← Chapters

အခန်း (၄၄၁)

Vol. 45 Ch. 441

အခန်း (၄၄၁)

Vol. 45 Ch. 441

ယခုအချိန်တွင် ကျောက်လင်း၏ မျက်နှာထက်၌ အပြုံးပန်းများ ဝေဆာနေတော့သည်။ ကျိရုရွှယ်ထံမှ ခွင့်ပြုချက် ရရှိခဲ့ပြီဖြစ်ရာ သူမ၏ ယခုခရီးစဉ်မှာ အလွန်ပင် တန်ဖိုးရှိသွားခဲ့ပြီ ဖြစ်သည်။

သူမ ပြန်ရောက်သွားပြီးနောက် ကျင့်စဉ်များနှင့် တိုက်ခိုက်ရေးနည်းစနစ်များကို လက်ဆင့်ကမ်းပေးနိုင်ပြီဟူသော သတင်းသာ ပျံ့နှံ့သွားပါက လူသားမျိုးနွယ်အတွင်း သူမ၏ အဆင့်အတန်းမှာလည်း သိသိသာသာ ထပ်မံမြင့်တက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ အနည်းဆုံးတော့ ဒေသဆိုင်ရာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အခြေစိုက်စခန်းတစ်ခု၏ အမြင့်ဆုံး တပ်မှူးတစ်ဦး ဖြစ်လာနိုင်ရုံသာမက ဧကရာဇ်မြို့တော်၏ ခေါ်ယူခြင်းကို ခံရပြီး အာဏာ၏ ဗဟိုချက်မဆီသို့ပင် တိုက်ရိုက် တက်လှမ်းနိုင်ခြေ ရှိနေသည်။

တစ်ဖက်တွင်လည်း လုချွမ်းသည် သူတို့နှစ်ဦး နားလည်မှုရယူနိုင်ခဲ့ကြသည်ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ အခြေအနေအရ ကြည့်လျှင် ဂြိုဟ်သားကျူးကျော်မှုမှာ လူသားတို့၏ အစွမ်းအစများကို အပြည့်အဝ ထုတ်ဖော်ရန် လိုအပ်နေသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် အနာဂတ်အတွက် အနည်းငယ် မျှော်လင့်ချက် ထားရှိလာမိသည်။ ယခုအခါ ကျောက်လင်း၏ အောင်မြင်မှုများမှာ အတော်လေး အားရစရာကောင်းနေပြီဖြစ်သလို ကျင့်စဉ်များကိုပါ သင်ကြားပေးနိုင်ပြီဖြစ်ရာ သူမ၏ အနာဂတ်မှာ အလွန်ပင် တောက်ပနေခဲ့ပြီ ဖြစ်သည်။

ယခင်က သူမသည် လူသားမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်လာရန်နှင့် လူသားနှင့် ဇွန်ဘီများ အတူယှဉ်တွဲနေထိုင်ရေးကို ဖော်ဆောင်ရန် ပြောကြားခဲ့စဉ်က ၎င်းမှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးလှသည်ဟု သူ ထင်မှတ်ခဲ့မိသဖြင့် သိပ်ပြီး အရေးတယူ မရှိခဲ့ပေ။ သို့သော် ယခုမူ သူ၏ အတွေးအမြင်ကို ပြောင်းလဲရန် အချိန်တန်ပြီဟု ခံစားလိုက်ရသည်။

အကြောင်းမှာ ကမ္ဘာကြီး၏ အခြေအနေမှာ များစွာ ပြောင်းလဲတော့မည်ဖြစ်ရာ ကျောက်လင်းအနေဖြင့် ဒီရေမြင့်လျှင် ကြာတင့်ဆိုသကဲ့သို့ အထက်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကောင်းကြီးကို ရရှိထားခြင်းကြောင့်ပင်။

ဂြိုဟ်သားကျူးကျော်မှုမှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ရာ ဇွန်ဘီဖြစ်စေ၊ လူသားဖြစ်စေ သူတို့အားလုံးသည် ဂြိုဟ်သားများ၏ ရန်သူများသာ ဖြစ်ကြပြီး သူတို့အကြား တိုက်ပွဲဖြစ်ပွားရန်မှာ ရှောင်လွှဲ၍မရပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင်မှသာ အခြေခံလူတန်းစားမှ ဆင်းသက်လာသော ကျောက်လင်းကဲ့သို့သော သူများအတွက် အထက်တန်းလွှာသို့ တက်လှမ်းနိုင်မည့် လမ်းကြောင်းများ ပွင့်လန်းလာမည် ဖြစ်သည်။

အကြောင်းမှာ မည်သူမျှ ဂုဏ်သတင်းကျော်ကြားပြီး အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူတစ်ဦး၏ တက်လမ်းကို အလွယ်တကူ ဟန့်တားရန် ဝံ့ရဲကြမည်မဟုတ်သောကြောင့်ပင်။

လူသားနှင့် ဇွန်ဘီများ အတူယှဉ်တွဲနေထိုင်နိုင်မည့် အခြေအနေမှာလည်း ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင်မှသာ အကောင်အထည်ဖော်နိုင်မည့် အလားအလာ အနည်းငယ် ရှိနေသည်။

အင်အားကြီးမားလှသော ဂြိုဟ်သားများကို ရင်ဆိုင်ရာတွင် လူသားမျိုးနွယ်ဖြစ်စေ၊ ဇွန်ဘီမျိုးနွယ် ဖြစ်စေ အကယ်၍ သူတို့သာ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ခုခံတွန်းလှန်ခြင်း မပြုကြပါက တစ်ကမ္ဘာလုံးသည် ဂြိုဟ်သားတို့၏ ကျူးကျော်ဖျက်ဆီးမှုအောက်တွင် ပျက်သုဉ်းသွားနိုင်သည်။

ဤသည်မှာ လုချွမ်းအနေဖြင့် လုံးဝ အဖြစ်မခံနိုင်သော အရာပင်။ အဆုံးစွန်၌ ထိုဂြိုဟ်သားများသည် ဤကမ္ဘာလောကထဲသို့ ယဉ်ကျေးပျူငှာသော လူကြီးလူကောင်းများအဖြစ် ရောက်ရှိလာကြမည်မဟုတ်ဘဲ သက်ရှိသတ္တဝါများကို သတ်ဖြတ်ခြင်း၊ နယ်မြေများကို သိမ်းပိုက်ခြင်းနှင့် သယံဇာတများကို အရူးအမူး လုယက်တိုက်ခိုက်ခြင်းတို့ကို သေချာပေါက် ပြုလုပ်ကြပေလိမ့်မည်။

ဤကမ္ဘာတွင် မွေးဖွားရှင်သန်ခဲ့သူတစ်ဦးဖြစ်သလို နယ်မြေတစ်ခုကိုလည်း အပိုင်စားရရှိထားသူဖြစ်ရာ လုချွမ်းသည် မကောင်းသော ရည်ရွယ်ချက်များဖြင့် ရောက်ရှိလာမည့် ထိုဂြိုဟ်သားများနှင့် သဘာဝအရပင် ဆန့်ကျင်ဘက် အနေအထားတွင် ရှိနေခဲ့သည်။

"ကောင်းပါပြီ... ကျွန်မ ဒီကိုလာရတဲ့ ရည်ရွယ်ချက်တွေလည်း အားလုံး ပြည့်စုံသွားပြီဆိုတော့ ပြန်ဖို့ အချိန်တန်ပြီပေါ့"

ကျောက်လင်းသည် စိတ်ကျေနပ်မှုအပြည့်ဖြင့် လုချွမ်းနှင့် ကျိရုရွှယ်တို့ကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။ ထိုသို့ပြောပြီးသည်နှင့် ကျောက်လင်းသည် ထိုင်နေရာမှ ထရပ်လိုက်သည်။

"နေဦး... နေဦး ကျောက်လင်းရဲ့။ မင်းက ဒီလောက်အဝေးကြီးကနေ ငါ့အတွက် လက်ဆောင်တွေ သယ်လာပေးတာပဲ။ အခုချက်ချင်းကြီးတော့ မပြန်ပါနဲ့ဦး။ ငါတို့နဲ့အတူ ထမင်းတစ်နပ်လောက် အတူတူစားသွားပါဦးလား"

လုချွမ်းက ယဉ်ကျေးပျူငှာစွာဖြင့် သူမကို အလျင်အမြန် တားဆီးလိုက်သည်။ ယခုတစ်ခေါက်တွင် ကျောက်လင်းသည် သူ့အတွက် အမြုတေ အမြောက်အမြား သယ်ဆောင်လာပေးရုံသာမက ပြင်ပလောက၏ အဖိုးတန်သတင်းအချက်အလက်များကိုပါ ပေးပို့ခဲ့သည်။

ထို့ကြောင့် လုချွမ်းအနေဖြင့် သူမကို ကောင်းမွန်စွာ ဧည့်ခံကျွေးမွေးလိုပြီး သူတို့သုံးဦးကြားရှိ သံယောဇဉ်ကို ပိုမိုခိုင်မာအောင် ပြုလုပ်လိုခြင်းပင်။

"ဒါကတော့..."

ကျောက်လင်း အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ သူမ၏ တာဝန်မှာ အချိန်ကန့်သတ်ချက် မရှိသော်လည်း အကယ်၍ တစ်စုံတစ်ယောက်က သူမ၏ ရဟတ်ယာဉ်ကို လီမြစ်အခြေစိုက်စခန်း အနီးတွင် အချိန်အတော်ကြာ တွေ့ရှိသွားပါက သူမ၏ လျှို့ဝှက်ချက် ပေါက်ကြားသွားနိုင်သည့် အန္တရာယ် ရှိနေသည်။

လီမြစ်အခြေစိုက်စခန်းအနီးမှ ဖြတ်သန်းသွားခြင်းမှာ သူမ၏ တာဝန်လမ်းကြောင်းပေါ်တွင် ရှိနေသဖြင့် ပြဿနာမရှိသော်လည်း ရဟတ်ယာဉ်က ဤနေရာတွင် အချိန်ကြာမြင့်စွာ ရပ်နားထားပါက သံသယဖြစ်စရာ ဖြစ်လာပေလိမ့်မည်။

"အန်တီကျောက်လင်း... နေပါဦးနော် သမီးနဲ့အတူ အချိန်လေး နည်းနည်းလောက် ထပ်ပေးပါဦး။ နောက်ပြီး အန်တီ ဖေဖေ့လက်ရာ ဟင်းတွေကို မစားရတာလည်း ကြာပြီလေ..."

ထိုစဉ် ကျိရုရွှယ်ကလည်း ဝင်ရောက်တောင်းဆို လိုက်သည်။

ယခုအခါ ကျောက်လင်းသည် လီမြစ်အခြေစိုက်စခန်းအတွက် ပြင်ပလောကနှင့် ဆက်သွယ်ပေးနိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ရာ သူမနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်ထားရန် လိုအပ်လှသည်။

ကျောက်လင်းသည် ယေဘုယျအားဖြင့် ယွီဟွာ အခြေစိုက်စခန်းကဲ့သို့ အလှမ်းဝေးရာအရပတွင်သာ နေထိုင်သူဖြစ်ရာ သူမ လီမြစ် အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် အကြိမ်တိုင်းသည် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် သံယောဇဉ် တိုးစေရန် အခွင့်အရေးကောင်းများပင်။ ထို့ကြောင့် ကျိရုရွှယ်အနေဖြင့် သူမကို အလွယ်တကူ လွှတ်ပေးရန် အစီအစဉ်မရှိပေ။

"အန်တီ မနေချင်လို့ မဟုတ်ပါဘူးကွယ်။ ဒါပေမဲ့ အန်တီ့ရဲ့ ရဟတ်ယာဉ်က ဒီနားမှာပဲ ရှိနေတာဆိုတော့... အကယ်၍ အာဏာပိုင်တွေဘက်က ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုခုကို ရိပ်မိသွားမှာ စိုးရိမ်လို့ပါ"

ထိုစကားကို ကြားရသောအခါ ကျောက်လင်း စိတ်လှုပ်ရှားသွားမိသော်လည်း အစိုးရဘက်မှ သံသယဝင်လာနိုင်ခြေနှင့် သူမ၏ ခေါင်းဆောင်ဖြစ်လာမည့် အိပ်မက်များ ပျက်စီးသွားနိုင်သည်ကို တွေးတောမိကာ စိုးရိမ်ပူပန်သော အမူအရာ ဖြစ်ပေါ်လာခဲ့သည်။

လုချွမ်းက သူမ၏ စိုးရိမ်မှုကို နားလည်သဖြင့် ဘေးမှနေ၍ ပြုံးလျက် ဝင်ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ကျောက်လင်းရာ အခုအချိန်မှာ လီမြစ်မြို့တစ်ခုလုံးက ငါ့ရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေတာပါ။

လူသားအာဏာပိုင်တွေ ဒါကို သိသွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ တခြားဘယ်သူပဲဖြစ်ဖြစ် ဒီနားကို ချဉ်းကပ်ဖို့ ကြိုးစားတာနဲ့ ငါ ချက်ချင်း ဖြေရှင်းပစ်မှာပါ"

လီမြစ်မြို့တစ်ခုလုံးတွင် လုချွမ်း၏ ဇွန်ဘီရုပ်သေး များဖြင့် ပြည့်နှက်နေပြီး ဗဟိုအခြေစိုက်စခန်းနှင့် နီးကပ်လာလေလေ ကင်းလှည့်စောင့်ကြပ်နေသည့် ဇွန်ဘီရုပ်သေး အရေအတွက်မှာ ပိုမိုများပြားလာလေလေပင်။

၎င်းတို့အထဲတွင် "ပျံသန်းသူ ၁" နှင့် "မီးလျှံ ၁" ကဲ့သို့သော ပျံသန်းနိုင်သည့် ဇွန်ဘီပုံစံငယ်များကလည်း ကောင်းကင်ယံမှ အစဉ်မပြတ် ကင်းလှည့်နေကြသည်။ ဤမျှများပြားလှသော မျက်လုံးပေါင်းများစွာ၏ စောင့်ကြည့်မှုအောက်တွင် ကျူးကျော်သူမှာ နတ်ဘုရားတစ်ပါး မဟုတ်လျှင်တော့ လီမြစ် အခြေစိုက်စခန်းသို့ ချဉ်းကပ်နိုင်ရန် ထိုကင်းလှည့်မှုအဆင့်ဆင့်ကို ဖြတ်ကျော်နိုင်ဖို့ မဖြစ်နိုင်ပေ။

ဤသည်ကို ကြားလိုက်ရသောအခါ ကျောက်လင်း၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့ပြီး ၎င်းမှာ အမှန်တကယ်ပင် ဖြစ်နိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။ သူမကိုယ်တိုင်ပင်လျှင် သက်သေပင်။ သူမ၏ ရဟတ်ယာဉ်ဖြင့် လီမြစ်မြို့ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် လုချွမ်းက သူမကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။

ဤသို့ တွေးတောမိလိုက်သည်နှင့် ကျောက်လင်း၏ စိတ်ထဲတွင် စိုးရိမ်မှုများ ပြေပျောက်သွားပြီး သက်သောင့်သက်သာ ဖြစ်သွားခဲ့ရသည်။

"ဒါဆိုရင်တော့... ရှင့်ကို အလုပ်ရှုပ်အောင် လုပ်မိပြီနော် လုချွမ်း"

သူမ၏ မျက်နှာထက်တွင် အပြုံးပန်းများ တစ်ဖန်ပြန်လည် ဝေဆာလာခဲ့ပြီး လုချွမ်းကို ယဉ်ကျေးပျူငှာစွာ ပြောဆို လိုက်သည်။

"ဟားဟား... ကိစ္စမရှိပါဘူး ကျောက်လင်းရာ။ မင်းကတောင် ငါ အမြုတေတွေ လိုအပ်နေတာကို အဝေးကနေ တွေးပေးပြီး ကိုယ်တိုင်တောင် လာပို့ပေးသေးတာပဲ"

"အခုလို ဟင်းချက်ကျွေးတာလောက်ကတော့ ဘာမှ မဟုတ်ပါဘူးကွာ"

လုချွမ်းက ပေါ့ပေါ့ပါးပါးပင် ခေါင်းခါယမ်းလျက် ပြောလိုက်သည်။

ထို့နောက် သူသည် ကျောက်လင်းနှင့် ခဏမျှ စကားစမြည်ပြောဆိုပြီးနောက် မတ်တတ်ရပ်ကာ မီးဖိုချောင်သို့ ဝင်သွားခဲ့သည်။ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင်မူ ချီချီလေးနှင့် ကျောက်လင်းတို့မှာ တိုးတိုးတိတ်တိတ်ဖြင့် ရယ်မော၍ စကားလက်ဆုံကျကာ ကျန်ရစ်ခဲ့ကြသည်။

အချိန်မှာ မွန်းတည့်ချိန်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

"ချင်းပုံငါးအချိုချက်၊ နံရိုးပေါင်း... အနံ့က တကယ့်ကို မွှေးနေတာပဲ။ လုချွမ်း... ရှင့်ရဲ့လက်ရာက တကယ်ကို အံ့ဩစရာပဲနော်"

ထမင်းစားပွဲရှေ့တွင် ကျောက်လင်းသည် အရောင်အသွေးစုံလင်ပြီး မွှေးကြိုင်လှသော ဟင်းလျာများကို ကြည့်ကာ မျက်လုံးများ တောက်ပလာပြီး သရေပင်ကျနေသည်။

ထိုသို့ပြောပြီးနောက် ကျောက်လင်းသည် အနှစ်များ စိုရွှဲနေသော ငါးဟင်းကို တူဖြင့် ညှပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ရင်း ကျေနပ်အားရမှုကို ခံစားလိုက်ရသည်။ စစ်တန်းလျားများရှိ အိုးကြီးချက် ဟင်းလျာများနှင့် နှိုင်းယှဉ်လျှင် လုချွမ်း၏ လက်ရာမှာ များစွာ သာလွန်လှပြီး စစ်တန်းလျားဟင်းများမှာ အရသာမရှိ ပေါ့ပျက်ပျက်နိုင်လှသည်ဟု ကျောက်လင်း စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်မိသည်။

"အန်တီကျောက်လင်း... အန်တီက ဖေဖေ့လက်ရာကို ဒီလောက်တောင် ကြိုက်နေရင် ဖေဖေနဲ့ လက်ထပ်လိုက်ပါလား။ ဒါဆိုရင် နေ့တိုင်း စားရမှာပေါ့"

ကျောက်လင်းက လုချွမ်း၏ လက်ရာကို ချီးကျူးရင်း မြိန်ရည်ယှက်ရည် စားသောက်

နေသည်ကို ကြည့်ကာ ကျိရုရွှယ်က ထမင်းစားနေရင်း ခေါင်းမော့၍ နောက်ပြောင်လိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျောက်လင်း၏ အစားစားနေသော လှုပ်ရှားမှုမှာ ချက်ချင်း ရပ်တန့်သွားခဲ့ပြီး ပါးပြင်နှစ်ဖက်မှာလည်း နီရဲလာခဲ့သည်။

"ချီချီလေး... သမီး ပါးစပ်ကတော့ တကယ်ပဲ။ ဘာတွေ လျှောက်ပြောနေတာလဲ ကြည့်စပ်"

နောက်တစ်ခဏ၌ ရှက်ရမ်းရမ်းကာ ဒေါသထွက်သွားသော ကျောက်လင်းသည် လုချွမ်းကို မကြည့်ဝံ့တော့ဘဲ ကျိရုရွှယ်ကိုသာ ချက်ချင်း တိုက်ခိုက်ကာ ကျီစယ်တော့သည်။

"မပြောတော့ဘူး... မပြောတော့ဘူး အန်တီကျောက်လင်းရဲ့။ ချီချီ နောက်မပြောတော့ဘူးနော်..."

ချက်ချင်းပင် သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကျီစယ်ရင်း ရုန်းရင်းဆန်ခတ် ဖြစ်သွားကြပြီး ကျိရုရွှယ်မှာ ကျောက်လင်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကာ အရှုံးပေး၍ တောင်းပန်နေရတော့သည်။

လုချွမ်းမှာမူ ဘာမှမတတ်နိုင်သကဲ့သို့ ခေါင်းခါယမ်းနေမိသည်။

ညနေစောင်း၍ နေဝင်ချိန်သို့ ရောက်သောအခါ ကျောက်လင်းသည် လုချွမ်းကို နောက်ဆုံးတွင် နှုတ်ဆက်ကာ သူမ၏ ရဟတ်ယာဉ်ကို မောင်းနှင်လျက် မိုးကုပ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားခဲ့သည်။

ဗီလာအတွင်း၌

"ဒီလောက်တောင် များပြားတဲ့ အမြုတေ တွေဆိုရင်တော့ ငါ့ရဲ့ အင်အားကို သေချာပေါက် သိသိသာသာ မြှင့်တင်ပေးနိုင်မှာပဲ"

သံသေတ္တာထဲရှိ အမြုတေများကို ကြည့်ကာ လုချွမ်း ပြုံးလိုက်မိသည်။

နောက်တစ်ဆင့်အနေဖြင့် ဂြိုဟ်သားများ မကျူးကျော်မီအချိန်တွင် ဤအမြုတေများကို အသုံးပြု၍ အင်အားကို ကောင်းမွန်စွာ မြှင့်တင်ရန် အချိန်တန်ပြီ ဖြစ်သည်။

အချိန်များ ကုန်လွန်သွားခဲ့ရာ နှစ်လခန့် ကြာမြင့်သွားခဲ့၏။

All Chapters