်တတ်လာသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ သူစိတ်ဓာတ်အကြီးအကျယ်ကျသည်။ ဘယ်လိုမှမတတ်သာသဖြင့် လုယန်ကို အမှန်အတိုင်းထုတ်ပြောရခြင်းဖြစ်သည်။ တစ်ခြားလူများလိုပင် သခင်လုလည်း သူ့ကိုမယုံလောက်ဟု ထင်ခဲ့သည်။ သို့သော်ယခု သခင်လုက ယုံသည်။
နောက်ဆုံးတွင် သူ့ကိုယုံကြည်သူတစ်ယောက် ရှိလာပြီဖြစ်သည်။
.....
အချိန်အရိယဖလသုံးသူကို ယခုမှ တွေ့ရသည်။
"ထိုင်ပါဦး။ စိတ်မလောပါနဲ့။ အေးအေးဆေးဆေးပြောပါ။ ဒီနေ့ဘာဖြစ်ခဲ့တာလဲ။ မင်းဒီအကြောင်းတွေ ဘယ်လိုသိတာလဲ"
တန်ချန်ဝူ စိတ်တည်ငြိမ်စေရန် ဝိညာဉ်စွမ်းအားကို လုယန် လျှို့ဝှက်ပို့လွှတ်ပေးသည်။
တန်ချန်ဝူ၏ သွေးခုန်နှုန်းက အရမ်းမြန်နေသည်။ ကြိမ်နှုန်းအရမ်းမြင့်နေသည်။ သေမျိုးတစ်ယောက်၏ ခံနိုင်ရည်ဂိတ်ဆုံးအဆင့်သို့ ရောက်နေသည်။ ဘယ်လောက်စိတ်လှုပ်ရှားနေမှန်း သိသာသည်။
သို့မဟုတ် အကြီးအကျယ်စိတ်ပျက်နေခြင်းလည်း ဖြစ်နိုင်သည်။
လုယန် သူ့စကားကို မယုံစရာလည်း အကြောင်းမရျိ။ တန်ချန်ဝူ ယခုချိန် သူ့ရှေ့သို့ပေါ်လာကတည်းက အဖြေရှင်းနေသည်။
ပုံမှန်ဆိုလျှင် တန်ချန်ဝူသည် ယခုလိုအချိန်တွင် ကြာပန်းမြို့တော်တွင် ရှိနေသင့်သည်။
သူရောက်လာခြင်းသည် အဓိပ္ပါယ်တစ်ခုတည်းကိုသာ ရည်ညွှန်းသည်။
ဖြစ်လာမည့်အနာဂတ်ကို သူသိနေသောကြောင့်ဖြစ်သည်။
ထို့ပြင် တန်ချန်ဝူ၏ အဆက်အစပ်မရှိဆက်ပြောသည့် စကားများကြောင့် ထိုအချက်က ပိုသေချာသွားသည်။
တန်ချန်ဝူ တဖြေးဖြေးစိတ်ငြိမ်လာသည်။
"သခင်လု၊ ဒိမြို့တော်မှာ ကပ်ဆိုးကြီးတစ်ခု ဖြစ်တော့မယ်။ လူတိုင်း ခံစားချက်ကင်းမဲ့သလို ဖြစ်လာမယ်။ ဘာဖြစ်တာလဲတော့ ကျုပ်မသိဘူး။ ဒါပေမယ့် နှလုံးမဲ့ဂိုဏ်းနဲ့ ပတ်သက်နေတယ်။ ပြီးတော့ အရိုးခေါင်းနတ်ဆိုးဂိုဏ်းချုပ်။ သူဘာကြောင် ပြန်အသက်ဝင်လာလဲမသိဘူး။ အရိုးဖြူသရဲဖြစ်လာတယ်။ သူက သခင်လုကို မယှဉ်နိုင်ဘူး။
နောက်တော့ နှလုံးမဲ့ဂိုဏ်းအကြီးအကဲနှစ်ယောက်နဲ့ ဒုဂိုဏ်းချုပ်ပေါ်လာတယ်။ ဒုဂိုဏ်းချုပ်က အရမ်းစွမ်းအားကြီးတယ်။ ခိုင်ဟွမ်မြို့တော်ကိုတောင် သူကရွှေ့ပြောင်းဖို့ ကြိုးစားခဲ့တာ။ သခင်လုရော သခင်မုန်ရော သူ့ကိုမယှဉ်နိုင်ဘူး။
ပြီးတော့ ချွဲအာ...သူ့ကို ရွှေသန္ဓေအဆင့်တစ်ယောက်က ပြန်ပေးဆွဲလိမ့်မယ်..."
လုယန် ငြိမ်၍နားထောင်နေသည်။ ထို့နေက် လက်နှစ်ချောင်းထောင်၍ တန်ချန်ဝူကိုစိုက်ကြည့်သည်။
"ငါမေးစရာ နှစ်ခုပဲရှိတယ်။ ပထမတစ်ခု၊ ဒါတွေအားလုံးကို မင်းဘယ်လိုသိနေတာလဲ"
"ကျုပ်က..."
တန်ချန်ဝူ ပြန်ဖြေရန်ပြင်သည်။ အချိန်စက်ဝန်းအကြောင်း ပြောချင်သည်။ သို့သော် သူပြောလိုက်သည်နှင့် အချိန်နောက်ပြန်ရစ်သွားမည့်အဖြစ်ကို ပြန်သတိရလာသည်။
"အချိန်နောက်ပြန်ရစ်တာလား"
လုယန် တည်ငြိမ်စွာမေးလိုက်သည်။
ကုလားထိုင်လဲကျသံပေါ်လာသည်။ တန်ချန်ဝူက ငေါက်ခနဲထရပ်လာပြီး လုယန်ကို တအံ့တဩကြည့်နေသည်။
သို့သော် ခေါင်းလည်းမငြိမ့်ရဲ။ ခေါင်းလဲမခါရဲ။ ဘယ်လိုဖြေဖြေ အချိန်စက်ဝန်းလည်သွားနိုင်သည်။
"နတ်မယ်၊ ဒါကဘယ်လိုဖြစ်တာလဲ။ တန်ချန်ဝူက အချိန်နောက်ပြန်ရစ်နိုင်တဲ့အစွမ်းရှိပေမယ့် သူ့မှာ အချိန်အရိယဖလဘာလို့မရှိတာလဲ"
နတ်မယ် သေချာစစ်ဆးပြီးဖြစ်သည်။ တန်ချန်ဝူတွင် အချိန်အရိယဖလ လုံးဝမရှိ။
သိစိတ်နယ်မြေတွင် နတ်မယ်က ကြာပလ္လင်စွန်း၍ ခြေချထိုင်၍ သေးသွယ်သည့် သူ့ခြေထောက်များကို ရှေ့နောက်လွှဲယမ်းနေသည်။
"အင်း..သူ့မှာ အချိန်အရိယဖလမရှိဘူးဆိုတော့ တစ်ခြားဖြစ်နိုင်တာတစ်ခုပဲရှိတယ်။ အချိန်အရိယဖလသုံးတဲ့လူက သူ့ကိုစွမ်းအားလွှဲပေးထားလို့ဖြစ်မယ်"
"ဘယ်လိုလွှဲပေးလဲ"
"ငါပြောခဲ့တာ နင်မေ့နေပြီလား။ ငါဆန္ဒရှိရင် ထာဝရအရိယဖလနဲ့ လောကထဲကလူတိုင်းကို ထာဝရအသက်ရှည်အောင် လုပ်ပေးနိုင်တယ်ဆိုတာလေ"
လုယန် ပြန်သတိရလာသည်။
"ပြီးတော့ ခင်ဗျားပြောသေးတယ်။ အရိယဖလဟာ စည်းမျဉ်းတစ်ခုကို ကိုယ်စားပြုတယ်။ အဲဒီ့စည်းမျဉ်းကို ခင်ဗျားအတွက်သုံးမလား တစ်ခြားလူတွေရောအတွက်သုံးမလားဆိုတာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်တဲ့"
လုယန် သူ့စကားကို မှတ်မိနေသဖြင့် နတ်မယ်သဘောကျသွားသည်။
"အချိန်အရိယဖလလည်း အဲလိုပဲပေါ့။ အရိယဖလသုံးတဲ့လူက အချိန်နောက်ပြန်ရစ်နိုင်တဲ့စည်းမျဉ်းကို ဒီတန်ကောင်လေးအပေါ် သတ်မှတ်ထားလို့ရတယ်"
"ဪ အဲလိုလား"
လုယန် အံ့အားသင့်သွားသည်။ နတ်မယ်က ပုံမှန်အတိုင်း လွယ်လွယ်ပြောခဲ့သည်ဖြစ်၍ သူသိပ်အရေးမစိုက်မိခဲ့။ ယခု တန်ချန်ဝူပိုင်ဆိုင်သည့် စွမ်းရည်ကိုမြင်မှ မသေမျိုးများသည့် တကယ်ထူးခြားသည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း နားလည်လာသည်။
"ငါခန့်မှန်းတာ မှန်နေတဲ့ပုံပဲ။ မင်းမှာ အချိန်နောက်ပြန်ရစ်နိုင်တဲ့ အစွမ်းရှိတယ်ထင်တယ်"
တန်ချန်ဝူ ချီတုံ့ချတုံဖြစ်နေသည်ကိုကြည့်၍ လုယန်ခေါင်းငြိမ့်သည်။
"မင်းဝန်မခံချင်လို့မဟုတ်ဘဲ မင်းပါးစပ်ကထုတ်ပြောလို့မရလို့ ဖြစ်မှာပါ။ မင်းသေမှာလား..ဒါမှမဟုတ် အချိန်နောက်ပြန်ရစ်သွားမှာလား...အဲဒါတွေ ထားလိုက်တော့။ သိပ်လည်းအရေးမကြီးပါဘူး။
နောက်ထပ်မေးချင်တာက...နှလုံးမဲ့ဂိုဏ်းပေါ်မလာခင် မင်းအချိန်စက်ဝန်းငါးခုဖြတ်ခဲ့တယ်။ ငါ့အကူအညီလိုတဲ့ ကိစ္စတစ်ခုခုဖြစ်ခဲ့လို့မဟုတ်လား"
တန်ချန်ဝူ မျက်လုံးပြူးသွားသည်။ သခင်လုက သူ့အချိန်စက်ဝန်းများကို မှတ်မိနေသည်။
သဲဝံပုလွေတိုက်ခိုက်မှုအကြောင်း သူမပြောခဲ့သည်က ထိုကိစ္စမျိုးကို ပြောင်းလဲ၍မရဟု ယူဆသောကြောင့်ဖြစ်သည်။ သို့သော် ယခုသခင်လုစကားကြောင့် သူ့မူလအတွေးများ ပြောင်းပြန်လန်သွားသည်။
"ဟုတ်တယ်၊ ကျုပ်တို့အဖွဲ့ ကြာပန်းမြို့တော်ကိုသွားတဲ့လမ်းမှာ သဲဝံပုလွေတွေတိုက်ခိုက်တာ ခံရတယ်။ ကျုပ်တစ်ယောက်ပဲ အသက်ရှင်လျက် လွတ်ခဲ့တာ"
"သဘောပေါက်ပြီ"
ယနေ့ အချိန်စက်ဝန်းသံသရာထဲ ဘာကြောင့်ပိတ်မိခဲ့သည်ကို လုယန် နားလည်လာသည်။
ချန်ရှီ လက်ပိုက်လိုက်သည်။
"ဒါဆို ငါမေးမယ်။ သူတို့ကို မင်းကယ်ချင်လား"
"ကယ်ချင်တယ်"
လုယန် ထရပ်၍ ချင်ဖုန်းဓားကို ပွတ်လိုက်သည်။ ဤအချိန်စက်ဝန်းတွင် လူသွားခေါ်ခဲ့သည်မှာ အချဉ်းအနှီးဖြစ်သွားသည်။
"ဒါဆို အချိန်စက်ဝန်းကို မင်းပြန်စလိုက်ပါ။ ငါမင်းတို့အဖွဲ့ကို လာကယ်မယ်"
တန်ချန်ဝူက တုံ့ဆိုင်းခြင်းလုံးဝမရှိဘဲ ခါးမှဓားမြှောင်ကို ချက်ချင်းဆွဲထုတ်၍ ရင်ဘတ်ထဲသို့ ထိုးစိုက်လိုက်သည်။ လုယန်ပင် အတော်အံ့အားသင့်သွားသည်။
...
တန်ချန်ဝူ ရုတ်တရက်လန့်နိုးလာသည်။ ကုလားအုပ်ပေါ်တွင် သူရောက်နေသည်။ သခင်လုနှင့် စားပြောခဲ့သည်က အိပ်မက်တစ်ခုလိုဖြစ်နေသည်။
"ရှောင်တန်၊ ဘာဖြစ်တာလဲ"
တန်ဝူချောင် ထူးဆန်းနေသည်ကို သတိထားမိသဖြင့် ဆေးဆိုင်ပိုင်ရှင် တစ်ဖွဲ့လုံးကို ရပ်ကြဖို့အချက်ပြလိုက်သည်။
"ဆိုင်ရှင်၊ သဲဝံပုလွေတွေ ကျုပ်တို့ကို ချောင်းနေပြီ"
တန်ချန်ဝူ ရင်ဘတ်မှ ဗုဒ္ဓပုတီးကုံးကိုဆွဲယူရင်း လက်နှစ်ချောင်းဖြင့် ကြိုးကိုဖြတ်လိုက်သည်။
"ကိုယ်တော်တွမ်ချန်း အရင်က ဖူးမျှော်သူလက်ခံတဲ့အချိန်မှာ ကျုပ်ကံကောင်းပြီး သူနဲ့တွေ့ခွင်ရခဲ့တယ်။ ဒီပုတီးကုံးကို ကိုယ်တော်တွမ်ချန်းပေးထားတာ။ ကျုပ်အန္တရာယ်ကြုံတော့မယ်ဆိုရင် ဒီပုတီးက သတိပေးတယ်"
"ဘယ်လို"
တန်ချန်ဝူမျက်နှာမှ လေးနက်တည်ကြည်သည့် အမူအရာကိုကြည့်၍ သူလိမ်နေခြင်းမဟုတ်ကြာင်း ဆိုင်ရှင်သိသည်။
သဲဝံပုလွေများနှင့်ရင်ဆိုင်ရလျှင် သူတို့အဖွဲ့အတွက် သေဖို့ကများသည်။
"မကြောက်ပါနဲ့။ ရှေ့ဆက်သွားကြစို့။ ကျုပ်တို့သိနေတယ်ဆိုတာကို သဲဝံပုလွေတွေ မရိပ်မိစေနဲ့"
သဲဝံပုလွေများနှင့် ရင်ဆိုင်ခဲ့ဖူးပြိးဖြစ်၍ တန်ချန်ဝူ ညွှန်ကြားသည်။
"ဒီဝံပုလွေအုပ်ကို ကျုပ်တို့တောင့်ခံထားကြမယ်။ လူတစ်ယောက် ကျုပ်တို့ကို လာကယ်လိမ့်မယ်"
ယခုချိန် ခုခံမည့်အနေအထားပြင်လိုက်လျှင် သဲဝံပုလွေများက သူတို့သိသွားသည့်အဖြစ်ကိုရိပ်မိပြီး ချက်ချင်းတိုက်ခိုက်ကြလိမ့်မည်။ ရှေ့ဆက်သွားမှသာ အချိန်နည်းနည်းဆွဲထားနိုင်မည်။
"ကောင်းပါပြီ ကောင်ပါပြီ"
ဆေးဆိုင်ပိုင်ရှင် ရင်ထိတ်သွားသည်။ မတတ်သာသဖြင့် ပုံမှန်အတိုင်းဆက်သွားရသည်။
သူတို့လူစု ဖြေးဖြေးချင်း ရှေ့တိုးသွားသည်။
"သဲဝံပုလွေတွေရှိတယ်ဟေ့"
ရုတ်တရက် အမြင်စူးရှသူတစ်ယောက်က အော်ဟစ်လိုက်သည်။ အဖွဲ့တစ်ခုလုံး ချက်ချင်းလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
သဲဝံပုလွေများက နှာခေါင်းသာဖော်ထားသည်။ ကျန်သည့်ကိုယ်ပိုင်းကို သဲမြေထဲတွင် မြှုပ်ထားသည်။ ရုတ်တရက် သဲမှုန်များထိုးထွက်လာသည်။ ရန်သူများက သူတို့အဖွဲ့ဆီ ခုန်ပျံ၍ ရောက်လာသည်။
"အသင့်ပြင်ထားကြ။ မကြောက်နဲ့"
ဆေးဆိုင်ပိုင်ရှင်က ခုခံကာကွယ်ဖို့ ဓားကိုဆွဲထုတ်သည်။
တန်ချန်ဝူက ကုလားအုပ်တစ်ကောင်စီး၍ ဝံပုလွေဘုရင်ဆီ တန်းသွားသည်။ လုယန်ပေးသည့် သွေးတစ်စက်ကြောင့် သူခန္ဓာစွမ်းအား များစွာတိုးတက်လာသည်။ အသွေးအသားနှင့်အရိုးများထိ အားဖြည့်ပေးသည်။
လက်ရှည်လက်သီးကိုလည်း လျှို့ဝှက်လေ့ကျင့်ထားသည်။ သူ့တိုက်ခိုက်နိုင်စွမ်းက ဆိုင်ရှင်ထက် များစွာပိုသာသည်။
တန်ချန်ဝူ ဝံပုလွေဘုရင်ကို ထိန်းထားသော်လည်း ကျန်သည့်လူများက အသာစီးမရသေး။
တန်ချန်ဝူလည်း သိပ်တော့မထူးလှ။ မည်သို့ဆိုစေ သူသည် သာမန်သေမျိုးတစ်ယောက်သာဖြစ်သည်။ ဝံပုလွေဘုရင်လို ချီပြည့်စုံခြင်အဆင့်ရောက်နေသူကို သူမယှဉ်နိုင်မဟုတ်။
"ရှောင်ထန်၊ မင်းပြောတဲ့ ကယ်တင်ရှင်က ဘယ်မှာလဲ"
အားပြတ်လုနီးပါးဖြစ်နေသည့်ဆိုင်ရှင်က အော်မေးသည်။ ဤနှုန်းအတိုင်းဆက်သွားလျှင် ဘယ်သူမှလွတ်မြောက်နိုင်တော့မည်မဟုတ်။
တန်ချန်ဝူ ခဏငိုင်သွားသည်။
သခင်လုဘာကြောင် ရောက်မလာသေးသည်မသိ။ ခိုင်ဟွမ်မြို့တော်နှင့် ဤနေရာက ဝေးလွန်းနေ၍လော..။ သို့မုတ် နောက်ဆုံးကြုံခဲ့သည့် အချိန်စက်ဝန်းသည် အိပ်မက်သက်သက်လော။ သူ့စကားကို ယုံသည့်လူဟူ၍ ရှိနိုင်မည်လော။
သူအာရုံလွင့်နေချိန်ကို အခွင့်ကောင်းယူ၍ ဝံပုလွေဘုရင်က အော်ဟစ်ကြုံးဝါးပြီး ခုန်အုပ်လာသည်။
"ရှောင်တန်၊ သတိထား"
တန်ချောင်ဝူ အသိပြန်ဝင်လာပြီး အမြန်ခုခံသည်။ သို့သော် နောက်ကျသွားသည်။ ဝံပုလွေဘုရင်က သူ့ဓားကိုကိုက်ဆွဲ၍ သူ့ကိုကုလားအုပ်ပေါ်မှ ခါချသည်။
လူနှင့်ဝံပလွေ သဲပြင်ထဲတွင် နပမ်းလုံးကြသည်။ တန်ချန်ဝူ တဖြေးဖြေးအားအင်ကုန်ခမ်းလာသည်။
ရုတ်တရက် ဓားရိပ်တစ်ခုက ဝံပလွေဘုရင်ဦးခေါင်းကို ထိုးဖောက်သွားသည်။ ဓားဦးထိပ်က တန်ချန်ဝူနှင့် တစ်လက်မအလိုတွင် ရပ်သွားသည်။
"ဝှီး ဝှီး ဝှီး"
လူက ရောက်မလာသေး။ သူ့ဓားများက အလုပ်စလုပ်နေပြီဖြစ်သည်။
ဓားချီများ ကန္တာရပေါ်သို့ မိုးရွာသလိုကျလာသည်။ သဲဝံပုလွေအုပ်ကို တစ်ချက်ချင်းစိုက်ဝင်သည်။ ချက်ချင်းသတ်ဖြတ်သည်။ အချိန်တစ်ခဏအတွင်း ဝံပုလွေအုပ်တစ်ခုလုံး သေသွားသည်။
နောက်ဘက်တွင် ရောင်ခြည်စက်ဝန်းတစ်ခုပါသည့် ဓားမသေမျိုးတစ်ယောက် ပျံသန်းလာသည်။ အားလုံးတအံ့တဩ ကြည့်နေကြသည်။
ထိုလူမြေပေါ်သို့ဆင်းလာပြီးနောက် တန်ချန်ဝူကို ဆွဲထူသည်။
"ငါရောက်ပြီ"
*******************************