အခင်းအကျင်း
Vol. 10 Ch. 975
ကျန်းဝူနတ်ဘုရားက ဆန်းလျန်၏ စကားများကို နားထောင်ပြီးသည့်နောက် ဆန်းလျန်၏ မျက်ဝန်းများကို စိုက်ကြည့်နေခဲ့လေသည်။
"ထျန်းကျွင်းက စကြာဝဠာအဆုံးမသတ်ခင် သံသရာကို ကျော်လွန်တာနဲ့ စကြာဝဠာပျက်သုဉ်းပြီးတဲ့နောက် သံသရာကိုကျော်လွန်သွားတာကို ခွဲခြားသိနေပြီပဲ…"
ဆန်းလျန်က ပေါ့ပေါ့ပါးပါးပင် တစ်ချက်ပြုံးလိုက်ပြီး…
"ယေဘူယျအားဖြင့်တော့ သိပါတယ် ၊ စကြာဝဠာကြီးအဆုံးသတ်သွားတဲ့အခါမှာ ကံကြမ္မာဆိုတာကလည်း ဖြေရှင်းပြီးသား ဖြစ်သွားမှာပဲ ၊ ကျုပ်ကယ်တင်ချင်တဲ့သူကို မကယ်တင်လိုက်ရမှာစိုးလို့သာ ကျုပ်က တာအိုဆရာသခင်ကြီး အမြန်ဖြစ်ချင်နေတာပါ ၊ ဒါပါပဲ…"
မည်သည့်အရာမှ မမြဲသည်ကို ဆန်းလျန် သိရှိနားလည်ပြီးသား ဖြစ်လေသည်။
ထိုစကားများကို ပြောနေချိန်တွင် ဆန်းလျန်၏မျက်ဝန်းများက တာအိုဆရာသခင်ကြီးတစ်ပါး၏ မျက်ဝန်းများဖြင့် ဆင်တူလွန်းလှသည်။
တာအိုဆရာသခင်ကြီးများက အပြည့်အ၀ သံသရာကိုကျော်လွန်သွားနိုင်ခြင်းမရှိသေးသည်ကို သိရှိလိုက်ရသည့်နောက် ထူးဆန်းစွာဖုံးကွယ်ထားသည့်အမှန်တရားကို ဆန်းလျန် သင်ယူနိုင်ခဲ့သည်။
ပြောရမည်ဆိုလျှင်… တာအိုဆရာသခင်ကြီးများသည် အနန္တတန်ခိုးရှင်ကြီးများ ဖြစ်ကြသည်။
သို့သော်… စကြာဝဠာတည်ရှိနေသရွေ့ ၊ စကြာဝဠာပျက်သုဉ်းသွားပြီး အသစ်သောစကြာဝဠာတစ်ခု ဖွင့်လှစ်နိုင်ခြင်း မရှိသေးသရွေ့ အတိတ်အကြောင်းအရာများအားလုံးက ပျောက်ကွယ်သွားဦးမည် မဟုတ်ပေ။
ထို့ကြောင့် စကြာဝဠာအဆုံးသတ်အချိန်တွင် ဆန်းလျန် သံသရာကို ကျော်လွန်သွားမည်ဆိုပါက စကြာဝဠာက ပျက်သုဉ်းသွားတော့မည်ဖြစ်သောကြောင့် အချိန်ရေစီးကြောင်းအတိုင်း တည်ရှိနေသည့် ကံတရားသည်လည်း တည်ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် သူ့အတွက် စတေးခံခဲ့သူများဖြစ်သည့် ချန်ကျန့်မေအပါအဝင် အခြားသူများအားလုံးကို သူ့အနေဖြင့် ပြန်လည်ကယ်တင်နိုင်တော့မည် မဟုတ်ပေ။ ထိုသို့သာဆိုလျှင်သူ့အနေဖြင့် နောင်တရစရာဖြစ်လာပေလိမ့်မည်။
ကျန်းဝူနတ်ဘုရား၏ စိတ်ထဲတွင် မည်သို့တွေးထင်သည်မသိသည့်တိုင် ဤအချက်က အမှန်ပင် ဖြစ်လေသည်။
ကျန်းဝူနတ်ဘုရားက အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ…
"ထျန်းကျွင်းမှာ ဂရုစိုက်ရမယ့်သူတွေရှိနေမှတော့ ကျုပ်မှာ ပြောစရာစကား မရှိတော့ပါဘူး ၊ ကျုပ်ကို သွားခွင့်ပြုပါ…"
ဆန်းလျန်က ကျန်းဝူနတ်ဘုရားအပေါ်တွင်တော့ လေးစားသူ ဖြစ်သည်။
ထို့ကြောင့် ကျန်းဝူနတ်ဘုရားကို သိက္ခာကျအောင် ပြုမူခြင်းမရှိဘဲ လေးလေးစားစားပင် ဆက်ဆံလိုက်သည်။
ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ခွင့်ပြုသည်ကို သိလိုက်သည်နှင့် ကျန်းဝူနတ်ဘုရား နေရာတွင်ပင် ပျောက်ကွယ်သွားလေတော့သည်။
ထို့နောက်တွင်တော့ ဆန်းလျန်က "ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင်သခင် ချင်းရွှမ်ထျန်းကျွင်း" နေထိုင်သည့် ဖန်သားကောင်းကင်ဘုံရှိရာသို့ ခြေတစ်လှမ်းချင်းလှမ်းပြီး ဝင်ရောက်သွားလေသည်။
သိမ်မွေ့သည့်အငွေ့အသက်များက ဆန်းလျန်၏ အဝတ်အစားများကို ရစ်ပတ်သွားပြီး ဆန်းလျန် ဖန်သားကောင်းကင်ဘုံအတွင်းသို့ ရောက်ရှိလာသည်။
ထို့နောက် ချင်းရွှမ်ထျန်းကျွင်းနှင့် ဆန်းလျန်တို့ တစ်သားတည်းကျပေါင်းစပ်သွားပြီး လောက၏ ဒုက္ခပင်လယ်ထဲတွင် ကူးခတ်နေကြသည့် လူအများခံစားနေရသော ဆင်းရဲဒုက္ခများနှင့် နာကျင်အော်ဟစ်သံများကို သူ ကြားလိုက်ရသည်။
ဆန်းလျန်က သက်ပြင်းတစ်ချက် ဖြည်းညင်းစွာ ချလိုက်မိသည်။
ဆန်းလျန် မည်မျှပင် အဆင့်မြင့်လွန်းသည့် သူတော်စင်ကြီးတစ်ပါးဘဝသို့ ရောက်ရှိသွားပါစေ သူ လူသားများ လောကီလူ့ဘောင်တွင်ခံစားရသည့် ဒုက္ခများကို အမြဲတမ်းနားလည်ခဲ့သူ ဖြစ်သည်။
မွေးခြင်း ၊ အိုခြင်း ၊ နာခြင်း ၊ သေခြင်း တရားများအားလုံးသည် ဘဝ၏ အစိတ်အပိုင်းများဖြစ်သလို သက်ရှိများအတွက် ရင်ဆိုင်ရန် အခက်ခဲဆုံး အရာများလည်း ဖြစ်သည်။
လောက၏ သဲမှုံအလားများပြားသည့် လူအများ၏ဝမ်းနည်းနာကျင် ငိုကြွေးသံများကို ဆန်းလျန် ကြားနေရသည်။
လောက၏ ဒုက္ခများကို သိမြင်ကာ လွတ်မြောက်အောင် ကျင့်ကြံနိုင်သူဆို၍ အနည်းငယ်သာ ရှိလေသည်။
နောက်ဆုံးအနေဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်ရမည်ဆိုလျှင် သံသရာကိုကျော်လွန်သွားခြင်းသည် ထာဝရ တည်ရှိခွင့်ရရန် တစ်ခုတည်းသော အကြောင်းသာဖြစ်သည်။ ထိုအချက်ကြောင့်သာလျှင် အသက်ရှည်ရန် ကျင့်စဉ်လမ်းသို့ လိုက်ကြသည် မဟုတ်ပါလား။
ဆန်းလျန်သည် မိုးကောင်းကင်လမ်းစဉ်နှင့် လူ့လောကလမ်းစဉ်များအကြောင်းကို ပိုမိုရှင်းလင်းစွာနားလည်လာပြီး သူ့ရှေ့မှအတားအဆီးများသည်လည်း နည်းသည်ထက်နည်းသွားလေသည်။
သူသာ ရှန်းထျန်းဝူထိုက်ကျင့်စဉ်ကို ကျင့်ကြံအောင်မြင်မည်ဆိုလျှင် လောကရှိအခြားသတ္တဝါများအားလုံးနှင့် မတူတော့ဘဲ ကွဲပြားခြားနားသွားပေလိမ့်မည်။
မြူခိုးတိမ်တိုက်များကို ဖြတ်သန်းပြီး နောက်ဆုံးတော့ ဆန်းလျန် ကျောက်ရှောင်ယွီရှေ့သို့ ရောက်ရှိလာလေသည်။
ကျောက်ရှောင်ယွီ၏ ကြည်လင်ရှင်းလင်းသည့်မျက်နှာက လုံး၀ တိတ်ဆိတ်ငြိမ်သက်နေလေသည်။ သူမသည် ရုပ်တုတစ်ခုအလား မတ်တတ်ရပ်နေခြင်းဖြစ်ပြီး လုံး၀ လဲပြိုကျသွားခြင်း မရှိပေ။
သူမ၏ မျက်လုံးများက ပွင့်ဟနေဆဲ ဖြစ်သည်။ မျက်ဝန်းများထဲတွင် ပါးနပ်မှုနှင့်ဉာဏ်နီဉာဏ်နက်များ ၊ ဆုံးဖြတ်ချက်ခိုင်မာမှုများနှင့် တသလွမ်းဆွတ်မှုများကို တွေ့မြင်ရလေသည်။
သို့သော်… သူ့ရှေ့မှ ကျောက်ရှောင်ယွီသည် ရုပ်ခန္ဓာသာ ကျန်ရှိတော့ပြီး ခန္ဓာကိုယ်ထဲမှ ဝိညာဉ်မရှိတော့သည်ကတော့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဆန်းလျန် သိရှိထားလေ၏။
ဆန်းလျန် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ စကားစတင်ပြောလိုက်သည်။
သူ့ကိုယ်သူ ပြောသည့်စကားလား ၊ ကျောက်ရှောင်ယွီကို စကားပြောနေခြင်းလား မကွဲပြားလှပေ။ သူ့အသံကတော့ နူးညံ့သိမ်မွေ့လွန်းလှသည်။
"လောကကြီးတစ်ခုလုံးအဆုံးသတ်ဖို့အတွက် တကယ်က မင်းလုပ်ပေးရမယ့်အလုပ်ပါ ရှောင်ယွီ ၊ ဒါပေမဲ့ မင်း အဲဒီအလုပ်ကိုလုပ်ဖို့ ခံနိုင်ရည်မရှိဘူးဆိုတာ သိခဲ့လို့ မင်း အဲဒီလိုလုပ်မှာကို ကျုပ်လည်း မမြင်ရက်နိုင်ခဲ့ဘူး ၊ တကယ်တော့ မင်းနဲ့ မီလဲ့ကိုယ်တော်တိုက်ခိုက်တဲ့နေ့က မင်းကို အပြည့်အဝကာကွယ်ပေးမယ်ဆိုရင် ရပါလျှက်နဲ့ ကျုပ် မလုပ်ပေးခဲ့မိဘူး ၊ ဒါပေမဲ့ စကြာဝဠာကြီး ပျက်သုဉ်းပြီးသွားတဲ့အချိန်တစ်ခုကျမှ ကျုပ် မင်းရဲ့ ဝိညာဉ်ကို ပြန်လည် ရှင်သန်စေပါ့မယ်…"
ဆန်းလျန်က စကားကို ခေတ္တနားလိုက်သည်။
"နတ်ဆိုးနယ်မြေက 'ချိ' ဆိုတဲ့ကလေးမလေးဆီမှာ မင်းရဲ့ ကံတရားကို ကျုပ်ထားခဲ့တယ် ၊ မင်းကိုယ်စားပေါ့လေ ၊ တကယ်တော့ ကျုပ်က သူ့ကို ချင်တိဧကရာဇ်နောက်ကို လိုက်စေချင်ခဲ့တာ ၊ ဒါပေမဲ့ ချင်တိဧကရာဇ်က ငြင်းပယ်ခဲ့တယ် ၊ ကြည့်ရတာ ချင်တိဧကရာဇ်က မင်းရဲ့ အရင်ဘဝက ကံကြမ္မာအကြောင်းတွေကို စွန့်လွှတ်လိုက်ပြီထင်ပါတယ် ၊ အနာဂတ်မှာ မင်းပြန်ရောက်လာခဲ့ရင် အတိတ်ကအကြောင်းတွေကို မမေးဖို့ပဲ မျှော်လင့်မိပါတယ်…"
ထို့နောက် ဆန်းလျန်က အကြောင်းအရာများစွာကို ပြောနေခဲ့လေသည်။
မိုးနှင့်မြေမှ လျှို့ဝှက်ချက်များအကြောင်း ၊ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခြင်းများအကြောင်းလည်း ပါဝင်လေသည်။
ထို့နောက်စကားပြောနေရင်း ဆန်းလျန် ချောင်းများဆိုးလာပြီး သွေးများအန်ထုတ်လိုက်ရာ ကျောက်ရှောင်ယွီ၏ အဝတ်အစားများကို စွန်းထင်းကုန်လေသည်။
သို့သော်… သွေးစက်များက ချက်ချင်းပင် အငွေ့ပျံပျောက်ကွယ်သွားလေ၏။
မိုးကောင်းကင်လမ်းစဉ်နှင့် ရုန်းကန်တိုက်ခိုက်ခဲ့ရပြီး နတ်ဘုရားများနှင့် တိုက်ခိုက်ခဲ့ရသ်ည့အတွက် ဆန်းလျန် ဒဏ်ရာရထားခဲ့သည် မဟုတ်ပါလား။
ယောကျ်ားကောင်းသည် မိုးကိုဒူးနှင့်တိုက်သည်ဆိုသော်လည်း တကယ်တမ်းတွင် အကန့်အသတ်မရှိသည့် မိုးကောင်းကင်လမ်းစဉ်ကို ရင်ဆိုင်ရန်မှာ မလွယ်ကူပေ။
သို့သော်… ဆန်းလျန်ကတော့ မလွယ်ကူသည့်အလုပ်ကို ဖြစ်အောင်လုပ်ပြခဲ့လေသည်။ လောကတွင် မဖြစ်နိုင်သည်ကို ဖြစ်အောင်လုပ်ပြနိုင်သူဆို၍ ဆန်းလျန်သာလျှင် ရှိပေလိမ့်မည်။
ထိုအချိန်တွင်… အချိန်ရေစီးကြောင်းတွင် ဆန်းလျန်၏ မျက်နှာနှင့်ဆင်တူသည့် တာအိုဆရာ (၂)ယောက်၏ ပုံရိပ်ပေါ်လာသည်။ သူတို့က လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းကျော်အချိန်ကာလကို ပြန်လည်ရှာဖွေနေကြခြင်း ဖြစ်သည်။
အနက်ရောင်နှင့်အဖြူရောင် တန်ခိုးစွမ်းအား (၂)ခုသည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းကျော်မှ ဆန်းလျန်ကို ကာကွယ်ပေးထားကြလေသည်။
သံသရာကို ကျော်လွန်သွားသည့် တာအိုဆရာသခင်ကြီး (၈)ပါး ရှိလေသည်။ သူတို့၏ တာအိုလမ်းစဉ်များကို မိုးကောင်းကင်လမ်းစဉ်က ခွဲခြားစိတ်ဖြာပြီး သိမ်းဆည်းထားခဲ့လေသည်။
ထို့ကြောင့် တာအိုဆရာသခင်ကြီးများ၏ တာအိုလမ်းစဉ်များသည် မိုးကောင်းကင်လမ်းစဉ်ကို အကြီးမားဆုံး ထောက်ပံ့ပေးလျှက် ရှိလေရာ ဆန်းလျန်သွားမည့် ခရီးလမ်းတစ်လျှောက် အတားအဆီးများစွာ ဖြစ်ပေါ်စေခဲ့သည်။
သို့ဖြစ်လေရာ… ဆန်းလျန် တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲလွန်းလှသည့် ကိစ္စတစ်ခု ဖြစ်သည်။ သို့သော်… မည်မျှပင်ခက်ခဲပါစေ ဆန်းလျန်က အမြဲတမ်း အောင်ပွဲဆင်နိုင်ခဲ့သည်ချည်းပင် ဖြစ်သည်။
ဆန်းလျန် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်ဖြစ်လာပြီးနောက်ပိုင်း သူ့ကိုယ်သူလည်းဂရုစိုက်သလို အခြားသူများကိုလည်း ကူညီခဲ့သူ ဖြစ်သည်။ ထို့ပြင် သူ၏ စိတ်ခံစားချက်များကို လည်း လွယ်လွယ်နှင့် ထုတ်ဖော်ပြတတ်သူ မဟုတ်ပေ။
ယခုတော့ သူသည် အကြောင်းအရာအတော်များများကို ကျောက်ရှောင်ယွီ မကြားသိနိုင်သည့်တိုင် ရင်ဖွင့်ပြောပြနေခဲ့သည်။
ထို့နောက် သူ ချင်းရှတောင်သို့ ပြန်လာခဲ့သည်။
သူက တောင်ပေါ်သို့ ပြန်ရောက်သည်နှင့် ဝူကျီးချီကို ခေါ်လိုက်ပြီး…
"မင်း ကျိုးယီတောင်ကို သွားပါ ၊ မိန်းကလေးတစ်ယောက် အန္တရယ်ကျရောက်နေတာတွေ့ရင် သူ့ကို ကယ်တင်ပြီး ချင်းရှတောင်ကို ခေါ်လာခဲ့ပါ…"
ဆန်းလျန်စကားပြောနေစဉ်မျာပင် အံ့သြဖွယ်ရာ တန်ခိုးစွမ်းအားထွက်ပေါ်လာပြီး ဝူကျီးချီ၏ စိတ်အာရုံထဲတွင် ဆန်းချင်းချင်း၏ ပုံရိပ် ထင်ဟပ်လာလေသည်။ ဆန်းချင်းချင်း၏ ပုံရိပ်က ဝူကျီးချီ၏စိတ်အာရုံတွင် အမှားမရှိစေဘဲ တစ်ချက်တည်းဖြင့် စွဲထင်သွားသည်။
ဝူကျီးချီက ထိုပုံရိပ်ကို ဖျောက်ဖျက်ပစ်ရဲခြင်းမရှိဘဲ ဆန်းလျန်၏ အမိန့်ကို နာခံလိုက်သည်။ ထို့နောက် အနက်ရောင်ရေအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိုင်ပေါင်းထောင်နှင့်ချီဝေးကွာသည့် ကျိုးယီတောင်သို့ ချက်ချင်းပင် ရောက်ရှိလာလေတော့သည်။
ဝူကျီးချီသည် တန်ခိုးစွမ်းအားနက်ရှိုင်းသည့် ရှေးဟောင်းနတ်မိစ္ဆာတစ်ပါးဖြစ်လေရာ စိတ်တစ်ချက်ညွှတ်လိုက်ရုံဖြင့် မိုင်ထောင်ပေါင်းများစွာကို ဖြတ်သန်းရောက်ရှိနိုင်စွမ်း ရှိလေသည်။
ကျိုးယီတောင်သို့ ရောက်သည်နှင့် ထူးခြားမှုကို ဝူကျီးချီ ချက်ချင်း ရိပ်မိလိုက်သည်။
ကျိုးယီတောင်သည် ဝိညာဉ်စွမ်းအားများဖြင့် ပြည့်ဝလျှက် ရှိလေသည်။ မရှိမှုကျေးရွာမှ ကျောက်ဂူများ ၊ ကောင်းကင်ဘုံများနှင့်မနှိုင်းယှဉ်နိုင်သည့်တိုင် အတော်လေးကို ဝိညာဉ်စွမ်းအားဖြင့် ပြည့်ဝသည့် နေရာတစ်ခုဖြစ်သည်။
ထို့ပြင် ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခုကိုလည်း တောင်အောက်တွင် ဖိနှိပ်ထားဟန်ရှိသည်။ တောင်အောက်တွင် ဖိနှိပ်ခံထားရသူ၏ အငွေ့အသက်ကလည်း ဝူကျီးချီနှင့် ရင်းနှီးနေသလို ခံစားလိုက်ရသည့်အတွက် ဝူကျီးချီ အနည်းငယ် ကြောက်ရွံ့ထိတ်လန့်သွားသည်။
"ဘယ်လောက်တောင် ကံဆိုးလို့ ဒီလိုတောင်အောက်မှာ ဖိနှိပ်ခံထားရတာပါလိမ့်… ၊ နတ်ဆိုးတစ်ကောင်များလား…"
ဟု ဝူကျီးချီ ရေရွတ်လိုက်သည်။
ထိုအချိန်မှာပင်…
"မင်းက တာအိုရောင်းရင်း ဝူကျီးချီမလား…"
ထူးဆန်းသည့်အသံတစ်သံကို ဝူကျီးချီကြားလိုက်ရသည်။
ဝူကျီးချီမှာ အလွန်ကြောက်မက်ဖွယ်ရာကောင်းသည့် နတ်မိစ္ဆာတစ်ပါးဖြစ်သည့်တိုင် ထိုထူးဆန်းသည့်အသံကိုကြားလိုက်ရသည်နှင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။
ထို့နောက် ဝူကျီးချီက…
"မင်းက ဒီ ကျိုးယီတောင်အောက်မှာ ဖိနှိပ်ခံထားရတဲ့သူလား…"
ထူးဆန်းသည့်အသံက…
"တာအိုရောင်းရင်း ဝူကျီးချီ ၊ ကျုပ်က ထိုက်ယိပါ…"
ယခုတစ်ကြိမ် ဝူကျီးချီကြားလိုက်ရသည့်အသံမှာ ယခင်ကထက်တင်ပိုမို ကျယ်လောင်ပြီး ခမ်းနားမှုများနှင့်ပြည့်နေသလို ခန့်မှန်းရလည်း ခက်လှသည်။
ဝူကျီးချီက သတ္တိရှိသူတစ်ယောက်ဖြစ်သော်လည်း ထိုက်ယိဆိုသည့်အမည်ကို ကြားလိုက်ရသည်နှင့် စိတ်ထဲတွင် တုန်လှုပ်သွားလေသည်။
ထိုက်ယိဆိုသည်က ကမ္ဘာဦးအစကတည်းကတည်ရှိခဲ့သည့် နတ်ဘုရားတစ်ပါးဖြစ်ပြီး ပထမမိုးနတ်မင်းပြီးလျှင် တန်ခိုးစွမ်းအားအမြင့်မားဆုံး နတ်ဘုရားတစ်ပါးဖြစ်လေသည်။
ထိုခေတ်အခါတုန်းက မိုးနတ်မင်းက နတ်ဘုရားများ ၊ နတ်မိစ္ဆာများအားလုံးကို သတ်ဖြတ်နှိပ်ကွပ်ပြီး လေကကို အုပ်ချုပ်ခဲ့သူ ဖြစ်သည်။
ထိုအချိန်က… ဝူကျီးချီက မှတ်ကျောက်တင်ထိုက်သူတစ်ယောက် မဟုတ်သေးပေ။ သာမန် မျောက်ဝံလေးတစ်ကောင်သာ ဖြစ်လေသည်။ ထို့ကြောင့် သူက ပထမမိုးနတ်မင်းကိုရော ၊ ထိုက်ယိကိုပါ လေးစားသူ ဖြစ်လေ၏။
ဝူကျီးချီက…
"တာအိုရောင်းရင်း ထိုက်ယိ ၊ ဒီမှာ ပိတ်မိနေတာလား…"
ထိုက်ယိက…
"တာအိုရောင်းရင်းဝူကျီးချီ… ကျုပ်ကို တစ်ခုလောက်ကူညီပါလား…"
ဝူကျီးချီက မျက်လုံးတစ်ချက်လှန်ကာ စဉ်းစားလိုက်ပြီး…
"ခင်ဗျားကို အပြင်ထုတ်ပေးဖို့ ကူညီစေချင်တာလား…"
ထိုက်ယိက…
"အမှန်ပဲ ၊ တာအိုရောင်းရင်းသာကျုပ်ကို ဒီနေရာက ထုတ်ပေးမယ်ဆိုရင် ကျုပ် ကြီးကြီးမားမား ကျေးဇူးပြန်ဆပ်ပါ့မယ်…"
ထိုက်ယိက ဂုဏ်သတင်းက ကြီးမားလွန်းသူဖြစ်လေရာ ဝူကျီးချီ ကြောက်ရွံ့နေမိသည်။
ဝူကျီးချီ ဆုံးဖြတ်ရခက်နေပြီး တစ်ခဏမျှ စဉ်းစားနေလေသည်။
ထိုက်ယိမှာ ဂုဏ်သတင်းကျော်ကြားသူတစ်ယောက် ဖြစ်သော်လည်း ကျိုးယီတောင်ထိပ်တွင် အချိန်ကြာမြင့်စွာ ဖိနှိပ်ခံထားရသည့်အတွက် ယခုလောက်ဆိုလျှင် တန်ခိုးစွမ်းအားများ လျော့နည်းနေလောက်ပြီ ဖြစ်သည်။
ဝူကျီးချီက…
"ခင်ဗျားကို အပြင်ထုတ်ပေးရင် တာအိုရောင်းရင်းက ကျုပ်ကို ဘယ်လိုကျေးဇူးပြန်ဆပ်မှာလဲ…"
ဟု မေးလိုက်လေတော့၏။
***
(ကျိုးယီတောင်အောက်တွင် ဖိနှိပ်ခံထားရသည့် ထိုုက်ယိမှာ စကြာဝဠာအစ ထိုက်ယန်နေမင်းကြီးထက်တွင် ပထမဆုံး ဖြစ်တည်လာသည့် ယီနတ်ဘုရားဟု ခေါ်သည့် ထိုက်ယိဖြစ်ပါသည်။ ဆန်းလျန်၏ ရှန်းထျန်းဝူထိုက်မှ ထိုက်ယိကိုယ်ခွဲနှင့် မတူညီပါ။ အသံထွက်သာတူညီပြီး စာလုံးပေါင်းလည်း မတူညီပါ။ ထိုက်ယိအကြောင်းကို အခန်း (၈၇၇) တွင် ပြန်လည် ဖတ်ရှုနိုင်ပါသည်။ - ဘာသာပြန်သူ)
***