← Chapters

အခန်း (၄၄၄)

Vol. 45 Ch. 444

အခန်း (၄၄၄)

Vol. 45 Ch. 444

လုချွမ်းသည် လီမြစ်မြို့အတွင်းရှိ ဇွန်ဘီရုပ်သေးအားလုံးနှင့် အာရုံချင်းချိတ်ဆက်ကာ စောင့်ကြည့်စစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ မြို့ထဲတွင် ဖြစ်ပျက်နေသော ဆူညံသံများကို ခြေရာခံရင်း အခြားသော လမ်းမများပေါ်တွင်လည်း အလားတူ ခွေးခေါင်းပုံသဏ္ဌာန်ရှိသည့် မိစ္ဆာသတ္တဝါများကို ထပ်မံတွေ့ရှိခဲ့ရသည်။

တိတ်တဆိတ် အချိန်အတန်ကြာ လေ့လာပြီးနောက် လုချွမ်းသည် ဤခွေးခေါင်းပုံစံ သတ္တဝါများ၏ အခြေအနေကို အကြမ်းဖျင်း နားလည်သဘောပေါက်လာခဲ့သည်။

ဤသတ္တဝါများသည် သာမန်အရွယ်ရောက်ပြီးသူများထက် များစွာ ထွားကြိုင်းကြပြီး အနိမ့်ဆုံး အရပ်အမောင်းမှာပင် နှစ်မီတာကျော်သည်။

သူတို့၏ မျက်လုံးများမှာ အနက်နှင့် အဝါရောင်ရောယှက်နေပြီး ယုတ်မာရက်စက်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ ခန္ဓာကိုယ်တွင် တိရစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားကာ တစ်ကိုယ်လုံးတွင် ထူထဲသော အညိုရောင်အမွှေးအမျှင်များ ဖုံးလွှမ်းနေသည်။ သူတို့၏ သန်မာလှသော လက်မောင်းများတွင် အလွန်ထက်မြက်သည့် အနက်ရောင် လက်သည်းအစုံ ရှိနေသည်။

အားအနည်းဆုံး သတ္တဝါမှာပင် အဆင့် ၂ ရှိပြီး အများစုမှာ အဆင့် ၃ များ ဖြစ်ကြသည်။ လုချွမ်းသည် အရပ် သုံးမီတာနီးပါးရှိကာ အထူးသတ္တုလက်နက်များကို ကိုင်ဆောင်ထားသည့် အဆင့် ၄ သတ္တဝါ နှစ်ကောင်၊ သုံးကောင်ခန့်ကိုပါ တွေ့မြင်ခဲ့ရသည်။

ဤသတ္တဝါများသည် အလွန်တရာ ရန်လိုကြကာ သူတို့သည် ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီ များ သို့မဟုတ် အမှောင်ထဲမှ ပြေးထွက်လာသည့် သန္ဓေပြောင်းသားရဲများနှင့် ရင်ဆိုင်ရပါက အုပ်စုလိုက် ဝိုင်းအုံကာ ဆွဲဖြဲသတ်ဖြတ်ပစ်လေ့ရှိသည်။

ခဏတာအတွင်းမှာပင် ဇွန်ဘီအမြောက်အမြားမှာ ထိုသတ္တဝါများ၏ လက်ချက်ဖြင့် အပိုင်းပိုင်းပြတ်ကာ ပျက်စီးသွားခဲ့ရသည်။ သန္ဓေပြောင်းသားရဲများမှာမူ ပို၍ပင် ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်ရသည်။ ထိုသားရဲများ၏ အသားမှာ ဤဂြိုဟ်သားသတ္တဝါများအတွက် အလွန်

ကောင်းမွန်သော အာဟာရဖြစ်ပုံရပြီး သတ်ဖြတ်ပြီးသည်နှင့် အရိုးအကြွင်းအကျန်မရှိအောင် ဝါးမြို၍ စားသောက်ကြသည်။ အလွန်မာကျောသော အရိုးများကိုပင် သူတို့က ကြေမွအောင် ဝါးစားနိုင်စွမ်း ရှိကြသည်။

နောက်ထပ် လုချွမ်း သတိပြုမိသည်မှာ ဤသတ္တဝါများသည် ဇွန်ဘီများ သို့မဟုတ် သားရဲများနှင့် မတူညီဘဲ မြင့်မားသော ဉာဏ်ရည်ဉာဏ်သွေး ရှိကြခြင်းပင်။ သူတို့တွင် ကိုယ်ပိုင် ဘာသာစကားရှိပြီး တစ်ဦးနှင့်တစ်ဦး အဆက်မပြတ် စကားပြောဆို ဆက်သွယ်နေကြသည်ကို တွေ့ရသည်။

သို့သော် စိတ်ပျက်စရာကောင်းသည်မှာ လုချွမ်းအနေဖြင့် အချိန်အတော်ကြာ စောင့်ကြည့်နေသော်လည်း ဤသတ္တဝါများ ထွက်ပေါ်လာသည့် ဟင်းလင်းပြင်အက်ကြောင်း၏ တိကျသော တည်နေရာကိုမူ ရှာမတွေ့သေးခြင်းပင်။

"ဟင်းလင်းပြင်အက်ကြောင်းကို ရှာဖွေတွေ့ရှိနိုင်ဖို့ဆိုရင် ငါကိုယ်တိုင် သွားကြည့်မှဘဲ ရမယ်ထင်တယ်"

လုချွမ်း၏ မျက်ဝန်းအိမ်တွင် ပြတ်သားသော ဆုံးဖြတ်ချက်များ အရောင်ဟပ်သွားသည်။ သူသည် ဘေးနားရှိ ကျိရုရွှယ်ကို လှည့်ကြည့်ကာ ရှင်းပြလိုက်သည်။

"ချီချီ... ဖေဖေ ဟင်းလင်းပြင်အက်ကြောင်းကို တိတိကျကျ ရှာမတွေ့သေးပေမဲ့ အဲဒီထဲကနေ ထွက်လာတယ်လို့ ယူဆရတဲ့ ဂြိုဟ်သားသတ္တဝါတွေကိုတော့ တွေ့ထားပြီ။ ဒီကောင်တွေက ခွေးခေါင်းနဲ့ လူကိုယ်ထည်ရှိတဲ့ သတ္တဝါတွေပဲ။ သာမန်လူကြီးတွေထက် များစွာ ပိုမိုသန်မာကြပြီး အနည်းဆုံးတော့ အဆင့် ၂ ခွန်အားလောက် ရှိကြတယ်။ အခု လီမြစ်မြို့ထဲမှာ ဆင့်ကဲပြောင်းလဲထားတဲ့ ဇွန်ဘီတွေနဲ့ သန္ဓေပြောင်းသားရဲတွေကို အမဲလိုက်ပြီး သူတို့ရဲ့ အမြုတေတွေနဲ့ အသားတွေကို ဝါးမြိုနေကြတယ်"

"ဒါဆို သူတို့က ကိုဘိုးလ်တွေပေါ့"

လုချွမ်း၏ ဖော်ပြချက်ကို ကြားသည်နှင့် ကျိရုရွှယ်က မနှစ်မြို့သော လေသံဖြင့် ချက်ချင်းပင် ရေရွတ်လိုက်သည်။ လီမြစ်မြို့အတွင်းသို့ ယခုတစ်ခေါက် ကျူးကျော်ဝင်ရောက်လာသည့် ဂြိုဟ်သားမျိုးနွယ်စုက ဘယ်မျိုးစိတ်လဲဆိုသည်ကို သူမ ချက်ချင်း သိရှိလိုက်ခြင်းပင်။

"ချီချီလေးက ဒီမိစ္ဆာတွေကို သိလို့လား"

လုချွမ်းက စူးစမ်းလိုစိတ်ဖြင့် ပြုံးလျက် မေးမြန်းလိုက်သည်။ ချီချီလေးသည် ပြန်လည်မွေးဖွားလာသူတစ်ဦး ဖြစ်သော်လည်း သူမ၏ မှတ်ဉာဏ်များမှာ အပြည့်အဝ ပြန်လည်ရရှိခြင်း မရှိသေးရာ ဤကဲ့သို့သော သတ္တဝါမျိုးကို သိရှိလိမ့်မည်ဟု လုချွမ်း အသေအချာ မခန့်မှန်းနိုင်ခဲ့ပေ။

ကျိရုရွှယ်က ခေါင်းညိတ်ပြရင်း ဤသို့ ဆက်လက်ရှင်းပြသည်။

"ဟုတ်တယ် ဖေဖေ... ဒီခွေးခေါင်းနဲ့ သတ္တဝါတွေကို ကိုဘိုးလ်လို့ ခေါ်တယ်။ သူတို့က လူဝံသားရဲမျိုးနွယ်စုဝင်တွေပဲ။ အုပ်စုလိုက် နေထိုင်တတ်ကြပြီး မှောင်မိုက်တဲ့ ဂူတွေ ဒါမှမဟုတ် မိုင်းတွင်းတွေထဲမှာ အခြေချနေထိုင်လေ့ ရှိကြတယ်။ အသားနဲ့ သွေးကို အရမ်း ကြိုက်နှစ်သက်ပြီး အမဲလိုက်ပြီး အဓိကအသက်မွေးကြတာ။ သူတို့ရဲ့ သဘာဝက အရမ်း ရက်စက်ပြီး ပတ်ဝန်းကျင်က သက်ရှိမှန်သမျှအပေါ် ရန်လိုမုန်းတီးမှုတွေနဲ့ ပြည့်နှက်နေတတ်တယ်"

"ဒါပေမဲ့ ကိုဘိုးလ်တွေရဲ့ အင်အားက လူဝံသားရဲမျိုးနွယ်စုတွေထဲမှာတော့ သိပ်ပြီး အားမကြီးဘူး။ ဒါပေမဲ့ သူတို့ရဲ့ အရေအတွက်ကတော့ အရမ်း များတယ်။ ပုံမှန်အားဖြင့် သူတို့က အုပ်စုလိုက် စနစ်တကျ တိုက်ခိုက်တတ်ကြသလို ရိုးရှင်းတဲ့ လက်နက်တွေကိုလည်း အသုံးပြုတတ်ကြတယ် ဖေဖေ"

"ဒါပေမဲ့ ဖေဖေ့မှာ ဇွန်ဘီစစ်တပ်ရှိနေသရွေ့တော့ ဒီကိုဘိုးလ်တွေက ရင်ဆိုင်ရခက်တဲ့ ရန်သူတွေ မဟုတ်ပါဘူး"

ကျိရုရွှယ်က ဆက်ပြောလိုက်သည်။

"ဖေဖေ... ဒီကိုဘိုးလ်တွေ လီမြစ်မြို့ထဲမှာ ပေါ်လာတယ်ဆိုကတည်းက မြို့ထဲမှာ ဟင်းလင်းပြင်အက်ကြောင်း တစ်ခုခု ရှိနေတာ သေချာတယ်။ အဲဒီအက်ကြောင်းရဲ့ တည်နေရာက အတော်လေး လျှို့ဝှက်တဲ့နေရာမှာ ရှိနေနိုင်လို့ ခုနက ဖေဖေ ရှာမတွေ့တာ ဖြစ်လိမ့်မယ်။ ဒါ့အပြင် အဲဒီအက်ကြောင်းရဲ့ တစ်ဖက်ခြမ်းက ကိုဘိုးလ်တွေ နေထိုင်တဲ့နေရာလည်း ဖြစ်နိုင်တယ်။ အကယ်၍ ဒီအက်ကြောင်းကိုသာ အမြန်ဆုံး ရှာမတွေ့ဘူးဆိုရင် နောက်ထပ် ကိုဘိုးလ်တွေ အများကြီး ထပ်ရောက်လာဦးမှာ"

ကျိရုရွှယ်၏ စကားကို ကြားရသောအခါ လုချွမ်း၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားပြီး ထိုကိုဘိုးလ်များအပေါ် သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာခဲ့သည်။

"ဒါဆိုရင်တော့ ဒီကိုဘိုးလ်တွေကို ချက်ချင်း အရေးယူရတော့မယ်။ သူတို့တွေ ရှုံးနိမ့်သွားပြီဆိုရင် ကြောက်လန့်တကြားနဲ့ ဟင်းလင်းပြင်အက်ကြောင်းရှိရာဘက်ကို ထွက်ပြေးကြမှာပဲ။ အဲဒီအချိန်ကျရင် သူတို့ကို ခြေရာခံပြီး အက်ကြောင်းရဲ့ တည်နေရာကို ငါတို့ ရှာနိုင်လိမ့်မယ်"

လုချွမ်းက ခေါင်းညိတ်ရင်း သူ၏ ဆုံးဖြတ်ချက်ကို ပြောကြားလိုက်သည်။

လတ်တလောတွင် လီမြစ်မြို့တစ်ခုလုံးသည် ဇွန်ဘီဘုရင်ဖြစ်သော သူ၏ နယ်မြေပင်။

ငါ့နယ်မြေထဲမှာ တခြားလူတွေ လာပြီး ကျူးကျော်နေတာကို ငါ ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ။

ကိုဘိုးလ်များမှာ လီမြစ်မြို့အတွင်းသို့ ရောက်ရှိနေပြီး လီမြစ်အခြေစိုက်စခန်း နှင့်လည်း မဝေးလှသဖြင့် လုချွမ်းအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်။ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရတိုင်း လုချွမ်း၏ ခိုင်မာသော ရွေးချယ်မှုမှာ ၎င်းတို့ကို အမြန်ဆုံး အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန်ပင်။

ထို့ပြင် ဤကိုဘိုးလ်များမှာ လီမြစ်မြို့အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ အရင်းအမြစ်များကို လုယက်နေကြသည်မှာ သိသာလှသည်။ ၎င်းတို့က ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများနှင့် သန္ဓေပြောင်းသားရဲများကို အမဲလိုက်နေခြင်းမှာ သက်သေပင်။

လီမြစ်မြို့မှာ လုချွမ်း ပိုင်ဆိုင်သော မြို့ဖြစ်ရာ ဤကိုဘိုးလ်များ၏ လုပ်ရပ်မှာ လုချွမ်း၏ အိတ်ကပ်ထဲမှ ပိုက်ဆံကို လာရောက်လုယက်နေခြင်းနှင့် အလားသဏ္ဌာန်တူနေသည်။

ကျိရုရွှယ်သည်လည်း ဖခင်ဖြစ်သူ၏ ဆုံးဖြတ်ချက်ကို သဘောတူညီသည့်အနေဖြင့် ခေါင်းလေးငြိတ်ကာ ထောက်ခံသည်။

"ဖေဖေ ပြောတာ မှန်ပါတယ်။ ဒီတစ်ဝက်တစ်ပျက် လူဝံသားရဲတွေရဲ့ ခန္ဓာကိုယ်က သန်မာထွားကြိုင်းလွန်းလို့ သူတို့ရဲ့ အလောင်းတွေကို ဇွန်ဘီတွေအတွက် အာဟာရအဖြစ် ကျွေးမယ်ဆိုရင် တူညီတဲ့အဆင့်ရှိတဲ့ သန္ဓေပြောင်းသားရဲတွေထက် ပိုပြီးတော့တောင် ထိရောက်မှု ရှိနိုင်ပါတယ်"

ကျိရုရွှယ်၏ စကားကို ကြားလိုက်ရချိန်တွင် လုချွမ်း၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားခဲ့သည်။

သူသည် ဤအချက်ကို ယခင်က မတွေးတောမိခဲ့ပေ။ အမှန်တကယ်ပင် ဤကိုဘိုးလ်များသည် အဆင့် ၃ နှင့် အဆင့် ၄ များစွာ ပါဝင်နေသဖြင့် အကောင်းဆုံးသော အသားစိမ်းအာဟာရများပင်။

လုချွမ်းသည် ဆက်လက်၍ စောင့်ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် လက်တွေ့အကောင်အထည်ဖော်ရန် ပြင်ဆင်တော့သည်။ သူသည် သူ၏ လက်အောက်ခံ ဇွန်ဘီရုပ်သေး တစ်ဝက်ခန့်ကို ဗီလာအပြင်ဘက်၌ စုရုံးစေကာ လီမြစ်မြို့အတွင်းသို့ ချီတက်ရန် အသင့်ပြင်လိုက်သည်။

"ချီချီ... သမီး အိမ်မှာပဲ နေခဲ့နော် ဖေဖေ အမြန်ဆုံး ပြန်လာခဲ့မယ်"

ဇွန်ဘီရုပ်သေးများ စုရုံးပြီးနောက် လုချွမ်းသည် ထွက်ခွာရန် အသင့်ဖြစ်နေပြီဖြစ်ရာ ကျိရုရွှယ်အား လှည့်၍ မှာကြားလိုက်ခြင်းပင်။

သို့သော်လည်း ကျိရုရွှယ်မှာမူ အိမ်တွင်သာ ငြိမ်သက်စွာ နေရစ်လိုစိတ် မရှိပေ။ သူမသည်လည်း ထိုစက်ဆုပ်ဖွယ်ကောင်းသော ကိုဘိုးလ်များကို ကိုယ်တိုင်သွားရောက်ကြည့်ရှုကာ အမဲလိုက်လိုစိတ် ပြင်းပြနေခဲ့သည်။ သူမသည် လုချွမ်း၏ အနားသို့ အပြေးအလွှား သွားရောက်ကာ အင်္ကျီလက်ကို ဆွဲ၍တောင်းဆို လိုက်သည်။

"ဖေဖေ... သမီးကိုလည်း ခေါ်သွားပါနော်။ သမီးကလည်း အခုဆိုရင် အဆင့် ၆ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်နေပြီပဲ။ ဒီကိုဘိုးလ်တွေက သမီးကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ သမီးလည်း ဖေဖေ့ကို ကူညီပေးနိုင်တာပေါ့"

"ကောင်းပြီလေ... လိုက်ခဲ့ပေါ့။ ဒါပေမဲ့ ကိုယ့်သဘောနဲ့ကိုယ်တော့ ဘာမှ သွားမလုပ်နဲ့နော် ကြားလား"

လတ်တလောတွင် လုချွမ်းသည် ချီချီလေး၏ ဘေးကင်းရေးအတွက် ယခင်ကလောက် စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။ သူမ၏ တောင်းဆိုမှုကို ကြားရသောအခါ သူက ငြင်းပယ်ခြင်း မပြုဘဲ သဘောတူ ခွင့်ပြုလိုက်သည်။

ချီချီလေး ပြောသည့်အတိုင်းပင် သူမသည် အစွမ်းထက်လှသော အဆင့် ၆ ဆင့်ကဲပြောင်းလဲသူ ဖြစ်နေပြီဖြစ်ရာ ထိုကိုဘိုးလ်များမှာ သူမအား အန္တရာယ်ပြုနိုင်စွမ်း မရှိသလောက်ပင်။ ထို့ကြောင့် လုချွမ်းအနေဖြင့်လည်း စိတ်ချလက်ချ ရှိနေခဲ့သည်။

"ကျေးဇူးတင်ပါတယ် ဖေဖေ။ ဖေဖေက အကောင်းဆုံးပဲ"

ကျိရုရွှယ်၏ မျက်နှာထက်တွင် တောက်ပသော အပြုံးများ ချက်ချင်းပင် ဝေဆာသွားတော့သည်။

ထို့နောက်တွင် လုချွမ်း၏ အမိန့်ပေးမှုဖြင့် ယာဉ်တန်းတစ်ခုသည် ဗီလာရှေ့သို့ ဆိုက်ရောက်လာခဲ့သည်။ လုချွမ်းသည် ချီချီလေးနှင့် ဇွန်ဘီရုပ်သေးများကို ခေါ်ဆောင်ကာ ယာဉ်များပေါ်သို့ အလျင်အမြန်ပင် တက်ရောက်လိုက်ကြသည်။

ဝုန်း...

နောက်တစ်ခဏတွင် လူအပြည့် တင်ဆောင်ထားသော ထိုယာဉ်တန်းသည် ဖြည်းညှင်းစွာ စတင်ထွက်ခွာလာပြီး အခြေစိုက်စခန်း၏ တံခါးများကို ကျော်ဖြတ်ကာ ပြင်ပသို့ ထွက်ခွာခဲ့ကြသည်။

ထို့နောက်တွင် သူတို့သည် အဓိက လမ်းမကြီးအတိုင်း လီမြစ်မြို့ရှိရာဘက်သို့ အရှိန်အဟုန်ဖြင့် မောင်းနှင်သွားကြတော့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ ဝဲပျံနေသော "ပျံသန်းသူ ၁" သည် မျှော်လင့်မထားသော အခြေအနေများကို ကြိုတင်ကာကွယ်ရန်အတွက် ရှေ့ပြေးကင်းထောက်အဖြစ် ပထမဆုံးထွက်ခွါသွားခဲ့သည်။

All Chapters